Weekly Hot News-9


ဝန်ဇင်းစာချစ်သူများ မင်္ဂလာနံနက်ခင်းပါခင်ဗျာ … 

ဒီနေ့မှာတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ ‘တစ်ပတ်အတွင်းသတင်းထူးများ’ ကဏ္ဍကနေ နိုင်ငံတကာ သတင်းနှစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်ခင်ဗျ။ အဲ့ဒီသတင်းတွေကတော့ 

(၁) အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ ( CIA ) သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်အနေနဲ့ အမျိုးသမီးအကြီးအကဲတစ်ဦးကို ခန့်အပ်လိုက်တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ သူမကတော့ စီအိုင်အေရဲ့ ဝါရင့်အမှုထမ်း ဂျီးနာဟက်စ်ပယ် ( Gina Haspel ) ပဲ ဖြစ်ပါတယ်။ မစ္စဟက်စ်ပယ်ဟာ စီအိုင်အေအနေနဲ့ မသင်္ကာသူကိုစစ်ဆေးတဲ့အခါ နှိပ်စက်ညှင်းပန်းနည်းတွေသုံးပြီး စစ်မေးခဲ့တယ်ဆိုတဲ့ နာမည်ပျက်သမိုင်းထဲ ပါဝင်ပတ်သက်မှုရှိခဲ့တယ်လို့ နာမည်ထွက်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ ခုလို အမျိုးသမီအကြီးအကဲနေရာကို အလွယ်တကူရခဲ့တာမဟုတ်ဘဲ ဆီးနိတ်လွှတ်တော်ထဲ ကန့်ကွက်မဲ ( ၄၅ ) မဲအထိ ရခဲ့တဲ့သူပါ။ ဒါပေမဲ့ ထောက်ခံမဲ ( ၅၄ ) မဲရရှိခဲ့လို့ မစ္စဟက်စ်ပယ်ကို စီအိုင်အေညွှန်ကြားရေးမှူး ( CIA’s first female director ) အဖြစ် အမေရိကန် ဆီးနိတ်လွှတ်တော်က အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ 

(၂) ဒုတိယတင်ဆက်ပေးမယ့် အတုယူအားကျဖွယ် သတင်းတစ်ပုဒ်ကတော့ ဂျပန်နိုင်ငံမှာ မီးရထားတစ်စင်းက စက္ကန့်ပိုင်းစောထွက်ခဲ့မှုကြောင့် ပြည်သူတွေကို ပြန်လည်တောင်းပန်ခဲ့တဲ့ သတင်းပါပဲ။ ဂျပန်လူမျိုးဆိုရင် အချိန်သိပ်တိကျသူအဖြစ်နဲ့ အလုပ်ကို လေးစားမှုရှိသူတွေအဖြစ် နာမည်ကြီးတဲ့ လူမျိုးလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ မီးရထားတွေကလည်း သူတို့လိုပဲ အချိန်သိပ်တိကျတဲ့ မီးရထားတွေအဖြစ် အာရှနိုင်ငံသာမက ဥရောပနိုင်ငံထိ နာမည်ကျော်ကြားမှု ရှိပါတယ်။ 
ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အနောက်ဂျပန်မီးရထားလိုင်းက ရှင်ဂပြည်နယ်မှာရှိတဲ့ နောတိုဂါဝါဘူတာရုံကနေ ( ၂၅ ) စက္ကန့်စောထွက်မိခဲ့လို့ ရထားလိုင်းတာဝန်ရှိသူတွေက ပြည်သူတွေကို ပြန်လည်တောင်းပန်စကား ပြောကြားခဲ့တာပါ။ 

ဒီရထားကို စောင့်ဆိုင်းကြတဲ့ ခရီးသည်တွေက ရထားစောထွက်ခဲ့မှုကြောင့် နောက်ရထားတစ်စင်းကို ( ၆ ) မိနစ်ကြာအောင် စောင့်ပြီးစီးခဲ့ကြရတယ်လို့ သိရပါတယ်။ 
…
“ဒီပို့စ်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့ပါနဲ့ဦးခင်ဗျ။ ဝန်ဇင်းစာချစ်သူတွေ သတင်းပေးပြောကြားလိုတဲ့ အကြောင်းအရာများရှိရင်လည်း ပို့စ်ရဲ့ Comment Box မှာ ရေးသားမျှဝေနိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေ”

ဝန်ဇင်းပရိသတ်ကြီးကို အစဉ်အမြဲချစ်ခင်စွာဖြင့် … 



Related Posts