ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း( ၁၂ )[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]


ကျော်အောင် - မြစ်ကမ်းပေါ်ကစက်ရုံကလေး 
[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]
အပိုင်း ( ၁၂ ) 
………….
(ဃ)
မဂ္ဂီသည်ဆံပင်ပုံအလယ်မှ ဖြည်းဖြည်းထသည်။ ထိုနောက် အောက်ထပ်သို့ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။ ထမင်းစားခန်းဝ ရောက်လျှင် တံခါးပေါင်ကိုမှီကာ အခန်းထဲသို့ချောင်း၍ ကြည့် သည်။ တွမ်နှင့်လူစီကို ထမင်းစားပွဲ၌ တွေ့ရသည်။ သူတို့နှစ်ယောက် အကြားတွင်နေရာတစ်ခု လပ် နေသည်။ စားပွဲပေါ်တွင် ပူတင်းပန်းကန်များ။ ပူတင်းကိုမြင်သည့်အခါ သွားရေယိုလာသည်။ ထို့ ကြောင့် အခန်းထဲသို့ စွတ်ခနဲဝင်ကာ ကုလားထိုင်လွတ်၌ ဝင်၍ထိုင်လိုက်သည်။
မဂ္ဂီဝင်လာသည်ကိုမြင်လျှင် မစ္စက်တူလီဗာသည် စူးစူးဝါးဝါးအော်လိုက်သည်။ သို့သော် သူ့ အသံကား အုပ်အုပ်ဆိုင်းဆိုင်း။ ထိုအခါမျက်လုံးပေါင်းများစွာတို့သည် မဂ္ဂီဆီသို့ရောက်သွားကြ သည်။
ထိုမျက်လုံးတို့၏ ဒဏ်ကိုခံရသည့်အခါ မဂ္ဂီ၏ပါး၊နားတို့ ထူပူသွားသည်။
‘ဟဲ့ ဒီကလေးမလေးက ဘယ်လိုဖြစ်လာတာလဲ’
ဦးကြီးဂလက်က မေးသည်။ ဦးကြီးဂလက်သည် ကြင်နာတတ်သူဖြစ်သည်။ သူ့ဆံပင်များ ကားဖြူနေပြီ။
‘ဟဲ့ လမ်းပေါ်က ဆွဲခေါ်လာတဲ့ မိန်းကလေးတစ်ယောက်များဖြစ်နေသလား ကီဇီယာရယ်’
‘သူ့ဆံပင်သူဖြတ်လာတာလေ’
မစ္စက်တူလီဗာက တိုးတိုးအဖြေပေးလိုက်သည်။ သူကား ရယ်ရယ်မောမောပင်။
‘ဒီမိန်းကလေးမျိုး ခင်ဗျား မတွေ့ဖူးဘူးနဲ့တူတယ်’
‘အိုကွယ် ကလေးမနှယ်၊ မင်းကိုမင်း အရုပ်ဆိုးအောင်၊ လူရယ်စရာဖြစ်အောင် လုပ်လာတာ ကိုးကွယ့်’
ဤသည်မှာ ဦးလေးပူးလက်၏ မှတ်ချက်ဖြစ်သည်။ သူ့တစ်သက်တာတွင် ဘယ်သူ့ကိုမျှ ရက်ရက်စက်စက် ဤသို့ချိုးဖဲ့ပြောခဲ့ဖူးသူမဟုတ်။
‘ရှက်စရာ အေ’
ဒေါ်ကြီးဂလက်၏ အသံကား အစူးရှဆုံး၊ အကျယ်လောင်ဆုံးဖြစ်သည်။
‘ကိုယ့်ဆံပင်ကိုယ်ဖြတ်တဲ့ ဒီလိုမိန်းကလေးမျိုးဆိုရင် နာနာရိုက်ဆုံးမ။ ပြီးတော့ ရေနဲ့ပေါင် မုန့်ပဲကျွေးဖို့ကောင်းတယ်။ လူကြီးတွေ ထမင်းဝိုင်းထဲ ထည့်ပြီးစားခိုင်းဖို့တောင် မကောင်းဘူး’
‘ဟုတ်တယ် ဟုတ်တယ်’
သူ့မိန်းမ အဆိုကို သူ့ယောက်ျားဦးကြီးဂလက်က ထောက်ခံပြန်သည်။ တစ်ဖန် ဤသို့လည်း ကလိစကားပြောသေးသည်။
‘အေးကွယ့်၊ မဂ္ဂီကို ထောင်ထဲပို့လိုက်၊ ဟိုရောက်တော့ သူတို့က ဆံပင်တစ်မွေးမှမကျန် အောင်ရိတ်ပစ်လိုက်ကြလိမ့်မယ်’
‘ဟုတ်ပါ့ရှင်၊ အခုမှ မဂ္ဂီဟာ ဂျစ်ပဆီမလေးနဲ့ပိုပြီး တူလာတယ်။ အင်း…သူ့အသားက သိပ် ညိုတာပဲ၊ ကုသိုလ်ပဲပေါ့ရှင်။ ဒီလိုသာ အသားညိုလို့ကတော့ သူ့ဘဝမှာ အခက်အခဲ အများကြီး တွေ့ ဦးမှာပဲ’
မစ္စက်ပူးလက်၏အသံမှာ ကရုဏာသံပါသည်။
‘ဒီကောင်မလေးကတော့ သူ့အမေ စိတ်ဆင်းရဲအောင် ဒုက္ခပေးမယ့် လူဆိုးမလေးပါရှင်’
မစ္စက်တူလီဗာသည် မျက်ရည်နှင့်မျက်ခွက်ဖြစ်လာသည်။
သူတို့အားလုံးသည် မဂ္ဂီအကြောင်းကို မလိုတမာပြောနေကြသည်။
အစတွင်ကား မဂ္ဂီဒေါသထွက်သည်။ တွမ့်စိတ်ထဲတွင်မူ မဂ္ဂီ သတ္တိရှိသည်။ အရွဲ့တိုက်ရဲသည်၊ အာခံရဲသည်ဟုထင်သည်။ ထို့ကြောင့်ပင်-
‘ငါမပြောလား မဂ္ဂီ၊ နင်တော့ ဒုက္ခတွေ့တော့မှာပဲလို့’ဟု တိုးတိုးပြောသည်။ တွမ်၏စကား မှာ ရိုးရိုးသားသား ထွက်လာသည့်စကား ဖြစ်သည်။ သို့သော်လည်း မဂ္ဂီစိတ်ထဲတွင်မူ တွမ်သည် သူ အရှက်ရသဖြင့် ဝမ်းသာနေသည်ဟု ထင်လာသည်။ စောစောက ရှိခဲ့သော သတ္တိတို့ မဂ္ဂီထံမှ ထွက် ပြေးကုန်ကြပြီ။ မဂ္ဂီသည် ထိုင်ရာမှထကာ အဖေ့ရင်ခွင်သို့ ပြေးဝင်သည်။ ပြီးလျှင် အဖေ့ပခုံးထက်၌ မျက်နှာအပ်ကာ ရှိုက်နေသည်။
‘အိုကွယ်သမီးကလဲ၊ သမီးကို ဒုက္ခပေးတဲ့ ဆံပင်ပဲဟာ ဖြတ်ပစ်လိုက်တာ ကောင်းတာပေါ့ ကွယ်။ မငိုပါနဲ့ကွယ်၊ ငါ့သမီးဘက်က အဖေရှိပါတယ်’
ဘယ်လောက်စိတ်ချမ်းသာစရာကောင်းသည့် စကားများလဲ၊ ကြင်နာမှုအပြည့်ပါသည့် စကား များလဲ။ သူ့အဖေသည် လူပုံအလယ်တွင် သူ အရှက်ရနေစဉ် ရှေ့မှ မားမားရပ်ကာ ကယ်တင်ခဲ့သည်။ ဤအခိုက်အတန့်ကို မဂ္ဂီဘယ်တော့မှမမေ့။ မဂ္ဂီရင်ထဲတွင် အဖေ၏ ကြင်နာမှုကိုအစဉ်သတိရနေ သည်။ နောင်အခါတွင် အများက သူ့အဖေသည် သားသမီးများ၏ နေရေးထိုင်ရေးတွင် အကောင်း ဘက်ကတစ်ခုမျှ မလုပ်ခဲ့ဟု ပြောကြသည့်အခါတိုင်း ထိုစကားများကို သတိရနေမိသည်။ 
၈။ တူလီဗာ၏ စိတ်ဓာတ်
ထမင်းစားပြီးလျှင် ကလေးများကို အပြင်ဘက် ခြံဆီသို့ဆင်း၍ ကစားနေကြရန် မစ္စက် တူလီဗာက လွှတ်လိုက်သည်။
ထိုအချိန်တွင် တူလီဗာသည် မစ္စတာဒီအင်နှင့် စကားလက်ဆုံကျနေသည်။ ‘ကဲ မစ္စတာတူလီ ဗာ၊ တွမ်အတွက် ခင်ဗျားအစီအမံကို ဟောဒီကသူ့ဦးလေးတွေ၊ အဒေါ်တွေ သိအောင် ပြောပြဦးမှ ပေါ့။ ဟုတ်ရဲ့မဟုတ်လား’
‘ကောင်းပြီလေ’တူလီဗာ၏ အသံသည် ပြတ်သားသည်။ ‘ကျုပ်အကြံအစည်ကိုပြောပြဖို့ ဝန်မလေးပါဘူး။ တွမ်ကို မစ္စတာ စတယ်လင်းဆီပို့ပြီး စာသင်စေဖို့ စီစဉ်ပြီးပြီ။ စတယ်လင်းဆိုတာ နော်တန်က ခင်ကြီးတစ်ပါးခင်ဗျ။ သိပ်ပြီးတော်တဲ့လူဆိုပါတော့။ အဲ တွမ်ကိုစာသင်ပေးမှာကသူပဲ’
အားလုံး အံ့အားသင့်သွားကြသည်။
‘ဘာဖြစ်လို့ ခင်ကြီးဆီလွှတ်ပြီး စာသင်စေရမှာလဲ’မစ္စတာ ပူးလက်၏မကျေနပ်သံဖြစ် သည်။
‘ခင်ဗျား ပိုက်ဆံအများကြီး ကုန်မှာပေါ့ တူလီဗာရယ်’ ဤကား မဂ္ဂီဘာဒီအင်၏ အဆိုဖြစ် သည်။
‘အဲဒီ ခင်ကြီးက ဂျုံကိုမြင်လိုက်တာနဲ့ ဂျုံကောင်း ဂျုံညံ့ဆိုတာ ခွဲခြားတတ်အောင် သင်ပေး မှာတဲ့လား’
မစ္စတာဂလက်ကား ဘာအကြောင်းဖြစ်ဖြစ် ရယ်စရာဖြစ်အောင်ပြောတတ်သည်။
‘ကျွန်မလည်း နည်းနည်းပြောပါရစေလား။ ကျွန်မဆိုတာကစကားပြောခဲလှသား။ ဒီမှာ ကျွန်မမေးစမ်းပါရစေဦး၊ ကိုယ်နဲ့တန်တဲ့အဆင့်အတန်းကိုကျော်ပြီး ကလေးကို ပညာသင်စေတော့ ဘာများထူးပြီးအကျိုးရှိမှာမို့လဲ’
ဒေါ်ကြီးဂလက်ကမေးသည်။
‘ဘာများထူးမှာလဲ…ဟုတ်လား’
တူလီဗာသည် ဒေါ်ကြီးဂလက်ကိုမကြည့်ဘဲ ယောက်ျားပရိသတ်ဘက်သို့သာ မျက်နှာမူကာ သူ့စကားကိုဆက်သည်။
‘ဒီမှာဗျ၊ ကျွန်တော့်သား တွမ်ကို စက်ရုံအလုပ်ထဲ သွင်းပေးဖို့နည်းနည်းလေးမှ စိတ်မကူးဖူး ဘူး။ အဲဒါတော့ ကျွန်တော်ဆုံးဖြတ်ထားတယ်။ သူ့ကိုတခြား အသက်မွေးမှုတစ်ခုခုပေးမယ်။ သူ့ကို ပညာသင်ပြီးတော့ ကျွန်တော့်လုပ်ငန်းမှာ တစ်ဖက်တစ်လမ်းက အကူအညီပေးစေမယ်။ ရှေ့နေရှေ့ ရပ်တွေနဲ့ဆက်ဆံတဲ့အခါ သူ့အကူအညီလိုမယ်။ အဲသလိုပေါ့ဗျာ’
ဒေါ်ကြီးဂလက် ပါးစပ်မှစုတ်သပ်သံထွက်လာသည်။ စုတ်သပ်သံသည် သရော်သံနှင့် သနား သံတို့ ရောယှက်ကာ ထွက်လာသည့်အသံဖြစ်သည်။
‘ဒါမျိုးက တချို့လူတွေအတွက်တော့ကောင်းတာပေါ့’
‘ဘယ်လောက်ကုန်မှာလဲ’
မစ္စတာဂလက်ကမေးပြန်သည်။
‘တစ်နှစ်ကိုပေါင်တစ်ရာ၊ ဒါပါပဲ။ ဒါပေမဲ့ ဒီအရင်းအနှီးက နောက်သူ့အလုပ်အတွက် ဝင်ငွေ ကောင်းမယ့်အရင်းအနှီးမျိုးပါ။ သူပညာတတ်ရင် ကြီးပွားရောမဟုတ်လား။ အဲဒီပညာကြောင့် သူ့မှာ ဝင်ငွေအများကြီးရနိုင်တာပဲ’
‘ဟင်း ခင်ဗျားပြောတာဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့မှာ ပညာမတတ်ခဲ့ပါဘူး။ ဒါပေမဲ့ ရှိတဲ့ ငွေကိုတော့ မကုန်အောင် ဂရုစိုက်ပြီး သုံးတာဗျ။ မဟုတ်ဘူးလား မစ္စတာပူးလက်’
ဦးကြီးဂလက်သည် သူ့စကားကို သူသဘောကျကာ ဒူးကိုလက်ဝါးဖြင့်ပွတ်ရင်း ပြုံးနေသည်။
ထိုအခါ ဒေါ်ကြီးဂလက်၏ ရှသည်တင်းလာသည်။
‘အံ့ပါရဲ့ မစ္စတာဂလက်ရယ်၊ ခုနေ ကိုယ့်သားချင်းတစ်ယောက် ပျက်စီးမယ့်လမ်းကို လိုက် နေတဲ့အခါမျိုးမှာ ရှင်မို့အပြောင်အပြက်ပြောရက်တယ်’
 မစ္စတာ တူလီဗာသည် ဒေါ်ကြီးဂလက်၏ စကားကိုကြားလျှင် ဒေါသထွက်လာသည်။ ‘နေပါဦး၊ ခင်ဗျား တကယ်ပြောနေတာလား။ ဒီမှာ မစ္စက်ဂလက်၊ ကျွန်တော့်အတွက် ခင်ဗျား ဘာမှ ပူစရာမလိုဘူး။ သူများကို ကျွန်တော် ဘယ်တော့မှ ဒုက္ခမပေးဘူးမှတ်။ ကိုယ့်ကိစ္စကိုယ် ဆောင်ရွက်မှာပဲ’
အခြေအနေမှာ တင်းမာလာသည်။ ထို့ကြောင့် မစ္စတာ ဒီအင်သည် စကားလွှဲရန် ကြိုးစား သည်။ 
‘ရှေ့နေဝေကမ်လည်း သူ့သား မစွမ်းမသန်ကလေးကို ခင်ကြီးတစ်ယောက်ယောက်ဆီ ပို့ပြီး စာသင်ခိုင်းမလို့တဲ့ဗျ။ တစ်ယောက်ယောက်က ကျွန်တော့်ကိုပြောတာပဲ’
‘ဝေကမ်ဟုတ်လား၊ ဝေကမ်ဆိုတာကတော့ လူယုတ်မာပါဗျာ။ ဒါပေမဲ့ သူက အလွန်ပါးတဲ့ လူဗျာ့။ ဒီမှာ ကျွန်တော် တစ်ခုညွှန်းလိုက်ဦးမယ်။ဝေကမ် ဘယ်ဆိုင်မှာ ပေါင်မုန့်ဝယ်သလဲ၊ အဲဒီဆိုင် မှာ ခင်ဗျား ပေါင်မုန့်သွားဝယ်၊ ကောင်းကောင်းရမယ် မှတ်ထား’
‘ဒါပေမဲ့ သူ့သားလေးက ပုံပျက်ပန်းပျက်ဗျာ၊ ကျောရိုးခုံးနေတယ်။ ဒီတော့လည်း သူ့သားကို ခင်ကြီးဆီ စာသင်ဖို့ လွှတ်ချင်မှာပေါ့။ ဒါဟာသဘာဝပဲမဟုတ်လား။ ပြီးတော့ ဝေကမ်ရဲ့သားဆိုတာ ကလည်း အလုပ်တစ်ခုခု လုပ်ဖို့ ဖြစ်နိုင်တာမှမဟုတ်ဘဲ’
မစ္စတာဂလက်၏ စကားကို သူ့မိန်းမဒေါ်ကြီးဂလက်ဝင်၍ ထိန်းသည်။
‘ဒီမှာ မစ္စတာဂလက်၊ ရှင်စကားမပြောဘဲ နေတာကောင်းတယ်။ အခုပြောနေတဲ့ သဘောက မစ္စတာတူလီဗာအဖို့ ရှင့်ဆီက ထင်မြင်ချက်လည်း လိုချင်ပုံမရဘူး။ ကျွန်မဆီက အကြံဉာဏ်လည်း လိုချင်ဟန် မတူဘူး။ တကယ်က ဒီလောကကြီးမှာ တခြားလူတွေထက် ပိုပြီးသိတဲ့ တတ်တဲ့လူတွေ လည်းရှိပါသေးတယ်ရှင့်’
‘ဟုတ်ပါ့ဗျာ၊ အဲဒါ ခင်ဗျားတို့လင်မယားမဟုတ်လား’ မစ္စတာတူလီဗာ အနည်းငယ် ကျွဲမြီး တိုလာသည်။
‘အိုး…ကျွန်မက ဘာများ ပြောသေးလို့လဲ’မစ္စက်ဂလက်၏ အမူအရာသည် မခိုးမခန့်ရှိလှ သည်။ ‘ကျွန်မဆီက အကြံဉာဏ်များ ရှင်တောင်းသေးလို့လား။ ကျွန်မကလည်း ဘာအကြံမှ မပေးသေးပါဘူး’
‘အေး၊ အခု ပထမဆုံးအကြိမ် အကြံပေးစကားကို ခင်ဗျားပြောတာပဲ။ ခင်ဗျားတို့မှာ အကြံပေးရုံလောက်ပဲ သိတယ်။ အကြံပေးချင်ဇောအားကြီးနေကြတာပဲ’
‘မပေးနိုင်ရင်လည်း ချေးငှားဖို့တော့ အသင့်ပါပဲရှင်။ ဆွေမျိုးတွေထဲမှာ ပိုက်ဆံချေးလိုက်မိ လို့ ကျွန်မမှာ အများကြီးလည်း နောင်တရမိပါတယ်’
‘ဟုတ်ပါ့ခင်ဗျာ၊ ကျွန်တော်ဟာ ခင်ဗျားရဲ့ ဆွေမျိုးတစ်ယောက်။ ဒါပေမဲ့ခင်ဗျားရဲ့အတိုးက ဆွေမျိုးတောင် ငါးရာခိုင်နှုန်းက တစ်ပြားမှလျှော့တာမဟုတ်ဘူး’
‘ဗက်ဆီရေ…ညည်းအတွက်ငါသိပ်ဝမ်းနည်းတာပဲ’ ဤစကားမှာ ဒေါ်ကြီးဂလက်က ပြန်၍ ငေါ့လိုက်သောစကားဖြစ်သည်။
‘အစ်မကြီးရယ် ရန်တော့မဖြစ်ကြပါနဲ့ရှင်’မစ္စက်ပူးလက်သည် မျက်ရည်လေး စမ်းစမ်းနှင့် ကြားဝင်သည်။ ‘ဆွေမျိုးချင်းစကားများကြတယ်ဆိုတာ မကောင်းပါဘူး’
ထိုအခါ ဒေါ်ကြီးဂလက်သည် ခုနှစ်သံချီ၍ ဟစ်တော့သည်။ ‘ဟုတ်တယ်၊ မကောင်းဘူး ဆိုတာငါသိတယ်။ ညီမတစ်ယောက်က အစ်မကြီးကို သူ့အိမ်ခေါ်ထမင်းကျွေးပြီးတော့ ရန်ဖြစ်ခိုင်း၊ ရန်စဖို့သက်သက်အတွက်ခေါ်ပြီး ထမင်းကျွေးတာမျိုးပေါ့။ အဲဒါမျိုးကမှသာပြီး မကောင်းတာအေ့’
တူလီဗာသည် ထိုစကားကိုကြားလျှင် ဒေါသထွက်လာသည်။ မနေနိုင်တော့ဘဲ အော်၍ပြန် ပြောသည်။
‘ဒီမှာ ခင်ဗျားနဲ့ ဘယ်သူရန်ဖြစ်ချင်မှာလဲဗျ၊ ဘယ်သူကစပြီးရန်ဖြစ်တာလဲ၊ ရန်စကားပြော တာလည်းခင်ဗျားပဲစတာပဲ။ ဘယ်သူမှအကောင်းမနေရဘူး။ ကျုပ်ဘယ်တော့မှ မိန်းမဆိုတဲ့ အမျိုး နဲ့ရန်မဖြစ်ချင်ဘူး။ အေး…သူတို့က စည်းစောင့်ရင်ပေါ့ဗျာ၊ သူများကိစ္စထဲ ဝင်မစွက်ရင်ပေါ့ဗျာ’
‘ဝင်စွက်တယ်၊ ကျွန်မက ဝင်စွက်တယ်ဟုတ်လား၊ ဟင်း ကျွန်မညီမတစ်ယောက် ယော က်ျားယူမမှားခဲ့ရင် ရှင်နဲ့ဘယ်တော့မှ တွေ့ဖို့အကြောင်းမရှိဘူး မှတ်’
‘ကျုပ်တို့အမျိုးက မျိုးကောင်းဆွေကောင်းပါဗျာ။ သူများထက်ပိုပြီးတောင် အမျိုးသန့်သေး တယ်။ ကျုပ်တို့ အမျိုးထဲမှာ သဘောပုပ်တဲ့၊ အူတိုတဲ့၊ မနာတို တိုရှည်ရှိတဲ့ မိန်းမမျိုးတစ်ယောက်မှ မပါဘူး’
တူလီဗာကလည်း အစီးမခံ၊ ပြန်၍တွယ်သည်။
ဒေါ်ကြီးဂလက်သည် ထိုင်နေရာမှ ဝုန်းခနဲထလိုက်သည်။ ‘အေး ငါဒီအိမ်မှာ နောက်ထပ် တစ်မိနစ်လေးမှ မနေတော့ဘူး၊ ပြန်မယ်’
‘ကွယ် ကွယ်မင်းကလဲ’
မစ္စတာဂလက်သည် ဝမ်းပန်းတနည်းဖြစ်ကာ တညည်းညည်းတညူညူနှင့် သူ့မိန်းမနောက် သို့ကောက်ကောက်ပါအောင်ထလိုက်သွားသည်။
‘ရှင်ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ တူလီဗာရယ်’
မစ္စက်တူလီဗာသည် မျက်ရည်လည်လာသည်။
‘အို ပြန်ပေ့စေ၊ သွားပေစေပေါ့ကွာ။ မြန်မြန် ထွက်သွားလေ ကောင်းလေပဲ’ တူလီဗာသည် ဒေါသဖြစ်နေရာ သူ့မိန်းမ၏ မျက်ရည်စသည်သူ့နှလုံးသားကို အရည်မပျော်နိုင်တော့ပြီ။
၉။ ဂရစ်တီထံသို့
(က)
ထိုညတွင် တူလီဗာ လင်မယားနှစ်ယောက် ခေါင်းချင်းရိုက်ကြသည်။
‘တကယ်လို့ အစ်မကြီးဂလက်က သူ့ပိုက်ဆံ ပြန်ပေးလို့တောင်းရင် ခုနေအခါ ရှင့်မှာ ငွေတစ်ရာတောင် ရှိတာမဟုတ်ဘူး’
မစ္စက်တူလီဗာသည် သူ့ယောက်ျားအကြောင်းကိုသိသည်။ သူ့ယောက်ျားသည် စကားအတင် စီးမခံတတ်သည်ကိုလည်း နားလည်သည်။ တစ်ခုခု လုပ်စေချင်ပြီဆိုလျှင် သူ့ယောက်ျားကို စကား တစ်ခွန်းပြောလိုက်သည်။ ထိုခါ တူလီဗာသည် သူ့မိန်းမစကားနှင့် ဆန့်ကျင်ဘက်လုပ်ပြတတ်သည်။ ဤကား မစ္စက်တူလီဗာ၏ တတ်ပွန်လိမ္မာမှုဖြစ်သည်။ ယခုလည်း ဤစကားကို ဆိုလိုက်သည့်အခါ တူလီဗာတွင် အတွေးတစ်မျိုးဝင်လာသည်။ သူ့အဖို့ငွေငါးရာလောက်ကို ဘယ်မှာ သွားဆွဲဆွဲရနိုင် သည်။ အကယ်၍သာ မစ္စက်ဂလက်က သူ့အကြွေး တောင်းလာခဲ့လျှင် အတောင်းပင်မခံ။ စောစောက ကြို၍ ပေးလိုက်မည်။ အထူးသဖြင့် မိန်းမဘက်က အမျိုးများ၏ အကြွေးအတင်မခံချင်။
သာမန်အချိန်မျိုးဆိုလျှင် ဤလောကကြီးသည် တူလီဗာတစ်ယောက်အဖို့ ရှုပ်ထွေးထွေပြား သည့်လောကကြီးဖြစ်သည်။ သူ့ဘဝသည် ခက်ခဲကြမ်းတမ်းသည်။ သူ့ပင်ကိုသဘာဝမှာ ကြောက် တတ်သည်။ ထထကြွကြွလည်းမရှိလှ။ မရှိလို့ လုပ်စား ဖြည်းဖြည်းပေါ့ဆိုသည့်လူစားမျိုးဖြစ်သည်။ သို့ရာတွင် မခံချင်စိတ်က စေ့ဆော်လာသည့်အခါမျိုးတွင်ကား သူသည် အလုပ်ကို အကြွေးမထား တတ်။ လုပ်စရာရှိသည်ကို ချက်ချင်းထလုပ်တတ်သည်။ သို့ဖြစ်ရာ နောက်တစ်နေ့တွင် တူလီဗာသည် မြင်းတစ်စီးနှင့် သူ့နှမများ၊ ယောက်ဖများရှိရာသို့ ခရီး အသော့နှင်တော့သည်။ ညကပင် သူ့စိတ်၌ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ ယင်းမှာ မစ္စက်ဂလက်ထံမှ လှည့်ထားသော ငွေငါးရာကို ပြန်ပေး လိုက်တော့မည်ဟူ၍ ဖြစ်သည်။ သူ့ယောက်ဖမစ္စတာမော့ထံမှ ငွေသုံးရာ ရစရာရှိသည်။ အကယ်၍ သာထိုသုံးရာကို မော့ထံမှ အလွယ်တကူ ပြန်ရခဲ့လျှင် မစ္စက်ဂလက်၏ အကြွေးမှာ ပူစရာမလိုတော့ ဟုတူလီဗာတွက်ထားသည်။
အမှန်စင်စစ်ကား မစ္စတာတူလီဗာကို လူချမ်းသာတစ်ယောက်ဟုထင်စရာရှိသည်။ စက်ပိုင်၊ မြေပိုင်ဖြစ်သည်မဟုတ်လား။ သို့သော်စက်နှင့်မြေတို့ကို ပြ၍ ဆွဲထားသည့် အကြွေးမှာ နှစ်ထောင်ခန့် ရှိသည်။ တူလီဗာသည် ထစ်ခနဲရှိလျှင် ရုံးတက်ကာ တရားတပေါင်တွေ့ရန် ဝါသနာပါသည်။ အိမ်နီး ချင်းနှင့် ရန်ဖြစ်လျှင်၊ ကတောက်ကဆဖြစ်လျှင် ရုံးတော်က ဖြေရှင်းပေးသည်ကိုသာ သူကြိုက်သည်။ သည်လိုလူမျိုးတွင် ဘယ်မှာလျှင်ကြွေးပြေနိုင်ပါမည်နည်း။ သူ့တွင် နှမတစ်ယောက်သာရှိရာ ထိုနှမ သည် ဆင်းဆင်းရဲရဲ ယောက်ျားတစ်ယောက်နှင့် အိမ်ထောင်ကျခဲ့သည်။ ကလေးရှစ်ယောက်မွေး သည်။ ထိုကဲ့သို့ နှမမျိုးကို ငွေချေးခဲ့ရသည်။ ဘယ်မှာလျှင် သူ့အဖို့ပြေလည်နိုင်ပါမည်နည်း။
(ခ)
အိမ်ရှေ့တွင် မြင်းခွာသံကြားလျှင် မစ္စက်မော့သည် အိမ်တံခါးဝသို့ ရောက်နေနှင့်ပြီးဖြစ်သည်။ သူ့မျက်နှာကား ညှိုးငယ်နေသည်။ ထိုမျက်နှာတွင် နွမ်းလျလျအပြုံးကိုတွေ့ရသည်။ လက်ထဲတွင် ကားကလေးငယ်ကို ပွေ့ချီထားသည်။
‘အစ်ကိုကြီးပါလား၊ အစ်ကိုကြီး နေကောင်းရဲ့နော်။ တွေ့ရတာဝမ်းသာလိုက်တာ အစ်ကိုကြီး ရယ်’
‘အေး နေကောင်းပါတယ်ကွာ၊ မင်းယောက်ျားအိမ်မှာရှိရဲ့လား’
‘မရှိဘူးရှင့်၊ လယ်ထဲဆင်းနေတယ်၊ ဟဲ့ ဂျော့၊ နင့်အဖေကိုသွားခေါ်ချည်။ နင်တို့ဦးကြီး လာနေတယ်ပြော’သားတစ်ယောက်ကိုအခေါ်လွှတ်လိုက်သည်။ ပြီးမှ ‘မြင်းပေါ်ကတောင် မဆင်း တော့ဘူးလား အစ်ကိုကြီးရဲ့’ ဟုဆိုသည်။
‘နေ နေ မဆင်းတော့ဘူး၊ အခုပဲ ပြန်ရမယ်’
‘မစ္စက် တူလီဗာနဲ့ ကလေးတွေရော နေကောင်းကြရဲ့လား အစ်ကိုကြီး’
‘သူတို့ နေကောင်းကြပါတယ်ကွာ။ တွမ်တော့ ဒီနှစ်ကျောင်းဖွင့်ရင် မစ်ဆမ်းမားမှာ ကျောင်း သွားနေမလို့တဲ့။ အေးကွာ။ ငါ့မှာ ပိုက်ဆံအကုန်အကျများတော့မှာပဲ။ ဒီတော့ ဟိုပိုက်ဆံ ငါပြန်လို ချင်ပြီ’
‘ကလေးတွေကိုရော ကျွန်မတို့ဆီ လွှတ်ပါလား အစ်ကိုကြီးရယ်။ ဒါမှသူတို့ မောင်နှမတစ် တွေတွေ့ကြရမှာပေါ့။ ကျွန်မ သားသမီးတွေက မဂ္ဂီကိုလည်း တွေ့ချင်ကြတယ်။ မဂ္ဂီကလည်း လာချင် ရှာမှာပဲ။ မဂ္ဂီက ချစ်စရာကောင်းတယ်အစ်ကိုကြီးရဲ့၊ သိပ်သွက်တာပဲနော်’
မစ္စက်မော့သည် ရိုးရိုးအအထဲကဖြစ်သည်။ သူသာ ဆန်းပြားခဲ့လျှင် ဤသို့ မဂ္ဂီအကြောင်း အကောင်းပြောပေးခြင်းသည် သူ့အစ်ကိုကြီး တူလီဗာ၏ သည်းခြေကြိုက် ဓာတ်စာတစ်ခုဖြစ် ကြောင်း ကောင်းကောင်းနားလည်မည်ဖြစ်သည်။ ယခုလည်း ယောက်ဖထံမှ ပိုက်ဆံကို တောင်းရ အောင်လာခဲ့သော တူလီဗာသည် အနည်းငယ် တွေသွားသည်။ တွန့်သွားသည်။
‘ဟုတ်တယ်ကွယ့်၊ ငါ့သမီးက မင်းတို့ကို သူ့အမေဘက်က အဒေါ်တွေထက် ပိုပြီးခင်တယ် လို့ငါထင်တယ်။ သူ့စိတ်က တို့ဘက်က ဆွေမျိုးတွေနဲ့ပိုပြီး တူတယ်။ သူ့အမေဘက်ကသွေး တစ်စက် မှမပါဘူး’
‘ဟုတ်တယ်အစ်ကိုကြီး၊ ကျွန်မသမီး လစ်ဇီလည်း မဂ္ဂီစိတ်မျိုးပဲ။ ဟဲ့ လစ်ဇီ၊ ဒီနားလာစမ်း’
အနားတိုးလာသော ညစ်တီးညစ်ပတ် လစ်ဇီလေးကို ကြည့်လိုက်ပြီး ‘အေး သူတို့ညီအစ်မ နည်းနည်းဆင်သလိုပဲ။ ဟဲ့ နင့်မှာလည်း သမီးတွေအများကြီးပါလား ဂရစ်တီ’
‘သမီးချည်း လေးယောက်တောင် အစ်ကိုကြီးရဲ့။ သားက လေးယောက်။ မောင်တစ်ယောက် မှာ နှမတစ်ယောက်စီပေါ့ အစ်ကိုကြီးရယ်’ ဟုပြောကာ မစ္စက်မော့ သက်ပြင်းချလိုက်သည်။
ဟုတ် ဟုတ်ပါ့၊ ဒါပေမဲ့ နင့်သမီးတွေတော့ သူတို့မောင်တွေ၊ အစ်ကိုတွေကို အားမကိုးစေနဲ့ နော်’
‘ဒီလိုလည်း ဘယ်ဟုတ်မလဲ အစ်ကိုကြီးရယ်၊ သူတို့ကို အစ်ကိုတွေ၊ မောင်တွေက ချစ်ကြ လိမ့်မယ်လို့ မျှော်လင့်တာပဲ။ ချစ်လည်းချစ်ရမှာပေါ့။ အစ်ကိုကြီး သားလည်း သူ့နှမလေးကို ချစ်မှာ ပေါ့။ နှစ်ယောက်ထဲရှိကြတာ။ ကျွန်မနဲ့ အစ်ကိုကြီးလိုပေါ့’
ထိုစကားတို့သည် တူလီဗာ၏ ရင်ဝသို့ အရှိန်ပြင်းစွာဝင်၍ ဆောင့်ကြသည်။ နှလုံးသားထဲသို့ စူးဝင်ကြသည်။ ဟုတ်သည်၊ တွမ်နှင့် မဂ္ဂီတို့မောင်နှမလို သူတို့နှစ်ယောက်သည်လည်း တစ်အူထုံ ဆင်းမောင်နှမနှစ်ယောက်ဖြစ်သည်။ မဂ္ဂီက အစ်ကို၏ အယုအယကိုခံချင်သည်။ တွမ်က မဂ္ဂီအပေါ် အမြဲတမ်းလိုလို တင်းမာနေမည်လား။
‘ဟော ကလေးအဖေပြန်လာပြီ’
ထိုအခါ တူလီဗာလည်း မြင်းပေါ်မှဆင်းကာ သူ့ယောက်ဖ မစ္စတာမော့နှင့်အတူ အိမ်ဝိုင်းထဲ သို့ ဝင်လိုက်သွားသည်။ ခဏကြာမှ-
‘ငါ့မှာလည်း ငွေကျပ်နေတယ်ကွာ။ အခုဆို တွမ်အတွက် ကျောင်းစရိတ်ကုန်လာတော့မယ်။ ပြီးတော့ မစ္စက်ဂလက်ကိုလည်း ငွေငါးရာပေးစရာရှိတယ်။ မင်းဆီမှာ ရှိတဲ့ငွေသုံးရာပြန်ပေးနိုင် မလားလို့ပဲ’
‘ဒီလိုပါခင်ဗျာ၊ ကျွန်တော့်မှာလည်း မြေရှင်ကို မြေငှားခ ပေးရဦးမယ်။ ခုအတိုင်းဆိုရင် ကျွန် တော့်မှာ ရှိသမျှအားလုံး ရောင်းချလိုက်မှ အစ်ကိုကြီးကြွေးလည်း ပေးနိုင်မယ်၊ မြေရှင်ကိုလည်း ပေးနိုင်မယ်’
‘အေးလေ၊ မင်းတို့ တတ်နိုင်သလို ဖြေရှင်းကြဖို့ပဲ။ ငါကတော့ ငါ့ငွေကိုရမှဖြစ်မယ်၊ မဆိုင်း နိုင်တော့ဘူး။ မင်းဆီက မြန်မြန်လိုချင်တာပဲ’
စကားဆုံးလျှင် တူလီဗာလည်း ခြံထဲမှထွက်ကာ မြင်းဆီသို့ သွားသည်။ ခြံဝရောက်လျှင် ခဏ ရပ်သည်။
‘အင်း ဒီကောင်မလေးလည်း ကံဆိုးရှာတာပဲ။ ငါသေရင် အားကိုးစရာဆိုလို့ တွမ်ပဲ ကျန်ရစ် ခဲ့မှာ’ ထိုစကားကို တူလီဗာ ဖွင့်ဟမိသည်။ ထိုနောက် မြင်းပေါ်သို့တက်ကာ ဖြည်းဖြည်းစီးလာခဲ့လေ သည်။
မစ္စက်မော့သည် အိမ်တံခါးဝတွင် ငိုယိုကာ ကျန်ရစ်ခဲ့လေသည်။
‘သိပ်လည်း ပူမနေပါနဲ့ ဂရစ်တီရယ်။ ခုနေမှာ ခဏတော့ဖြင့် နင်တို့ဆီက မရလည်း ငါ့မှာ ကြံနိုင် ဖန်နိုင်ပါသေးတယ်။ အေး နင်တော့ လိမ္မာမှ ဖြစ်မယ်’ တူလီဗာ၏ စကားသည် ကြင်နာမှုကို ပြသည်။
မစ္စက်မော့သည် မျက်ရည်မဆည်နိုင်တော့ဘဲရှိနေသည်။
‘ဒီမှာကွယ့် ငါ့သမီးလေး မဂ္ဂီလည်း မကြာခင် မင်းတို့ဆီလွှတ်လိုက်ပါဦးမယ်၊ ပူမနေပါနဲ့ ကွာ။ မင်းတို့ အစ်ကိုကြီးက မင်းတို့အပေါ် စိတ်ကောင်းရှိပါတယ်’
၁၀။ ဂါရမ်သို့ အလည်အပတ်
(က)
ထိုအတောအတွင်း တူလီဗာသည် သားစိတ်၊ သမီးစိတ် ဝင်စားလာသည်။ အထူးသဖြင့် မဂ္ဂီ ၏ရှေ့ရေးအတွက် တွေး၍ပူလာတတ်သည်။ မဂ္ဂီကားယခုမှ ဘဝ၏ဒဏ်ကို ခံကောင်းစပြုနေဆဲဖြစ် သည်။ ထိုနေ့ကား မနက်လင်းကတည်းက မဂ္ဂီအဖို့ ကံဆိုးမိုးမှောင်ကျသောနေ့ဖြစ်သည်။ အိမ်တွင် လူစီရှိနေသဖြင့် မဂ္ဂီပျော်သည်။ လူစီနှင့်အတူ ဂါရမ်ရှိ ဒေါ်လေးပူးလက်အိမ်သို့သွား၍လည်ရန် စိတ် ကူးထားသည်။ သို့ရာတွင် ဆယ့်တစ်နာရီခန့်တွင် ဆံပင်ညှပ်သမား ရောက်လာသည်။ ဆံပင်ညှပ် သမားသည် မဂ္ဂီနှင့်တွေ့တိုင်း မဂ္ဂီဆံပင်ကို ညှပ်ပေးချင်ကြောင်း၊ ထိုဆံပင်နှင့် အရုပ်ဆိုးလှကြောင်း အမြဲပြောသည်။ အင်း ဒီဆံပင်ညှပ်သမားလည်း ငါ့ရန်သူတစ်ယောက်ပဲ။ ဤသို့စိတ်ထဲတွင် တေး ထားမိသည်။
ဆယ့်နှစ်နာရီထိုးလျှင် မဂ္ဂီသည် အကောင်းဆုံး အဝတ်ကိုဝတ်ကာအသင့်ဖြစ်နေသည်။ သို့ သော်အဝတ်နှင့်မနေတတ်၊ မထိုင်တတ်ဖြစ်နေသည်။ လူစီကား အဝတ်လှလှလေး ဝတ်ရသည့်အခါ တိုင်းမနေတတ်၊ မထိုင်တတ်မဖြစ်။ ထို့ကြောင့်မဂ္ဂီကို သနားသလိုလိုစိတ်နှင့် စိုက်ကြည့်သည်။ ထို အခါမဂ္ဂီစိတ်တိုလာသည်။ သို့ဖြစ်ရာ ညနေအထိ ကစားမည်ရည်ရွယ်ထားသည်ကို စိတ်မပါ့တပါဖြစ် လာသည်။ သူတို့မောင်နှမသုံးယောက် အိမ်ဆောက်တမ်းကစားနေကြသည်။ တွမ်ဆောက်သော အိမ်ကလေးများသည် သေသပ်လှပသည်။ သို့ရာတွင် မဂ္ဂီ၏အိမ်ကလေးများမှာ အခြေမခိုင်။ အမိုးမိုး ရန် နံကာကတ်ပြားလေးများ တင်လိုက်လျှင်ပင် ယိုင်လဲချင်သလိုလိုဖြစ်လာသည်။ ထိုအခါ တွမ်က မိန်းကလေးဆိုတာအိမ်ကောင်းကောင်းဆောက်တတ်တာမဟုတ်ဘူး။ ဘယ်တော့မှလည်းဆောက် တတ်မှာမဟုတ်ဟုဆိုသည်။ သို့ရာတွင် လူစီ ဆောက်သည့်အိမ်ကလေးများမှာ ထူးထူးခြားခြား ကောင်းနေသည်။ အကိုင်အတွယ်ညင်သာသည်။ သေသပ်သည်။ တွမ်က သူ့အိမ်ကိုရော လူစီ၏အိမ် ကိုပါချီးမွမ်းသည်။ ဟုတ်သည်။ မဂ္ဂီ၏စိတ်မှာလည်း လူစီ၏အိမ်ကို ကောင်းသည်ထင်သည်။ သူ ဆောက်သည့်အိမ်မှာ မကောင်းမှန်းသိသည်။ သို့သော်လည်း မဂ္ဂီသည် အဝတ်သစ်ကြောင့် စိတ်တိုနေ သည်။ သည်အထဲ သူ့အိမ်ကလေးပြိုလဲသွားသည့်အခါ တွမ်က ပြက်ရယ်ပြုသည်။ သူ့ကိုလည်း သိပ် ညံ့တာပဲဟု အပြစ်တင်သည်။
‘ငါလုပ်တာကို မရယ်နဲ့တွမ်’
မဂ္ဂီအသံသည် ဒေါသသံပါသည်။
‘ငါမညံ့ဘူး၊ နင်မသိတာတွေ ငါအများကြီးသိတယ်’
‘အို နင်ရှော်တာ ရှော်တာပေါ့ဟ၊ မကောက်တေးလေးရ။ နင့်လိုကောက်တာ ချိတ်တာမျိုး ငါတစ်ခါမှမတွေ့ဖူးဘူး။ ကြည့်စမ်းပါဦး၊ နင့်မျက်နှာက ရှစ်ခေါက်ချိုးကြီး။ လူစီက နင့်လို မကောက် ဘူး။ ငါလူစီကို ချစ်တယ်၊ နင့်ထက် ချစ်တယ်။ ငါနှမအရင်းဖြစ်ရင် ကောင်းမှာပဲ’
‘ကြည့်စမ်း…ကြည့်စမ်း၊ နင်သိပ်ဆိုးတာပဲ၊ နင်သိပ်ရက်စက်တာပဲ၊ ကောက်ကျစ်တာပဲ။ ဒီလိုဆုတောင်းတာမကောင်းဘူး’ ပြောပြောဆိုဆိုပင် မဂ္ဂီသည် ကြမ်းပေါ်တွင်ထ၍ ခုန်သည်။
မဂ္ဂီခုန်လိုက်သည့်အတွက် တွမ်၏ အိမ်ကလေးသည် ပြိုကျသွားသည်။ မဂ္ဂီ၏ ရင်ထဲတွင် ဒိတ်ခနဲဖြစ်သွားသည်။ တွမ်၏ အိမ်ကလေးကို ဖျက်ဆီးရန် မရည်ရွယ်ရိုးအမှန်ပါ။ သို့သော် ယခုမူ မပြေးသော်လည်း ကန်ရာရှိနေသည်မဟုတ်လား။ တွမ် ဒေါသထွက်သွားသည်။ သို့သော် ဘာမျှ မပြော။ မဂ္ဂီကိုကား နာနာတီးလိုက်ချင်သည်။ တကယ်လည်း မလုပ်ရက်၊ မလုပ်နိုင်။ မိန်းကလေး တစ်ယောက်ကို ရိုက်နှက်သည်ဆိုခြင်းကား သူရဲဘောနည်းသူတို့၏ အပြုအမူသာဖြစ်သည်။
မဂ္ဂီကား ဘာစကားမျှ မဟဘဲ ငြိမ်နေလိုက်သည်။ ရင်ထဲတွင်မူ စိုးရွံ့နေသည်၊ ကြောက်နေ သည်။ တွမ်သည် မျက်စိမျက်နှာ ပျက်ပျက်နှင့်ထသွားသည်။ စကားတစ်ခွန်းမျှမပြော။ သို့သော် သူ့ မျက်နှာ ကြည့်ရခြင်းအားဖြင့် စိတ်မချမ်းမသာဖြစ်သွားမှန်းသိသာသည်။
ထို့ကြောင့် မဂ္ဂီသည် တွမ်၏နောက်သို့ ပြေးလိုက်သွားသည်။ ‘တွမ်ရယ်၊ ငါလေ တမင်ရည် ရွယ်ပြီး ထခုန်လိုက်တာမဟုတ်ပါဘူးဟယ်၊ တကယ်ပါ၊ ငါပြောတာယုံပါဟယ်’သို့သော် တွမ်က သူ့ ကိုလှည့်မကြည့်။
(ခ)
ညနေစောင်းလျှင် သူတို့တစ်တွေ ဂါရမ်ဘက်ဆီသို့ လျှောက်ကြသည်။ နေခြည်လေးလည်း ပွင့်နေသည်။ လေကောင်းလေသန့်ကိုလည်း ရှူရှိုက်ကြရသည်။ စိတ်လန်းဆန်းစရာ ကောင်းသည့် ညနေခင်းတစ်ခုပင်ဖြစ်သည်။ သို့သော်လည်း တစ်လမ်းလုံးတွမ်သည် တုဏှိဘာဝေ စကားတစ်ခွန်းမျှ မဟဘဲလိုက်ပါလာသည်။ ထိုကြောင့် မဂ္ဂီစိတ်သည် မလန်းဆန်း။ လမ်းတွင် ငှက်ကလေးများ အသိုက်လုပ်နေသည်ကို တွေ့ရသည်။ တစ်ပိုင်းတစ်စသာရှိသေးသည်။ ယင်းတို့ကိုတွေ့လျှင် တွမ်က လူစီကို အရေးတယူခေါ်ကာပြသည်။ တစ်ဖန် သစ်ကိုင်းကလေးများကို ဆွဲချိုးကာ လက်ကိုင်တုတ် လေးဖြစ်အောင် ဖန်တီးပြီး လူစီကိုပေးသည်။ သူကိုယ်တိုင် အတွက်လည်း ချိုးယူသည်။ မဂ္ဂီကိုကား မပေး။ ထိုအခါ လူစီက ‘မဂ္ဂီရော တစ်ချောင်းလောက်မလိုချင်ဘူးလား’ဟုမေးသည်။ လူစီ၏ စကားကိုတွမ် မကြားချင်ယောင်ဆောင်နေသည်။
နောက်ဆုံးတွင် မစ္စက်တူလီဗာနှင့် မောင်နှမသုံးယောက်သည် ဂါရမ်သို့ရောက်သွားကြသည်။
သူတို့လာနေသည်ကို ဦးလေးပူးလက်မြင်နေရသည်။ ထိုကြောင့်တံခါးဖွင့်ကာကြိုနေသည်။ ဒေါ်လေးပူးလက်လည်း တံခါးဝသို့ ရောက်လာသည်။ မစ္စက်တူလီဗာ ပါလာသည်ကိုမြင်လျှင် ခပ် လှမ်းလှမ်းမှပင် ‘ကလေးတွေတော့ မဝင်ခဲ့ပါစေနဲ့ဦး ဗက်ဆီရယ်၊ ခဏလောက် စောင့်နေပါစေဦး၊ တံခါးပေါက်မှာ သူတို့ခြေထောက်က ရွှံ့တွေပေကုန်ပါ့မယ်။ သူတို့ရွှံ့တွေသုတ်ဖို့ ဆယ်လီကို အဝတ် တစ်ခုယူခိုင်းထားပါတယ်’
သူတို့မိသားစုသည် ဧည့်ခန်းတွင် ဝိုင်း၍ထိုင်ကြသည်။ အားလုံးမလှုပ်မယှက် ငြိမ်နေကြ သည်။ တွမ်သည် ဆိုဖာအစွန်းတစ်ခုတွင် ဦးလေးပူးလက်နှင့် မျက်နှာချင်းဆိုင်ထိုင်သည်။ ဦးလေး ပူးလက်သည် တွမ်ကိုအထင်ကြီးသည် တွမ်ကိုကြည့်ကာ ကျေနပ်နေသည်။ သူ့မျက်နှာတွင်ကျေနပ် သည့်စိတ်အထင်းသား ပေါ်လျက်ရှိသည်။ တစ်ခါတစ်ရံသူ့ကို “တွမ်ကြီးခင်ဗျား”ဟူ၍ပင် သုံးနှုန်းခေါ်ငင်သည်။
‘ဘယ့်နှယ် တွမ်ကြီးရဲ့၊ ခင်ဗျား ကျောင်းမှာ ဘာတွေသင်ရသလဲဗျား’ ဤမေးခွန်းမှာ ပူး လက်၏မေးနေကျမေးခွန်းဖြစ်သည်။ ထိုအမေးကိုကြားလျှင် တွမ်သည် ခပ်ကြောင်ကြောင်ဖြစ်သွား သည်။ မဖြေတတ်သလိုလို၊ မဖြေချင်သလိုလိုဟု ထင်စရာပင်။ သို့သော် တွမ်သည် မျက်နှာကို လက် ဝါးနှစ်ဖက်ဖြင့် ပွတ်ကာ ‘ကျွန်တော်မသိဘူးခင်ဗျ’ ဟုဖြေသည်။
အခန်းတစ်ဖက်ပိုင်းတွင် တူလီဗာနှင့် ပူးလက်ညီအစ်မနှစ်ယောက်စကားလက်ဆုံကျနေကြ သည်။ တွမ်တို့ဝိုင်းမှာမူ ခပ်ခြောက်ခြောက်။ဦးလေးပူးလက်လည်း ဘာစကားစရမှန်းမသိဖြစ်နေပြန် သည်။ ထိုကြောင့်ကလေးများကို တစ်ခုခုကျွေးရန် စဉ်းစားသည်။ သူ့အတွက် နေ့ဖို့ညစာချန်ထား သောကိတ်မုန့်များ သူ့ခေါင်းထဲပေါ်လာသည်။ ထိုကြောင့် မုန့်များကိုယူလာကာ ကလေးများကိုယ်စီ လက်ထဲသို့ထည့်သည်။ ထိုအခါခပ်လှမ်းလှမ်းတွင် စကားပြောနေသော ဒေါ်လေးပူးလက်က ‘နေကြ ဦး၊ မစားကြနဲ့ဦး။ ပန်းကန်လာမှထည့်စားကြ။ တော်ကြာငါ့ကြမ်းပေါ် မုန့်တွေကျကုန်မယ်’ ဟု ဟန့်လိုက်သည်။ လူစီသည် မုန့်ကိုကိုင်ကာ ပန်းကန်ကို စိတ်ရှည်လက်ရှည် စောင့်နေသည်။ တွမ်ကမူ လူကြီးများ အလစ်ကိတ်မုန့်ကို နှစ်ကိုက်ကိုက်ကာ အစဖျောက်လိုက်သည်။ မဂ္ဂီကား ကိတ်မုန့်ကိုင် ရင်း ယူလစ်ဆစ်နှင့် ဆိုက်ကလော့ ပန်းချီကားကို စိတ်ဝင်စားစွာ ကြည့်နေသည်။ ထိုသို့ငေးရင်းမော ရင်းနှင့် မဂ္ဂီ၏လက်ထဲမှ ကိတ်မုန့်သည် ကြမ်းပေါ်သို့လွတ်ကျသွားသည်။ အခန့်မသင့် ကံဆိုးချင် တော့ ကြမ်းပေါ်ကျသည့် မုန့်ကိုမှ သူ့ခြေတစ်ဖက်က တက်၍ နင်းမိလျက်သား ဖြစ်သွားသည်။
ထိုအဖြစ်ကြောင့် ဒေါ်လေးပူးလက် စိတ်ညစ်သွားသည်။ မဂ္ဂီလည်း ရှက်သွားသည်။ ရှက် သည်ထက် ဦးလေးပူးလက်၏ သံစုံစက် နားမထောင်ရမှာ စိုးလာသည်။ ထိုကြောင့် ခဏကြာလျှင် လူစီနားနားသို့ တိုးတိုးကပ်ပြောလိုက်သည်။ လူစီကား မဂ္ဂီခိုင်းရာကို အမြဲခေါင်းညိတ်သူဖြစ်သည်။ လူစီလည်း ဦးလေးပူးလက်ဆီသို့သွားကာ ‘ဦးလေး သံစုံစက် နားထောင်ပါရစေလား’ ဟုပူဆာ သည်။ 
‘အေး…အေး ဖွင့်ပြရတာပေါ့ကွာ’သူ့ကို ပူဆာသူရှိလျှင် ဦးလေးပူးလက်သည် အမြဲလိုလို ပင်လိုက်လျောရန်အသင့်ရှိသည်။ ခဏကြာလျှင်သံစုံစက်ကိုဖွင့်ပြသည်။
မဂ္ဂီသည် ဂီတသံတွင် နစ်မျောနေမိသည်။ သူတို့ထဲတွင် မဂ္ဂီသည်ဂီတကိုစွဲလမ်းသူဖြစ်သည်။ ဂီတသံကြားလိုက်ရသဖြင့် စောစောကတွမ်နှင့်ပတ်သက်၍ စိတ်မချမ်းမသာဖြစ်ခဲ့ရသည်တို့ မေ့ ပျောက်သွားသည်။ တွမ်နှင့်စိတ်ဆိုးနေသည်ကိုပင် မေ့သွားသည်။ သူ့မျက်နှာကား ပျော်ရွှင်သည့်မျက် နှာဖြစ်လာသည်။ ကြည်လင်တောက်ပလာသည်။ သီချင်းဆုံးလျှင် မဂ္ဂီသည် တွမ်ဆီသို့ ပြေးသွားကာ လည်ပင်းကို သိုင်းဖက်လိုက်ပြီးနောက် ‘နားထောင်လို့ကောင်းတယ်နော် တွမ်’ဟုဆိုသည်။
‘ဟေ့…ဟေ့ ဖယ်စမ်း၊ ဖယ်စမ်း’ တွမ်ကပြန်၍အော်သည်။ အကြောင်းမှာ တွမ်၏လက်တွင် ကိုင်ထားသော ဖန်ခွက်ထဲမှ အရည်များသည် လက်မောင်း လှုပ်ယမ်းသည့်အရှိန် လွန်သွားသဖြင့် တွမ်၏ဒူးပေါ်သို့ ဖိတ်စဉ်ကုန်သောကြောင့်ဖြစ်သည်။
‘ဟဲ့…မဂ္ဂီ ငြိမ်ငြိမ်ထိုင်မနေနိုင်ဘူးလား’ မစ္စက်တူလီဗာက လှမ်း၍သတိပေးသည်။
‘ဒီလို လှုပ်နန့်နန့်မိန်းကလေးတွေတော့ တို့ဆီမလာတာဘဲ ကောင်းတယ် ဟေ့’ ဒေါ်လေး ပူးလက်၏မကျေနပ်သံဖြစ်သည်။
‘ဟဲ့ နင်ကတယ်ကြမ်းတာကိုး ဟဲ့’ ဦးလေးပူးလက်က သူ့မယားစကားကို ထောက်ခံလိုက် သည်။
သနားစရာ မဂ္ဂီအဖြစ်ပါလား။ မဂ္ဂီသည် တုတ်တုတ်မျှ မလှုပ်တော့ဘဲ မျက်နှာပျက်ကာ ထိုင် နေသည်။ စောစောက သာယာသည့်သီချင်းသံကလေးသည်ပင် သူ့ရင်ထဲမှ လွင့်ပါးသွားလေပြီ။
………….
အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု စာရေးဆရာမ George Eliot ၏ ‘The Mill on the Floss’ ကို စာရေးဆရာကြီး ဆရာကျော်အောင်က ဘာသာပြန်ထားသည့် ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ဘာသာပြန်အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၁၃ ) ကို နောက်အပတ်စနေ ( ၇.၇.၂၀၁၈ ) ည ( ၉ ) နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။
အကယ်၍ ဝန်ဇင်းစာချစ်သူတို့က ဒီစာအုပ်ကို နှစ်သက်လို့ အပိုင်ဝယ်ယူ ဖတ်ရှုချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖုန်းထဲမှာ ထည့်သွင်းဖတ်ရှုနိုင်ကြောင်း ပြောပါရစေခင်ဗျာ။ 
“ဝန်ဇင်းစာချစ်သူတို့က ဘာသာပြန်ဝတ္ထုကောင်းတွေကို နှစ်သက်သဘောကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်၊ အကြံပြုလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …               




Related Posts