Weekly Hot News-7


တစ်ပတ်အတွင်းသတင်းထူးများ 

ဝန်ဇင်းပရိသတ်ကြီးခင်ဗျား .... 
မင်္ဂလာနံနက်ခင်းပါလို့ ဦးစွာနှုတ်ခွန်းဆက်သလိုက်ပါရစေ …

ဒီနေ့မှာတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ စနေနေ့ နံနက်ခင်း ( ၈ ) နာရီအချိန်တိုင်းမှာ တင်ဆက်နေကြဖြစ်တဲ့ ‘တစ်ပတ်အတွင်း သတင်းထူး’ များကို တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်ရဲ့ သတင်းထူးတွေအဖြစ် လှိုင်သာယာက ထိန်ပင်အမှိုက်ပုံ မီးလောင်တဲ့ကိစ္စ၊ အိန္ဒိယနိုင်ငံက ဘာသာရေးခေါင်းတစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ ထောင်ဒဏ်ချမှတ်တဲ့သတင်း နဲ့ ကိုရီးယားနှစ်နိုင်ငံအကြား သမိုင်းဝင် တွေ့ဆုံပွဲသတင်းတို့ပဲ ဖြစ်ပါတယ်။ 

( ၁ ) ဦးစွာတင်​ဆက်​လိုတာ​က​တော့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ထိန်ပင်သုဿာန်အနီးက စွန့်ပစ်အမှိုက်ပုံ မီးလောင်ကျွမ်းနေမှုသတင်းပါ။ ရန်ကုန်မြို့အတွက် အကြီးကျယ်ဆုံးနဲ့ အန္တရာယ်ရှိဆုံးဖြစ်တဲ့အပြင် ယခင်နှစ်များအတွင် တစ်ကြိမ်တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးတဲ့ အဆိုပါ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုဟာ ပြီးခဲ့တဲ့ ဧပြီ ( ၂၁ ) ရက်နေ့ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ မီးကြွင်းမီးကျန်များကို ဆက်လက်မီးငြှိမ်းသတ်နေရဆဲ ဖြစ်ပါတယ်။ မီးလောင်သည့် အမှိုက်ပုံမှာ ဧက ( ၃၀၀ ) ခန့်ရှိပြီး အမြင့်ပေ ( ၂၀ ) နီးပါးခန့်ရှိခြင်းကြောင့် မီးငြှိမ်းသတ်နိုင်မဲ့ အချိန်အတိုင်းအတာ အတိအကျ မသိရှိနိုင်သေးသော်လည်း အမြန်ဆုံးငြှိမ်းသတ်နိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိတယ်လို့ မီးသတ်တပ်ဖွဲ့များရဲ့ ပြောကြားချက်သတင်းတွေအရ သိရပါတယ်။
 
“အတွင်းလှိုက်လောင်နေတဲ့ မီးကို ကြိုးစားငြှိမ်းသတ်နေရတယ်။ ဧရိယာတစ်ခုကို ငြှိမ်းသတ်ဖို့ အချိန်အများကြီးယူရတယ်။ ရေလည်းအများကြီးသုံးရတယ်။ စဖြစ်တဲ့အချိန်တုန်းကတော့ မီးတောက်တွေ အရမ်းများတယ်၊ ခက်ခက်ခဲခဲ ငြှိမ်းရတယ်။ အခုကတော့ အပြီးသတ်ငြှိမ်းလိုက်နိုင်ပါပြီ။ အမှိုက်ပုံတွင်းမှာရှိတဲ့ မီးကြွင်းမီးကျန်တွေ ငြှိမ်းနေရတာဖြစ်တဲ့အတွက် စလောင်တုန်းကလောက်တော့ ခက်ခဲမှုမရှိတော့ပါဘူး” ဆိုတဲ့ ရန်ကုန်တိုင်း၊ မီးသတ်ဦးစီးဌာန၊ လ/ထ ညွှန်ကြားရေးမှူး ဦးဝင်းဝင်းရဲ့ ပြောကြားချက်ကို မနေ့ကထုတ်တဲ့ Eleven သတင်းစာမှ ဖော်ပြထားချက်အရ သိရပါတယ်။ အဆိုပါ မီးလောင်မှုက ထွက်ပေါ်ပျံ့နှံ့လာတဲ့ မီးခိုးနဲ့ဓါတ်ငွေ့တွေကြောင့် ဧပြီလ ( ၂၄ ) ရက်နေ့အထိ အသက်ရှူကျပ်၍ လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေရသူ ( ၁၃ ) ဦးနှင့် ပြင်ပလူနာ ( ၃ ) ဦးအထိ ရှိတယ်လို့ သတင်းများအရ သိရပါတယ်။

ထိုသို့ အမှိုက်ပုံမီးလောင်နေမှုကို သက်စွန့်ဆံဖျား ကြိုးစားပြီး မီငြှိမ်းသတ်နေကြတဲ့ မီးတပ်ဖွဲ့ဝင်များနှင့် အခြား ဌာနဆိုင်ရာ အဖွဲ့ဝင်များအတွက် လိုအပ်တဲ့ အစားအသောက်နဲ့ ပစ္စည်းတို့ကို Bagan Innovation Techology Co., Ltd ( BIT ) မှ ဝန်ဇင်း ( Wun Zinn ) နှင့်ပုဂံကီးဘုတ် ( Bagan Keyboard ) မိသားစုတို့က ဧပြီ ၂၅ ရက်၊ ညနေ ( ၇ ) နာရီခွဲအချိန်မှာ သွားရောက်လှူဒါန်းခဲ့ကြောင်း ဝန်ဇင်းပရိတ်ကြီးထံ အသိပေးတင်ပြလိုက်ပါတယ်။ ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ ယနေ့နံနက် ( ၅ ) နာရီအချိန်ကစပြီး မိုးရွာသွန်းခဲ့မှုကြောင့် ထိန်ပင်အမှိုက်ပုံ မီးလောင်မှုမှာလည်း အတော်အတန် လျော့နည်းသွားမှာဖြစ်တယ်လို့ မျှော်လင့်ရင်း ပထမသတင်းကို ဒီမှာတင် နိဂုံးချုပ်လိုက်ပါတယ်။ 

( ၂ ) ဒုတိယသတင်းအနေနဲ့ တင်ဆက်မယ့် နိုင်ငံတကာသတင်းကတော့ အိန္ဒိယနိုင်ငံက ဘာသာရေးခေါင်းဆောင် ဂုရုတစ်ယောက်ကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တဲ့ သတင်းပါပဲ။ ၂၀၁၃ ခုနှစ်လောက်က၊ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ဂျို့ပိုးဒေသမှာရှိတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်မှုနဲ့ ခုလို ထောင်ဒဏ်ချမှတ်လိုက်တာပါ။ ဒီအမှုအပြင် သူဟာ အိန္ဒိယနိုင်ငံရဲ့ ဂူဂျာရက်ပြည်နယ်မှာလည်း နောက်ထပ် အဓမ္မပြုကျင့်မှုတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အဆရမ်ဘာဘူ ( Asaram Bapu ) လို့ခေါ်တဲ့ အဆိုပါ ဘာသာရေးခေါင်းဆောင်ဟာ ပြစ်ဒဏ်ချမှတ်ခံရတဲ့အချိန်မှာ သူ့ရဲ့အသက်က ၇၇ နှစ်အရွယ် ရှိနေပြီ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ သူ့ကို ကိုးကွယ်ယုံကြည်တဲ့ နောက်လိုက်ပေါင်း သန်း ( ၄၀ ) ကျော်လောက်ရှိနေတဲ့အပြင် တစ်ကမ္ဘာလုံးမှာလည်း အများအပြားရှိနေပါတယ်။ ၄င်းဟာ အဆရမ် ( Asaram ) လို့ခေါ်တဲ့ ဘာသာရေးကျောင်းခွဲပေါင်း ( ၄၀၀ ) ကျော်ကို အိန္ဒိယနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံအချို့မှာ တည်ထောင်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ သူဟာ ဘာသာရေးဆိုင်ရာကျင့်စဉ်တွေကို ၁၉၆၀ ခုနှစ်မှာ စတင်ကျင့်သုံးခဲ့ပြီး လက်ရှိ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒါရာမိုဒီဟာလည်း သူနဲ့ တွေ့ဆုံခဲ့ဖူးတယ်လို့ ပြည်တွင်းပြည်ပ သတင်းဖော်ပြချက်အရ သိရှိရပါတယ်။ 

( ၃ ) နောက်ဆုံးတင်ဆက်မယ့် သတင်းကတော့ မြောက်ကိုရီးယားနှစ်နိုင်ငံအကြား သမိုင်းဝင် တွေ့ဆုံပွဲကိစ္စပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ပွဲတွေကြောင့် တောင်ပိုင်းနဲ့မြောက်ပိုင်း နှစ်ခြမ်းကွဲပြီးတဲ့နောက်ပိုင်း နှစ်ပေါင်း ( ၆၀ ) ကျော်အတွင်း တောင်ကိုရီးယားနယ်စပ်ကို ပထမဆုံး ဖြတ်ကျော်သွားရောက်ခဲ့တဲ့ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအွန်းအနေဖြင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် သွားရောက် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၂၇ ရက်နေ့၊ မနေ့က ပြုလုပ်ခဲ့တာပါ။ 

အဆိုပါ ဆွေးနွေးပွဲဟာ ကိုရီးယားနိုင်ငံအကြား တတိယအကြိမ်မြောက် ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးပွဲဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ ပန်မွန်ဂျုံရွာရှိ ငြိမ်းချမ်းရေးအိမ်တော်မှာ နှစ်ဖက်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး အဲ့ဒီအစည်းအဝေးပွဲမှာ ကင်ဂျူံအွန်းက တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ အတူပူးပေါင်းပြီးတော့ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေး ဆောင်ရွက်သွားမယ့်အကြောင်းနဲ့ တောင်၊မြောက် နှစ်နိုင်ငံ ပေါင်းစည်းရေးကိုလည်း ကြိုးပမ်းသွားမယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းများအရ သိရပါတယ်။ 

ယနေ့မှာ တင်ဆက်တဲ့ ‘တစ်ပတ်အတွင်း သတင်းထူးများ’ အစီအစဉ်ကိုတော့ ဒီမှာတင်ရပ်နားလိုက်ပါတယ်။
“ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့နဲ့နော်”
ဝန်ဇင်းပရိတ်ကြီးကို ချစ်ခင်စွာဖြင့် …. 

Related Posts