ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း( ၁၁ )[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]


ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း( ၁၁ )
[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]
“နေ့တိုင်း သွားကြည့်ပါလို့ငါပြောထားခဲ့တာပဲ”
တွမ်သည် ရှေ့သို့ ဆက်၍လျှောက်သည်။
‘ဟုတ်တယ် တွမ်၊ ငါမေ့သွားတယ်။ အဲဒါတော့ ငါလည်း ဘယ်လိုမှမတတ်နိုင်တော့ဘူး။ သိပ်ဝမ်းနည်းပါတယ် တွမ်ရယ်’
မဂ္ဂီ၏ ပါးပြင်ပေါ်သို့ မျက်ရည်စများ စီးလာသည်။
‘နင် သိပ်ဆိုးတဲ့ကောင်မလေးပဲ။ နင့်အတွက် ငါးမျှားကြိုးဝယ်လာခဲ့မိတာတောင် ငါမှား သွားတယ်။ နင့်ကိုငါမချစ်တော့ဘူး’တွမ် အတည်ပြောနေခြင်းဖြစ်သည်။ အသံလည်း မာလာသည်။
‘အမယ်လေး တွမ်ရယ်၊ နင် သိပ်ရက်စက်တာပဲ။ အဲဒါတွေအားလုံး နင် မေ့လိုက်ပါလား ဟင်။ နင့်ကို ငါခွင့်လွှတ်ပါ့မယ် တွမ်ရယ်။ နင်ဘာလုပ်ခဲ့လုပ်ခဲ့ နင့်ကို ငါခွင့်လွှတ်ခဲ့တာချည်းပဲ။ ငါ စိတ်မဆိုးပါဘူး။ ငါနင့်ကို ချစ်ပါတယ်ဟယ်’
‘နင် သိပ်မိုက်တယ်၊ ဆိုးတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ငါကတော့ ဘာကိစ္စပဲဖြစ်ဖြစ် ဘယ် တော့မှ မမေ့ဘူး။ စိတ်ထဲမှာ စွဲနေတာပဲ။ ဟုတ်တယ်၊ ငါ မမေ့နိုင်ဘူး’
‘ငါ့ကိုခွင့်လွှတ်ပါ တွမ်ရယ်၊ ငါ စိတ်ဆင်းရဲရပါလိမ့်မယ်’
မဂ္ဂီသည် တွမ်၏ ပခုံးကိုမှီကာ ရှိုက်နေသည်။ ရှိုက်ရင်း ရှိုက်ရင်းသူ့ကိုယ်လေးသည် တသိမ့်သိမ့် တုန်နေသည်။ မျက်ရည်တို့သည် တွမ်၏ ပခုံးပေါ်သို့ စီးကျလာသည်။
တွမ်က မဂ္ဂီကို ပခုံးထက်မှ ခါချလိုက်သည်။ 
‘ဒီမှာ မဂ္ဂီ၊ ငါမေးတာ ဖြေစမ်း။ ငါဟာ နင့်အပေါ် ကောင်းခဲ့တဲ့အစ်ကိုတစ်ယောက်နော် ဟုတ်လား’
တွမ်၏အသံသည် မာသည်။ တွမ်၏ စကားသည်ပြတ်သည်။
‘ဟုတ် ဟုတ် ဟုတ် ပါတယ် တွမ်ရယ်’
မဂ္ဂီကား အငိုမတိတ်။
‘ကျောင်းမှာနေတုန်းက ငါချိုချဉ် ဝယ်မစားခဲ့ဘူး။ နင့်အတွက်ငါးမျှားကြိုး ဝယ်ရအောင် မုန့်ဖိုးကိုစုခဲ့ရတယ်။ အဲဒါကြောင့် စပွန်ဇာက ငါ့ကိုလက်သီးနဲ့ထိုးတယ်။ ဟုတ်ရဲ့လား’
‘ဟုတ် ဟုတ် ဟုတ်ပါတယ်။ ဒါပေမဲ့ နင့်ကို ငါသိပ်ချစ်ပါတယ်တွမ်ရယ်’
‘မဟုတ်ဘူး၊ နင်ဟာ သိပ်ဆိုးတေတဲ့ ကောင်မလေး။ အရင် ကျောင်းပိတ်ရက်တုန်းကလည်း ငါ့ပန်းချီဆေးဘူးကို ဖျက်ဆီးပစ်တယ်။ အဲဒီအရင်လွန်ခဲ့တဲ့ ကျောင်းပိတ်ရက်တုန်းကလည်း နင့်ကို ငါးမျှားကြိုးစောင့်ကြည့်ခိုင်းတယ်။ နင် ဂရုမစိုက်လို့၊ နင် ကြည့်မနေလို့ လှေတစ်စင်းနဲ့ ငြိပြီးငါ့ကြိုး ဆုံးသွားခဲ့ရတယ်။ ပြီးတော့... ’
‘ဒါကတော့ ငါကတမင်လုပ်တာတွေမှ မဟုတ်ပဲဟာ။ သူ့ဟာသူဖြစ်သွားတာတော့ ငါ ဘယ် တတ်နိုင်ပါ့မလဲ တွမ်ရယ်’
‘ငါခိုင်းတာတွေ ဂရုတစိုက် လုပ်ရင် အဲဒါတွေ ဘယ်ဖြစ်မလဲ။ နင် သိပ်ဆိုးတဲ့ ကောင် မလေး။ ဒီတော့ နက်ဖြန်ကျလို့ ငါးမျှားသွားရင် ငါနဲ့မလိုက်ရဘူး။ ဒါပဲ’
တွမ်သည် တစ်ချက်လွှတ် အမိန့်ထုတ်ပြီးနောက် မဂ္ဂီကို ပြန်စောင်းမျှလှည့်မကြည့်တော့ဘဲ စက်ရုံဆီသို့ ဆောင့်ဆောင့်နှင့် ထွက်သွားသည်။ စက်ရုံတွင် လုကိုရှာမည်။ တွေ့လျှင် ယုန်လေးများ သတင်းကိုမေးမည်။
မဂ္ဂီသည် ဘာမျှ မပြောတော့ဘဲ ရပ်နေရစ်ခဲ့သည်။ အရှိုက်ကားမပြေ။ ထို့နောက် အိမ်ဆီသို့ ပြန်သွားပြီးလျှင် အပေါ်ထပ်ရှိ သွားနေကျအခန်းလေးသို့ ပြေးဝင်လေတော့သည်။ အထဲရောက်လျှင် ကြမ်းပေါ်၌ ထိုင်ချလိုက်ပြီး နံရံကို မှီလိုက်သည်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာသည်မဟုတ်လား။ ထို့ကြောင့် နံရံမှီလိုက်သည့်အခါ ခေါင်းနှင့်ခပ်ဆတ်ဆတ်ကလေး ဆောင့်လိုက်သည်။ ကျောင်းပိတ်၍ တွမ် ပြန်လာသည့်အခါမောင်နှမနှစ်ယောက် ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲဟု အစက စိတ်ကူးနှင့်ရူးမိသည်။ ယခုကား တွမ်သည် ရက်စက်လေစွ။ တွမ်ကမှသူ့ကိုမချစ်လျှင် လောကကြီး မှာ တခြားဘာများ အားထားစရာရှိတော့မည်နည်း။ အမယ်လေး သူ သိပ်ရက်စက်ပါလား၊ တို့အပေါ် အလွန်စိမ်းကားပါလား၊ ယုန်ထပ်ဝယ်ဖို့ ပိုက်ဆံပေးပါ့မယ်လို့ ငါပြောသားပဲ၊ ပြီးတော့လည်း ဖြစ်ခဲ့ တာတွေအတွက် ဝမ်းနည်းပါတယ်လို့လည်း ငါတောင်းပန်တယ်။ ဟုတ်ပါတယ်။ မေမေ့အပေါ်ဆိုရင် ငါဆိုးခဲ့ပါတယ်။ ဒါပေမဲ့ တွမ့်အပေါ်မဆိုးခဲ့ပါဘူး။ ဆိုးဖို့လည်း စိတ်ကူးထဲတောင် မထည့်မိပါဘူး။
ယခု အခိုက်အတန့်တွင်ကား ယမင်းရုပ်ကလေးကို ထုချင်ရိုက်ချင်စိတ်ပင်ပေါ်မလာ။ ပူဆွေး လွန်း၊ သောကကြီးလွန်းသဖြင့် ဒေါသဖြစ်ရမည်ကိုပင် မေ့နေသည်။
ငါဒီအခန်းလေးထဲရောက်နေတာ တော်တော်လေးတောင် ကြာသွားပါပေါ့လား။ ခုနေဆို သူတို့ လက်ဖက်ရည်သောက်နေကြရော့မယ်။ ဒါပေမဲ့လေ သူတို့တစ်တွေ ငါ့ကို ဘယ်သူမှ သတိရကြ မှာမဟုတ်ပါဘူး။ အိုခုမှတော့ မထူးတော့ပါဘူး။ ငါ့ကိုဘယ်သူမှ သတိရကြတာမှမဟုတ်ဘဲ။ အေး၊ ဒီလိုဆိုတော့ ဒီအခန်းထဲက စည်းပိုင်းကြီးကို ကွယ်ပြီး ပုန်းနေလိုက်တော့မယ်။ ရှုပ်ပါတယ်၊ ညလည်း ဒီမှာပဲ အိပ်လိုက်မယ်။ တစ်ညလုံးဒီအထဲနေလိုက်ရင်ပြီးရော။
ထိုအခိုက်တွင် လှေကားဆီမှ ခြေသံတစ်ခုကို မဂ္ဂီကြားရလေသည်။
(ဂ)
တွမ်သည် စက်ရုံတွင် လုနှင့်တွေ့သည်။ ယုန်ကလေးများ၏ ဖြစ်ထွေကိုသိရသည်။ သူတို့ နှစ်ယောက်ခြံထဲလျှောက်လာကြသည်။ မဂ္ဂီအသုံးမကျပုံကို တွေးကာ တွမ်သည် အခဲမကျေနိုင်ဖြစ်နေ သည်။ ထို့ကြောင့်ပင်လုနှင့် စကားပြောရင်း ဒေါသတနုံ့နုံ့ထွက်လာကာ လက်လှမ်းမီရာ သစ်ကိုင်း များကို တဖြောင်းဖြောင်းချိုးနေသည်။
ခဏကြာလျှင် လက်ဖက်ရည်သောက်ရန် တွမ်ကို အိမ်ထဲမှ လှမ်း၍ခေါ်သည်။
‘ဟေ့ငါ့သမီးလေးရော၊ မင်းနှမ ဘယ်ရောက်နေသလဲ’
အဖေနှင့်အမေတို့ပါးစပ်မှ ရှေ့ဆင့်နောက်ဆင့် ထွက်လာသည့်အသံဖြစ်သည်။
‘ကျွန်တော် မသိဘူး’
တွမ်ကဖြေသည်။
‘ဘာကွ…မသိဘူး၊ တစ်ချိန်လုံး သားနဲ့ကစားနေတာ မဟုတ်လား။ ငါ့သမီးမှာ ဘာမှ စိတ် မဝင်စားနိုင်ဘူး။ မင်း အပြန်ကိုပဲ လည်ပင်းတရှည်ရှည်စောင့်နေရတာ’
‘သူ့ကိုမတွေ့တာ လွန်ခဲ့တဲ့နှစ်နာရီလောက်ကပဲဖေဖေ’
ပြောပြောဆိုဆိုပင် တွမ်သည် ကိတ်မုန့်တစ်ဖဲ့ကို ကိုက်လိုက်သည်။
‘ဘုရား ဘုရား ရေများ နစ်နေမှဖြင့်ကွယ်’
အမေသည် မနေနိုင်တော့ဘဲ ပြတင်းပေါက်ဆီသို့ ထပြေးသည်။
‘အိုကွာ ရေမနစ်ပါဘူး။ ဒီမှာတွမ်၊ မင်း ငါ့သမီးကို ဘာလုပ်လိုက်သလဲ။ ရန်ဖြစ်လာကြပြီနဲ့ တူတယ်၊ ဟုတ်လား’
အဖေကြီးက တပ်အပ်ပြောလိုက်သည်။
‘ဟုတ်ပြီ၊ ဟုတ်ပြီ။ ဧကန္တ အပေါ်ထပ်က အခန်းလေးထဲမှာ ရှိမှာပဲ။ သီချင်းတအေးအေးနဲ့ လက်ဖက်ရည်သောက်ဖို့တောင် မေ့နေမယ့် ကောင်မလေး’
အမေ၏ ကောက်ချက်ဖြစ်သည်။
‘သွား တွမ်၊ မင်းနှမကို မင်းကိုယ်တိုင် သွားပြီးခေါ်ခဲ့’ အဖေက ခိုင်းလိုက်သည်။
‘တွမ့်အနားက မခွာတဲ့ ငါ့သမီးလေး၊ အခုဟာ ဒီကောင်ရန်လုပ်လွှတ်လိုက်တာဖြစ်ရမှာပဲ။
‘အေး၊ ကိုယ့်နှမလေးကို ကြင်နာပါကွာ၊ ပြောလိုက်ပေရဲ့ဟေ့၊ ငါ့သမီးအပေါ်များ မင်းက ဆိုးမယ်ဆိုရင် မင်းကို မှတ်လောက်အောင်ဆုံးမရလိမ့်မယ်။ ဒါပဲ’
မဂ္ဂီကြားရသည့် လှေကားဆီမှ ခြေသံမှာ တွမ်၏ခြေသံပင်ဖြစ်သည်။ ထိုခြေသံကို မဂ္ဂီကောင်း ကောင်းကျက်မိသည်။ လှေကားထိပ်အရောက်တွင် တွမ် ရပ်လိုက်ပြီး-
‘မဂ္ဂီ နင်အောက်ကို ဆင်းခဲ့ရမယ်တဲ့’ ဟုအသံမှန်ဖြင့် ခေါ်လိုက်သည်။ တွမ့်အသံကြားလျှင် မဂ္ဂီသည် အခန်းထဲမှ ဝုန်းခနဲပြေးထွက်လာကာ တွမ်၏လည်ပင်းကို တအားသိုင်း၍ ဖက်လေသည်။ ရှိုက်သံကား ပြန်၍ပေါ်လာသည်။
‘တွမ်ရယ် ငါ့ကိုစိတ်မဆိုးပါနဲ့၊ ခွင့်လွှတ်ပါဟယ်။ နောက်ဆိုရင်နင်ခိုင်းတာကို ဂရုစိုက်ပါ့ မယ်။ ကောင်းကောင်းလည်း နေပါ့မယ်။ နင်စိတ်ဆိုးတာ ငါမခံနိုင်လို့ပါနော်၊ ငါ့ကိုချစ်ပါနော် တွမ်၊ ငါ့ကိုချစ်တယ်နော်’
မဂ္ဂီသည် ပြောပြောဆိုဆိုပင် တွမ်ကို ပါးချင်းအပ်ကာ ပွတ်တိုက်သည်။ ထို့နောက် တွမ်၏နား ရွက်ကိုအငမ်းမရ နမ်းသည်။ ထိုအခါတွင်မှ တွမ်၏နှလုံးသားသည် အရည်ပျော်လာသည်။ နှမလေး ကို ဒဏ်ခတ်ရန် စိတ်ထဲ၌ ပိုင်းဖြတ်ထားသည်ကိုပြန်၍ ပယ်ဖျက်လိုက်သည်။ ခွင့်လွှတ်ရပေတော့ မည်။ ထိုသို့ စိတ်ကူးဝင်လာသည်နှင့် တွမ်သည် မဂ္ဂီကိုပြန်၍ နမ်းလိုက်သည်။
‘တိတ်တိတ်၊ မငိုနဲ့ မက်ဆီ။ ရော့ ကိတ်မုန့်လေးစားလိုက်’
မဂ္ဂီသည် ပါးစပ်ကိုဟကာ ကိတ်မုန့်တစ်ဖဲ့ကို ကိုက်လိုက်သည်။ တွမ်က ကျန်တစ်ပိုင်းကို ကိုက်သည်။ ဤသို့ဖြင့် မောင်နှမနှစ်ယောက်သည် ကိတ်မုန့်ကို ဝေမျှစားကြသည်။
‘လာဟေ့ မက်ဆီ၊ လက်ဖက်ရည် သောက်ရအောင်’
နောက်တစ်နေ့ နံနက်တွင် မြစ်ကမ်းပါး၌ မောင်နှမနှစ်ယောက် ငါးမျှားကြသည်။
‘ဟော ဟော ကြည့်ဟေ့၊ ကြည့် ကြည့် မက်ဆီ’
 တွမ်က လေသံဖြင့် မဂ္ဂီကို တိုးတိုး သတိပေးသည်။ 
တွမ်၏အသံကို ကြားလျှင် မဂ္ဂီ အထိတ်တလန့်ဖြစ်သွားသည်။ ခါတိုင်းလိုပင် သူ့ဘက်က တစ်စုံတစ်ရာ အမှားအယွင်းရှိလေပြီလားဟု မဂ္ဂီစိုးရိမ်မိသည်။ ထိုခဏမှာပင် တွမ်သည် မဂ္ဂီ၏ ငါးမျှားကြိုးကို ရေထဲမှကပျာကယာ ဆွဲယူလိုက်သည်။ ငါးမျှားချိတ်တွင် ငါးကြီးတစ်ကောင် တဖျပ် ဖျပ်လူးရင်း ပါလာသည်။
တွမ်သည် ဝမ်းသာလွန်းသဖြင့် ပျော်နေသည်။ ‘နင် သိပ်တော်တာပဲ၊ နင်မိတဲ့ငါးဟာ နည်း တာကြီးမဟုတ်ဘူး။ ကဲ ခြင်းထဲထည့်ရအောင်ဟေ့’
သူ့ကို ဘာကြောင့် ချီးမွန်းမှန်း မဂ္ဂီမသိ။ သို့သော်လည်း “မက်ဆီ” ဟုခေါ်သံကြားရလျှင်ပင် ကျေနပ်ပြီ။ အချစ်နာလန်ထပြီဆိုလျှင် တွမ်သည်သူ့ကို မက်ဆီဟုခေါ်လေ့ရှိသည်။ ထိုနံနက် တစ်ချိန် လုံးမဂ္ဂီပျော်နေသည်။ သူ့ပတ်ဝန်းကျင်သည် သာယာနေသည်။ သူကြားနေရသော တီးတိုးသံများ သည်လည်းကောင်း၊ သူ့ပတ်ဝန်းကျင်၏ တိတ်ဆိတ်ခြင်းသည်လည်းကောင်း ယခု အခိုက်အတန့် တွင်ကြည်နူးစရာချည်းဟု သူထင်သည်။ တသွင်သွင်စီးနေသော ရေသံကို ဖောက်ထွင်းကာ ငါးလေး များတလူးလူးတလွန့်လွန့်ကူးနေသည့် အသံများကို သူကြားနေရသည်ဟုထင်သည်။ တစ်ဖန် လေတိုးသဖြင့် သစ်ရွက်တို့သည်လည်း တေးဆိုနေကြသည်ဟုသူထင်မိသည်။ ပတ်ဝန်းကျင်တစ်ခု လုံးသည် သံပြိုင်တေးကို သီကြွေးနေကြသည်ဟု ထင်လာသည်။
သည်နေ့ နံနက်ခင်းကား ပျော်စရာ နံနက်ခင်း တစ်ခုတည်း။
၆။ ဖိတ်ခေါ်ခြင်း
မစ္စက်တူလီဗာသည် မီးဖိုထဲတွင် အလုပ်ရှုပ်နေသည်။ သူဖုတ်နေသော ကိတ်မုန့်များမှာ ခါတိုင်းထက်ပို၍ပွသည်။ သူ့ကို အိမ်ဖော်မ ကီဇီယာက အကူအညီပေးနေသည်။ ကီဇီယာ၏ စိတ်ထဲ တွင်ယခုလို အံ့ဖွယ်ကောင်းသည့် ကိတ်မုန့်ပွပွမျိုးကို သူ့သခင်မ ဖုတ်တတ်သဖြင့် အံ့ဩနေသည်။ ‘လေတစ်ချက် တိုက်လိုက်ရင် ဒီကိတ်မုန့်လေးတွေ ငှက်မွေးတွေ လွှင့်သလိုလွင့်သွားမှာပဲ’ဟု ကီဇီ ယာချီးမွမ်းသည်။ သည်နေ့ပွဲကား တွမ်ကျောင်းထားရေးအတွက် ဒေါ်ကြီးဂလက်နှင့် ဒေါ်လေးပူး လက်တို့၏ အကြံဉာဏ်ပေးပွဲဖြစ်သည်။ တစ်အိမ်လုံးသည် ပွဲအဆင်သင့် ပြင်ဆင်ထားကြသည်။
ဘာပဲဖြစ်ဖြစ် သူတို့နှင့်တိုင်ပင်မှ အကြံဉာဏ်ကောင်းရနိုင်မည်ဟု မစ္စက်တူလီဗာထင်မိသည်။
‘ဒီတစ်ခါတော့ ညီမလေး ဒီအင်ကိုဖိတ်လို့မဖြစ်ဘူး။ ကျွန်မကလေးတွေနဲ့ ပတ်သက်လာရင် သူနဲ့ဘယ်တော့မှ အဆင်ပြေတယ်မရှိဘူး’
‘ဒီအင်နှင့်စပ်၍ ဤသို့လည်း ဆင်ခြေပေးသည်။
‘သူ့ကိုလည်း ဖိတ်လိုက်ပေါ့ကွာ။ ဒီအင်နဲ့ ခုတလော မတွေ့တာခြောက်လလောက်ရှိပြီ ထင် တယ်၊ စကားစမြည် မပြောရတာကြာပြီ။ သူဘာပြောပြော ကိစ္စမရှိပါဘူးကွာ။ သူ့အကူအညီလည်း မလိုပါဘူး။ သူ့ဆီက ပိုက်ဆံလည်းတို့မလိုပါဘူး’
ဤကား တူလီဗာ၏ဆန္ဒဖြစ်သည်။
‘ရှင့်အမျိုးထဲမှာ တစ်ယောက်မှချမ်းသာတာမရှိဘူး။ သေလို့ရှိရင်တောင် သူတို့ကလေး အတွက် ဘယ်သူမှ စုလိုက်စုပုံ ထားခဲ့နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့ အမျိုးထဲမှ အစ်မကြီး ဂလက်ရှိတယ်၊ ညီမပူးလက်ရှိတယ်။ နှစ်ယောက်စလုံး အတောင့်ချည်းပဲ။ သူတို့တစ်တွေဆို အမြဲပဲ ပိုက်ဆံကို စုနေကြတာပဲ’
‘ဟင်…အစ်မတွေ၊ ညီမတွေ ပိုက်ဆံလေး နှမ်းစေ့လောက်များဘာလုပ်နိုင်လို့လဲ။ သူတို့သေ ရင် အမွေခွဲပေးရမယ့်လူတွေက အများကြီး။ ပြီးတော့ မင်းညီမ ဒီအင်က သူ့ကလေးတွေအတွက် ပေးခဲ့ဖို့ အားလုံးကိုတောင်းမှာကရှိသေး’
‘သူပဲရမှာပဲ။ ကျွန်မတို့သားသမီးတွေက ဦးကြီးတွေ၊ အဒေါ်တွေနဲ့မှ လေပေးမဖြောင့်တာ။ မဂ္ဂီဆိုရင် သူတို့နဲ့တွေ့တဲ့အခါ ခါတိုင်းထက်ဆယ်ဆလောက်ပိုပြီး ညစ်ကျယ်ကျယ်လုပ်တယ်။ တွမ် ဆိုရင် သူတို့ကိုနည်းနည်းလေးမှမချစ်ဘူး။ တွမ်ကတော့ ထားပါတော့လေ၊ ယောက်ျားလေးဆိုတာ ဒီလိုချည်းပါပဲ။ ဒါပေမဲ့ ဒီအင့်သမီး လူစီဆိုကြည့်စမ်း၊ ဘယ်လောက်ချစ်စရာကောင်းသလဲ။ လူကြီး မိဘထားတဲ့နေရာကနေတယ်။ ကုလားထိုင်ပေါ်ထိုင်နေဆိုရင် တစ်နေကုန် ဘယ်မှမရွှေ့ဘူး။ ဒါ ကြောင့်သင်းကလေးဆိုရင် ကိုယ့်သမီး အရင်းလိုချစ်ရတာ’
‘အေးလေ၊ လူစီကို မင်းချစ်တယ်ဆိုရင် ခေါ်ခဲ့ပေစေပေါ့၊ ပြီးတော့ တစ်ရက်နှစ်ရက် တို့ဆီမှာနေခဲ့ပေစေ။ ဒါနဲ့ ငါ့ယောက်ဖ မော့နဲ့ငါ့နှမကိုရော ဖိတ်ဦးမှာလား။ သူတို့ကလေးတွေရော ခေါ်ဦးမှာလား’
‘အို မစ္စတာ တူလီဗာကလဲ ရှင်လည်း သိသားနဲ့။ ကျွန်မ အစ်မတွေနဲ့ ရှင့်နှမ ဆိုတာ လေပေး ဖြောင့်တာ မဟုတ်ဘူးရှင့်’
‘ကောင်းပါပြီဗျာ၊ ဗက်ဆီ စိတ်တိုင်းကျပဲ လုပ်ပါ’ စကားပြတ်လျှင် မစ္စတာတူလီဗာသည် ဦးထုပ်ကိုဆွဲကာ စက်ရုံဆီသို့ ထွက်သွားလေသည်။
၇။ ဦးလေးများ၊ အဒေါ်များ
(က)
မစ္စက်တူလီဗာသည် ဒေါ်ဆန်မျိုးမှ ပေါက်ဖွားသည်။ ဒေါ်ဆန်မျိုးသည် မိန်းမချောများ စုဝေး ရာဌာနဖြစ်သည်။ သူတို့အထဲတွင် အကြီးဆုံး မစ္စက်ဂလက်သည်လည်း ရုပ်ရည်အားဖြင့် မခေလှ။ ထို နေ့ကား ဆွေမျိုးအားလုံးစုံသည့်နေ့ဖြစ်သည်။ မစ္စက်ဂလက်သည် မစ္စက်တူလီဗာ ထိုင်နေကျ ကုလား ထိုင်တွင် ထိုင်သည်။ အသက်အားဖြင့် ငါးဆယ်နီးနေပြီဖြစ်သော်လည်း သူ့ကို အရုပ်ဆိုးသည်ဟု ဘယ်သူကမျှ မပြောနိုင်။ (သို့သော်လည်း တွမ်နှင့် မဂ္ဂီတို့ မောင်နှမကမူ အရုပ်ဆိုးသည့် နေရာတွင် စံ တင်လောက်သည်ဟုသတ်မှတ်ထားသည်) မစ္စက်ဂလက်သည် အိမ်လည်သွားပြီဆိုလျှင် သို့မဟုတ် စိတ်ကောင်းမရှိခိုက်ဆိုလျှင် ဦးထုပ်ကို တစောင်းဆောင်းတတ်သည်။ ဤသည်မှာ သူ့အကျင့်ပင်ဖြစ် သည်။ ယခုလည်း မစ္စက်ဂလက်သည် ဦးထုပ်ကို ခပ်ရွဲ့ရွဲ့ဆောင်းထားသည်။ လက်တွင်လည်း ရွှေနာရီကြီးကို ပတ်ထားသည်။ မစ္စက်တူလီဗာ မီးဖိုမှ ပြန်လာသည့်အခါ ဆယ့်နှစ်နာရီခွဲရှိနေပြီ ဖြစ်ကြောင်း သတိပေးလိုက်သည်။
‘ဟုတ်ပါရဲ့၊ ညီမလေး ပူးလက် ဘာဖြစ်နေတယ်မသိဘူး။ တို့ဆွေမျိုးတွေထဲမှာ တစ်ခါကဆို ရင် ညီမတစ်ယောက်က တခြားတစ်ယောက်ထက်စောပြီး ရောက်တတ်တဲ့အကျင့်ရှိတယ်။ ပြီးတော့ တခြားညီမတွေနာရီဝက်လောက် စောင့်မနေရအောင် စောစောလာတတ်တဲ့အကျင့်လည်းရှိတယ်။ ညီမလေး ဒီအင်လည်း အံ့ပါရဲ့၊ ခုအထိ မရောက်သေးဘူး။ ဒီအင်ဆိုအရင်က ငါ့လိုပဲ အချိန်ကို လေး စားပါတယ်’
‘ဪ မမကြီးကလည်း သူတို့ အချိန်မီရောက်ကြမှာပါ။ စားဖို့သောက်ဖို့ကလည်း တစ်နာရီ ခွဲကျမှ အဆင်သင့်ဖြစ်မှာ။ ဒါပေမဲ့ စောင့်ရတာကြာရင် အစ်မကြီး ကိတ်မုန့်လေးနည်းနည်း စားထား လိုက်ပါလား။ ဝိုင်လည်း နည်းနည်းသောက်ချင်သောက်လိုက်လေ’ တူလီဗာက ဆိုသည်။
‘ဗက်ဆီ မစ္စက်ဂလက်၏ ခေါ်သံသည် အနည်းငယ် မာသည်။ သို့သော် မျက်နှာတွင်မူ ရှုံ့မဲ့မဲ့ အပြုံးကိုတွေ့ရသည်။ မစ္စက်ဗက်ဆီတို့များ ကိုယ့်အစ်မအကြောင်း သိလှပြီမှတ်နေတာ။ ‘ဟေ့မှတ် ထား၊ တို့ကမနက်စာနဲ့ ညစာကြားမှာ ဟိုဟာလေး တို့တို့၊ ဒီဟာလေးတို့တို့ ဘယ်တော့မှမစားတတ် ဘူးဟေ့။ အေး ခုလည်း ဘာမှမစားသေးဘူး’
သူ့အသံသည် မာသလိုလိုမှ အပြုံးနှင့်ရောလိုက်သည့်အခါ ပျော့လာသည်။
သည်အတိုင်းဆိုလျှင် ညီမတွေစောင့်ရတာနဲ့ အစ်မကြီးဂလက်တစ်ယောက်ဗိုက်ထဲတွင် တ ဂျုတ်ဂျုတ်ဖြစ်နေတော့မည်။ တော်ပါသေးသည်။ ထိုအချိန်တွင် ခြံထဲသို့ဝင်လာသော မြင်းလှည်းသံ ကိုကြားရသည်။ ယခုမှပင် အိမ်ရှင်မအဖို့ သက်သာရာရတော့မည်။ သို့မဟုတ်လျှင် အစ်မကြီးဂလက် ကို ဖြေရှင်းနေရသည်ကအမော။ သို့နှင့် မစ္စက်တူလီဗာသည် မစ္စက်ပူးလက်ကိုကြိုရန် အိမ်ပေါက်ဝသို့ ထွက်လာသည်။
မစ္စက်ပူးလက်ကို မျက်ရည်တစမ်းစမ်းနှင့် မြင်းလှည်းပေါ်တွင် မြင်လိုက်ရသည်။ မဆင်းမီ ကပင် သူသည် မျက်နှာမသာမယာနှင့် မိုးပြင်ထက်ဆီသို့ ရီဝေဝေမျက်လုံးနှင့် လှမ်း၍ကြည့်သည်။ မျက်ရည်များကို ဝေါခနဲသွန်ချတော့မည်လားထင်ရသည်။ ခေါင်းခါခါ လည်ခါခါလည်းဖြစ်လာသည်။
‘ဟဲ့ ဟဲ့ ဘယ်လိုဖြစ်လာတာလဲ၊ ပြောစမ်းပါဦး ညီမရဲ့’မစ္စက်တူလီဗာ ထိတ်ထိတ်ပျာပျာဖြစ် သွားသည်။
မစ္စက်ပူးလက်သည် မြင်းလှည်းပေါ်မှ ဖြည်းညင်းသက်သာဆင်းလာသည်။ သူ့နောက်ကမှ မစ္စတာပူးလက်လိုက်လာသည်။ ပူးလက်ကားပိန်ပိန်ပါးပါးဖြစ်သည်။ နှာခေါင်းပွပွ၊ နှုတ်ခမ်းပါးပါး၊ မျက်စိနှစ်လုံးကား ကျဉ်းသော်လည်း အရောင်လက်နေသည်။ သူ့မိန်းမက ခပ်ဝဝ။ သို့ဖြစ်ရာ ပူးလက် သည် ပင်လယ်ကူးသင်္ဘောကြီးဘေးတွင်ကပ်၍ပါလာသော ငါးမျှားလှေလေးနှင့်တူနေသည်။
‘ဘယ့်နှယ် ငါ့ညီမ နောက်ကျလှချည်လား၊ ဘာဖြစ်လာတာလဲဟဲ့’ မစ္စက်ဂလက်၏ နှုတ် ခွန်းဆက်ဖြစ်သည်။
မစ္စက်ပူးလက်သည် ကုလားထိုင်တွင် ထိုင်လိုက်ပြီးနောက် ကုတ်အင်္ကျီကိုချွတ်လိုက်သည်။ ပြီးမှ-
‘သွားရှာပြီ’ဟုဆိုသည်။
‘ဘာသွားရှာတာလဲဟဲ့’မစ္စက်တူလီဗာ စိတ်ရှုပ်သွားသည်။
‘တမြန်မနေ့ကပဲ သေသွားပြီလေ။ သူ့ ခြေသလုံးကြီးတွေဆိုရင် ကျွန်မခန္ဓာကိုယ်ကြီး လောက်ရှိတယ်။ တုတ်တုတ်ခိုင်ခိုင်ကြီးနဲ့။ တစ်ကိုယ်လုံးရေတွေချည်းများလား မဆိုနိုင်ဘူး’
‘အေးလေ ဒီလိုဖြင့်လည်း သေတာပဲကောင်းပါတယ်အေရယ်။ ဘယ်သူမှန်းတော့မသိဘူး ပေါ့။ ကဲ ကဲ ညည်းဟာကဆိုစမ်းပါဦး၊ ဘယ်သူ့အကြောင်းပြောနေတာလဲ။ ငါတော့ မတွေးတတ် တော့ဘူး’မစ္စက်ဂလက်သည် ချက်ချင်းပင် အမိန့်ချလိုက်သည်။
‘ကျွန်မ သိပါတယ်မမကြီးရယ်’
မစ္စက်ပူးလက်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။ ပြီးမှ ‘တွင်တီးလင်းက အဘွားကြီး မစ္စက်ဆတ်တန်ပေါ့’
‘ဟေဟုတ်လား၊ မသိပါဘူး၊ ဒါပေမဲ့ အဲဒီ အဘွားကြီးက ညည်းအမျိုးလား၊ ညည်းမိတ်ဆွေ ရင်းချာထဲကလား။ ဒါနဲ့များ ဖြစ်နေလိုက်တာအေရယ်’
မစ္စက်ဂလက်ကား ဆွေမျိုးသေမှသာငိုသည်။ ယင်းသည်လည်းသူ့အဖို့ သဘာဝကျသည်။
(ခ)
ထိုစဉ် မစ္စက်ဒီအင်နှင့် သမီးလေး လူစီတို့ရောက်လာကြရာ စကားပြတ်သွားသည်။ လူစီ၏ ဆံပင်သည်တွန့်လိပ်ကောက်ကွေးနေသည်။ အတွန့်အလိပ်ကို သူ့ခေါင်းထက်၌ အဆင်ပြေစွာ ပြင်ဆင် ထားသည်မှာ ချစ်စရာကောင်းလှသည်။ မစ္စက်တူလီဗာသည် စကားတစ်ခွန်းမျှ မပြောနိုင်သေးဘဲ မနာလိုစိတ်ဖြင့် လူစီ၏ အလှကို ငေးမောနေသည်။ ဒေါ်ဆန်ညီမများတွင် ဒီအင်သည် အသားအညို ဆုံး၊ အပိန်ဆုံးဖြစ်သည်။ သူ့လိုမိန်းမတွင်မှ ချောချောလှလှ သမီးလေးတစ်ယောက်ရသည်မှာ အံ့ဩ စရာကောင်းလှသည်။ ပြီးတော့လည်း လူစီနှင့်ယှဉ်လိုက်လျှင် မဂ္ဂီသည်ပို၍ပင် အသားညိုနေသည်က ခက်နေသည်။
မဂ္ဂီသည် တွမ်နှင့်အတူတွဲကာ ခြံထဲမှတက်လာသည်။ သူတို့ရှေ့က မစ္စတာတူလီဗာနှင့် မစ္စတာဂလက်တို့ အိမ်ထဲဝင်သွားကြပြီ။ မဂ္ဂီကားသည်နေ့တွင်မှပို၍ အသားညိုနေသည်ထင်ရသည်။ အိမ်ထဲရောက်လျှင် ဦးထုပ်ကို တစ်နေရာသို့ လွှင့်ပစ်လိုက်သည်။ ဆံပင်ကား ရှုပ်ပွနေသည်။ အတွန့် အလိပ်မရှိ။ အိမ်ထဲရောက်လျှင် ရောက်ချင်းပင် လူစီရှိရာသို့ပြေးသွားသည်။ လူစီက သူ၏နှင်းဆီဖူး နှုတ်ခမ်းအစုံကို အနမ်းခံရန်အသင့် ပြင်ထားလိုက်သည်။ လူစီလှုပ်ရှားသမျှ ဟန်တို့သည် ပြေပြစ်နေ သည်။ မဂ္ဂီတစ်ယောက်သာလျှင် ကြမ်းကြမ်းတမ်းတမ်းနှင့် ဘာတစ်ခုမျှ သပ်သပ်ရပ်ရပ်မရှိဖြစ်နေ သည်။ သည်အထဲအသားကလည်း ညိုလိုက်သေးသည်။
‘ဟေး လူစီ၊ နင်တို့နဲ့နေမလား။ တွမ်ရယ်၊ ငါရယ်နဲ့လေ။ ဘယ့်နှယ်လဲ’ မဂ္ဂီအော်၍မေး သည်။
တွမ်ကား တစ်နေရာတွင် ပြုံးတစ်ဝက်နှင့် ကြည့်ကာ မနေတတ်မထိုင်တတ်ဖြစ်နေသည်။
‘ဟွန်း၊ ဟင်…နင်တို့ ကလေးတွေ အခန်းထဲမှာ ဦးကြီး၊ ဒေါ်ကြီးတွေရှိတာကို နည်းနည်း လေးမှဂရုမစိုက်မိကြဘူးလား။ နှုတ်ဆက်ရမှန်းမသိ ဘာမသိနဲ့။ တို့ငယ်ငယ်က ဒီလိုအကျင့်မျိုး မရှိ ခဲ့ပေါင်’ ဒေါ်ကြီးဂလက်၏ အသံဖြစ်သည်။
အစ်မကြီး၏ စကားကိုကြားလျှင် မစ္စက်တူလီဗာသည် ထူပူကာရှက်သွေးဖြန်းသွားသည်။ ပြူးပြူးပျာပျာဖြစ်သွားသည်။
‘ဟဲ့ ဟဲ့ သားတို့သမီးတို့၊ မင်းတို့ ဦးကြီးတွေ၊ ဒေါ်ကြီးတွေကို သွားပြီးနှုတ်ဆက်လိုက်ပါ ကွယ်’ သူ့လေသံသည် ပျော့လာသည်။ ထိုနောက်မဂ္ဂီကို မျက်စောင်းထိုးလိုက်သည်။ ကြည့်စမ်းပါဦး၊ ဆံပင်တွေလည်း ရှုပ်ပွလို့။ ငါ့နှယ်နော် ဘယ်လိုလုပ်ပြီး သူတို့မကြားအောင် သတိပေးရပါ့မလဲမသိ ဘူး။ ကောင်မလေးအခန်းထဲဝင်ပြီး ဆံပင်ဖြီးဖို့ကောင်းတယ်။
‘အေး အေး၊ နေကောင်းကြတယ်နော်။ မင်းတို့တစ်တွေ သားကောင်းသမီးကောင်းလေးတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်ကွယ်’ မစ္စက်ဂလက်၏ အသံသည် ကျယ်သည်။ ‘ဒီမှာ တွမ်၊ ခေါင်းမော့စမ်း။ ခေါင်းစုတ်ဖွားနဲ့လား၊ သပ်သပ်ရပ်ရပ်ဖြစ်အောင် ခေါင်းဖြီးထားမှပေါ့’
‘အေးကွယ်၊ ငါ့တူတွေ၊ တူမတွေက တယ်ပြီးထွားလာကြတာကိုးကွယ့်။ အင်း မဂ္ဂီဆံပင်က ထူလွန်းတယ်။ ဖုတ်သိုက်ကြီး။ နည်းနည်းပါးပစ်လိုက်၊ ပါးပါးတိုတိုပေါ့ ဟုတ်လား။ ဒီဆံပင်ကြီးနဲ့ ခေါင်းအုံနေမှာပေါ့။ ပြီးတော့ ကျန်းမာရေးနဲ့လည်း မညီညွတ်ဘူး။ ဒါ့ကြောင့် မဂ္ဂီအသားညိုနေတာ မဟုတ်ဘူးလား ဒီအင်ရယ်’ မစ္စက်ပူးလက်၏ လေသံဖြစ်သည်။
‘ဟင့်အင်း ဟင့်အင်း၊ ကလေးတွေက နေကောင်းကြပါတယ်။ မဂ္ဂီဘာမှမဖြစ်ပါဘူး’ မစ္စတာ တူလီဗာ မနေနိုင်တော့ဘဲ ကြားဝင်၍ ဖြေရှင်းသည်။ တစ်ဖန်ဆက်၍-
‘ဂျုံအမျိုးမျိုး ရှိကြတာပဲ၊ တချို့ကတော့ နီညိုညိုဂျုံကိုမှ အကောင်းဆုံးဆိုပြီးကြိုက်ကြ တယ်။ အင်း တစ်ခုတော့ရှိတယ်၊ ဒါကမဂ္ဂီရဲ့ဆံပင်ကို တိုသွားအောင် ဗက်ဆီက ညှပ်ပေးဖို့ကောင်း တယ်။ ဒါမှပြန့်ပြီး ပါးပါးလေးနဲ့ ချောနေမှာပေါ့’
မစ္စက်တူလီဗာသည် စိတ်လှုပ်ရှားနေသည်။ သူ့စိတ်ထဲတွင် အဒေါ်များရှေ့၌ မဂ္ဂီ၏ ဆံပင် ရှုပ်ပွကြီးကို မျက်စိနောက်နေသည်။ ထို့ကြောင့် လေသံဖြင့် ‘မဂ္ဂီ’ ဟုလှမ်း၍ခေါ်လိုက်သည်။ အပါး ရောက်လျှင်မဂ္ဂီနားနားသို့ကပ်ကာ ‘သွားစမ်း သွားစမ်း၊ ဆံပင်ဖြီးချည်စမ်း။ ကီဇီယာဆီ ပထမဆုံး သွားပြီးမှ ဧည့်ခန်းလာခဲ့ပါလို့ ညည်းကိုမှာထားတယ်မဟုတ်လား။ ဘယ်နှခါပြောရမလဲ မဂ္ဂီ၊ သွား… ကီဇီယာကို ခေါင်းဖြီးခိုင်း’
မဂ္ဂီ၏ရင်ထဲတွင် ဗလောင်ဆူနေသည်။ “ဒါလောက်ရှိလှတာ ငါအရွဲ့တိုက်ပြလိုက်ဦးမယ်” ဟူသောစိတ်မျိုးပေါ်လာသည်။
‘တွမ် ငါနဲ့လိုက်ခဲ့စမ်းပါ’ ထို့နောက် ချာခနဲ လှည့်ထွက်အသွားတွင် တွမ်၏ လက်မောင်းကို ချိတ်ဆွဲသွားသည်။ တွမ်ကလည်း မဂ္ဂီခေါ်ရာသို့ လိုက်ရန်ဝန်မလေး။
‘တို့အပေါ်ထပ်ကိုသွားမယ်’ မဂ္ဂီက တိုးတိုးပြောသည်။
‘ထမင်းမစားကြခင် ငါတစ်ခုခုလုပ်ပြချင်တယ် တွမ်’
‘ဟာ နင်ကလည်း ထမင်းမစားခင် ကစားဖို့အချိန်မရှိတော့ဘူးဟ’ တွမ်သည် ထမင်းပွဲကို စိတ်စောနေသည်။ ဟင်းကောင်းကျွေးကောင်းဆီသို့ စိတ်ရောက်နေသည်။
‘အို အချိန်ရှိပါတယ် တွမ်ရဲ့၊ ငါ လုပ်ချင်တာအတွက် အချိန်ရှိပါတယ်၊ လာပါ…ငါနဲ့သာ လိုက်ခဲ့ပါ’
………….
အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု စာရေးဆရာမ George Eliot ၏ ‘The Mill on the Floss’ ကို စာရေးဆရာကြီး ဆရာကျော်အောင်က ဘာသာပြန်ထားသည့် ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ဘာသာပြန်အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၁၁) ကို  နောက်တစ်ပတ်စနေနေ့(၃၀.၆.၂၀၁၈)မှာည ( ၉ ) နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။
အကယ်၍ ဝန်ဇင်းစာချစ်သူတို့က ဒီစာအုပ်ကို နှစ်သက်လို့ အပိုင်ဝယ်ယူ ဖတ်ရှုချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖုန်းထဲမှာ ထည့်သွင်းဖတ်ရှုနိုင်ကြောင်း ပြောပါရစေခင်ဗျာ။ 
(ဂ)
မဂ္ဂီသည် သူ့အမေ အခန်းသို့တန်းသွားသည်။ အခန်းထဲရောက်လျှင် သေတ္တာတစ်ခုထဲမှ ကတ်ကြေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ဧရာမကတ်ကြေးကြီးပါလား။
‘ဒါကဘာလုပ်မလို့လဲ မဂ္ဂီ’
ပါးစပ်က အဖြေမပေး။ လက်တွေ့အဖြေကား မဂ္ဂီသည် သူ့နဖူးထက်မှ ဆံပင်တစ်ဆုပ်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ အခြားလက်တစ်ဖက်ထဲမှ ကတ်ကြေးကြီးနှင့် “ရှီး” ခနဲကိုက်ဖြတ်လိုက် ခြင်းပင်ဖြစ်သည်။
‘အိုး ဒုက္ခပါပဲမဂ္ဂီ၊ နင်တော့ အကြိမ်းခံရတော့မှာပဲ၊ ဟေ့…ဟေ့ဆက်ပြီးမဖြတ်နဲ့တော့နော်’ တွမ်အလန့်တကြားဖြစ်သွားသည်။
တွမ်၏စကားမဆုံးသေးမီမှာပင် “ရှီး”ဟူသော ကတ်ကြေးဖြတ်သံနောက်ထပ် ကြားရပြန် သည်။ ‘ဟင် မတတ်နိုင်ပါဘူး၊ အေး ကောင်မလေးလုပ်နေတာ ကြည့်စမ်းပါဦး၊ သူ့ရုပ်က ရယ်စရာ ဖြစ်နေပြီ’
‘လာပါဦး တွမ်ရဲ့၊ ငါ့ကိုဖြတ်ပေးစမ်းပါဦး’
မဂ္ဂီ၏အသံသည် တုန်နေသည်။ ထို့အတူ သူ့စိတ်သည်လည်းတုန်လှုပ်နေသည်။ သူ့စိတ်ထဲ တွင် စက္ကန့်ပိုင်းအတွင်း သူလုပ်ချင်သည်ကို မြန်မြန်ပြီးချင်စိတ်ပြင်းပြသည်။ သူ့သတ္တိကိုလည်း သူ အံ့ဩနေသည်။ အရွဲ့တိုက်ရဲသည့်သတ္တိမဟုတ်လား။
‘နင်တော့ အဆော်အတီး ခံရတော့မှာပဲ’ တွမ်ကဆိုသည်။
‘မြန်မြန်လုပ်ပါ ဟဲ့’
မဂ္ဂီ၏အသံသည် ပို၍တုန်လာသည်။
မည်းမှောင်နေသည့် မဂ္ဂီ၏ဆံပင်အုပ်အုပ်သည် လက်ယားချင်စရာဖြစ်သည်။ ထို့ကြောင့် တွမ် သည် လက်ယားယားနှင့် ရှီးခနဲ ရှီးခနဲ တစ်ဆုပ်ပြီးတစ်ဆုပ်ကိုင်ကာ ဖြတ်ချလိုက်သည်။ ကြမ်းပေါ် တွင်ကား မဂ္ဂီ၏ဆံပင်တို့အပုံလိုက် အပုံလိုက်ကျလာကြသည်။
မဂ္ဂီသည် ဆံပင်ဖြတ်ပြီးနောက် ကြောင်တောင်တောင်ရပ်နေသည်။ သူ့ခြေရင်း၌ ဆံပင်ဖြတ် စများအပုံလိုက်ပြန့်နေသည်။ မနေတတ်မထိုင်တတ် ဖြစ်လာချင်သလိုလို၊ တစ်မျိုးကြီးပင်။ သို့သော် လည်း ယခုမှ ပေါ့သွားသည်ကိုကား သတိထားမိသည်။ မွန်းကျပ်နေသော တောအုပ်အလယ်မှ လွင် တီးပြင်သို့ ထွက်လာရသူလိုဖြစ်လာသည်။ ယခုမှ လေကိုဝဝရှူ၍ရလာသည်။ ကိုယ်စိတ်နှစ်ခုစလုံး ပေါ့ပါးလာသည်ဟုထင်မိသည်။
‘မဂ္ဂီ ဟား ဟား’
တွမ်သည် မဂ္ဂီကို ရှေ့မှကြည့်သည်။ ဘေးမှကြည့်သည်။ တစ်ဖန်နောက်မှကြည့်သည်။ ကြည့် ရင်းပင်တွမ်သည် ခုန်ဆွခုန်ဆွဖြစ်လာသည်။ ထိုနောက် တဟားဟားရယ်သည်။
‘ဟား ခုမှ လှသဟေ့။ တစ်မျိုးကြီးပဲ။ ငါတော့ နင့်မြင်ရင် ရယ်ချင်လာတယ်။ ဘယ်လိုပုံပန်း ကြီးလဲဟာ။ နင့်ကိုနင် မှန်ထဲပြန်ကြည့်စမ်း၊ တို့ကျောင်းနားမှာ အရူးတစ်ယောက်ရှိတယ်။ သူ့ဆိုရင် တို့က ခဲနဲ့ပေါက်၊ ပြောင်ပြနဲ့ စကြတယ်။ နင်လည်း သူနဲ့တူချင်သလိုလိုဖြစ်လာပြီ’
မဂ္ဂီသည် တွမ်၏စကားကိုကြားလျှင် ထိတ်ခနဲဖြစ်သွားသည်။ မဂ္ဂီ၏ဆန္ဒမှာ တစ်မျိုးဖြစ် သည်။ သူ့ခေါင်းထက်က ဆံပင်သည် သူ့ကိုဒုက္ခပေးသည်။ ဤဆံပင်ကိုပင် အမေက တတွတ်တွတ် ရန်လုပ်သည်။ အဒေါ်များက အပြစ်တင်သည်။ ယခုလို အရွဲ့တိုက်ကာ တိခနဲဖြတ်ချလိုက်ရသဖြင့် သူ့ အမေနှင့် သူ့အဒေါ်များအပေါ် အောင်ပွဲခံလိုက်ပြီဟု သူထင်သည်။ သူ့ခေါင်းထက်က ဆံပင်ကိုကား မလှစေချင်ရိုးအမှန်ဖြစ်သည်။ ဤသည်မှာ မဖြစ်နိုင်သောကိစ္စဖြစ်သည်။ သို့သော်လည်း သူဖြစ်စေ ချင်သည့်ဆံပင်နှင့် မဂ္ဂီကား တစ်မျိုး။ ယင်းမှာ သူ့ကိုအများက အင်မတန်လိမ္မာပါးနပ်တဲ့ ကလေးမ ကလေးပဲဟုအထင်ရောက်စေလိုခြင်းဖြစ်သည်။ သူ့ဆံပင်ကိုကြည့်၍ တောင်တောင်မြောက်မြောက် ပြောသည်ကိုသူမခံချင်။ အဝေဖန်မခံချင်။ ယခုကား သူ့ကိုကြည့်ကာ တွမ်တစ်ယောက်ရယ်မောနေ ပြီ။ အရူးနှင့်တူသည်ဟု တွမ်ကဆိုနေပြီ။ ယခုမူ ခုတ်ရာ တခြား၊ ရှရာတခြား ဖြစ်နေပြီ။
သို့နှင့်မဂ္ဂီသည် မှန်ရှေ့ရောက်သွားသည်။ မှန်ရှေ့တွင်ရှေ့နောက်လှည့်ကာ သူ့ကိုယ်သူ ကြည့် သည်။ တွမ်ကား ယခုမှပို၍ရယ်နေသည်။ သို့ဖြစ်ရာ မဂ္ဂီသည် ပါးကလေးများ နီရဲလာသည်အထိ ရှက်သွေးဖြန်းလာသည်။
‘ဟား ဟား မဂ္ဂီ၊ နင်ခု ထမင်းစားဆင်းရတော့မယ်။ ဒုက္ခပါပဲကွာ’
‘ငါ့ကိုမရယ်နဲ့ဟေ့ တွမ်’
မဂ္ဂီ၏အသံသည် တုန်လာသည်။ တစ်ပြိုင်နက်ပင် ဒေါသဖြစ်လွန်းသဖြင့် မျက်ရည်ပူတို့ စီး ကျလာသည်။
‘ဟေး ဟေး စိတ်မဆိုးပါနဲ့ဟယ်။ ဒါ့ဖြင့် အစက ဘာလို့ဒီဆံပင်တွေကိုဖြတ်ပစ်လိုက်သလဲ။ ကဲ ငါသွားတော့မယ်၊ ဆာလှပြီ။ မီးဖိုကဟင်းနံ့ရတယ်ဟေ့’
ပြောပြောဆိုဆိုပင် တွမ်သည် အောက်ထပ်သို့ ဆင်းသွားသည်။ မဂ္ဂီတစ်ယောက်သာလျှင် စိတ်မချမ်းမမြေ့ဖြစ်ကာ ကျန်ရစ်ခဲ့သည်။ သည်လိုစိတ်ဆင်းရဲရခြင်းကား မဂ္ဂီအဖို့ မဆန်းပါ။ နေ့စဉ် နှင့်အမျှ အားငယ်ရ၊ စိတ်ညစ်ရလွန်းသဖြင့် ထုံနေပါပြီ။ ယခုကား သူ့ခေါင်းထက်တွင် ဆံပင်ပါးလေး နှင့် တစ်မျိုးဖြစ်လာပြန်ပြီ။
‘မဂ္ဂီလေးရေ၊ ခုပဲ အောက်ကိုဆင်းခဲ့တော့ဟေ့’
ပြောပြောဆိုဆိုပင် ကီဇီယာတစ်ယောက် အခန်းထဲသို့ဝင်လာသည်။
‘ဘုရားဟေ့…ဟဲ့ မဂ္ဂီဘာလုပ်လိုက်သလဲ။ ဒီလိုကလေးမျိုး ငါမတွေ့ဖူးပါဘူးဟယ်’
‘မပြောနဲ့ ကီဇီယာ…တော်တော့၊ သွား…ထွက်သွား။ ကျွန်မထမင်းမစားချင်တော့ဘူး’
မဂ္ဂီဒေါသဖြစ်လာသည်။
‘အင်းလေ တို့များဘာမှမပြောတော့ပါဘူးတဲ့။ ဒါပေမဲ့ ဒီသတင်းကိုတော့ ထမင်းဝိုင်းကို ပို့ လိုက်ရမှာပဲ’
ဤသို့ဖြင့် ခဏကြာသွားသည်။ ဆယ်မိနစ်ခန့်အကြာ၌ တံခါးဝတွင် ပြူဝင်လာသော တွမ်၏ ခေါင်းကိုတွေ့ရသည်။
‘မဂ္ဂီ နင်ဘာဖြစ်နေလဲ၊ ကောင်မလေး သိပ်ဆိုးတာပဲ။ ဘာလို့ထမင်းလာပြီးမစားတာလဲ။ အောက်မှာကွာစားစရာတွေ သိပ်ကောင်းတာပဲ။ အမေကလည်း နင်ဆင်းခဲ့ရမယ်တဲ့။ အလကား ဘာ လို့ငိုနေရတာလဲ၊ နင်သိပ်ဆိုးတာပဲ’
အမယ်လေး၊ ကြည့်စမ်းပါဦး။ ခံပြင်းစရာကောင်းလိုက်တာ။ တွမ်ကိုကြည့်ပါဦး။ သူ့အသံက သိပ်မာတာပဲ။ ပြီးတော့ငါ့ကို သံယောဇဉ်မရှိသလိုပဲ။ သူငိုတယ်ဆိုရင် ငါ့မှာ သူနဲ့အတူတူရောပြီး ငိုခဲ့ ရတယ်။ အင်း ထမင်းပွဲကလည်း သိပ်ကောင်းဆိုပဲ။ ငါလည်းဆာလာပြီ။
သို့သော်လည်း တွမ်သည် မဂ္ဂီထင်သလို မတင်းမာလှပါ။ ချက်ချင်းပင် မဂ္ဂီ၏ အပါးသို့ တိုး သွားကာ ခေါင်းချင်းအပ်လျက် နှစ်သိမ့်စကားဆိုပါသည်။
‘ဆင်းလာခဲ့ပါလား မက်ဆီရယ်။ ဒါမှမဟုတ်လည်း ငါစားပြီးတော့နင့်ဖို့ ပူတင်းယူလာခဲ့ရ မလား’
‘ယူ…ယူခဲ့’
‘အေး…ကောင်းပြီ’
တွမ် လှည့်ထွက်သွားသည်။
‘ဒါပေမဲ့ နင်ဆင်းလာမယ်ဆိုရင် သိပ်ကောင်းမှာပဲဟ။ ချိုချဉ်တွေလည်းအများကြီးပဲ။ စားစရာအစုံပဲကွာ…သိလား’
မဂ္ဂီ၏မျက်ရည်စတို့သည် ထိုအခိုက်အတန့်အတွင်းမှာပင်ခန်းခြောက်စပြုလာသည်။ တွမ်၏ ကြင်နာယုယသံကြောင့် စိတ်ချမ်းသာမှုရလာသည်။ ပြီးတော့ စားစရာတွေ အစုံပဲတဲ့၊ ချိုချဉ်တွေရော၊ သစ်သီးတွေရော…။
………….
အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု စာရေးဆရာမ George Eliot ၏ ‘The Mill on the Floss’ ကို စာရေးဆရာကြီး ဆရာကျော်အောင်က ဘာသာပြန်ထားသည့် ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ဘာသာပြန်အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၁၁ ) ကို မနက်ဖြန်ည ( ၉ ) နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။
အကယ်၍ ဝန်ဇင်းစာချစ်သူတို့က ဒီစာအုပ်ကို နှစ်သက်လို့ အပိုင်ဝယ်ယူ ဖတ်ရှုချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖုန်းထဲမှာ ထည့်သွင်းဖတ်ရှုနိုင်ကြောင်း ပြောပါရစေခင်ဗျာ။ 
“ဝန်ဇင်းစာချစ်သူတို့က ဘာသာပြန်ဝတ္ထုကောင်းတွေကို နှစ်သက်သဘောကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်၊ အကြံပြုလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …               




Related Posts