ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း( ၁၃ )[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]


ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း( ၁၃ )
[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]
၃၁။ အောင်မြင်ခြင်း

သို့နှင့် သုံးပတ်ကြာခဲ့သည်။ မေလရောက်လာပြီ။ ဆယ့်နှစ်ရာသီတွင် မေလသည် အလှဆုံး ရာသီဖြစ်သည်။ ဒေါလကော့စက်ရုံသည်လည်း မေလမိုးကောင်းကင်အောက်တွင် လှနေသည်။ သစ် ပင်ကြီးများ ဝေဝေဆာဆာဖူးပွင့်ကြသည်။ မြက်များသည်လည်း စိမ်းစိုနေသည်။
ယနေ့တွမ်သည် ခါတိုင်းထက် စောစောပြန်လာသည်။ တံတားကလေးကျော်လိုက်လျှင် သူတို့ အိမ်ကို လှမ်း၍မြင်လိုက်သည်။ အုတ်နီအိမ်ကြီးကား သူ့ချက်မြှုပ်ဖြစ်သည်။ အလွန်လှသည်ဟုသူ ထင်သည်။ အပြင်ကကြည့်လျှင် သာယာသည်။ အတွင်း၌ကား အိမ်ထောင်ပစ္စည်း ဘာမျှမရှိတော့။ အိမ်ရှင်တို့ကား နှလုံးမသာမယာရှိနေကြသည်။ အိမ်ကြီးကို မြင်လိုက်လျှင်ပင် သူ့ခြေလှမ်းတို့သည် ပို၍သွက်လာသည်။ ချက်ချင်းပင်ပြုံးချင်သလိုလိုဖြစ်လာသည်။
မစ္စတာတူလီဗာသည် ခရီးပန်းလာသဖြင့် ပက်လက်ကုလားထိုင်တွင် အပန်းဖြေနေသည်။ မဂ္ဂီကား ခေါင်းငုံ့ကာ အပ်ချုပ်နေသည်။ အမေကြီးသည် လက်ဖက်ရည်ဖျော်နေသည်။ တွမ်ဝင်သွား လျှင် အားလုံးကအံ့အားသင့်ကာ သူ့ကိုလှမ်းကြည့်သည်။
‘ဟေ့တွမ်၊ ဘယ်လိုဖြစ်လာတာလဲ။ အစောကြီး ပြန်လာပါလား’ အဖေကြီးက ဆီးမေး သည်။
‘အို အဖေကြီးရာ အလုပ်မရှိတော့လို့ပါ။ အမေနေကောင်းတယ်နော်’ အမေဆီသို့သွားကာ နမ်းရှုပ်နှုတ်ဆက်သည်။ သူ့ဝမ်းထဲတွင် ပျော်နေသည်တို့အပြင်သို့ပေါ်လာသည်။ မဂ္ဂီကိုကား စကား တစ်ခွန်းမျှမပြော။ လှည့်၍ပင်မကြည့်။ သူတို့နှစ်ယောက် ဤသို့ဖြစ်နေသည်မှာ သုံးပတ်ခန့်ကြာခဲ့ပြီ။
‘အဖေကြီး’ လက်ဖက်ရည်သောက်အပြီးတွမ်ကစကား စသည်။ ‘စုဘူးသေတ္တာထဲမှာ ငွေ ဘယ်လောက်ရှိတယ် ဆိုတာအဖေကြီး တိတိကျကျသိလား’
‘တစ်ရာ့ကိုးဆယ့်သုံးပေါင် ရှိပါသေးတယ်ကွယ်။ အခုတလော မင်းပေးတာနည်းတယ်။ လူ ငယ်တွေဆိုတော့ ကိုယ့်သဘောနဲ့ကိုယ် ကိုးကွ။ ဒါပေမဲ့ တို့ငယ်ငယ်တုန်းကဆိုရင် ကိုယ့်ပိုက်ဆံပေ မယ့် စိတ်ကြိုက်မသုံးခဲ့ပါဘူး’
အဖေကြီး၏ မကျေနပ်သံ မပွင့်တပွင့် ထွက်လာသည်။
‘ဒါပဲရှိတယ်ဆိုတာသေချာတယ်နော်၊ အဖေကြီး သေတ္တာယူချည်ပါလား။ အဖေကြီး မှားများ နေသလားလို့ပါ’
‘ဘာလို့မှားရမှာလဲကွ’ သံပြတ်နှင့် ပြန်ပြောသည်။ ‘ခဏခဏရေနေတာပဲ။ အေး ငါ့ကို မယုံရင်တော့ ယူပြရတာပေါ့ကွာ’ တူလီဗာသည် သေတ္တာထဲမှ ပိုက်ဆံကို ခဏခဏ ရေချင်သည်။ ယခုလို သိပ်ဆင်းရဲနေရသည့်ဘဝတွင် သေတ္တာထဲမှ ပိုက်ဆံကို ခဏခဏထုတ်ရေရသည့် အလုပ် သည်သာပျော်စရာ၊ အားတက်စရာ အလုပ်တစ်ခုဖြစ်လေသည်။
အမေကြီးသည် လက်ဖက်ရည်ပန်းကန်လွတ်များကို မီးဖိုသို့ပို့ရန် သွားမည်ပြုသည်။
‘အမေ မသွားနဲ့ဦး’တွမ်က တားသည်။
‘မဂ္ဂီလည်း မသွားရဘူးလား၊ တစ်ယောက်ယောက်တော့ ဒါတွေသိမ်းဦးမှပေါ့’
‘သူ့သဘောပဲလေ’တွမ်က ခပ်ပေါ့ပေါ့ပြောသည်။
အဖေကြီးသည် စားပွဲပေါ်တွင် ငွေသေတ္တာဖွင့်ရန် ဟန်ပြင်နေသည်။ အနားသို့ တွမ် ကပ် လာသည်။ ညနေခင်း နေခြည်နီရဲရဲတို့သည် သူတို့မျက်နှာများပေါ်သို့ ထိုးကျနေသည်။ အဖေကြီး၏ ဝမ်းနည်းပင်ပန်းသည့်မျက်နှာ၊ တွမ်၏ ပျော်နေသည့် မျက်နှာတို့ ပေါ်လွင်လာသည်။ မစ္စက်တူလီဗာ ကား ငြိမ်ငြိမ်လေးကြည့်နေသည်။ သူ့အဖို့ ဘာကိုမျှ မျှော်လင့်ချက်မထား။ သို့ရာတွင် မဂ္ဂီ၏ ရင်ကား တဒိတ်ဒိတ်ခုန်နေသည်။
တူလီဗာသည် ငွေများကိုရေကာ စားပွဲပေါ်၌ အစီအရီချထားလိုက်သည်။ ထိုနောက် တွမ်ကို ရုတ်တရက် ကြည့်လိုက်သည်။ 
‘ကဲ ဒါလောက်ပါပဲကွ၊ ငါပြောတာမှန်ပါတယ်’ ခဏရပ်ကာ ငွေများကို စိတ်ပျက်လက်ပျက် ကြည့်ပြန်သည်။ ပြီးမှ ‘အကြွေးဆပ်ဖို့ သုံးရာကျော်လောက်လိုသေးတယ်။ အဲဒါရအောင်စုဖို့ ကြာဦး မှာပါကွာ။ အင်း လောကကြီးကတော့ ကောင်းကိုမကောင်းပါဘူး။ ဒီငွေလေးစုဖို့တောင် လေးနှစ် ကြာတယ်။ ငါကလည်း နောက်ထပ် လေးနှစ်မှ နေရပါဦးမလားမသိဘူး။ အေး မင်း အခု ကြီးပြင်း လာပြီလို့ ယူဆရင်တော့ မင်းကိုပဲ အားကိုးရမှာပဲ’ ဟုဆိုကာ တွမ်၏မျက်နှာကို သံသယနှင့် ကြည့် လိုက်သည်။
‘မဟုတ်သေးဘူး အဖေကြီး၊ ဒီကြွေးတွေ ကျေသွားတာကို အဖေကြီးမြင်ရမယ်။ အဖေကြီး မသေခင်မြင်ရမယ်။ အဖေကြီး လက်နဲ့ကိုယ်တိုင်ဆပ်စေရမယ်’ တွမ်၏အသံကား မျှော်လင့်ချက် ပေးသည်ထက်ပိုသည်။ ရဲရင့်သည်။ တူလီဗာ၏ ရင်ထဲတွင် ဒိတ်ခနဲဖြစ်သွားကာ တွမ် ဘာဆိုလိုသည် ကိုသိချင်ဇောနှင့် ကြည့်လိုက်သည်။
စကားမဆက်သေးဘဲ ခဏနားနေသည်။ ပြီးမှ တွမ်က ‘တလောတုန်းက ကျွန်တော့်ကို ဦးကြီးဂလက်က ကုန်ကူးဖို့ ငွေနည်းနည်း လှည့်တယ်။ အဲဒါမြတ်လာတယ် အဖေကြီး။ မြတ်တာမှ အကြွေးတွေအားလုံး ဆပ်နိုင်အောင်ရလာတယ်’
အမေသည် တွမ်ကိုပြေး၍ဖက်လိုက်သည်။ ‘အမယ်လေး ငါ့သားကြီးရယ်၊ ငါ့သား ယောက်ျားကြီးမားမားဖြစ်လာတော့ အဖြစ်ဆိုးက ကယ်နိုင်လိမ့်မယ်ဆိုတာ အမေသိပါတယ်ကွယ်’
အဖေကြီးကား ဝမ်းသာလွန်းသဖြင့် စကားမပြောနိုင်ဘဲ ကြောင်နေသည်။ သူ့ရင်ပြင်ကျယ် ကြီးသည် ဖောင်းချည်ပိန်ချည်ဖြစ်လာသည်။ ထိုနောက် ငိုတော့သည်။ နောက်ဆုံးတွင် သူ့မယားကို ကြည့်ကာ သံမှန်ဖြင့် ‘ဗက်ဆီရေ ငါ့ကို နမ်းလှည့်ပါကွယ်၊ မင်းဆန္ဒတွေကို လူကလေးက ဖြည့်လိုက် ပြီကွယ့်’ဟုဆိုလေသည်။
အမေက အဖေကြီးကို နမ်းသည်။ အမေ့လက်ကို ခဏဆုပ်ထားသည်။ ချက်ချင်းပင် အဖေ ကြီးအတွေးသည် ငွေဆီသို့ပြန်ရောက်သွားသည်။ 
‘ပိုက်ဆံတွေ ကြည့်ရအောင် ယူခဲ့တယ် မဟုတ်လား တွမ်။ ဒါမှယုံရအောင်ပေါ့ကွာ’ အဖေကြီးလက်သည် စားပွဲပေါ်မှငွေများကို ဆုပ်ကိုင်ထားသည်။
‘နက်ဖြန်တော့ မြင်ရမှာပါအဖေကြီး။ ပြီးတော့ ဦးလေးဒီအင်က နက်ဖြန်မှာ အဖေကြီး အကြွေးပေးစရာရှိတဲ့ လူတွေအားလုံးကို ဟိုတယ်လာဖို့ခေါ်ထားတယ်။ နေ့လယ်နှစ်နာရီမှာ ထမင်း ကျွေးမယ်။ အဲဒီအကြောင်း နှိုးဆော်စာ သတင်းစာထဲပါမယ်’
‘ဒါဖြင့်ဝေကမ်သိရောပေါ့ကွ’ သူ့မျက်လုံးသည် အရောင်တောက်လာသည်။ ‘သူသိမှာပဲ၊ ငါလည်း ဝေကမ့်လက်အောက်မှာ ကြာရှည်နေရတော့မှာ မဟုတ်ဘူးကွာ။ ငါ့သားလို သားတစ် ယောက် သင်းမှာရှိရင်ဘယ်လောက်ဝမ်းသာလိုက်မလဲ။ ငါ့သားက တောင့်တောင့်တင်းတင်းနဲ့ ယောက်ျားပီသတယ်။ သူ့မှာတော့ အင်္ဂါချွတ်ယွင်းတဲ့ ငကုန်းငကွလေးရထားတာ။ အေး ငါ့သား၊ မင်းကတော့ ရှေ့လျှောက် ကြီးပွားဦးမှာပဲ။ ဝေကမ်တို့သားအဖ တစ်နေ့ မင်းအောက် ပြားပြားဝပ် ရောက်လာမှာပဲ။ ကဲ လာစမ်း အဖေ့သားကြီး၊ လက်ဆွဲနှုတ်ဆက်ရအောင်’ ပြောပြောဆိုဆို လက် ထုတ်ပေးလိုက်သည်။ ပြီးမှ ‘သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့ရှိတယ်ဆိုတာ ဂုဏ် ယူစရာပဲကွ’
ထိုညတွင် တူလီဗာ တော်တော်နှင့် အိပ်မပျော်။ အိပ်ပျော်ပြန်တော့လည်း လှုပ်လှုပ်ရှားရှား အိပ်မက်များနှင့်တွေ့ရသည်။ မနက်ငါးနာရီခွဲတွင် တူလီဗာသည် ဝုန်းခနဲ အိပ်ရာမှ လန့်နိုးကာ ခုတင် ပေါ်တွင် ထထိုင်ပြီး အလန့်တကြား အော်သည်။ မစ္စက်တူလီဗာ နိုးလာသည်။
‘ဒါကဘာဖြစ်တာလဲ’
‘ဟာ အိပ်မက်ပေါ့ကွာ။ ငါအော်သေးသလားကွ။ နေပါဦး။ ဒီကောင့်လည်စေ့ကို ဖျစ်ညှစ် ထားရတယ်လို့ ထင်တာပဲကွ’


၃၂။ လက်စားချေခြင်း

(က)

နောက်တစ်နေ့တွင် ဟိုတယ်၌ လူစုံရောက်လာကြသည်။ မစ္စတာတူလီဗာသည် စားပွဲ၌ အခန့် သားထိုင်နေသည်။ သူ့မျက်နှာကား အလျင်က တူလီဗာမျက်နှာမျိုးပြန်ဖြစ်လာပြီ။ သဘောကောင်း သည့်မျက်နှာ၊ ဂုဏ်တက်သည့်မျက်နှာ။ ထမင်းစားပြီးလျှင် တူလီဗာသည် ပရိသတ်အား မိန့်ခွန်းတစ် ခုပြောသည်။ မိန့်ခွန်းမှာ ရိုးသားသော လူများနှင့် လူယုတ်မာများအကြောင်းဖြစ်သည်။ အဖိုးတန် သားတစ်ယောက်၏ ကြိုးစားမှုကြောင့် ယခင်နေရာဟောင်းကို ပြန်ရပြီဖြစ်ကြောင်းလည်း ပါသည်။ ငါးနာရီခန့်တွင် ထမင်းစားပွဲပြီးသွားသည်။ အေးအေးဆေးဆေးပင် လူစုကွဲသွားကြသည်။
တွမ်သည် အလုပ်ကိစ္စလေးများ ရှိသေးသဖြင့် စိန့်အော့တွင်နေခဲ့မည်ဖြစ်သည်။ တူလီဗာကား အိမ်သို့ပြန်ရန် မြင်းပေါ်သို့ တက်လိုက်သည်။ အိမ်ပြန်ရောက်လျှင် သူ့ဇနီး ဗက်ဆီနှင့် သမီးလေးတို့ အား ထမင်းစားပွဲအကြောင်း ပြန်ပြောပြရန် စိတ်ထက်သန်နေသည်။ သူ့စိတ်သည် လှုပ်ရှားနေသည်။ ထမင်း ဟင်းကောင်းသောကြောင့် မဟုတ်၊ အောင်မြင်မှုဝိုင်အရက်၏ တန်ခိုးကြောင့် ဖြစ်သည်။ သည်နေ့တွင်မူ တံတားရောက်သည်အထိ မြင်းပေါ်တွင် ခေါင်းမော့ကာ စီးလာသည်။ မြန်မြန်လည်း မစီး။ မြင်းကို ဖြည်းဖြည်းပင်နှင်သည်။ တစ်ဖန် လမ်းကြိုလမ်းကြားက မသွား။ လမ်းမတော်ကသာ သွားသည်။ ခုလိုအချိန်မှာ ဝေကမ်ကို ဘာလို့မတွေ့ရတာလဲ၊ ဝေကမ်နှင့် မတွေ့ရသဖြင့် တူလီဗာ မကျေမနပ်ဖြစ်နေသည်။ ဤမကျေမနပ် စိတ်ကလေးက သူ့ကိုဒေါသမျိုးစေ့ ချပေးလိုက်သည်။
………….
အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု စာရေးဆရာမ George Eliot ၏ ‘The Mill on the Floss’ ကို စာရေးဆရာကြီး ဆရာကျော်အောင်က ဘာသာပြန်ထားသည့် ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ဘာသာပြန်အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၁၄ ) ကို မနက်ဖြန်ည ( ၉ ) နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။
အကယ်၍ ဝန်ဇင်းစာချစ်သူတို့က ဒီစာအုပ်ကို နှစ်သက်လို့ အပိုင်ဝယ်ယူ ဖတ်ရှုချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖုန်းထဲမှာ ထည့်သွင်းဖတ်ရှုနိုင်ကြောင်း ပြောပါရစေခင်ဗျာ။ 
“ဝန်ဇင်းစာချစ်သူတို့က ဘာသာပြန်ဝတ္ထုကောင်းတွေကို နှစ်သက်သဘောကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်၊ အကြံပြုလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …               

Related Posts