ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း(၆)[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]


ကျော်အောင် - မြစ်ကမ်းပေါ်ကစက်ရုံကလေး 
[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]
အပိုင်း ( ၆ ) 
………….
၁၅။ တွမ်ဆီ မဂ္ဂီ အလည်လာခြင်း
(က)
ပထမနှစ်ဝက်ကား ပျင်းစရာကောင်းသည်။ စိတ်ညစ်စရာကောင်းသည်။ ထိုနှစ်ဝက် မကုန်မီ ပင် တွမ်ထံသို့ တကယ်ပင် မဂ္ဂီတစ်ယောက်အလည်ရောက်လာသည်။ ဆရာကတော်က မဂ္ဂီကို တွမ် နှင့်အတူ လာနေရန် ဖိတ်ခေါ်လိုက်သည်။ ထို့ကြောင့် အောက်တိုဘာလ ကုန်ခါနီးတွင် အဖေကြီးလာ သည့်အခါ မဂ္ဂီပါလာသည်။
တူလီဗာသည် သူ့သားတွမ်ကို ပထမဆုံးအကြိမ်လာ၍တွေ့ခြင်းဖြစ်သည်။ တွမ်တစ်ယောက် အိမ်လွမ်းနေမည်ကိုစိုးရိမ်သည်။
‘အေး၊ ငါ့သား မင်းကြည့်ရတာ ကျောင်းပျော်ပြီထင်တာပဲ’
တူလီဗာသားအဖ ရောက်လာကြောင်း ပြောရန် မစ္စတာစတယ်လင်းအခန်းထဲမှ ထွက်သွား သည်။
‘အဖေ ထင်သလောက်မဟန်သေးဘူး အဖေရာ။ လက်တင်ဘာသာမသင်ဖို့ မစ္စတာစတယ် လင်းကို အဖေပြောပေးပါလား။ အဲဒီလက်တင်သင်ရတာ ကျွန်တော် သိပ်စိတ်ညစ်တာပဲ’
‘အဓိပ္ပာယ်မရှိဘာတွေပြောနေတာလဲငါ့သား၊ မင်းဆရာသင်ပေးတာကို နာယူရမှာပေါ့။ ဆရာက မင်းအတွက် ဘာအသုံးတည့်မယ်ဆိုတာသိတယ်မဟုတ်လား ငါ့သား’
‘ဒါဖြင့် ငါနင့်ကို ကူပေးမယ်လေ’ မဂ္ဂီက သူ့အစ်ကိုစိတ်ချမ်းသာအောင် အားပေးစကား ပြောသည်။ ‘မစ္စက် စတယ်လင်းကသာ လက်ခံမယ်ဆိုရင် နင်နဲ့အတူအကြာကြီးနေဖို့ ငါလိုက်တာ တာ။ ငါ့မှာ အဝတ်အစားတွေပါလာတယ်’
‘နင်ကငါ့ကိုကူမယ်။ အား၊ နင် ဘယ်လိုကောင်မလေးလဲ။ အေးပါဗျာ၊ ငါ့သင်ခန်းစာတွေ နင် ဘယ်လိုလုပ်မယ်ဆိုတာကြည့်ချင်လိုက်တာ။ ဒါမျိုး မိန်းကလေးတွေ သင်လို့မရပါဘူးဟာ။ မိန်းက လေးဆိုတာ သိပ်ရှော်တာ’မဂ္ဂီဘာမျှမတတ်နိုင်၊ အကူအညီ မပေးနိုင်ဆိုသည်ကို သိစေချင်သည်။ မဂ္ဂီ ဘာမျှအသုံးမတည့်ဟူ၍ နားလည်စေချင်သည်။ ထိုသို့ ပြောလိုက်ရသဖြင့် တွမ့်စိတ်တွင် ကျေနပ် သလိုလိုရှိမိသည်။
‘လက်တင်အကြောင်း ငါကောင်းကောင်းသိတာပေါ့ဟာ။ တို့အင်္ဂလိပ်အဘိဓာန်ထဲမှာ လက် တင်စကားလုံးတွေ အများချည်းပဲ။ ဟော “ဗိုးနတ်” ဆိုတဲ့လက်တင်က “လက်ဆောင်”တဲ့’မဂ္ဂီ အခိုင်အမာပြောသည်။
‘အဲ အဲ ဒီမှာတင် နင်မှားသွားပြီ မဂ္ဂီ’ ပြောသာပြောရသော်လည်း စိတ်ထဲတွင်ကား အံ့အား သင့်သွားသည်။ ‘အေး၊ နင့်ကိုယ်နင်တော့ ဟုတ်လှပြီထင်နေတာပေါ့။ ဒါပေမဲ့ “ဗိုးနတ်”ဆိုတာ “ ကောင်းတယ်”လို့ အဓိပ္ပာယ်ရတယ်။ ဗိုးနတ်...ဗိုနာ...ဗိုနမ်’ တွမ်က ဆက်၍ရွတ်နေသည်။
‘ဒါပေမဲ့ “ဗိုးနတ်” ဆိုတာ “လက်ဆောင်” လို့အဓိပ္ပာယ်ထွက်နိုင်တာပဲ၊ ဘာဖြစ်လို့ မထွက် ရမှာလဲ။ “ဗိုးနတ်”ဆိုတာ အဓိပ္ပာယ်အမျိုးမျိုးဖြစ်နိုင်တယ်။ ဘယ်စကားလုံးပဲဖြစ်ဖြစ် အဓိပ္ပာယ် အမျိုးမျိုးထွက်နိုင်တယ်။ ဆိုကြပါစို့ “လေ”ဆိုတဲ့စကားလုံး။ အဲဒီလေဆိုတာ တို့အသက်ရှူတဲ့ ပစ္စည်းတစ်ခုပဲ။ ပြီးတော့ “သူ့လေကိုက သူသာ အရေးကြီးသလိုလို” ဆိုတာလည်း အဲဒီလေပဲ’
‘ဟုတ်တယ်ဟေ့။ ငါ့သမီးက သိပ်ဟုတ်တာပဲ’ တူလီဗာသည် သမီးကို ချီးကျူးပြီး တဟား ဟားရယ်နေသည်။ တွမ်ကား မဂ္ဂီဉာဏ်သွားပုံကိုကြည့်ကာ ဒေါသထွက်နေသည်။ သို့သော်လည်း သူနှင့်မတူ မဂ္ဂီနေခဲ့မည်ဆိုသည်ကိုမူ သဘောကျသည်။ နောင်တွင် သူ့စာအုပ်များကို မဂ္ဂီလှန်လှော ကြည့်ရှုလျှင်ပို၍ အခက်တွေ့ဦးမည်ကို သူမရိပ်မိ။
မဂ္ဂီကို ဖိတ်ခေါ်လိုက်စဉ်က တစ်ပတ်ခန့်နေနိုင်သည်ဟုသာ ဆရာကတော် စတယ်လင်းက ပြောလိုက်သည်။ ယခု မဂ္ဂီရောက်လာသည့်အခါ ဆရာကြီး စတယ်လင်းသည် မဂ္ဂီကို ဒူးပေါ်တင်ကာ မျက်နှာကို သေသေချာချာကြည့်သည်။ မျက်လုံးနက်နက်ကလေးတစ်စုံ ဘယ်ကရသလဲဟုမေးသည်။ မဂ္ဂီကိုသူချစ်လာသည်။ ထို့ကြောင့် နှစ်ပတ်နေရမည်ဟု ဆိုသည်။ ဆရာကြီးစတယ်လင်းသည် ချစ်စရာကောင်းသည့် ဆရာတစ်ယောက်ဟု မဂ္ဂီထင်မိသည်။ တူလီဗာ ကိုယ်တိုင်ကလည်း မဂ္ဂီကို ထားခဲ့ချင်သည်။ အကြောင်းရှိသည်။ သူတစိမ်းများအလယ်တွင် သူ့သမီးမဂ္ဂီမည်မျှဉာဏ်ထက်သည် ကိုသိစေချင်သည်။ မဂ္ဂီအတွက် တူလီဗာဂုဏ်ယူသည်။
သူ့အဖေပြန်သွားလျှင် တွမ်သည် မဂ္ဂီကိုစာကြည့်ခန်းသို့ခေါ်လာသည်။ ‘ခုတော့ဘာလို့ခေါင်း မခါသလဲ မဂ္ဂီ’
မဂ္ဂီဆံပင်သေသေသပ်သပ်ဖြီးထားသည်ကိုကြည့်ကာ ပြောလိုက်သည်။
‘အိုဒါတွေကိစ္စမရှိပါဘူး။ ငါ့အတွက် ပူမနေနဲ့ တွမ်’ မဂ္ဂီစိတ်တိုလာသည်။
စာကြည့်ခန်းထဲရောက်လာပြီး စာအုပ်စင်များကိုမြင်လျှင် မဂ္ဂီအံ့အားသင့်သွားသည်။ ‘ဟာ စာအုပ်တွေဟေ့၊ ငါ့မှာ ဒီလိုစာအုပ်တွေအများကြီးရှိရင် ဘယ်လောက်ကောင်းမလဲ’
‘ဘာရယ်၊ နင်ဒီစာအုပ်တွေထဲက တစ်အုပ်တောင် ဖတ်တတ်မှာမဟုတ်ဘူး။ အားလုံး လက် တင်ချည်းပဲ’ တွမ်၏အသံသည် အောင်နိုင်သံဖြစ်သည်။
‘အားလုံးမဟုတ်ပါဘူး။ ဟောဒီစာအုပ်ကို ငါ ဖတ်နိုင်တာပေါ့။ ကြည့်ပါလား၊ဒီမှာ ရေး ထားတယ်။ ရောမအင်ပါယာကျဆုံးခန်းသမိုင်းတဲ့’
‘ကဲပါဗျာ၊ အဲဒါကဘာအကြောင်းလဲ။ နင်မသိပါဘူးဟာ’
‘အိုး ခုလေးတင်ပဲ ငါ ဖတ်ကြည့်ရင်သိမှာပေါ့’
‘ဘယ်လို’
‘အထဲ ဖွင့်ကြည့်ရမှာပေါ့ ဟ’
‘ဒါတော့ မလုပ်နဲ့ မဂ္ဂီ’မဂ္ဂီ၏ လက်တစ်ဖက်စာအုပ်အဖုံးပေါ်ရောက်နေသည်ကိုမြင်သဖြင့် တွမ်သတိပေးလိုက်သည်။ ‘မစ္စတာစတယ်လင်းက သူ့ခွင့်ပြုချက်မရဘဲ သူ့စာအုပ်တွေကို ဘယ်သူမှ ကိုင်တာမကြိုက်ဘူး။ နင်ယူဖတ်ရင် ငါ့ကိုဆူလိမ့်မယ်’
‘မဖတ်ပါဘူးလေ၊ ထားပါတော့။ ငါကြည့်ချင်တယ်’ မဂ္ဂီသည်တွမ်၏ပခုံးကိုသိုင်း၍ဖက်ကာ တွမ်၏ပါးကို သူ့နှာခေါင်းနှင့်ကလိလိုက်သည်။
(ခ)
တွမ်စိတ်ထဲတွင် နဂိုရ်စိတ်ဓာတ်တို့ပြန်၍ပေါ်လာသည်။ မဂ္ဂီကိုစချင်ပြောင်ချင်ကစားချင် လာသည်။ထိုစိတ်ကြောင့် သူလည်း မြူးကြွလာသည်။ သို့နှင့် မဂ္ဂီကို ခါးကကိုင်ကာ စာကြည့်စားပွဲ ကြီးပတ်ပတ်လည်အောင် မြှောက်လိုက်ချလိုက်လုပ်သည်။ မြှောက်လိုက်၊ ချလိုက်၊ ပြေးလိုက်နှင့် အရှိန်မြန်လာသည့်အခါ မဂ္ဂီ၏ဆံပင်လေးများ လေထဲတွင် ဖွာရာကြဲလွင့်ပါသွားသည်။ နောက်ဆုံး တွင် စတယ်လင်း၏ စားပွဲလေးကို ဝင်တိုက်မိသည်။ ဝုန်းခနဲစားပွဲမှောက်သွားသည်။ ထိုအခါတွင်မှ ဆရာနှင့်ဆရာကတော်တို့၏ မျက်နှာများ စိတ်ထဲတွင်ပေါ်လာကာ ကြောက်စိတ်နှင့် အံ့အားသင့်ကာ ကြောင်နေသည်။
နောက်မှ စားပွဲကိုပြန်ထောင်ကာ ‘ဟေ့မဂ္ဂီဒီအခန်းထဲမှာ တို့ငြိမ်ငြိမ်နေကြရမယ်၊ နားလည် လား၊ တစ်ခုခုပျက်စီးသွားရင် ဆရာကတော်က ငါ့ကို ကြိမ်းလိမ့်မယ်’ဟုသတိပေးလိုက်သည်။
‘ဒီမိန်းမကြီးက စိတ်ကောက်တတ်သလား’
‘မကောက်တတ်ပါဘူး’
‘ငါ့စိတ်ထဲတော့ မိန်းမတွေဟာ ယောက်ျားတွေထက် ကောက်တတ်တယ်ထင်တာပဲ။ ဒေါ် ကြီးဂလက်ဆိုရင် ဦးကြီးဂလက်ထက် ပိုပြီး ကောက်တတ်တယ်။ အမေဆိုရင် ငါ့ကိုခဏခဏ ဆူတယ်၊ အဖေက မဆူဘူး၊ မကြိမ်းဘူး’
‘အေး နင်လည်း တစ်နေ့ မိန်းမကြီးဖြစ်လာမှာပဲ’
‘ဒါပေမဲ့ ငါတို့ကတော့ အလွန်လိမ္မာပါးနပ်တဲ့မိန်းမကြီးဖြစ်မှာပါဟာ’
‘အေး အေး ဟုတ်ပါတယ်။ နင်ပြောသလို အလွန်တော်တဲ့ ပါးတဲ့မိန်းမကြီးဖြစ်မှာပါပဲ။ ဒါ ပေမဲ့လူတိုင်းက နင့်ကိုသောက်မြင်ကတ်မှာပဲ’
‘ဟယ် တွမ်ကလည်း နင်ငါ့ကို သောက်မြင်မကတ်ပါနဲ့ဟယ်၊ ငါ့ကိုမမုန်းပါနဲ့ဟယ်၊ ငါ့မုန်း ရင်နင်မကောင်းဘူးပေါ့။ ငါကနင့်နှမပဲဟာ’
‘ဟုတ်ပါတယ်၊ ဒါပေမဲ့ နင်ဆိုတာက အမြင်ကတ်စရာလေးမဟုတ်လား ဟဲ့။ မရဘူး...ငါ တော့နင့်ကိုမုန်းမှာပဲ’
‘မုန်းပါနဲ့တွမ်ရယ်၊ နင်ကြိုက်အောင်ငါနေပါ့မယ်။ နင့်အပေါ်အမြဲတမ်း ကောင်းအောင် ငါ ကြိုးစားပါ့မယ်။ ပြီးတော့ လူတိုင်းအပေါ်လည်းကောင်းအောင် နေပါ့မယ်။ တကယ်တော့ နင်ငါ့ကို မမုန်းဘူးမဟုတ်လားတွမ်၊ နော်...တွမ်’
‘မသိဘူး၊ ငါ မသိဘူး။ ကဲ...လာတော့၊ အခုစာကြည့်ချိန်ရောက်နေပြီ။ ဒီမှာကြည့်စမ်း၊ ငါ့ မှာလုပ်စရာတွေအများကြီးပဲ။ ကဲဒါတွေနင်နားလည်ရဲ့လား’ မဂ္ဂီကိုဆွဲခေါ်သွားပြီးနောက် သူ့သင် ခန်းစာများကို ပြသည်။
လက်တင်ကို မဂ္ဂီစိတ်ဝင်စားသည်။ စကားလုံးသစ်တစ်ခုတွေ့လျှင် မဂ္ဂီပျော်သည်။ နောက်နား တွင် လက်တင်စကားလုံးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အင်္ဂလိပ်စာနှင့်တွေ့ရသည်။ ယင်းတို့ထဲမှ ပုံစံများ၊ ဥပမာများကိုဖတ်သည်။ သဒ္ဒါနည်းကိုကား ဂရုစိုက်ရန် မလိုသေးဟုသူထင်သည်။ ဘယ်စာ အုပ်ထဲကမှန်း မသိသော ဤစာကြောင်းများ၊ ဝါကျများသည် သူ့စိတ်ကိုနှိုးဆွပေးသည်။
“သူ့တွင် အံ့ဩစရာ သားကလေးတစ်ယောက်ရှိသဖြင့် အလွန်ကံကောင်းသော ထိုအမျိုးသား ကိုလူတိုင်းက ဝမ်းသာအားရချီးကျူးကြသည်။”
“ကံကောင်းသော ထိုအမျိုးသား” ဆိုသည့်စကားလုံးသည် စိတ်ဝင်စားစရာကောင်းသည်။ ပြီးတော့ “အံ့ဩစရာသားကလေး” ဆိုသည်မှာ တွမ်နှင့်ချွတ်စွပ်တူနေသလား ဟူ၍လည်း တွေး ကြည့်ကာကြည်နူးမိသေးသည်။
“အလွန်ထူသော တောအုပ်တစ်ခုထဲ၌ မျက်စိလည်ခဲ့ရကား ကြယ်ကလေးများကိုပင် မမြင်နိုင်တော့”
ဘယ်သူမျက်စိလည်တာလဲ။ အဲဒီတောအုပ်က ဘယ်မှာလဲ၊ ဘာလို့ကြယ်ကလေးတွေကို မြင် ချင်တာလဲ။ အင်း ဒါကတော့ လမ်းစတွေ့အောင်ကြယ်ကို ကြည့်ချင်တာ ဖြစ်မှာပေါ့။ ဒါဖြင့်သူဘယ် လိုလမ်းစတွေ့သလဲ။ 
‘ဟေ့မဂ္ဂီ၊ ငါ့ကိုလက်တင်စာအုပ်ပေးလိုက်စမ်း’
‘တွမ်ရေ၊ ဒီစာအုပ်က သိပ်ချစ်စရာကောင်းတာပဲ’ပြောပြောဆိုဆိုကုလားထိုင်ပေါ်မှ ဝုန်းခနဲ ခုန်ထလိုက်ပြီး စာအုပ်ကို ပေးလိုက်သည်။ ‘တွမ်ရေ ငါတော့ ခဏလေးနဲ့ပဲ လက်တင်တတ်မယ် ထင် တာပဲ၊ သိပ်မခက်လှပါဘူး’
‘နင်ဖတ်နေတာ ငါသိပါတယ် မဂ္ဂီရယ်။ အဆုံးမှာ ပါတဲ့ အင်္ဂလိပ်စာတွေ နင်ဖတ်နေတာ မဟုတ်လား။ ဒါလောက်တော့ ဘယ်အရူးမလေးဖြစ်ဖြစ် ဖတ်နိုင်တာပေါ့ဟ’
တွမ်သည် စာအုပ်ကို ပိုင်ပိုင်နိုင်နိုင်ဆွဲဖွင့်လိုက်သည်။ သူ ယခုလက်တင်သင်ခန်းစာများ ကျက်မှတ်တော့မည်။ သူ့အလုပ်ကို အရူးအပေါလေးများ မလုပ်နိုင်။ သူသာ လုပ်နိုင်သည်ဟူသော မျက်နှာပေးပေါ်လွင်လာသည်။ မဂ္ဂီကား စာအုပ်စင်ဆီသို့ ပြန်ရောက်သွားသည်။
ချက်ချင်းပင် တွမ်က မဂ္ဂီကိုခေါ်လိုက်သည်။ ‘မဂ္ဂီရေ လာစမ်းပါဦး၊ အဲ အဲဒီစားပွဲတစ်ဖက်က မစ္စတာစတယ်လင်းထိုင်နေကျနေရာမှာထိုင်ပြီးတော့ ငါဖတ်တာဟုတ်ရဲ့လားဆိုတာ နားထောင် စမ်း’
မဂ္ဂီသည် သူ့အလိုအတိုင်း စာအုပ်ကိုယူကာ စတယ်လင်းနေရာတွင် ထိုင်သည်။‘ဘယ်ကစ မှာလဲ တွမ်’
‘ဟို ဣတ္ထိလိင် စည်းကမ်းတွေပါတဲ့ စကားလုံးတွေကစမှာ’
စာကြောင်းသုံးကြောင်း အထိကားတွမ်အဖို့ အထစ်အငေါ့မရှိဟန်နေသည်။ ထိုနောက် အ သွားတော့သည်။ ‘နေနေ ငါ့မပြောနဲ့၊ ငါ့မပြောနဲ့’
‘မပြောဘူး’ မဂ္ဂီခေါင်း တွင်တွင်ယမ်းလိုက်သည်။
‘ဟာ ငါ့ကိုစာအုပ်ခဏပေးစမ်း၊ ဟော ရပြီဟေ့’
ဆက်၍ရွတ်သည်။ ထိုနောက် ထစ်သွားပြန်သည်။
မဂ္ဂီက တွမ်ကို ကူထောက်ပေးသည်။ ထိုအခါ မဂ္ဂီအသံထွက်တစ်မျိုးဖြစ်နေသဖြင့် တွမ်က ရယ်သည်။ မဂ္ဂီအောင့်သက်သက်ဖြစ်သွားသည်။
‘ဒါကြောင့်ငါမပြောလား၊ နင်တို့မိန်းကလေးတွေ လက်တင်ကိုသင်လို့မတတ်ပါဘူးလို့’
သူတို့သည် ညနေခင်းတွင် ဧည့်ခန်း၌စကားစမြည်ပြောနေကြရန် လိုက်သွားကြသည်။ မဂ္ဂီ သည်ဆရာစတယ်လင်းနှင့် စကားလက်ဆုံကျနေသည်။ မဂ္ဂီရဲရဲတင်းတင်းပြောဆိုနေသည်ကို ကြည့် ကာ တွမ် အံ့အားသင့်နေသည်။ သို့ရာတွင် ဆရာစတယ်လင်းက ‘တစ်ခါက ဂျစ်ပဆီတွေဆီ ထွက် ပြေးသွားတဲ့ ကလေးမလေး တစ်ယောက်အကြောင်း ကြားဖူးတယ်’ ဟုစလိုက်သောအခါ မဂ္ဂီ သိမ် ငယ်သွားသည်။
‘အဲဒီကောင်မလေးဟာ ခပ်ကြောင်ကြောင်လေး ဖြစ်မှာပေါ့’ ဟုဆရာကတော်ကမှတ်ချက် ချသည်။ ကျီစယ်လိုရင်းနှင့် ပြောခြင်းဖြစ်သည်။ သို့သော် မဂ္ဂီ မကြိုက်။ သို့နှင့် စိတ်အားငယ်ကာ အိပ်ရာသို့ ဝင်ခဲ့ရသည်။
(ဂ)
တွမ်နှင့်အတူနေရသည့် ဆယ့်ငါးရက်ကား မဂ္ဂီအဖို့ ပျော်စရာကောင်းသည်။ တွမ် စာကျက် သည့်အခါ မဂ္ဂီကိုလည်း သူနှင့်အတူ နေခွင့်ပြုထားသည်။ မဂ္ဂီသည် လက်တင်ဥပမာ များစွာကို လေ့လာရသည်။
မဂ္ဂီပြောပုံဆိုပုံကို ဆရာစတယ်လင်း သဘောကျသည်။ သူတို့နှစ်ယောက်သည် များမကြာမီ အတွင်း မိတ်ဆွေကောင်းများ ဖြစ်သွားကြသည်။ ဆရာစတယ်လင်း၏ ကျောင်းတွင်နေကာ တွမ်လို ပင်လက်တင်သင်ချင်သည်။ သူတတ်လိမ့်မည်ထင်သည်ဟုတွမ်ကိုပြောသည်။
‘အို နင်မဖြစ်ပါဘူး။ ကဲ အခုပဲ မစ္စတာ စတယ်လင်းကို ငါမေးကြည့်မယ်လေ’
‘ငါ့ဘာသာငါ မေးမှာပေါ့’ မဂ္ဂီကဆိုသည်။
ထိုညနေမှာပင် မဂ္ဂီသည် ဆရာစတယ်လင်းကိုမေးသည်။ ‘မစ္စတာစတယ်လင်းရှင့်၊ တကယ် လို့ကျွန်မကိုသာ တွမ်အစား ဆရာက စာသင်ပေးရမယ်ဆိုရင် လက်တင်နဲ့အခု တွမ်သင်နေတဲ့ စာ အားလုံးကို လိုက်နိုင်ပါ့မလား’
‘ဟင့်အင်း၊ နင်လိုက်နိုင်မှာမဟုတ်ဘူး။ ဒီစာတွေကို မိန်းကလေးတွေသင်လို့တတ်မှာ မဟုတ် ဘူးနော် ဆရာ’တွမ်က ဝင်၍အဖြေပေးသည်။
‘မိန်းမတွေဆိုတာ ဟိုဟာစပ်စပ် ဒီဟာစပ်စပ်တော့ရတာပေါ့။ သူတို့က ယောက်ျားတွေထက် ဖြတ်ထိုးဉာဏ်ကောင်းတယ်။ သင်လိုက်ရင်တတ်လွယ်တယ်။ ဒါပေမဲ့ နက်နက်နဲနဲမရှိဘူး’ ယင်းမှာ ဆရာစတယ်လင်း၏အဖြေဖြစ်သည်။
ဤစကားကြောင့် တွမ် စိတ်ချမ်းသာသွားသည်။ ဆရာစတယ်လင်းနောက်နားတွင်ထိုင်နေ သော မဂ္ဂီအား ငါပြောတာမဟုတ်ဘူးလား ဟူသည့်သဘောဖြင့် ခေါင်းညိတ်၍မေးလိုက်သည်။
မဂ္ဂီမှာ အားငယ်သွားပြန်သည်။ ယခုမှ ပို၍နိမ့်ကျသွားသလိုဖြစ်မိသည်။ သူ့ဘဝတစ်လျှောက် လုံးတွင် မဂ္ဂီကို ဉာဏ်ကောင်းသည်၊ ချက်ချာသည်။ သွက်လက်သည်ဟု အသိအမှတ်ပြုခံခဲ့ရသည်။ ထိုအရည်အချင်းတို့အားလုံးမှာ ယခုအခါ အောက်တန်းကျသလိုလိုဖြစ်သွားပြီ။ သည်လိုဆိုလျှင် တွမ် လိုထုံထိုင်းနေသည်ကမှ ကောင်းဦးမည်။
သူတို့နှစ်ယောက်ချည်း ကျန်ရစ်ခဲ့သည့်အခါ တွမ်က မဂ္ဂီကိုစသည်။ ‘ဟား ဟား ဒီမှာ မဂ္ဂီ လေး၊ သွက်တယ်ဆိုတိုင်း ကောင်းတာမဟုတ်ဘူးဟ။ နင်တို့တစ်တွေ ဘယ်တော့မှ နက်နက်နဲနဲရှိမှာ မဟုတ်ဘူးသိလား’
မဂ္ဂီစိတ်ညစ်သွားသည်။ သူ့ကြမ္မာကား ခေလေပြီ။ စကားပြောချင်စိတ်ပင် မရှိတော့လောက် အောင်စိတ်ပျက်သွားသည်။
ထိုကလေးမလေးကို လုသည် မြင်းလှည်းတစ်စီးဖြင့်လာ၍ ခေါ်သွားသည်။
ထိုအခါတွင်မူ စာကြည့်ခန်းသည် ခြောက်ကပ်ကပ်ဖြစ်ကျန်ရစ်ခဲ့သည်။ တွမ် တစ်ယောက် တည်းသာရှိလေရာ ပျင်းစရာကောင်းလာသည်။ ယခုမှပင် မဂ္ဂီကိုလွမ်းသလိုလိုဖြစ်လာသည်။ မဂ္ဂီ ရောက်လာပြီးနောက် တွမ် အလျင်ကထက် ပို၍ စာဘက်၌ တိုးတက်လာခဲ့သည်။ ဉာဏ်များလည်း ပွင့်၍လာခဲ့သည်။ ဆရာစတယ်လင်းကို မဂ္ဂီက ရောမအင်ပါယာအကြောင်း မေးခွန်းများစွာ ထုတ် သည်။ ရောမခေတ်တွင် လက်တင်သည် မသင်ကြားရဘဲနှင့် ထမင်းစားရေသောက် နေ့စဉ်သုံးစကား ဖြစ်ခဲ့သည်။ ဤကမ္ဘာတွင် လက်တင်ကို မသင်ဘဲ တတ်သည့်လူများ ရှိပါလားဟု တွမ် အသိဉာဏ် တိုးလာသည်။ သူတို့ကား ကံကောင်းသူများဖြစ်ကြသည်မဟုတ်လား။ ဤသို့တွမ် တွေးမိသည်။
သို့နှင့် တွမ်၏ ကျောင်းသက်သည် နှစ်ဝက် ကျိုးခါနီးလာသည်။ ကျောင်းပိတ်ရန် နှစ်ဆယ့် တစ်ရက်သာလိုသည့်အခါ တွမ်သည် ပန်းခြံထဲတွင် တုတ်ချောင်း နှစ်ဆယ့်တစ်ချောင်း စိုက်လိုက် သည်။ တစ်ရက်ကုန်လျှင် တုတ်တစ်ချောင်း ဆွဲနုတ်ကာ အဝေးဆုံးရောက်အောင် ပစ်နိုင်သမျှ လွှင့် ပစ်လိုက်သည်။
ဤသို့ဖြင့် နောက်ဆုံးတွင် ကျောင်းပိတ်ရက်သို့ ရောက်လာသည်။ တွမ်လည်း အိမ်သို့ ပြန် လာသည်။ မီးရောင်လင်းနေသည့် ဧည့်ခန်းပြတင်းပေါက်ကိုလှမ်း၍ မြင်ရသည့်အခါ တွမ်ပျော်လာ သည်။ အေးစက်စက်လေကို ရှူရှိုက်ခဲ့ရာမှ ယခုကား ထိုင်နေကျ ဧည့်ခန်း၏ ပူနွေးသောလေများကို ရှူရှိုက်ရတော့မည်။ ချစ်စရာ အပြုံးများ၊ ကြင်နာသည့်အနမ်းများအကြားသို့ သူပြန်ရောက်လာပြီ။ မြင်နေကျကော်ဇောကြီး၊ ရင်းနှီးပြီးသားကုလားထိုင်များ၊ ပန်းချီကားများနှင့် ပြန်လည် ဆုံတွေ့ရလေ ပြီ။
လောကတွင် အသာယာဆုံးနေရာမှာ မိမိနှင့် အကျွမ်းဝင်ရင်းနှီးသည့်နေရာသာလျှင် ဖြစ် သည်။ထိုနေရာရှိ ပရိဘောဂများ၊ အသုံးအဆောင်များသည် အသစ်အဆန်းများ မဟုတ်တော့သဖြင့် သာယာစိုပြည်မှု အပြည့်ရှိသည်။ သူတို့ကား အရင်းနှီးဆုံး မိတ်ဆွေများဖြစ်ကြသည်။ အကြောင်းမှာ ထိုပစ္စည်း၊ ထိုပတ်ဝန်းကျင်တို့သည် မိမိတို့ မမွေးဖွားမီကတည်းက တည်ရှိနေခဲ့ကြသောကြောင့် ဖြစ်သည်။ ထိုပစ္စည်းတို့၏ အပိုင်းအစကလေးကိုဖြစ်စေ၊ ထိုပစ္စည်းတို့၏ အနံ့အသက်ကိုပင် ဖြစ်စေ တွယ်တာစိတ်၊ ချစ်ခင်စိတ်ဖြစ်မိကြသည်။ ယင်းတို့သည် ဘဝ၏ ပျော်ရွှင်မှု တစ်စိတ်တစ်ပိုင်းကို ဖန် တီးပေးသည်။ အမှန်စင်စစ် ယင်းတို့မှာ မရိုးနိုင်သော မိတ်ဆွေဟောင်း၊ အပေါင်းအသင်းဟောင်းများ ဖြစ်သောကြောင့်တည်း။

၁၆။ ခရစ္စမတ် ကျောင်းပိတ်ရက်

နှင်းများ တဖွဲဖွဲကျနေသည်။ ခရစ္စမတ်ရာသီ ရောက်လာပြီ။ မဂ္ဂီတို့အိမ်တွင်ခရစ္စမတ်ပွဲကျင်း ပသည်။ စားစရာသောက်စရာများပါသည်။ ဆွေမျိုးမိတ်ဆွေများစုကြသည်။ ပျော်ကြသည်။ စားကြသောက်ကြသည်။ ထိုနှစ်ခရစ္စမတ်ထမင်းစားပွဲသို့ ဦးလေးမော့၊ ဒေါ်လေးမော့နှင့် သူတို့ သားသမီးများလာကြသည်။ သားစုံသမီးစုံပါလာသည်။ အမေက ဧရာမပူတင်းကြီးလုပ်ထားသည် နှင့် အတော်ပင်ဖြစ်သည်။ ချိုချဉ်၊ သစ်သီး၊ ကိတ်မုန့်စသည်ဖြင့် ကလေးများအတွက် စားစရာလည်း ပါသည်။ ခရစ္စမတ်ပွဲဆိုလျှင် တွမ်သည် စားစရာများထက် အခြားအရာများကို ပို၍ သတိရစရာရှိ သေးသည်။ တွမ်သည် အစားထက်ကစားကို ပို၍ မက်မောသည်။ ခရစ္စမတ်ရာသီ ရောက်လာပြီဆို လျှင်နှင်းများ အဆုပ်လိုက် အခဲလိုက်ကျသည်။ နှင်းခဲများနှင့် ကစားရသည်မှာ အရသာတစ်မျိုးရှိ သည်။ နှင်းခဲများကို လုံးကာ တစ်ယောက်ကိုတစ်ယောက် ပေါက်ကြသည်။ ပြေးကြလွှားကြ၊ ဆော့ ကြ ကမြင်းကြသည်။ တစ်ဖန် ရေခဲပြင်ကြီးပေါ်တွင်လည်း လျှောစီးနိုင်သေးသည်။
သို့ငြားလည်း ယခု ခရစ္စမတ်တွင်မူ တွမ်လည်း စိတ်ရှိလက်ရှိမပျော်နိုင်။ ခရစ္စမတ် ဆိုသည် မှာ ပျော်စရာမြူးစရာ။ သို့သော် မစ္စတာတူလီဗာ အဖို့မူ မပျော်နိုင်၊ မမြူးနိုင်။ ယခုတလော တူလီဗာ စိတ်ဆိုးစရာကိစ္စများတစ်ခုပြီးတစ်ခု ပေါ်လာသည်။ ယခု ခရစ္စမတ်တွင် တူလီဗာစိတ်ဆိုးနေသည်။ ထမင်းစားပွဲကို လက်သီးနှင့်ထုကာ သူ့ရန်သူများအကြောင်းပြောသည်။ သူ့အသံသည် စူးရှ ကျယ် ဟိန်းလာသည်။ အသံကျယ်ရသည့်အကြောင်း၊ အသံဟိန်းရသည့်အကြောင်းရှိသည်။ ယင်းကို ဘယ် သူမှနားလည်နိုင်မည်မဟုတ်။ တူလီဗာ တစ်ယောက်တည်းသာနားလည်နိုင်သည်။ အဖေကြီး၏ အသံကိုကြားရလျှင် လောကကြီး၏ ရှုပ်ထွေးပုံကို နားလည်ချင်သလိုလိုရှိလာသည်။ ဤကမ္ဘာကြီး တွင် လူရှုပ်လူပွေများလည်း ပေါလှသည်ဟု တွမ်သိလာရသည်။ လူကြီးများ၏ လုပ်ငန်းများသည် ပြေပြေပြစ်ပြစ်မရှိ။ အေးချမ်းသာယာခြင်းမရှိ။ တစ်ယောက်နှင့်တစ်ယောက်ရန်မဖြစ်ဘဲ အလုပ် မလုပ်နိုင်ကြ။ စကားများကြ၊ ရန်ဖြစ်ကြပြီးမှသာ အလုပ်လုပ်နိုင်ကြသည်ဟူ၍လည်း တွမ် နားလည် လာသည်။ ရန်ဖြစ်သည်ကို တွမ် မကြိုက်။ ရန်ဖြစ်ခြင်းဖြစ်လျှင်ဖြစ်ထိုက်မှဖြစ်ချင်သည်။ ကိုယ့်ဘက် ကတန်းတူ ပြိုင်ဆိုင်ခွင့်ရမှဖြစ်ချင်သည်။
တူလီဗာ၏ “ရန်သူ”မှာ “ပိုင်ဗတ်”ဖြစ်သည်။ ချောင်းညာတွင် ပိုင်ဗတ်ပိုင်သည့်မြေရှိသည်။ ထိုမြေဆီသို့ ရေစီးဝင်အောင် ချောင်းထဲမှရေကို သွယ်ယူသည်။ ယခုည ထမင်းစားပွဲတွင် တူလီဗာ သည် ထိုအကြောင်းကို ပြောပြနေသည်။ ထမင်းဝိုင်း၌ သူ့ယောက်ဖ မစ္စတာမော့သာလျှင် တစ်ဦး တည်းသော ယောက်ျားပရိသတ်အဖြစ်ရှိနေသည်။ တူလီဗာပြောပုံပြောနည်းမှာ နားထောင်သူကို သဘောပေါက်လာအောင် မပြော။ သူ့ရင်တွင် လေးလံနေသည့် အလုံးအခဲကြီး တစ်ခုကိုသာ ပေါ့ သွားအောင် အန်ထုတ်သည့်နည်းနှင့် ပြောသည်။ မစ္စတာမော့သည်လည်း ထမင်းစားကောင်းသဖြင့် အိပ်ချင်လာသည်။ သို့သော် သူ့အစ်ကိုကြီး ပြောသမျှစကားများကို တစ်လုံးမကျန်စိတ်ဝင်စားသူမှာ တူလီဗာနှမ မစ္စက်မော့ဖြစ်သည်။ တစ်ခါတစ်ရံ ကြားဖြတ်၍ပင် တစ်စွန်းစ၊ နှစ်စွန်းစ ဝင်မေးလိုက် သေးသည်။
‘ပိုင်ဗတ်ဆိုတာ ဒီအရပ်မှာ အရင်ကမကြားမိပါဘူးအစ်ကိုကြီး၊ လူသစ်မဟုတ်လား’
‘လူသစ် နာမည်သစ်ပေါ့ကွာ၊ ဟုတ်တာပေါ့’ ထိုအခါတွင်မှ တူလီဗာ ပို၍ဒေါသထွက်လာ သည်။ ‘အစ်ကိုကြီးတို့ ပိုင်တဲ့ ဒေါလကော့စက်က ဒီအရပ်မှာ မိဘဘိုးဘွားလက်ထက် ဟိုး လွန်ခဲ့တဲ့ အနှစ်တစ်ရာလောက်က ရှိနေတာကွ၊ အဲ အဲဒီကတည်းက ဒီမြစ် ဒီချောင်းကို ဘယ်ပိုင်ဗတ်ဆိုတဲ့ လူတစ်ယောက်တလေမှ လက်ဖျားနဲ့တို့တာ မဟုတ်ဘူး။ အခု အဲဒီလူက ဗင်းကွန့်ရဲ့မြေကို ဝယ်လိုက် တော့မှပဲ ဟင်း...ငါသူ့ကို အကြောင်းပြရတော့မှာပေါ့ကွာ’တူလီဗာသည် ဒေါသဖြစ်လာသည်။
‘သူနဲ့ တရားတပေါင် ဖြစ်ဦးမှာလား အစ်ကိုကြီး၊ တရားမတွေ့ဘူးနော် အစ်ကိုကြီး’ မစ္စက် မော့က စိုးရိမ်သဖြင့်မေးသည်။
‘အေး မပြောတတ်သေးဘူး။ သူ့ကို ဘယ်ကိုလုပ်ရမယ်ဆိုတာ အခု မပြောနိုင်သေးပေမဲ့ တစ် ခုခုတော့ လုပ်မှာပဲ။ သူလုပ်ထားတာတွေ ဥပဒေနဲ့ ညီညွတ်ရဲ့လားဆိုတာ ကြည့်ရဦးမယ်။ ရေမြောင်း တွေရော၊ ရေကာတာတွေရောပေါ့။ သူ့နောက်မယ် ဘယ်သူတွေရှိနေတယ်ဆိုတာ ငါသိပါတယ်ကွာ၊ တခြားလူမဟုတ်ဘူးဟေ့ ဝေကမ်ကွ၊ ဝေကမ်။ ဒီကိစ္စမှာ ဥပဒေနဲ့ ညီညွတ်တယ်လို့ ဝေကမ်က သူ့ကို ပြောတယ်လို့ငါသိထားတယ်။ ဒါပေမဲ့ ဝေကမ် အပြင်တခြားရှေ့နေတွေ တစ်ပုံကြီးရှိပါသေးတယ် ကွာ။ သူ့ကိုနိုင်ဖို့ဆိုတာကတော့ ရှေ့နေကြီးကြီးမှ ဖြစ်မယ်။ နိုင်ပါတယ်ကွာ၊ တစ်နေ့ကပဲ ဗရွမ်မလေး အမှုမှာ ဝေကမ်ရှုံးသွားတယ်လေ။ အခုတလော လူတွေက ပြောနေကြတယ်။ ပိုင်ဗတ် ဖောက်တဲ့ ရေ မြောင်းတွေကြောင့် ငါ့စက်ရပ်မသွားပါဘူးတဲ့။ အဲဒီလို လျှောက်ပြောနေတာတော့မကောင်းဘူးကွ။ ငါသိတယ်ဟေ့၊ ကြာရင် ရေဟာ တို့စက်ဘက် စီးတော့မှာမဟုတ်ဘူး။ ရေအကြောင်း၊ မြစ်အကြောင်း ကောင်းကောင်းသိပါတယ်ကွာ။ လူအကြောင်းလည်း ကောင်းကောင်းသိပါတယ်။ မဟုတ်ဘူးလား မော့ရာ’
မစ္စက်မော့သည် သူ့ယောက်မ မစ္စက်တူလီဗာကို ဤသို့လှမ်း၍ပြောသည်။
‘ခုလိုရေကိစ္စ၊ ချောင်းကိစ္စနဲ့ အစ်ကိုကြီး စိတ်ဆိုးရ၊ စိတ်ညစ်ရတာတွေ့ရတော့ ကျွန်မလည်း စိတ်မကောင်းပါဘူးရှင်’
‘ညည်း အစ်ကိုကြီးကတော့ ဒီအတိုင်းချည်းပါပဲ။ ဒီလိုဒေါသထွက်နေတာပဲ’ မစ္စက်တူလီဗာ ကဖြေသည်။ မစ္စက်မော့နှင့် တွေ့သည့်အခါ သူ့ယောက်ျားကို သဘောမကျလျှင် “ညည်းအစ်ကို” ဟု သုံးနှုန်းလေ့ရှိသည်။
‘ဒီကိစ္စမှာတော့ တရားဖြစ်ဖို့ မလိုဘူးထင်တာပဲ။ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ။ အမှု မှန်တိုင်းလည်း ရုံးမှာ အနိုင်ရတာမဟုတ်ဘူး။ ဒီဝေကမ်ဆိုတဲ့လူက လူချမ်းသာရှင့်။ လူချမ်းသာ ဆို တော့ လိုရာဆန္ဒပြည့်တာချည်းပါ။
‘တစ်ခါတစ်လေတော့အေ ငါဖြင့် ရူးတောင် ရူးချင်လာတယ်။ သူ့ဟာက မိုးလင်းလို့ မျက်စိ နှစ်လုံးဖွင့်ကတည်းက ညအိပ်ရာထဲဝင်တဲ့အထိ တစ်နေ့လုံးရေအကြောင်း၊ ဥပဒေအကြောင်း၊ ရုံးပြင် ကနားအကြောင်းချည်းပြောနေတာပဲ။ တို့များလည်း သူ့ကို ဘယ်တော့ကမှ မဆန့်ကျင်ခဲ့ဘူး။ “ရှင် ကြိုက်ရာလုပ်။ ဒါပေမဲ့ တရားတော့မဖြစ်ပါနဲ့” လို့အမြဲဖျောင်းဖျခဲ့ပါတယ်ကွယ်’
သို့ရာတွင် တူလီဗာသည် သူ့မိန်းမ အလိုနှင့် ဆန့်ကျင်ဘက်ချည်းလုပ်သည်သာ များသည်။ ဈေးနေ့ရောက်လျှင် ဝေကမ်ကိုဈေး၌ အမြဲလိုလိုတွေ့ရသည်။ ထိုအခါ တူလီဗာ၏စိတ်သည် ပို၍ မခံ ချင်ဖြစ်လာသည်။ မခံချင်ဖြစ်လျှင် တရားတပေါင်တွေ့ဖို့ ဝန်မလေးတော့သည့်အဖြစ်သို့ အလိုလို ရောက်လာသည်။ တစ်ခါတုန်းက တူလီဗာသည် “ဒစ်” ဆိုသူနှင့်တရားတပေါင်ဖြစ်ခဲ့သည်။ တူလီဗာ အမှုရှုံးသည်။ ဝေကမ်ပင် ဒစ်ရှေ့နေအဖြစ် အမှုလိုက်ခဲ့သည်။ ထိုနောက် တံတားကိစ္စတွင် အမှုဆိုင် စဉ်ကလည်း တူလီဗာပင်ရှုံးခဲ့သည်။ နောက်ဆုံးတွင် တူလီဗာသည် ဝေကမ်၏ မိတ်ဆွေတစ်ယောက် ထံမှ ငွေငါးရာချေးရသည်။ မတတ်သာသည့်အဆုံး မချစ်သော်လည်း အောင့်ကာနမ်းသဘောဖြင့် ရရာမှ အကူအညီယူရခြင်းပင်ဖြစ်သည်။ ယခုအကြိမ်တွင်မူ ဝေကမ်ကို သင်ခန်းစာပေးရတော့မည်။ နဂါးမှန်းသိအောင် အမောက်ထောင်ပြရတော့မည်။
တွမ်သည် တစ်ညနေတွင် တူလီဗာအား သတင်းတစ်ခုပေးသည်။ ‘အဖေကြီး ကျွန်တော် ဦးကြီးဂလက်ဆီက သတင်းတစ်ခုကြားခဲ့တယ်။ ရှေ့နေဝေကမ်က သူ့သားလေးကို ဆရာစတယ် လင်းဆီစာသင်လွှတ်မလို့တဲ့။ အဖေ့သဘောက ဘယ့်နှယ်လဲ။ ကျွန်တော့်ကိုဝေကမ်သားနဲ့အတူ ကျောင်းထားမလား’
‘အိုဒါက အရေးမဟုတ်ပါဘူးကွာ၊ ဝေကမ့်သားဆီက အကျင့်ဆိုးတွေသာ ငါ့သား အတုမခိုးဖို့ အရေးကြီးတယ်။ ဝေကမ့်သားကလေးကလည်း ခါးကုန်းလေးပါကွာ။ ရုပ်ရည်ကတော့ သူ့မအေ့မျက်နှာနဲ့ ပိုပြီးတူတယ်။ သူ့ဖအေနဲ့မတူဘူး။ ဒါပေမဲ့ ဝေကမ်ဆိုတဲ့ လူဟာ ဆရာရွေးတာ ကြည့်ကွ၊ စတယ်လင်းဟာ လူတော်မှန်းသိတယ်။ ဝေကမ်ဆိုတဲ့လူဟာ အကောင်းမှန်သမျှတော့ အတော်သိတဲ့လူပဲကွ’
တူလီဗာ၏ စိတ်ထဲတွင် ကျိတ်၍ ဝမ်းသာနေသည်။ ဂုဏ်လည်းယူမိသည်။ ယင်းမှာသူ့သား နေသည့်ကျောင်းသို့ ဝေကမ်၏သားကိုလွှတ်မည်ဟူသော သတင်းကြောင့်ပင်ဖြစ်သည်။ သို့သော် လည်းတွမ်ကားအလိုမပြည့်နိုင်။ ဝေကမ့်သားသည် ခါးကုန်းသည်။ အကယ်၍သာ သူ့လို လူစဉ်မီသူဖြစ်ခဲ့လျှင် သူနှင့်တစ်ပွဲတစ်လမ်း လက်သီးစမ်းနိုင်မည်ဖြစ်သည်။ သို့သော် ဖိလစ်ဝေကမ်ကလေး ခါးကုန်းနေသည်က ခက်သည်။

၁၇။ ကျောင်းသားသစ်

‘လာဗျို့ လာဗျို့၊ တစ်ခါတွေ့ရပြန်ပြီဗျို့၊ ဝမ်းသာတယ်ဗျာ။ ကဲ လာဗျာ၊ စာကြည့်ခန်းထဲသာ ဝင်ပြီးနားနေကြဦး။ ကျွန်တော်တို့ဆီမှာ ကျောင်းသားသစ်တစ်ယောက်ရောက်နေပြီဗျ။ တွေ့ကြရ တာပေါ့’ စတယ်လင်းက တူလီဗာတို့ သားအဖကို ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
တွမ်သည် ကုတ်အင်္ကျီကို ချွတ်ရင်း မသက်မသာဖြစ်နေသည်။ ဖိလစ်ဝေကမ်ကို စိန့်အော့မြို့၌ တွေ့ဖူးသည်။ တွေ့တိုင်း သူ့ကို တည့်တည့်မကြည့်၊ မျက်နှာလွှဲခဲ့သည်သာများသည်။
‘ဟောဒီမှာ မင်းအဖော်တစ်ယောက် ဟေ့။ နှုတ်ဆက်ပါဦး၊ ဖိလစ်ဝေကမ်တဲ့’ စာကြည့်ခန်း ထဲသို့ ဝင်လျှင် ဆရာစတယ်လင်းက ဖိလစ်ဝေကမ်နှင့်မိတ်ဆက်ပေးသည်။ ‘ကဲစကားစမြည် ပြော နေရစ်ခဲ့ကြပေတော့။ အချင်းချင်း မိတ်ဖွဲ့ကြပေါ့ဗျာ။ မင်းတို့ချင်း သိဖူးကျွမ်းဖူးတော့ရှိကြမှာပေါ့။ အိမ်နီးချင်းတွေပဲဟာ’
တွမ်စိတ်အိုက်သွားသည်။ ဖိလစ်သည် ထိုင်ရာမှထကာ တွမ်ကိုရွံ့တွံ့တွံ့ကြည့်သည်။ ဆရာ စတယ်လင်းကား စာကြည့်ခန်းတံခါးကိုပိတ်ထားခဲ့ပြီး ရှောင်ထွက်သွားသည်။ အချင်းချင်း ရင်းနှီး ကြပါစေဟူသော သူ့စေတနာသည် လိမ္မာပါးနပ်သော စေတနာပင်ဖြစ်သည်။
ဖိလစ်သည် တွမ်ထံသို့သွား၍ လက်ကမ်းနှုတ်ဆက်ရန် ဝန်လေးနေသည်။ ဝန်လေးသည့် အကြောင်းတွင် မာနနှင့် ကြောက်ရွံ့ခြင်းနှစ်ခုပြိုင်တူကြီးစိုးနေသည်။ တွမ်ကို သူစိုက်၍ကြည့်လိုက် သည်။ ထိုအကြည့်ကိုတွမ် နှစ်မြို့ဟန်မတူဟု ခံစားမိသည်။ လမ်းလျှောက်သည့်အခါ ဖိလစ်၏ ကိုယ် အင်္ဂါချွတ်ယွင်းပုံမှာ သိသာလာသည်။ သို့နှင့် သူတို့နှစ်ယောက်လက်မဆွဲ၊ ပါးစပ်မဟဘဲ ကြောင်၍ ကြည့်နေကြသည်။ တွမ်သည် မီးဖိုဆီသို့သွားကာ မီးလှုံသည်။ မီးလှုံရင်း ခဏခဏပင် ဖိလစ်ကို လှည့်၍ကြည့်သည်။ ဖိလစ်သည် နေရာမှာပင် ထိုင်နေရင်း စာရွက်လွတ်တစ်ခုပေါ်၌ ပုံဆွဲနေသည်။ စိတ်ထဲတွင်မူ တွမ်ကို မည်သို့စ၍ မိတ်ဖွဲ့စကားပြောရမည်နည်းဟု တွေးသည်။
တစ်ကြိမ်တွင်မူ တွမ်သည် ဖိလစ်၏မျက်နှာကို ကြာကြာ စိုက်ကြည့်သည်။ ဖိလစ်မျက်နှာ သည်လူကြီးမျက်နှာနှင့်တူသည်။ သဘောတွေ့စရာမျက်နှာမျိုးမဟုတ်ဟုသူထင်သည်။ သူ့ထက် ဘယ်နှနှစ်ကြီးပြီလဲဟု တွေးကြည့်သည်။ ဖြူဖပ်ဖြူရော်နှင့် အားအင်ကုန်ခန်းနေသည့် ရုပ်မျိုး။ သူနှင့်ပြေးလွှားကစားရန် မဖြစ်နိုင်။ သို့သော် ဖိလစ်သည် ပုံဆွဲတော်သည်။ တစ်ပုံပြီးတစ်ပုံ အားမထုတ်ရဘဲ ဆွဲနေသည်။ သူဘာပုံတွေဆွဲနေသလဲ။
အတန်လေးကြာလျှင် တွမ်တစ်ကိုယ်လုံး နွေးနွေးထွေးထွေးရှိလာသည်။ အင်း စဉ်းစားကြည့် တော့လည်း ငါ့မှာ အဖော်ဆိုလို့ရှိတာမဟုတ်ဘူး။ ခါးကုန်းလေးကိုပဲ အဖော်လုပ်ရမှာ။ ချက်ချင်းပင် တွမ်သည် ဖိလစ်ရှိရာသို့သွားကာ ဆွဲနေသည့်ပုံကို ကြည့်သည်။
‘ဟာ တောင်းတွေနဲ့မြည်းပုံပါလား။ ဟောဒီမှာ ခွေးတစ်ကောင်။ ပြီးတော့ ကြက်တွေ အစာ စားနေကြပါလား။ ငါလည်း မင်းလိုပုံဆွဲတတ်ချင်လိုက်တာကွာ’တွမ်၏ပါးစပ်မှ လွှတ်ခနဲ ထွက် လာသောစကားများဖြစ်သည်။
‘ပုံဆွဲတာလောက်တော့ သင်နေစရာမလိုပါဘူး။ ငါလည်း ဘယ်တုန်းကမှ ပုံဆွဲသင်ခဲ့တာ မဟုတ်ဘူး’
‘မသင်ခဲ့ဘူး။ ငါတော့ ခွေးပုံ၊ မြင်းပုံတွေဆွဲတဲ့အခါ ခေါင်းတွေကျရင် အချိုးအစားကို မတည့်တော့ဘူး’ဤသို့ပြောပြီးချက်ချင်းပင် တစ်ခုစဉ်းစားမိပြန်သည်။ ဒီကောင်နဲ့ ပေါင်းသင်းတဲ့ အခါ အောက်ကျို့နေလို့မဖြစ်ဘူး။ ထို့ကြောင့် ‘ဒါပေမဲ့ငါကြိုးစားပြီး ဆွဲမယ်ဆိုရင် ဖြစ်ပါတယ်ကွာ။ ငါပြောရဲပါတယ်’ဟုဆိုလိုက်သည်။
‘ဟုတ်ပါတယ်၊ လွယ်လွယ်လေးပါ’
‘ဒါနဲ့မင်းအရင်က စာသင်ဖူးလား။ ဟိုအရင်က ကျောင်းအကြာကြီးနေခဲ့တယ်ထင်တာပဲ။ ဟုတ်လား’
‘ဟုတ်တယ်’ ဖိလစ်ပြုံးလာသည်။
‘လက်တင်၊ ဂရိ သင်ဖူးတယ်။ ပြီးတော့ စာရေးစာဖတ် အစုံပါပဲ’
‘အိုး ဟုတ်လား၊ ဒါဖြင့် လက်တင် ဘယ့်နှယ်လဲ၊ မင်း မကြိုက်ဘူးနော်’
‘လက်တင်ကြောင့်တော့ စိတ်မပူရပါဘူး’
‘အေးပါလေ…စောင့်ကြည့်ဦးပေါ့၊ ဣတ္ထိလိင် ရောက်တော့…’
‘အဲဒါတွေ အကုန်သင်ပြီးခဲ့ပြီကွ။ အခု ဒါတွေထပ်ပြီးသင်ဖို့လိုမှာမဟုတ်ဘူး’
‘ဒါဖြင့် ငါနဲ့ သင်ခန်းစာအတူ သင်ရမှာမဟုတ်ဘူးပေါ့’ တွမ်အနည်းငယ် စိတ်ပျက်သွား သည်။
‘ဒီလိုလည်း မဟုတ်ပါဘူး။ မင်းကို ငါအကူအညီပေးပါ့မယ်။ ပေးနိုင်မယ်ဆိုရင် ဝမ်းသာ စရာပဲပေါ့’
ဝေကမ်၏သား ဖိလစ်သည် တွမ် မျှော်လင့်ထားသလို စိတ်ကောင်းမရှိသည့်သူ ဟုတ်ဟန် မတူ။
‘ဒီမှာ မင်းအဖေကို မင်းချစ်သလား’ တွမ်က မေးပြန်သည်။
‘ချစ်တာပေါ့’ဖိလစ်၏မျက်နှာ ရဲခနဲနီသွားသည်။ ‘မင်းရောမင်းအဖေကိုမချစ်ဘူးလား’
‘ချစ်တာပေါ့ကွ၊ သိချင်လို့သာမေးတာပါ’ တွမ်အနည်းငယ်ရှက်သွားသည်။
‘လက်တင်ကို ဘာလို့သင်ရတာလဲဆိုတာ ငါ စဉ်းစားလို့မရဘူး’ တွမ်သည် ချက်ချင်းပင် အလျင်စကားစကို ပြန်ရောက်အောင်လွှဲလိုက်သည်။ ‘ဆာဂျွန်ဂရိတ်ဆိုတာ လက်တင် သိမှ သိရဲ့ လား။ ဒါပေမဲ့ ဒီနယ်မှာတော့ မြင်းစီးမှာ သူ့ကိုမီတာမတွေ့မိဘူး’
‘သူလည်း ကလေးတုန်းက သင်ခဲ့တာပေါ့။ ဒါပေမဲ့ အခုလောက်ရှိတော့ မေ့ကုန်ရောပေါ့’ ဖိလစ်ကဖြေသည်။
‘အေးလေ ငါလည်း သင်လို့ရပါတယ်’ တွမ်အားကျမခံပြောလိုက်သည်။
ထိုစကားကြားလျှင် ဖိလစ်ရယ်သည်။
‘ငါတို့တော့ မှတ်မိတာချည်းပဲ။ တစ်ချို့စာတွေဆိုရင် သင်ရတာသိပ်စိတ်ကြိုက်တွေ့တယ်။ ဂရိသမိုင်းသင်ရတာ သဘောကျတယ်။ အရင်တုန်းက ဂရိတစ်ယောက်ဖြစ်ခဲ့ပြီး ပါရှင်းတွေကို တိုက် ခဲ့ရရင် ဘယ်လောက်ကောင်းလိုက်မလဲ’
‘ဂရိသမိုင်းမှာ ဒေးဗစ်နဲ့ ဆင်မဆမ်တိုက်ကြတာလို တိုက်ပွဲအကြောင်းတွေ ပါရဲ့လား’
‘ဟာ ဒါမျိုးတွေ အများကြီးပဲ’
‘ဒါဖြင့် ငါ့ကိုပြောပြပေါ့ကွာ’
‘ငါဖတ်ဖူးတာတွေကို အပုံကြီးပဲ။ ဂရိမဟုတ်တဲ့ ဝတ္ထုတွေလည်းဖတ်ဖူးတယ်’
တွမ်ကလည်း အားကျမခံ သူ့ပညာစွမ်းများကို ပြချင်သည်။
‘အေး မင်းကိုလည်း ငါးမျှားနည်း သင်ပေးမယ်။ မင်း ငါးမျှားတတ်ရဲ့လား။ ငြိမ်ပြီး ကြည့် နေတတ်ရမယ်။ ထိုင်ကြည့် ထိုင်စောင့်၊ ထကြည့်ထစောင့်’
‘အို ငါးမျှားတာကိုတော့ ငါမုန်းတယ်။ ငါးမျှားကြိုးကို အကြာကြီးထိုင်စောင့်နေရတဲ့ အလုပ် လောက်မုန်းတာမရှိဘူး။ အရူးတွေမှ ကြာရှည်ကြီးထိုင်နေကြတာကွ’
‘ဟား အဲဒီငါးမျှားတဲ့လူတွေပဲ ငါးကြီးတစ်ကောင်လောက် မိလာရင် သူ့ကို အရူးလို့ မင်း ပြောဦးမလား။ မပြောနိုင်ဘူးပေါ့’ တွမ်က ပြန်၍ချေသည်။
ဒီရှေ့နေဝေကမ်ရဲ့သားဟာ ဘယ်လိုကောင်လဲ၊ ငါနဲ့သဘောချင်းမတိုက်ဆိုင်တာတွေ အများ ကြီးပဲ၊ ဒီကောင်ကိုတော့ စောင့်ကြည့်မှ တော်ရုံကျမယ်။
………….
အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု စာရေးဆရာမ George Eliot ၏ ‘The Mill on the Floss’ ကို စာရေးဆရာကြီး ဆရာကျော်အောင်က ဘာသာပြန်ထားသည့် ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ဘာသာပြန်အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၆ ) ကို နောက်တစ်ပတ်စနေနေ့ ( ၁၆-၆-၁၈ )  ည ( ၉ ) နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။

အကယ်၍ ဝန်ဇင်းစာချစ်သူတို့က ဒီစာအုပ်ကို နှစ်သက်လို့ အပိုင်ဝယ်ယူ ဖတ်ရှုချင

Related Posts