ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း( ၉ )[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]


ကျော်အောင် - မြစ်ကမ်းပေါ်ကစက်ရုံကလေး 
[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]
အပိုင်း ( ၉ ) 
………….
(ခ)
“မဂ္ဂီ” ဟူသောအသံကြားလိုက်လျှင် ဒေါ်လေး  ပူးလက်က ‘အခုကလေးတွေမမြင်ပါလား။ သူတို့လည်း လာပြီး နားထောင်ပေစေ။ သူ့ဦးလေးတွေ၊ ဒေါ်လေးတွေဘာပြောကြမယ်၊ ဘာတိုင်ပင်ကြတယ်ဆိုတာသိရမှာပေါ့’ဟုဒေါ်လေးပူးလက်က ပြောသည်။
တွမ်နှင့် မဂ္ဂီတို့သည် အဖေကြီးအခန်းထဲတွင်ရှိနေကြသည်။ သူတို့ကို မစ္စက်တူလီဗာ သွားခေါ်သည်။ လှေကားမှ ဆင်းအလာတွင် စတိုခန်းတံခါးကို လှမ်းမြင်လိုက်သည်နှင့် စိတ်ကူးတစ်ခုပေါ်လာသည်။ ထိုကြောင့် ကလေးနှစ်ယောက်ကို သွားနှင့်စေကာ မစ္စက်တူလီဗာ ချန် နေရစ်သည်။
တွမ်နှင့်မဂ္ဂီဧည့်ခန်းထဲသို့ ဝင်သွားသည့်အခါ ဒေါ်လေးများ ဝိုင်းဖွဲ့ဆွေးနွေးနေကြသည်။ သူတို့ ပြောကြသည်မှာ တူလီဗာ အိမ်ထောင်စု၏ အရေးအခင်းပင်ဖြစ်သည်။
တွမ်နှင့်မဂ္ဂီသည် တစ်ဦးစီကိုလိုက်၍နှုတ်ဆက်သည်။ ပါးစပ်က ဘာမျှမဟ။ ဦးလေးပူးလက် ကစပြောသည်။
‘ဘယ့်နှယ် ကျောင်းတော်သားကြီးခင်ဗျာ။ အခုပဲ ခင်ဗျားအကြောင်းပြောနေကြသေးတယ်။ ခင်ဗျား သင်ကြားခဲ့တဲ့ ပညာတွေဟာ အခုလို အရေးကြုံလာတဲ့အခါ အသုံးတည့်ရတော့မယ် ထင် တယ်မဟုတ်လား’
‘ဟုတ်တယ်’ ဦးကြီးဂလက်က ထောက်ခံသည်။ ဆက်၍ ‘သူသင်လာတဲ့ ပညာတွေဟာ ဘယ်လောက်အထောက်အကူပြုတယ်ဆိုတာ အခုအချိန်မှာ ပြရမှာပေါ့။ တို့ဆိုပညာမသင်ခဲ့ပါဘူး ဗျာ။ ဒါပေမဲ့ကြီးပွားတာပါပဲ။ ဒီတော့ တို့လောက်ကြီးပွားအောင် လုပ်နိုင်ပါ့မလားဆိုတာ ကြည့်ကြ ရအောင်။ ဒါပေမဲ့ ရွရွလေးနေပြီး ကြီးကြီးကျယ်ကျယ် ပညာတွေသင်တယ်။  အဲ စီးပွားရှာရမယ် ဆိုတော့ ငါတို့ထက်ပိုပြီး ပင်ပန်းမှာပဲ’
‘အို ပင်ပန်း ပင်ပန်း သူလုပ်ရမှာပဲ’ ဒေါ်ကြီးဂလက်ဝင်၍ထောက်ခံသည်။ ‘စီးပွားရှာတဲ့ အခါ သူများတွေကို ယုံပြီး ကိုယ်က ပေါ့ပေါ့နေလို့ရတာမဟုတ်ဘူး။ မဂ္ဂီလည်း စိတ်ထားပြင်ရမယ်။ နှိမ့်ချတဲ့စိတ်ထားနိုင်အောင် ကြိုးစားရမယ်။ အခုဆို သူ့အတွက် အစေအပါးတွေ ထားနိုင်တော့မှာ မဟုတ်ဘူး။ ဘာကိုပဲ ဖြစ်ဖြစ် ကိုယ့်လက်ကိုယ့်ခြေနဲ့ လုပ်ရတော့မယ်။ ဒီတော့ အလုပ်ကို လုပ်မှဖြစ် မယ်’
တွမ်သည် ဆွေမျိုးများရှေ့ စားပွဲထိပ်၌ ရပ်နေသည်။ ယခုအခိုက်အတန့်တွင် ဆွေမျိုးများရှေ့ ၌ ရိုရိုသေသေ ပြောဆိုဆက်ဆံရန် ဝန်လေးသည်။ သူ့စိတ်ထဲ ရှိသည်တို့ကို သူပြောချင်သည်။ တစ်ခု ခုပြောချင်လာသည်။ ထိုအချိန်တွင် အမေဝင်လာသည်။
အမေ့လက်ထဲတွင် ငွေလက်ဖက်ရည်အိုးပါလာသည်။
လက်ဖက်ရည်အိုးကို စားပွဲပေါ် ချလိုက်ပြီး မစ္စက်ဒီအင်ကို ကြည့်ကာ ‘ဒီလက်ဖက်ရည်အိုး ပဲ ညီမလေး၊ ခုတစ်ခါ သေသေချာချာ ကြည့်ချင်ကြည့်ဦး။ ဟိုတုန်းက ဖြစ်ခဲ့တာကြာပြီမဟုတ်လား။ ဒီပစ္စည်းဟာ လက်ထပ်တုန်းက ဝယ်ခဲ့တာ။ ကျွန်မ နာမည်လည်း ထိုးထားတယ်။ ကြည့်ပါ၊ အယ်လိဇဗက်ဒေါ့ဆန် တဲ့။ သူများတွေလက်ထဲ ရောက်သွားရင် ရှက်စရာကြီး။ ကျွန်မတို့ ဆွေမျိုး အားလုံးအရှက်ကွဲရမှာ’
‘အိုအေ ရှက်စရာစကားပြောရင် ညည်းတို့ အိမ်ထောင်ကြီးကို ခုလိုပျက်စီးအောင်လုပ်တဲ့ လူနဲ့ညည်းလက်ထပ်ခဲ့ရတာသာ ရှက်စရာပါ’ဒေါ်ကြီးဂလက်က မဲ့ကာ ရွဲ့ကာပြောသည်။
မဂ္ဂီသည်ထိုင်ရာမှ ဝုန်းခနဲ ထလိုက်သည်။ “ဟင်း တို့အဖေကြီးကို ခုမှဝိုင်းပြီးအပြစ်ဖို့နေ ကြတယ်။ ငါမခံနိုင်ဘူး”မဂ္ဂီ လှုပ်လှုပ်ရှားရှားဖြစ်နေသည်ကို တွမ်သတိထားမိသည်။ ‘နေ နေ မဂ္ဂီ၊ ဘာမှမပြောနဲ့’ ဟုချွေးသိပ်ကာ မဂ္ဂီကိုလက်ကာပြသည်။ ပြီးမှ-
‘ဒေါ်ကြီး’တွမ်သည် ဒေါ်ကြီးဂလက်ကိုစိုက်ကြည့်သည်။ ‘ဒီပစ္စည်းတွေသူများလက်ထဲ ရောက်သွားရင် တစ်ဆွေလုံး တစ်မျိုးလုံး အရှက်ကွဲမယ်လို့ထင်တယ်ပေါ့။ ဒီလိုဆိုရင် အရှက်မကွဲ ရအောင် ကာကွယ်ကြဖို့ပဲရှိတာပေါ့။ ဒေါ်ကြီးနဲ့ဒေါ်လေးပူးလက်တို့သေရင် ကျွန်တော်နဲ့မဂ္ဂီတို့ကို အမွေအချို့ပေးခဲ့ဖို့ စိတ်ကူးရှိတယ်ဆိုရင်အခုပေးပါလား။ ဒါမှအမေ့ပစ္စည်းတွေ ကျွန်တော်တို့ ဝယ် ထားလိုက်နိုင်မှာပေါ့’
တွမ်၏ စကားသည် လက်တွေ့ကျသောစကားဖြစ်သည်။ သတ္တိရှိရှိပြောလိုက်သော စကား လည်းဖြစ်သည်။ တွမ်သည် ယခုမှ ဆယ့်ခြောက်နှစ်သာရှိသေးသည်။ ထိုစကားကြောင့် အားလုံးငြိမ် သွားကြသည်။ ခဏကြာလျှင် ဦးကြီးဂလက်ထံမှ ဤသို့ကြားရပြန်သည်။
‘အေး မင်းမှာစိတ်ကူးကောင်းလေးတွေရှိသားကွ။ ဒါပေမဲ့မင်းအဒေါ်တွေမှာက သူတို့ ချေး ထားတဲ့ပိုက်ဆံပေါ်က ငါးရာခိုင်နှုန်းအတိုးရတာကွ။ ဒါလည်း သတိရဦးမှပေါ့။ မင်းပြောသလို မင်း တို့ကိုအခုပိုက်ဆံပေးရမယ်ဆိုရင် အဲဒီရသမျှ ကုန်ရောပေါ့ကွ’
‘ကျွန်တော် အလုပ်လုပ်ပြီး ဆပ်မှာပေါ့။ အမေ့ပစ္စည်းတွေ မဆုံးရအောင် ကျွန်တော် ဘာပဲ လုပ်ရလုပ်ရလုပ်မှာပဲ’
‘ကောင်းတယ်’ဦးကြီးဂလက်က ထောက်ခံသည်။
သို့သော်လည်း သူ့မယား ဒေါ်ကြီးဂလက်က ထိုစကားကို ကြားလျှင်စိတ်ဆိုးသည်။ ‘အမယ် လေး မစ္စတာဂလက်ရယ်၊ ရှင့်မှာ ကိုယ့်ပိုက်ဆံသူများပေးလိုက်ရတာကိုပဲ ပျော်နေသလား။ ညီမပူး လက်အတွက်တော့ သူ့သဘောအတိုင်းပဲ။ သူပေးချင်ပေး မပေးချင်နေ။ ဒါပေမဲ့ ကျုပ်တို့တော့ မပေး နိုင်ဘူး။ ဒီလိုကောက်ကျစ်တဲ့လူတွေ၊ ပိုက်ဆံတန်ဖိုးမသိတဲ့ လူတွေကို ဘာလို့ပေးရမှာလဲ
ထိုအခါ ဒေါ်လေးပူးလက်က-
‘ကျွန်မ ညီမနဲ့ကလေးတွေအတွက်တော့ဖြင့် ဝမ်းနည်းပါတယ်။ ဒါပေမဲ့ အစ်မကြီးကမှ မကူ ညီတော့ဘူးဆိုရင် ကျွန်မဘက်ကလည်း ဘာမှလုပ်စရာမရှိတော့ဘူး’
မဂ္ဂီသည် ဆတ်ဆတ်တုန်သည်အထိ ဒေါသဖြစ်လာသည်။
‘ဒါဖြင့် ဒေါ်လေးတို့ဒီကို ဘာလို့လာကြသေးလဲ။ ရှင်တို့ညီမအရင်းခေါက်ခေါက်တစ်ယောက် ဒုက္ခရောက်နေတာကို ကူညီဖို့ ဘာမှမစဉ်းစားဘဲ ကျွန်မတို့ကို ဆူပူဖို့၊ အပြစ်တင်ဖို့ပဲ လာကြတာ လား။ ဒီလိုဆိုကျွန်မတို့ဆီ မလာကြနဲ့၊ ကင်းကင်းရှင်းရှင်းနေကြ။ အဖေကြီးကိုတော့ ဘာမှအပြစ် တင်စရာမလိုဘူး။ အဖေကြီးဟာ ရှင်တို့နဲ့ ဘာမှမဆိုင်ဘူး။ အဖေကြီးဟာ ကြင်နာတတ်တယ်။ ရှင် တို့သာတကယ်လို့ ဒုက္ခရောက်ခဲ့ရင် ရှင်တို့ကို ကူညီမှာ အမှန်ပဲ။ ရှင်တို့ပိုက်ဆံဆိုရင် တွမ်နဲ့ ကျွန်မ တို့ကလည်း တစ်ပြားတစ်ချပ်မှ မလိုချင်ဘူး။ ရှင်တို့ အကူအညီမပါဘဲ နေပြမယ်။ ရှင်တို့ဆီက အကူ အညီမယူတာကမှ ကောင်းသေးတယ်’
‘ဗက်ဆီရေ ဒီကလေးနဲ့တော့ ညည်းဆက်ပြီး ဒုက္ခရောက်မှာ မြင်သေးတယ်’ မစ္စက်ပူးလက် ကပြန်ပြောသည်။
‘ကဲ ကဲ အလကား စကားများပြီး အချိန်ဖြုန်းမနေကြနဲ့၊ လုပ်စရာရှိတာသာ လုပ်ကြရ အောင်’ ဦးကြီးဂလက်ကဝင်၍ဖျန်ဖြေသည်။
(ဂ)
‘ဟော မစ္စက်မော့ပါလား၊ သတင်းစုံသူကြားပြီနဲ့တူတယ်’ မစ္စက်တူလီဗာသည် အခန်းထဲ သို့ ဝင်လာသော မစ္စက်မော့ကို  မြင်ကာ တအံ့တသြ စကားဆိုလိုက်သည်။
မစ္စက်မော့သည် ဒေါ့ဆန် ညီအစ်မများနှင့်မတူ။ သူဝတ်လာသည့်အဝတ်မှာ ညစ်ထည်း ထည်း။ ဝင်လာကတည်းက ဘယ်သူ့ကိုမှ မြင်ဟန်မတူ။ တွမ်ဆီကိုသာ တန်းသွားကာ လက်ကို ဖမ်း ဆွဲလိုက်သည်။
‘ငါ့တူလေး တူမလေးတွေကို ပြောရဦးမယ်ကွယ်။ ဒေါ်လေးဟာ မင်းတို့အတွက် ဘာမှ အကူ အညီမပေးနိုင်ဘူး။ ငါ့မှာတော့အပေးမရှိဘူး၊ အယူပဲရှိတယ်။ ဒါနဲ့ အစ်ကိုကြီး ဘယ့်နှယ်နေသေး သလဲ’            
‘ဒေါက်တာတန်းဖူးကတော့ သက်သာပါလိမ့်မယ် ပြောတာပဲ။ ထိုင်ပါဦး ဂရစ်တီ’မဂ္ဂီက ပြောသည်။
‘ကလေးတို့ရယ်၊ ဒေါ်လေးတော့ စိတ်ရှုပ်တာပဲကွယ်။ အစ်ကိုကြီးဆီက ငွေသုံးရာ လှည့် ထားတယ်။ အခုဆို အစ်ကိုကြီးမှာ ပိုက်ဆံလိုနေပြီ။ ဒီပိုက်ဆံ ပြန်ပေးဖို့ဆိုရင် ခုနေတော့ ရှိသမျှ ရောင်းချပေးမှဖြစ်မှာပဲ’
‘လက်လွတ်စပယ်တော်၊ သူမို့ဒီလို ငွေချေးနိုင်တယ်။ စာချုပ်စာတမ်းလည်း ရှိမှာမဟုတ်ပါ ဘူး’ဒေါ်ကြီးဂလက်က ဝင်၍ပြောသည်။
‘ရှိပါတယ်ရှင်၊ ငွေသုံးရာ ယူလိုက်တော့ ကျွန်မယောက်ျားက လက်မှတ်လေးတစ်ခု ထိုးပေး လိုက်ပါတယ်’
‘ဒီလိုဖြင့်လဲ’ဦးကြီးဂလက်၏ အသံသည် ချိုသာသည်။ ‘ဒီလိုဖြင့်လည်း မင်းယောက်ျားမှာ တခြားက ငွေလှည့်လို့ မရနိုင်ဘူးလား၊ အခုဒီမှာတော့ ငွေလိုနေတာပဲ’
‘မဖြစ်နိုင်ပါဘူးရှင်၊ ကျွန်မတို့မှာ ဒီနှစ် ဂျုံထွက်မကောင်းပါဘူး။ ထွက်သမျှ ဂျုံတွေအားလုံး ရောင်းပြီးတာတောင် မြေခမပေးရသေးဘူး’
‘အေး၊ ဒါပေမဲ့ အခုပြောတာကိုတော့ စဉ်းစားကြည့်ဦးလေ။ မင်းတို့ကိုတော့ သတိပေးသင့် တယ်ထင်လို့ သတိပေးစကားပြောရတာပဲ။အခုဆို တူလီဗာမှာ ဒေဝါလီခံရတော့မယ်။ ဒီတော့ စာချုပ်စာတမ်းရှိတယ်ဆိုရင်လည်း အဲဒီငွေသုံးရာကိုတော့ ပြန်ပေးရမှာပေါ့၊ ပေးရမှာဖြင့်လည်း ခုပဲ ပေးလိုက်ပေါ့’တွမ်သည် ရုတ်တရက် စကားဝင်ပြောသည်။
‘ဦးလေးခင်ဗျား၊ ကျွန်တော် ပြောချင်ပါတယ်။ ဒေါ်လေးမော့တို့ဆီက ငွေသုံးရာကို မျှော်လင့် နေလို့မဖြစ်ပါဘူး၊ အဖေကြီးကလည်း သူတို့ဆီကပြန်လိုချင်မှာမဟုတ်ဘူး။ ဆရာစတယ်လင်း ကျောင်းကို မသွားခင်တစ်ညမှာ အဖေကြီးက ကျွန်တော့်ကို ဒီလိုပြောပါတယ်။ “နှမလေး အပေါ်မှာ ငါအမြဲကောင်းခဲ့တယ်။ ငါသဘောမတူတဲ့ ယောက်ျားကိုယူပေမဲ့ ငါစိတ်မဆိုးဘူး။ သူ့ယောက်ျားကို တောင် ပိုက်ဆံချေးခဲ့သေးတယ်။ သူ့ဆီက ပြန်တောင်းဖို့ ငါဘယ်တော့မှ စိတ်မကူးတော့ဘူး။ ဆုံးချင် ဆုံးပေစေတော့”တဲ့။ အခုတော့ အဖေကြီးလည်း နေမကောင်းဖြစ်နေတယ်၊ စကားမပြောနိုင်ဘူး။ ဒါပေမဲ့ သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဒေါ်လေးတို့ဆီက ပိုက်ဆံကို ပြန်တောင်းဖို့ မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်’
ဦးကြီးဂလက်သည် ထိုစကားကိုကြားလျှင် အံ့အားသင့်သွားသည်။ ‘ဘယ်လိုလဲ တွမ်၊ ဒီလို ဆိုလည်း ပြန်တောင်းဖို့ မရှိဘူးပေါ့ကွာ။ မော့ရဲ့လက်မှတ်ထိုးထားတဲ့ ငွေချေးစာချုပ်ကိုတောင် ဖျက် ဆီးပစ်လိုက်ဖို့ရှိတာပေါ့’
‘စာချုပ်ကို ဖျက်ဆီးပစ်ရမယ်’ ဦးလေးပူးလက်ကမေးသည်။ ‘အင်းဒါရာဇဝတ်မှုလား ဆိုတာ စဉ်းစားကြဦးနော်။ ကျွန်တော်တော့ သိပ်မသေချာလှဘူး’
‘ဦးကြီးဂလက်က ကျွန်တော့်ကို ကူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဖေကြီးကတော့ သူ ပြောထားတဲ့ စကားကို စွဲစွဲမြဲမြဲမှတ်ထားစေချင်ပုံပဲ’
တွမ်သည် ဦးလေးပူးလက်၏ စကားကိုပင် မကြားတော့။
ဒေါ်ကြီးဂလက်သည် တွမ်၏စကားနှင့် တွမ်၏သဘောထားကို စိတ်ထဲက ကျိတ်၍ ထောက် ခံသည်။ တွမ်သည် ဒေါ့ဆန်မျိုး၊ ဒေါ့ဆန်သွေးမဟုတ်လား။ ယခု ဒေါ့ဆန်သွေးပြနေသည်ဟု ဒေါ်ကြီး ဂလက်လက်ခံလိုက်သည်။
ဦးကြီးဂလက်သည် လေးလေးနက်နက် စဉ်းစားနေရာမှ-
‘မင်းအဖေ ရစရာရှိတဲ့ လူဆီကငွေကို တို့က တောင်းပေးတာကွယ့်။တစ်ယောက်ရဲ့ညစာကို ယူပြီး တစ်ယောက်ကိုမနက်စာကျွေးမလို့ကွယ့်။အဲဒီသဘောကို မင်း နားမလည်ဘူးထင်တယ်’
‘ကျွန်တော် နားလည်ပါတယ် ဦးကြီး။ ဒါပေမဲ့ ဒေါ်လေးမော့ကို အဖေကြီး ငွေသုံးရာ ချေး တုန်းက အဖေကြီးမှာ ကြွေးမတင်သေးပါဘူး။ ဒီတော့ ပေးနိုင်မှာပေါ့’
‘ကောင်းပါ့ဗျာ၊ ကဲ ကဲ အဲဒီစာချုပ်ရှိသေးသလား၊ သွားကြည့်ရအောင်’ ဦးကြီးဂလက်က မေးသည်။
မဂ္ဂီက ‘အဖေကြီး အခန်းထဲမှာရှိတယ် ရှင့်’ဟုဖြေသည်။

၂၆။ တွမ် အလုပ်ရှာခြင်း
(က)
ရက်အတန်ကြာသည့်အခါ တူလီဗာလည်း အနည်းငယ် သက်သာလာသည်။ အားအင် ပြည့် ဖြိုးလာသည်။ နောက်ဆုံးတွင် ဆရာဝန်က ရောဂါပျောက်နိုင်သည်ဟု မျှော်လင့်ချက်စကားပြော သည်။
ရောဂါသက်သာလာသော်လည်း သူ့ကြမ္မာကား တစ်မျိုးတစ်ဖုံပြောင်းလဲစပြုလာသည်။ ဇန်န ဝါရီလ ဒုတိယပတ်တွင် သူပိုင် စက်ရုံနှင့် မြေတို့ကို ရောင်းချမည့် နို့တစ်စာ ထွက်လာသည်။ ထို့ နောက်အစိုးရက လေလံတင်ရောင်းချလိုက်သည်။
စက်နှင့်မြေတို့ကို ဝေကမ်ကဝယ်လိုက်သည်။
ပိုင်ရှင်သည် သူပိုင်ပစ္စည်း၊ အဆောက်အအုံတို့ကို လှည့်၍ကြည့်သည်။ သူနှင့်အတူ မစ္စတာ ဂလက်နှင့် မစ္စတာဒီအင်တို့ပါလာသည်။ထိုနောက် ဝေကမ်သည် ဂလက်၊ ဒီအင်တို့နှင့် တိုင်ပင်ကာ တစ်စုံတစ်ခု ပြုလုပ်ရန်တင်ပြသည်။ ယင်းမှာ အကယ်၍ တူလီဗာ ကျန်းမာလာခဲ့လျှင် စက်ရုံကို အုပ် ချုပ်ရန် မန်နေဂျာအဖြစ်ခန့်ထားမည်ဟူသော စိတ်ကူးပင်ဖြစ်သည်။ ထိုအကြောင်းကို မစ္စက်တူလီဗာ အားသိစေသည်။
ချမ်းအေးသည့် တစ်မနက်ခင်းတွင် တွမ်သည် ဦးလေးဒီအင်ကို တွေ့ရန် စိန့်အော့မြို့သို့ ထွက် လာသည်။ သူအလုပ်ကိုင်ရှာချင်သည်။ ဦးလေးဒီအင်နှင့် ထိုအကြောင်းတိုင်ပင်ချင်သည်။ တိုင်ပင်ရန် အသင့်ဆုံးပုဂ္ဂိုလ်မှာ ဦးလေးဒီအင်ပင်ဖြစ်သည်ဟု တွမ်စိတ်ကူးမိသည်။ မစ္စတာဒီအင်သည် အလုပ် ကြီးအကိုင်ကြီးလုပ်နေသူဖြစ်သည်။ ခဏလေးအတွင်း ကြီးပွားလာသူဖြစ်သည်။ တွမ်လည်း သူ့လို ကြီးပွားချင်သည်။ သူ့လိုအလုပ်မျိုး လုပ်ချင်သည်။
စိန့်အော့ အဝင် ဖလော့မြစ်ကူး ကျောက်တံတားကို ဖြတ်သည့်အခါ တွမ်၌ ဆန္ဒတစ်ခုဖြစ်ပေါ် လာသည်။ ယင်းမှာ အကယ်၍သာ သူချမ်းသာလာလျှင် အဖေကြီး၏ စက်နှင့်မြေတို့ကို ပြန်၍ ဝယ် ယူလိုခြင်းပင်ဖြစ်သည်။ အိမ်ကိုပြင်၍ဆောက်မည်။ မြင်းများများမွေးမည်။ ခွေးလည်းမွေးမည်။ ထို အိမ်မှာပင် နေသွားတော့မည်။
“ဒီအင်နှင့် ကုမ္ပဏီ”ရုံးရှေ့သို့ရောက်သည့်အခါတွင်မှ သူ့စိတ်ကူးအိပ်မက်ထဲမှ လန့်နိုးလာ သည်။
ဦးလေးဒီအင်မရှိ။ ‘ကြာသပတေးနေ့ မနက်ဆိုရင် မစ္စတာဒီအင်ဘဏ်ကိုသွားတယ်ခင်ဗျ။ ဘယ်တော့မှမတွေ့နိုင်ဘူး’တွမ် မသိချက်ဆိုးရွားသည်ကို စာရေးက အပြစ်တင်လိုဟန်တူသည်။
ထို့ကြောင့် ဘဏ်တိုက်သို့ တွမ်လိုက်သွားသည်။ သူ့နာမည်ပြောလိုက်လျှင် မစ္စတာဒီအင် ရှိရာ အခန်းထဲသို့သူ့ကိုခေါ်သွင်းသည်။ ဦးလေးဒီအင်သည် စားပွဲအကြီးကြီးတွင် ထိုင်ကာ စာရင်းအင်း များကို ကြည့်နေသည်။ တွမ်ဝင်လာသည်ကိုမြင်လျှင် လက်ပြနှုတ်ဆက်သည်။
‘တွမ်ပါလားဟေ့၊ အိမ်မှာ ဘာမှမဖြစ်ဘူးနော်။ မင်းအဖေကြီး နေကောင်းရဲ့လား’
‘ တော်တော်လေး သက်သာလာပါပြီဦးလေး။ ဦးလေး အားတဲ့အခါ ကျွန်တော် စကားနည်း နည်းပြောချင်လို့ပါ’
‘ထိုင်လေကွာ၊ ထိုင်’ မစ္စတာဒီအင်သည် စာရင်းအင်းများဆီသို့ မျက်နှာရောက်သွားပြန် သည်။
နောက်နာရီဝက်ခန့်အထိ သူ့စာရေးနှင့် စာရင်းများရှင်းနေကြသည်။ ဘဏ်ပိတ်သည်အထိ ဒီ လိုပဲ ထိုင်စောင့်နေရမှာလားဟု တွမ်တွေးပူသည်။ ဦးလေးက သူ့ကို ဘဏ်တွင် အလုပ်ခန့်လေမည် လား။ နာရီကြီးမှ “ချက်ချက်” “ချက်ချက်” ဟူသောအသံကို တစ်နေကုန်ထိုင်နားထောင်ရင်း အလုပ်လုပ်ရမည်မှာ ပျင်းစရာကြီးပင်ဖြစ်သည်။ တခြားနည်းလမ်းဖြင့် သူ ချမ်းသာချင်သည်။
နောက်ဆုံးတွင် ဦးလေးသည် စာရင်းစာအုပ် အောက်ဆုံးနားတွင် တစ်စုံတစ်ရာ ရေးမှတ် လိုက်သည်။ ပြီးမှ ‘မစ္စတာစပင့်၊ ခင်ဗျား ဟိုမစ္စတာတော်ရီဆီကိုသာ သွားပေတော့’ဟုပြောလိုက် သည်။
စာရေး၏ ပြန်ပြောသံကား တိုးလွန်းသဖြင့် တွမ်ပင် ကောင်းကောင်းမကြားလိုက်ရ။
‘ကဲ တွမ်၊ ဆိုစမ်းပါဦး’ ဦးလေးဒီအင်သည် သူ့ဘက်သို့ မျက်နှာမူလိုက်သည်။ ‘ဘာကိစ္စလဲ၊ ဆိုပါဦး ငါ့တူရဲ့’(ခ)
‘ဦးလေးကို ဒုက္ခပေးရတာ ဝမ်းနည်းပါတယ်။ ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ဦး လေးခင်ဗျား’ တွမ်၏ မျက်နှာတွင် ရှက်သွေးအနည်းငယ်ဖြန်းလာသည်။ အသံကား မာသည်။ သူ့ ကိုယ်သူယုံသည့်အသံမျိုးဖြစ်သည်။ ‘ကျွန်တော် ဘာလုပ်သင့်တယ်ဆိုတာ အကောင်းဆုံး အကြံပေး နိုင်တဲ့လူဟာ ဦးလေးပဲလို့ ကျွန်တော်ထင်ပါတယ်’
‘ကဲ ပြောပါဦး၊ ကြားရအောင်’တွမ်ကို စိတ်ဝင်စားလာဟန်တူသည်။
‘ကျွန်တော်အလုပ်လုပ်ချင်တယ်ဦးလေး၊ ဝင်ငွေလိုချင်တယ်’
တိုတိုနှင့် လိုရင်းကိုတွမ်ပြောသည်။
‘အလုပ်လုပ်ချင်တယ်၊ နေပါဦး၊ မင်း အသက်ဘယ်လောက်ရှိပြီလဲ’
ဦးလေးဒီအင်သည် ကုလားထိုင်ကို မှီလိုက်သည်။
‘ဆယ့်ခုနှစ်နှစ်နှစ်ပြည့်တော့မယ် ခင်ဗျာ’သူ့မုတ်ဆိတ်မွေးကို ဦးလေး မြင်ကောင်းပါရဲ့ ဟု မျှော်လင့်မိသည်။
‘အေး ဆယ့်ခုနှစ်နှစ်ရှိတဲ့ လူတွေကတော့ ပိုက်ဆံသိပ်မရနိုင်သေးဘူးကွ။ ဒါပေမဲ့ မင်းက တော့ကျောင်းသက်တော်တော်ကြာခဲ့တာပဲ။ စာရင်းအင်းတော့ နိုင်မှာပဲနော်။ စာရင်းအင်းကို မင်း နားလည်သလား’‘ဟင့်အင်း၊ နားမလည်ဘူး’တွမ်၏ အသံတုန်သွားသည်။ ‘ဒါပေမဲ့ ဆရာစတယ်လင်း ကတော့ ကျွန်တော် လက်ရေးလက်သားကောင်းတယ်လို့ မှတ်ချက်ချဖူးတယ်။ ဟောဒါကျွန်တော့် လက်ရေးပဲ’ စာရွက်တစ်ရွက်ကို ထိုးပြလိုက်သည်။
‘အား ကောင်းသားပဲကွ။ အဟုတ်ပါလား။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ လက်ရေးအကောင်းဆုံး လူတွေဆိုတာလည်း မိတ္တူစာရေးလောက်သာဖြစ်တာပဲကွ။ စာရင်းအင်း နိုင်ဖို့က အရေးကြီးတယ်။ မိတ္တူစာရေးကတော့ သိပ်ပေါတာပဲ’
‘ကျွန်တော် ခပ်မြန်မြန်လေးနဲ့ ကြီးပွားမယ့်အလုပ်ကို လုပ်ချင်တယ်ဦးလေး။ ကျွန်တော် ကောင်းကောင်းလုပ်ရင် ကောင်းကောင်း ခံစားရမယ့်အလုပ်မျိုးပေါ့။ မတော်ရင်၊ မလုပ်ရင်၊ မကြိုးစားရင် မဟန်ဘူးပေါ့။ ကျွန်တော့်အမေနဲ့ နှမလေးကို ကြည့်ရှုရမယ်မဟုတ်လား’
‘ဟေ့အမျိုးကောင်းသားလေးရဲ့၊ အပြောက အလုပ်ထက် လွယ်တယ်ကွ’
‘ဒါပေမဲ့ ဦးလေးလည်း ဒီလိုနဲ့ပဲ ကြီးပွားခဲ့တာမဟုတ်လား။ တစ်နေရာက တစ်နေရာ၊ တစ် ထစ်ပြီးတစ်ထစ်တက်လာတာ ပြောတာပါဦးလေး။ ဒါကဦးလေး အလုပ်ကြိုးစားတော့၊ အလုပ် ကောင်းကောင်းလုပ်တော့ ကောင်းကောင်းခံစားရတာပေါ့’
‘ဟုတ်တယ် ဟုတ်တယ်၊ ငါနေရာရခဲ့တာ ဟုတ်တယ်။ ထိုက်တန်လို့ရခဲ့တာပဲ။ မင်းလည်း နေရာအရွေးမှားရင် တွက်ကိန်းလွဲနိုင်တယ်’
‘ကျွန်တော်လည်း ဦးလေးလိုပဲ လုပ်ချင်တာပဲ၊ ဖြစ်နိုင်ပါ့မလား’
‘ငါ့လိုပဲ’မစ္စတာဒီအင် မျက်လုံးပြူးသွားသည်။ ‘ဒါကအခြေအနေအမျိုးမျိုးအပေါ်မှာ တည် တယ်ကွ။ မင်းဟာ ဘယ်နေရာမှာ အသုံးကျမယ်။ ပြီးတော့ ဘယ်လိုအလုပ်အတွက် လေ့လာခဲ့တယ်။ ဒါတွေက အရေးကြီးသေးတယ်။ ခုတော့ မင်းမှာက တစ်ခုခက်နေတယ်။ မင်းအဖေကြီးက မင်းကို ပညာသင်ပေးရာမှာ လမ်းလွဲရောက်သွားတယ်။ လက်တင်တတ်တာဟာ မင်းအတွက် ဘာအသုံးကျ မှာလဲ’
‘အသုံးမကျပါဘူး၊ ဒါပေမဲ့ လက်တင်ကြောင့်တော့ ကျွန်တော့်မှာ အခက်တွေ့စရာမရှိပါဘူး။ လက်တင်ကိုမကြာခင် ကျွန်တော်မေ့မှာပဲ။ ကျောင်းမှာတော့ သင်ခန်းစာတွေလုပ်ရတာပေါ့။ အဲဒီ စာတွေဟာ နောင်အခါအသုံးကျပါ့မလားဆိုတာ ကျွန်တော် အမြဲစဉ်းစားခဲ့တယ် ဦးလေး’
‘အေး ဟုတ်ပါပြီ၊ ငါပြောတာက ဒါမဟုတ်ဘူး။ မင်းဆီမှာ လက်တင်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ခန်းခြောက်သွားမှာအမှန်ပဲ။ ဒီတော့ မင်းမှာ ဘာကျန်ခဲ့သလဲ။ မင်းသိတာ ဘာရှိတော့ သလဲ။ စာရင်းအင်းလည်း မင်းမသိဘူး။ အစက ပြန်စရမှာပဲ။ ဒါက လူ့ဘဝထဲ ဝင်မယ်ဆိုရင် ပြော တာပါ။ မင်းအဖို့ဘဝသစ်၊ လူသစ်ဖြစ်ဖို့ကအရေးကြီးတာပါ’
တွမ်သည် အံကြိတ်ကာ နှုတ်ခမ်းကိုကိုက်လိုက်သည်။ မျက်လုံးထဲတွင် မျက်ရည်များ လည် လာသည်ဟုပင်ထင်မိသည်။ သို့သော် တွမ်သည် လူဖြစ်ရတော့မည်မဟုတ်လား၊ ဘဝသစ်သို့ ဝင်ရ တော့မည်မဟုတ်လား။ 
‘အလုပ်လုပ်ရဖို့အတွက် ငါ့အကူအညီလိုချင်တယ်မဟုတ်လား။ အေးမင်းအတွက် တစ်ခုခု လုပ်ပေးဖို့ ငါစိတ်ကူးရှိပါတယ်’တွမ်ကဖြတ်ပြောမည်ပြင်လိုက်သည်။ သို့သော် ဦးလေး ဒီအင်က လက်ကာပြသည်။ ‘ကဲငါပြောတာ နားထောင်။ မိတ္တူစာရေးတော့ မင်းမဖြစ်ချင်ဘူးနော်။ စားပွဲမှာ ထိုင်ပြီးတော့ စက္ကူနဲ့ မင်အိုးနဲ့ တစ်နေကုန် စခန်းသွားနေရမှာမဟုတ်လား။ အေး အကောင်းဆုံး တစ်နေရာတွေ့ထားတယ်။ အဲဒါက မြစ်ကမ်းနားက စတိုမှာပဲ။ သင်္ဘောတွေ ကုန်ချစတိုပေါ့ကွာ။ အဲဒီမှာ မကောင်းတဲ့အနံ့အသက်တွေတော့ ရှိတာပေါ့။ ဒါပေမဲ့ စတိုထဲ မနေဘဲအပြင်ဘက်မှာချည်း နေရင် အအေးမိမယ်။ လူဆိုးလူပေတွေရဲ့ ရန်စတာကို ခံရမယ်။ အေးမင်းကတော့ လူကြီးလူကောင်း တစ်ယောက်ပါ’
ဦးလေးဒီအင်သည် စကားကို ခဏရပ်ကာ တွမ်၏မျက်နှာကိုကြည့်လိုက်သည်။
‘ကျွန်တော့်အတွက် အသင့်လျော်ဆုံးဆိုတဲ့အလုပ်ကိုလုပ်ပါ့မယ်ဦးလေး။ ဘယ်လိုပဲ မကြိုက် စရာ။ မနှစ်သက်စရာရှိရှိပေါ့။ ပြီးတော့ ချက်ချင်းပဲ စာရင်းအင်းအတတ်ကို ကျွန်တော့်လေ့လာပါ့ မယ်’
‘အေး ဒီလိုမှပေါ့ကွ။ အဲဒါဟာ အမှန်ဆုံးစိတ်ထားပဲ။ ဒီလိုကိုယ့်ကိုယ်ကိုယ် အမှန်ရောက် အောင် လုပ်မယ်လို့ခံယူပြီးလာတဲ့လူတိုင်းကို ငါအကူအညီပေးခဲ့တာချည်းပဲ။ ဘယ်တော့မှ မငြင်းခဲ့ ဘူး’ တွမ်သည် အပြင်မှ ပြန်ရောက်စမို့ နွေးနွေးထွေးထွေးဖြစ်ရန် မီးဖိုရှေ့၌ မီးလှုံနေသည်။ မဂ္ဂီဝင် လာပြီး တွမ်အနား ကပ်လာသည်။
‘ဦးလေးဒီအင်က ဘာပြောလိုက်သလဲ။ တွမ်ကို အလုပ်ရှာပေးမယ်တဲ့လား’
‘ငါ့အတွက်နေရာကောင်းကောင်း ရနိုင်မှာမဟုတ်သေးဘူးလို့ သူ ထင်ဟန်တူတယ်။ ငါက ငယ်သေးတယ်လို့ဆိုတယ်’
‘အင်းလေ၊ ဒါပေမဲ့ တွမ်ကိုကြင်ကြင်နာနာရှိရဲ့လား။ ကောင်းကောင်းမွန်မွန်ဆက်ဆံရဲ့ လား’
‘သူကပြောတယ်။ စာရင်းအင်း ပညာကို ငါလေ့လာဖို့ လိုသေးတယ်။ တခြားဟာတွေလည်း သင်ကြားရဦးမယ်တဲ့။ သူ့သဘောက ငါဟာ ဘာမှအသုံးကျတဲ့လူ မဟုတ်ဘူးလို့ ထင်ဟန်တူပါ တယ်’
‘စာရင်းအင်းဟုတ်လား၊ အို ဒါတော့ ငါသင်ပေးပါ့မယ်ဟယ်။ ကျောင်းမှာတုန်းက လူစီနဲ့ အတူအဲဒါတွေသင်ခဲ့ဖူးတာပဲ’
၂၇။ သမ္မာကျမ်းတွင် မှတ်တမ်းတင်ခြင်း
(က)
နှစ်လကုန်ခဲ့ပြီ။ တူလီဗာသည် ယခုအခါ အိပ်ရာမှ ထစပြုပြီ။ အားအင်ပြည့်ဖြိုးလာပြီ။
မဂ္ဂီသည် တွမ်နှင့်အတူ အဖေကြီးအခန်းမှ ထွက်လာသည်။ ‘တွမ်ရေ၊ တို့များ အဖေကြီးကို အဖြစ်အပျက်တွေ အားလုံးထဲက နည်းနည်းလောက်ဖြစ်ဖြစ် သူနားလည်အောင် ပြောထားရင်  မကောင်းဘူးလား။ အောက်ထပ်ကို သူဆင်းမယ်ဆိုရင် တစ်စွန်းတစ်စသိတော့မှာပဲ။ အမေ့ကိုတော့ သူနဲ့မတွေ့အောင် ရှောင်ခိုင်းထားရင်ကောင်းမယ်ထင်တယ်။ အမေ့ပါးစပ်က တစ်ခွန်းတစ်လေ ပြော လိုက်ရင်
အဖေကြီးစိတ်ဒုက္ခရောက်နေဦးမယ်။ အမေ့ကို ကီဇီယာနဲ့ မီးဖိုထဲမှာ ခေါ်ထား။ အလုပ် များနေမှအဖေကြီးနဲ့မတွေ့မှာ’
ကီဇီယာသည် ချက်ချက်ချာချာရှိသည်။ အားကိုးရသည်။ အဖေကြီးနေမကောင်းမချင်း သူ့ကို လခမပေးနိုင်ဟု မဂ္ဂီတို့က ပြောထားသည်။ သူကျေနပ်သည်။ တစ်ဖန် ယခုအခြေအနေတွင် အိမ်ရှင်မ မစ္စက်တူလီဗာကို ထိန်းမှ ဖြစ်မည်ဟုလည်း နားလည်ထားသည်။ တစ်ခါတစ်ရံဆူပူကြိမ်းမောင်း လုပ် ကာပင်ထိန်းသည်။
ပြင်ဘက်တွင် အဝတ်များ လှန်းထားသည်။ ရုပ်ရမည်။
ကီဇီယာအဖို့ အကွက်ဝင်လာသည်။ ‘တစ်လက်တည်းနဲ့တော့ အလုပ်တွေ လည်အောင်လုပ်ဖို့ မဖြစ်နိုင်ဘူး မစ္စက်တူလီဗာ။ ဒီတော့ အပြင်မှာ လေကောင်းလေသန့်လည်း ရှူရအောင် အဝတ်တွေ ကူရုပ်ပေးပါလား’
သူ့စကားကို မစ္စက်တူလီဗာ နားထောင်သည်။
တူလီဗာသည် အဝတ်လဲအပြီး အနည်းငယ် မောလာသဖြင့် ကုလားထိုင်တွင် နားနေသည်။ မဂ္ဂီနှင့်တွမ်တို့ သူ့အပါးတွင်ထိုင်နေကြသည်။ လုဝင်လာကာ သူ့ဆရာကြီးကို အောက်ထပ်သို့ ပို့ပေး မည်ဟုဆိုသည်။
‘အေး အေး ကောင်းတယ်။ ဒါပေမဲ့ ခဏလေး စောင့်ပါဦး။ ထိုင်လေ’ တူလီဗာက တုတ် ကောက်နှင့်ညွှန်လိုက်သည်။
‘ဒါထက် တို့စက်ရုံဘက်ကို ရေလာသေးတယ်နော်။ ဘယ့်နှယ်လဲလု၊ ဒစ်ကြောင့် ကိစ္စများ သေးသလားဟင်’
‘လာပါတယ်ခင်ဗျ၊ အခုဘာမှမဖြစ်ပါဘူး’
‘အဖေကြီးကလည်း အဲဒီ ဒစ်နဲ့ရန်ဖြစ်တဲ့ ကိစ္စက ကြာလှပြီပဲ။ ကျွန်တော် ဆရာစတယ်လင်း ကျောင်းကို မသွားခင်ကတည်းက ဒီအကြောင်းကျွန်တော့်ကို အဖေကြီးပြောတာပဲ။ စတယ်လင်း ကျောင်းမှာ ကျွန်တော်သုံးနှစ်တောင်ကြာခဲ့တယ်။ အဖေကြီး မမှတ်မိဘူးလား’ တွမ်က ဝင်၍ ထောက်လိုက်သည်။
တူလီဗာသည် ကုလားထိုင်တွင် ပြန်၍မှီလိုက်သည်။ သူ့စိတ်ထဲတွင် အလျင်က အကြောင်း များပြန်လည်သတိရလာသည့်အခါ သူ့မျက်နှာသည် ကလေးတစ်ယောက်၏ မျက်နှာမျိုးမဟုတ် တော့။
‘ဟုတ်တယ် ဟုတ်တယ်’ နှစ်မိနစ်ခန့် အကြာတွင်ပြန်ပြောသည်။ ‘ငါ့သားကို ပညာ ကောင်းကောင်းပေးရမယ်လို့ ငါဆုံးဖြတ်ထားခဲ့တယ်။ ငါ့မှာ ပညာမရှိခဲ့ဘူး။ ဒါကိုငါကောင်းကောင်း သဘောပေါက်နားလည်မိတယ်။ ဘာလို့လဲဆိုတော့ တကယ်လို့ ဝေကမ်က…’
သူ့စကားရပ်သွားသည်။ ဝေကမ်နှင့်ဆက်၍ အတွေးသစ်တစ်ခု သူ့ခေါင်းထဲဝင်လာသည်။ ထိုနောက်အိတ်ထဲလက်နှိုက်ကာ တစ်စုံတစ်ခုရှာသည်။ ပြီးမှ တွမ်ဘက်သို့ ရုတ်တရက် လှည့်ကာ ‘ဂိုးရဲ့စာကို သူတို့ဘယ်ထားလိုက်ကြသလဲ’ဟုမေးလိုက်သည်။ သူ့အမူအရာမှာ နဂိုအတိုင်းပင်။
‘အဲဒီစာထဲမှာ ဘာပါတယ်ဆိုတာ အဖေကြီးသိလား’ပြောပြောဆိုဆိုပင် တွမ်က စာကို ထုတ်ပေးသည်။‘သိတာပေါ့ကွ’တူလီဗာဒေါသထွက်လာသည်။ ‘အဲဒါဘာဖြစ်ကုန်သလဲ။ ဖာလီက ငါ့ပစ္စည်း မယူနိုင်ရင် တခြားလူတစ်ယောက်က ယူလိမ့်မပေါ့။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂိုးကို သွားတွေ့ ရဦးမယ်။ သူငါ့ကို မျှော်နေလိမ့်မယ် ဟေ့။ မြင်းပြင်ထားဖို့ပြောလိုက်’
‘နေပါဦး အဖေကြီးရယ်၊ မဟုတ်သေးပါဘူး။ အဲဒါတွေက လွန်ခဲ့တဲ့အချိန်တွေမှာ ဖြစ်ခဲ့တာ တွေပါ။ အခုအားလုံးပြောင်းကုန်ပြီး အဖေကြီး’ မဂ္ဂီကပြောသည်။
တူလီဗာသည် သားနှင့်သမီးအား နားမလည်နိုင်သော အကြည့်ဖြင့်ကြည့်လိုက်သည်။
‘ဟုတ်တယ် အဖေကြီး၊ အခုဆို စက်ရုံရော၊ မြေကွက်ရော၊ အကြွေးတွေရောအတွက် အား လုံးဖြေရှင်းပြီးဖြစ်နေပြီ’တွမ်က မဂ္ဂီစကားကို ထောက်ခံလိုက်သည်။
‘ပေးနိုင်ရင် ပေးစရာရှိတဲ့ လူအားလုံးကို ပေးလိုက်ဖို့တွမ်ကို ကျွန်တော်ပြောတယ် ဆရာ ကြီး’လုက သူ့သဘောထားကို ဖွင့်ထုတ်လိုက်သည်။
(ခ)
‘အားလုံးကိုပေးရမယ်၊ ပေးပြီးပြီလား။ ဘာလဲ…အခုငါ့ပစ္စည်းတွေဝရမ်းကပ်ပြီး ရောင်း လိုက်ပြီပေါ့၊ လေလံတင်လိုက်ပြီပေါ့’
‘အို အဖေကြီးကလဲ။ အားလုံးကို တွမ်ကပေးမှာပေါ့။ သူ ရှာပေးမယ်တဲ့။ သူအခု လူကြီး ဖြစ်လာပြီ တဲ့’
အဖေကြီး၏နှုတ်ခမ်းများ တဆတ်ဆတ် တုန်လာသည်ကို မဂ္ဂီသတိထားမိသည်။
‘ဒီမှာ သမီးလေး၊ ဟုတ်ပါတယ်၊ ဒါပေမဲ့ နှစ်ကြိမ်တော့ ငါအသက်ရှင်မှာမဟုတ်ဘူး’ တူလီဗာ၏ အသံသည် တုန်နေသည်။
‘ဒါပေမဲ့ ကြွေးအားလုံးကို ကျွန်တော်ဆပ်မယ် အဖေကြီး၊ အဖေကြီးမသေခင် ဆပ်ပြမယ်’ တွမ်ကအားပေးသည်။
သူ့ကိုလှည့်ကြည့်သည်။ ‘မင်းအခုမှ ဆယ့်ခုနှစ်နှစ်ရှိသေးတယ်တွမ်။ ရှေ့ခရီးဟာ မင်းအဖို့ တောင်တက်ခရီးပဲ။ အေး…အဖေကြီးကိုတော့ အပြစ်မတင်နဲ့။ အဖေကြီးထက် လူယုတ်မာတွေက ပိုပြီး လည်တယ်ကွ’
စကားတွေခဏရပ်လိုက်သည်။ ပြီးမှ-
‘ဒါဖြင့် အခုလေလံတင်ပြီးပြီပေါ့’ သူ့အသံသည် တည်ငြိမ်လာသည်။
‘အောက်ခန်းမှာဆိုရင် ပြောင်တလင်းခါနေပြီအဖေကြီး။ အံ့အားသင့်စရာမလိုတော့ဘူး။ ဒါ ပေမဲ့ အဖေကြီး စားပွဲနဲ့ကုလားထိုင်တော့ ကျန်ပါသေးတယ်’မဂ္ဂီမအောင့်နိုင်ဘဲ ပြောချလိုက်သည်။
‘ကဲ အောက်ဆင်းမယ်ဟေ့၊ လု…ငါ့ကိုတွဲစမ်း’
ဧည့်ခန်းတွင် ခဏရပ်ကာကြည့်သည်။ ခါတိုင်းရှိနေကျအသုံးအဆောင်ပရိဘောဂများ မရှိ တော့သည်ကိုတွေ့ရသည်။ ယင်းတို့နေရာတွင် ကွက်လပ်သာကျန်ခဲ့သည်။ ပစ္စည်းများကား အရိပ် သာထင်ကျန်နေသည်။ ယင်းတို့မှာ တူလီဗာ၏ နေ့စဉ်ဘဝမှ အပေါင်းအသင်းများဖြစ်သည်။
‘ဪ သူတို့ငါ့ကို လေလံတင်လိုက်ကြပြီပဲ’သူ့ကုလားထိုင်ဆီသို့ ဖြည်းဖြည်းလှမ်းရင်း ပြောလိုက်သည်။
ကုလားထိုင်တွင် ထိုင်လိုက်သည်။ လုထွက်သွားသည်။ တူလီဗာသည် အခန်းကို တစ်ကျော့ ပြန်ကြည့်သည်။
‘ဪ သမ္မာကျမ်းစာအုပ်ကြီး’တော့ချန်ထားခဲ့ကြပါလားကွယ့်။ အဲဒီအထဲမှာ ငါ့ အကြောင်း အားလုံးရေးထားတယ်။ ငါမွေးတဲ့နှစ်၊ ငါလက်ထပ်တဲ့နှစ်၊ ယူခဲ့စမ်း တွမ်’
ထိုအချိန်တွင် မစ္စက်တူလီဗာ အခန်းထဲသို့ဝင်လာသည်။ သူ့ယောက်ျားကို အခန်းထဲ၌ တွေ့ လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ ရှေ့မှာလည်း သမ္မာကျမ်းကြီးကို ဖွင့်လျက်။ ထိုကြောင့် စကား မပြောနိုင်ဘဲ ကြောင်ကြည့်နေသည်။
‘ဟော မာဂရက်ဗီတန် တဲ့။ အဲဒါ ငါ့အမေပဲ။ အယ်လိဇဗက်ဒေါ့ဆန်။ သူနဲ့လက်ထပ်တာ ဆယ့်ရှစ်နှစ်ရှိပါပေါ့လား’
‘လွန်ခဲ့တဲ့မတ်လက ဆယ့်ရှစ်နှစ်ပြည့်ခဲ့ပြီ’မစ္စက်တူလီဗာသည် သူ့ဘေးသို့သွားရပ်ကာ စာအုပ်ကိုကြည့်ရင်း ပြောလိုက်သည်။
အဖေကြီးသည် အမေ့မျက်နှာကို စိုက်ကြည့်သည်။
‘ကံဆိုးရှာတယ် ဗက်ဆီ။ အဲဒီတုန်းက မင်းဟာ အလွန်လှတဲ့မိန်းကလေးတစ်ယောက်ပေါ့။  လူတိုင်းကပဲ မင်းကိုသိပ်လှတယ်ပြောကြတယ်။ အခုထက်ထိ မင်းဟာလှနေတုန်းပဲလို့ငါထင်တယ်။ ဒါပေမဲ့ ဒုက္ခတွေကြောင့် မင်းလည်း ရင့်ရော်လာရပြီ။ ငါ့ကို အပြစ်မယူပါနဲ့ ဗက်ဆီ။ တို့နှစ်ယောက် “ကောင်းအတူဆိုးအတူ”ဆိုပြီးလက်ထပ်ခဲ့ကြတယ်မဟုတ်လား’
‘ဒါပေမဲ့ ခုလောက်အထိ ဒုက္ခရောက်လိမ့်မယ်လို့ ဘယ်တုန်းကမှ ကျွန်မမတွေးခဲ့ဘူး’
‘ဒီလိုမပြောပါနဲ့ ဗက်ဆီရယ်။ ငါ့ဘက်က တတ်နိုင်သမျှ လုပ်ပါ့မယ်၊ ငါကျိန်ပါတယ်ကွာ’
‘ဒါဖြင့်ကျွန်မတို့ညီအစ်မတစ်တွေ သိုက်သိုက်ဝန်းဝန်း ဒီမှာပဲနေရအောင် လုပ်ပါလား။ ခု တော့ရှင်က ဝေကမ်နဲ့ တစ်ဖက်တစ်လမ်းဖြစ်နေတာကိုး’
‘ခုလိုအချိန်မှာ ဒါမျိုးတွေမပြောပါနဲ့ အမေ’ တွမ်က သတိပေးသည်။
‘ပြောပါစေ ငါ့သား၊ သူပြောချင်တာ ပြောပါစေ’
‘ဘာဖြစ်လို့လဲ ဆိုတော့ အခုဆို စက်ရုံနဲ့ဒီမြေ၊ ဒီအိမ်တွေကို ဝေကမ်ပိုင်နေပြီ။ ဝေကမ်က ပြောတယ်။ ရှင့်ကို ဒီမှာထားမယ်၊ စက်ရုံကိုစောင့်ရှောက်အုပ်ချုပ်ဖို့ တစ်ပတ် သျှီလင်သုံးဆယ်ပေး မယ်တဲ့။ ကဲ ဒီကဖယ်ပေးရမယ်ဆိုရင် ကျွန်မတို့ဘယ်သွားနေကြမလဲ။ ရွာထဲက တဲစုတ်တစ်ခုခုမှာ သွားနေဖို့ပဲရှိတယ်။ ဒါတွေအားလုံးဟာ ဝေကမ်နဲ့ရှင် ရန်ဖြစ်တာကြောင့် ဖြစ်ရတာပဲ’
တူလီဗာသည် ထိုင်နေရင်း ဒေါသဖြစ်ကာ တဆတ်ဆတ်တုန်လာသည်။ နောက်ဆုံးတွင်-
‘အေး ငါနဲ့ဆိုင်သမျှ၊ ပတ်သက်သမျှ မင်းကြိုက်တာ လုပ်ပေတော့ဗက်ဆီ။ မင်းကို ဒုက္ခပင် လယ်ဝေအောင် ငါလုပ်ခဲ့မိပြီကိုး။ အင်း ငါ့အဖို့လောကကြီးက အဆင်မပြေပါဘူးကွာ’
သူ့အသံသည်တိုးသည်။
အတော်လေးကြာသည်အထိ စကားဆက်မပြောဘဲငြိမ်နေသည်။
ထိုနောက် ခေါင်းမော့လိုက်သည်။ ‘တွမ်’သူ့အသံသည် ပြတ်သည်။ ‘တွမ် ဒီမှာ ထိုင်စမ်း၊ ဟောဒီသမ္မာကျမ်းထဲမှာ မင်း တစ်ခုရေးရမယ်’
………….
အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု စာရေးဆရာမ George Eliot ၏ ‘The Mill on the Floss’ ကို စာရေးဆရာကြီး ဆရာကျော်အောင်က ဘာသာပြန်ထားသည့် ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ဘာသာပြန်အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၁၀) ကို မနက်ဖြန်ည ( ၉ ) နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။
အကယ်၍ ဝန်ဇင်းစာချစ်သူတို့က ဒီစာအုပ်ကို နှစ်သက်လို့ အပိုင်ဝယ်ယူ ဖတ်ရှုချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖုန်းထဲမှာ ထည့်သွင်းဖတ်ရှုနိုင်ကြောင်း ပြောပါရစေခင်ဗျာ။ 
“ဝန်ဇင်းစာချစ်သူတို့က ဘာသာပြန်ဝတ္ထုကောင်းတွေကို နှစ်သက်သဘောကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်၊ အကြံပြုလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …               



Related Posts