ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း( ၇ )[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]


ကျော်အောင် - မြစ်ကမ်းပေါ်ကစက်ရုံကလေး 
[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]
အပိုင်း ( ၆ ) 
………….
၁၈။ တွမ်နှင့် ဖိလစ်
သူတို့နှစ်ယောက် ပထမဆုံးတွေ့ကြသည့်အခါ အပြန်အလှန် စကားပြောကြသည်။ သူတို့ချင်း မတိုက်ဆိုင်စရာ အများကြီး တွေ့ခဲ့သည်။ သို့သော် တွမ်စိတ်ထဲတွင်မူ ဖိလစ်ကို မိတ်ဆွေလို ပေါင်း နိုင်သည်။ တစ်ဖက်ကမူ မကြိုက်စရာ ကောင်လေးတစ်ယောက်ဟုလည်း ယူဆထားသည်။ ဖိလစ် သည် လူယုတ်မာတစ်ယောက်၏သားဖြစ်သည်ဆိုသည့်အချက်ကိုမူ တွမ် ဘယ်တော့မှ မမေ့။ သို့ သော်လည်း ဖိလစ် စိတ်ကောင်းဝင်နေသည့်အခါတို့တွင် ဖိလစ်နှင့် ပေါင်းသင်းရသည်မှာ ပျော်သည်။
ထို့ပြင် သူ့ကိုဖိလစ်က လက်တင်၌လည်း  ကူသေးသည်။
ဒုတိယ စာသင်နှစ်ဝက်တွင်မူ တွမ်အဖို့ စိတ်ညစ်စရာ၊ အားပျက်စရာများကြုံရသည်က ဖိလစ် သည် သူ့ထက် တော်သည်။ စာမြန်မြန်ရလွယ်သည်။ စာရှေ့ရောက်သည်။ ထို့ကြောင့် ဆရာစတယ် လင်းက ဖိလစ်အားပို၍ စိတ်ဝင်စားသည်။ စာဘက်တွင် တွမ်ထက် အမှတ်ကောင်းသည်။ ကြော သည်။ တွမ်ကို ဖိလစ်က အကူအညီပေးသည်။ သို့ဖြစ်ရာ တွမ်သည် စာတွင်သာမက အခြား အတတ် ပညာတို့ကိုလည်း လေ့လာလိုက်စားလာသည်။
တွမ်၏ အမူအရာသည် တိုးတက်လာသည်။ လမ်းလျှောက်ရာတွင်လည်းကောင်း၊ မတ်တတ် ရပ်ရာတွင်လည်းကောင်း ပြေပြစ်သိပ်သည်းလာသည်။ ဤနေရာတွင် သူတို့ကို မစ္စတာ ပိုလတာက ကူညီသည်။ မစ္စတာပိုလတာသည် စစ်ပြန်တစ်ယောက်ဖြစ်သည်။ စပိန်တွင် ဝယ်လင်တန်နှင့် အတူ တိုက်ခဲ့ဖူးသည်။ ပိုလတာသည် တွမ်ကို ဒရိန်းပြပေးရသည်။ သူကိုယ်တိုင်လည်း ဒရိန်းပြခြင်း၌ စိတ် ဝင်စားသည်။ ဒရိန်းပြသည်ဆိုသည်မှာ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းပင်ဖြစ်သည်။ သို့သော် လည်း ထိုလေ့ကျင့်စဉ်တို့နှင့် အတူရောကာ ပိုလတာသည် သူကိုယ်တိုင်ပါဝင်ခဲ့သည့် တိုက်ပွဲများ အကြောင်းကိုပြောပြသည်။ ဖိလစ်ပြောပြသည့် ဂရိသမိုင်းထဲမှ ယူလစ်ဆစ်ထက်ပို၍ စိတ်ဝင်စားစရာ ကောင်းသည်။ ဖိလစ်၏ သမိုင်းပုံပြင်တို့မှာ သူ့မျက်မှောက်၌ မြင်တွေ့ရသည်မဟုတ်။ ဗိုလ်ချုပ် ဝယ် လင်တန်ကား ယခုတိုင် သက်ရှိထင်ရှား ရှိနေသေးသည်မဟုတ်လား။ ပိုလတာပါသော တပ်သည် အောင်ပွဲခံရသည့် တိုက်ပွဲများကို တိုက်ခဲ့သည်သာများသည်။ ဝယ်လင်တန်ကလည်း တယ်သတ္တိ ကောင်းတဲ့ ကောင်ပဲဟု ပိုလတာကို ချီးကျူးသည်။ ပိုလတာ ဒဏ်ရာရသည့်အခါ ဆရာဝန်က သူ့အနာ မြန်မြန်ကျက်သည်ကို ကြည့်ကာ အံ့ဩစရာပဲဟု ဆိုသေးသည်။
တစ်ခါတစ်ရံတွမ်သည် ပိုလတာကို စတတ်သည်။ ပိုလတာမပါသည့် တိုက်ပွဲများ အကြောင်း ကိုမေးလျှင် ဒေါပွတော့သည်။
‘ပြီးတော့ ဝုရော မစ္စတာပိုလတာ။ ဝုလည်း တိုက်ရည်ခိုက်ရည်ရှိတဲ့ စစ်သား မဟုတ်လား’
‘မဟုတ်ပါဘူးကွာ’ ပိုလတာ၏ အသံသည် လှောင်ပြောင်သံပါသည်။ ‘သူ ကွိဗက်တိုက် ပွဲမှာကျတယ်။ တိုက်ပွဲမှာ သေတယ်ဆိုတာမဆန်းပါဘူး။ ဘာလို့လဲ သိလား၊ ငါ့ဓားချက်မျိုး တစ် ချက်ထိလိုက်ရင် ဝုလို လူလည်း သေနိုင်တာပဲကွ’
‘မစ္စတာ ပိုလတာ ခင်ဗျား၊ တစ်ခု တောင်းပန်ချင်ပါတယ်။ ခင်ဗျားဓားကို ယူလာခဲ့ပြီး ကျွန် တော့်ကို ဓားခုတ်လေ့ကျင့်ခန်း ပေးပါလား’
တစ်ညနေတွင် ပိုလတာသည် ဓားကိုယူလာသည်။
‘ဒီဓားဟာ လူ့ခေါင်းကိုဖြတ်ဖူးရဲ့လားဗျ’ တွမ်သည် ဓားရှည်ကြီးကို တမြတ်တနိုး ကိုင် ကြည့်ရင်းမေးသည်။
‘ခေါင်းဖြတ်ဖူးရဲ့လား၊ ဟုတ်လားကွ။ ဟား ဖြတ်ဖူးတာပေါ့ကွာ၊ ခေါင်းသုံးလုံး စီနေတာ တောင် သုံးလုံးစလုံး တစ်ခါတည်း ဖြတ်မှာပဲ။ အနီးကပ်တိုက်ပွဲကျတော့ ဓားရှည်က သိပ်အသုံးဝင် တာလားကွ’
ပိုလတာသည် စိတ်တက်ကြွသွားကာ ဓားအိမ်ထဲမှ ဓားကြီးကို ဆွဲထုတ်လိုက်သည်။ တွမ်ပင် ရုတ်တရက် လန့်သွားကာ နောက်သို့ဆုတ်သွားသည်။
‘အိုး အိုးနေပါဦးဗျ၊ ဓားရေးပြမလို့လား၊ ဖိလစ်ကိုပြေးခေါ်လိုက်ပါရစေဦး။ သူလည်း ခင် ဗျားနဲ့တွေ့ချင်လို့တဲ့’
‘ဘယ်သူကွ၊ ဟို အင်္ဂါချွတ်ယွင်းနေတဲ့ ကောင်လေးလား။ သူကြည့်လို့ ဘာအကျိုးရှိမှာ လဲကွ’
‘ဟာ သူလည်း စစ်ပွဲတွေ၊ တိုက်ပွဲတွေအကြောင်း အများကြီး သိတယ်ဗျ။ လေးတွေ၊ မြား တွေ၊ ရဲတင်းတွေနဲ့ တိုက်ကြတဲ့ စစ်ပွဲတွေ အကြောင်းသူသိတယ်’
‘ဒါဖြင့် ခေါ်ခဲ့လေကွာ။ အေး သူ့လေးတွေ၊ မြားတွေနဲ့ ကွာခြားပုံလေးတွေ ငါပြလိုက်မယ်’ ပြောပြောဆိုဆို ပိုလတာသည် ဓားကို လေထဲသို့ ဝှေ့ယမ်းကာ အစမ်း ဓားခင်းပြလိုက်သည်။
တွမ်သည် ဖိလစ်ဆီသို့ အပြေးလာခဲ့သည်။ ဖိလစ်သည် ဧည့်ခန်းတွင် ထိုင်ကာ သီချင်းဆို နေသည်။ သီချင်းတွင် စိတ်ပါသဖြင့် အပျော်ကြီး ပျော်နေရကား တွမ် ဝင်လာသည်ကိုပင် သတိမ ထားမိ။
‘လာဟေ့ ဖိလစ်၊ အလကား “လာ လာ လာ” အော်မနေနဲ့၊ ပိုလတာဓားရေးပြနေတယ်ကွ။ လာကြည့်လှည့်’တွမ်က ခပ်ကျယ်ကျယ်ပြောသည်။
ဖိလစ်၏ ကြည်နူးမှုကို တွမ်က မိုက်မိုက်ကန်းကန်း ဖျက်ဆီးပစ်လိုက်သည်။ အလွန် မိုက်မဲ သည့် တွမ်၊ တွမ်သာ တစ်ချက်ပြန်စဉ်းစားမည်ဆိုလျှင် ဖိလစ်သည် ကိုယ်လက်လှုပ်ရှားမှုကို နားမှ လေသံ မကြားချင်ကြောင်း သတိရမည်ဖြစ်သည်။
ထို့ကြောင့် ဖိလစ်၏ မျက်နှာတစ်ခုလုံး နီရဲသွားသည်။ ‘သွား သွား၊ ငါ့ လာမခေါ်နဲ့။ မင်း လူဆိုးပဲ။ ငါ့ကို ဘာမှ အော်ပြောဖို့ အကြောင်းမရှိဘူး။ မင်းဟာ ဘာမှ နားလည်တဲ့ကောင် မဟုတ် ဘူး။ မင်းဟာ ရထားဆွဲမြင်းနဲ့ပဲ စကားပြောတတ်တဲ့ကောင်’
တွမ် ဒေါသထွက်သွားသည်။
‘ဟုတ်တယ်၊ ငါဟာ မင်းထက် စကားပြောတတ်တယ်။ အေး မင်းကို ငါမဆော်တာ သိလား၊ မင်းဟာ မိန်းမသာသာပဲရှိလို့ကွ။ ဒါပေမဲ့ ငါကလူကြီးလူကောင်း တစ်ယောက်ရဲ့သား၊ မင်းကသာ လူယုတ်မာရဲ့သား။ အေး အဲဒါ လူတိုင်းသိတယ်’
ပြောပြောဆိုဆိုပင် တွမ်သည် တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်ကာ ချာခနဲ လှည့်ထွက်သွား သည်။
အောက်ထပ်တွင် ဆူဆူညံညံ ကြားရသဖြင့် ဆရာကတော် စတယ်လင်း ဆင်းလာသည်။  အခန်းထဲတွင် ဖိလစ်တစ်ယောက်တည်း ကြမ်းပေါ်၌ ထိုင်ကာ ရှိုက်ကြီးတငင် ငိုနေသည်ကို တွေ့ရ သည်။ 
‘ဘာဖြစ်လို့လဲ ဖိလစ်၊ ဘာလို့ ဆူညံနေကြတာလဲ’
ဖိလစ် မော့ကြည့်ကာ မျက်ရည်စများကို သုတ်လိုက်သည်။
‘တွမ်ပေါ့၊ အပြင်ကို လိုက်ခဲ့ဖို့ လာခေါ်တယ်။ ကျွန်တော်နေမကောင်းတာနဲ့ သူနဲ့ မလိုက် နိုင်ဘူး’
တွမ်သည် ခြံထဲသို့ ပြေးဆင်းလာခဲ့သည်။ ပိုလတာသည် တစ်ယောက်တည်း ဓားရေးပြ ကောင်းနေသည်။ သူ့ဘာသာသူ ဓားရေးပြရသည်မှာ ကြည်နူးနေသည်။ တွမ် ပြန်ရောက်နေသည်ကို ဂရုမစိုက်မိ။
‘အသင့်၊ ခုတ်၊ ထိုး၊ ကာကွယ်၊ တစ်,နှစ်,သုံး’
တစ်ကြိမ်ပြီးလျှင် တွမ်က စကား စလိုက်သည်။ ‘မစ္စတာပိုလတာ ခင်ဗျား ဓားကြီးကို ကျွန် တော့်ကို ခဏလောက်ငှားပါလား။ ခဏလေးပါ’
‘မငှားဘူး၊ မငှားဘူး။ ဘယ်ဖြစ်မလဲကွ၊ မင်းမှာ ထိမိခိုက်မိ ဖြစ်ကုန်မှာပေါ့’
‘ခင်ဗျားကို ငါးသျှီလင် ပေးပါ့မယ်ဗျာ။ တစ်ပတ်လောက်ပဲ ငှားထားပါ။ ကျွန်တော့် အိပ်ရာ အောက်ထားမှာပါ။ ဆရာစတယ်လင်း မသိစေရပါဘူး’
‘အင်း ငါးသျှီလင်ပေးမယ်ဆိုရင်တော့ ငါ့ဓားဘာမှ မပျက်စီးစေရဘူးဆိုတာ မင်း တာဝန်ခံ ရလိမ့်မယ်’ ပိုလတာ၏ စိတ်ထဲတွင်ကား ဇဝေဇဝါဖြစ်နေသည်။
တွမ်သည် ပိုလတာ၏ ဓားကြီးကို ပွေ့ပိုက်ယူသွားသည်။ ဝမ်းသာလုံးလည်း ဆို့နေသည်။ ထိုညတွင် ကောင်းကောင်းအိပ်မပျော်။ မဂ္ဂီရောက်လာလျှင် ဓားကြီးကို သူ့ခါးတွင် လက်ကိုင်ပဝါ နီရဲ ရဲနှင့် ချည်ပြီးပြလိုက်ချင်သည်။
မိန်းမများသည် ယူနီဖောင်းဝတ် စစ်သားများကို နှစ်သက်ကြသည်။ မြတ်နိုးကြသည်။ ယင်းမှာ သဘာဝကျသည်။ သို့မဟုတ်လျှင်ကား ဤကမ္ဘာတွင် စစ်ပွဲများ ရှိတော့မည်မဟုတ်။ စစ်တပ် များလည်း ပျက်သွားတော့မည်အမှန်ပင်။
၁၉။ ဒုတိယအကြိမ် မဂ္ဂီ အလည်လာခြင်း
တွမ်နှင့် ဖိလစ်တို့ စိတ်ခုနေကြသည်။ တော်တော်နှင့် ပြန်မခေါ်ကြ။ နှစ်ယောက်စလုံး မပြေ နိုင်ရှိနေသေးသည်။ တွမ်သည် ရိုင်းစိုင်းခဲ့သည်အမှန်။ ဖိလစ် နာကြည်းမည့်စကားကို သူဆိုခဲ့သည်။ ဖိလစ်၏ ပျော့ကွက်ကို ထိုးဆွခဲ့သည်။ ယခုမူ တွမ်သည် စိတ်ပြေစ ပြုပြီ။ ရန်ဖြစ်ပြီး အတန်ကြာ သည့်အခါ အခြားသူများ ရန်ဖြစ်ပြီး ပြန်တည့်ကြသကဲ့သို့ သူတို့နှစ်ယောက်လည်း ပြန်ပေါင်းထုပ် ချိန် တန်ပြီဟု စဉ်းစားမိသည်။ မခေါ်နိုင်၊ မပြောနိုင်ဖြစ်စရာအကြောင်းမရှိဟု သူထင်သည်။ သို့သော် ပြန်လည်သင့်မြတ်ရေးလမ်းကို ရေးရေးမျှ မမြင်ရသေး။ သို့ဖြစ်ရာ ဖိလစ်ကို သူ့အတွက် ဘာမျှလုပ် ပေးရန် မခိုင်းတော့။ လက်တင် ပုံဆွဲပေးခြင်း၊ ပုံပြောခြင်းတို့ကား အတန်ကြာ ဝေးနေပြီ။ ဆရာ စတယ်လင်း မရိပ်မိအောင်သာ တစ်ယောက်နှင့် တစ်ယောက် ယဉ်ကျေးစွာ မေးထူးခေါ်ပြောလုပ်နေ ကြသည်။
ထိုအချိန်တွင် မဂ္ဂီရောက်လာသည်။
မဂ္ဂီသည် တွမ်၏အဖော်ကို စိတ်မဝင်စားဘဲ မနေနိုင်၊ မကြည့်ဘဲမနေနိုင်ဖြစ်နေသည်။ သူ ရောက်ချိန်ကား ကျောင်းချိန်ဖြစ်သည်။ ဖိလစ်သည် ဆရာစတယ်လင်းထံတွင် သင်ခန်းစာများ တက် နေသည်။ ထို့ကြောင့် ခဏထိုင်စောင့်နေရသည်။ တွမ်က သူ့ထံ စာရေးသည့်အခါ “ဖိလစ်ဟာ ပုံပြော သိပ်ကောင်းတယ်။ နင်ပြောတဲ့ အသုံးမကျ ပုံမျိုးတွေ မဟုတ်ဘူး” ဟူ၍ ထည့်ရေးဖူးသည်။ သည် အကြောင်းကို မဂ္ဂီသတိရလာသည်။ တစ်ဖန် ယခု သူ့ရှေ့၌ ဖိလစ်စာသင်သည်ကို မြင်နေရသည်။ ကြားနေရသည်။ ယင်းတို့ကို ထောက်ခြင်းအားဖြင့် ဖိလစ်သည် လူတော်လေးတစ်ယောက်ဖြစ်ရမည် ဟု မဂ္ဂီယုံကြည်သည်။ သူကိုယ်တိုင် ဖိလစ်နှင့် စကားစမြည်ပြောခွင့်ကြုံလျှင် သူ့ကိုလည်း မိန်းမပါး လေးတစ်ယောက်အဖြစ် ဖိလစ်လက်ခံကောင်းရဲ့ဟု မျှော်လင့်ထားသည်။ တစ်ဖန် မဂ္ဂီ၏ သဘာဝ တစ်ခုမှာ အင်္ဂါချွတ်ယွင်းသည့် သတ္တဝါလေးများကို သနားတတ်ခြင်းပင်ဖြစ်သည်။ ကုပ်ကျိုးနေ သည့် သိုးကလေးများကို သူ သနားသည်။ သန်မာဖျတ်လတ်သည့် သိုးကလေးများသည် လူက ပွတ်သီးပွတ်သပ်လုပ်သည်ကို မကြိုက်။ ဖိလစ်ကို သနားကြောင်း တွမ်သိလျှင် နားလည်စေချင် သည်။
‘ဖိလစ်ဝေကမ်ဟာ လူကောင်းလေးတစ်ယောက်လို့ ထင်တာပဲ တွမ်’ မောင်နှမနှစ်ယောက် ခြံထဲသို့ ဆင်းလာသည်တွင် မဂ္ဂီက စ၍ဆိုသည်။
‘ဟာ ဒီကောင်က လူတစ်မျိုးပဲ။ အခု ငါ့ကိုစိတ်ဆိုးနေတယ်။ ငါကသူ့အဖေဟာ လူယုတ်မာ လို့ပြောလိုက်လို့ပဲ’ တွမ်က တိုတိုတောင်းတောင်းပြန်ပြောသည်။ ပြီးမှ ‘နေဦး မဂ္ဂီ၊ နင် ဒီနားမှာ ခဏ စောင့်နေခဲ့ဦး၊ အပေါ်တက်ပြီး လုပ်စရာလေး ရှိသေးလို့’
‘ငါရောမလိုက်ရဘူးလား’ ယခုမှ မောင်နှမနှစ်ယောက် ပြန်တွေ့စဖြစ်ရာ မဂ္ဂီသည် တွမ်၏ အရိပ်နောက် တကောက်ကောက် လိုက်ချင်နေသည်။
‘နေခဲ့ပါဟာ၊ နေဦး။ နင့်ကို အဲဒါနဲ့ ပတ်သက်လို့ နောက်တော့ ငါပြောမယ်’ဟုဆိုကာ လစ် ထွက်သွားသည်။
ညနေခင်းတွင် သူတို့အားလုံး စာကြည့်ခန်းတွင် ဆုံကြသည်။ တွမ်သည် ဆုတောင်းသလို လက်တင်စာအုပ်ကို ကိုင်ကာ တတွတ်တွတ်ရွတ်နေသည်။ ဖိလစ်ကား အခြားထောင့်စွန်း တစ်နေရာ တွင် စာအုပ်ကြီးကို ဖတ်ရင်းကျေနပ်နေသည်။ သူ့အမူအရာကို မြင်ရသဖြင့် မဂ္ဂီစိတ်ဝင်စားလာ သည်။ ဖိလစ်သည် စာအုပ်ကို မျက်နှာလွှဲလိုက်သည့်တစ်ချက်တွင် သူ့ကို စူးစိုက်ကြည့်နေသော သူ ငယ်အိမ်နက်နက် နှစ်လုံးကို တွေ့လိုက်ရသည်။ တွမ်၏ နှမလေးသည် ချစ်စရာကောင်းသည်။ သူ့ အစ်ကိုနှင့်မတူ။ ငါ့မှာ မဂ္ဂီလိုနှမလေးတစ်ယောက် ရှိလိုက်ချင်ပါဘိတော့။
‘ဟေ့ မက်ဆီ’ တွမ်သည် စာအုပ်ကို ပိတ်လိုက်ပြီးနောက် ‘စာတွေကျက်ပြီးပြီဟေ့၊ လာ ငါနဲ့ အပေါ်လိုက်ခဲ့’ဟုခေါ်သည်။
စာကြည့်ခန်းပြင်ဘက် ရောက်လျှင် ‘ဘာလဲ၊ ဘာလုပ်မလို့လဲ’ဟု မဂ္ဂီမေးသည်။ သူ့စိတ်ထဲ တွင် တွမ်ကို မသင်္ကာချင်သလိုလိုဖြစ်လာသည်။ တစ်နေ့ကလည်း အပေါ်ထပ်ကို အရေးတကြီး တက် သွားသည်ကို အမှတ်ရလာသည်။ ‘ငါ့ကို တစ်ခုခု စမလို့လား၊ ဟုတ်လား’
‘မဟုတ်ပါဘူးဟာ။ မက်ဆီကလဲ’တွမ်၏အသံသည် အချိုဆုံးဖြစ်နေသည်။ ‘နင် ကြိုက် မယ့်ဟာတစ်ခုပါ’
ထိုနောက် မောင်နှမနှစ်ယောက် တစ်ယောက်ခါးကို တစ်ယောက်ကဖက်၊ တစ်ယောက်လည် ပင်းကို တစ်ယောက်ကသိုင်းဖက်ကာ အပေါ်ထပ်သို့ တက်သွားကြသည်။
‘ဒီမှာ မဂ္ဂီ၊ နင် ဘယ်သူ့မှ မပြောရဘူးနော်…ဟုတ်လား။ ပြောရင်တော့ နင့်ကို ဆော်မှာပဲ’
‘မသေသေးဘူးနော်’ မဂ္ဂီစိတ်ထဲတွင်ကား တွမ်သည် ယုန်ကလေးများကို ဖမ်းကာ လှောင် ထားသည်ဟု သင်္ကာမကင်းဖြစ်နေသည်။
‘အို ခုမပြောနိုင်သေးဘူး။ ကဲ နင် အခန်းထောင့်သွားနေ။ မျက်စိမှိတ်ထား။ ငါကကြည့်ဆိုမှ ဖွင့်ကြည့်။ မအော်နဲ့နော်…ကြားရဲ့လား’
‘ဘာရယ်၊ နင်ငါ့ကို ကြောက်အောင် လုပ်ရင်တော့ အော်မှာပဲ’
‘အို မကြောက်စေရပါဘူး။ ကဲ မျက်စိ မှိတ်လိုက်။ ဟေ့ ချောင်းမကြည့်နဲ့လေ’
တွမ်လည်း စောစောကတည်းက မည်သို့မည်ပုံလုပ်ရမည်ကို စဉ်းစားထားခဲ့ပြီးဖြစ်သည်။ မီးခြစ်ဆံနှင့် သူ့မျက်ခုံးမွေးကို ထူထူဆွဲလိုက်သည်။ မုတ်ဆိတ်မွေးလည်း ဆွဲသည်။ ခေါင်းတွင် လက် ကိုင်ပဝါနီနီတစ်ခုကို ပတ်လိုက်သည်။ ရင်ဘတ်၌လည်း အနီစတစ်ခု စည်းလိုက်သည်။ ထိုနောက် ဓားရှည်ကို ထုတ်ကာ ဓားဦးကို အောက်စိုက်ပြီး ကိုင်ထားသည်။
‘ကဲ ကြည့်တော့ဟေ့ မဂ္ဂီ’
ရုတ်တရက်ကား မဂ္ဂီကြောင်သွားသည်။ ထိုအဖြစ်ကို မြင်ရသည့်အခါ တွမ် သဘောကျ သွားသည်။ ခဏကြာလျှင် မဂ္ဂီ၏ ရယ်သံကြားရသည်။
‘အမယ်လေး တွမ်ရယ်၊ နင့်ဟာက ပြဇာတ်ထဲက “မုတ်ဆိတ်ပြာကြီး”နဲ့ တူလိုက်တာ’
မဂ္ဂီသည် သူ၏ ဓားရှည်ကြီးကို အရေးမထား၊ ဂရုမစိုက်မိသည်မှာ သေချာသည်။ တွမ် မျက် မှောင်ကုတ်သွားသည်။ ထိုနောက် ဓားကြီးကို မ ကာ မဂ္ဂီကိုချိန်လိုက်သည်။
‘အိုး တွမ်ကလဲကွယ်၊ မလုပ်ပါနဲ့’ မဂ္ဂီ နောက်ဆုတ်သွားသည်။ ‘ငါအော်မိလိမ့်မယ်နော်၊ မလုပ်နဲ့ ဟဲ့၊ အေး ဒီလိုဆိုရင် နင်တို့ဆီကို ငါမလာတော့ဘူး’
‘ငါဟာ ဗိုလ်ချုပ်ဝယ်လင်တန်ကွ၊ ရှေ့သို့လျှောက်’အမိန့်ပေးသံနှင့်အတူ ရှေ့တိုးလာသည်။ ဓားဦးကလည်း မဂ္ဂီကိုချိန်လျက်။ မဂ္ဂီမျက်ရည်လည်လာသည်။ နောက်သို့ ဆုတ်ဆိုင်း ဆုတ်ဆိုင်းနှင့် ပြေးစရာနေရာမရှိတော့ဘဲ ခုတင်ပေါ် တင်မိလျက်သားဖြစ်နေပြီ။
‘ခုတ်၊ ထိုး၊ ကာကွယ်။ တစ်’ တွမ်သည် ဆက်၍ဓားရေးပြနေသည်။
‘ဟေ့တွမ်၊ တော်တော့နော်၊ ငါကြောက်လာပြီ။ အော်လိုက်တော့မယ်နော်၊ တော်ပါတော့ တွမ်ရယ်။ နင့်ကိုယ်နင် ခိုက်မိဦးမယ်။ တော်ကြာနင့်ဘာသာနင် ခုတ်မိလို့ ခေါင်းပြတ်နေဦးမယ်’
‘တစ် နှစ် သုံး’ “နှစ်”ဆိုသည့် အချိန်တွင် တွမ်၏ လက်သည်အနည်းငယ် တုန်လာသည်။ “သုံး”ကိုကား ဖြည်းဖြည်းသာဆိုနိုင်တော့သည်။ လက်ထဲက ဓားကြီးလည်း အောက်သို့ တဖြည်း ဖြည်းကျလာသည်။ ထိုအခါ မဂ္ဂီပါးစပ်မှ အလန့်တကြား အော်သံထွက်လာသည်။ တွမ်၏ ခြေရင်းသို့ ဓားကြီးကျသွားသည်။ ဆက်တိုက်ပင် တွမ်လည်း လဲကျသွားသည်။
မဂ္ဂီကား ယောင်ယမ်းကာ စူးစူးဝါးဝါးအော်နေသည်။
လှေကားမှ တက်လာသံများကြားရသည်။
ဆရာစတယ်လင်း ရောက်လာသည့်အချိန်တွင် မဂ္ဂီသည် တွမ်ကိုကိုင်၍ လှုပ်နေသည်။ မဂ္ဂီ စိတ်ထဲတွင် တွမ် သေသွားပြီဟုထင်နေသည်။ သို့ငြားလည်း ဆွဲလှုပ်လျှင် အသက်ရှင်လာမည်လား ထင်ကာ ထိတ်ထိတ်ပျာပျာနှင့် ကိုင်လှုပ်နေခြင်းဖြစ်သည်။
ခဏကြာလျှင် တွမ်၏မျက်လုံးများ ပွင့်လာသည်ကို တွေ့ရသည်။ မဂ္ဂီကား ဝမ်းသာနေ သည်။ ဝမ်းသာလွန်းသဖြင့် မျက်ရည်လည်ကာ ရှိုက်လာသည်။ တွမ်၏ ခြေထောက်၌ အနည်းငယ် ပွန်းပဲ့သွားသည်ကိုပင် သတိမထားနိုင်တော့။ အသက် မသေသည်က တော်သေးသည်ဟု ဝမ်းသာ သွားသည်။
၂၀။ စိတ်ဆိုး ပြေပြီ
တွမ်၏ ခြေထောက်တွင် ဓားရှသွားသည်။ သို့သော်လည်း သူရဲကောင်းကြီးလို ကြိတ်မှိတ်၍ ခံသည်။ သို့သော် စိတ်ထဲတွင် တစ်စုံတစ်ခုအတွက် လေးလံနေသည်။ ထိုအတွေးက သူ့ကို ကြီးစိုး နေရာ ဆရာဝန်ကိုလည်းကောင်း၊ ဆရာစတယ်လင်းကိုလည်းကောင်း ဘာတစ်ခွန်းမျှ မမေးရဲ။ သူ မေးချင်သည်မှာ “ကျွန်တော့်ခြေထောက် ပုံပျက်ပန်းပျက်ဖြစ်သွားမှာလား”ဟူသည့်မေးခွန်းပင် ဖြစ် သည်။ အကယ်၍များ ဖြစ်နိုင်တယ်ဟူသော အဖြေပေးလိုက်လျှင် ဒုက္ခမရောက်ပါလား။
နေ့တိုင်း အနာကို ဆေးကြောကာဆေးထည့်သည့်အခါ မအော်မိရန်ချုပ်တည်းထားရသည်။ သို့သော်လည်း မဂ္ဂီနှင့် နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည့်အခါတွင်မူ နှစ်ယောက်သား ခေါင်းအုံး တစ်စုံထဲတွင် ခေါင်းချင်းဆိုင်ကာ ရှိုက်မိကြသည်။ မျက်ရည်ကျမိကြသည်။ တွမ်၏ စိတ်ထဲတွင် သူ လမ်းလျှောက်သည့်အခါ ခြေတရွတ်ဆွဲနေမည်လားဟု တွေးပူသည်။ မဂ္ဂီကား ဘာမျှမသိ၊ တွမ် ငိုနေသည်နှင့် ဝမ်းနည်း၍ ငိုသည်။
ဤမျှ တွမ်တစ်ယောက် အစိုးရိမ်ကြီးနေသည်ကို ဆရာဝန်ရော၊ ဆရာစတယ်လင်းပါမသိ။ သို့သော်လည်း ဖိလစ်သည် ဆရာဝန် ပြန်ထွက်သွားလျှင် စတယ်လင်းထံသို့သွားကာ တွမ် မမေးရဲ သည့်မေးခွန်းကို တွမ့်ကိုယ်စားမေးသည်။
‘တစ်ခုမေးချင်ပါတယ် ဆရာခင်ဗျား၊ တွမ့်ခြေထောက်က အနာပျောက်မယ်လို့ ပြောနိုင် လား။ သူ့ခြေထောက်များ တရွတ်ဆွဲသွားမှာလား’
‘အို ဘာမှမဖြစ်ဘူး၊ ကောင်းသွားမှာပါကွ။ ဒါပေမဲ့ အချိန်တော့နည်းနည်းကြာမှာပေါ့’
‘ဆရာဝန်က သူ့ကို အဲဒီအကြောင်း ပြောရဲ့လား’
‘ဟင့်အင်း၊ ဘာမှမပြောဘူး’
‘ဒါဖြင့် ကျွန်တော် သွားပြီးပြောလိုက်မယ် ဆရာ’
‘အေး အေး ပြောလိုက်ပါ။ အဲဒါတွေးပြီး စိတ်ပူနေမှာကွ၊ သူ့အခန်းထဲ သွားပြောချည်။ ဒါ ပေမဲ့ တိုးတိုးပြောနော်’
ဖိလစ်သည် တွမ်၏အိပ်ရာဆီသို့ ခပ်ရွံ့ရွံ့သွားသည်။
‘ဆရာဝန်က ပြောတယ်၊ မင်းအနာမကြာခင်ပျောက်မှာပဲတဲ့။ အဲဒါမင်းသိလား။ ငါအခုပဲ ဆရာစတယ်လင်းကိုမေးခဲ့တယ်။ မင်းအနာပျောက်တော့ အရင်ကအတိုင်း လမ်းကောင်းကောင်း လျှောက်နိုင်မှာပဲ တဲ့’
မမျှော်လင့်ဘဲ ကြားလိုက်ရသဖြင့် အသက်ရှူမှားမတတ် ဝမ်းသာသွားသည်။ တွမ် သက်ပြင်း ချလိုက်သည်။ ထိုနောက် ဖိလစ်မျက်နှာကို စိုက်ကြည့်လိုက်သည်။ ဤသို့မျက်နှာချင်းမဆိုင်သည်မှာ နှစ်ပတ်ခန့်ရှိခဲ့ပြီ။ မဂ္ဂီအဖို့ကား ယခုလို အနာတရ ဖြစ်ခြင်းကြောင့် ခြေတရွတ်ဆွဲသွားမည်လား ဟူ၍ ပင်မသိ။ ယခုသိပြန်တော့ ဝမ်းနည်းကာငိုရပြန်သည်။
‘မရူးစမ်းပါနဲ့ မက်ဆီရယ်။ မကြာခင်ပဲ ငါ့အနာပျောက်တော့မှာပါ’တွမ်၏အသံသည် မာ လာသည်။ ယခုမှ စိတ်အေးသွားသည်။
‘ကဲ သွားမယ် တွမ်’ဖိလစ်က လက်ကလေးမြှောက်ကာ နှုတ်ဆက်သည်။ ဖိလစ်လက်ကို တွမ်ကဖမ်း၍ဆုပ်လိုက်သည်။
‘ဆရာစတယ်လင်းဆီ အခွင့်တောင်းပြီး တစ်ခါတလေ ငါ့ဆီလာပါကွာ။ ပြီးတော့ မင်း ပြော နေကျဂရိပုံပြင်တွေပြောပေါ့’
၂၁။ ဖိလစ်နှင့် မဂ္ဂီ
ကျောင်းချိန်မဟုတ်သည့်အခါတို့တွင် ဖိလစ်သည် တွမ်တို့မောင်နှမနှစ်ယောက်နှင့်တွဲကာ အချိန်ကုန်စေသည်။ တစ်ခါတွင် ဖိလစ်က “ဖီလော့တီးတီး”ဟုခေါ်သော လူတစ်ယောက်အကြောင်း ပုံအသစ်တစ်ခုပြောသည်။ ထိုဖီလော့တီးတီးတွင် ခြေထောက်၌ ဒဏ်ရာရကာ အနာဖြစ်သည်။ အနာ ကြောင့် အော်ဟစ်ညည်းညူသည်။ သူ့အပေါင်းအသင်းများက မကြားချင်သဖြင့် လူသူမရှိသော ကျွန်းကလေးတစ်ကျွန်းပေါ်သွားပို့ထားသည်။ သူ့အတွက် အမဲသား ငါး ပစ်စားရန် လေးနှင့်မြား တို့သာထားခဲ့သည်။
‘ငါကတော့ နည်းနည်းလေးမှ မညည်းပါဘူးကွာ။ ငါ့အနာကလည်း သူ့လောက်တော့ ဆိုး တာပါပဲ။ သူရဲဘောနည်းတဲ့လူတွေသာ ညည်းကြတာပါ’ ဟုတွမ်က ဆိုသည်။
ဖီလော့တီးတီးတွင်နှမလေး တစ်ယောက်လောက်မရှိဘူးလား။ ရှိလျှင်လည်း ကျွန်းပေါ်သို့ လိုက်မသွားဘူးလားဟု မဂ္ဂီကမေးသည်။
ထိုပုံကို နားထောင်အပြီး တစ်နေ့တွင် စာကြည့်ခန်းထဲ၌ ဖိလစ်နှင့် မဂ္ဂီနှစ်ယောက်တည်း ဆုံ မိကြသည်။ ဖိလစ်သည် စာအုပ်များနှင့် အလုပ်ရှုပ်နေသည်။ မဂ္ဂီလည်း အခန်းထဲတွင် ချာလည်ချာ လည်လုပ်ရာမှ ဖိလစ်ရှိရာစားပွဲရောက်သွားကာ ဘာလုပ်နေသလဲဟု တစေ့တစောင်း ကြည့်သည်။ ယခုအခါ သူတို့သည် မိတ်ဟောင်းဆွေဟောင်းများလို ရင်နှီးနေကြပြီ။ 
‘ဘာတွေများ ဂရိလို ဖတ်နေတာလဲ’မဂ္ဂီမေးသည်။
‘“ဖီလော့တီးတီး” အကြောင်းပါ’မဂ္ဂီကို မော့ကြည့်လိုက်သည်။ ခဏကြာမှ ‘မဂ္ဂီ မင်းမှာ ငါ့လိုအစ်ကိုတစ်ယောက်ရှိရင် အခု တွမ်ကိုချစ်သလိုချစ်မှာပေါ့နော်’ဟုမေးသည်။
မဂ္ဂီ၏အတွေးသည် ချာချာလည်သွားသည်။ ‘အား ချစ်မှာပေါ့’ ပြီးမှ ‘မဟုတ်သေးဘူး၊ တွမ်ထက်တော့ ပိုပြီးမချစ်နိုင်ဘူး၊ ဝမ်းနည်းပါတယ် ဖိလစ်’
ဖိလစ်ရှက်သွားသည်။ မျက်နှာနီရဲလာသည်။ မဂ္ဂီ၏စကားကြောင့်စိတ်ညစ်သွားသည်မှာ သူ့ မျက်နှာ၌ ပေါ်လာသည်။ သူစကားပြောမှားသွားပြီဟု မဂ္ဂီသတိထားမိသည်။
‘ဒါပေမဲ့ ဖိလစ်က သိပ်တော်တာပဲ။ စန္ဒရားလည်း တီးတတ်တယ်။ သီချင်းလည်း ဆိုတတ် တယ်။ ဖိလစ်ဟာ ကျွန်မအစ်ကိုဖြစ်ရင် ဘယ်လောက်ကောင်းမလဲ’
‘ဒါပေမဲ့ မင်းက မကြာခင် ပြန်တော့မှာ။ ပြန်သွားတော့ ငါ့ကိုမေ့သွားမှာပဲ။ နောက်ကြီးလာ လို့တွေ့ကြရင် ငါ့ကို အမှတ်ရတော့မှာမဟုတ်ပါဘူး’
‘မမေ့ပါဘူး၊ တကယ်ပြောတာပါ။ ဖိလစ်ကို ကျွန်မ မမေ့ပါဘူး။ ဘယ်သူ့ကိုမှ ဘာကိုမှ မမေ့ တတ်ဘူး။ အနေဝေးသွားပေမဲ့ တွေ့ခဲ့သိခဲ့တဲ့လူတွေကို သတိရတတ်ပါတယ်။ ကျွန်မတို့အိမ်က ခွေး ကလေး “ယက်”ဆိုရင် သိပ်သနားစရာကောင်းတာပဲ။ သူ့မှာ လည်ချောင်းနာနေတယ်လို့ လုက ပြောတယ်။ သေတော့မှာပဲတဲ့။ ယက်ကိုတွေ့ဖူးမှာ မဟုတ်ပါဘူး။ သိပ်ချစ်စရာကောင်းတာပဲ’
‘ယက်ကို သတိရသလောက်တော့ ငါ့ကိုသတိရမှာပေါ့နော်’ဖိလစ်သည် ဝမ်းနည်းသံနှင့် မချိ ပြုံးပြုံးကာပြောသည်။
‘အင်း သတိရပါလိမ့်မယ်’မဂ္ဂီရယ်လိုက်သည်။
‘မဂ္ဂီမင်းကိုငါသိပ်သဘောကျတာပဲ။ မင်းကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး။ ငါ စိတ်ညစ်တဲ့အခါ မင်းကို မျက်စိထဲပေါ်လာမှာပဲ။ ငါ့မှာ မင်းလို မျက်လုံးနက်နက်ကလေးနဲ့ နှမလေး တစ်ယောက်ရှိရင်ကောင်းမှာပဲ’
‘ဘယ်လိုလဲ၊ ဖိလစ်က တွမ်ထက် ကျွန်မကို ပိုပြီးချစ်တယ်ထင်တယ်’ မဂ္ဂီသည် ဖိလစ်၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။
‘ကဲ ရှင့်ကို ကျွန်မ အမြဲ အမှတ်ရနေပါ့မယ်၊ ဟုတ်လား။ နောင်တွေ့ကြရင်လည်း ဘယ် လောက်ကြာကြာကွဲနေပြီးမှ တွေ့တွေ့၊ ရှင့်ကိုချစ်မှာပါပဲ’ဟု ပြောပြောဆိုဆိုပင် မဂ္ဂီသည် ဖိလစ်ကို နမ်းရှုပ်လိုက်သည်။
နောက်သုံးလေးရက်ရှိသောအခါ မဂ္ဂီကိုခေါ်ရန် မစ္စတာတူလီဗာရောက်လာသည်။
‘အဖေကြီးရယ်၊ ဖိလစ်ဝေကမ်လေ တွမ့်အပေါ် သိပ်ကောင်းတာပဲ။ ပြီးတော့ သူဟာ လူတော် လေးတစ်ယောက် အဖေကြီးရဲ့။ ကျွန်မလည်း သူ့ကိုချစ်တယ်။ တွမ်လည်း သူ့ကိုချစ်တယ် မဟုတ် လား’
မဂ္ဂီ၏စကားကြောင့် တွမ်ခေါင်းရှုပ်သွားသည်။ အဖေကြီးမျက်နှာကို တွမ်ကြည့်လိုက်သည်။
‘ဒီကျောင်းက ထွက်ရင်တော့ သူနဲ့ကျွန်တော် အပေါင်းအသင်းဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလည်း ကျွန်တော့်ခြေထောက်ဒဏ်ရာရပြီးကတည်းက သူနဲ့ကျွန်တော် ပြန်တည့်လာ ကြပြီ။ ကျွန်တော်စစ်တုရင်ကစားတတ်အောင်လည်း သူကသင်ပေးတယ်အဖေ။ တစ်ခါတလေတော့ သူ့ကိုကျွန်တော် နိုင်ပါတယ်’
‘အေး အေး၊ သူက မင်းတို့အပေါ် ကောင်းရင် မင်းတို့က ပြန်ပြီးကောင်းပေါ့ကွာ။ ဒီသူငယ် လေးက သနားစရာခါးကုန်းကလေးပါ။ သေသွားတဲ့သူ့အဘိုးလိုပါပဲ။ ဒါပေမဲ့ သူနဲ့သိပ်ပြီး ရင်းရင်း နှီးနှီးတော့မပေါင်းနဲ့။ သူ့ဆီမှာ သူ့အဖေရဲ့သွေးဆိုးပါမှာပါပဲကွ။ သွေးဆိုးဟာမြင်းတွေလိုမှာပဲ၊ လူမှာ လည်း အချိန်တန်တော့ ပြတာပဲ။ ဒီတော့ သွေးဆိုးကို ဘယ်တော့မှ မယုံနဲ့’

………….
အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု စာရေးဆရာမ George Eliot ၏ ‘The Mill on the Floss’ ကို စာရေးဆရာကြီး ဆရာကျော်အောင်က ဘာသာပြန်ထားသည့် ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ဘာသာပြန်အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၈ ) ကို မနက်ဖြန်ည ( ၉ ) နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။

အကယ်၍ ဝန်ဇင်းစာချစ်သူတို့က ဒီစာအုပ်ကို နှစ်သက်လို့ အပိုင်ဝယ်ယူ ဖတ်ရှုချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖုန်းထဲမှာ ထည့်သွင်းဖတ်ရှုနိုင်ကြောင်း ပြောပါရစေခင်ဗျာ။ 
“ဝန်ဇင်းစာချစ်သူတို့က ဘာသာပြန်ဝတ္ထုကောင်းတွေကို နှစ်သက်သဘောကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်၊ အကြံပြုလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts