ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း(၄)[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]


ကျော်အောင် - မြစ်ကမ်းပေါ်ကစက်ရုံကလေး 
[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]
အပိုင်း ( ၄ ) 
………….
၁၀။ ဂါရမ်သို့ အလည်အပတ်
(က)
ထိုအတောအတွင်း တူလီဗာသည် သားစိတ်၊ သမီးစိတ် ဝင်စားလာသည်။ အထူးသဖြင့် မဂ္ဂီ ၏ရှေ့ရေးအတွက် တွေး၍ပူလာတတ်သည်။ မဂ္ဂီကားယခုမှ ဘဝ၏ဒဏ်ကို ခံကောင်းစပြုနေဆဲဖြစ် သည်။ ထိုနေ့ကား မနက်လင်းကတည်းက မဂ္ဂီအဖို့ ကံဆိုးမိုးမှောင်ကျသောနေ့ဖြစ်သည်။ အိမ်တွင် လူစီရှိနေသဖြင့် မဂ္ဂီပျော်သည်။ လူစီနှင့်အတူ ဂါရမ်ရှိ ဒေါ်လေးပူးလက်အိမ်သို့သွား၍လည်ရန် စိတ် ကူးထားသည်။ သို့ရာတွင် ဆယ့်တစ်နာရီခန့်တွင် ဆံပင်ညှပ်သမား ရောက်လာသည်။ ဆံပင်ညှပ် သမားသည် မဂ္ဂီနှင့်တွေ့တိုင်း မဂ္ဂီဆံပင်ကို ညှပ်ပေးချင်ကြောင်း၊ ထိုဆံပင်နှင့် အရုပ်ဆိုးလှကြောင်း အမြဲပြောသည်။ အင်း ဒီဆံပင်ညှပ်သမားလည်း ငါ့ရန်သူတစ်ယောက်ပဲ။ ဤသို့စိတ်ထဲတွင် တေး ထားမိသည်။
ဆယ့်နှစ်နာရီထိုးလျှင် မဂ္ဂီသည် အကောင်းဆုံး အဝတ်ကိုဝတ်ကာအသင့်ဖြစ်နေသည်။ သို့ သော်အဝတ်နှင့်မနေတတ်၊ မထိုင်တတ်ဖြစ်နေသည်။ လူစီကား အဝတ်လှလှလေး ဝတ်ရသည့်အခါ တိုင်းမနေတတ်၊ မထိုင်တတ်မဖြစ်။ ထို့ကြောင့်မဂ္ဂီကို သနားသလိုလိုစိတ်နှင့် စိုက်ကြည့်သည်။ ထို အခါမဂ္ဂီစိတ်တိုလာသည်။ သို့ဖြစ်ရာ ညနေအထိ ကစားမည်ရည်ရွယ်ထားသည်ကို စိတ်မပါ့တပါဖြစ် လာသည်။ သူတို့မောင်နှမသုံးယောက် အိမ်ဆောက်တမ်းကစားနေကြသည်။ တွမ်ဆောက်သော အိမ်ကလေးများသည် သေသပ်လှပသည်။ သို့ရာတွင် မဂ္ဂီ၏အိမ်ကလေးများမှာ အခြေမခိုင်။ အမိုးမိုး ရန် နံကာကတ်ပြားလေးများ တင်လိုက်လျှင်ပင် ယိုင်လဲချင်သလိုလိုဖြစ်လာသည်။ ထိုအခါ တွမ်က မိန်းကလေးဆိုတာအိမ်ကောင်းကောင်းဆောက်တတ်တာမဟုတ်ဘူး။ ဘယ်တော့မှလည်းဆောက် တတ်မှာမဟုတ်ဟုဆိုသည်။ သို့ရာတွင် လူစီ ဆောက်သည့်အိမ်ကလေးများမှာ ထူးထူးခြားခြား ကောင်းနေသည်။ အကိုင်အတွယ်ညင်သာသည်။ သေသပ်သည်။ တွမ်က သူ့အိမ်ကိုရော လူစီ၏အိမ် ကိုပါချီးမွမ်းသည်။ ဟုတ်သည်။ မဂ္ဂီ၏စိတ်မှာလည်း လူစီ၏အိမ်ကို ကောင်းသည်ထင်သည်။ သူ ဆောက်သည့်အိမ်မှာ မကောင်းမှန်းသိသည်။ သို့သော်လည်း မဂ္ဂီသည် အဝတ်သစ်ကြောင့် စိတ်တိုနေ သည်။ သည်အထဲ သူ့အိမ်ကလေးပြိုလဲသွားသည့်အခါ တွမ်က ပြက်ရယ်ပြုသည်။ သူ့ကိုလည်း သိပ် ညံ့တာပဲဟု အပြစ်တင်သည်။
‘ငါလုပ်တာကို မရယ်နဲ့တွမ်’
မဂ္ဂီအသံသည် ဒေါသသံပါသည်။
‘ငါမညံ့ဘူး၊ နင်မသိတာတွေ ငါအများကြီးသိတယ်’
‘အို နင်ရှော်တာ ရှော်တာပေါ့ဟ၊ မကောက်တေးလေးရ။ နင့်လိုကောက်တာ ချိတ်တာမျိုး ငါတစ်ခါမှမတွေ့ဖူးဘူး။ ကြည့်စမ်းပါဦး၊ နင့်မျက်နှာက ရှစ်ခေါက်ချိုးကြီး။ လူစီက နင့်လို မကောက် ဘူး။ ငါလူစီကို ချစ်တယ်၊ နင့်ထက် ချစ်တယ်။ ငါနှမအရင်းဖြစ်ရင် ကောင်းမှာပဲ’
‘ကြည့်စမ်း…ကြည့်စမ်း၊ နင်သိပ်ဆိုးတာပဲ၊ နင်သိပ်ရက်စက်တာပဲ၊ ကောက်ကျစ်တာပဲ။ ဒီလိုဆုတောင်းတာမကောင်းဘူး’ ပြောပြောဆိုဆိုပင် မဂ္ဂီသည် ကြမ်းပေါ်တွင်ထ၍ ခုန်သည်။
မဂ္ဂီခုန်လိုက်သည့်အတွက် တွမ်၏ အိမ်ကလေးသည် ပြိုကျသွားသည်။ မဂ္ဂီ၏ ရင်ထဲတွင် ဒိတ်ခနဲဖြစ်သွားသည်။ တွမ်၏ အိမ်ကလေးကို ဖျက်ဆီးရန် မရည်ရွယ်ရိုးအမှန်ပါ။ သို့သော် ယခုမူ မပြေးသော်လည်း ကန်ရာရှိနေသည်မဟုတ်လား။ တွမ် ဒေါသထွက်သွားသည်။ သို့သော် ဘာမျှ မပြော။ မဂ္ဂီကိုကား နာနာတီးလိုက်ချင်သည်။ တကယ်လည်း မလုပ်ရက်၊ မလုပ်နိုင်။ မိန်းကလေး တစ်ယောက်ကို ရိုက်နှက်သည်ဆိုခြင်းကား သူရဲဘောနည်းသူတို့၏ အပြုအမူသာဖြစ်သည်။
မဂ္ဂီကား ဘာစကားမျှ မဟဘဲ ငြိမ်နေလိုက်သည်။ ရင်ထဲတွင်မူ စိုးရွံ့နေသည်၊ ကြောက်နေ သည်။ တွမ်သည် မျက်စိမျက်နှာ ပျက်ပျက်နှင့်ထသွားသည်။ စကားတစ်ခွန်းမျှမပြော။ သို့သော် သူ့ မျက်နှာ ကြည့်ရခြင်းအားဖြင့် စိတ်မချမ်းမသာဖြစ်သွားမှန်းသိသာသည်။
ထို့ကြောင့် မဂ္ဂီသည် တွမ်၏နောက်သို့ ပြေးလိုက်သွားသည်။ ‘တွမ်ရယ်၊ ငါလေ တမင်ရည် ရွယ်ပြီး ထခုန်လိုက်တာမဟုတ်ပါဘူးဟယ်၊ တကယ်ပါ၊ ငါပြောတာယုံပါဟယ်’သို့သော် တွမ်က သူ့ ကိုလှည့်မကြည့်။
(ခ)
ညနေစောင်းလျှင် သူတို့တစ်တွေ ဂါရမ်ဘက်ဆီသို့ လျှောက်ကြသည်။ နေခြည်လေးလည်း ပွင့်နေသည်။ လေကောင်းလေသန့်ကိုလည်း ရှူရှိုက်ကြရသည်။ စိတ်လန်းဆန်းစရာ ကောင်းသည့် ညနေခင်းတစ်ခုပင်ဖြစ်သည်။ သို့သော်လည်း တစ်လမ်းလုံးတွမ်သည် တုဏှိဘာဝေ စကားတစ်ခွန်းမျှ မဟဘဲလိုက်ပါလာသည်။ ထိုကြောင့် မဂ္ဂီစိတ်သည် မလန်းဆန်း။ လမ်းတွင် ငှက်ကလေးများ အသိုက်လုပ်နေသည်ကို တွေ့ရသည်။ တစ်ပိုင်းတစ်စသာရှိသေးသည်။ ယင်းတို့ကိုတွေ့လျှင် တွမ်က လူစီကို အရေးတယူခေါ်ကာပြသည်။ တစ်ဖန် သစ်ကိုင်းကလေးများကို ဆွဲချိုးကာ လက်ကိုင်တုတ် လေးဖြစ်အောင် ဖန်တီးပြီး လူစီကိုပေးသည်။ သူကိုယ်တိုင် အတွက်လည်း ချိုးယူသည်။ မဂ္ဂီကိုကား မပေး။ ထိုအခါ လူစီက ‘မဂ္ဂီရော တစ်ချောင်းလောက်မလိုချင်ဘူးလား’ဟုမေးသည်။ လူစီ၏ စကားကိုတွမ် မကြားချင်ယောင်ဆောင်နေသည်။
နောက်ဆုံးတွင် မစ္စက်တူလီဗာနှင့် မောင်နှမသုံးယောက်သည် ဂါရမ်သို့ရောက်သွားကြသည်။
သူတို့လာနေသည်ကို ဦးလေးပူးလက်မြင်နေရသည်။ ထိုကြောင့်တံခါးဖွင့်ကာကြိုနေသည်။ ဒေါ်လေးပူးလက်လည်း တံခါးဝသို့ ရောက်လာသည်။ မစ္စက်တူလီဗာ ပါလာသည်ကိုမြင်လျှင် ခပ် လှမ်းလှမ်းမှပင် ‘ကလေးတွေတော့ မဝင်ခဲ့ပါစေနဲ့ဦး ဗက်ဆီရယ်၊ ခဏလောက် စောင့်နေပါစေဦး၊ တံခါးပေါက်မှာ သူတို့ခြေထောက်က ရွှံ့တွေပေကုန်ပါ့မယ်။ သူတို့ရွှံ့တွေသုတ်ဖို့ ဆယ်လီကို အဝတ် တစ်ခုယူခိုင်းထားပါတယ်’
သူတို့မိသားစုသည် ဧည့်ခန်းတွင် ဝိုင်း၍ထိုင်ကြသည်။ အားလုံးမလှုပ်မယှက် ငြိမ်နေကြ သည်။ တွမ်သည် ဆိုဖာအစွန်းတစ်ခုတွင် ဦးလေးပူးလက်နှင့် မျက်နှာချင်းဆိုင်ထိုင်သည်။ ဦးလေး ပူးလက်သည် တွမ်ကိုအထင်ကြီးသည် တွမ်ကိုကြည့်ကာ ကျေနပ်နေသည်။ သူ့မျက်နှာတွင်ကျေနပ် သည့်စိတ်အထင်းသား ပေါ်လျက်ရှိသည်။ တစ်ခါတစ်ရံသူ့ကို “တွမ်ကြီးခင်ဗျား”ဟူ၍ပင် သုံးနှုန်းခေါ်ငင်သည်။
‘ဘယ့်နှယ် တွမ်ကြီးရဲ့၊ ခင်ဗျား ကျောင်းမှာ ဘာတွေသင်ရသလဲဗျား’ ဤမေးခွန်းမှာ ပူး လက်၏မေးနေကျမေးခွန်းဖြစ်သည်။ ထိုအမေးကိုကြားလျှင် တွမ်သည် ခပ်ကြောင်ကြောင်ဖြစ်သွား သည်။ မဖြေတတ်သလိုလို၊ မဖြေချင်သလိုလိုဟု ထင်စရာပင်။ သို့သော် တွမ်သည် မျက်နှာကို လက် ဝါးနှစ်ဖက်ဖြင့် ပွတ်ကာ ‘ကျွန်တော်မသိဘူးခင်ဗျ’ ဟုဖြေသည်။
အခန်းတစ်ဖက်ပိုင်းတွင် တူလီဗာနှင့် ပူးလက်ညီအစ်မနှစ်ယောက်စကားလက်ဆုံကျနေကြ သည်။ တွမ်တို့ဝိုင်းမှာမူ ခပ်ခြောက်ခြောက်။ဦးလေးပူးလက်လည်း ဘာစကားစရမှန်းမသိဖြစ်နေပြန် သည်။ ထိုကြောင့်ကလေးများကို တစ်ခုခုကျွေးရန် စဉ်းစားသည်။ သူ့အတွက် နေ့ဖို့ညစာချန်ထား သောကိတ်မုန့်များ သူ့ခေါင်းထဲပေါ်လာသည်။ ထိုကြောင့် မုန့်များကိုယူလာကာ ကလေးများကိုယ်စီ လက်ထဲသို့ထည့်သည်။ ထိုအခါခပ်လှမ်းလှမ်းတွင် စကားပြောနေသော ဒေါ်လေးပူးလက်က ‘နေကြ ဦး၊ မစားကြနဲ့ဦး။ ပန်းကန်လာမှထည့်စားကြ။ တော်ကြာငါ့ကြမ်းပေါ် မုန့်တွေကျကုန်မယ်’ ဟု ဟန့်လိုက်သည်။ လူစီသည် မုန့်ကိုကိုင်ကာ ပန်းကန်ကို စိတ်ရှည်လက်ရှည် စောင့်နေသည်။ တွမ်ကမူ လူကြီးများ အလစ်ကိတ်မုန့်ကို နှစ်ကိုက်ကိုက်ကာ အစဖျောက်လိုက်သည်။ မဂ္ဂီကား ကိတ်မုန့်ကိုင် ရင်း ယူလစ်ဆစ်နှင့် ဆိုက်ကလော့ ပန်းချီကားကို စိတ်ဝင်စားစွာ ကြည့်နေသည်။ ထိုသို့ငေးရင်းမော ရင်းနှင့် မဂ္ဂီ၏လက်ထဲမှ ကိတ်မုန့်သည် ကြမ်းပေါ်သို့လွတ်ကျသွားသည်။ အခန့်မသင့် ကံဆိုးချင် တော့ ကြမ်းပေါ်ကျသည့် မုန့်ကိုမှ သူ့ခြေတစ်ဖက်က တက်၍ နင်းမိလျက်သား ဖြစ်သွားသည်။
ထိုအဖြစ်ကြောင့် ဒေါ်လေးပူးလက် စိတ်ညစ်သွားသည်။ မဂ္ဂီလည်း ရှက်သွားသည်။ ရှက် သည်ထက် ဦးလေးပူးလက်၏ သံစုံစက် နားမထောင်ရမှာ စိုးလာသည်။ ထိုကြောင့် ခဏကြာလျှင် လူစီနားနားသို့ တိုးတိုးကပ်ပြောလိုက်သည်။ လူစီကား မဂ္ဂီခိုင်းရာကို အမြဲခေါင်းညိတ်သူဖြစ်သည်။ လူစီလည်း ဦးလေးပူးလက်ဆီသို့သွားကာ ‘ဦးလေး သံစုံစက် နားထောင်ပါရစေလား’ ဟုပူဆာ သည်။ 
‘အေး…အေး ဖွင့်ပြရတာပေါ့ကွာ’သူ့ကို ပူဆာသူရှိလျှင် ဦးလေးပူးလက်သည် အမြဲလိုလို ပင်လိုက်လျောရန်အသင့်ရှိသည်။ ခဏကြာလျှင်သံစုံစက်ကိုဖွင့်ပြသည်။
မဂ္ဂီသည် ဂီတသံတွင် နစ်မျောနေမိသည်။ သူတို့ထဲတွင် မဂ္ဂီသည်ဂီတကိုစွဲလမ်းသူဖြစ်သည်။ ဂီတသံကြားလိုက်ရသဖြင့် စောစောကတွမ်နှင့်ပတ်သက်၍ စိတ်မချမ်းမသာဖြစ်ခဲ့ရသည်တို့ မေ့ ပျောက်သွားသည်။ တွမ်နှင့်စိတ်ဆိုးနေသည်ကိုပင် မေ့သွားသည်။ သူ့မျက်နှာကား ပျော်ရွှင်သည့်မျက် နှာဖြစ်လာသည်။ ကြည်လင်တောက်ပလာသည်။ သီချင်းဆုံးလျှင် မဂ္ဂီသည် တွမ်ဆီသို့ ပြေးသွားကာ လည်ပင်းကို သိုင်းဖက်လိုက်ပြီးနောက် ‘နားထောင်လို့ကောင်းတယ်နော် တွမ်’ဟုဆိုသည်။
‘ဟေ့…ဟေ့ ဖယ်စမ်း၊ ဖယ်စမ်း’ တွမ်ကပြန်၍အော်သည်။ အကြောင်းမှာ တွမ်၏လက်တွင် ကိုင်ထားသော ဖန်ခွက်ထဲမှ အရည်များသည် လက်မောင်း လှုပ်ယမ်းသည့်အရှိန် လွန်သွားသဖြင့် တွမ်၏ဒူးပေါ်သို့ ဖိတ်စဉ်ကုန်သောကြောင့်ဖြစ်သည်။
‘ဟဲ့…မဂ္ဂီ ငြိမ်ငြိမ်ထိုင်မနေနိုင်ဘူးလား’ မစ္စက်တူလီဗာက လှမ်း၍သတိပေးသည်။
‘ဒီလို လှုပ်နန့်နန့်မိန်းကလေးတွေတော့ တို့ဆီမလာတာဘဲ ကောင်းတယ် ဟေ့’ ဒေါ်လေး ပူးလက်၏မကျေနပ်သံဖြစ်သည်။
‘ဟဲ့ နင်ကတယ်ကြမ်းတာကိုး ဟဲ့’ ဦးလေးပူးလက်က သူ့မယားစကားကို ထောက်ခံလိုက် သည်။
သနားစရာ မဂ္ဂီအဖြစ်ပါလား။ မဂ္ဂီသည် တုတ်တုတ်မျှ မလှုပ်တော့ဘဲ မျက်နှာပျက်ကာ ထိုင် နေသည်။ စောစောက သာယာသည့်သီချင်းသံကလေးသည်ပင် သူ့ရင်ထဲမှ လွင့်ပါးသွားလေပြီ။
(ဂ)
မစ္စက်တူလီဗာသည် ကလေးများကို အပြင်သို့ထွက်၍ ကစားရန်နှင်ထုတ်လိုက်သည်။ ဒေါ်လေးပူးလက်က ခြံထဲတွင်သာကစားကြရန်၊ အပြင်ဘက်အဝေးကြီးသို့ မထွက်ကြရန် မှာလိုက် သည်။
ကလေးများ မရှိလျှင် စကားကောင်းကောင်းပြောနိုင်ပြီ။ မစ္စက်တူလီဗာကပင်စ၍ပြောသည်။
‘ဟိုနေ့က အစ်မကြီးဂလက် အိမ်ကပြန်သွားပုံမကောင်းဘူး။ တို့များသိပ်စိတ်မကောင်းဖြစ်ရ တယ်။ တို့ သဘောကတော့ ညည်းလည်း အသိသားပဲ။ ညီမချင်း ဘယ်တော့မှ စိတ်မချမ်းမသာဖြစ် အောင် မလုပ်ချင်ဘူး။ အေး…ဒီတော့ ညည်းကပဲ တောင်းပန်ပေးပါ အေရယ်၊ အစ်မကြီးဂလက်ကို ပြောပါ။ တူလီဗာကို စိတ်မဆိုးပါနဲ့လို့ဟုတ်လား။ ဒီကိစ္စတော့ ညည်းပဲဆောင်ရွက်နိုင်မယ်ထင်တာ ပဲ။ ပြီးတော့ နောင် အဆင်ပြေပြီးခေါ်ကြပြောကြဖို့ပါပဲ’
‘ဒီလိုရှင့်၊ ရှင့်ယောက်ျားကလည်း တော်တော်လေးအပြောရအဆိုရခက်တဲ့လူဟုတ်လား ဗက်ဆီ။ တခြား မကြည့်နဲ့၊ ကျွန်မတို့အမျိုးဆိုရင် ဘယ်တော့မှအကောင်းမမြင်ဘူး။ သူ့သားသမီး တွေလည်း သူ့ဖအေလိုပဲ။ အကြီးကောင်တွမ်ဆိုရင် လူကြီးတွေကို အားကြီးဒုက္ခပေးတယ်။ အငယ်မ မဂ္ဂီဆိုတာကတော့ ရိုင်းတယ်။ ပြီးတော့ အသားကလည်း ညိုသေးတယ်။ ဒါကတော့ သူတို့ ကုသိုလ် ပေါ့လေ။ အင်း… ဗက်ဆီအတွက်ကတော့ ဝမ်းနည်းစရာပဲ။ ဗက်ဆီကိုတော့ ဒီကအချစ်ဆုံးမဟုတ် လား’
မစ္စက်ပူးလက်သည် ဘယ်တော့မှ အကောင်းမြင်တတ်သူမဟုတ်။ အဆိုးသာ ကြည့်တတ်၊ မြင်တတ်သူဖြစ်သည်။
‘ဟုတ်ပါတယ်၊ မစ္စတာတူလီဗာ စိတ်မြန်လက်မြန်ရှိတယ်ဆိုတာဟုတ်ပါတယ်။ တို့များ လည်းသိပါတယ်။ စကားပြောရင်လည်း သူများနားဝင်အောင် ဘယ်တော့မှမပြောတတ်ဘူး’ပြော ရင်းပင်မစ္စက်တူလီဗာသည် မျက်ရည်စကို သုတ်လိုက်သည်။
‘တို့များလည်း သက်သာရာရအောင် တွေးပါတယ်။ ကောင်းတဲ့ဘက်ကကြည့်ပါတယ်။ ဟုတ်တယ်၊ ဗက်ဆီမှာ ဒုက္ခပင်လယ်ဝေနေတယ်။ ပြီးတော့ ယောက်မကလည်း မွဲလိုက်တာချာလို့။ သူ့ကလေးတွေကလည်း တူလီဗာကိုပဲအားကိုးတယ်။ တူလီဗာဆိုတာကလည်း ထစ်ခနဲရှိရင် ရုံးတက် တရားတွေ့လိုက်တာပဲ။ ဒီအတိုင်းသာ ဆိုလို့ကတော့ သူသေရင် ဗက်ဆီတို့မွဲကျန်ရစ်ခဲ့မှာ သေချာ တယ်’
‘ဟုတ်တယ် ဟုတ်တယ်၊ တို့လည်း ဒီထက်တော့ မတတ်နိုင်တော့ဘူး။ တို့များလောက် အလုပ်လုပ်ရတဲ့ မယားမျိုး မရှိပါဘူးကွယ်၊ တို့များလောက် ချွေတာရတဲ့ မယားမျိုးလည်း မရှိပါဘူး’
‘အလကားပဲ ဗက်ဆီ၊ ညည်းဘယ်လောက်ချွေတာချွေတာ ညည်းယောက်ျားက ပိုက်ဆံကို ရေလိုဖြုန်းနေတာ။ အေး…တစ်ခုတော့ ရှိတယ်။ ညည်းတို့မှာ ရှိသမျှ ရောင်းချပြီး ကြွေးဆပ်မယ်ဆို ရင် ဒီနည်းပဲရှိတော့တာပဲ’
‘အစ်မကြီး ဂလက်ဆီကို ညည်းသွားပြီး တောင်းပန်မပေးနိုင်ဘူးလား။ ပြီးခဲ့တာတွေ ပြီးပါ စေလို့၊ တို့များအပေါ် ညှာတာဖို့ပါပဲ’
‘အကောင်းဆုံးကတော့ တူလီဗာကိုယ်တိုင် သွားပြီးတောင်းပန်လိုက်ပေါ့။ ခုလိုသူ့ဘက်က ရိုင်းရိုင်းစိုင်းစိုင်း ပြောမိတာကိုခွင့်လွှတ်ဖို့ပေါ့။ သူ့ဆီက ပိုက်ဆံချေးရတာဆိုတော့ သူ့ကို ဒီလိုပြောဖို့ မသင့်ဘူးပေါ့’
‘ဒါတော့ ပြောနေလို့ အလကားပဲ၊ လေကုန်ရုံပဲ။ တူလီဗာအကြောင်းလည်းသိတယ်မဟုတ် လား။ တို့များကိုယ်တိုင်သူ့ခြေသလုံးဖက်ပြီး အစ်မကြီးကို တောင်းပန်ခိုင်းတောင်ရမှာ မဟုတ်ဘူး’
‘အင်း…အစ်မကြီး ဆိုတာကလည်း စိတ်ကကြီးတာတို့များအသိ။ အစ်မကြီးဂလက်ကို ဘယ်လိုပဲ တောင်းပန်တောင်းပန်ရမှာမဟုတ်ဘူး။ ခွင့်လွှတ်မှာလည်း မဟုတ်ဘူး’
‘တောင်းပန်ဖို့ပြောတာမဟုတ်ဘူးကွယ်။ အစ်မကြီး ပိုက်ဆံပြန်မတောင်းဖို့ပါပဲ။ ခုမှပြော တာပါ။ ဒါလောက်တော့ ညီအစ်မချင်းပြောပေးဖို့ကောင်းပါတယ်။ အင်း…နောက် အချိန်ကြာသွား တော့လည်း ပြီးခဲ့တာတွေမေ့သွားပြီး ပြန်ကျေကြမှာပါ’
မစ္စက်တူလီဗာကား သူ့စိတ်ကူးပေါ်လာသမျှအတိုင်းသာပြုမူပြောဆိုနေခြင်းဖြစ်သည်။ သူ့ ယောက်ျားက အစ်မကြီးဂလက်အား ငွေငါးရာပြန်ပေးရန် ကြိုးစားနေသည်ကိုသူမသိ။
‘ကဲပါဗက်ဆီရယ်၊ တို့များ တတ်နိုင်သမျှ ကူညီပါ့မယ်၊ ပြောပေးပါ့မယ်’
မစ္စက်ပူးလက်သည် သနားလာဟန်တူသည်။ ပြီးမှ တံခါးဆီသို့ကြည့်ကာ-
‘ဒါနဲ့လက်ဖက်ရည်ချိန်တောင်နီးနေပြီနဲ့တူတယ်’
ပြောပြောဆိုဆိုပင် တံခါးဝမှ ဆယ်လီတစ်ယောက်လက်ဖက်ရည်ယူလာပြီး ဝင်လာမည်ကို  စောင့်မျှော်နေသည်။
သူမျှော်လင့်သည့်အတိုင်း တံခါးပွင့်လာသည်။ ဆယ်လီဝင်လာသည်။ လက်ဖက်ရည်ကား ပါမလာ။ ဆယ်လီသွင်းလိုက်သူကိုမြင်လျှင် မစ္စက်ပူးလက်ရော မစ္စက်တူလီဗာပါ အထိတ်တလန့်ဖြစ် ကာအော်ဟစ်မိသည်။ ဦးလေးပူးလက်ကား အံ့အားသင့်သွားသဖြင့် ယောင်ယမ်းကာ သူ့လျှာသူကိုက် မိသွားသည်။ သည်အကြိမ်ကား တစ်သက်တာတွင် ကိုယ့်လျှာကိုယ် ကိုက်မိသော ပဉ္စမအကြိမ် ဖြစ် လေသည်။
၁၁။ ဆိုးတေမလေး မဂ္ဂီ
(က)
ဦးလေးပူးလက် လျှာကိုက်မိသည့် အကြောင်းမှာ လူစီကိုမြင်လိုက်ရသောကြောင့်ပင်ဖြစ် သည်။ လူစီ၏ ကိုယ်တစ်ခြမ်းသည် ခြေဖျားမှ ခေါင်းအထိရွှံ့များ ပေကျံကာ ရေစက်လက်နှင့် ဖြစ်နေ သည်။ ရွှံ့ပေနေသော လက်နှစ်ဖက်ကို ဖြန့်ထုတ်လျက် သနားစရာ ဖြစ်နေသည်။ ကြုံရသည့်အဖြစ် ကားဤသို့တည်း။
မဂ္ဂီသည် တွမ်နှင့်ပတ်သက်၍ တအုံနွေးနွေးဖြစ်နေခဲ့သည်။ သူ့ကိုတွမ်စိတ်ဆိုးမပြေသေးဟု ထင်နေသည်။ သို့ဖြစ်ရာ သူ့စိတ်ကို နတ်ဆိုးကလေးများဝင်၍ပူးလာသည်။ သုံးယောက်သားခြံထဲသို့ ထွက်လာခဲ့ရာတွင် တွမ်က လူစီအား ‘လာဟေ့ လူစီ၊ ငါနဲ့လိုက်ခဲ့’ဟုခေါ်သည်။ ပြီးလျှင် လောက ကြီးတွင် မဂ္ဂီဆိုသည့်ကောင်မလေးတစ်ယောက်ရှိလေသည်ကိုပင် ဂရုမစိုက်ဟန်နှင့်ထွက်သွားသည်။ လူစီကား တွမ်က သူ့ကိုအရေးပေးသဖြင့် ကျေနပ်နေသည်။ တစ်ချိန်တည်းမှာပင် မဂ္ဂီစိတ်တိုနေသည် ကိုကြည့်ကာ ကျေနပ်ချင်သလိုလိုဖြစ်မိသည်။ ထို့ကြောင့် မဂ္ဂီကိုလည်း သူတို့နှင့်အတူ လိုက်ခဲ့စေချင် သည်။
‘မဂ္ဂီရော လိုက်ခဲ့ပါလား’ဟူ၍ပင်ခေါ်လိုက်သေးသည်။
မဂ္ဂီသည် ဘာမျှပြန်မပြောတော့ဘဲ မျက်မှောင်ကုတ်လိုက်သည်။ ပြီးလျှင်မျက်နှာလွှဲလိုက် သည်။ တွမ်သည် ယခုလို လူစီကို အရေးပေးနေလျှင် လူစီသည် သူ၏စိတ်ထဲတွင် မြင်ပြင်းကတ်စရာ သတ္တဝါတစ်ယောက်ဖြစ်လာသည်။ စောစောကမူ ချစ်စရာလူစီလေးနှင့် စိတ်မဆိုးတော့ဟု ဆုံးဖြတ် ခဲ့သည်။ လူစီလေးကို ကြွက်ဖြူလေးတစ်ကောင်လောက်သာ သဘောထားခဲ့သည်။ ထိုကာလကား တွမ်က လူစီကို အရေးမပေးသော ကာလတည်း။ ယခုမူ လူစီသည် သူ့ရှေ့တွင် မျက်စိရှုပ်စရာ သတ္တဝါမလေးတစ်ယောက်ဖြစ်လာသည်။ လူစီကို ခပ်နာနာလေးနှက်လိုက်ချင်သည်။ လူစီမျက်ရည် ပေါက်ကြီးငယ်ကျသည်ကိုမြင်ချင်လာသည်။
‘ဒီမှာဟေ့ လူစီ၊ အခုငါဘယ်သွားမယ်ထင်သလဲ’
တွမ်သည် ခေါင်းကလေးဆတ်တောက် ဆတ်တောက်နှင့် မေးသည်။
‘ဘာပြောတယ် တွမ်’လူစီအဖို့ထိုအမေးသည် ဆန်းပြားနေသည်။
‘စမ်းချောင်းလေးဆီသွားပြီး ငါးလေးတွေကြည့်ရအောင် ပြောတာပါ။ ငါနဲ့လိုက်ချင်လိုက်ခဲ့ ပါလား’
‘အိုး…တွမ်ကလဲကွယ်၊ ဒေါ်လေးပူးလက်က ပြောတယ်မဟုတ်လား။ ခြံပြင်ဘက်ကို မသွား နဲ့လို့’
‘ခြံပြင်မထွက်ပါဘူးလူစီရာ၊ ခြံစွန်းအထိတင်ပါ။ တို့ကိုဘယ်သူမှမမြင်ပါဘူး။ မြင်လည်း ကိစ္စမရှိပါဘူး။ ထွက်ပြေးခဲ့မှာပေါ့’
‘လူစီ မပြေးနိုင်ဘူး တွမ်’
‘အို…ကြောက်စရာမရှိပါဘူး။ နင့်ကိုဒေါ်လေးတို့က ဆူမှာမဟုတ်ပါဘူး။ ငါခေါ်သွားတယ် ပြောလိုက်တာပေါ့’
တွမ်သည် ရှေ့ကသွားနှင့်သည်။ သူ့နောက်သို့ လူစီလိုက်သွားသည်။ လူစီရင်ထဲတွင်ကား တထိတ်ထိတ်နှင့်စိုးရိမ်နေသည်။ သို့သော်လည်း လူကြီးမသိအောင် ခိုးကြောင်ခိုးဝှက်လုပ်ရသဖြင့် ဝမ်းသာနေသည်။
သည်လိုရှုခင်းမျိုးမြင်ရလျှင် အဘယ်သူလျှင် ဒေါသမထွက်ဘဲနေနိုင်ပါမည်နည်း။ သည်လို အခါမျိုးတွင် ချစ်စိတ်မဖြစ်ပေါ်နိုင်။ ထို့ကြောင့် မဂ္ဂီသည် တွမ်မသိအောင် သူတို့နှစ်ယောက်နောက်မှ ကပ်လိုက်သွားသည်။ ချောင်းထဲသို့ လက်ညှိုးညွှန်ကာ ငါးတစ်ကောင်ကိုတွမ်က ပြသည်။ အလွန်အ ရသာရှိသည့်ငါးဖြစ်ကြောင်းလည်းဆိုသည်။ ထိုနောက် နွားခြေရာကွက်တစ်ခုကိုတွေ့ရာ ‘ဒီနားမှာ သတိထား လူစီ၊ ရေထဲ မနင်းနဲ့၊ မြက်ပေါ်နင်း’ ဟုသတိပေးသည်။ ထိုနောက် လူစီကို နင်းရမည့် မြက်ခြောက်များရှိရာနေရာသို့ ညွှန်သည်။
လူစီသည် သတိကြီးစွာထား၍ တွမ်ခေါ်ရာနောက်သို့လိုက်ခဲ့သည်။ တစ်နေရာတွင် ချောင်းထဲ သို့ငုံ့ကြည့်သည်။ ချောင်းထဲ၌ ရွှေငါးကလေးများပြေးသွားနေသည်ကိုမြင်ရသည်။ မဂ္ဂီကား သူတို့နှင့် နီးသည်ထက်နီးလာသည်။ သူလည်း ငါးများကိုကြည့်ချင်သည်၊ ကြည့်ရမည်။ နောက်ဆုံးတွင် လူစီ နှင့်ပို၍နီးလာသည်။ မဂ္ဂီလိုက်လာသည်ကိုတွမ်သတိထားမိသည်။ လူစီ့အပါးကပ်လာသည်ကိုမြင် လျှင်-
‘ဟေ့ မဂ္ဂီ သွား သွား၊ ဒီမြက်ကလေး ကွက်ကွက်ပေါ်နှစ်ယောက်မရပ်နိုင်ဘူး။ နင့်ကို လိုက်ခဲ့ ဖို့ဘယ်သူခေါ်လို့လဲ’
သည်စကားမျိုးကြားရလျှင် သည်လိုအခြေအနေမျိုးတွင် လူသတ်ချင်စိတ်ပင်ပေါ်လာတတ် သည်မဟုတ်ပါလား။ သို့သော် မဂ္ဂီကား သည်မျှသတ္တိမရှိ။ သို့ဖြစ်ရာ မဂ္ဂီ၏ ဒေါသမီးသည် တစ်နည်း နည်းဖြင့် ပြေငြိမ်းရလိမ့်မည်။ ဘာလုပ်ရမည်ကို မဂ္ဂီချက်ချင်းသိလိုက်သည်။ လျှပ်တစ်ပြက်အတွင်း မှာပင် လူစီကို ရွှံ့ဗွက်ထဲသို့ တွန်းချလိုက်သည်။
(ခ)
ထိုအခင်းကိုမြင်လျှင် တွမ်သည် ထောင်းခနဲ ဒေါသထွက်လာသည်။ ထို့ကြောင့် စိတ်ကို မထိန်းနိုင်တော့ဘဲ မဂ္ဂီ၏လက်မောင်းကို လက်သီးနှင့်နှစ်ချက်ထိုးလိုက်သည်။ ပြီးမှ ဗွက်ထဲတွင် တ ရှုပ်ရှုပ်ငိုနေသော လူစီကိုပွေ့ထူလိုက်သည်။
မဂ္ဂီသည် ခပ်လှမ်းလှမ်းရှိ သစ်ပင်တစ်ပင်အောက်သို့ သွားထိုင်လိုက်သည်။ သူ၏စိတ်ကား မ ချမ်းသာလှ။ ခါတိုင်းလိုပင် မဂ္ဂီတွင် နောင်တစိတ်ပေါ်လာသေးသည်။ သို့သော်လည်း တွမ်နှင့် လူစီ တို့ချစ်ကြည်နေကြပုံက သူ့စိတ်ကိုကလိနေသည်။ မနာလိုစိတ်၊ မခံချင်စိတ်တို့ကို နှိုးဆွနေသည်။ ယခုကား သူတို့နှစ်ယောက်စိတ်ညစ်နေသည်ကို မြင်ရသဖြင့် ဝမ်းသာသည်။ သူတို့ အပျော်ကြီးပျော် နေသည်ကို နှောင့်ယှက်လိုက်ရသဖြင့် ကြည့်နူးစိတ်ဖြစ်မိသည်။ ဒီလိုဆိုရင် ငါဘာလို့ဝမ်းနည်းရမှာ လဲ။ စိတ်မကောင်းဖြစ်ရမှာလဲ၊ တွမ်ဆိုတာ ဘယ်တော့မှ လွယ်လွယ်နဲ့ ခွင့်လွှတ်တတ်တဲ့လူမဟုတ် ဘူး၊ သူတို့အတွက် ဘာမှစိတ်မကောင်းဖြစ်နေစရာမလိုဘူး။
လူစီကိုရွှံ့ထဲမှ ဆွဲထူပြီးနောက် ‘အမေ့ကိုတိုင်ပြောမယ်’ဟုတွမ်ကခပ်ကျယ်ကျယ်အော်ပြော သည်။ အလျင်ကဆိုလျှင် မောင်နှမနှစ်ယောက်စိတ်အခန့်မသင့်စရာတွေ့သည့်အခါ တွမ်သည် အမေ့ ကိုတိုင်တန်းလေ့မရှိ။ ယခုကား မတိုင်လျှင် မဖြစ်တော့သည့်အခြေအနေမျိုးနှင့်ကြုံနေရပြီဖြစ်ရာ မဂ္ဂီကိုဆူစေ ကြိမ်းစေချင်သဖြင့် တိုင်တန်းမည်ပြောခြင်းဖြစ်သည်။
မီးဖိုတံခါးဝရောက်လျှင် ‘ဆယ်လီ၊ ဟောဒီမှာ လူစီကို မဂ္ဂီကရွှံ့ထဲ တွန်းပစ်တယ်လို့ အမေ့ကို ပြောလိုက်’ဟုပြောလိုက်သည်။
ဆယ်လီက သူတို့ကို ပါးစပ်အဟောင်းသားနှင့်ကြည့်နေပြီးမှ ‘ဘုရားရေ၊ နင်တို့ ရွှံ့ဗွက်တွေ အနား ဘယ်လိုရောက်သွားသလဲ’ဟုမေးသည်။
ဤမေးခွန်းကို တွမ် မျှော်လင့်မထား။ သူ ဒုက္ခရောက်တော့မည်။ အဆူခံထိတော့မည်ဟု ချက် ချင်းတွမ်နားလည်လိုက်သည်။ အပြစ်ဟူသမျှမဂ္ဂီအပေါ်ချည်း ပုံ၍ရမည်မဟုတ်ဟုလည်း နားလည် လိုက်သည်။ ထို့ကြောင့် ဘာမျှပြန်၍ မဖြေတော့ဘဲ မီးဖိုတံခါးဝမှ လစ်ထွက်သွားသည်။
ထိုကမှ ဆယ်လီသည် လူစီကို ဧည့်ခန်းတွင်းသို့ ခေါ်သွင်းသွားခြင်းဖြစ်လေသည်။
‘အမယ်လေး ဆယ်လီရယ်၊ ဒီကောင်မလေးကို ကော်ဇောပေါ်ရောက်အောင် မခေါ်ခဲ့နဲ့။ အဲဒီ နေရာမှာပဲထား’ ဟုဒေါ်လေးပူးလက်ကဆိုသည်။
‘ဘာဖြစ်တာလဲ၊ ကောင်မလေး ရွှံ့ထဲလဲလာပြီထင်တယ်’
မစ္စက်တူလီဗာသည် ပြောရင်းဆိုရင်း လူစီထံသို့ ပြေးသွားကာထိခိုက် ပွန်းပဲ့လေသလားဟု ကြည့်သည်။
‘မဂ္ဂီက သူ့ကို ဗွက်ထဲတွန်းချတယ်လို့တွမ်ကပြောတာပဲရှင့်၊ သူတို့ ချောင်းစပ်ကိုသွားပြီနဲ့ တူတယ်။ အဲဒီနားမှာမှ ဗွက်တွေရှိတာရှင့်’ဆယ်လီကတိုင်သည်။
‘ဟုတ်တယ် ဗက်ဆီ၊ ဟုတ်မှာပဲ။ တို့လည်း အဲဒါပဲပြောမလို့။ အင်း ညည်းကလေးတွေက တော့အေ ဆိုးလို့တေလို့ပဲ အတောမသတ်နိုင်ဘူး’
ဒေါ်လေးပူးလက် တစ်ပျစ်တောက်တောက်အော်နေသည်။
မစ္စက်တူလီဗာကား စကားတစ်ခွန်းမျှပြန်၍ မပြောနိုင်ဘဲ ရှိနေသည်။ စိတ်ထဲတွင်လည်း ကံဆိုးလိုက်သည့် အမေပါလား ဟူသောအတွေးဝင်လာသည်။ သို့ဖြစ်ရာ ကလေးများ အနီးအနား တွင်ရှိသည်အထင်နှင့် ပြောဆိုမြည်တွန်ရန် ထွက်သွားသည်။ သို့သော်လည်း ရှာ၍ မတွေ့။ အတန် ကြာရှာမှ ဝင်းထရံတွင်မှီကာ မှုန်တေတေ မျက်နှာပေးနှင့်ရပ်နေသော တွမ်ကိုတွေ့ရသည်။ သူ့အမူ အရာမှာ နည်းနည်းလေးမျှ မဖြုန်သည့်ဂိုက်မျိုးဖြစ်သည်။
‘ဟဲ့ကောင်လေး တွမ်၊ နင်တယ်ဆိုးပါလား၊ မင်းနှမ ရော’
‘ကျွန်တော်မသိဘူး’
‘မင်းထွက်လာတော့ ဘယ်နားမှာနေခဲ့သလဲ’
‘ချောင်းဘေးက သစ်ပင်တစ်ပင်အောက် ထိုင်ကျန်ရစ်ခဲ့တယ်’
‘ဒါဖြင့်ခုချက်ချင်းသွားခေါ်ချည်။ ဒါနဲ့များကွယ် ဘာလို့ ချောင်းနားသွားရသလဲ၊ ရွှံ့တွေ ဗွက်တွေထဲ သွားရသလဲ၊ ဘာလို့နှမလေးကိုခေါ်သွားရသလဲ။ မင်းနှမအကြောင်းမင်းသိတယ် မဟုတ်လား’
တွမ်သည် မသွားချင် သွားချင်နှင့် လှည့်ထွက်သွားသည်။
‘ဒီကလေးတွေ ခက်ပါတယ်။ တစ်နေ့ရေထဲကျမှာ၊ ရေနစ်သေကြမှာ။ ဒီမြစ်ကို ဒီနား မရှိရင်ကောင်းမယ်’ မစ္စက်တူလီဗာသည် တစ်ယောက်တည်းပြောနေသည်။
ခဏအကြာတွင် တွမ်တစ်ယောက်တည်း ပြန်လာသည်ကိုမြင်ရသည်။ ထိုအခါ စိတ်ထဲတွင် စိုးရိမ်လာသည်။ ထို့ကြောင့်တွမ်ဆီသို့ အမောတကော ပြေးသွားသည်။
‘မဂ္ဂီကို ဘယ်မှာမှ မတွေ့ခဲ့ဘူးအမေ၊ သူ ထွက်သွားပြီ၊ အိမ်ပြန်သွားပြီနဲ့တူတယ်’
ထိုအခါ မဂ္ဂီအတွက် စိုးရိမ်လာသည်။ ထို့ကြောင့် မဂ္ဂီကို အပူတပြင်းလိုက်၍ ရှာကြလေသည်။
၁၂။ မဂ္ဂီ ထွက်ပြေးပြီ
(က)
မဂ္ဂီသည် ပင်ကိုကပင် တွမ်ထက် သတ္တိကောင်းသည်။ တွမ်ထက်လုပ်ရဲကိုင်ရဲရှိသည်။ တွမ်နှင့် လူစီတို့ထွက်သွားသည့်အခါ သူ့စိတ်ထဲတွင် တစ်စုံတစ်ခု ဆုံးဖြတ်လိုက်သည်။ အိမ်သို့ ပြန်သွားရန် ကားမဟုတ်။ အိမ်သို့မပြန်ချင်။ တွမ်နှင့်ဝေးအောင် ပြေးချင်သည်။ တွမ်ကိုစိတ်နာသည်။ တွမ်နှင့် ဝေးရာဂျစ်ပဆီများရှိသည့်အရပ်သို့သွားမည်။ ဤသည်မှာ မဂ္ဂီအဖို့ယခုမှပေါ်လာသောစိတ်ကူးသစ် မဟုတ်။ သူ့ကိုလူကြီးများက တေတေပေပေမို့ ဂျစ်ပဆီမလေးနှင့်တူသည်ဟုအမြဲပြောကြသည်။ သို့ ဖြစ်လျှင်စိတ်ညစ်လာသည့်အခါ၊ မပျော်သည့်အခါ၊ စိတ်ဆင်းရဲသည့်အခါ ဂျစ်ပဆီများရှိရာသို့ ထွက် ပြေးသည်ကမှ ကောင်းဦးမည်ဟု မကြာခဏ စိတ်ကူးမိသည်။ ယခုလို အခြေအနေတွင် ဂျစ်ပဆီများ နှင့်အတူ နေလိုက်ရသည်ကမှကောင်းမည်ဟု နှလုံးပိုက်မိသည်။ ဂျစ်ပဆီများက သူ့ကိုဝမ်းပန်းတသာ လက်ခံမည်မလွဲဖြစ်သည်။ သူသည် ဂျစ်ပဆီတို့ထက်ပို၍ အသိဉာဏ်ကြွယ်သည်မဟုတ်လား။
တစ်ခါက တွမ်နှင့်တိုင်ပင်ဖူးသည်ကိုအမှတ်ရလာသည်။ တွမ်၏မျက်နှာကိုဆေးညိုခြယ်ကာ နှစ်ယောက်သားဂျစ်ပဆီတို့ထံ ပြေးကြရအောင်ဟု မဂ္ဂီအဖော်ညှိဖူးသည်။ သို့သော် တွမ်က သဘော မတူ။ ဂျစ်ပဆီများသည် သူခိုးများဖြစ်သည်။ စားစရာမရှိ၊ ဆင်းရဲကြသည်ဟုတွမ်ကပြန်၍ပြော သည်။ ယနေ့ကား သူ၏စိတ်ဒုက္ခကို ဖြေရှင်းနိုင်မည့်နည်းမှာ ဂျစ်ပဆီတို့နှင့် အတူနေရေးပင်ဖြစ် သည်ဟုထင်လာသည်။ ဤသည်ပင် နောက်ဆုံးလမ်းဟုသူထင်လာသည်။
ထိုသို့စိတ်ကူးပေါ်ကာ ဆုံးဖြတ်ပြီးသည့်နောက် သစ်ပင်ရင်းမှထလိုက်သည်။ ဤအချိန်သည် ကားသူ့ဘဝအတွက် သေရေးရှင်ရေးတမျှအရေးကြီးသောအချိန်ဟုထင်သည်။ “ဒန်လို” တွင် ဂျစ်ပ ဆီများရှိမည်ထင်သည်။ ထိုအရပ်သို့အရောက် ပြေးရလိမ့်မည်။ ကောင်းတယ်၊ ငါ့ကိုရက်စက်တဲ့ တွမ် နဲ့ငါ့အပေါ် အကောင်းမထင်ကြတဲ့ ဆွေမျိုးတွေနဲ့ ဝေးရော။
သို့နှင့် သစ်ပင်အောက်မှထပြေးလာသည်။ လမ်းတွင်အဖေကြီးကိုကား မျက်စိထဲတွင် မြင် လာသည်။ ကိစ္စမရှိ။ ဟိုရောက်လျှင် ဂျစ်ပဆီမလေးတစ်ယောက်ယောက်ကိုခိုင်းကာ အဖေကြီးထံ စာရေးလိုက်မည်။ သူ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင် ရှိနေကြောင်းသိစေမည်။ ပြီးတော့ အဖေကြီး ကိုလည်း အမြဲချစ်နေပါတယ်လို့မှာလိုက်မယ်။
ဒုန်းစိုင်းပြေးရာမှ မောလာသည့်အခါ မှန်မှန်ပင်လျှောက်သည်။ ခြေလှမ်းကား ခပ်ကျဲကျဲ။ အတော်လေးကြာလျှင် ကွင်းပြင်စိမ်းစိမ်းများကို လွန်ခဲ့ပြီးနောက် မြက်တောတစ်ဖက်တစ်ချက် အကြားရှိ လမ်းကျဉ်းကလေးတစ်ခုအဝသို့ ရောက်လာသည်ကိုတွေ့ရသည်။ တစ်နေရာတွင် သစ်တုံး တစ်ခု၌ မြည်းကလေးတစ်ကောင် ချည်ထားသည်ကိုလည်း မြင်ရသည်။ ဂျစ်ပဆီတို့တွင် မြည်းများ ရှိတတ်သည်။ သို့ဖြစ်လျှင် သူသွားမည့်ဒန်လိုဒေသသည် မဝေးတော့ဟုထင်မိသည်။ လမ်းကျဉ်း ကလေးထဲ ဝင်မိလျှင်အလိုလိုပင် ကြက်သီးမွေးညင်းထလာသည်။ စွန့်စားခန်းနှင့် ရင်ဆိုင်ရတော့မှာ ပါလားဟုထိတ်ခနဲဖြစ်လာသည်။ ဘေးတစ်ဖက်တစ်ချက်ကို မရဲတရဲကြည့်မိသည်။ မြက်တောထဲမှ တစ်စုံတစ်ခုများ သူ့ကိုခုန်၍အုပ်လေမည်လား။ ကြောက်စရာသတ္တဝါတစ်ကောင်ကောင်ကိုများ တွေ့ ရလေမည်လား။
တစ်နေရာတွင်ကား မြက်တောထဲမှ ဖိနပ်မပါသော ခြေနှစ်ချောင်းထောင်တက်နေသည်ကို မြင်လိုက်ရသည်။ ဘုရား...ဘုရား၊ ဘယ်လိုမြင်ကွင်းမျိုးလဲ။
………….
အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု စာရေးဆရာမ George Eliot ၏ ‘The Mill on the Floss’ ကို စာရေးဆရာကြီး ဆရာကျော်အောင်က ဘာသာပြန်ထားသည့် ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ဘာသာပြန်အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၅ ) ကိုနောက်တစ်ပတ်စနေနေ့(၉.၆.၂၀၁၈)မှာည ( ၉ ) နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။

အကယ်၍ ဝန်ဇင်းစာချစ်သူတို့က ဒီစာအုပ်ကို နှစ်သက်လို့ အပိုင်ဝယ်ယူ ဖတ်ရှုချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖုန်းထဲမှာ ထည့်သွင်းဖတ်ရှုနိုင်ကြောင်း ပြောပါရစေခင်ဗျာ။ 
“ဝန်ဇင်းစာချစ်သူတို့က ဘာသာပြန်ဝတ္ထုကောင်းတွေကို နှစ်သက်သဘောကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်၊ အကြံပြုလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 


Related Posts