ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း( ၁၅ )[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]


ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း( ၁၅ )
[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]
ဝေကမ် အသည်းအသန်ဖြစ်နေသည်။ ဖိလစ်ထံမှ အသနားခံသည့် စာတိုတိုတစ်စောင် ရသည်။ ထိုနောက် ဘာသံမှမကြားရတော့။
ဇွန်လ ဒုတိယပတ်ဖြစ်သည်။ မဂ္ဂီသည် သူ့အခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေသည်။ နောင်တရလိုက်၊ စိုးရွံ့လိုက်နှင့် မတည်မငြိမ်ဖြစ်နေသည်။ အချိန်မှာ သန်းခေါင်ကျော်နေပြီ။ ပြင် ဘက်တွင် မိုးသည်းနေသည်။ ပြတင်းကို မိုးပေါက်များ တဖြန်းဖြန်းပက်သည်။ လေပြင်းကဝင်၍ မွှေ့ လိုက်သေးသည်။
အလျင်တစ်ပတ်က မြစ်ညာတွင် မိုးအဆက်မပြတ်ရွာသည်။ လွန်ခဲ့သည့်နှစ်ရက်တွင်မူ သူတို့ နေသည့် အောက်ပိုင်း၌ ဆက်တိုက်မိုးသည်းလာသည်။ လူကြီးသူမများက သူတို့ငယ်ငယ်က ကြုံခဲ့ သည့်အဖြစ်ကို ပြန်ပြောကြသည်။ လွန်ခဲ့သည့် အနှစ်ခြောက်ဆယ်လောက်က မိုးကြီး သည်းကာ မြစ် ရေလျှံသဖြင့် တံတားများပင် တိုက်စားခဲ့သည်။ တစ်မြို့လုံး ရေဘေးကြောင့် ကိုးကွယ်ရာမရ အတိ ဒုက္ခရောက်ကြရသည်။ ယခုလို မိုးကြီးသည်းသည့်ပုံမျိုးပင် ဖြစ်သည်ဟု ဆိုကြသည်။ လူငယ်များ ကား ရေကြီးသည်ဆိုလျှင် သူတို့ကြုံဖူးသည့် သာမန်ရေလျှံသည့် အဖြစ်တို့ကို အမှတ်ရကာ အရေး မကြီးသလို သဘောထားကြသည်။ မစ္စက်ဂျာကင်သည် သူ့အိမ်မြစ်ကမ်းနားတွင် ရှိနေသည့်အတွက် စိတ်မချမ်းမသာဖြစ်နေသည်။ ဗော့ကမူ မြစ်ကမ်းနားတွင် ရှိနေသဖြင့် လှေတက်တို့ အလွယ်တကူ ရှိသည်၊ အကယ်၍ ရေကြီးလျှင် လှေတက်ရှိသော် ကံကောင်းသည်ဟု ဆိုသည်။
သို့ငြားလည်း အရေးမစိုက်။ သူတို့မှာ ထိုအချိန်တွင် အိပ်မောကျနေကြသည်။ မဂ္ဂီလို လူများ သာအအိပ်နိုင်ဘဲ စိုးရိမ်နေကြသည်။ မဂ္ဂီကား မအိပ်နိုင်။ နာရီရွေ့သည်ကိုပင် သတိမထားမိ။ အနား ယူရန်လည်း စိတ်မကူးမိ။ သူ့အဖို့ ရှေ့လျှောက်လည်း စိတ်အေးချမ်းသာနေရဖို့ လမ်းမမြင်။
နောက်ဆုံးတွင် စိတ်ပျက်လက်ပျက် ဖြစ်ကာ မျက်နှာ လက်ဝါးအုပ်၍ငိုမိသည်။ ‘ဘုရား သခင်ရှင့်၊ တပည့်တော်မ အသက်ရှည်ရှည်နေရမယ်ဆိုရင် တပည့်တော်မ ချစ်ခင်နှစ်သက်တဲ့ သူတွေ ရဲ့စိတ်ချမ်းသာမှုကို ပေးနိုင်ပါစေဘုရား’ဟုဆုတောင်းမိသည်။
ထိုခဏတွင် အတွေ့ထူးတစ်ခုခံစားရသည်။ သူ့ခြေနင်း ဒူးတို့တွင်အေးစက်လာသည်ကို သတိထားမိလာသည်။ ဘုရား၊ ဘုရား၊ ရေတွေတက်လာပါပေါ့လား။ ချက်ချင်းပင် မတ်တတ်ရပ် လိုက်သည်။ တံခါးရွက်အောက်မှ ရေများ စီးဝင်လာသည်။ ရေကြီးတာပဲ။
စောစောက နာရီပေါင်းများစွာစိတ်ဆင်းရဲသည့်ဒဏ် ခံခဲ့ရသဖြင့် ယခုထုံနေပြီ။ ယခုကား မဂ္ဂီ သည် ခေါင်းအေးအေး ထားနိုင်လာသည်။ တစ်ချက်မျှ မအော်ဘဲ မဂ္ဂီသည် ဖယောင်းတိုင်ကို ကိုင် ကာ အပေါ်ထပ်ရှိဗော့ဂျာကင်အခန်းသို့ အပြေးတက်ခဲ့သည်။ တံခါးတစ်ဝက်ပွင့်နေသည်။ အခန်းထဲ သို့ဝင်သွားပြီး ဗော့ကိုလှုပ်နှိုးလိုက်သည်။
‘ရေကြီးလာပြီ ဗော့၊ အိမ်ထဲ ရေရောက်နေပြီ။ လှေရှာပေတော့’

(ခ)

ဗော့အဝတ်လဲနေစဉ် မဂ္ဂီသည် အောက်ထပ်သို့ပြေးဆင်းကာ ရေကိုအကဲခတ်သည်။ လှေကား နောက်ဆုံးအဆင့်သို့ပင် ရေရောက်နေပြီ။ ရေကိုကြည့်နေစဉ် တစ်စုံတစ်ခုသည် ပြတင်းကို ဝုန်းခနဲ ရိုက်သဖြင့် ပြတင်းပေါင်နှင့် မှန်များ ကွဲကျလာသည်။ ထိုနောက် ရေများ ဝေါခနဲဝင်လာသည်။
‘လှေတစ်စင်းပါလား၊ ဗော့ရေ ဆင်းခဲ့ဟေ့။ လှေရောက်နေပြီ၊ လာခဲ့’
မဂ္ဂီသည် အကြောက်အလန့်မရှိတော့။ ဒူးဆစ်မြုပ်သည်အထိ ရေထဲသို့ဆင်းကာ ပြတင်းကို တွယ်တက်သည်။ ထိုနောက် လှေပေါ်သို့ တက်လိုက်သည်။ မကြာမီဗော့ ဆင်းလာသည်။ သူ့လက်ထဲ တွင် မီးအိမ်တစ်ခုပါလာသည်။
‘ဟေ့ လှေနှစ်စင်းလုံး ရောက်နေပါလား။ ကြိုးမပြတ်တာ အံ့တယ်ကွာ’ ပြောပြောဆိုဆိုပင် ဗော့သည် မဂ္ဂီရှိရာ လှေထဲသို့ဆင်းသည်။
ထိုနောက် တခြားလှေပေါ်သို့ကူးကာ ကြိုးကိုဖြေသည်။ မဂ္ဂီလှေမျောပါသွားမည့် အန္တရာယ် ကိုမစဉ်းစားမိ။
‘ရေတက်တာက သိပ်မြန်တာပဲ။ ခဏလေးနဲ့ အပေါ်ထပ်ကိုရောက်သွားမှာပဲ။ တို့အိမ်က သိပ်နိမ့်တာကိုးဟ။ အမေနဲ့နှမလေးကို ခေါ်ချင်သေးတယ်။ ဒါနဲ့ မဂ္ဂီရော ဘယ်လိုစိတ်ကူးသလဲ’ ဗော့သည် မီးအိမ်ကို မဂ္ဂီဘက်သို့ပြလိုက်သည်။ မဂ္ဂီမိုးရေထဲတွင် ဆံပင်ဖားလျားနှင့် ရပ်နေသည်။ 
ဗော့အမေးကို မဂ္ဂီဖြေချိန်မရ။ ရေလုံးတစ်ခု ဝေါခနဲရိုက်လိုက်သည်တွင် မဂ္ဂီလှေရော ဗော့လှေ ပါ မြစ်လယ်သို့ မျောပါသွားလေသည်။
ပထမတွင်ကား မဂ္ဂီ ကြောင်နေသည်။ ဘာကိုမျှတွေးမပူမိ။ ပူပင်စရာဘဝမှ လွင့်စဉ်ထွက် သွားသည်ဟုပင် အောက်မေ့လိုက်သည်။ နာကျင်မှုမခံစားရဘဲ သေသွားသလိုပင်။
မဂ္ဂီသည် အမှောင်ထဲတွင် ဘုရားသခင်မှတစ်ပါး အဖော်တစ်ယောက်မျှမရှိ။ တစ်ယောက် တည်းသာ။


၃၄။ အေးမြသောရေ


(က)


အဖြစ်အပျက်တို့သည် မြန်ဆန်လွန်းသည်။ အိပ်မက်နှင့် တူလှသည်။ ရိုးရိုးစိတ်ကူးတို့ပင် အဆက်အသွယ်မရှိတော့ဘဲ ပြတ်တောက်သွားသည်။ မဂ္ဂီသည် လှေဝမ်းထဲတွင် အကြာကြီး ထိုင်နေ မိသည်။ သူဘာဖြစ်လာသည်ကိုမသိ၊ ဘယ်ရောက်နေသည်ကို မစဉ်းစားမိ။
တလောကလုံး မှောင်နေသည်။ အပေါ်တွင် ကန့်လန့်ကာနက်ကြီးအုပ်ဆိုင်းထားသည်။ အောက်တွင်ကား အပြောကျယ်သည့် ရေပြင်ကြီးရှိသည်။ ဤနှစ်ခုသည် အကြားမရှိ၊ တစ်ဆက် တည်းဖြစ်နေသည်။ အလင်းရောင်ရေးရေးလေးတစ်ခုပေါ်လာသည်။ မိုးကုပ်စက်ဝိုင်းဆီတွင် ဖြူရေး ရေးအကြောင်းလေးတစ်ခုထင်လာသည်။ ဤတွင်မှ မဂ္ဂီသည် သူဘယ်ရောက်နေသည်ကို ဆင်ခြင်မိ သည်။ ရေကြီးသဖြင့် လှေတစ်စင်းနှင့် မျောပါလာခြင်းကို သတိထားမိသည်။ ငယ်ငယ်က အဖေကြီး ပြောဖူးသည်ကို ပြန်လည်သတိရလာသည်။ အဖေကြီးပြောသည်ကို နားထောင်ရစဉ်ကပင် ကြက်သီး ထမိသည်။ ကြောက်စရာ့အဖြစ်ဆိုး၊ ဘေးဆိုးကြီးပါလားဟု တွေးမိသည်။ ထိုအရေးနှင့်အတူ သူ့အိမ် ကိုအမှတ်ရလာသည်။ တွမ်နှင့်အမေကို မျက်စိထဲတွင်မြင်လာသည်။
“ဘုရား ဘုရား ငါအခုဘယ်ရောက်နေသလဲ၊ အိမ်ကို ဘယ်လမ်းကသွားရမလဲ” တစ်ကိုယ် တည်း ညည်းမိသည်။ စက်ရုံမှာရော ဘာဖြစ်နေပြီလဲ၊ ရေကြီးလို့ ပျက်စီးမျောပါကုန်ပြီလား၊ သူတို့ တစ်တွေ ဒုက္ခတွေ့နေမှာပဲ၊ အမေနဲ့ တွမ်တို့ကို ကယ်မယ့်လူရှိပါ့မလား၊ လူသူ ဝေးတဲ့နေရာရောက် နေကြတာ။ သည်တွင်မှ မဂ္ဂီ တစ်ကိုယ်လုံး ထိုအတွေးတို့နှင့် ရောယှက်လာသည်။ အမေနှင့် တွမ်တို့ အားကိုးရာမဲ့နေကြတော့မည်။ ကယ်မည့်သူ မျှော်နေကြတော့မည်၊ ကယ်သူမတွေ့သဖြင့် ဒုက္ခတွေ့နေ ကြတော့မည်။
ယခုအခါ မဂ္ဂီသည် ရေစီးတွင်မျောပါနေသည်။ သို့သော် လှိုင်းလေငြိမ်သက်သော ရေစီး ကြောင်းပေါ်တွင် ရောက်နေသည်။ အမှောင်ထုကို ဖောက်ကာ မြင်နိုင်အောင်ကြိုးစားသည်။ သို့မှသာ ဘယ်နေရာ ရောက်နေသည်ကို သိနိုင်မည်။ သိလျှင် အိမ်သို့ သွားရမည့်လမ်းကို ရှာနိုင်မည်။ အိမ် ရောက်မှသာ သူ စိတ်ပူနေသည်တို့ ပြေနိုင်မည်။
မိုးသားပြည့်နေသော ကောင်းကင်သည် တဖြည်းဖြည်း ထင်ရှားလာသည်။ အောက်ခြေရှိ မည်းမှောင်သော အမှောင်ထုကြီးသည်လည်း တဖြည်းဖြည်း ပုံသဏ္ဌာန်များ ပီသထင်ရှားလာသည်။ ဟုတ်သည်၊ ယခုသူရောက်နေသည်မှာ လယ်ကွင်းများအလယ်တွင် ဖြစ်ရမည်။ ဟိုနားက ထိုးထိုး ထောင်ထောင်တွေဟာ စည်းရိုးတွေဖြစ်မှာပဲ။ ဒါဖြင့် မြစ်မကြီးက ဘယ်မှာလဲ။ နောက်ဘက် လှည့် ကြည့်လိုက်လျှင် သစ်ပင်မည်းမည်းများတန်းနေသည်ကိုတွေ့ရသည်။ ရှေ့တွင်ကား ဘာမျှမရှိ။ ဟင်း လင်းပြင်ကြီးသာတည်း။ သို့ဖြစ်လျှင် သူ့ရှေ့တည့်တည့်တွင် မြစ်ပြင်ကြီးရှိရမည်။ ထိုကြောင့် အား တက်လာကာ မျှော်လင့်ချက်ကြီးစွာဖြင့် လှေကိုလှော်သည်။ အရုဏ်သည်လည်း သူ၏ လှော်ချက်နှင့် အတူ တစ်စတစ်စ ပီသထင်ရှားလာသည်။ ရေလယ် ကုန်းတစ်နေရာတွင် ကျွဲနွားများတို့ ရေလွတ်ရာ ၌ ခိုနေကြသည်ကိုမြင်ရသည်။
………….
အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု စာရေးဆရာမ George Eliot ၏ ‘The Mill on the Floss’ ကို စာရေးဆရာကြီး ဆရာကျော်အောင်က ဘာသာပြန်ထားသည့် ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ဘာသာပြန်အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၁၆ ) ကို မနက်ဖြန် ည ( ၉ ) နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။
အကယ်၍ ဝန်ဇင်းစာချစ်သူတို့က ဒီစာအုပ်ကို နှစ်သက်လို့ အပိုင်ဝယ်ယူ ဖတ်ရှုချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖုန်းထဲမှာ ထည့်သွင်းဖတ်ရှုနိုင်ကြောင်း ပြောပါရစေခင်ဗျာ။ 
“ဝန်ဇင်းစာချစ်သူတို့က ဘာသာပြန်ဝတ္ထုကောင်းတွေကို နှစ်သက်သဘောကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်၊ အကြံပြုလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …               


Related Posts