ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း( ၁၄ )[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]


ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း( ၁၄ )
[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]
ဪ ဝေကမ်ဆိုတဲ့ကောင် ဒီနေ့ မြို့ထဲမှာ မနေဘဲ ရှောင်နေတယ်နဲ့တူတယ်။ ငါ့ဂုဏ်ကို ပြန်ပြီး အဖတ်ဆယ်တာကို သူမကြားချင် မမြင်ချင်ဘူးထင်ပါရဲ့။ ဒီကောင်အဖို့တော့ ဂုဏ်ရှိတဲ့ အလုပ်မှန်သမျှ ရွံတာချည်းပါ။ 
ယခုအချိန်မျိုးတွင် ဝေကမ်ကို တွေ့မည်ဆိုလျှင် တူလီဗာသည် အရာရာကို ရင်ဆိုင်မည်ဖြစ် သည်။ အေး တို့လိုရိုးသားတဲ့လူတစ်ယောက်ဟာ သူ့လိုလူယုတ်မာအောက်မှာ ကြာကြာ အလုပ်မလုပ် ဘူးဆိုတာသိသွားမှာပဲ။
လူယုတ်မာဆိုတဲ့ကောင်ကတော့ မရိုးသားတာတွေ၊ ကောက်ကျစ်တာတွေနဲ့ ချမ်းသာနေတာ ပဲ။ သူ့ကို ရိုးသားမှုဆိုတာဘာလဲလို့ သိအောင်နည်းနည်း ငှားလိုက်ချင်တယ်။
ဤဒေါသစိတ်ဖြင့် တူလီဗာသည် ဒေါလကော့ စက်ရုံဝသို့ ချဉ်းကပ်လာသည်။ စက်ရုံတံခါး နားနီးလာလျှင် မြင်းနက်ကြီးတစ်ကောင်ကို စီးလာသည့်မြင်နေကျသဏ္ဌာန်တစ်ခုကို ဘွားခနဲ မြင် တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်သည် ကိုက်ငါးဆယ်သာခြားသည်။
‘တူလီဗာ’
ဝေကမ်က စ၍ခေါ်လိုက်သည်။ သူ့အသံသည် ခါတိုင်းထက်ပို၍မာသည်။
‘တူလီဗာ၊ မင်းဘာတွေလုပ်ထားတာလဲ၊ လူမိုက်ပဲကွ။ အထက်ဘက်က ကွင်းထဲမှာ မြေကြီးခဲတွေ ချထားတယ်။ အေး မင်းတို့တစ်တွေကတော့ လယ်ယာကို ကောင်းကောင်း စီမံခန့်ခွဲ တတ်တဲ့ ကောင်တွေမဟုတ်ပါဘူး
‘ဘာကွ’ တူလီဗာ့ရင်ထဲတွင် ဒေါသမီးတို့ လျှံတက်လာသည်။
‘ဒါဖြင့် မင်းလယ်ကို အုပ်ချုပ်ဖို့ တခြားတစ်ယောက်ကို လွှဲပါလားကွ’
‘မင်း မူးလာသလား’ ဝေကမ်ကမေးသည်။
‘ဟေ့ ငါတစ်စက်မှ မသောက်ခဲ့ဘူး။ မင်းလိုလူယုတ်မာတစ်ယောက် လက်အောက်က ထွက် ဖို့ ဆုံးဖြတ်ရာမှာ အရက်က ကူပြီးဆုံးဖြတ်ပေးဖို့ မလိုပါဘူးကွာ’
‘အေး ကောင်းတယ်၊ နက်ဖြန် ထွက်ရမယ်။ ဒါပေမဲ့ အခုမင်းပါးစပ်ပိတ်ထား၊ ပြီးတော့ ငါသွားမယ့်လမ်းဖယ်ပေး’
ထိုအချိန်တွင် တူလီဗာသည် လမ်းပေါ်တွင် မြင်းနှင့် ကန့်လန့်ခံထားသည်။
‘ဟေ့ မင်းကိုသွားခွင့်မပေးနိုင်သေးဘူး။ မင်းဟာ ဘယ်လို ယုတ်မာတဲ့ကောင် ဆိုတာပြောရ ဦးမယ်။ မင်းဟာ အယုတ်မာတကာ့ အယုတ်မာဆုံး၊ မင်းလိုကောင်ကို ကြိုးပေးသတ်ဖို့ ကောင်း တယ်၊ မင်းဟာ…’
‘ဖယ်ပေး…ငါသွားမယ်၊ မင်းလူမိုက်ပဲ၊ မဖယ်ရင်တော့ မင်းကိုကျော်နင်းသွားမှာပဲ’
တူလီဗာသည် ကြာပွတ်ကို ဝှေ့ယမ်းကာ ရှေ့သို့ တိုးလာသည်။ ဝေကမ်၏ မြင်းလန့်သွားကာ ဝေကမ်မြင်းပေါ်မှလိမ့်ကျသည်။ မထနိုင်မီပင် တူလီဗာသည် မြင်းထက်မှ ဆင်းလိုက်သည်။ ရန်သူကို မြေတွင် လဲနေသည်ကိုမြင်ရသည့်အခါ လက်စားချေလိုသည့်စိတ်များ ပေါ်လာသည်။ ထိုကြောင့် ဝေ ကမ်ဆီသို့ ပြေးသွားကာ ကြာပွတ်နှင့် တအားရိုက်သည်။ တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ရိုက် သည်။ ဝေကမ်သည် အကူအညီခေါ်သည်။ ဘယ်သူမှ မကြား။ အကူအညီမလာ။ ဒေါသမီးလျှံသည် ထိပ်ခေါင်ဖျားသို့ ရောက်နေရာ တူလီဗာတွင် အားအင်များ ပြည့်ဖြိုးလာသည်။ သန်မာလာသည်။ ဝေကမ်ကို မြေသို့ တွန်းလှဲကာ ရိုက်ပြန်သည်။
ထိုခဏတွင် မိန်းမသံတစ်သံ ကြားလိုက်ရသည်။ ‘အဖေကြီး…အဖေကြီး’
တူလီဗာ၏လက် တုံ့သွားသည်။
‘သွား၊ မင်း သွားစမ်း’ တူလီဗာ၏ ငေါက်သံဖြစ်သည်။ သို့သော် ဝေကမ်ကို နှင်ထုတ်ခြင်း မဟုတ်။
ဝေကမ် ခေါင်းထောင်ကြည့်လိုက်သည့်အခါ မိန်းကလေး တစ်ယောက်က တူလီဗာ၏ လက်ကို ဆွဲထားသည်ကိုတွေ့ရသည်။
‘လာပါအဖေကြီးရယ်
မဂ္ဂီသည် အဖေကြီးလက်ကို ချုပ်ကိုင်ထားသည်။ ထိုအချိန်တွင် သူတို့အပါးသို့ မစ္စက်တူလီ ဗာရောက်လာသည်။ အမေကား ထိတ်လန့်ကာတုန်တုန်ယင်ယင်ဖြစ်နေသည်။ ထိုခဏတွင် အဖေ ကြီးသည် မဂ္ဂီ၏ ပခုံးကို မှီလိုက်ပြီး လက်ကို ဆုပ်ကိုင်လိုက်သည်ကို မဂ္ဂီသတိထားလိုက်မိသည်။
‘ခေါင်းထဲက မူးတယ်သမီး။ လုပ်ပါဦး မက်ဆီရေ၊ ငါ့ခေါင်းထဲမှာ ဘာဖြစ်တယ်မသိဘူး’ သူ့ ကိုမယားနှင့်သမီးက ဖြည်းဖြည်းချင်း တွဲခေါ်သွားသည်။ အိမ်ရောက်သည့်အခါ ကုလားထိုင်ပေါ် ထိုး လဲသွားသည်။ သူ့လက်များ အေးစက်လာသည်။ မျက်နှာသည်လည်း ဖြူဖပ်ဖြူရော်ဖြစ်လာသည်။
‘ဆရာဝန် ခေါ်ရမကောင်းဘူးလား’ အမေကြီးက ဆိုသည်။
‘ဆရာဝန်ဟုတ်လား၊ မခေါ်နဲ့…မခေါ်နဲ့။ ငါ့ခေါင်းထဲက မူးတာပဲ၊ ကိစ္စမရှိဘူး။ အိပ်ရာထဲကို သာပို့’ တူလီဗာသည် တိုးတိုးပင် ပြောနိုင်တော့သည်။
(ခ)
တွမ်သည် တစ်နေ့လုံး ပင်ပန်းလာသဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။ လင်းခါနီး မှုန် ရီရီတွင် အမေကြီးက သူ့ကိုလာ၍နှိုးသည့်အခါ အိပ်ရာထဲ ခေါင်းချရုံသာရှိသေးသည်ဟု ထင်မိသည်။
‘ငါ့သားထဦး၊ အမေဆရာဝန်အခေါ်လွှတ်ထားရတယ်။ မင်းအဖေကြီးက မဂ္ဂီနဲ့မင်းကို သူ့ဆီ လာပါတဲ့။ တစ်ညလုံး ခေါင်းထဲက မူးတယ်ဆိုပြီး အိပ်ကိုမအိပ်ရဘူး။ “ဗက်ဆီရေ လူလေးနဲ့ သမီး ကိုခေါ်ချည်ပါကွယ်။ မြန်မြန်သာခေါ်ခဲ့”လို့ပြောတယ်’
မဂ္ဂီနှင့် တွမ်တို့နှစ်ယောက် တစ်ပြိုင်နက်လိုလို အဖေကြီး အိပ်ရာဘေးသို့ ရောက်လာကြ သည်။ အဖေကြီးသည် သူတို့နှစ်ယောက်ကို နာကျင်ကြီးစွာဖြင့် စောင့်မျှော်နေသည်။ အိပ်ရာဘေး ပထမဆုံး ကပ်သူမှာ မဂ္ဂီဖြစ်သည်။ သို့သော် အဖေကြီးသည် မဂ္ဂီနောက်နားမှ ရပ်နေသည့် တွမ်ကို ကြည့်လိုက်သည်။
‘ငါ့သားတွမ်၊ ငါဒီတစ်ခါ မလုနိုင်တော့ဘူးဆိုတာသိတယ်တွမ်။ လောကကြီးဟာ ငါ့အဖို့ မကောင်းဘူး။ ဒါပေမဲ့ မင်းဘက်က တာဝန်ကျေတယ်။ အဖေကြီးကို လက်ဆွဲနှုတ်ဆက်ပါ တွမ်၊ နောက်ဆုံး နှုတ်ဆက်ခြင်းပေါ့’
အဖေနှင့်သား လက်ချင်း အပ်ထားကြသည်။ အကြည့်ချင်းဆုံကြသည်။
‘မင်းအမေရှိသေးတယ်။ သူ့အတွက် အရာရာအဆင်ပြေပါစေ၊ ငါကတော့ ကံမရှိတော့ဘူး၊ တတ်နိုင်သမျှ မင်းက စောင့်ရှောက်ပါ။ ပြီးတော့ ငါ့သမီးလေးရှိသေးတယ်’
အဖေကြီးသည် မဂ္ဂီကိုကြည့်လိုက်သည်။
‘အဖေကြီးကို နမ်းစမ်းပါ သမီး၊ ဝမ်းမနည်းပါနဲ့ကွယ်၊ မင်းကို ငါ့ကိုယ်စား ချစ်မယ့်လူ တစ်ယောက်ပေါ်လာလိမ့်မပေါ့။ အနား တိုးစမ်းဗက်ဆီ’
တစ်ဖန် သူတို့အားလုံးကို မျက်နှာလွှဲကာ ခဏမျှ ငြိမ်နေသည်။ မနက် နေအရုဏ်သည် ကြည် လင်ပြတ်သားလာသည်။ သူ့မျက်နှာသည် ပို၍လေးလံလာဟန်တူသည်။ မျက်လုံးများကား ပို၍ ရီဝေ လာဟန်တူသည်။
‘ငါ့အလှည့်ပဲ’ တိုးတိုးပြောသည်။ သူ့ကို ငါရိုက်ခဲ့တယ်၊ အဲဒါတရားတယ်၊ မှန်တယ်။ ဘယ် တော့မှ မတရားတာ မမှန်တာ ငါမလုပ်ခဲ့ဘူး’
‘ဒါပေမဲ့ အဖေကြီးရယ်၊ အဖေကြီး သူ့ကို ခွင့်လွှတ်တယ် မဟုတ်လား။ အခု အဖေကြီး လူ တိုင်းကိုခွင့်လွှတ်တယ်နော်’
‘ခွင့်မလွှတ်ဘူးသမီး၊ အဖေကြီး သူ့ကိုခွင့်မလွှတ်ဘူး။ လူယုတ်မာတွေကိုအဖေကြီး ခွင့် မလွှတ်ဘူး’
သူ့အသံများသည် လေးလာသည်။ နှုတ်ခမ်းသည် ခဏခဏလှုပ်လာသည်။ စကားဆက်ပြော ရန်ကြိုးစားသည်။ သို့သော်မရ။
ထိုနောက် သူ့ပါးစပ်မှ တစ်လုံးစီထွက်လာသည်။
‘ဒီလောကကြီး သိပ်ခက်တယ်၊ ရိုးသားတဲ့ လူတွေသိပ်ခက်တယ်’
အသက်ရှူသံ ရပ်သွားသည်။ မျက်ခုံးထက်တွင် ချွေးစလေးများ ကျန်ရစ်ခဲ့သည်။ အားလုံး ငြိမ်သွားသည်။ ထာဝရ ချုပ်ငြိမ်းခြင်း။

၃၃။ ရေလွှမ်းမိုးခြင်း


(က)

အဖေကြီး ဆုံးပြီးသည့်နောက် မဂ္ဂီအဖို့ စက်ရုံအိမ်တွင် ကြာရှည်မနေနိုင်ရန်အကြောင်းများ ဖြစ်ပေါ်လာသည်။ သူ့အစ်ကို တွမ်နှင့်နေ့တိုင်းတွေ့မြင်နေရသော်လည်း တွမ်က သူ့ကို စကား တစ်ခွန်းမျှမပြော။ သည်အဖြစ်မှာ စိတ်ဆင်းရဲလှသည်။ ကြာကြာမခံနိုင်။ အမေကြီး နေသားကျစရန် နှင့် အမေကြီးကို ကူညီလုပ်ကိုင်ပေးရန် သူစိတ်စောသည်။ သို့သော်လည်း အမေအတွက် သူ့ဆောင် ရွက်ဖွယ်တို့မှာအနည်းငယ်သာရှိသည်။သည်လိုနှင့်ရက်အတန်ကြာခဲ့သည်။ ထိုရက်များအတွင်း မဂ္ဂီ ၏စိတ်ဆင်းရဲမှုသည် ပို၍ပို၍လာသည်။ တွမ်ဘက်က စိတ်ဆိုးသည့်အပြုအမူများ လွန်ကဲလာသည်။ အဆင်မပြေမှုသည် လျော့မသွား။ တိုး၍သာ လာသည်။ သို့ဖြစ်ရာ စိန့်အော့မြို့ရှိ မစ္စက်ဂျာကင်၏ အိမ်သို့ ပြောင်းနေရန် ဆုံးဖြတ်လိုက်သည်။ သူ၏သား ဗော့မှာ မဂ္ဂီနှင့် ငယ်ငယ်က ကစားဖော်ဖြစ် သည်။
………….
အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု စာရေးဆရာမ George Eliot ၏ ‘The Mill on the Floss’ ကို စာရေးဆရာကြီး ဆရာကျော်အောင်က ဘာသာပြန်ထားသည့် ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ဘာသာပြန်အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၁၅ ) ကို နောက်အပတ်စနေ ( ၁၄.၇.၂၀၁၈ ) ည ( ၉ ) နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။
အကယ်၍ ဝန်ဇင်းစာချစ်သူတို့က ဒီစာအုပ်ကို နှစ်သက်လို့ အပိုင်ဝယ်ယူ ဖတ်ရှုချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖုန်းထဲမှာ ထည့်သွင်းဖတ်ရှုနိုင်ကြောင်း ပြောပါရစေခင်ဗျာ။ 
“ဝန်ဇင်းစာချစ်သူတို့က ဘာသာပြန်ဝတ္ထုကောင်းတွေကို နှစ်သက်သဘောကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်၊ အကြံပြုလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …               





Related Posts