ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း( ၁၀ )[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]


ကျော်အောင် - မြစ်ကမ်းပေါ်ကစက်ရုံကလေး 
[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]
အပိုင်း ( ၁၀ ) 
………….
(ဂ)
သားအမိသုံးယောက်တူလီဗာကို အံ့အားသင့်ကာ ကြည့်နေကြသည်။ သူဘာရေးခိုင်းမှာလဲ၊ သူတို့မသိ။
တူလီဗာသည် ဦးစွာ သူ့မိန်းမမျက်နှာကို ကြည့်ကာ ဖြည်းဖြည်းတစ်ခွန်းချင်းပြောသည်။
‘ငါ့စိတ်ထဲမှာ ဆုံးဖြတ်ပြီးပြီ ဗက်ဆီ။ ငါတတ်နိုင်သမျှ လုပ်ဖို့ဆုံးဖြတ်ပြီးပြီ။ ငါလုပ်မယ်။ နေရာဟောင်းမှာပဲ ငါနေမယ်။ ဝေကမ့်လက်အောက်မှာ ငါအလုပ်လုပ်မယ်။ သူ့ကို ရိုးရိုးသားသား အလုပ်အကျွေးပြုမယ်။ ဝေကမ်ဟာ လူယုတ်မာတစ်ယောက်ဆိုတာ ငါမေ့ထားပြီး အလုပ်လုပ်မယ်။ ငါဟာရိုးသားတဲ့လူတစ်ယောက်။ အေးဒါပေမဲ့ ဘယ်တော့မှခေါင်းပြန်ထောင်နိုင်မယ့်လူမဟုတ်ဘူး။ ငါဟာဘာနဲ့တူသလဲဆိုတော့ ကိုင်းကျိုးနေတဲ့သစ်ပင်နဲ့တူတယ်။ ငါဟာကိုင်းကျိုးသစ်ပင်’
ခဏနားသည်။ ပြီးမှ ခေါင်းပြန်ထောင်လာကာ အလေးအနက်ပြောသည်။ သူ့အသံသည် ပို၍ ကျယ်လာသည်။
‘ဒါပေမဲ့ ငါသင်းကိုခွင့်မလွှတ်နိုင်ဘူး၊ ခွင့်မလွှတ်နိုင်ဘူး။ သူအရှက်တကွဲအကျိုးနည်းဖြစ်ခံ ရစေချင်တယ်။ ဒဏ်ခတ်ခံရစေချင်တယ်။ ပြီးတော့ သူ့သားက သူ့ကို ပစ်သွားစေချင်တယ်။ အေး တွမ်၊ မင်းငါပြောတာကို စွဲစွဲမြဲမြဲမှတ်ထားရမယ်။ ဘာလဲဆိုတော့ သူ့ကို မင်းခွင့်မလွှတ်ရဘူး။ မင်း ဟာ ငါ့သားအစစ်ဆိုရင် ခွင့်မလွှတ်ရဘူး။ အေး ငါအခုခံစားရသလို သူလည်း ခံစားရမယ့် တစ်ချိန်ချိန် ရောက်လာလိမ့်မယ်။ ကဲ ရေးစမ်း၊ သမ္မာကျမ်းထဲမှာ ရေးစမ်း’
‘အို အဖေကြီးကလဲ ဘာရေးရမှာလဲ’ မဂ္ဂီသည် တူလီဗာ ခြေရင်းတွင် ထိုင်ရင်း တုန်တုန် လှုပ်လှုပ်ဖြစ်လာသည်။
‘အမျက်ဆိုတာ၊ ကျိန်ဆဲတာမကောင်းပါဘူး အဖေကြီးရယ်၊ ကောက်ကျစ်တာလည်း မကောင်းပါဘူး’
‘ဒါမကောင်းတာမဟုတ်ဘူး သမီး’ အဖေကြီးအသံသည် စူးရှသည်။ ‘လူယုတ်မာတွေ ကြီးပွားတာသာ မကောင်းတာ။ နတ်ဆိုး နတ်မိုက်တွေကူညီလို့ပေါ့ကွ။ ကဲ ငါပြောသလိုရေးစမ်း တွမ်’
‘ဘာရေးရမှာလဲ အဖေကြီး’
‘ရေး၊ မင်းအဖေ အက်ဒဝပ်တူလီဗာသည် သူ့ကိုပျက်စီးရာပျက်စီးကြောင်း ကြံစည်ခဲ့သူ ဂျွန်ဝေကမ်လက်အောက်၌ အလုပ်လုပ်ခဲ့ပါသည်။ အကြောင်းမှာ သူ့မိန်းမ၏ အလိုကိုလိုက်မည်ဟု ကတိပေးခဲ့သောကြောင့်ဖြစ်ပါသည်။ ထို့ပြင် သူ့အဖေ မွေးရာ၊ သူကိုယ်တိုင်မွေးရာ နေရာ၌ ခေါင်းချ လိုသောကြောင့်လည်း ဖြစ်ပါသည်။ ပြီးတော့ ဆက်ရေးဦး။ ဒါပေမဲ့ ငါဟာဝေကမ်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ သူ့လက်အောက်မှာ ရိုးရိုးသားသား အလုပ်လုပ်ပေမဲ့ ဝေကမ်တစ်ယောက် ပျက်စီး ခြင်းငါးပါးနဲ့ကြုံမှာကို မျှော်လင့်နေပါတယ်။ အဲဒါလည်း ရေးလိုက်စမ်း’
တွမ် စားရေးနေစဉ် တစ်ခန်းလုံး အပ်ကျသံကလေးမျှ မကြားရအောင် ငြိမ်သက်နေသည်။ မစ္စက်တူလီဗာသည် မျက်လုံးအပြူးသားနှင့် ကြောင်ကြည့်နေသည်။ မဂ္ဂီကား သစ်ရွက်လေးတစ်ရွက် လို တုန်လှုပ်နေသည်။
‘ကဲ မင်းရေးထားတာ ဖတ်ပြစမ်း’
တွမ်သည် ခပ်ဖြည်းဖြည်းအသံကျယ်ကျယ်ဖတ်ပြသည်။
‘ကဲ…ဆက်ရေးဦး။ သူ့သားဖြစ်သော ကျွန်တော်သောမတ်တူလီဗာသည်လည်း ကျွန်တော့် အဖေကို ပျက်စီးစေခဲ့သော ဝေကမ်အား မမေ့နိုင်ပါ။ အခွင့်အရေးကြုံခဲ့လျှင် ဝေကမ် ပျက်စီးအောင် ကြံဆောင်ပါမည်။ ပြီးတော့ သောမတ်တူလီဗာလို့ မင်း လက်မှတ်ထိုး’
‘အိုး မဟုတ်ဘူး အဖေကြီးရယ်၊ အဖေကြီး မဟုတ်သေးဘူး။ တွမ်ကို ဒီလို အရေးမခိုင်းပါ နဲ့’ မဂ္ဂီသည် အသက်ရှူမှားမတတ်အော်လိုက်သည်။ 
‘ငြိမ်ငြိမ်နေ မဂ္ဂီ၊ ငါရေးမှာပဲ’တွမ်ကပြောလိုက်သည်။
******
အပိုင်း (၄)
မာနအပြိုင်
၂၈။ အပျိုဖြန်း
မဂ္ဂီသည် ယခုအခါ အပျိုဖြစ်စပြုနေပြီ။ ဘဝသစ်တစ်ခုသို့ ဝင်တော့မည့်နှယ် မျှော်လင့်ချက် အသစ်များ၊ စိတ်ကူးသစ်များ၊ အိပ်မက်သစ်များနှင့်ပြည့်လျှမ်းစအရွယ်ဖြစ်သည်။ သို့သော်လည်း တကယ့်ဘဝတွင်ကား သူ့အဖို့ခေတ်ဆိုးနှင့်ကြုံကြိုက်ရသည်။ အခြေအနေဆိုးနှင့်ရင်ဆိုင်ရသည်။
ဒုက္ခနှင့်ဦးစွာရင်ဆိုင်ကြုံရသည့်အခါတွင်မူ ရဲရဲရင့်ရင့်ရင်ဆိုင်နိုင်သေးသည်။ အကြောင်းမှာ နာကျင်မှုကို ခံစားရမှ စိတ်ထဲတွင်လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ရင်ဆိုင်ရမည့် အန္တရာယ်ကို ကာ ကွယ်ရန်အားသစ်မွေးလာမိသည်။ သို့သော် ကာလကြာလာသည့်အခါ ပြောင်းလဲနေသော ဘဝသစ် သည်လည်း ထက်ကြပ်လိုက်လာသည်။ တစ်နေကုန် တစ်နေ့ဆန်းသော်လည်း ဒုက္ခမှလွတ်ကင်းရန် မျှော်လင့်ချက်ကိုလည်း မမြင်နိုင်။ ထိုအခါတွင် တုန်လှုပ်ချောက်ချားလာရသည်။
ယခုကာလကား မဂ္ဂီအဖို့ သတ္တိမွေးရမည့်ကာလဖြစ်သည်။
တွမ်သည် မနက်တိုင်း အလုပ်ရှိရာ မစ္စတာဒီအင်ဆီသို့သွားသည်။ ညနေ အိမ်ပြန်ရောက်လျှင် စကားနည်းသည်ထက်နည်းလာသည်။ တွမ်သည် ဘာကိုမျှမတွေး။ သူ့စိတ်ကူးအကောင်အထည် ပေါ်ရေးကိုသာတွေးသည်။ ယခုကြုံတွေ့နေရသော အဖြစ်ဆိုးမှ လွတ်မြောက်ရေးကိုသာ သူတွေး သည်။
မစ္စက်တူလီဗာသည်လည်း နဂိုအတိုင်းပင်မပြောင်းလဲ။ အလျင်ကလိုငြိမ်ငြိမ်လေးမနေနိုင်။ ဆူဆူပူပူနှင့် အိမ်အလုပ်လုပ်သည်။ သည်းမခံနိုင်။ ဘယ်လိုကြောင့် သည်းခံနိုင်မည်နည်း။ သူပိုင် ပစ္စည်းတို့ကို သိမ်းသွားကြပြီ။ သူ့မျှော်လင့်ချက်များ၊ သူ့စီမံကိန်းများ ပျက်ပြားခဲ့ပြီ။ ယခုမူ သူ့ဘဝ သည်ဟာလာဟင်းလင်း။ ဘာမျှအဓိပ္ပာယ်မရှိ။ သူ့ဘဝသည် သူ့အိမ်နှင့်တူလှသည်။ နေရသည်မှာ ယောင်ချာချာ။ စိတ်ထဲတွင်ကား ရှုပ်ရှုပ်ထွေးထွေး။ ဘာ့ကြောင့် သည်အဖြစ်ဆိုးနှင့်ကြုံရသလဲ။ စိတ် ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ကာ တစ်ခါက လှခဲ့သော သူ့ရုပ်ရည်သည်ပင် ယခု ညှိုးရော်ကြုံလှီလာသည်။ သူ့ကိုမြင်ရသူတိုင်း သနားကြသည်။ အိမ်မှုကိစ္စပြီးသည့်အခါ အမေသည် တစ်ခန်းဝင် တစ်ခန်းထွက် လျှောက်သွားသည်။ ထိုင်မနေနိုင်။ အနားမယူနိုင်။ သူ့စိတ်သည် မတည်ငြိမ်။ လှုပ်ရှားနေသည်။ မဂ္ဂီ ပင်ပင်ပန်းပန်းလုပ်သည်ကိုလည်း မကြည့်ရက်။ မဂ္ဂီက သူ့ကိုဝင်၍ ကူညီလျှင် စိတ်ဆိုးသည်။ ‘အမေ လုပ်ပါ့မယ် သမီးရယ်။ ငါ့သမီး လက်တွေကြမ်းကုန်မှာပေါ့။ ဒါတွေဟာ အမေ့အလုပ်တွေ ချည်းပဲကွယ့်’
အမေနှင့်အဖေကြီးကို ယှဉ်ကြည့်သည့်အခါ အမေကမှ တော်သေးသည်ဟု မဂ္ဂီထင်မိသည်။ အမေသည် စိတ်ချမ်းသာရာမရသဖြင့် လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ အဖေကြီးကမူ ဘာတစ်ခွန်းမျှ မဟ။ စိတ်ဒုက္ခကို ကြိတ်မှိတ်ခံနေသည်။ အဖေကြီး၏ မျက်နှာတွင် ပါးရေများတွန့်လာသည်။ မျက် လုံးသည် အရောင်မတောက်။ ပျော်ရွှင်ချမ်းမြေ့မှုကို ထိုမျက်လုံးအစုံတွင် မတွေ့ရ။ အိမ်ထဲမှ အိမ်ပြင် သို့ မထွက်။ တတ်နိုင်သမျှ ကုပ်နေသည်။ ဈေးသွားစရာရှိလျှင် သွားကာ မြန်မြန်ပြန်လာသည်။ သာမှု နာမှုဖိတ်လျှင်မသွား။ အလုပ်ကိစ္စရှိသဖြင့် မလွှဲမရှောင်သာ၍ သွားရလျှင်မူ အလျင်ကလို စကား များများမပြော။ သူ့ကိုစကားတစ်ခွန်း၊ နှစ်ခွန်းပြောလျှင်ပင် အကျအနကောက်ကာ နာတတ်လာ သည်။ သူ့သိက္ခာ၊ သူ့မာနတို့ကို ထိခိုက်သည်ဟု ထင်လာသည်။ ဈေးနေ့များတွင် အကြွေးမကင်းသူ နှင့်တွေ့လျှင် သူ့မျက်နှာပျက်လာသည်။ သူရှိရာသို့ ဝေကမ်ရောက်လာကာ အလုပ်ခွင်အကြောင်း လေ့ လာစုံစမ်းသည့်အခါတွင်မူ မျက်နှာမညို။ ယခုကား သူ့တွင် စိတ်တစ်စိတ်တည်းသာရှိနေသည်။ ယင်း မှာအကြွေးအားလုံးပေးဆပ်ရေးပင်ဖြစ်သည်။ မစ္စက်တူလီဗာသည် အစားအသောက်ကို ဂရုတစိုက် မစီမံနိုင်။ တူလီဗာကား သူ့ဘာသာသူ ဘယ်တော့မှ ဂရုစိုက်၍ မစား။ ကျွေးမှသာ စားသည်။ တွမ် သည်အဖေကြီးကို ဂရုစိုက်ကြည့်မိသည်။ အဖေကြီးနှုတ်ဆိတ်နေသည်ကို သူမကြိုက်။ မျက်နှာကြီး အောက်သိုးသိုးမှုန်တေတေဖြစ်နေသည်ကိုမမြင်ချင်။ သူတို့အိမ်ကြီးမှာ ဝမ်းနည်းစရာအဖြစ်ဆိုး တစ် ခုက လွှမ်းမိုးခံနေရသည်ကိုလည်း သူ စိတ်မချမ်းသာ။ သို့သော်လည်း အဖေကြီး စိတ်ထဲတွင် ဖြစ် ပေါ်နေသည့် အကြွေးအားလုံးပေးဆပ်ရေးသည် သူ့စိတ်ထဲသို့ တစိမ့်စိမ့်ဝင်လာသည်။ တစ်လ တစ်လရလာသည့်ပိုက်ဆံများကို အဖေကြီးလက်ထဲသို့ သူအပ်လိုက်သည်။ အဖေကြီးက သံဖြူစုဘူး လေးတွင်ထည့်ကာ စုသည်။ စုဘူးသေတ္တာထဲတွင် ပိုက်ဆံများ တဖြည်းဖြည်းများများလာသည်ကို မြင်ရသည့်အခါ တူလီဗာကြည့်နူလာသည်။ ဤမြင်ကွင်းတစ်ခုသည်သာလျှင် သူ့အတွက် ပျော်စရာ ဖြစ်တော့သည်။
သုန်မှုန်နေသည့်ကြားကပင် တူလီဗာသည် သူ့သမီးလေးကိုကား အရိပ်ကြည့်နေသည်။ တွယ် တာနေသည်။ သမီးလေးကို မြင်နေရလျှင် သူအားရှိသည်။ သူနှင့်မကွာရှိနေစေချင်သည်။ မျက်စိ အောက်က အပျောက်မခံနိုင်ဖြစ်နေသည်။ သို့သော်လည်း အဖေတစ်ယောက်က သမီးတစ်ယောက် အပေါ် ချစ်သည့်အချစ်စိတ်နှင့်အတူ မနိဋ္ဌာရုံတို့ကိုလည်း သူမြင်နေသည်။
ညနေပိုင်းတို့တွင် မဂ္ဂီသည် အဖေကြီး ခြေရင်းတွင်ထိုင်ကာ အပ်ချုပ်နေတတ်သည်။ အဖေကို အသည်းစွဲချစ်သည့်သမီးတစ်ယောက်အနားမှာ ရှိနေပြီဆိုလျှင် စိတ်ချမ်းသာစရာတစ်ခုမဟုတ်လား။
သည်အဖြစ်ကိုဆင်ခြင်မိကာ သူ့ခေါင်းကို သပ်၍ဖြစ်စေ၊ တခြား အမူအရာ တစ်ခုခုဖြင့် ဖြစ်စေ စိတ် ချမ်းသာကြောင်း ပြဖို့ မကောင်းပေဘူးလားဟု မဂ္ဂီတောင့်တမိသည်။
သို့သော် မဂ္ဂီအနားတွင် ကပ်နေသည့်အခါ တူလီဗာသည် မဂ္ဂီနှင့်ပတ်သက်၍ တစ်မျိုးတွေး နေသည်။ သမီးလေးသည် တဖြည်းဖြည်းကြီးလာပြီ။ အပျိုကြီးဖားဖားဖြစ်လာပြီ။ သည်လိုဆိုလျှင် သူ့ရှေ့ရေးဘယ်လိုလဲ၊ လောကကြီးအလယ်တွင် ငါ့သမီးလေး အဆင်ပြေပါ့မလား။ ဤစိတ်တို့တူလီ ဗာတွင် ဝင်စားနေသည်။
ယခုအတိုင်းသာသူတို့မိသားစုမှာ အကျနာနေလျှင် သမီးလေးအဖို့ အိမ်ထောင်ပြုနိုင်ရန်ပင် အကြောင်းမမြင်၊ မလွယ်။ မဂ္ဂီအိမ်ထောင်ပြုမည်ဆိုလျှင် ယခုနေ အခါတွင်ကား သူတို့အောက် အဆင့်အတန်းနိမ့်သည့်သူနှင့်သာ အိမ်ထောင်ပြုရပေလိမ့်မည်။ ဤအဖြစ်ကို အဖေကြီးမမြင်ချင်၊ မကြည့်ချင်။ သူ့ဒေါ်လေး ဂရစ်တီ (မစ္စက်မော့) လမ်းကို လိုက်ခြင်းသာဖြစ်လိမ့်မည်။ မစ္စက်မော့ဆို လျှင် ကလေးတစ်ဗြုံကြီးနှင့် ဆင်းရဲနေရှာသည်။ အိမ်မှုကိစ္စကို ခေါင်းမဖော်နိုင်အောင် ကုန်းလုပ်နေ ရသည်။
မဂ္ဂီသည် အဖေကြီးခြေရင်းတွင်ထိုင်ကာ ခေါင်းကလေးငုံ့လျက်ချုပ်လုပ်နေသည်။ ယခုနေ အတိုင်းပင် မဂ္ဂီသည် မြင်ရသူအပေါင်း မြတ်နိုးစရာဖြစ်နေပြီ။ မဂ္ဂီ၏ အဇ္ဈတ္တ သန္တာန်သည် မျက်နှာ၌ ပေါ်လွင်နေသည်။ ပျော့ပျောင်းပြေပြစ်သည့် သန္တာန်ပင်ဖြစ်သည်။ ယင်းကို တက်သစ်စအပျိုသွေးက ဖြည့်ပေးလိုက်သည့်အခါ မဂ္ဂီသည် အလွန်ချစ်စရာကောင်းသည့် မိန်းမလှလေးတစ်ယောက်ဖြစ်လာ သည်။ ကြွလာသည့် အပျိုသွေးကို အမေသတိထားမိသည်။ အပြောင်းအလဲကို ဂရုပြုမိသည်။ ဘယ့် နှယ်ဒါလောက် အဖွံ့မြန်ပါလိမ့်၊ အကြွမြန်ပါလိမ့်ဟုပင် အံ့ဩမိသည်။ ယခုဆိုလျှင် တစ်အိမ်လုံးတွင် အရိပ်ကြည့်စရာ၊ စိုးရိမ်စရာ၊ မာနတက်စရာဆို၍ မဂ္ဂီတည်းဟူသော ပရိဘောဂလေး တစ်ခုသာ ရှိ တော့သည်။ ဤရှည်ရှည်ညိုညိုကလေးမလေးကို အမေကြီး ချစ်မြတ်နိုးစပြုလာသည်။ မဂ္ဂီက မကြိုက်သော်လည်း သူ့ဆံပင်ကို ဂရုတစိုက်ဖြီးပေးသည်။
‘သမီးလေးကို အရိပ်ကြည့်ပြီး အမေ့မှာ ပီတိဖြစ်ပါရစေဦး မဂ္ဂီရယ်။ တစ်ခါတုန်းက သမီး ဆံပင်ကြောင့်အမေဒုက္ခရောက်ခဲ့ရဖူးပါပြီ။ ကျွန်မတို့သမီးလေး လှမလာဘူးလား တူလီဗာ’
‘အေး လှတာပေါ့ကွ။ သူဘာဖြစ်ရမယ်ဆိုတာလည်း ငါသိထားတယ်။ အဆန်း မဟုတ်တော့ ပါဘူး။ ဒါပေမဲ့ တို့သမီးလေးဟာ ရိုးရိုးသာမန်အတန်းအစားထဲက မဟုတ်တာက ခက်တယ်။ သူ အပြစ်ပယ်ခံရမှာ၊ အချီးမြှင့်မခံရမှာ ငါစိုးရိမ်တယ်။ သူနဲ့ထိုက်တန်တဲ့ တစ်ယောက်ယောက်မတွေ့မှာ ငါကြောက်တယ်၊ စိုးရိမ်တယ်’
သို့ငြားလည်း မဂ္ဂီ၏စိတ်အလှနှင့် ကိုယ်အလှတို့က သူ့ပူပန်မှုကို ဖြေဖျောက်လိုက်ကြသည်။
၂၉။ တောအုပ်နီ
(က)
ဝေကမ်သည် ပြောင်ချောနေသော မြင်းနက်ကြီးကိုစီးကာ ခြံထဲသို့ ဝင်လာသည်။ ထိုအချိန် တွင် မဂ္ဂီသည် ပြတင်းပေါက်၌ ထိုင်နေသဖြင့် ဝေကမ်ဝင်လာသည်ကို မြင်လိုက်သည်။ သူလာလျှင် တစ်ယောက်တည်းမလာ။ ထုံးစံအတိုင်းပင် အဖော်တစ်ယောက်ပါလာသည်။ သူနှင့်အတူ အင်္ကျီဖား ဖားကြီးဝတ်ကာမြူးမြူးကြွကြွမြင်းညိုလေးပေါ်တွင်စီးရင်း ယှဉ်တွဲပါလာသော တစ်စုံတစ်ယောက် ကိုပါ မဂ္ဂီမြင်လိုက်သည်။ သူကား ဖိလစ်ဝေကမ်ဖြစ်သည်။ ဖိလစ်သည် ခြံထဲ အဝင်တွင် ဦးထုပ်ကို  ချွတ်လိုက်သည်။ သူ့အဖေက သားကို လှည့်ကြည့်လိုက်သည်။
မဂ္ဂီအောက်ထပ်သို့ မဆင်း။ တစ်ခါတစ်ရံ ဝေကမ်ကြီးသည် အိမ်ထဲသို့ဝင်ကာ စာရင်းများကို စစ်တတ်သည်။ အဖေနှစ်ယောက် ရှေ့တွင် ဖိလစ်နှင့်သူ မတွေ့ချင်။ အားလုံး စိတ်မချမ်းမသာ ဖြစ် သွားမည်ကို မဂ္ဂီစိုးသည်။ တစ်နေ့နေ့တွင် သူတို့ပြန်တွေ့ကြရဦးမည်ဟု မဂ္ဂီထင်သည်။ ထိုအခါ ဖိ လစ်ကို လက်ဆွဲနှုတ်ဆက်မည်။ ထိုနောက် တွမ်အပေါ်ဖိလစ်ကောင်းခဲ့သည်တို့ကို သူမမေ့ကြောင်း ဖိလစ်အားပြောပြမည်။ သို့သော် ယခုအတိုင်းမူ သူတို့နှစ်ယောက် မိတ်ဆွေအဖြစ် တည်ရှိဖို့ အကြောင်းမမြင်။ တစ်ဖန် ဖိလစ်အကြောင်း စဉ်းစားလိုက်ပြန်လျှင်လည်း အတွေးတစ်မျိုး ဝင်လာ ပြန်သည်။ ဖိလစ်သည် နိုင်ငံခြားမှ ပြန်လာသဖြင့် တစ်မျိုးတစ်ဖုံပြောင်းလဲနေလိမ့်မည်ဟုသူထင် သည်။ အမြင်တစ်မျိုးပြောင်းလာကာ မဂ္ဂီက ပြောဆိုနှုတ်ဆက်လျှင်ပင် ဂရုစိုက်ချင်မှစိုက်တော့မည်၊ အရေးထားချင်မှထားတော့မည်။ သို့ငြားလည်း သူ့မျက်နှာကို ခဏပန်းမြင်လိုက်ရသည့်အခါ ရုပ်အား ဖြင့်အနည်းငယ်ပြောင်းလဲလာသည်ဟု ထင်မိသည်။ မျက်နှာအနည်းငယ်ပြည့်လာသည်။ ယောက်ျား ပီသလာသည်။ ငယ်ငယ်က ဆံပင်ကောက်ကောက်၊ မျက်လုံးညိုညို ကောင်လေးတစ်ယောက်၏ ပုံ ကြီးချဲ့မျက်နှာမျိုးပင်ဖြစ်သည်။ ထိုပြင် မပြောင်းသောရုပ်ကိုလည်း တွေ့ရသေးသည်။ ယင်းမှာ ကိုယ်အင်္ဂါချွတ်ယွင်းခြင်းပင်ဖြစ်သည်။ မဂ္ဂီသည် ဖိလစ်ကို တွေ့ကာ စကားတစ်ခွန်း၊ နှစ်ခွန်းပြော ချင်စိတ်ပေါ်မိသည်။ သူ့ သူငယ်အိမ် နက်နက်ကလေးတစ်စုံကို သဘောကျသည်ဟု အလျင်ကဖိလစ် ပြောဖူးသည်။ ထိုစကားကို မှတ်မိပါလေစဟု မဂ္ဂီစဉ်းစားကြည့်သည်။ ထိုနောက် မဂ္ဂီသည် နံရံတွင် ချိတ်ထားသော မှန်ဆီသို့ လှည့်ကာသေသေသပ်သပ်ဖြစ်မဖြစ်ကြည့်လိုက်သည်။ ပြီးမှ ချုပ်လက်စ အဝတ်ကို ဆက်၍ချုပ်သည်။
ခဏကြာလျှင် ဖိလစ်နှင့်သူ့အဖေတို့နှစ်ယောက် ပြန်သွားသည်ကို တွေ့လိုက်ရသည်။
မဂ္ဂီသည် လမ်းလျှောက်ဝါသနာပါသည်။ သူသွားနေကျနေရာမှာ ဒေါလကော့စက်ရုံတောင် ဘက်တောင်ကုန်းအစွန်ရှိ “တောအုပ်နီ”ပင်ဖြစ်သည်။ တောအုပ်နီကိုသွားရသည်မှာ ပျော်သည်။ ထို ဒေသတွင် ချောက်ကမ်းပါးကြီးတစ်ခုရှိသည်။ ယခုမူ ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ယှက်သန်းနေပြီ။ ပဲ့ ကျသောနေရာတွင် မြက်များ ပေါက်နေသည်။ ချောက်ကမ်းပါးကား ရေညှိများတက်နေသဖြင့် ကော် ဇောစိမ်းကြီးနှင့်တူသည်။ ထိုနေရာ ရောက်လျှင် သစ်ပင်ရိပ်တစ်ခုအောက်၌ ထိုင်ကာ ကျေးငှက်တို့ တွန်ကျူးသည့်အသံများကို နားထောင်သည်။ သစ်ကိုင်းများအကြားမှ ထိုးကျလာသော နေခြည် တန်းများသည် အလွန်လှသည်။ ချစ်စရာကောင်းသည်။ မြက်ခင်းတွင်ပွင့်နေကြသော တောပန်းများ ဆီသို့ ထိုးကျလာသောငွေလက်ချောင်းများနှင့်တူလှသည်။
ယခုလည်း မဂ္ဂီသည် တောအုပ်နီသို့သွားရာ တောအုပ်ထဲသို့ဝင်သွားသည်။ သူသည် ဂါဝန်ပြာ လေးကို ဝတ်လျက်၊ ဦးထုပ်ကို လက်မောင်းတွင်ချိတ်ထားသည်။ ရုတ်တရက်ကြည့်လျှင် မဂ္ဂီကို ဆယ့် ခုနှစ်နှစ်သမီးဟုမထင်ရ။ အပျိုကြီးတစ်ယောက်ဟုထင်ရသည်။ မဂ္ဂီကိုမြင်ရသူမှာ အသက်ရှူ မှား မတတ်ဖြစ်သွားနိုင်သည်။ ချစ်စရာကောင်းသလိုလို၊ ချစ်လိုက်ရတော့ မလိုလို ဖြစ်သွားနိုင်သည်။ သူ့ မျက်နှာအမူအရာကား တည်ငြိမ်သည်။ လူကြီးကဲ့သို့ပင် တည်ငြိမ်သည်။ သို့သော်လည်း တည်ငြိမ်မှု သည်အပေါ်ယံမျှသာဖြစ်သည်။ နိုးကြားသော အတွင်းစိတ်ကိုဖုံးထားသည်။
မဂ္ဂီသည် ယခုအခိုက်အတန့်တွင် အပူအပင်ကင်းကာ ပျော်နေသည်။ လွတ်လပ်ခြင်း၏ အရ သာကို ခံစားနေသည်။ သစ်ပင်အိုကြီးများတွင် အကိုင်းအခက်များ ကျိုးနေသည်။ လေမုန်တိုင်းဒဏ် ဟုမဂ္ဂီထင်သည်။ ထို့ကြောင့်ပင် ပင်စည်နီကြီးများသည် အထက်သို့ တိုးတက်နေကြခြင်းဖြစ်သည်။
သစ်ပင်ထိပ်ဖျားဆီသို့ မျက်စိတစ်ဆုံး လိုက်၍ ကြည့်နေစဉ် သူ့ရှေ့မြက်ခင်းပေါ်သို့ အရိပ် တစ်ခုထိုးကျလာသည်ကို မဂ္ဂီမြင်လိုက်ရသည်။ ခေါင်းမော့ထားရာမှ တည့်လိုက်သည့်အခါ ဖိလစ်ကို သူတွေ့ရသည်။ ဖိလစ်သည် မဂ္ဂီဆီသို့ တိုးလာပြီး လက်လှမ်းကမ်းလိုက်သည်။
(ခ)
‘ရှင်က ရုတ်တရက် ပေါ်လာတာကိုး။ ဒီနေရာမှာ ဘယ်သူနဲ့မှ မတွေ့ရဘူး။ ဘယ့်နှယ် ဒီကို ရောက်လာတာလဲ’
‘မဂ္ဂီကို တွေ့ရအောင် လိုက်လာတာပေါ့။ ခင်ဗျားကို သိပ်တွေ့ချင်တာပဲ။ မနေ့ကလည်း ခင်ဗျားတို့ အိမ်နားက မြစ်ကမ်းမှာ ရပ်ပြီး ထွက်လာမလားလို့ စောင့်နေသေးတယ်။ ဒါပေမဲ့ မထွက် လာဘူး။ ဒီနေ့လည်းလာတယ်။ ခင်ဗျားထွက်လာတာတွေ့ရတယ်။ ခင်ဗျားနောက်က မျက်ခြည် မပြတ်လိုက်လာတယ်။ ကျွန်တော် လိုက်လာတာ မကြိုက်တော့ မဖြစ်ဘူးလို့ မျှော်လင့်တာပဲ’
‘မဖြစ်ပါဘူး’မဂ္ဂီသည် ရိုးရိုးလေးပင်ပြန်ဖြေလိုက်သည်။ ‘ရှင်နဲ့တွေ့ရတာ ဝမ်းသာပါတယ်။ ရှင့်ကို စကားပြောချင်လို့ စောင့်နေတာကြာပြီ။ ဒါပေမဲ့ ရှင့်ကို ကျွန်မတို့ သတိရသလောက် ရှင်က ကျွန်မတို့ကို သတိရပါ့မလားလို့’
‘အခုလိုစကာကြားရတော့ ကျွန်တော့်နားကို မယုံချင်ဘူးမဂ္ဂီ။ ကျွန်တော် သတိရသလောက် မဂ္ဂီက သတိရပါ့မလားလို့ ထင်နေတာပဲ။ တစ်မနက်ခင်း ဆရာစတယ်လင်း စာကြည့်ခန်းထဲမှာ မဂ္ဂီကဘယ်တော့မှမမေ့ပါဘူးလို့ ပြောတာကို မှတ်မိရဲ့လား။ အဲဒီတုန်းက မဂ္ဂီရုပ်ကို မျက်စိထဲစွဲနေပြီး ကျွန်တော် နိုင်ငံခြားရောက်နေတော့ ပုံဆွဲထားသေးတယ်’
ဖိလစ်သည် အိတ်ထဲမှ ပုံကိုထုတ်ပြသည်။ ပုံထဲတွင် မဂ္ဂီသည် စားပွဲ၌မှီကာ ထိုင်နေသည်။ ဆံ ပင်များသည် နားရွက်နောက်၌ တွဲလဲကျနေသည်။ မဂ္ဂီသည် ပုံထဲတွင် ငေးနေသည်။ မျက်လုံးများ ကားရီဝေနေသည်။
‘အိုး ဘယ်လိုကြောင်တောင်တောင်ကောင်မလေးပါလိမ့်။ ကျွန်မဟာ တကယ်တော့ ဂျစ် ပဆီမလေးနဲ့မတူဘူးလား၊ ခုဆိုပိုပြီး တူတယ်လို့တောင် ပြောရဲပါတယ်’ ထိုသို့ပြောကာ စကားကို ခဏရပ်ထားလိုက်သည်။ ပြီးမှ ‘ကဲ ရှင်မှန်းထားတဲ့ ရုပ်မျိုးနဲ့တူရဲ့လား၊ ဘယ့်နှယ်လဲ’ဟု မေးလိုက် သည်။
ဖိလစ်သည် မဂ္ဂီကိုစိုက်၍ကြည့်သည်။ သူတို့မျက်လုံးချင်းဆုံသွားကြသည်။ ‘မဟုတ်ဘူး မဂ္ဂီ’ဖိလစ်၏ အသံသည် တိုးတိုးကလေးပင် ထွက်လာသည်။ ‘ကျွန်တော် မှန်းထားတဲ့ ရုပ်ထက် ပိုပြီးလှလာတယ်’
မဂ္ဂီသည် ထိုင်ရာမှထကာ တစ်လှမ်း၊ နှစ်လှမ်း လျှောက်သည်။ ဖိလစ်လည်း မျက်နှာကို ကြည့်ကာ မဂ္ဂီနှင့်အတူလျှောက်သည်။ သူတို့သည် တောနှင်းဆီပင်များ အလယ်သို့ရောက်သွားသည်။ မဂ္ဂီသည် ဆက်မလျှောက်တော့ဘဲ ဖိလစ်ကို ပြန်၍ကြည့်သည်။
‘ကျွန်မတို့တစ်တွေ မိတ်ဆွေသူငယ်ချင်းတွေဖြစ်ခဲ့ကြရင်ကောင်းမှာပဲလို့ ထင်မိတယ်။ ဒါပေမဲ့ ကျွန်မငယ်ငယ်တုန်းက စွဲလမ်းခဲ့တာတွေဟာ ကြီးလာတဲ့အထိ ဆက်ပြီး စွဲလမ်းလို့ မရနိုင် တော့ဘူး။ စာအုပ်ဟောင်းတွေကျွန်မဆီမှာ မရှိတော့ဘူး။ တွမ်ဆိုရင်လည်း ကျွန်မနဲ့ စိတ်ချင်း တခြားစီဖြစ်လာပြီ။ ပြီးတော့အဖေကြီး။ ငယ်ငယ်က တွယ်တာခဲ့တာတွေအားလုံးကို ကျွန်မ ဆုံးရှုံး ခဲ့ရမှာပဲ။ ရှင်နဲ့လည်း ခွဲရမှာပဲ။ အဲဒီအကြောင်း ကျွန်မပြောချင်တာပါ။ ရှင်နဲ့တွေ့လို့ မသိသလို လုပ် နေရင်၊ သတိမရသလိုဖြစ်နေရင် ကျွန်မသဘောကို ရှင်နားလည်ထားပါ’
ဖိလစ်၏ မျက်နှာသည် တစ်မျိုးပြောင်းသွားသည်။ နာကျင်သည့်ဝေဒနာတစ်ခုခု ခံစားရသ ကဲ့သို့ဖြစ်လာသည်။
‘ဒါတွေကို ကျွန်တော် သိပါတယ်။ ခင်ဗျားဆိုလိုတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ တခြားလူတွေရဲ့ မစဉ်းစား မဆင်ခြင်တဲ့ စိတ်ထားတွေကို လိုက်လျောပြီး ကိုယ့်သဘောထားတွေ စွန့်လွှတ်ရတာ မှန်တယ်လို့ ခင်ဗျား ထင်သလား’
‘ဒါတော့ ကျွန်မ မသိဘူး’ မဂ္ဂီ စဉ်းစဉ်းစားစား ဖြေသည်။ ‘ဒါပေမဲ့ ကျွန်မအဖေကြီး စိတ် မချမ်းမသာဖြစ်အောင်တော့ ဘာတစ်ခုမှ ကျွန်မမလုပ်ချင်တာ သေချာတယ်’
‘ကျွန်တော်တို့ချင်း တစ်ခါတလေ တွေ့ကြမယ် ဆိုရင် သူ စိတ်ဆင်းရဲမှာလား’
‘အဖေကြီး စိတ်က တချို့ကိစ္စတွေမှာ တစ်ယူသန်မြင်တယ်။ ဟုတ်တယ်၊ သူကြိုက်မှာ မဟုတ်ဘူး။ သူကတော့ ဘယ်တော့မှ ပျော်ရတော့မှာ မဟုတ်ပါဘူးလေ’
‘ကျွန်တော်ရော ပျော်တယ် ထင်သလား။ ကျွန်တော် မပျော်ပါဘူး’
‘ဘာဖြစ်လို့လဲ’ မဂ္ဂီက ဖြည်းညင်းသာယာမေးသည်။
‘လောကမှာ ရှိကြတဲ့ အရာဝတ္ထုတွေအနက် တချို့ကို လှတယ်ထင်တယ်၊ ကောင်းတယ် ထင် တယ်။ အဲဒီလှတာ၊ ကောင်းတာတွေနောက်ကျွန်တော်တို့လိုက်ကြတယ်။ ဒါပေမဲ့ကျွန်တော့်အဖို့ တော့ လှတာ၊ ကောင်းတာတွေမရခဲ့ပါဘူး။ ကျွန်တော့်အဖို့ ငြင်းပယ်ခံခဲ့ရတာချည်းပါပဲ။ ကျွန်တော့်ဘဝ ဟာ
လှလည်းမလှဘူး။ ကြီးလည်းမကြီးကျယ်ဘူး။ ကျွန်တော် မွေးမလာခဲ့ရင် ကောင်းမှာဘဲ။ ဒါပေမဲ့ ခုတော့ မဂ္ဂီနဲ့တစ်ခါတလေ တွေ့ဆုံခွင့်ရမယ်ဆိုရင် နေပျော်မယ်ယူဆမိတယ်။ ကျွန်တော့်စိတ်ထဲ ရှိ တာတွေကို ဖွင့်ပြောဖို့ ကျွန်တော့်မှာ မိတ်ဆွေကောင်းမရှိပါဘူး။ ကျွန်တော့်ကို ဘယ်သူကမှဂရုမစိုက် ကြပါဘူး။ ခင်ဗျားနဲ့တစ်ခါတလေတွေ့ခွင့်ရမယ်၊ စကားပြောခွင့်ရမယ်၊ မိတ်ဆွေကောင်းတွေ အဖြစ် ဆက်ဆံနေကြမယ်၊ တစ်ယောက်ကိုတစ်ယောက် ကူညီမယ်ဆိုရင် ကျွန်တော့်ဘဝဟာ ပျော်စရာပါပဲ’
‘ဒါပေမဲ့ ရှင့်ကို ကျွန်မဘယ်လို တွေ့နိုင်မှာလဲ ဖိလစ်’
‘ဒီနေရာကို မဂ္ဂီတစ်ခါတလေ လာနိုင်ရင် တွေ့နိုင်တာပေါ့။ ဒါလောက်နဲ့တော့ ဘယ်သူ့ စိတ် ချမ်းသာမှုကိုမှ ထိခိုက်မှမဟုတ်ပါဘူး။ ကျွန်တော်တော့ ပျော်မှာပေါ့။ ကျွန်တော့်တို့နဲ့ ပတ်သက်တဲ့ လူတွေအချင်းချင်း မုန်းတီးနေကြရင်လည်း ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ခင်ရင်းနှီးမှုက သူတို့ အမုန်းကို အဆုံးသတ်မပေးနိုင်ဘူးတဲ့လား။ ဒီအခါမှာအတိတ်က ဒဏ်ရာကြောင့် ရခဲ့ကြတဲ့ သူတို့ အနာတွေလည်း ကျက်သွားအောင် ကျွန်တော်တို့က ဖျောင်းဖျရမှာပေါ့’
မဂ္ဂီ ငြိမ်နေသည်။ သူ့စိတ်ထဲတွင် ဆန့်ကျင်ဘက်တို့ စစ်ခင်းနေကြပြီ။
‘ကျွန်မ ဘာပြောရမလဲ။ ခေါင်းလည်း မညိတ်နိုင်ဘူး၊ ခေါင်းလည်း မခါနိုင်ဘူးဆိုရင် ကျွန်မ ရဲ့အဆုံးအဖြတ်မှားသွားလိမ့်မယ်’ မဂ္ဂီသည် လာလမ်းဆီသို့ ဦးလှည့်လိုက်သည်။
‘ဒါဖြင့် နက်ဖြန် ကျွန်တော် လာခဲ့ရမလား။ နက်ဖြန် မဟုတ်သန်ဘက်ခါပေါ့။ ဒါမှမဟုတ် နောက်အပတ်ပေါ့။ ဘယ်တော့ လာရမလဲသာပြောပါ။ ဘယ်တော့လာမယ် မပြောနိုင်ရင်လည်း ကျွန် တော်ကတော့ မဂ္ဂီနဲ့မတွေ့မချင်း ဒီနေရာကို လာစောင့်နေမှာပဲ’
‘ဒီလိုစောင့်တာပဲ ကောင်းပါတယ်။ ဘယ်တော့ လာနိုင်မယ်ဆိုတာတော့ အသေအချာ မပြော နိုင်ဘူး’ မဂ္ဂီခပ်သွက်သွက်လှမ်းလိုက်သည်။ 
‘နှုတ်မဆက်ဘဲမသွားပါနဲ့မဂ္ဂီ’သူတို့နှစ်ယောက် လမ်းကလေးအဆုံးသို့ ရောက်လာကြ သည်။
မဂ္ဂီရပ်လိုက်သည်။
‘သွားတော့မယ်နော်’မဂ္ဂီသည် ဖိလစ်ကို လက်ကမ်းလိုက်သည်။
နှစ်ယောက်သား လက်ချင်းဆက်ကာ စကားမပြောဘဲ ရပ်ကြည့်နေကြသည်။
ထိုနောက် မဂ္ဂီသည် တစ်ဖက်သို့ လှည့်ကြည့်လိုက်ပြီး ‘နေဝင်တော့မယ်၊ ပြန်ရမှာ အတော် ဝေးသေးတယ်။ သွားမယ်နော်’

၃၀။တစ်နှစ်ခန့်အကြာ
(က)
တစ်နှစ်ခန့်ကြာသောအခါ တွမ်တွင် အတန်ငယ်ပိုက်ဆံစုမိပြီ။
တွမ်သည် အလုပ်တွင် အောင်မြင်နိုင်မည်မှာ သေချာသည်။သူ့စိတ်ဓာတ်သည် သူ့မာနတို့နှင့် အတူ လွန်ခဲ့ပြီးသော ဒုက္ခအပေါင်းတို့မှလွတ်မြောက်ရန် မခံချင်စိတ်ရှိသည်။ ဤမာနနှင့် မခံချင်စိတ် တို့ပေါင်းစုလိုက်သည့်အခါ အောင်မြင်ရေးလမ်းစ ပေါ်လာနိုင်သည်။ အခက်အခဲတို့မှ ရုန်းထွက်နိုင် မည်ဖြစ်သည်။ ဦးလေးဒီအင်က တွမ်ကို စောင့်ကြည့်နေသည်။ သူ့တူမှာ ခေသူမဟုတ်။ အလုပ်တွင် စိတ်ဝင်စားသည်။ ပိရိသည်။ သေသပ်သည်။ သူ့လို လူငယ်လေးမျိုးကို အလုပ်ထဲသွင်းရသဖြင့် ဂုဏ် ယူမိသည်။
တွမ်သည် ပထမဆုံး ဆိပ်ကမ်းစတို၌ ဝင်ရသည်။ ဤသည်မှာ ဦးလေးဒီအင်၏ စေတနာပင် ဖြစ်သည်။ ထိုနေရာ၌ အရောင်းအဝယ်လုပ်ငန်းမျိုးစုံကို သူလေ့လာရသည်။ ခဏလေး အတွင်းမှာ ပင် အဝယ်တော်လုပ်ငန်းနှင့်ပတ်သက်၍ ကုမ္ပဏီက သူ့ကိုစိတ်ချလာသည်။ လွှဲလာရသည်။ သူ့လခ လည်း တိုးလာသည်။ သည့်ထက် အခွင့်အလမ်းပိုသည်မှာ သူ့အရင်းအနှီးနှင့်သူ အနည်းငယ် လုပ်ခွင့် ပြုခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဦးကြီးဂလက်ထံမှ ငွေအနည်းငယ် လှည့်ကာ အရောင်းအဝယ်လုပ် ရာ ချက်ချင်းပင် တိုးပွားလာသည်။ သို့ဖြစ်ရာ မကြာမီ အချိန်အတွင်း အဖေကြီး၏ စက်ကို ပြန်ဝယ် နိုင်ဖို့ လမ်းမြင်လာပြီ။
(ခ)
ဧပြီလ၏ ညနေပိုင်းဖြစ်သည်။ မဂ္ဂီသည် သွားနေကျလမ်းလေးအတိုင်းတောအုပ်နီသို့ ထွက် လာခဲ့သည်။ မနှစ်ဇွန်လတွင် လာစဉ်ကထက် ယခုစိတ်အားထက်သန်သည်။ သူ့နှုတ်ခမ်းတွင် အပြုံး ရိပ်များ သမ်းလာသည်။ တစ်စုံတစ်ယောက်သည် သူ့ကို မျှော်နေလိမ့်မည်။ မျှော်သူမှာ ကြာကြာ မစောင့်ရ။
‘ရော့ ရှင့် “ကော်ရင်” ပြန်ယူပေတော့’လက်ထဲမှ စာအုပ်ကို ဖိလစ်လက်သို့ ထိုးပေးလိုက် သည်။ ‘ကော်ရင်ကို ဖတ်လို့အကျိုးမထူးပါဘူးလို့ ရှင်ပြောတာ မှန်တယ်။ ဒါပေမဲ့ ကော်ရင်လို ကျွန်မ ဖြစ်ချင်နေတယ်ဆိုတာကတော့ မှားတယ်’
‘ဒါပေမဲ့ ကော်ရင်ကိုမကြိုက်တာချင်းတော့ ခင်ဗျားနဲ့ ကျွန်တော်တူကြတယ် မဟုတ်လား’
‘ကျွန်မ ဖတ်လို့မပြီးသေးဘူး။ ဥယျာဉ်ထဲမှာ ရွှေရောင်ဆံပင်နဲ့အပျိုလေး၊ စာဖတ်နေတဲ့ အခန်းရောက်တော့ ကျွန်မရပ်လိုက်တယ်။ ဆက်မဖတ်ဖို့ဆုံးဖြတ်လိုက်တယ်။ အဲဒီဆံပင်လှလှ ပိုင် ရှင်လေးဟာ ကော်ရင်ရဲ့အချစ်ကိုရမှာပဲ။ ဆံပင်လှလှ မိန်းကလေးတွေ ပျော်ရွှင်မှုရတဲ့ ဝတ္ထုမှန်သမျှ မဖတ်ချင်တော့ဘူး။ ဝတ္ထုတွေထဲက ပျော်ရွှင်မှုမရတဲ့ အသားညို ဇာတ်လိုက်မလေးတွေကို လက်စား ချေချင်တယ်’
‘အင်းလေ၊ ခင်ဗျားကိုယ်ခင်ဗျား လက်စားချေတာမျိုး ဖြစ်မှာပေါ့။ ခင်ဗျားသာ’ဖိလစ်က ဆက်မပြောဘဲ ရပ်ထားလိုက်သည်။
‘ဖိလစ်နော် ရှင် ဒီစကားမျိုးမပြောနဲ့။ ရှင် သိပ်အကြင်နာမဲ့တာပဲ’ မဂ္ဂီနာကြည်းသွားဟန် တူသည်။ ‘ကျွန်မစိတ်ထဲမှာက ဝတ္ထုထဲက ပျော်ရွှင်မှုမရတဲ့ လူတွေကို စိတ်ဝင်စားတယ်။ ဆံပင်လှ လှမိန်းကလေးဟာ စိတ်ညစ်နေတယ်ဆိုရင် ကျွန်မကြိုက်တယ်။ ဝတ္ထုဖတ်ရင် အတုံ့ပြန်မခံရတဲ့ ချစ် သူဘက်က ကျွန်မအမြဲနေတယ်’
‘ဒါဖြင့် ခင်ဗျားကိုယ်တိုင်လည်း အချစ်ကို ငြင်းပယ်ရဲတဲ့ နှလုံးသားမရှိဘူးလို့ ဆိုချင်တာ လား’
‘ဒါတော့ ကျွန်မမသိဘူး’ ပြတ်ပြတ်သားသားအဖြေကား မဟုတ်။ ချက်ချင်းပင် မဂ္ဂီပြုံး လိုက်သည်။ ‘သူဟာ သိပ်မာနကြီးမယ်။ သဘောမကျစရာတွေရှိမယ်ဆိုရင်တော့ ငြင်းရဲတယ်လို့ ထင်တာပဲ။ တိုရီတို့လို ရှုံ့မဲ့မဲ့အရုပ်ဆိုးဆိုးမျက်နှာမျိုးပေါ့။ မာနကြီးတဲ့ လူတွေ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့လူတွေကို ကျွန်မသနားစရာမလိုဘူး၊ မသနားဘူး။ သူတို့မာနနဲ့ သူတို့ဟန်နေတာပဲ မဟုတ်လား’
‘ဒါပေမဲ့ ဆိုကြပါစို့၊ မာနမကြီးတဲ့ လူတစ်ယောက်၊ မာနကြီးစရာမရှိတဲ့ လူတစ်ယောက်၊ ကလေးဘဝကတည်းက ချွတ်ယွင်းမှုတစ်ခုကြောင့် လူဖြစ်ရှုံးခဲ့ရတဲ့ လူတစ်ယောက်၊ သူ့ဘဝဟာ ခင် ဗျားကို တွယ်တာစရာတစ်ခုလို့ ယူဆထားတဲ့ လူတစ်ယောက်၊ ခင်ဗျားကို အသည်းနစ်အောင်ချစ်ပြီး တစ်ခါတလေ တွေ့ရရင်တောင် အပျော်ကြီးပျော်တဲ့လူတစ်ယောက်ဆိုရင်ရော’
ဖိလစ်သည် သူ့စကားကို ရပ်ထားလိုက်သည်။ ဤစကားများကြောင့်ပင် ယခုလို တွေ့ရသည့် အခွင့်အရေးကို ဆုံးရှုံးသွားမည်လား ဟူသော စိုးရိမ်စိတ်ကလေး ဝင်လာသည်။ မဂ္ဂီလည်း ငြိမ်နေ သည်။မဂ္ဂီသည်သစ်တုံးတစ်ခုပေါ်၌ ထိုင်နေသည်။ သူ့ဘေးတွင်ဖိလစ် ကပ်ထိုင်နေသည်။ ‘ကျွန် တော့်ကိုချစ်ရဲ့လား မဂ္ဂီ’မအောင့်နိုင်တော့ဘဲ ပွင့်ထွက်လာသည်။ 
အချစ်ရည်လဲ့နေသော အချစ်ကြောင့် အရောင်တောက်ကာ အစွမ်းကုန်လှနေသော မဂ္ဂီမျက် လုံးတစ်စုံနှင့် ဖိလစ်၏ မျက်လုံးတစ်စုံတို့ဆုံမိကြသည်။
‘ကျွန်မ ဘယ်သူ့ကိုမှ ရဲရဲမချစ်ရဲဘူး ဖိလစ်’ထိုသို့ပြောပြီးနောက် မဂ္ဂီသည် ဖိလစ်ကို ခပ် ဖွဖွလေးနမ်းလိုက်သည်။ အလျင် ဆယ့်နှစ်နှစ်သမီးက နမ်းသည့်အတိုင်းပင် ရိုးရိုးသားသား နမ်း လိုက်သည်။
(ဂ)
ချုံစပ်ဆီမှ လူသံကြားရသည်။ နှစ်ယောက်စလုံး လှည့်ကြည့်လိုက်သည့်အခါ မားမားရပ် နေသော တွမ်ကို တွေ့လိုက်ရသည်။
ဖိလစ်သည် ကြောင်အမ်းအမ်းဖြစ်ကာ ထိုင်ရာမှ ရုတ်တရက် ထလိုက်သည်။
‘ဒါနဲ့များ မင်းကိုယ်မင်း ယောက်ျားတဲ့။ လူကြီးလူကောင်းတဲ့’ တွမ်၏အသံသည် မာသည်။ ပြောင်လှောင်သံပါသည်။
‘ဘာပြောချင်တာလဲ’ဖိလစ်က အေးအေးသက်သာပြောသည်။
‘ဘာပြောချင်ရမှာလဲ၊ ငါဆိုလိုချင်တာကိုပြောမယ်။ ဒါပေမဲ့ မင်းတော့ ငါနဲ့ဝေးဝေးနေ။ မဟုတ်ရင် ငါ့လက်ပါမိလိမ့်မယ်။ ရူးမိုက်မိုက်မိန်းကလေးတစ်ယောက်ကို အခွင့်အရေးယူပြီး တိတ် တဆိတ် ချိန်းတွေ့တာကို ပြောတာပေါ့ကွ။ ရိုးသားတယ်လို့ နာမည်ကောင်းရှိခဲ့တဲ့မိသားစုကို အရှက် တကွဲအကျိုးနည်း ဖြစ်အောင်လုပ်တာကို ပြောတာပေါ့ကွ’
‘မဟုတ်ဘူး၊ ဒီလိုမဟုတ်ဘူး။ ကျွန်တော် ငြင်းရဲတယ်’ ဖိလစ်က ခပ်ကျယ်ကျယ် ပြန်ပြော သည်။ ‘ခင်ဗျားနှမရဲ့ ပျော်ရွှင်မှုအတွက်ပဲ ကျွန်တော်ကြည့်တယ်၊ တခြားဘာမှမကြည့်ဘူး။ သူဟာ ခင်ဗျားထက် ကျွန်တော့်ကိုပိုပြီးသံယောဇဉ်ရှိတယ်။ ခင်ဗျား သူ့ကိုမလေးစားဘူး။ ကျွန်တော်က သူ့ ကိုခင်ဗျားထက် ပိုပြီးလေးစားတယ်။ ကျွန်တော့်ဘဝကို သူ့ဆီအပ်နှံမလို့ပါ’
တွမ်သည် ဖိလစ်ကို စိုက်ကြည့်သည်။
‘တကယ်လို့ မင်းဟာ သူနဲ့ထိုက်တန်တဲ့ယောက်ျားဖြစ်ခဲ့ဖူးတယ်ဆိုရင်တောင် မင်းကိုယ်မင်း သူနဲ့ထိုက်တန်တယ်လို့များ ထင်နေသလား၊ ဟန်ဆောင်နေသလား၊ သူ့ကို ချစ်ရေးဆိုခွင့်ရှိတယ်လို့ ထင်နေသလား။ သူ့အဖေကရော မင်းအဖေကပါ မင်းတို့နှစ်ယောက် လက်ထပ်ဖို့ သဘောမတူဘူး ဆိုတာမင်းသိတယ်မဟုတ်လား။ ဒါနဲ့တောင်…’
‘ခင်ဗျားနှမနဲ့ပတ်သက်လို့ ကျွန်တော် ဘယ်လိုခံစားနေရတယ်ဆိုတာ ခင်ဗျား မသိဘူး လား’
ဖိလစ်ကပြန်အော်သည်။
‘အေး မင်းနားလည်အောင် ငါပြောမယ်။ မင်းသူရှိရာကို လာရဲလာစမ်း၊ သူ့ဆီကို စာရေးရဲ ရေးစမ်း၊ သူ့စိတ် မင်းဘက်ညွှတ်လာအောင် လုပ်ရဲလုပ်ကြည့်စမ်း၊ မင်းလို အင်္ဂါချွတ်ယွင်းတဲ့ကောင် ဟာမင်းကိုယ်မင်းမကာကွယ်နိုင်အောင် ဖြစ်သွားမယ်မှတ်ထား၊ မင်းကို ငါဆော်မယ်၊ ထိုးမယ်၊ ရိုက် မယ်။ အများတံတွေးခွက်မှာ မင်းပက်လက်မျောစေမယ်။ အေး အဲဒီကျတော့ မင်းတို့ချစ်ကြတယ် ဆိုတာကိုဘယ်သူယုံမှာလဲ’
ပြောပြောဆိုဆိုပင် တွမ်သည် မဂ္ဂီကို လက်မောင်းမှဆွဲကာ ခေါ်သွားသည်။ အတော်လှမ်း လှမ်းအရောက်တွင် မဂ္ဂီသည် သူ့အစ်ကိုလက်မှဆောင့်ရုန်းလိုက်သည်။ တစ်ပြိုင်နက်တည်းပင် မဂ္ဂီ၏ ဒေါသလည်းပေါက်ကွဲထွက်လာလေသည်။
‘နင်ပြောတာတွေမှန်တယ်မထင်နဲ့တွမ်။ နင်စိတ်တိုင်းကျလည်းဖြစ်မှာမဟုတ်ဘူး။ နင့်အလို ကိုလည်း ငါလိုက်မှာမဟုတ်ဘူး။ ဖိလစ်ကိုပြောတော့မှ နင့်စိတ်ထားကိုငါသိရတယ်။ နင့်စိတ်ထားကို ငါရွံတယ်၊ မုန်းတယ်။ သူ့ကိုအင်္ဂါချွတ်ယွင်းတဲ့လူလို့ စော်ကားတာ ငါမုန်းတယ်။ နင်ဟာ ဒီလိုပဲ တစ် သက်လုံးသူများကို အပြစ်ဖို့လာတာချည်းပဲ။ နင်ပြောတာပဲအမှန်၊ နင်လုပ်တာပဲအမှန်ချည်းထင်နေ တယ်။ နင်ဟာ သိပ်အတ္တကြီးတယ်၊ နင့်စိတ်ထားဟာ သိပ်ကျဉ်းတယ်၊ နင့်အမြင်ဟာ သိပ်တိုတယ်၊ နင့်ကိုငါမုန်းတယ်’
………….
အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု စာရေးဆရာမ George Eliot ၏ ‘The Mill on the Floss’ ကို စာရေးဆရာကြီး ဆရာကျော်အောင်က ဘာသာပြန်ထားသည့် ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ဘာသာပြန်အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၁၁) ကို  နောက်တစ်ပတ်စနေနေ့(၃၀.၆.၂၀၁၈)မှာည ( ၉ ) နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။
အကယ်၍ ဝန်ဇင်းစာချစ်သူတို့က ဒီစာအုပ်ကို နှစ်သက်လို့ အပိုင်ဝယ်ယူ ဖတ်ရှုချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖုန်းထဲမှာ ထည့်သွင်းဖတ်ရှုနိုင်ကြောင်း ပြောပါရစေခင်ဗျာ။ 

Related Posts