ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း( ၈ )[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]


ကျော်အောင် - မြစ်ကမ်းပေါ်ကစက်ရုံကလေး 
[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]
အပိုင်း ( ၈ ) 
………….
၂၂။ ပျော်စရာတို့ လွန်ခဲ့ပြီ
မဂ္ဂီသည် ယခုဆယ့်သုံးနှစ်ရှိပြီ။ အထွားမြန်လာသည်။ အကြီးမြန်လာသည်။ မဂ္ဂီသည် လူစီ နှင့်အတူ မစ္စဖားနစ်၏ ကျောင်း၌ စာသင်နေသည်။ စောစောပိုင်း၌ကား မဂ္ဂီသည် တွမ်ဆီသို့ စာရေး သည့်အခါ “ဖိလစ်ကိုလည်းအမှတ်ရကြောင်းပြောလိုက်ပါ”ဟုစာထဲ၌ ထည့်ရေးသည်။ တစ်ဖန် ဖိလစ်အကြောင်း၊ ဖိလစ်ဘာလုပ်နေသလဲ၊ ဘယ်လိုလဲစသဖြင့် တွမ့်စာ၌ မေးခွန်းပေါင်းများစွာမေး သည်။ သို့သော် ဖိလစ်နှင့်ပတ်သက်သမျှ တစ်ကြောင်းတစ်ပါဒမျှ တွမ်၏ပြန်စာ၌ ပါမလာ။ ကျောင်း ပိတ်ရက်များ၌ တွမ်ပြန်လာသည့်အခါ ဖိလစ်အကြောင်းပြောကြသည်။ ဖိလစ်သည် အလျင်ကလိုပင် ထူးထူးဆန်းဆန်းသတ္တဝါလေးတစ်ယောက်သာဖြစ်သည်ဟုတွမ်က ပြောသည့်အခါ မဂ္ဂီရင်ထဲတွင် တစ်မျိုးခံစားမိသည်။ နာကျင်သလိုဖြစ်မိသည်။ ဟုတ်ပြီ၊ သူတို့နှစ်ယောက် အစေးမကပ်ကြတော့ ဘူး။ သူငယ်ချင်းအဖြစ်မဆက်ဆံကြတော့ဘူး။ မဂ္ဂီအဖို့ ဖိလစ်နှင့် မတွေ့ရသည်မှာ ကြာပြီ။ နွေရာသီ ကျောင်းပိတ်ရက်များတွင် ဖိလစ်သည် အဝေးသို့ရောက်နေတတ်သောကြောင့်ဖြစ်သည်။ သူတို့ပြန် တွေ့ကြသည့်အခါ မဂ္ဂီသည် အပျိုကြီးဖားဖားဖြစ်နေပြီ။ ထိုအခါ သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက် ကြလေသည်။
ထိုအတွင်း တူလီဗာသည် မစ္စတာပိုင်ဗတ်နှင့် တရားဖြစ်သည်။ ဝေကမ်သည် ပိုင်ဗတ်၏ရှေ့ နေအဖြစ်အမှုလိုက်သည်။ “ဝေကမ်”ဟူသောနာမည်ကိုကြားရုံနှင့်ပင် သူ့အဖေကြီး ဒေါသဖြစ်သည် ကိုမဂ္ဂီ ဂရုစိုက်မိသည်။ ‘ကျောင်းမှာ ဝေကမ့်သားနဲ့ ကင်းကင်းရှင်းရှင်းနေနိုင်သမျှ နေနော်’ ဟုတူလီဗာက တွမ်ကိုမှာသည်။ အဖေကြီးမှာသည့်အတိုင်း လိုက်နာရန် အခက်အခဲမတွေ့လှ။ အကြောင်းမှာ ဆရာစတယ်လင်းသည် ယခုနှစ်ကျောင်းသားနှစ်ယောက်ထပ်၍ လက်ခံထားသော ကြောင့်ဖြစ်သည်။
ယခုနှစ်ကား စတယ်လင်းကျောင်းတွင် တွမ်၏ နောက်ဆုံးနှစ်ဖြစ်သည်။ နှစ်ဝက်ပင်ကျိုးခဲ့ ပြီ။ တွမ်သည် အရပ်အမောင်းထွက်လာပြီး လူပျိုကြီးဖားဖားဖြစ်လာသည်။ အနေအထိုင်၊ အပြော အဆို၊ အပြုအမူတို့အားလုံး ပြောင်းလာသည်။ မတ်တတ်ရပ်လျှင် မားမားတောင့်တောင့်ရပ်သည်။ လမ်းလျှောက်လျှင်လည်း ယောက်ျားပီသစွာလျှောက်သည်။ စကားပြောလျှင်မူ သူ့အဖြစ်မှာ ရယ်စရာ ကောင်းလှသည်။ ရွံ့သလိုလို၊ တစ်ခါတစ်ရံ မာနသံပါသလိုလို၊ သူ့စကားပြောဟန်ကား တစ်မျိုးဆန်း နေသည်။ ကုတ်အင်္ကျီရှည်ကြီး ဝတ်ရန် စိတ်ပါလာသည်။ ကော်လာမှာလည်း မာတောင့်နေသည်။ ယခုဆိုလျှင် မုတ်ဆိတ်ရိတ်ရန် သင်တုန်းဓားပင် ဝယ်ပြီးနေပြီ။
ဖိလစ်သည် ကျောင်းမှထွက်ကာ ပြင်သစ်ပြည်တောင်ပိုင်း တစ်နေရာသို့ ကျန်းမာရေးအတွက် အနားယူရန်ခရီးထွက်သွားသည်။ ကျောင်းနေရက် အနည်းငယ်သာ ကျန်တော့ရာ တွမ်အဖို့ ဖိလစ်နှင့် ဆက်ဆံရေးအတွက် စိတ်သောကမရောက်ရအောင် ဖန်တီးပေးသလိုဖြစ်လာသဖြင့် သက်သာသွား သည်။ တစ်ဖန် သူ့အဖေကြီး အမှုကိစ္စသည်လည်း မကြာမီအချိန်အတွင်းမှာပင် တရားရုံးက စီရင် ချက်ချတော့မည်ဖြစ်သည်။ မြန်မြန်အမှုပြီးလျှင် ကောင်းမည်။ သို့မှသာ ကျောင်းအပိတ်အိမ်အပြန် တွင် ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြရတော့မည်။ တွမ်ကြားနေသည်မှာ သူ့အဖေကြီး၏ တစ်ဖက်သတ် သတင်းစကားများသာဖြစ်သည်။ ယင်းတို့အလိုအရကား ပိုင်ဗတ်အမှုရှုံးမှာသေချာသည်။
နိုဝင်ဘာလ၏ချမ်းအေးသော တစ်မနက်ခင်း ကိုးနာရီခန့်တွင် တွမ်ရှိရာ စာကြည့်ခန်းထဲသို့ ဆရာစတယ်လင်းရောက်လာသည်။ သူ့နှမမဂ္ဂီတစ်ယောက်ဧည့်ခန်း၌ ရောက်နေပြီဟု အကြောင်း ကြားသည်။
မဂ္ဂီ၏ အရပ်အမောင်းသည်လည်း တွမ်နီးပါး ထွက်လာသည်။ ယခုမြင်လိုက်ရသည့် မဂ္ဂီ၏ရုပ်မှာ တွမ်ထက်ပင် အသက်ကြီးသည်ဟု ထင်ရသည်။ မဂ္ဂီသည် ဦးထုပ်ကိုချွတ်ကာ တံခါးဝ ဆီသို့လှမ်းကြည့်လိုက်သည်။ မျက်နှာကား နွမ်းနယ်သည့်အသွင် ဆောင်နေသည်။ မျက်လုံးတွင် စိုး ရိမ်မှုကိုတွေ့ရသည်။
တွမ်ဝင်လာသည့်အခါ စကားတစ်ခွန်းမျှမပြောဘဲ တွမ့်ဆီသို့ထသွားပြီး လည်ပင်းကို ဖက် ကာအားရပါးရနမ်း၍ နှုတ်ဆက်သည်။
‘ဟေ့ဘာလို့ချမ်းချမ်းစီးစီးမနက်ခင်းကြီးရောက်လာတာလဲ။ ကျောင်းမတက်ဘူးလား၊ နင် တို့ကျောင်းမပိတ်သေးပါဘူး’
‘အဖေကြီးက အိမ်ပြန်လာဖို့ခေါ်တယ်’မဂ္ဂီ၏ အသံသည် အနည်းငယ်တုန်နေသည်။ ‘အိမ် ပြန်ရောက်တာ သုံးလေးရက် ရှိပြီ’
‘အဖေကြီးနေမှကောင်းရဲ့လား မဂ္ဂီ’တွမ်စိုးရိမ်စိတ်ဝင်သွားသည်။
‘သိပ်တော့မကောင်းလှဘူး၊ သူ စိတ်ညစ်နေတယ် တွမ်။ ပိုင်ဗတ်အမှုပေါ့၊ အဲဒါ ငါလာပြော တာ။ နင်အိမ်မရောက်ခင် ဒီအမှုအကြောင်းသိထားထိုက်တယ်လို့ယူဆလို့ပဲ’
‘အဖေကြီးမရှုံးဘူးနော်’တွမ်သည် ထိုင်ရာမှ ထကာ မဂ္ဂီရှေ့တွင် ရပ်လိုက်သည်။ အိတ်ထဲ နှိုက်ထားသော လက်နှစ်ဖက်ကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
‘သူရှုံးတယ် တွမ်’
တွမ်သည် ခဏမျှ ငြိမ်နေသည်။ ဘယ်ကိုမျှ မကြည့်ဘဲ ကြမ်းပြင်ကိုသာစိုက်ကြည့်နေသည်။ ခေါင်းကား ငိုက်စိုက်ကျလျက်။
‘ဒါဖြင့် တို့အဖေကြီးပိုက်ဆံအများကြီးကုန်မှာပေါ့’
‘ဟုတ်တယ်’ မဂ္ဂီသည် လေသံဖြင့်သာ ပြောနိုင်သည်။ ‘တွမ်ရယ် အဖေကြီးတော့ စက်ရော၊ မြေတွေရော အားလုံးကုန်တော့မှာပဲ။ ဘာမှကျန်တော့မှာမဟုတ်ဘူး’
မဂ္ဂီကို တစ်ချက်လှည့်ကြည့်လိုက်သည်။ တွမ်အံ့အားသင့်နေသည်။ ထိုနောက် မျက်နှာဖြူဖပ် ဖြူရော်ဖြစ်သွားပြီး တုန်တုန်ယင်ယင်ဖြစ်လာသည်။ စကားတစ်ခွန်းမျှ မပြောတော့ဘဲ နေရာတွင် ထိုင်ကာ အပြင်ဘက်သို့စိုက်ကြည့်နေသည်။ အနာဂတ်အတွက် တွမ်မပူခဲ့။ သူ့အဖေကြီးကို ပိုက်ဆံရှိ သူ၊ တတ်နိုင်သူတစ်ယောက်ဟု အမြဲထင်နေခဲ့သည်။ သူ့အဖေကြီးအဖို့ အကြွေးလည်ပင်းဆိုက်မည့် အခြေအနေမရောက်နိုင်ဟုသာထင်ခဲ့သည်။ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တို့သည် သူတစ်ပါး အကြွေးတင်မခံ။ တွမ်တွင်သူတို့မိသားစု၏ ဂုဏ်ကို ထိန်းရမည့်စိတ်ဖြစ်ပေါ်လာသည်။
တွမ်သည် ယခုဆိုလျှင် လူကြီးဖြစ်လာပြီ။ အသံမာလာပြီ။ မုတ်ဆိတ်ရိတ်ဓားပင် ဆောင်နေ ပြီ။ သို့သော် သူ့အတွေးကား ကလေးငယ်တစ်ယောက်အိပ်မက်မက်သည့် အတွေးမျိုးသာဖြစ်နေ သည်။ ယခုမူကြားလိုက်ရသည့် သတင်းကြောင့် အလွန်အမင်း စိတ်ထိခိုက်သွားကာ နိုးနိုးကြားကြား ဖြစ်လာသည်။
ယခုလို တွမ် စကားမပြောဘဲ ငေးမှိုင်မှိုင်ဖြစ်ကာ တွေနေသည့်အတွက် မဂ္ဂီစိုးရိမ်လာသည်။ ကြောက်လာသည်။ ‘တွမ်ရယ် ဒါလောက်လည်း စိတ်ထဲ ထိခိုက်မနေပါနဲ့ကွယ်။ ခံနိုင်ရည်ရှိအောင် ကြိုးစားပြီးနေမှပေါ့’
တွမ်သည် မဂ္ဂီဘက်သို့ လှည့်ကြည့်လိုက်သည်။ မျက်လုံးတွင် မျက်ရည် စိုစွတ်နေသည်ကို မဂ္ဂီ သတိထားလိုက်မိသည်။ တွမ်သည် မျက်လုံးကိုလက်နှင့်ပွတ်လိုက်သည်။ သို့ရာတွင် စိတ်လှုပ်ရှားလာ သည်။
‘နင်နဲ့အတူ အိမ်ပြန်လိုက်ခဲ့မယ် မဂ္ဂီ၊ အဖေကြီးက ငါ့ကိုလိုက်ခဲ့ရမယ်လို့ မမှာဘူးလား’
‘ဟင့်အင်း၊ အဖေကြီးကတော့ အဲဒီလိုမမှာဘူး’
မဂ္ဂီက သူ့ကို အကြောင်းစုံပြောပြပြီး ဖြစ်ရာ ယခုသူ ဘာလုပ်ရမလဲ။
‘ဒါပေမဲ့ အမေကတော့ နင့်ကို ပြန်လာစေချင်တယ်။ အမေလည်း သနားစရာပါဟယ်၊ ငိုစရာ ချည်းပဲ’
မဂ္ဂီနှုတ်ခမ်းများ ဖြူလာသည်။ သူလည်း တွမ်နှင့် အတူပင် စိတ်ထိခိုက်လာသည်။ တုန်တုန် ယင်ယင်ဖြစ်လာသည်။ သို့နှင့် ကလေးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် တွယ်တာလာ ကြသည်။ ကြင်နာလာကြသည်။
မဂ္ဂီသည် စကားကိုပင် သဲကွဲအောင် မပြောနိုင်။ မပွင့်တပွင့်သာပြောသည်။ လေသံမျှသာ ထွက်လာသည်။
‘ပြီးတော့ ပြီးတော့ အဖေကြီးကလည်း သိပ်သနားစရာ ကောင်းတာပဲ’
ဆက်၍မပြောနိုင်တော့။
ထိုအခိုက်တွင် တွမ်၏ ခေါင်းထဲသို့ အတွေးတစ်မျိုး ဝင်လာသည်။ အကြွေးမဆပ်နိုင်လျှင် ထောင်ကျမည်လား။ ‘အဖေကြီး ဘယ်မှာလဲ မဂ္ဂီ၊ အိမ်မှာ ရှိတယ်နော်၊ ပြောစမ်းပါဦး’
‘အိမ်မှာ ရှိပါတယ်၊ ဒါပေမဲ့... ’ မဂ္ဂီ စကားမဆက်နိုင်။ ခဏမျှကြာသွားသည်။ ပြီးမှ ‘ဒါပေ မဲ့ သူ သူ အရင်ကလို မဟုတ်တော့ဘူး။ အဖေကြီး မြင်းပေါ်က လိမ့်ကျလို့ တွမ်။ အဲဒီကတည်းက သတိလက်လွတ်ဖြစ်သွားတာ၊ အခုဆို ဘယ်သူမှ ကောင်းကောင်း မမှတ်မိတော့ဘူး။ အမယ်လေး အဖြစ်ဆိုးလိုက်တဲ့ အဖေကြီးရယ်’
တွမ်သည် မဂ္ဂီကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူ့မျက်နှာတွင် သွေးဆုတ်လာသည်။ မျက်ရည်ကား မထွက်။ သူ့ရှေ့တွင် ဘာရှိသည်ကိုပင် မမြင်။ မျက်လုံး ပြာသွားသည်။
‘တို့ သွားကြမယ် တွမ်၊ တော်ကြာ အဖေကြီးကို မတွေ့လိုက်ရဘဲ နေလိမ့်မယ်’ မဂ္ဂီက အား တင်း၍ပြောသည်။
တွမ် လှုပ်ရှားလာသည်။
‘ခဏလေး စောင့်ပါဦး မဂ္ဂီ၊ ဆရာစတယ်လင်းကို ပြောခဲ့ဦးမယ်။ ပြီးတော့မှ သွားကြတာ ပေါ့’
ဆရာစတယ်လင်း၏ ကျောင်းမှ ထွက်ရမည့်နေ့ကို တွမ် မျှော်နေသည်။ ထိုနေ့သည် အပျော် ဆုံးနေ့တစ်နေ့ဖြစ်လိမ့်မည်ဟု အစက တွမ်တွေးထင်ခဲ့သည်။ ယခုကား သူနေခဲ့သည့် ကျောင်းတက် ရက်တို့သည် ကျောင်းပိတ်ရက်များနှင့် တူနေပြီ။ ယခုကား ကျောင်းပိတ်ရက်ကုန်ဆုံးသွားသည့်နေ့ နှင့်တူနေပြီ။
လူငယ်နှစ်ယောက်သည် တရွေ့ရွေ့သွားနေကြသည်။ လမ်းချိုးတစ်ခုတွင် သူတို့ပျောက်သွား ကြသည်။
ယခုမှပင် သူတို့သည် ဘဝသစ် တစ်ခုထဲသို့ ခြေစုံပစ်ဝင်စပြုကြပြီ။ ထိုဘဝသစ်ကား မချမ်း မြေ့စရာ လောကသစ်ဖြစ်သည်။ သူတို့ကို အကူအညီပေးမည့်သူ မရှိ။ ကြင်နာမည့်သူ မပေါ်လာ။  အားတက်စရာမျှော်လင့်ချက်ရောင်ခြည်ကလေးပင် မမြင်နိုင်။ သူတို့နှစ်ယောက်သည် မှောင်အတိ လွှမ်းခြုံအပ်သော လောကသစ်သို့ လှမ်းဝင်နေကြသည်။ သူတို့ရှေ့တွင်ကား ဆူးအတိပြွမ်းသော  ခယောင်းတော။ ပျော်စရာကလေးဘဝကား ဆုံးခန်းတိုင်ခဲ့လေပြီ။
******
အပိုင်း(၃)
စီးပွားပျက်ခြင်း
၂၃။ ဖြစ်သမျှအကြောင်း
တရားတပေါင် ဖြစ်ရာတွင် ပိုင်ဗက်နှင့် ဝေကမ်တို့အမှုနိုင်သည်။ တူလီဗာရှုံးသည်။ ထို သတင်းကို တူလီဗာကြားရလျှင် အတော်လေး ခံရလိမ့်မည်ဟုအများက ထင်ကြသည်။ သူကိုယ်တိုင် လည်း ဤသို့ပင် ခံယူထားသည်။ ဝေကမ်နှင့်ပိုင်ဗက်တို့က တူလီဗာတစ်ယောက်တော့ ဒီတစ်ခါ ခွေး ကျကျပြီဟု တွက်ခဲ့လျှင် သူတို့ အထင်မှားခြင်းသာဖြစ်ကြောင်း သူတို့အား အကြောင်းပြရလိမ့်မည် ဟု တူလီဗာ ကြုံးဝါးသည်။ အမှန်စင်စစ် တရားရှုံးသဖြင့် ပေးဆပ်ရမည့် ကုန်ကျစရိတ်သည် သူ့မှာ ချမ်းသာသမျှထက် ပို၍များသည်။ သို့သော် ဖာလီထံ မြေပေါင်ထားကာ ငွေလှည့်ခဲ့သည်။ အကယ်၍ အနှစ်နှစ်ဆယ်အတွင်း ပြန်မရွေးနိုင်လျှင် သူ့မြေကို ဖာလီ့လက်သို့ အပ်ရမည်ဟု ကတိပြုခဲ့ကြသည်။ ဖာလီသည် တူလီဗာပိုင် စက်ရုံနှင့် အိမ်ရာတို့ကို ဝမ်းသာစွာ သိမ်းပိုက်လိုပေလိမ့်မည်။ ပြီးမှ တူလီဗာ ကိုအခကြေးငွေ နည်းနည်းပေးကာ စက်ရုံကို သူ့အတွက် အုပ်ချုပ်ခိုင်းမည်။ ဖာလီသည် ကုန်သည် ဖြစ်သည်။ အမြတ်အစွန်းကို တွက်တတ်သည်။ အသာစီး ရနိုင်မရနိုင်ကိုလည်း သိနားလည်သည်။ ယခု အပေးအယူတွင် သူ မရှုံးနိုင်မှန်းသိသည်။ တရားရှုံးအပြီး ရုံးမှထွက်လာသည့်အခါ တူလီဗာသည် သူ့ရှေ့နေမစ္စတာဂိုးကို တွေ့သည်။ တိုင်ပင်သည်။ ထိုနောက် ကိုယ်စားလှယ်လွှဲကာ ဖာ လီအား တွေ့စေသည်။ နောက်တစ်နေ့ မနက်တွင် တွေ့မည်ဟု မစ္စတာဂိုးကဆိုသည်။
ထိုနောက် တူလီဗာသည် မြင်းစီးကာ အိမ်သို့ ပြန်လာခဲ့သည်။
စာတိုက်ရှေ့ရောက်လျှင် မြင်းကို ရပ်လိုက်သည်။ ခုလိုအခါမျိုးမှာ မဂ္ဂီတစ်ယောက် သူ့အပါး တွင် နီးနီးကပ်ကပ် ရှိစေချင်သည်။ ဤစိတ်ဘာကြောင့် ပေါ်လာမှန်းမသိ။ ထို့ကြောင့် မစ္စဖားနစ် ကျောင်းရှိ မဂ္ဂီထံသို့ စာတစ်စောင် ရေးထည့်လိုက်သည်။ နောက်တစ်နေ့ မနက်တွင် မဂ္ဂီဖတ်ရမည် ဖြစ်သည်။ ဟုတ်တယ်၊ မဂ္ဂီအမြန်ပြန်လာရမယ်။ နက်ဖြန် ပြန်လာရမယ်။ စာရေးရင်းပင် သူ့လက် များတုန်လာသည်။
အိမ်ရောက်ပြီး သတင်းဆိုးကို ပြောပြလျှင် မစ္စက်တူလီဗာ ချုံးပွဲချငိုတော့သည်။ ဒါလောက်လေးမှ စိတ်တင်းပြီး မခံနိုင်ဘူးလား။ တူလီဗာစိတ်တိုလာသည်။ ထို့ကြောင့် ဤအဖြစ် သည် ချုံးပွဲချငိုစရာအဖြစ်မဟုတ်။ တရားစရိတ်လောက် အခက်အခဲမရှိ ရှာနိုင်သည်ဟု ပြောလိုက် သည်။
နောက်တစ်နေ့တွင် စိန့်အော့သို့ မစ္စတာဂိုးကိုတွေ့ရန် မြင်းနှင့်ထွက်ခဲ့သည်။ မနက်ဖြန် မနက် တွင် ဖာလီကို မစ္စတာဂိုးအမြန်တွေ့ရမည်။ သို့သော် လမ်းတစ်ဝက်တွင် မစ္စတာဂိုး၏ စာရေးတစ် ယောက်နှင့်တူလီဗာတွေ့သည်။ သူက ‘မစ္စတာဂိုးတစ်ယောက် အရေးကြီးလို့ ရုံးကိုသွားတယ်ခင်ဗျ။ ဒါကြောင့် ဦးကို တွေ့ဖို့စောင့်မနေနိုင်တော့ဘူး။ နက်ဖြန်မနက်မှ တွေ့နိုင်မယ်။ အခုတော့ အရေးကြီး တဲ့ စာတစ်စောင်ကျွန်တော်နဲ့ပေးလိုက်ပါတယ်’ဟုရှင်းပြသည်။
‘အိုးဟုတ်လား၊ ဒါဖြင့် နက်ဖြန်မှ လာတွေ့မယ်လို့ မစ္စတာဂိုးကိုပြောလိုက်ပါ’ဟုဆိုကာ စာအိတ်ကို ဖောက်ဖတ်မနေတော့ဘဲ ယူလာခဲ့သည်။
စာရေးသည် မစ္စတာတူလီဗာ၏ ပျာယီးပျာယာအမူအရာကို သတိထားမိသည်။ ထိုကြောင့် ခဏမျှ သူပြန်လညှ်သွားသည်ကို ကြည့်နေသည်။ ပြီးမှပြန်သွားသည်။ တူလီဗာသည် စာကို အိတ်ထဲ ထည့်လိုက်သည်။ အိမ်ရောက်မှ ဖတ်မည်။ သူ့အဖို့ စာတစ်စောင်ကို လမ်းတွင်ဖတ်ရန် မလွယ်လှ။ သို့ သော်လည်း တစ်ခုစဉ်းစားမိပြန်သည်။ အကယ်၍ စာထဲတွင် သူ့မိန်းမမသိသင့်သည့်အကြောင်းပါ လျှင် အခက်တွေ့မည်။ ထိုကြောင့် ယခုဖတ်ကြည့်သည်က ကောင်းသည်ဟု ဆုံးဖြတ်လိုက်သည်။
မြင်းကို ရပ်လိုက်သည်။ စာကိုအိတ်မှထုတ်ကာ ဖွင့်ဖတ်သည်။ စာကား မရှည်လှ။
“အခုတလော ဖာလီမှာ ငွေလိုနေတယ်လို့ သတင်းရတယ်။ ယုံကြည်လောက်တဲ့ဆီက တိုးတိုးတိတ်တိတ်ရတဲ့ သတင်းပဲ။
ဒါကြောင့် အပူတပြင်း ငွေရှာနေတယ်။ သူပိုင်သမျှတွေကို ရောင်းချလွှဲအပ်နေတယ်။ အခု လည်း ခင်ဗျားပေါင်ထားတဲ့မြေပေါင်စာချုပ်ကို ဝေကမ့်လွှဲလိုက်တယ်လို့ကြားရတယ်။”
ထိုနောက် နာရီဝက်ခန့် အကြာတွင် မစ္စတာတူလီဗာတစ်ယောက်လမ်းပေါ်တွင် သတိမရ တော့ဘဲ လဲနေသည်ကို သု့အလုပ်သမားတစ်ယောက်တွေ့ရသည်။ သူ့ဘေးတွင် စာတစ်စောင်နှင့် မြင်းတစ်ကောင်ရှိနေသည်။
တူလီဗာကို အိမ်သို့ခေါ်လာသည်။ ဒေါက်တာတန်းဖူးကို ပင့်ကြသည်။
မဂ္ဂီအိမ်ပြန်ရောက်သည့်အခါ သူ့အဖေကြီးသတိရနေပြီ။ ပါးစပ်က “စာ”ဟုမပွင့်တပွင့် ပြော သည်။ ခဏ ခဏ “စာ”ဟူ၍ရွတ်သည်။ ထိုကြောင့် ဂိုး၏စာကို သူ့အား ပေးလိုက်သည်။ စာရွက်ကို ကိုင်ကာတွေတွေကြီးစိုက်ကြည့်သည်။ ထိုစာဖတ်ကြည့်ခြင်းဖြင့် သူ့သတိများပြန်လည်ဆက်စပ်မိမည် လားဟုကြိုးစားခြင်းပင်ဖြစ်ဟန်တူသည်။ သတိကောင်းလာအောင် ကြိုးစားနေခြင်းများလား ဟူ၍ လည်း ထင်ရသည်။ ထိုနောက် သတိတစ်မျိုးလည်လာသည်။ တံတားဝဆီသို့ ကြည့်သည်။ မှုန်မှုန် မွှားမွှားအခြားတစ်စုံတစ်ရာများတွေ့ရလေမည်လားဟု ရှာဖွေနေသယောင်။
‘ငါ့သမီးလေးရော’မပွင့်တပွင့်ထွက်လာသည့်အသံဖြစ်သည်။ 
‘ငါ့သမီးလေး’မဂ္ဂီကိုမကြာခဏ တ ရှာသည်။ တခြားကိစ္စများကို သူ အမှတ်မရ။ သူ့မိန်းမ ကိုပင် သတိမရနိုင်။ ယခုလို အချိန်တွင် သူ့အတွက်အရေးတကြီးတမ်းတစရာကား သမီးလေး မဂ္ဂီ သာလျှင်ဖြစ်သည်။ မစ္စက်တူလီဗာသည် အိမ်ဝသို့ ထွက်လိုက်၊ အိမ်ထဲ ပြန်ဝင်လိုက်နှင့် သောကများ နေရှာသည်။ အိမ်ဝသို့ ထွက်ကာ မဂ္ဂီကိုမျှော်ရသည်မှာ အမောပင်ဖြစ်သည်။ နောက်ဆုံးတွင် မဂ္ဂီ ရောက်လာသည်။
‘အမေရေ ဘယ်လိုဖြစ်ကြတာလဲ’ အမေကြီးသည် မျက်ရည်စက်လက်နှင့် သူ့ဆီ ပြေးလာ သည်။ မဂ္ဂီ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်လာသည်။ နှုတ်ခမ်းလေးတစ်စုံသည် သိသိသာသာ ဖြူနေသည်။
ဒေါက်တာတန်းဖူးသည် မဂ္ဂီကိုလာ၍တွေ့သည်။
ကိုးကွယ်ရာမရ သောကတွေ့နေရသည့် အိမ်ထောင်တစ်ခုအဖို့ ဆရာဝန်သည် မိုးပေါ်က ဆင်း လာသည့်နတ်သားနှင့်တူလှသည်။ ဤဆရာဝန်ကို ငယ်ငယ်ကပင် မဂ္ဂီရင်းရင်းနှီးနှီးသိသည်။ ဤ ပုဂ္ဂိုလ်သည် သူတို့၏ မိတ်ဟောင်းဆွေဟောင်းကြီးတစ်ယောက်ဖြစ်သည်။ မဂ္ဂီသည် ဆရာဝန်ကို ဆီး ကြိုသည်။ ဆရာဝန်က မဂ္ဂီကို အဖြေပေးရသည်။
‘ဒါလောက်လည်း ထိတ်ထိတ်ပျာပျာ ဖြစ်မနေနဲ့ သမီး။ မင်းအဖေဟာရုတ်တရက် စိတ်ထိ ခိုက်သွားလို့ အခုလို နေမကောင်းဖြစ်သွားတာ။ အခုအထိ သတိသိပ်မကောင်းသေးဘူး။ မင်းကို တမေးတည်းမေးနေတယ်။ မင်းကို တွေ့လိုက်ရရင် သူ စိတ်ချမ်းသာသွားမယ်။ ဒီတော့ သူ့ကိုဝင် တွေ့။ စကားတော့ ဘာမှမပြောနဲ့’ဆရာဝန်က မဂ္ဂီလက်ကို ဆုပ်ကိုင်ကာ အားပေးလိုက်သည်။
အခန်းထဲသို့ မဂ္ဂီဝင်သွားသည့်အခါ အဖေကြီးသည် တံခါးဝဆီသို့ အမောတကောကြည့်ရင်း သူ့ကိုမျှော်နေခိုက်နှင့်ကြုံသွားသည်။ အဖေကြီးမျက်နှာတွင် မျှော်သူ မရောက်လာသဖြင့် စိတ်မော သည့်အမူအရာမှာပေါ်လွင်နေသည်။ ထိုအခိုက်မှာပင် မဂ္ဂီဝင်လာသည်ကို မြင်လိုက်သည်။ အဖေကြီး သည် အိပ်ရာပေါ်တွင် ငေါက်ခနဲထထိုင်ရန် ကြိုးစားသည်။ မဂ္ဂီလည်း အပြေးဝင်သွားကာ အဖေကြီး ကိုဖက်လိုက်သည်။ ထိုနောက်မျက်ရည်အပြည့်နှင့်အနမ်းများ။
သို့ရာတွင် လျှပ်တစ်ပြတ်အတွင်း သမီးကို မှတ်မိလိုက်သည့် ဒဏ်သည် ပြင်းထန်လှသည် တကား။ ချက်ချင်းပင် တူလီဗာသည် သတိလစ်သွားကာ အိပ်ရာပေါ်သို့ တောင့်တောင့်ကြီး လဲကျ သွားလေသည်။ 
ဤအချိန်မျိုးတွင် အိမ်၌ တွမ် ရှိစေချင်သည်။ မစ္စက်တူလီဗာသည် သားကို တရင်းငိုပြန် သည်။ ‘ငါ့သားလေး၊ ငါ့သားလေး အိမ်ပြန်လာဖို့ကောင်းတယ်ကွယ်’
‘ကျွန်မ သွားခေါ်ပေးမယ် အမေ။ နက်ဖြန်မနက် ကျွန်မသွားမယ်။ အဖေကြီး သတိပြန်မ လည်ရင်၊ ကျွန်မကိုလည်း မသိရင်ပေါ့’
နောက်တစ်နေ့ မနက်တွင် မဂ္ဂီထွက်လာခဲ့သည်။
မောင်နှမနှစ်ယောက်သည် လမ်းတွင် တိုးတိုးသက်သာပြောကြဆိုကြသည်။
‘မစ္စတာဝေကမ်က တို့မြေတွေကို အကြွေးရှိတဲ့လူ လက်ထဲက တစ်ဆင့် ဝယ်ယူလိုက်တယ် ဆိုပဲ။ အဲဒီအကြောင်း ဟိုစာထဲမှာ ပါတယ်။ အဲဒီစာဖတ်ပြီးတော့ အဖေကြီး နေမကောင်းဖြစ်တယ်လို့ ငါထင်တယ်’မဂ္ဂီက သူ၏ထင်မြင်ချက်ကိုပြောပြသည်။
‘ဟုတ်မှာပဲ မဂ္ဂီ။ ဒီလူယုတ်မာဟာ အဖေကြီးပျက်စီးရာပျက်စီးကြောင်းကို တစ်ချိန်လုံး ကြံ စည်နေတဲ့လူ။ အေး ငါလူကြီးဖြစ်လာတဲ့တစ်နေ့မှာ ဒီလူယုတ်မာကို အကြောင်းပြရမှာပေါ့ကွာ။ ဟေ့ မဂ္ဂီ၊ နင်ဖိလစ်ကို မဆက်ဆံနဲ့။ နောက် ဘယ်တော့မှ စကားမပြောနဲ့ ကြားလား’
‘အို တွမ်ကလဲကွယ်၊ ငါ... ’
မဂ္ဂီသည်မျှသာ ပြောနိုင်သည်။ ကျန်စကားများ လည်ချောင်းထဲတွင်တစ်ဆို့နေရစ်ခဲ့သည်။ သူ စိတ်မချမ်းသာ။ ထိုကြောင့် စကားဆက်၍မပြောတော့။
၂၄။ ထုခွဲရန် ပစ္စည်းများ
မဂ္ဂီသည် တွမ်နှင့်အတူ အိမ်သို့ပြန်ရောက်လာသည်။ တွမ်ဆီသို့ အသွားအပြန် ငါးနာရီ ကြာ သည်။ ငါးနာရီအတွင်း အဖေကြီးအခြေအနေဘယ်လိုလဲဟု တွေးကာ မဂ္ဂီတုန်လှုပ်မိသည်။ အဖေ ကြီးအသက်မှ ရှိသေးရဲ့လား။ သူ ဖက်တွယ်ထားချင်သည်။ “ငါ့သမီးလေး” ကိုများ မျက်ကွယ်ပြု သွားလေပြီလား။
မဂ္ဂီသည် စိုးရိမ်စိတ်နှင့် အိမ်ထဲသို့ တွမ်၏ ရှေ့က ဝင်ခဲ့သည်။ သို့သော် အဝင်ဝတွင် ထူးခြား သည့်အနံ့တစ်ခုကို မဂ္ဂီရှူမိသည်။ ခပ်ပြင်းပြင်းဆေးတံနံ့သည် သူ့နှာခေါင်းထဲသို့ဝင်လာသည်။ ဆေး တံသောက်တာ ဘယ်သူလဲ။ ဧည့်ခန်း တံခါးသည်လည်း တစ်ချပ်ပွင့်နေသည်။ ဆေးတံနံ့သည် ဧည့် ခန်းထဲမှ ဖြစ်ရမည်။ ထူးဆန်းလှချည့်လား။ လာလည်တဲ့ဧည့်သည်ဆိုရင်လည်း ဒီလိုအခြေအနေမျိုး မှာ ဆေးတံသောက်နေရမှာတဲ့လား။ အမေရော ဧည့်ခန်းမှာရှိသလား။ ဒီလိုဆိုရင် တွမ်ပါလာတဲ့ အကြောင်းပြောရမယ်။
ဧည့်ခန်းသို့ မဂ္ဂီဝင်တော့မည်တွင် တွမ် ထက်ကြပ်လိုက်လာသည်။ မောင်နှမနှစ်ယောက် ဧည့် ခန်းထဲသို့ ပြိုင်တူကြည့်လိုက်ကြသည်။ ကြည့်စမ်းပါ၊ အဖေကြီးထိုင်နေကျ ကုလားထိုင်တွင် ခပ် ထန်ထန်လူတစ်ယောက်အစွင့်သားထိုင်နေသည်။ သူ့ဘေးတွင် ပုလင်းတစ်လုံး၊ ဖန်ခွက်တစ်ခွက်။ 
တွမ်၏ခေါင်းထဲသို့ အကြည်ဓာတ်ကလေးတစ်ခုဝင်လာသည်။ အင်း ဒါပဲဖြစ်မှာပဲ။ သူတို့ဖြစ် မှာပဲ။ အခြားမဟုတ်၊ တရားရုံးမှ ပုဂ္ဂိုလ်များဖြစ်ရမည်။ အိမ်ရှိ ပစ္စည်းများကို လေလံတင်ရန် ရောက် လာကြခြင်းဖြစ်မည်။ တွမ်သည် ကလေးဘဝကပင် ဤအဖြစ်မျိုးကို ကြားဖူးသည်။ ပစ္စည်းပျက်၊ ကြွေးတင်ပြီဆိုလျှင် ဒေဝါလီခံရသည်။ ရှိသမျှပစ္စည်းကို လေလံတင်ရောင်းချသည်။ အထည်ကြီး ပျက်တို့ မည်သည်ပျက်စီးခြင်းအားလုံးနှင့် ရင်ဆိုင်ရသည်။ သူများ တံတွေးခွက်တွင် ပက်လက်မျော ရသည်။
‘နေကောင်းကြရဲ့နော်’ဆေးတံနှင့်လူက ပါးစပ်ထဲမှ ဆေးတံကို ဖြုတ်ကာ တွမ်အား နှုတ် ဆက်သည်။
ဘာမှပြန်၍ မပြောတော့ဘဲ တွမ်ချာခနဲလှည့်ထွက်သွားသည်။ သူတို့ကို မြင်ရသည်ကပင် ဒေါ သဖြစ်စရာ၊ မုန်းတီးစရာကောင်းလှပြီ။
မဂ္ဂီကား ဘာမှနားမလည်။ ထို့ကြောင့် တွမ်ကိုမေးသည်။ ‘ဘယ်သူလဲ တွမ်၊ ဘာဖြစ်လို့ လာတာလဲ’
ထို့နောက် မဂ္ဂီသည် အပေါ်ထပ်သို့ ပြေးတက်ကာ အဖေကြီးအခန်းသို့ဝင်သည်။ အခန်းထဲ တွင်လည်း လူသံမကြားရ။ အဖေကြီးမှာလည်း သူထွက်သွားစဉ်က အတိုင်းပင် မျက်လုံးစုံပိတ်ကာ အိပ်ရာပေါ်၌ ပက်လက်ကလေး လဲနေသည်။ အိမ်ဖော်တစ်ယောက်သာ အခန်းထဲ၌ ရှိသည်။ အမေ့ကို မတွေ့ရ။
‘အမေရော’ တိုးတိုးမေးသည်။ အိမ်ဖော်လည်း မသိ။ မဂ္ဂီသည်အခန်းထဲမှ အသာထွက်လာ ကာ တွမ်နှင့်တွေ့သည်။ ‘အဖေကြီးတော့ အိပ်ရာထဲမှာ မှိန်းနေတယ်။ အမေ့ကို သွားရှာရအောင်။ ဟုတ်ပါရဲ့၊ အမေကလည်း အရေးထဲ ဘယ်များရောက်နေမှန်းမသိပါဘူးနော်’
အမေ့ကို အောက်ထပ်တွင်လည်း မတွေ့ရ။ အိပ်ခန်းတွေမှာလည်း မရှိ။ မရှာရသေးသည့် အခန်းတစ်ခုသာ ကျန်တော့သည်။ ထိုအခန်းကား အမေပစ္စည်းထားသည့် အခန်းဖြစ်သည်။ အိမ်တွင် အကောင်းဆုံးပစ္စည်းများ၊ အမြတ်တနိုး ပစ္စည်းများကို ထိုအခန်း၌ သိမ်းထားလေ့ရှိသည်။ ပွဲကြီး လမ်းကြီးရှိမှ ထုတ်၍သုံးသည်။
တွမ်သည် စတိုခန်းကိုဖွင့်ကာ ‘အမေ’ဟုခေါ်လိုက်သည်။
မစ္စက်တူလီဗာသည် ပစ္စည်း ပရိဘောဂများ အလယ်၌ ထိုင်နေသည်။ သေတ္တာတစ်ခုကား ပွင့် နေသည်။ သူ့ဘေးတွင် စက္ကူအထပ်ထပ်ပတ်ထားသော ငွေလက်ဖက်ရည်အိုး တစ်ခုကိုတွေ့ရသည်။ စားပွဲပေါ်၌ ငွေဇွန်းများ၊ အကောင်းစားပန်းကန်ခွက်ယောက်များ အစီအရီရှိနေသည်။ အမေသည် စားပွဲခင်းတစ်ခုကို လက်ထဲတွင်ကိုင်ရင်း ထောင့်၌ “အယ်လိဇဗက်ဒေါ့ဆန်”ဟူသော နာမည်ကို ကြည့်ကာ ခေါင်းတုန်တုန်လည်တုန်တုန်ဖြစ်နေသည်။
တွမ်၏အသံကိုကြားလျှင် စားပွဲခင်းကို ချကာ လှည့်ကြည့်သည်။ ‘အမယ်လေး ငါ့သားလေး ပါလား’ တွမ်၏လည်ပင်းကို ဖက်လိုက်သည်။ ‘အမေဖြင့် ငါ့သားကို တွေ့မှ တွေ့ရပါတော့မလား လို့။ အခု အမေတို့ဆင်းရဲပြီ တွမ်။ အားလုံး ရောင်းချရတော့မယ်။ တို့မှာ ဘာမှမကျန်တော့ဘူး။ သူ တောင်းစားဖြစ်တော့မယ်။ ဟောဒီစားပွဲခင်းဟာ အမေကိုယ်တိုင်ချုပ်ခဲ့တာ။ အမေကိုယ်တိုင် အမေ့ နာမည်ပန်းထိုးခဲ့ရတာ။ အခုအားလုံးလေလံတင်ရတော့မယ်။ သူများလက်ရောက်ကုန်တော့မယ်၊ စုတ်ပြတ်ကုန်တော့မယ်။ စဉ်းစားကြည့်ရင် ရင်နာစရာကြီး ငါ့သား’
‘ဒါပေမဲ့ ဒေါ်ကြီးတို့၊ ဒေါ်လေးတို့က ကျွန်တော်တို့ပစ္စည်းတွေကို သူများလက်အရောက် ခံမှာတဲ့လား။ ဒီအကြောင်းတွေသူတို့ ကြားကြရဲ့လား’ တွမ်၏အသံမာလာသည်။
‘ဟုတ်တယ်၊ လုကို အမေလွှတ်လိုက်တယ်။ အခုမင်းဒေါ်လေးပူးလက်လာသွားတယ်။ ဒါပေ မဲ့သူလည်း ဘာမှမတတ်နိုင်ဘူး။ တငိုငိုတရီရီနဲ့။ မင်းတို့ အဖေကြီးက တို့ဆွေမျိုးတွေရဲ့ အရှက်ကို ခွဲ တယ်လို့ပြောတယ်။ အမေလည်း မင်းတို့အဖေကြီးကို အတန်တန်ပြောပါတယ်ကွယ်။ လုပ်ချင်တာ လုပ်။ ဒါပေမဲ့ တရားတပေါင်တော့မဖြစ်စေနဲ့။ ဒါထက်အမေဘာတတ်နိုင်မှာလဲကွယ်။ အခုတော့ ဟောဒီပစ္စည်းတွေမှာ အမေ့နာမည်အမှတ်အသားတွေ မရှိခဲ့ရင် တော်သေးတယ်။ မင်းတို့ ဦးကြီးဂ လက်လည်း လာသွားတယ်။ သူ့အပြောတော့ ဒီပစ္စည်းတွေအားလုံးကို ဆွေမျိုးတွေက လေလံဆွဲ လိုက်မယ်တဲ့။ ဒါပေမဲ့ သူ့မိန်းမ မင်းတို့ဒေါ်ကြီးဂလက်ကို အရင်ပြောရဦးမယ်တဲ့။ သူတို့ တိုင်ပင်ဖို့ လာကြလိမ့်မယ်။ ဒါပေမဲ့အမေ့ပစ္စည်းတွေကို သူတို့လိုချင်ကြမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အမေ ဝယ်တုန်းကဒီပစ္စည်းတွေကို သူတို့မကြိုက်ကြဘူး။ ချေးများခဲ့ကြတာ အမေသိတယ်။ အဆင် အသွေးမကြိုက်ရတာနဲ့၊ အရောင်မကြိုက်ရတာနဲ့။ ဒီဟာတွေကို အမေဆယ့်ငါးနှစ်သမီးက စုလာတဲ့ ပိုက်ဆံနဲ့ဝယ်ထားတာပါ။ အမေ့နာမည် ထိုးထားတဲ့ငွေလက်ဖက်ရည်အိုးလည်း အဲဒီပိုက်ဆံနဲ့ ဝယ် တာပဲ။ မင်းတို့ အဖေကြီးပိုက်ဆံ တစ်ပြားမှမပါဘူး။ အမယ်လေး၊ အခုတော့ သူနဲ့ငါအိမ်ထောင်ကျ ခဲ့ရတယ်။ ဒီအဖြစ်ဆိုးမျိုးကြုံရတယ်လေ။ အမေရင်နာလိုက်တာသားရယ်’
ပြောကာ ငိုပြန်သည်။
မဂ္ဂီသည် သူ့အမေ စကားကို နားထောင်ရင်း တဖြည်းဖြည်း ဒေါသဖြစ်လာသည်။ အိပ်ရာပေါ် ပက်လက်ဖြစ်နေတဲ့သေလူကို ဘာလို့ အပြစ်ဖို့ချင်ကြတာလဲ။
‘အမေ၊ အမေ ဘယ်လိုပြောလိုက်တာလဲ။အမေ့ပစ္စည်းတွေပေါ်မှာ ပါနေတဲ့အမေ့နာမည်ကိုပဲ ဂရုစိုက်နေတယ်။ အဖေကြီးနာမည်ကိုတော့ ဂရုမစိုက်တော့ဘူးလား။ အဖေကြီး အိပ်ရာပေါ်မှာ နေ့ သေမလား၊ ည သေမလား မသိဘူး။ သူ့ကို ဂရုမစိုက်နိုင်ဘဲ အမေ့ပစ္စည်းတွေကိုပဲ နှမြောနေ။ တွမ် နင်ရော အမေ့ကိုပြောဦးလေ။ အဖေကြီးအပေါ် အမေ့လိုအပြစ်ရှာဦးလေ’
မဂ္ဂီ ဒေါသအိုးပေါက်ကွဲသည်ကို တွမ် အံ့အားသင့်သွားသည်။ သူဘာလုပ်ရမည်ကို ချက်ချင်း နားလည်လိုက်သည်။ ထို့ကြောင့် အဖေကြီးအခန်းထဲသို့ ဝင်ခဲ့သည်။ အိပ်ရာဘေးတွင် ထိုင်ကြည့်နေ သည်။ မြင်ရသည့် မြင်ကွင်းမှာ ရင်နင့်စရာသာတည်း။ သူ့အပါးသို့ မဂ္ဂီရောက်လာသည်။ မဂ္ဂီသည် တွမ်၏လည်ပင်းကို သိုင်းဖက်ထားသည်။ ကလေးနှစ်ယောက်သည် အခိုက်အတန့်အားဖြင့် ကျန် လောကကြီး တစ်ခုလုံးကို မေ့လျော့နေကြသည်။ သူတို့အဖို့ လောကကြီးတွင် အဖေတစ်ယောက် အပူ တစ်ခုသာရှိသည်ဟု ထင်နေကြသည်။
၂၅။ ဆွေမျိုးစုံ ညီလာခံ
(က)
နောက်တစ်နေ့ မနက် ဆယ့်တစ်နာရီတွင် ဆွေမျိုးစုံရောက်လာကြသည်။ 
မစ္စတာဒီအင် တစ်ယောက်ကား အလုပ်ကိစ္စနှင့် ခရီးလွန်နေသည်။ မစ္စက်ဒီအင်သည် မြင်း လှည်းအသစ်ကြီးနှင့် ဟန်ကျပန်ကျ ရောက်လာသည်။ မြင်းလှည်းမောင်းသူမှာ မြင်းလှည်းသစ်နှင့် လိုက်အောင် ဖျတ်လတ်သည်။ သူကား ပထမဆုံး ရောက်လာသူဖြစ်သည်။
‘အမယ်လေး ညီမလေးရယ်၊ တို့တော့ ဒုက္ခပင်လယ် ဝေနေပြီဟဲ့’ မစ္စက်တူလီဗာက ဆီး၍ငို သည်။ ‘တို့အဖြစ်ကိုက ဆိုးပါတယ် ဟဲ့’
‘ဟုတ်တယ် မမဗက်ဆီ၊ နက်ဖြန် ဘာဖြစ်မယ်ဆိုတာ ဒီနေ့ မသိနိုင်ဘူး မမ။ ဒါပေမဲ့ ဒုက္ခ တွေကို ကျွန်မတို့ မှိတ်ကြိတ်ပြီး ခံနိုင်ရမယ်မဟုတ်လား’
သည်လိုအခါမျိုးတွင် မစ္စက်ဒီအင်သည် တရားစကားလှလှကိုပြောတတ်သည်။ ပြီးမှ သူ့ ယောက်ျားကို ဒီလိုဒီလိုပြောခဲ့သည်။ ဟုတ်ကဲ့လားဟုမေးသည်။ ဤသည်မှာ မစ္စက်ဒီအင်၏ ဝသီဖြစ် နေပြီ။
နောက်ထပ် ရောက်လာကြသူများမှာ ဦးကြီးဂလက်တို့ လင်မယားဖြစ်သည်။ ထိုနောက် ဦး လေးပူးလက်လင်မယားရောက်လာကြသည်။
ဒေါ်လေးပူးလက်သည် ဝင်လာကတည်းက ထုံးစံအတိုင်း အော်ကြီးဟစ်ကျယ်ငိုယိုဝင်လာ သည်။ ဒေါ်ကြီးဂလက်ကား အဝတ်နက်များဝတ်လာသည်။
‘ဘယ်လိုလဲဟေ့၊ အပေါ်ထပ်က တို့ကိုလူမွဲ ဘယ့်နှယ်နေသေးလဲ’ ဦးကြီးဂလက်၏ နှုတ် ခွန်းဆက်စကားဖြစ်သည်။
‘ဒီနေ့မနက်တော့ သက်သာလာတယ်လို့ ဒေါက်တာတန်းဖူးက ပြောတာပဲ။ ကျွန်မကိုတော့ မှတ်မိလာသလိုပဲ။ စကားလည်း ပြောတယ်။ ဒါပေမဲ့ တွမ်ကိုတော့ ခုထက်ထိ မမှတ်မိသေးဘူး။ သား ကိုသူစိမ်းလိုထင်ပြီးကြောင်ကြည့်နေတယ်။ ဟိုတုန်းက တွမ် ကလေးတုန်းက မြင်းကလေးနဲ့ အကြောင်းကိုပြောတယ်။ ဆရာဝန်က ပြောတော့ အခုတွမ်ကို မမှတ်မိသေးဘူး။ ကလေးဘဝက တွမ်ကိုသာ အမှတ်ရတယ် တဲ့’
‘ဦးနှောက်ထိခိုက်သွားပြီနဲ့တူတယ်’ဒေါ်လေးပူးလက်က အိတ်ဆောင်မှန်ကလေးကို ထုတ် ကာ ဆံပင်ကိုသပ်ရင်း မှတ်ချက်ချသည်။ ‘နာလန်ထလာရင်တောင် ကလေးလိုဖြစ်မှာပဲ၊ ကျွန်မတို့ မစ္စတာကားလိုပေါ့။ သနားစရာပဲ။ မစ္စတာကား ဆိုရင်သုံးနှစ်လောက် ထမင်းကို ဇွန်းနဲ့ခွံ့ပေးရတယ်’
‘ဟဲ့ ပူးလက်’ ဒေါ်ကြီးဂလက်၏ အသံဖြစ်သည်။ ‘ပူးလက်ရဲ့၊ တို့များဒီကိုလာတာ တို့ ဆွေမျိုးထဲကမဟုတ်တဲ့မစ္စတာကားအကြောင်းပြောဖို့မဟုတ်ဘူး။ အခု တို့ဆွေမျိုးတွေ ဂုဏ်ပျက်ရ မယ့်ကိစ္စကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာတိုင်ပင်ဖို့လာတာဟဲ့’
‘အစ်မကြီးရယ် မစ္စတာကားအကြောင်း မကောင်းမပြောပါနဲ့။ သူ့အဖြစ်ကို ကျွန်မသိ ပါတယ်’
‘ဆိုဖီ’၊ တို့ဒီကိုလာတာဘာကြောင့်လဲဆိုတာပြောပြီးပြီ။ တို့ညီမနဲ့ တို့တူ၊ တူမလေးတွေရဲ့ ဒုက္ခကိုဘယ်လိုကယ်မယ်ဆိုတာ ဆွေးနွေးပြောဆိုရအောင် လာတာ။ တို့အားလုံးဝိုင်းပြီး လုပ်ကြမှ ဖြစ်မှာ။ ငါ့တစ်ယောက်တည်း ချည်းတော့ အားမကိုးကြနဲ့’
‘အစ်မကြီးတော့ ဘာမှ လုပ်ပေးနိုင်မယ် မထင်ဘူး။ ခုတောင်မှ ဒီကိုအစ်မကြီးရောက်တာ ပထမအခေါက်ပဲမဟုတ်လား’ဒေါ်လေးပူးလက်က ပြန်တွယ်လိုက်သည်။
ထိုစဉ် စကားဝိုင်းသို့ ဦးကြီးဂလက်ဝင်၍ လေပြည်ထိုးသည်။
‘ကဲ ကဲ လာကြ၊ တို့များ ဘာလုပ်နိုင်မလဲ စဉ်းစားရအောင်။ ပစ္စည်းတွေလေလံတင်မယ်ဆို ရင်မစ္စက်တူလီဗာတို့အတွက် အသုံးတည့်မယ့်စားပွဲ၊ ကုလားထိုင်၊ မီးဖိုချောင်သုံးပစ္စည်း၊ အိပ်ရာ၊ ဒါမျိုးတွေလေလံဆွဲပေးမယ်’
‘ငွေလက်ဖက်ရည်အိုးနဲ့ စားပွဲခင်းမှာ ကျွန်မနာမည်ထိုးထားတယ်။ အဲဒါလေး နှစ်ခုတော့ ရှင်တို့ ယူလိုက်ကြပါရှင်’ မစ္စက် တူလီဗာအဖို့ ဤပစ္စည်းနှစ်ခုမှာ အရေးကြီးနေသည်။
‘မော့တို့လင်မယား မလာကြဘူး။ တူလီဗာဆိုရင် သူတို့ကို အများကြီး ကြည့်ခဲ့တယ်။ အင်း ပိုက်ဆံချေးထားရင်လည်း ခုနေ ပြန်ပေးဖို့ကောင်းတဲ့အချိန်ပေါ့’ဦးလေးပူးလက်ကမေးသည်။
‘ကျွန်မတော့ သူတို့ကို အားမကိုးတော့ဘူး။ သူတို့လည်း ပြောမနေတော့ဘူး။ နေတာက ဝေး တယ်ရှင့်။ မစ္စတာမော့ ဈေးလာမှပဲ တွေ့နိုင်တာ။ သူတို့ကို မဂ္ဂီမစဉ်းစားမိတော့ဘူးလားမသိဘူး။ ဒီကောင်မလေးက သူ့အဒေါ်မော့ကိုသိပ်ချစ်တာ’   
               (ပူးလက်၏ငယ်နာမည်)
………….
အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု စာရေးဆရာမ George Eliot ၏ ‘The Mill on the Floss’ ကို စာရေးဆရာကြီး ဆရာကျော်အောင်က ဘာသာပြန်ထားသည့် ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ဘာသာပြန်အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၉ ) ကို နောက်တစ်ပတ်စနေနေ့(၂၃.၆.၂၀၁၈)မှာည ( ၉ ) နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။
အကယ်၍ ဝန်ဇင်းစာချစ်သူတို့က ဒီစာအုပ်ကို နှစ်သက်လို့ အပိုင်ဝယ်ယူ ဖတ်ရှုချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖုန်းထဲမှာ ထည့်သွင်းဖတ်ရှုနိုင်ကြောင်း ပြောပါရစေခင်ဗျာ။ 
“ဝန်ဇင်းစာချစ်သူတို့က ဘာသာပြန်ဝတ္ထုကောင်းတွေကို နှစ်သက်သဘောကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်၊ အကြံပြုလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …               

Related Posts