ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း(၁)[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]


ကျော်အောင် - မြစ်ကမ်းပေါ်ကစက်ရုံကလေး 
[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]
အပိုင်း ( ၁ ) 
………….
အပိုင်း(၁)
သားနှင့်သမီး
၁။ ဒေါလကော့ စက်ရုံကလေး
ဖလော့မြစ်သည် စိမ်းလန်းသော မြစ်ကမ်းနှစ်ဖက်ကြားတွင် တစ်ရှိန်ထိုးစီးဆင်းနေသည်။ ပင်လယ်သို့ ဝင်ခါနီးသည့်အခါ မြစ်ပြင်သည် ပို၍ ကျယ်လာသည်။ ထိုမြစ်ပြင်ကျယ်ကြီးသည် တစ်နေရာတွင် မျှော်မဆုံးသည့်လယ်ကွင်းပြင်ကြီး၏ အူကြောင်းကို ဖောက်သွားသည်။ ထိုနောက် တွင်ကား ခရီးဆုံးဖြစ်သော ပင်လယ်ထဲသို့ ဝါးလုံးထိုး ပြေးဆင်းလေတော့သည်။
မြစ်ဝတစ်နေရာ ကမ်းနဖူးထက်တွင် စိန့်အော့မြို့ကလေး တည်ရှိလေသည်။ ဤမြို့ကလေး သို့ပင်လယ်ကူးသင်္ဘော အများအပြား လာရောက်ဆိုက်ကပ်ကြသည်။ သင်္ဘောအချို့သည် ပျဉ်များ၊ သစ်များကို သယ်ဆောင်လာသည်။ အချို့ကမူ ဆီကြိတ်ရန် သစ်စေ့များ၊ ကျောက်မီးသွေးများကို သယ်ယူလာသည်။
မြစ်ကမ်းနဖူးတွင် အစီအရီပေါက်နေသော သစ်ပင်ထိပ်ဖျားတို့ထက်၌ နီညိုညို သင်္ဘောရွက် များ လွင့်နေသည်ကို မြင်နိုင်သည်။
စိန့်အော့မြို့ကလေးကို အဝေးက ကြည့်သည့်အခါ ခေါင်မိုးနီများကို ထင်းခနဲ မြင်ရမည်ဖြစ် သည်။ ယင်းနှင့်မလှမ်းမကမ်းတွင် တသွင်သွင်စီးနေသော မြစ်လက်တက်ကလေးတစ်ခုရှိသည်။ ယင်းကို ရစ်ပယ်မြစ်လက်တက်ဟုခေါ်ကြသည်။ ဤရစ်ပယ် မြစ်လက်တက်ကလေးသည် ဖလော့မြစ် မထဲသို့ တသွင်သွင် စီးဝင်သွားသည်။ မြစ်ရေသည် နက်မှောင်ကြည်လင်နေသည်။ သို့သော် အစဉ်မ ဟုတ်။ အမြဲပင် အရောင်ပြောင်းနေတတ်သည်။ စိမ်းရာမှ ပြာ၊ ပြာရာမှ ညိုသွားတတ်သောကြောင့် မျက်စိပသာဒကို ကြည်နူးစေသည်။ ဤအပြောင်းအလဲသည်ပင် မြစ်ကလေး၏ ချစ်စရာအသွင်တစ်ခု ဖြစ်လာသည်။ တသွင်သွင် စီးနေသည့် ရေစီးသံသည်လည်း ငြိမ့်ညောင်းသာယာ ရှိလှသည်။ တစ်စုံ တစ်ယောက်သည်ရေစီးသံကို နားဆင်ရင်း မြစ်ကမ်းပါး၌ လျှောက်နေသည့်အခါ သူ့စိတ်ထဲ၌ ရစ်ပယ် မြစ်ကလေးသည် သူ၏ အဖော်လေး တစ်ယောက်ဟုပင် ဝိုးတဝါးတွေးထင်မိတတ်သည်။
မြစ်ကလေး၏ ပတ်ဝန်းကျင်ကို ကြည့်ပါဦး။ သစ်ပင်ကြီးများသည် ကမ်းပါး၌ တစွေတ စောင်း ပြိုင်းပြိုင်းရိုင်းရိုင်း ပေါက်နေသည်ကိုမြင်ရမည်။ ယင်းတို့မှ သစ်ကိုင်းသစ်ခက်တို့သည် မြစ် ထဲသို့ ယီးလေးခိုကာ ငိုက်ဆင်းကြကုန်သည်။
တစ်နေရာတွင်ကား ချစ်စရာ ကျောက်တံတားလေးတစ်ခုကို တွေ့နိုင်သည်။
သည်ဘက်တစ်နေရာ မြစ်ကမ်းနဖူးထက်တွင်မူ ဒေါလကော့ ရေရဟတ် စက်ရုံလေးတစ်ခု တည်နေသည်ကိုတွေ့နိုင်သည်။
အချိန်ကား ထိုင်းမှိုင်းသော ဖေဖော်ဝါရီလ၊ သစ်ပင်တို့၌ သစ်ရွက်မရှိ၊ အရိုးပြိုင်းပြိုင်း ထနေ သည်။ သည်လို ရာသီမျိုးမှာပင် ဒေါလကော့စက်ရုံကလေးသည် တစ်မျိုးလှနေသည်။ စက်ရုံနှင့် မလှမ်းမကမ်းတွင် စက်ပိုင်ရှင်၏ အိမ်တစ်ဆောင်ရှိသည်။ အိမ်၏ မြောက်ဘက်တွင် မြောက်လေ အေးဒဏ်ကို အကာအကွယ်ပေးသည့် သစ်ပင်ကြီးများ အပြိုင်းအရိုင်းထိုးထွက်နေကြသည်။ ထိုအိမ် ၏အသက်ကား သူ့ဘေးရှိ သစ်ပင်ကြီးများအသက်နှင့် ထပ်တူပင်ဖြစ်သည်။ သို့သော် အိမ်ကလေး သည် နေချင့်စဖွယ်အေးချမ်းသာယာသည်။ ဤငြိမ်းချမ်းသာယာမှုကို ရေရဟတ်ဆီသို့ မြစ်ရေတိုး သည့် အသံက ထပ်ဆင့်၍ နာပျော်ဖွယ် ဖန်တီးပေးပြန်သည်။ ရဟတ်စက်ကို ရေတိုးသဖြင့် လည်သည့်အသံသည် တစ်ရံမလပ် ကြားနေရသည့်အသံဖြစ်သည်။ ဤရဟတ်စက်သံက စက်ရုံလော ကလေးနှင့် ကြွင်းသောလောကကြီးကို ကတ္တားခြားပေးလိုက်သည်။ တကယ်ဆိုလျှင် ဤရဟတ်စက် လည်သံသည် လောကနှစ်ခုကို ပိုင်းခြားလိုက်သည့် ပြည်ဖုံးကားတစ်ခုနှင့် တူလေသည်။
ကမ်းစပ်တွင် မိန်းကလေးတစ်ယောက် ရပ်နေသည်။ သူ့အပါးတွင်နားရွက်တစ်ဖက် ညိုနေ သောခွေးဖြူလေးတစ်ကောင်သည် ခုန်ဆွခုန်ဆွကစားနေသည်။ သံသေးသံစာဖြင့် တဝုတ်ဝုတ် ဟောင်နေသည်။ ကလေးမလေးသည် စိန်ပွင့်စိန်ပန်း ဖြာထွက်နေသော ရဟတ်စက်ကို စောင့်ကြည့် နေသည်။ ရဟတ်စက်ကား ဘယ်တော့မှ အလည်မရပ်။
အိမ်ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ မီးရောင်ထိန်လင်းနေသည်ကိုမြင်ရသည်။ အိမ်ထဲမှ မီးနီရောင်တို့သည် ပြတင်းကို တိုးဝှေ့ကာ အပြင်သို့ထွက်လာသည်။ ယင်းတို့အထက်တွင်မူ မိုးယံ သည် ညိုမည်းလာလေပြီ။ သို့ဖြစ်ရာ အိမ်ထဲသို့ဝင်ဖို့ အချိန်တော်ပြီ။ သူ့အဖေ၊ အမေတို့ ဖြစ်ကြသည့် မစ္စတာတူလီဗာနှင့် မစ္စက်တူလီဗာတို့သည် မီးဖိုဘေးတွင် ထိုင်ကာ စကားစမြည် ပြောနေကြသည်။
‘တို့ဖြစ်စေချင်တာက...တို့ဖြစ်စေချင်တာက’မစ္စတာတူလီဗာ၏အသံဖြစ်သည်။
၂။ တွမ်အတွက် အစီအမံ
(က)
‘တို့ဖြစ်စေချင်တာကတော့ တွမ်ကို ပညာကောင်းကောင်းပေးချင်တာပဲ။ သူ့အတွက် ဝမ်း ကျောင်းနိုင်ဖို့ ပညာပေါ့ကွာ။ သူ့ကို စက်ပိုင်ဖြစ်စေချင်မယ်၊ လယ်ပိုင်ဖြစ်စေချင်မယ်ဆိုရုံလောက်နဲ့ တော့ဖြင့် အခုသူနေတဲ့ကျောင်းကအလွန်ကောင်းပါတယ်။ ဒါပေမဲ့ တွမ်ကိုနည်းနည်းပါးပါးလေး တော့ဖြင့် စာတတ်ပေတတ်တစ်ယောက် ဖြစ်စေချင်တယ်။ ကောင်းကောင်း စာရေးတတ်ရမယ်။  စကားကိုလည်း ချက်ချက်ချာချာပြောတတ်ရမယ်။ ရုံးပြင်ကနားမှာ တို့တစ်တွေ အမှုဆိုင်ရမယ့် အခါမျိုးမှာ တို့အတွက် တွမ်ကအကူအညီပေးနိုင်အောင်ပေါ့ကွာ။ ဒါပေမဲ့သားကိုတော့ ရှေ့နေ တကယ်မဖြစ်စေချင်ပါဘူး။ ရှေ့နေဆိုတာ လူယုတ်မာကွ။ အလကား လူယုတ်မာတော့ မဖြစ်စေချင် ဘူးကွာ။ လူယုတ်မာဖြစ်သွားရင် သူ့အတွက် စိတ်မကောင်းဖြစ်နေရတော့မယ်။ အေး…ငါ စိတ်ကူး ထားတာက အရောင်းအဝယ်သမားဖြစ်စေ၊ လယ်မြေရာပြတ်ဖြစ်စေပေါ့ကွယ်။ တို့မိတ်ဆွေရီလီတို့လို ပေါ့။ ရီလီလေ၊ ရှေ့နေဝေကမ်နဲ့ တွေ့တဲ့အခါများဆို ကြောင်များတစ်ကောင်နဲ့တစ်ကောင် စိန်းစိန်း ကြည့်သလိုပဲ၊ ရီလီက ဝေကမ့်မျက်နှာကိုခပ်တင်းတင်း ကြည့်တာပဲကွ။ သူ သူဝေကမ်ကို နည်းနည်း မှမကြောက်ဘူးကွ’
‘အင်းလေ၊ ဒါတွေတော့ ရှင်ကပိုပြီး သိမှာပေါ့’
မစ္စက်တူလီဗာက ဆိုသည်။
‘ကျွန်မဘက်က ဘာမှ ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမဲ့ ကြက်သုံးကောင်လောက်ချက်ပြီး သူ့ဦးကြီး၊ ဦးလေးနဲ့အဒေါ်တွေ ထမင်းဖိတ်ကျွေးရရင် မကောင်းဘူးလား။ အဲဒီကျတော့ ကျွန်မ အစ် မတွေ ဘာပြောကြမလဲ။ မစ္စက်ဂလက်တို့၊ မစ္စက်ပူးလက်တို့ ဘာအကြံပေးကြမလဲဆိုတာ နားထောင် ကြည့်နိုင်တာပေါ့’
‘ဒီမယ် ဗက်ဆီ၊ အေး မင်းအစ်မတွေခေါ်ပြီး ထမင်းကျွေးချင်သပဆိုရင် ခြံထဲရှိတဲ့ ကြက်တွေ အကုန်လုံးပဲ ချက်စားစား ကိစ္စမရှိဘူး၊ ဒါပေမဲ့ ငါ့သားကိစ္စ ငါ့ဟာငါ စီမံတဲ့နေရာမှာတော့ ဘယ်ဦး ကြီး၊ ဦးလေးနဲ့ဘယ်ဒေါ်ကြီး ဒေါ်လေးတွေဆီကမှ အကြံဉာဏ် မလိုချင်ဘူးဟေ့’
ထိုစကားကိုကြားလျှင် မစ္စက်တူလီဗာ မျက်ကလဲဆန်ပျာဖြစ်သွားသည်။
‘ရှင် ဘယ်လိုစကားပြောလိုက်တာလဲ မစ္စတာတူလီဗာ၊ ကျွန်မဘက်က ဆွေမျိုးတွေဆိုရင် ရှင် ဘယ်တော့မှ အကောင်းမပြောဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်မကလေးတွေအဖို့တော့ ပစ္စည်းဥစ္စာ ပြည့်စုံတဲ့ ဦးကြီး၊ ဦးလေးတွေ၊ အဒေါ်တွေရှိနေတာ ကံကောင်းတယ်လို့ ပြောရမှာပဲ။ ဘာဖြစ်ဖြစ် တွမ်ကိုကျောင်းပို့မယ်ဆိုရင်တော့ ကျွန်မသဘောက ကျွန်မတို့နဲ့လက်လှမ်းမီ တစ်နေရာရာကိုပဲ ပို့စေ ချင်တယ်။ ဒါမှ သူ့အဝတ်တွေယူပြီးလျှော်ဖွပ်ပေးနိုင်မယ်၊ ချုပ်လုပ်ပေးနိုင်မယ်၊ ပြီးတော့ သား အတွက် ကိတ်မုန့်တို့၊ ပန်းသီးတို့ ပို့ပေးနိုင်မယ်။ သူတို့က သားကို ကောင်းကောင်းကျွေးကျွေး၊ မကျွေးကျွေး၊ ကျွန်မသားလေး သရေစာ သမောစာ စားရတာပေါ့။ ကျွန်မကလေးတွေက သူများ ကလေးတွေထက် အစားကောင်းတယ်ရှင့်။ ဘုရားသခင် ကျေးဇူးတော်ပဲပေါ့ရှင်’
‘အေးပါကွာ၊ တို့များကလည်း သူ့ကို ဝေးဝေးမပို့ပါဘူး။ ဒါပေမဲ့တို့စဉ်းစားနေတာက တွမ် အတွက် ဘယ်ကျောင်းဟာ အကောင်းဆုံးဖြစ်မလဲဆိုတာပါ’
မစ္စတာ တူလီဗာသည် စကားကို မဆက်သေးဘဲ အိတ်ထဲသို့လက်နှိုက်လိုက်သည်။ သူလုပ်နေ ရပုံမှာ သူ့အိတ်ထဲတွင် အကြံကောင်းဉာဏ်ကောင်းများ ရှိနေမယောင်ယောင်။ ဟုတ်သည်။ သူတွေ့ လာပြီ။ အကြံဉာဏ်ရလာပြီ။ ချက်ချင်းပင် ဤစကားကိုသူဆိုသည်။
‘ဘာလုပ်ရမယ်ဆိုတာသိပြီဟေ့၊ ဒီကိစ္စရီလီနဲ့ ဆွေးနွေးကြည့်မယ်။ သူနက်ဖြန်လာမယ်။ တို့ များဟိုတံတားကိစ္စစကားများထားတာ တိုင်ပင်စရာရှိတယ်။ ရီလီဆိုတာ စာတတ်တယ်ကွ။ ငါက တွမ်ကိုသူ့လိုဖြစ်စေချင်တယ်။ ပြောရေးဆိုရေးမှာလည်း မညံ့ဘူး၊ ရောင်းရေးဝယ်တာဘက်ကဆိုရင် လည်း ဗဟုသုတရှိတာပဲ’
ထို့နောက် စကားမဆက်ဘဲ ခဏနားလိုက်သည်။ ပြီးမှဆက်၍ပြောပြန်သည်။
‘အေး၊ တို့စိုးရိမ်တာ တစ်ခုပဲရှိတယ်။ တွမ် ဦးနှောက်ဟာ ထက်ရဲ့လားဆိုတာပဲ တွေးပူမိ တယ်။ ဒီကောင်လေးဟာ မသွက်ဘူးလားလို့၊ မင်း ဆွေမျိုးတွေနဲ့များ တူနေမလားလို့ ဗက်ဆီရေ့’
‘ဒါတော့ဟုတ်တယ်၊ ကျွန်မသားက ဟင်းချိုကို ဆားခတ်ပြီးမှသောက်တတ်တာရှင့်။ ကျွန်မ ခဲအိုတွေ၊ မတ်တွေလည်း ဒီအတိုင်းပဲ။ ကျွန်မအဖေလည်း ဒီအတိုင်းပဲ’
‘တို့သမီးလေး မဂ္ဂီကျတော့ တို့ဘက်ကို တူတယ်။ သမီးလေးက တွမ်ထက်ပိုပြီး သွက်တယ်၊ ပိုပြီးချက်ချက်ချာချာရှိတယ်။ တစ်ခါတလေသွက်လွန်း၊ ပါးနပ်လွန်းလို့ ကြောက်တောင် ကြောက်မိ တယ်။ တကယ်ဆိုတော့ ပါးနပ်လွန်းတဲ့ မိန်းမဆိုတာ အမြီးရှည်လွန်းတဲ့ သိုးမနဲ့အတူတူပဲ။ အမြီးသာ ရှည်ပေမဲ့ ဈေးတော့ ပိုရတာမဟုတ်ဘူး’
‘အို…ဒီကောင်မလေး ပါးတာ၊နပ်တာတွေက နောက်ဆုံးတော့အကျင့်ဆိုးတဲ့ဘက် ရောက် သွားတာချည်းပါ’
မစ္စက်တူလီဗာသည် ပြောရင်းပြတင်းပေါက်ဆီသို့ထလာသည်။ ပြီးမှဆက်လက်၍-
‘ညစ်ပတ်ပေရေလိုက်တာက လွန်ရော။ အင်္ကျီဝတ်ပေးလိုက်ရင်ဖြူဖြူစင်စင် အင်္ကျီလေးဟာ နှစ်နာရီပြည့်အောင်တောင်မခံဘူး။ မည်းလာတာပဲ။ ခုလည်း ဘယ်ရောက်နေတယ်မသိဘူး။ လက် ဖက်ရည်ချိန်တောင်နီးနေပြီ။ ဟုတ်ပါပြီ၊ ကျွန်မ တွေးလိုက်ရင်မလွဲပါဘူး။ ဧကန္တဒီကောင်မလေး မြစ် ကမ်းဘေးမှာ အလေအလွင့်တွေလို လူးလာလျှောက်နေမှာပါ။ အင်း၊ တစ်နေ့နေ့တော့ မြစ်ထဲလိမ့်ကျ ပြီးရေနစ်ပါလိမ့်မယ်’
(ခ)
မစ္စက်တူလီဗာသည် ပြတင်းကိုဖွင့်ကာ မဂ္ဂီအား အိမ်ထဲသို့လာရန် လှမ်းခေါ်လိုက်သည်။
ပြီးလျှင် နေရာတွင်ပြန်ထိုင်သည်။
‘ရှင့်သမီး ပါးတဲ့နပ်တဲ့အကြောင်းပြောလို့ပါ။ ကျွန်မစိတ်ထဲမှာတော့ ရှင့်သမီးဟာ တချို့ နေရာတွေမှာ ရူးနှမ်းနှမ်းလို့ထင်မိတယ်။ ပေါသလိုလိုပဲ။ တစ်ခါတလေ အိမ်ပေါ်ထပ်ကို တစ်ခုခု အယူခိုင်းလိုက်ရင်အိမ်ပေါ်လည်းရောက်ရော၊ ကျွန်မခိုင်းလိုက်တာကို မေ့သွားရော။ တစ်ခါတလေ တော့ ပြတင်းပေါက်က ထိုးဝင်လာတဲ့ နေရောင်ထဲမှာ ထိုင်ပြီးပါးစပ်က သီချင်းတညည်းညည်းနဲ့ တမေ့တမောနေတော့တာပဲ။ အရူးလိုပါပဲရှင်။ ကျွန်မမှာဖြင့် အောက်ထပ်ကနေ စောင့်နေလိုက်ရတာ လည်ပင်းကိုရှည်လို့။ အဲဒီသွေးမျိုးတော့ ကျွန်မဘက်က ဆွေမျိုးတွေဆီမှာမရှိဘူးရှင့်။ ပြီးတော့ ကျွန် မတို့ဘက်မှာ အသားညိုတာတစ်ယောက်မှမပါဘူး’
‘ဘာကွယ့်၊ မဟုတ်ကဟုတ်ကပြောရော့မယ်။ တို့သမီးလေးကလှပါတယ်ကွယ့်၊ လူကြည့်ခံပါ တယ်။ ပြီးတော့ ခင်ကြီးများလိုပဲ စာကိုလည်း ဒေါင်းဒေါင်းပြေးအောင် ဖတ်နိုင်တယ်ကွယ်’
‘ဒါပေမဲ့ ဆံပင်ကတော့ ကျွန်မဘယ်လိုပဲပြုပြင်ပေးပေမဲ့ ဖြီးပေးပေမဲ့ တွန့်ကောက်လာမှာ မဟုတ်ဘူး’
‘ဖြတ်ပစ်လိုက်ပေါ့ကွာ၊ ခပ်တိုတိုဖြတ်လိုက်ပေါ့’ မစ္စတာတူလီဗာကပြောသည်။
‘ရှင် ဘယ့်နှယ်ပြောလိုက်တာလဲ။ ခုမှကိုးနှစ်ရှိသေးတာရှင့်။ ဆံပင်ဖြတ်ဖို့မတော်သေးပါဘူး။ ပြီးတော့ သူ့ညီမဝမ်းကွဲလူစီကိုကြည့်စမ်း၊ လူစီရဲ့ဆံပင်လေးတွေက အလိပ်အလိပ်ကောက်နေတယ်၊ ချစ်စရာလေးရှင်။ ကျွန်မညီမ ဒီအင်မှာ လူစီလို သမီးချောလေးတစ်ယောက်ရှိတယ်ဆိုတာ ယုံနိုင်စရာ တောင်မရှိဘူး။ အင်း မဂ္ဂီ၊ မဂ္ဂီ’
ထိုအချိန်တွင် မဂ္ဂီသည် အခန်းထဲသို့ ဝင်လာသည်။ ‘ဟဲ့ မဂ္ဂီ၊ ညည်းကိုရေစပ်မသွားနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ၊ ဘာမှနားမထောင်ဘူး။ အေး ညည်းတော့လား၊ တစ်နေ့နေ့ ရေထဲကျပြီး စွပ်ခနဲနစ်နေမှာ မြင်ချည်သေး။ ဦးထုပ်ကို ဒီမှာချမထားနဲ့ဟေ့။ အပေါ်ထပ်ယူသွားရတယ်၊ ပြီးတော့ ဖိနပ်ချွတ်။ နောက်ပြီးမှ ချုပ်စရာရှိတာ သွားချုပ်ချည်’
‘အို မေမေကလဲ၊ ဒီအပ်ချုပ်တဲ့အလုပ်ကို ကျွန်မမလုပ်ချင်ပါဘူးဆိုနေမှပဲ’
မဂ္ဂီ၏ အသံသည် စိတ်ဆိုးသံ ပါသည်။
‘ညည်းဒေါ်ကြီး ဂလက်အတွက် စားပွဲခင်းလေးတစ်ထည်လောက်ချုပ်မပေးချင်ဘူးလား အေရယ်’
‘ဒေါ်ကြီးဂလက်အတွက်ဆိုရင် ကျွန်မ ဘာတစ်ခုမှ လုပ်မပေးချင်ဘူး။ ဒေါ်ကြီးကို ကျွန်မ မကြိုက်ဘူး’
မဂ္ဂီသည် ပြောပြောဆိုဆိုပင် ဦးထုပ်ကို မေးသိုင်းကြိုးမှ ဆွဲကာ ထွက်သွားသည်။ ဖအေဖြစ် သူမစ္စတာ တူလီဗာကား တဟားဟားရယ်၍ ကျန်ရစ်ခဲ့သည်။
‘သူပြောတာကို ရှင်သဘောကျတယ်။ အံ့ပါရဲ့ရှင်၊ ရှင့်သမီး ဆိုးဖို့တေဖို့ ရှင်ကအားပေးအား မြှောက်လုပ်ပေးနေသလိုဖြစ်နေပြီ။ ဒါမျိုးတွေကြောင့် သူတို့တူမကို ကျွန်မတို့က မသွန်သင်ဘူး၊ မဆုံး မဘူးလို့သူ့အဒေါ်တွေကပြောတာပဲ’
၃။ ကျောင်းထားရေး
မစ္စတာတူလီဗာသည် မစ္စတာရီလီဘက်သို့လှည့်ကာ စေ့စေ့ကြည့်နေသည်။ ပြီးမှ စိတ်အား ထက်သန်စွာပြောသည်။
‘ကျွန်တော် တစ်ခုစဉ်းစားနေတယ်ခင်ဗျ’
‘အင်း ဆိုးစမ်းပါဦး’
မစ္စတာရီလီ၏ အသံသည် စိတ်ဝင်စားလာသည့် အသံမျိုးဖြစ်သည်။ သူသည် လူအေးတစ် ယောက်ဖြစ်သည်။ တည်ငြိမ်သည်။ ထို့ကြောင့်ပင် တူလီဗာသည် သူ့ကို ယုံကြည်ကိုးစားခြင်းဖြစ် သည်။
‘အရေးကြီးတဲ့ကိစ္စ ခင်ဗျ၊ အဲဒါကတော့ ကျွန်တော့်သားလေး တွမ်ကိစ္စပါပဲ’
ထိုအချိန်တွင် မဂ္ဂီသည် မီးဖိုဘေး၌ စာအုပ်တစ်အုပ်ဖတ်နေသည်။ တွမ်ဆိုသော နာမည် ကြား လိုက်သည်တွင် မသိစိတ်ထဲ၌ ဘာများလဲဟုသိချင်လာပြီး နိုးနိုးကြားကြားဖြစ်ကာ ခေါင်းထောင်လာ သည်။ နားစွင့်လာသည်။ စောစောပိုင်းတွင် တွတ်တွတ်သံများ ကြားရသည်။ ထိုအခါကပင် စာအုပ် ထဲစိတ်မရောက်တော့။ တွမ်နာမည်ကြားလျှင်ကား သိချင်ဇောပြင်းပြလာသည်။ သို့ကြောင့် ဘာများ လဲဟုနားစွင့်နေသည်။ တွမ်အကြောင်းမကောင်းပြောသံ ကြားရမည်ဆိုလျှင် တွမ်ဘက်မှ ကာကွယ် ရန်အသင့်ပြင်ထားသည်။ တွမ်ကို ဘယ်သူက မလိုစကားပြောသလဲ၊ တွမ်မှာဘေးအန္တရာယ်တွေ့နေ သလား။
‘သူ့ကိုမစ်ဆမ်းမားမှာရှိတဲ့ ကျောင်းတစ်ကျောင်းကို ပို့ချင်တယ်။ ကျောင်းသစ်ပေမဲ့ ကျောင်း ကကောင်းပါတယ်’
‘ဟုတ်ပါတယ်လေ။ လောကမှာ ပညာကောင်းကောင်းတတ်ထားတာကတော့ အကျိုးကျေး ဇူးများတာပါပဲ။ သို့ပေမဲ့ စာမတတ်ပေမယ့်လည်း စက်ရုံပိုင်ရှင်ကောင်းတစ်ယောက် ဒါမှမဟုတ် လယ်ပိုင်ရှင်ကောင်းတစ်ယောက်တော့ ဖြစ်နိုင်တာပါပဲဟ’
မစ္စတာရီလီ၏ စကားသည်အလွန်လှသည်။ ယဉ်ကျေးသည်။
‘ဟာ ကျွန်တော်က တွမ်ကိုစက်ပိုင်ရှင်ဒါမှမဟုတ် လယ်ပိုင်ရှင်ဖြစ်စေချင်တာမှမဟုတ်ပဲ။ တွမ်ကို ပညာကောင်းကောင်းသင်ပေးမယ်။ ပြီးတော့ ရောင်းရေးဝယ်တာလုပ်ငန်းတစ်ခုခုထဲဝင်ခိုင်း မယ်။ ကျွန်တော့်ကိုမမှီခိုဘဲ သူ့ဝမ်းသူ ကျောင်းနိုင်အောင်လို့ပါ။ ဒါမှသူကျွန်တော့်ကိုဒီကကော်မထုတ် မှာဗျ’
မဂ္ဂီသည် ထိုစကားအားလုံးကိုစိုက်၍ နားထောင်နေသည်။ ကြားရသမျှဆိုရင်တော့ တွမ် လူဆိုးပဲ၊ ဖေဖေကို အိမ်က ကော်ထုတ်ဖို့ ကြံစည်နေပုံရတယ်၊ မဖြစ်ဖူး မဖြစ်ဖူး။ မဂ္ဂီသည် ထိုင်နေရာ မှ ဝုန်းခနဲထလိုက်သည်။ လက်ထဲမှ စာအုပ်ပင် ကြမ်းပေါ်သို့ လွတ်ကျသွားသည်။ ထို့နောက် သူ့အဖေ ဒူးနှစ်လုံးကြား ပြေးဝင်ပြီး မျက်ရည်ဝဲကာ ဒေါသသံလေးဖြင့် ဤသို့ဆိုသည်။
‘ဖေဖေရယ်၊ ဖေဖေ့အပေါ်မှာ တွမ်ဒါလောက်ဆိုးမယ်မထင်ပါဘူး။ ကျွန်မသိပါတယ် ဖေဖေ ရယ်၊ သူ လူဆိုးမဟုတ်ပါဘူး’
‘ဘာရယ်သမီး၊ ဘယ်သူမှ တွမ့်အကြောင်း မကောင်းမပြောရတော့ဘူးပေါ့၊ ဟုတ်လားသမီး။ ဟုတ်ပါတယ် သမီးရယ်၊ တွမ်ဟာ လူလိမ္မာလေးပါ’
ပြောရင်းပင် တူလီဗာသည် နှစ်နှစ်ခြိုက်ခြိုက် ရယ်မောနေသည်။
မဂ္ဂီလည်း ထိုစကားကြားရမှ ကျေနပ်ကာ သူ့အဖေ အပါးမှထွက်သွားသည်။ မဂ္ဂီထွက်သွား လျှင် တူလီဗာသည် သမီးအကြောင်း ပြောပြန်သည်။
‘အေးဗျ၊ သူ ယောက်ျားလေးမဖြစ်တာ သိပ်ကံဆိုးတာပဲ၊ သူသာယောက်ျားဖြစ်ရင် ရှိရှိသမျှ ရှေ့နေအားလုံးရဲ့ ထိပ်ကချည်းနေမှာပဲဗျ။ ပါးလိုက်နပ်လိုက်သမှ လွန်နေတာပဲ’
‘နေပါဦး၊ ခင်ဗျားသားကရော မထိုင်းလှပါဘူးနော်’ရီလီကမေးသည်။
‘တွမ်ကဒီလိုဗျ၊ သူ့မှာ ဉာဏ်ရှိပါတယ်။ အထူးသဖြင့် အိမ်မှုကိစ္စကလွဲရင် သူ ချက်ချက် ချာချာရှိပါတယ်။ ဒါပေမဲ့ စကားသိပ်မပြောတတ်ဘူး၊ စကားနည်းတယ်၊ မသွက်ဖူး၊ စာဖတ်ဝါသနာမ ပါဘူး၊ စာလုံးပေါင်းလည်းမတော်ဘူးလို့ပြောကြတာပဲ။ ခင်ဗျား အမြင်ပဲလေ။ မဂ္ဂီလို သွက်သွက်မှ မဟုတ်တာ။ နှုတ်စ လျှာစရှိတာမှ မဟုတ်ဘဲ။ အဲ့ဒါကြောင့် သူ့ကိုကျောင်းပို့ပြီး စကားပြောသွက်လာ အောင်၊ စာကောင်းကောင်းရေးတတ်လာအောင် သင်ပေးမလို့။ လူရည်လည်အောင်လုပ်ပေးဖို့ပေါ့ဗျာ။ ကျွန်တော့်သားကို တစ်ခုတည်းပဲ ဖြစ်စေချင်တယ်ဗျာ။ အဲဒါကတော့ အခုကျွန်တော့်အပေါ် အနိုင်ယူ သွားကြတဲ့ လူတွေနဲ့ ကျွန်တော့်သားဟာ တန်းတူဖြစ်စေချင်တယ်။ ဒါပါပဲ’
‘ဟုတ်တယ် တူလီဗာ၊ ခင်ဗျားပြောတာမှန်တယ်။ ခင်ဗျား သေသွားရင်သူ့အတွက် ပိုက်ဆံ တွေစုလိုက်စုပုံ ထားခဲ့တာထက်တော့ အဲဒီပိုက်ဆံတွေကို ခင်ဗျားသားအတွက် ပညာပေးရာမှာ  သုံး လိုက်တာကကောင်းတာပေါ့ဗျ’
‘ဒါကြောင့်မစ္စတာရီလီနဲ့ တိုင်ပင်တာပေါ့ဗျ။ တွမ်နဲ့သင့်လျော်မယ့်ကျောင်းကို ခင်ဗျား ညွှန် နိုင်မယ်လို့ မျှော်လင့်တာပဲ’
မစ္စတာရီလီသည် အကြာကြီး စဉ်းစားနေသည်။ ပြီးမှ ပြောသည်။
‘အခုနေ ပိုက်ဆံရှိတဲ့လူတွေ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်ကောင်းကောင်းသိတာပေါ့ဗျာ။ ကျွန်တော်နဲ့ရင်းနှီးတဲ့မိတ်ဆွေတွေရဲ့ သားသမီးတွေကိုတော့ အတန်းကျောင်း မပို့စေချင်ဘူး။ ပိုက်ဆံ အကုန်ခံနိုင်မယ်ဆိုလို့ကတော့ ပညာကောင်းရအောင်၊ အကြားအမြင်ပြည့်ပြည့်စုံစုံရအောင် ဆရာ ကောင်းရှာရမှာပဲ။ အဲဒီဆရာကောင်းဟာလည်း ဒေါင်ဒေါင်မြည်ထဲက ဖြစ်ရမယ်။ အဲသူ့လိုဆရာမျိုး လက်ထဲကလေးကိုအပ်လိုက်မှာပဲ။ အဲဒီဆရာမျိုးကို ကျွန်တော်သိတာပေါ့ဗျ။’
မစ္စတာတူလီဗာ၏ မျက်နှာသည် ထက်ထက်သန်သန်ဖြစ်လာသည်။ ‘ကဲ...ကဲဗျာ ဆိုစမ်းပါ ဦး၊ ပြောစမ်းပါဦး’
‘သူက အောက်စဖို့ထွက်ဗျ၊ သူများကို ပညာသင်ပေးဖို့လည်း သိပ်ဝါသနာပါတယ်၊ စိတ် ထက်သန်တယ်။ သူကိုယ်တိုင်လည်း အမြဲမပြတ်စာဖတ်နေတယ်။ အေး၊ ကျောင်းသားတစ်ယောက်စ နှစ်ယောက်စကိုတော့ သင်ပေးဖို့ဝန်မလေးပါဘူးတဲ့။ ကလေးတွေကိုလည်း အိမ်သားတစ်ယောက်လို ထိန်းသိမ်းကြည့်ရှုမှာပဲ။ စတယ်လင်းရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်ပေါ့ဗျာ’
‘ဒါဖြင့် မစ္စတာစတယ်လင်းကရော အခကြေးငွေဘယ်လိုယူမှာတဲ့တုံး’
တူလီဗာ၏စိတ်ထဲတွင် စတယ်လင်းဆိုသော ထိုပုဂ္ဂိုလ်ထူးသည် ကျောင်းလခ အဆမတန် ယူလိမ့်မည်ဟု တွေးထင်နေသည်။
‘တခြား ခင်ကြီးတစ်ယောက်ကတော့ အဲဒီလို စာသင်ပေးတဲ့အတွက် ကျောင်းလခအဖြစ် ပေါင်တစ်ရာ့ငါးဆယ် တောင်းတာကြားဖူးတယ်။ ဒါပေမဲ့ဒီခင်ကြီးက မစ္စတာစတယ်လင်းလောက် တောင် တော်တာမဟုတ်ဘူးဗျ’
‘တစ်ရာ့ငါးဆယ်၊ ဒီလောက်တောင် ပေးရလိမ့်မယ်လို့အစကမတွေးမိဘူးဗျာ’
‘ပညာကောင်းရဖို့ ဈေးကြီးပေးရတယ်လို့ ဆိုကြတယ်မဟုတ်လားဗျ၊ ဒါပေမဲ့ စတယ်လင်း ကလူကတ်သတ် မဟုတ်ပါဘူး။ ခင်ဗျားသားကို တစ်ရာနဲ့လည်း သင်ပေးမှာပါပဲ။ ခင်ဗျား သဘော ကျတယ်ဆိုရင်တော့ သူ့ဆီကို ကျွန်တော် စာရေးပေးနိုင်ပါတယ်’
မစ္စတာရီလီသည် အရောင်းအဝယ်သမားဖြစ်သည်။ သူ့အကျိုးစီးပွားအတွက်လည်း အကွက် အကွင်းမြင်တတ်သူဖြစ်သည်။ အမှန်စင်စစ်မစ္စတာ စတယ်လင်းကို သူကောင်းကောင်းမသိ။ သို့သော် စတယ်လင်းသည် မစ္စတာ တင်မဆန်၏ သမက်တစ်ယောက်ဖြစ်သည်။ တင်မဆန်ဆိုသည်မှာ သူတို့ ဒေသ၏ အရေးပါသူတစ်ဦးဖြစ်သည်။ တင်မဆန်နှင့်အဆက်အသွယ်ရပြီဆိုလျှင် ရောင်းရေးဝယ်တာ ၌အပေါက်အလမ်းအသစ်များပွင့်လာနိုင်သည်။
ယခုမူ သူ့အကြံဉာဏ်ကိုပေးခဲ့ပြီ။
အကြံဉာဏ်လိုသည့်သူတစ်ယောက် ကျေနပ်လက်ခံနိုင်လောက်အောင် အကြံဉာဏ် ပေးနိုင် သည်ဆိုခြင်းမှာလည်း စိတ်ချမ်းသာစရာအဖြစ်တစ်ခုမဟုတ်လား။
၎။ မျှော်လင့်တုန်း
(က)
မဂ္ဂီသည် သူ့အဖေနှင့်အတူ တွမ်ကိုလိုက်၍ကြိုချင်သည်။ သို့သော်သူ့အဖေက မခေါ်။ ထိုနေ့ မ နက်ပိုင်းတွင် မိုးရွာထားသဖြင့် နေခဲ့ဟုဆိုသည်။ ထို့ကြောင့် မဂ္ဂီသည် စိတ်မချမ်းသာ၊ မနေခဲ့ချင်၊ ဇွတ်လိုက်မည်ဟု ပူဆာသည်။ မရ။ ထိုအချိန်မှာပင် မစ္စက်တူလီဗာက မဂ္ဂီ၏ခေါင်းကိုဖြီးပေးသည်။ မဂ္ဂီစိတ်ကောက်နေသည်။ အမေဖြီးပေးထားသည့် ဆံပင်ကောက်ကလေးကို ဖျက်ဆီးပစ်လိုက်ချင် သည်။ မကျေနပ်ချက်ရှိနေသဖြင့် ဆန္ဒပြလိုစိတ်ပြင်းထန်လာသည်။ ချက်ချင်းပင် အမေ့ရှေ့မှ ထွက် ပြေးကာသူ့ခေါင်းတစ်ခုလုံးကို ရေဇလုံထဲသို့ နှစ်ချလိုက်သည်။
‘ဟဲ့ မဂ္ဂီ၊ မဂ္ဂီ၊ အို ဘယ်လိုလုပ်တာလဲ’ မစ္စက်တူလီဗာသည် ဝက်မှင်ဘီးကို ကိုင်ကာ အံ့အား သင့်နေသည်။ ‘နင် ဒီလောက်ဆိုးလှဘယ်ဖြစ်ပါ့မတုံး၊ နင့်ဒေါ်ကြီးဂလက်နဲ့ ဒေါ်လေးပူးလက်တို့ နောက်အပတ်လာရင် တိုင်ပြောလိုက်မယ်နော်။ အေး ဒီလိုဆိုရင် နင့်ကို သူတို့ချစ်တော့မှာမဟုတ်ဘူး။ အမယ်လေး သမီးလေးရယ် ကြည့်စမ်းပါဦး။ အင်္ကျီအသစ်လေးလည်း တစ်ထည်လုံး ရေစိုကုန်ပြီ။ ရစရာမရှိတော့ဘူး။ နင် ဆိုးတာပေတာတွေကို လူတွေကဘာပြောကြ... ’
ထိုစကားများကို မဂ္ဂီမကြားရတော့ပြီ။ မဂ္ဂီသည် အိမ်ပေါ်ထပ်သို့တက်သွားနှင့်ပြီ။
မဂ္ဂီသည် သူ့ယမင်းရုပ်ကလေးကို လိုက်ရှာသည်။ ဟော...တွေ့ပြီ။ ယမင်းရုပ်ကလေး၏ ပါး စုန့်ကလေးများသည် နီရဲနေသည်။ ယခုကားခြေထောက်ပင် ပြုတ်နေပြီ။ ယခင်က အလှတို့လည်း မရှိတော့။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။ အကြောင်းမှာ ယမင်းရုပ်ကလေးသည် မဂ္ဂီ၏ ဒေါသမီးတို့ ငြိမ်းသတ်ရာ ဓားစာခံလည်း ဖြစ်မှန်းမသိဖြစ်နေသောကြောင့်တည်း။ မဂ္ဂီ၏ဘဝတွင် ဒေါသကြီး သုံး ဒေါသပေါက်ကွဲခဲ့ဖူးသည်။ ထို့ကြောင့်ပင် ယမင်းရုပ်ကလေး၏ ခေါင်းထက်၌ သံမှိုသုံးချောင်း စိုက် တွယ်လျက်သားရှိနေသည်။ သံမှိုသုံးချောင်းအနက် တတိယအချောင်းကားခပ်နာနာ အနှက်ခံရသည့် သံမှိုဖြစ်သည်။ ထိုအကြိမ်တွင်မူ ယမင်းရုပ်ကလေးအား ဒေါ်ကြီးဂလက် အမှတ်ဖြင့် ဒေါသပေါက်ကွဲ ခဲ့သောကြောင့်ဖြစ်သည်။ ထိုနောက်ပိုင်းတွင်မူ မဂ္ဂီစိတ်ထဲ၌ အတွေးတစ်မျိုး ဝင်လာသည်။ ယမင်း ရုပ်ကလေး၏ ခေါင်းထက်တွင် သံမှိုများကိုသာ အကြိမ်ကြိမ်ရိုက်သွင်းနေခဲ့လျှင် အကယ်၍ ဒေါသ အိုးကြီးပေါက်ကွဲလာသဖြင့် အုတ်နံရံနှင့် ကိုင်ဆောင့်ရန် ကြုံကြိုက်လာခဲ့သော် ယမင်းရုပ်ကလေး၏ ခေါင်းသည် သံမှိုအခံကြောင့် မာရေကျောရေရှိနေတော့မည်။ နောင်တွင် နာစရာရှိလျှင် နာတော့မည် မဟုတ်ဟူသော အတွေးဝင်လာပြန်သည်။ တစ်ဖန် နောက်တစ်မျိုး တွေးမိပြန်သေးသည်။ ဒေါသအိုး သည် အစဉ်ပေါက်ကွဲနေမည်မဟုတ်။ အချိန်တန်လျှင် ပြေငြိမ်းသွားသည်သာဖြစ်သည်။ အကယ်၍ ဒေါသပြေကာ ယမင်းရုပ်ကလေးကို ချော့မော့နှစ်သိမ့်ရမည့်အခါတို့နှင့် ကြုံလာခဲ့သော် သံမှိုနှက်သည့် ဒဏ်ရာဒဏ်ချက်သည် ပြင်းလွန်းသဖြင့် အလွယ်တကူပျောက်ကင်းနိုင်မည်မဟုတ်။ ဒေါ်ကြီးဂလက် ပင်ဖြစ်စေကာမူ ဒဏ်ရာဒဏ်ချက်ပြင်းပြင်းခံရလျှင် သနားစရာကောင်းသေးသည်မဟုတ်လား။ ထို စိတ်ကူးဝင်လာသည်မှစ၍ မဂ္ဂီသည် ယမင်းရုပ်ကလေး၏ ခေါင်းထက်သို့ သံမှိုမနှက်တော့။ စိတ်ဆိုး လာလျှင် ခေါင်းကိုကိုင်ကာ မီးဖိုခေါင်းတိုင်နှင့် နာနာပွတ်သည်။ အုတ်ခဲကြမ်းကြမ်းနှင့် နာနာတိုက် လိုက်သည်။ ယနေ့ နံနက်ပိုင်းတွင်လည်း တွမ်အား အကြိုသွားသည်ကို မလိုက်ရသဖြင့် ယမင်းရုပ် ကလေး၏ ခေါင်းကိုအုပ်ခဲကြမ်းကြမ်းနှင့် နာနာပွတ်မိသည်။ အကြိမ်ကြိမ်ပွတ်သည်။ ပြီးလျှင် ခဏ နားကာ ရှိုက်၍ ရှိုက်၍ငိုပြန်သည်။ ငိုရာမှ အရှိန်ရလာသည့်အခါ ဒေါသမီးလျှံလေး လူတက်လာပြီး နောက် ယမင်းရုပ်လေး၏ ခေါင်းကိုကိုင်ကာ နံရံနှင့် ခပ်ကြမ်းကြမ်း ပွတ်ပြန်သည်။ တစ်ဖန် ရှိုက်ရင်း ရှိုက်ရင်းနှင့်ပင် ဒေါသမီးလျှံသည် ငုပ်၍ လျှိုး၍သွားပြန်သည်။
သို့နှင့် အချိန်ညောင်းလာသည့်အခါ ရှိုက်သံသည်လည်း တိုးလာသည်။ ရှိုက်သည့်အချိန်သည် လည်း တစ်ကြိမ်နှင့်တစ်ကြိမ် ဝေး၍ဝေး၍လာသည်။ ထိုအခိုက်တွင် နေရောင်ခြည်သည် အခန်းထဲ သို့ ရုတ်တရက်ထိုးဝင်လာလေသည်။ အမှန်စင်စစ်ကား စောစောပိုင်းက မိုးတိမ်ဖမ်းစားခံရသော နေမင်းသည် ယခုလွတ်မြောက်လာခြင်းပင်ဖြစ်သည်။ မြစ်ကမ်းဆီမှရေရဟတ်သံကလေးသည် တိုး ရာမှကျယ်လာသည်။ ကျယ်ရာမှ ချစ်စရာကောင်းလာသည်။ နားအစုံတွင် နားဝင်ပီယံဖြစ်လာသည်။
ဟော...ကြည့်ပါဦး၊ “ယက်”ကလေး၊ ငါ့ခွေးဖြူညိုကလေး၊ ငါ့ကိုရှာမတွေ့လို့ ဟိုပြေး၊ ဒီပြေး ပြေးနေပါလား။
(ခ)
မဂ္ဂီသည် ချက်ချင်းပင် အောက်ထပ်သို့ ပြေးဆင်းလာသည်။ လှေကားထစ်ဆုံးလျှင် သူ့အမေ ကိုသတိရသဖြင့် ရှိ မရှိ ချောင်းကြည့်သည်။ ပြီးမှခြံထဲသို့ ပြေးဆင်းသွားကာ သီချင်းလေး တညည်း ညည်းနှင့်ပတ်ချာလှည့်၍ကနေသည်။
‘ယက် ယက်ရေ၊ တွမ် ပြန်လာတော့မယ်ဟေ့’ ယက်လည်း သူ့သခင်မလေးနှင့်အတူ က သည်။ သခင်မလေးကို ပတ်၍ပြေးရင်း တဝုတ်ဝုတ်ဟောင်သံပေးသည်။
‘ဟေး မဂ္ဂီလေး၊ ဒီအတိုင်း ပတ်ချာယမ်းပြီး က နေရင် ခေါင်းမူးပြီးရွှံ့ထဲ လဲမယ်ဗျား။ သတိ ထား’ စက်ဆရာလုက မဂ္ဂီကိုသတိပေးသည်။ လုသည် သူတို့စက်မှ ဆရာကြီး ဖြစ်သည်။ အရပ်ရှည် သည်။ ပခုံးကျယ်ကျယ်၊ ရင်အုပ်ကားကား၊ သူငယ်အိမ်နက်နက်၊ ဆံပင်နက်နက်။ သူ့တစ်ကိုယ်လုံး တွင် ဂျုံမှုန့်များ ပေကျံနေသည်။
မဂ္ဂီသည် ဝိုင်းကြီးပတ်ပတ် က နေရာမှ ရပ်လိုက်သည်။
‘စက်ထဲကို ရှင်နဲ့အတူ လိုက်ခဲ့ရမလား လု’
စက်ထဲ ဝင်လိုက် ထွက်လိုက်လုပ်ရသည်ကို မဂ္ဂီပျော်သည်။ စက်ထဲရောက်လျှင် ဟိုနေရာ ဝင်မွှေလိုက်၊ ဒီနေရာမှာရပ်လိုက်၊ ပြီးတော့ငေးမောလိုက် လုပ်နေချင်သည်။ စက်သံသည် ဟိန်းနေ သည်။ မိုးချုန်းသလားထင်ရသည်။ ဧရာမ ကျောက်တုံးကြီးများသည် ရွေ့လျားနေသည်ကိုလည်း ရင် သပ်ရှုမောတွေ့ရ မြင်ရသည်။ ထိုပတ်ဝန်းကျင်တွင် သူသည်အလိုလိုကြီးမားလာသည်။ ဧရာမပုဂ္ဂိုလ် ကြီးဖြစ်လာသည်ဟု သူ့စိတ်ထဲတွင် ထင်လာမိသည်။ စက်ရုံထဲ ရောက်သွားပြီးလျှင်လည်း အရာရာ တို့သည် ဂျုံမှုန့်အလိမ်းလိမ်း ပေကျံနေသဖြင့် ဖြူဆွတ်နေသည်ကို တွေ့ရသည်။ ဂျုံမှုန့်သည် သူ့နှာ ခေါင်းဝထဲသို့ ချိုချိုမြမြတိုးဝင်လာသည်။ သို့ဖြစ်ရာ မဂ္ဂီအဖို့ ဤဂျုံစက်ကလေးသည် သူ့အိမ် သူ့ခြံ၊ သူ့အိမ်သားများမှ လွဲလျှင် သူ့အတွက် တစ်ခုတည်းသော ကြည်နူးပျော်မွေ့စရာ ကမ္ဘာလေးတစ်ခုဟု ထင်မိသည်။
လု အလုပ်လုပ်သည့်ဘေးတွင် ဂျုံစေ့ပုံကြီးတစ်ခုရှိသည်။ ဂျုံစေ့ပုံပေါ်တွင် မဂ္ဂီတက်၍ထိုင် သည်။
‘ဒီမှာ လု၊ သမ္မာကျမ်းစာကလွဲရင် ရှင် ဘာစာအုပ်မှ မဖတ်ဘူးဟုတ်လား’
‘မဟုတ်သေးဘူးဗျ၊ ဒီလိုလည်း မဟုတ်သေးဘူး။ ကျွန်တော်ဘာပြောရမလဲ။ ဒီလိုလေ ကျွန် တော်က စာဖတ်တဲ့လူမှမဟုတ်တာ။ ကျွန်တော်စာမဖတ်ပါဘူး’
‘ဒါပေမဲ့ ကျွန်မစာအုပ်တွေရှင့်ကို ဖတ်ဖို့ငှားမယ်လေ။ ဖတ်မယ်မဟုတ်လား။ ကျွန်မဆီမှာ ဒတ်ခ်ျလူမျိုးတွေအကြောင်း ရေးထားတဲ့သိပ်ကောင်းတဲ့စာအုပ်တစ်အုပ်ရှိတယ်’
‘မဖြစ်ပါဘူးခင်ဗျာ၊ ဒတ်ခ်ျ လူမျိုးတွေအကြောင်း။ ကျွန်တော့်အလုပ်က ဂျုံစေ့စာရင်း၊ ဂျုံမှုန့် စာရင်းကို မှတ်ရတဲ့အလုပ်။ ပြီးတော့လည်း ကျွန်တော့်မှာ အချိန်ပိုမရှိပါဘူး။ စက်ရုံအလုပ်က လွဲရင် တခြားသိစရာ၊ မှတ်စရာတွေအတွက် အချိန်မပေးနိုင်ပါဘူး’
‘ဘာ၊ ရှင်လည်း ကျွန်မအစ်ကို တွမ်လိုပဲ။ တွမ်တစ်ယောက်ဟာစာလည်းမဖတ်ချင်ဘူး။ ကျွန်မလေ ဟောဒီလောကကြီးထဲမှာ တွမ်ကိုအချစ်ဆုံးပဲ။ တခြားဟာတွေထက် တွမ်ကို ပိုပြီးချစ် တယ်သိလား လု။ ကျွန်မကြီးလာရင် တွမ်နဲ့အတူနေမယ်။ တွမ်ရဲ့အိမ်ကိုလိုက်ပြီး အိမ်မှုကိစ္စတွေ လုပ်ပေးနေမယ်။ ပြီးတော့ သူမသိတဲ့ အကြောင်းတွေကိုလည်း သူ့ကိုကျွန်မပြောပြနိုင်မယ်။ တွမ်လေ သူစာအုပ်တွေကို မချစ်ပေမဲ့ သူမဆိုးပါဘူး။ တွမ့်မှာ ဉာဏ်ရှိပါတယ်။ ကြာပွတ်လှလှလေးတွေလည်း တွမ် လုပ်တတ်တယ်။ ယုန်အိမ်လှလှလေးတွေလည်း တွမ် ဆောက်တတ်တယ်’
‘ဟေ ဟုတ်လား။ တွမ် ဝမ်းနည်းသွားတော့မှာပဲကွယ်။ အခု ယုန်လေးတွေအားလုံး သေကုန် ပြီ’လုကပြောသည်။
‘သေကုန်ပြီ’မဂ္ဂီ အထိတ်တလန့် အော်ဟစ်ပြီးနောက် ဂျုံစေ့ပုံပေါ်မှ ခုန်ဆင်းလိုက်သည်။
‘ဟို နားရွက်ကြီးကြီး အပြောက်ပြောက်တွေနဲ့ ယုန်လေးရော သေပြီပေါ့။ တွမ်မှာ အဲဒီ ကောင်လေး ဝယ်ရတာသူစုထားတဲ့ ပိုက်ဆံတွေကုန်ရော’
‘ဟုတ်တယ် မဂ္ဂီ၊ အားလုံး သေသွားပြီ’
‘အိုး လုရယ်၊ သူ့ယုန်လေးတွေကို ဂရုစိုက်ဖို့ တွမ်က မှာသွားတယ်။ နေ့တိုင်း သွားပြီးကြည့် ပါလို့လည်း ကျွန်မကို မှာတယ်။ ကျွန်မက သွားကြည့်ဖို့မေ့နေတယ်။ ကျွန်မ ဘာလုပ်ရမလဲ၊ ကျွန်မ ကိုစိတ်ဆိုးတော့မှာပဲ။ ဟုတ်တယ်၊ သိပ်စိတ်ဆိုးမှာပဲ။ ကျွန်မ သိတယ်။ ကျွန်မလည်း စိတ်မကောင်း ပါဘူး။ အမယ်လေး ကျွန်မ ဘာလုပ်ရမလဲ’ မဂ္ဂီ၏ပါးတွင် မျက်ရည်များ စီးကျနေသည်။
‘သိပ်လည်း ပူမနေပါနဲ့၊ ကဲ ကျွန်တော် ပြန်တော့မယ်၊ လိုက်ဦးမလား’
.............
အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု စာရေးဆရာမ George Eliot ၏ ‘The Mill on the Floss’ ကို စာရေးဆရာကြီး ဆရာကျော်အောင်က ဘာသာပြန်ထားသည့် ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ( ဘာသာပြန်အခန်းဆက်ဝတ္ထုရှည် ) အပိုင်း ( ၂ ) ကို မနက်ဖြန် ည ( ၈ ) နာရီအချိန်တွင် ဆက်လက် ဖော်ပြပေးသွားပါမည်။ 
ဆရာကျော်အောင် ဘာသာပြန်သော ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ဘာသာပြန်ဝတ္ထုကို အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ ညစဉ် ( ၈ ) နာရီအချိန်တိုင်း ပုံမှန် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။ 
………….
အကယ်၍ ဝန်ဇင်းစာချစ်သူတို့က ဒီစာအုပ်ကို နှစ်သက်လို့ အပိုင်ဝယ်ယူ ဖတ်ရှုချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖုန်းထဲမှာ ထည့်သွင်းဖတ်ရှုနိုင်ကြောင်း ပြောပါရစေခင်ဗျာ။ 
“ဝန်ဇင်းစာချစ်သူတို့က ဘာသာပြန်ဝတ္ထုကောင်းတွေကို နှစ်သက်သဘောကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်၊ အကြံပြုလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
.............
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts