ကျော်အောင်-မြစ်ကမ်းပေါ်ကစက်ရုံကလေး အပိုင်း(၅)[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]


ကျော်အောင် - မြစ်ကမ်းပေါ်ကစက်ရုံကလေး 
[ဘာသာပြန်အခန်းဆက်ဝတ္ထုရှည်]
အပိုင်း ( ၅ ) 
………….
(ခ)
ထိုခြေနှစ်ချောင်းရှိရာဘက်သို့ တစ်ခါထပ်၍ ကြည့်လိုက်သည့်အခါ စုတ်စုတ်ပြတ်ပြတ်အဝတ် ကိုဝတ်ထားသည့်ခေါင်းစုတ်ဖွားနှင့် လူတစ်ယောက်ကိုတွေ့ရသည်။ အိပ်ပျော်နေသည့် ကလေးတစ် ယောက်ပင်ဖြစ်သည်။
သို့နှင့် ရှေ့သို့ခပ်သုတ်သုတ် လှမ်းခဲ့သည်။ ခြေကိုပင်ပြင်းပြင်းမနင်းရဲ။ ခြေသံကြောင့် အိပ်ပျော်နေသည့် ကောင်ကလေးနိုးသွားမည်စိုးသည်။ ထိုကလေးငယ်ကို ဂျစ်ပဆီလေးမှန်း သူမသိ။ သူအလွန်တွေ့ချင်သည့် ဂျစ်ပဆီပင်ဖြစ်သည်။
ခရီးအတန်ပေါက်လျှင် ကွင်းစပ်၌ တဲမည်းမည်းတစ်ခုကို မြင်ရသည်။ တဲဆီမှ မီးခိုးများ တက်လာသည်။ ယခုကား သူရောက်ချင်သည့်အရပ်သို့ ရောက်လာပြီ။ ဆင်းရဲဒုက္ခအပေါင်း ပြွမ်းတီး နေသည့် လူယဉ်ကျေးလောကနှင့် ကင်းဝေးရာ ဒေသတစ်ခုသို့ မဂ္ဂီရောက်လာပြီ။ မီးခိုးတန်းအနီး တွင် ကလေးငယ်ကိုပွေ့ချီထားသည့်အရပ်ရှည်ရှည် မိန်းမတစ်ယောက်ကိုမြင်လိုက်ရသည်။ ထိုမိန်းမ သည် မဂ္ဂီဆီသို့ တည့်တည့်လာနေသည်။ သူ့မျက်နှာကို ကြည့်ကာ မဂ္ဂီတုန်တုန်ယင်ယင်ဖြစ်လာ သည်။ မဂ္ဂီသည် တစ်စုံတစ်ရာကို အမှတ်ရလာသည်။ သူ့ဆံပင်ကိုဖြတ်ချလိုက်ပြီးနောက် သူ့ကိုယ်သူ မှန်ထဲကြည့်မိသည်။ အိမ်အောက်သို့ ဆင်းလာသည့်အခါ သူ့ကိုဒေါ်လေးပူးလက်က ဂျစ်ပဆီမလေး ဟုခေါ်သည်။ ယခုတွေ့ရသည့်မိန်းမ၏ ခပ်ညိုညိုမျက်နှာပေါက်၊ ခပ်တောက်တောက်မျက်လုံးအစုံ သူ့တွင်ရှိနေသည်ကို မှန်ထဲကရုပ်ကိုပြန်၍ အမှတ်ရသည့်အခါ ပေါ်လာသည်။
‘ဘယ့်နှယ် အမျိုးသမီးကြီး၊ ဘယ်သွားမလို့လဲ’ ဂျစ်ပဆီက မေးသည်။
မဆိုးလှဘူး။ ငါမျှော်လင့်တဲ့အတိုင်းပဲ။ ငါ့ကိုမြင်မြင်ချင်း “အမျိုးသမီးကြီး”လို့ခေါ်တယ်။ ငါ့ကိုလေးစားကြသားပဲ။
‘ရှေ့မသွားတော့ပါဘူး။ ရှင်တို့နဲ့အတူနေရအောင် ဒီကိုကျွန်မလာခဲ့တာပဲ’ အလျင်က စိတ် ကူးနှင့်ရူးခဲ့သည့်အတိုင်း ပြောချလိုက်သည်။
‘ကောင်းပါ့ဟယ်၊ ဒါဖြင့်လာ...လာ လိုက်ခဲ့’ ဂျစ်ပဆီက သူ့လက်ကို ခပ်နာနာဆွဲကာ ခေါ် သွားသည်။ ဒီမိန်းမကြီးဟာ ထင်သလောက်မညစ်ပတ်ပါဘူး။
မီးဖိုဘေး၌ ဂျစ်ပဆီနှစ်ယောက်သုံးယောက်တွေ့ရသည်။ အမယ်အိုကြီးတစ်ယောက်သည် ဆောင့်ကြောင့်ထိုင်ကာ ယောက်မတစ်ခုနှင့် မီးဖိုပေါ်ရှိ အိုးတစ်ခုကို မွှေနေသည်။ အိုးဆီမှ မွှေးကြိုင် ကြိုင်အနံ့ထွက်လာသည်။ သူ့အနားတွင် ကလေးနှစ်ယောက်အိပ်နေသည်။ အရပ်အမောင်းကောင်း ကောင်းဂျစ်ပဆီမလေး တစ်ယောက်သည် မြည်းတစ်ကောင်ကိုကောက်ရိုးကျွေးနေသည်။ ညနေခင်း ၏ နေခြည်သည် သူတို့ရှိရာသို့ ခပ်ပြေပြေထိုးဆင်းနေသည်။ မြင်ရသည့် ရှုခင်းကား လှသည်။ နေစ ချင့်ဖွယ်ပင်။ ခဏကြာလျှင် သူတို့လက်ဖက်ရည်သောက်ကြတော့မည်ဟု မဂ္ဂီထင်သည်။ ဂျစ်ပဆီ များကို ပန်းကန်များဆေးကြောဖို့ သူပြောမည်။ ထို့နောက် စာအုပ်များကို စိတ်ဝင်စားဖို့၊ စာအုပ်များ ဖတ်ဖို့ပြောမည်။ ဘယ်လောက်ပျော်စရာကောင်းလိုက်မည်လဲ။
‘ဘယ်လိုကွယ့် မိန်းမချောကြီးရဲ့။ တို့နဲ့အတူ နေရအောင်လာတာကိုး။ ကဲ...ထိုင်ပါဦး၊ ပြီးတော့ ဘယ်ကလာတယ်ဆိုတာပြောပြစမ်းပါဦး’
‘ကျွန်မအိမ်ကထွက်လာတာ။ အကြောင်းကတော့ အိမ်မှာ မပျော်လို့ပဲ။ ကျွန်မဂျစ်ပဆီလုပ် မယ်လေ။ ရှင်တို့လက်ခံမယ်ဆိုရင် ရှင်တို့နဲ့အတူနေမယ်။ ပြီးတော့ ရှင်တို့ကို အများကြီး သင်ကြား ပေးမယ်’
‘ဟား တယ်သွက်တဲ့ ကလေးမလေးပါလား’ သားသည်အမေဂျစ်ပဆီသည် မဂ္ဂီအပါးတွင် ထိုင်လိုက်သည်။ ‘ဦးထုပ်ကလေးကလည်း လှတယ်၊ အင်္ကျီကလေးကလည်း လှလိုက်တာ’ ထိုသို့ ပြောကာမဂ္ဂီ၏ဦးထုပ်ကို ဆွဲချွတ်လိုက်သည်။ အရပ်ရှည်ရှည် အပျိုမလေးက မဂ္ဂီဦးထုပ်ကို မိန်းမကြီး ထံမှ ဆွဲလုကာ ဆောင်းကြည့်ပြီး ရယ်နေသည်။
‘ညည်းတို့အိမ်ကလေးက သိပ်ကောင်းတယ် မဟုတ်လား’ အမယ်ကြီးက မေးပြန်သည်။
‘ဟုတ်တယ်၊ ကျွန်မတို့နေတဲ့ အိမ်ကလေးက သိပ်လှတာပဲ။ ဒါပေမဲ့ ခဏခဏ ကျွန်မစိတ် ညစ်ရတယ်။ မပျော်ဘူး။ ကျွန်မစာအုပ်တွေ ရှင်တို့ဆီယူလာချင်ပါရဲ့။ ဒါပေမဲ့ ကမန်းကတန်း ထွက် လာရတာမို့ မပါလာဘူး။  ကျွန်မစာအုပ်တွေအများကြီး ဖတ်ထားတယ်။ ကမ္ဘာကြီးအကြောင်းအများ ကြီးပြောပြနိုင်တယ်။ ဒီမှာ ရှင်တို့ ကိုလမ်ဘတ်ဆိုတာ ကြားဖူးရဲ့လား’
မဂ္ဂီ၏ မျက်လုံးများသည် အရောင်လက်နေသည်။ ယခုအခါမှစ၍ ဂျစ်ပဆီတို့ကို သူဆရာ လုပ်ရတော့မည်။ သို့သော် သူ့စကားကို ဂျစ်ပဆီများက နားမထောင်ကြ။ မဂ္ဂီမသိအောင် တစ် ယောက်က မဂ္ဂီအိတ်ထဲမှ တစ်စုံတစ်ခု ဆွဲထုတ်လိုက်သည်။ ယင်းကိုသာ စိတ်ဝင်စားနေကြသည်။
‘ကိုလမ်ဘတ်ဆိုတာ ဒီက အမျိုးသမီးကြီးနေတဲ့အရပ်လား’ အမယ်ကြီးကမေးသည်။
အို...မဟုတ်ဘူး၊ မဟုတ်ဘူး။ မဂ္ဂီစိတ်ထဲတွင် သူတို့ကို သနားသွားသည်။ ‘ကိုလမ်ဘတ် ဆိုတာအလွန်အံ့ဩစရာကောင်းတဲ့လူပေါ့။ အမေရိကတိုက်ကို သူရှာတွေ့ခဲ့တယ်။ အင်း...ဒါပေမဲ့ ခုနေ လက်ဖက်ရည်မသောက်ခင် သူ့အကြောင်းပြောရမယ်ဆိုရင်တော့ သိပ်ရှည်တယ်။ ဒီတော့ကျွန်မ လက်ဖက်ရည်သောက်ချင်တယ်’
သူ့ပါးစပ်ထဲမှ ထိုစကားတို့ ဘယ်လိုထွက်သွားမှန်းမသိ။
‘ဟဲ့ သူဆာနေပြီထင်တယ်။ သနားစရာလေး ဟဲ့။ ဒီရောက်အောင်အတော်လေး လျှောက်ခဲ့ရ တယ်နဲ့တူတယ်။ မင်းအိမ်ကဘယ်မှာလဲ’
‘အဝေးကြီးပါ။ ဒေါလကော့စက်လေ။ ဒါနဲ့ရှင်တို့ ဂျစ်ပဆီမိဖုရားမရှိရင် တစ်ယောက် ရွေးနိုင်တာပေါ့။ ဟုတ်လား၊ ကျွန်မသာမိဖုရားဆိုရင်တော့ သိပ်ကောင်းပြီး လူတိုင်းကို သနားမှာပဲ၊ ကြင်နာမှာပဲ’
‘ကဲ...ရော့၊ ဒီမှာ စားစရာ’အဘွားကြီးက မဂ္ဂီကို ပေါင်မုန့်ခြောက်တစ်ဖဲ့နှင့် အမဲသား အေး စက်စက်တစ်တုံးပေးသည်။
‘ကျေးဇူးတင်ပါတယ်ရှင်’ မဂ္ဂီသည် စားစရာများကို မယူ။ ‘ကျွန်မကို လက်ဖက်ရည်နဲ့ ကိတ်မုန့် ပေးပါလား။ အမဲသား အေးစက်စက်ကိုတော့မကြိုက်ဘူး’
‘တို့မှာ လက်ဖက်ရည်လည်း မရှိဘူး၊ကိတ်မုန့်လည်း မရှိဘူး’ အဘွားကြီးသည် မျက်မှောင် ကုတ်ထားသည်။ စိတ်မချမ်းမြေ့ဖြစ်နေဟန်တူသည်။
‘ဒါဖြင့်လည်း ပေါင်မုန့်နဲ့ထောပတ်နည်းနည်းဆိုရင် တော်ပါပြီ’
‘တို့မှာ ထောပတ်လည်းမရှိဘူး’ အဘွားကြီးသည် စိတ်တိုသွားဟန်တူသည်။ ထိုနောက် ဂျစ်ပဆီမနှစ်ယောက်သည် အကြာကြီးစကားပြောနေကြသည်။ သူတို့ပြောသည့်စကားကို မဂ္ဂီနားမ လည်။ ကလေးငယ်တစ်ယောက်သည် ပေါင်မုန့်နှင့်အမဲသားကိုယူစားနေသည်။
ထိုအခိုက်မှာပင် အရပ်ရှည်ရှည် ကောင်မလေးသည် ဘေးဘီကိုကြည့်ကာ တစ်စုံတစ်ရာ ပြော လိုက်သည်။ သူ့စကားသည် အရေးကြီးသောစကားဖြစ်ဟန်တူသည်။ အဘွားကြီးကား မီးဖိုပေါ်က အိုးကိုမွှေမြဲမွှေနေသည်။ ကောင်မလေးသည် တဲတွင်းသို့ ဝင်သွားပြီး ပန်းကန်များ၊ ဇွန်းများကို ယူ ကာပြန်ထွက်လာသည်။ မဂ္ဂီသည် ကြောက်စိတ်ဝင်လာသည်။ မျက်ရည်မကျမိအောင် မနည်းပင် ချုပ် တည်းထားရသည်။ ခဏကြာလျှင် လမ်း၌ မဂ္ဂီတွေ့ခဲ့သည့်ကောင်ကလေး အပြေးရောက်လာသည်။ မဂ္ဂီကိုစိုက်ကြည့်ကာ နားမလည်သည့်စကားကိုပြောသည်။ ယခုမှပင် အားငယ်လာသည်။ နည်းနည်း လေးကြာလျှင် ငိုတော့မည်ဟုသူထင်သည်။ ဂျစ်ပဆီတို့သည် သူ့ကိုအလေးထားဂရုစိုက်ကြဟန်မတူ။ သို့ဖြစ်ရာ သူတို့ကြားတွင် စိတ်ညစ်လာသည်။
မကြာမီပင် ယောက်ျားနှစ်ယောက်ရောက်လာပြန်သည်။ ထိုအခါ မဂ္ဂီအထိတ်တလန့် ဖြစ်မိ ပြန်သည်။ ခပ်ကြီးကြီးလူသည် အထုပ်တစ်ခုကို ဗုန်းခနဲ ပစ်ချလိုက်ပြီးနောက် အဘွားကြီးကို စိတ် ဆိုးမာန်ဆိုး အော်ဟစ်ပြောဆိုနေသည်။ အဘွားကြီးကလည်း ထိုလူကိုပြန်၍ ဆူပူကြိမ်းမောင်းသည်။ ခဏမှာပင် ခွေးနက်တစ်ကောင် ပြေးလာကာ မဂ္ဂီကိုဟောင်သည်။ အငယ်လူက ခွေးကိုဆဲဆိုကာ တုတ်နှင့်ရိုက်လိုက်သည်။
အင်း…ဒီဂျစ်ပဆီတွေရဲ့ မိဖုရားဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ကို ပညာတတ်အောင် အ သုံးတည့်မယ့် ဗဟုသုတတွေကို ပြောဆိုသင်ကြားပေးလို့လည်း အလကားနေမှာပဲ။
ယောက်ျားနှစ်ယောက်သည် အိုးထဲမှ ဟင်းများကို ခပ်စားရင်း မဂ္ဂီအကြောင်းကို စူးစမ်းနေ ဟန်တူသည်။
‘ဟောဒီအမျိုးကောင်းသမီးလေးက ကျွန်မတို့နဲ့အတူ လာနေမလို့တဲ့’ ဟုခပ်ငယ်ငယ် ကောင်မလေးကပြောကာရယ်နေသည်။
‘အိုး…ဝမ်းသာစရာပေါ့’လူငယ်က ပြန်ပြောသည်။ ထိုနောက်မဂ္ဂီအိတ်ထဲမှ နှိုက်ယူထား သည့်ပစ္စည်းများကိုကြည့်နေသည်။


(ဂ)


ဂျစ်ပဆီတို့နှင့်ပတ်သက်၍တွမ် ပြောသမျှမှန်နေပြီဟု မဂ္ဂီထင်မိသည်။ သူတို့သည် သူခိုးများ ဖြစ်ရမည်။ သူကြောက်လာသည်။ သူ့အမူအရာကို အဘွားကြီးမြင်သွားသည်။
‘တို့မှာ ဟောဒီအမျိုးသမီးလေးစားဖို့ ဘာတစ်ခုမှကောင်းကောင်းမရှိဘူး။ ဟောဒါလေး နည်းနည်းစားကြည့်ပါလား’အဘွားကြီးက အိုးထဲမှဟင်းအနည်းငယ်ခပ်၍ မဂ္ဂီကိုပေးသည်။
မဂ္ဂီမငြင်းရဲ။ ခုနေအဖေသာ လာပြီးခေါ်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ ယခုကား သူ့ဗိုက်ထဲတွင် ထမင်းဆာစိတ်မရှိတော့ပြီ။ ပေးသည့်အစာကို စားရမည်လည်း ကြောက်နေသည်။ ယခုလေးငါးဆယ်မိနစ်အတွင်းမှာပင် ဂျစ်ပဆီတို့နှင့်ပတ်သက်၍ မဂ္ဂီ၏အမြင် ပြောင်းလာသည်။ တဖြည်းဖြည်းမှောင်လာပြီး ညဘက်ရောက်လာသည့်အခါ သူ့ကိုသတ်ပြီး အပိုင်းပိုင်း ခုတ်ထစ်၍ ချက်ပြုတ်စားသောက်ကြမည်လားဟု မဂ္ဂီစိုးရိမ်စပြုလာသည်။ သူတို့ပေးသည့်အစာကိုစားနေ၍ လည်းအကြောင်းထူးမည်မဟုတ်။ သူတို့အပေါ် သည်လိုထင်ကြောင်း ပြောရမည်ကိုလည်း ဝန်လေး ကြောက်ရွံ့နေသည်။ သူတို့ကား မှော်တတ်သူများဖြစ်သည်ဟုကြားဖူးသည်။ သူ့စိတ်ထဲဘာတွေးနေ သည်ကိုသိသွားလေမည်လားဟူ၍လည်း ပူမိသေးသည်။
‘ဘယ်လိုလဲကွယ့် မစားတော့ဘူးလား၊ မကြိုက်ဘူးလား၊ နည်းနည်းလေး မြည်းကြည့်စမ်း ပါ’
‘ဟင့်အင်း၊ ကျေးဇူးတင်ပါတယ်’
ထိုနောက် မဂ္ဂီသည် ထိုင်ရာမှထလိုက်ပြီး သူတို့အားလုံးကို ပြုံးပြသည်။ သူ့အပြုံးကား ဟန် ဆောင်ပြုံးဖြစ်သည်။ ‘နည်းနည်း မှောင်လာပြီ။ ကျွန်မအိမ်ကိုပြန်မှနဲ့တူတယ်။ နောက်တစ်နေ့ ကျွန်မလာခဲ့ဦးမယ်လေ။ အဲဒီတော့မှ ကိတ်မုန့်တွေ တစ်ခြင်းကြီး၊ ပြီးတော့ ထောပတ်တွေလည်း အများကြီးယူခဲ့မယ်’
ဂျစ်ပဆီတို့ကို လှည့်ဖြားကာ လစ်ပြေးမည်ဟူ၍ကြံစည်မိသည်။ သို့သော် သူမျှော်လင့်သလို မဖြစ်လာ။ အဘွားကြီးက သူ့ကိုစကားမပြောရန် ပိတ်လိုက်သည်။ ‘ကဲ…အမျိုးသမီးလေး၊ တော် တော့။ ဘာမှမပြောနဲ့။ တို့ထမင်းစားပြီးရင် မင်းကို ဘေးမသီရန်မခ အိမ်အရောက်ပို့ပေးမယ်။ အိမ် အပြန်စတိုင်လ်နဲ့ပြန်ရမယ်’
ထို့ကြောင့် မဂ္ဂီထိုင်ချလိုက်ရပြန်သည်။ မကြာမီပင် အရပ်ရှည်ရှည်ကောင်မလေးသည် မြည်း တစ်ကောင်ကိုဆွဲလာပြီး ကျောပေါ်သို့ အိတ်များပစ်တင်လိုက်သည်။
‘ကဲ…လာလာ အမျိုးသမီးလေး’ လူငယ်က ခေါ်သည်။ ‘မင်းနေတဲ့နေရာကဘာကွ’
‘ဒေါလကော့စက်ရုံ’မဂ္ဂီ၏ပါးစပ်မှ မြန်မြန်ဆန်ဆန်ထွက်လာသည်။
‘စိန်အော့ ဒီဘက်ကမ်းက စက်ကြီးနဲ့တူတယ်’
‘ဟုတ်တယ်ရှင့်၊ ဒီမှာ ကျွန်မလျှောက်သွားချင်တယ်။ မြည်းပေါ်ကမလိုက်ချင်ဘူး’
‘မဟုတ်ဘူး…စီးရမယ်။ တို့တစ်တွေ မြန်မြန်သွားရမှာ’ ပြောပြောဆိုဆိုပင် မဂ္ဂီကို မြည်း ပေါ်သို့တင်လိုက်သည်။
‘ရော့ ဒီမှာ ညည်းဦးထုပ်။ ညည်းကို တို့ ကောင်းကောင်းပြုစုကျွေးမွေးတယ်နော်’ မိန်းမ ကြီးကပြောသည်။
‘ဟုတ်ပါတယ်၊ ကျေးဇူးတင်ပါတယ်ရှင်’
ယခုအစီအစဉ်အတိုင်း ဆိုလျှင်ကား ဂျစ်ပဆီတစ်ယောက်သည် သူနှင့်အတူ မြည်းပေါ်မှ လိုက်မည့်ဟန်ပြင်နေသည်။ မဂ္ဂီကိုနောက်မှထိန်း၍ လိုက်လာမည်ဖြစ်သည်။ အနေရ အထိုင်ရ ကျပ် လိုက်ပါဘိ။ ချက်ချင်းပင် ဂျစ်ပဆီကြီးသည် မြည်းပေါ်သို့ခွတက်ကာ ကြိမ်တို့လိုက်သည်။ သူတို့ ခရီး ထွက်ကြပြီ။
ထိုခရီးကား ကြောက်စရာ့အိပ်မက်ဆိုးနှင့်တူသည်။ ပတ်ဝန်းကျင်ကား နီရဲနေသည်။ ဝင် တော့မည့်နေသည် သွေးရောင်လို ရဲရဲနီနေသည်။ လမ်းတွင် လူသူ မတွေ့ရ။ လူနေအိမ်ခြေလည်း မရှိ။ တဲကလေးတစ်လုံး၊ နှစ်လုံးကိုသာဖြတ်လာရင်း တွေ့ရသည်။ ပြတင်းပေါက်ပင် မရှိသည့်တဲကုပ်က လေးများဖြစ်သည်။ တံခါးများပိတ်ထားသည်။ ဧကန္တစုန်းမကြီးများ ကျက်စားရာဒေသ ဖြစ်ဟန်တူ သည်။ 
အလာတုန်းက ဖြတ်ခဲ့သည့်မြက်တောကြီးကို လမ်းကျဉ်းကလေးမှ ဖြတ်ရသည်။ သည်လမ်း ကျဉ်းကလေးကား ကမ္ဘာပေါ်တွင် အရှည်ဆုံးဟုမဂ္ဂီထင်သည်။ ယခုမှပင် မြက်တောကြီးထဲမှ ထွက် လာကြသည်။ အဆုံး၌ လမ်းပြမှတ်တိုင်တစ်ခု တွေ့ရသည်။
သူတို့ပြောတာဟုတ်သားပဲ။ ငါ့ကို တကယ် အိမ်ပြန်ပို့ကြမှာကိုး။ 
ထိုခဏတွင် သူတို့ဆီသို့ မြင်းဖြူကြီးတစ်ကောင် ဒုန်းစိုင်းလာသည်ကို မဂ္ဂီတွေ့ရသည်။
‘အိုး ရပ်ကြ ရပ်ကြ။ အဲဒါကျွန်မအဖေပဲ။ အဖေကြီး၊ အဖေကြီး’
ဝမ်းသာလွန်း၍ မျက်ရည်များပင်လည်လာသည်။ အဖေကြီးနှင့်တွေ့ရပြီ။ မဂ္ဂီသည် ရှိုက်လာ သည်။
‘ဟေ့ ဒါကဘယ်လိုလဲကွ’ တူလီဗာသည် မြင်းကိုတန့်ကာ လှမ်းအော်သည်။ မဂ္ဂီလည်း မြည်းပေါ်မှ လျှောဆင်းကာ အဖေကြီးဆီသို့ တချိုးတည်း ပြေးသွားလေသည်။
‘ဒီမိန်းကလေး မျက်စိလည်ပြီး ကျွန်တော်တို့စခန်းချနေတဲ့ဒန်လိုကိုရောက်လာတယ်။ အခု ကျွန်တော်တို့ သူ့ကိုအိမ်ပြန်ပို့မလို့။ တစ်နေ့လုံးခရီးထွက်လာရတာဆိုတော့ တစ်နေရာက တစ်နေရာ ပြောင်းရရွှေ့ရတာ ကြာသွားတယ်ခင်ဗျ’
‘အင်း အင်း…ကဲ ရော့၊ ဒါယူ။ ကျေးဇူးလည်းတင်ပါတယ်ကွယ်။ တို့မှာ သမီးလေး ပျောက် သွားပြီလားလို့’ မစ္စတာတူလီဗာ ငါးသျှီလင်ပေးလိုက်သည်။
‘ဘယ်လိုဖြစ်တာလဲ မဂ္ဂီ၊ ဒါကဘာသဘောလဲ မဂ္ဂီ။ ဘာလို့လျှောက်သွားနေတာလဲ။ မျက်စိ လည်လမ်းမှားမှဖြင့်’ လမ်းတွင် အဖေကြီးသည် သမီးကို တဖွဖွမေးနေသည်။
‘အဖေကြီးရယ် သမီးလေ၊ သမီးအိမ်မှာ နေရတာမပျော်လို့ထွက်ပြေးလာတာပါ အဖေကြီး ရယ်။ တွမ်က သမီးကို စိတ်ဆိုးတယ်၊ အဲဒါသမီးမခံနိုင်ဘူး’
‘ဒါပေမဲ့ ဘာဖြစ်လို့ အိမ်ကထွက်သွားဖို့ ကြံစည်ရတာလဲ။ သမီးလေးမရှိရင် အဖေကြီး ဘယ် လိုနေရမလဲ၊ စဉ်းစားကြည့်ပါဦးကွယ်’


၁၃။ ဂလက် လင်မယား


မစ္စက်ဂလက် အဖို့ တူလီဗာတို့အိမ် သွားလည်ပြီးနောက်တစ်နေ့ မနက်ထိအောင်ပင် ညက အရှိန်မပြေသေးဘဲ ရှိနေသည်။ သူ့မိန်းမ စိတ်ထဲဘာရှိနေသည်ကို ရိပ်မိသော မစ္စတာဂလက်က စကားစမပြောဘဲ ငြိမ်နေသည်။ မစ္စက်ဂလက်၏ စိတ်သည် လက်တစ်ဆစ်မျှသာရှိရာ ယခုလို အချိန် မျိုးတွင်သူ့မိန်းမ မျက်စိမရှုပ်အောင် ခပ်ကုပ်ကုပ်နေမှ တော်ရုံကျမည်ဖြစ်သည်။
မစ္စက်ဂလက်သည် နှုတ်သီးကောင်းသည်။ ယခုလိုအခါတွင်ပို၍ ရန်လိုလာသည်။ ရန်ဖြစ်စရာ အဖော်ရှာနေသည်။ ထစ်ခနဲရှိလျှင် ပွက်လောရိုက်လိုက်မည်ဖြစ်သည်။ သို့သော်လည်း သူ့အဖို့ဆူရန် ပွက်ရန် အခွင့်အရေးတစ်ခုမျှ မရလေရာ ငြိမ်မနေနိုင်တော့ဘဲ သူကိုယ်တိုင်က စ ရန်စကားပစ်လိုက် သည်။
‘ဒီမှာ မစ္စတာဂလက်၊ ကျွန်မဟာ တစ်သက်လုံး ရှင့်ရဲ့မယားကောင်းတစ်ယောက်အဖြစ် နေ ခဲ့တယ်။ အခုတော့ ရှင်ကကျွန်မကို ဘာမှမထောက်ထားတော့ဘူးပေါ့။ ကျွန်မကို ခုလိုဆက်ဆံတာ ဘာကောင်းသလဲ’
မစ္စတာဂလက် ဖျတ်ခနဲ ခေါင်းမော့ကြည့်လိုက်သည်။ ‘ဘာလဲ၊ ဘာပြောတာလဲ။ အခု ကျုပ် ဘာလုပ်လို့လဲ’
‘ကိုယ့်မယားကို သူများက စော်ကားမော်ကား လုပ်တဲ့အခါ ယောက်ျားကောင်းတစ်ယောက် ဟာ ကိုယ့်မယားဘက်က ရပ်ဖို့ ၀တ္တရားရှိတယ်လို့သာ ကြားဖူးတယ်။ သူများ စော်ကားတာကို ဝမ်း သာဖို့မရှိဘူးပေါ့ရှင်’
‘နေပါဦး၊ ဘာလို့ဒီစကားပြောတာလဲ။ ဘယ်တုန်းကများ ကျုပ်ဝမ်းသာနေခဲ့လို့လဲ’
‘ဒီမှာ မစ္စတာဂလက်၊ ပါးစပ်ကတစ်ခွန်းမှ မဟဘဲနဲ့လည်း အမူအရာနဲ့ အမျိုးမျိုး လုပ်ပြ နိုင်ပါတယ်။ အခု ထမင်းစားပွဲကို လာတော့ ရှင် ကျွန်မကို မျက်စောင်းတစ်ချက်ထိုးပြီး ကြည့်လိုက်ပုံ က ကျွန်မဟာ ရှင့်ခြေထောက်မှာ ကပ်နေတဲ့ ဖုန်မှုန့်ကလေးကျနေတာပဲ’
‘ဟေ့ အဓိပ္ပာယ်မရှိ ဘာတွေလျှောက်ပြောနေတာလဲ’
‘ရှင်သာ အဓိပ္ပာယ်မရှိလုပ်နေတာ မစ္စတာဂလက်’
‘ကဲ ဒါဖြင့် ကျုပ်စကားကို ခင်ဗျား နားထောင်မလား။ စဉ်းစဉ်းစားစားပြောဖို့ဆိုဖို့ လုပ်ဖို့ ကိုင်ဖို့ပါ’ မစ္စတာဂလက်၏ အသံသည်ပြတ်သားသည်။ ‘ကျုပ်မနေ့ညက အိပ်ရာထဲမှာ ပြောခဲ့တဲ့ စကားဟာ စဉ်းစဉ်းစားစားပြောတဲ့စကားပဲ။ အေး...ရန်ဖြစ်တာနဲ့ ချေးထားတဲ့ငွေ ပြန်တောင်းတယ် ဆိုတာ နည်းနည်းလေးမှမကောင်းဘူး။ ခင်ဗျားပိုက်ဆံဟာ အဲဒီနေရာမှာပဲ စိတ်ချလက်ချရှိမယ်။ တ ခြားနေရာမှာဆိုရင် ငါးရာခိုင်နှုန်း အတိုးရဖို့ခက်မယ်’
‘အမယ် ဘယ်သူက စရန်လိုတာလဲ၊ ရန်စကား ဘယ်သူစပြောသလဲ။ မစ္စတာတူလီဗာရှင့် တူလီဗာ၊ ပြီးတော့ သူကပဲ ကျွန်မတို့ကို အိမ်ထဲကမောင်းထုတ်တယ်။ ရှင့်အလိုကတော့ ညက သူတို့ အိမ်က မပြန်ဘဲဆက်ပြီး အကြိမ်းအမောင်းခံစေချင်တယ်ပေါ့၊ ဟုတ်လား’
‘နေစမ်းပါဦး၊ ဘယ်သူများ ခင်ဗျားလိုအခွင့်အရေး ရဖူးလို့လဲ’ မစ္စတာဂလက် ဒေါသထွက် လာသည်။ ‘ခင်ဗျားဆိုရင် အားလုံး အသင့်၊ ဘာမှပူစရာမလိုဘူး။ ပိုက်ဆံဆိုရင် ခင်ဗျားသဘောရှိ ကိုင်ခွင့်သုံးခွင့်ပေးထားတယ်။ ကျုပ် သေသွားတောင် အစစ အရာရာ မပူပင်ရအောင်စီမံထားတယ်။ ဒါနဲ့တောင် ကျုပ်ကိုရန်လုပ်သေးတယ်၊ ဆူသေး ကြိမ်းသေးတယ်၊ ခွေးလို လိုက်ကိုက်သေးတယ်’
မစ္စက်ဂလက်သည် ခေါင်းလောင်းကို ခပ်ကျယ်ကျယ် တီးလိုက်သည်။ အစေခံရောက်လာမှ အတီးရပ်လိုက်သည်။
‘ငါ့အိပ်ခန်းထဲမှာ မီးဖိုလိုက်။ ပြီးတော့ အခန်းဆီးတွေ ချထား။ ကဲ ထမင်းချက်ကို ပြော လိုက်ပါ။ မစ္စတာဂလက် ထမင်းစားတော့မယ်လို့။ ကျွန်မတော့ နို့ပဲ သောက်မယ်’
ထိုနောက် မစ္စက်ဂလက်သည် စာအုပ်စင်သို့ သွားကာ “သူတော်မြတ်တို့ ပျော်မွေ့ရာ” ဟူ သည့်စာအုပ်ကို ဆွဲယူပြီး အပေါ်ထပ်သို့တက်သွားလေသည်။ သူတို့ဆွေမျိုးထဲမှ တစ်ယောက်ယောက် သေပြီဆိုလျှင် သို့မဟုတ် အခြားအထူးကိစ္စ တစ်ခုခုကြုံလျှင် ဤစာအုပ်ကြီးကို သူဖတ်လေ့ရှိသည်။ 
အမှန်စင်စစ် သူ့ဒေါသမီးကို“သူတော်မြတ်တို့ ပျော်မွေ့ရာ” စာအုပ်က ငြိမ်းသတ်ပေးသည်။ အထောက်အကူပြုသည်။ သို့မဟုတ်လျှင် နွားနို့သောက်လိုက်သဖြင့် ဒေါသပြေသွားခြင်းဖြစ်ချင်ဖြစ် မည်။ သို့မဟုတ်လျှင် ငွေငါးရာကို တူလီဗာ့လက်ထဲ ပိုနေမြဲ ကျားနေမြဲထားသည်က စိတ်ချရသေး သည်ဆိုသော သူ့ယောက်ျားစကားကြောင့် စိတ်အေးသွားခြင်းဖြစ်ချင်ဖြစ်မည်။ သို့မဟုတ်လျှင်ကား သူ့ယောက်ျားက သူသေလျှင် စုလိုက်စုပုံထားခဲ့မည်ဆိုသော စကားကြောင့် စိတ်ဆိုးပြေခြင်းဖြစ်ချင် ဖြစ်မည်။ ညနေစောင်းလျှင် မစ္စက်ဂလက်သည် အောက်ထပ်သို့ ဆင်းလာသည်။ ထိုအခါတွင်မှ သူတို့ လင်မယားသည် တူလီဗာ မိသားစုနှင့် ပြေရာပြေကြောင်းပြောကြသည်။
မစ္စတာဂလက်က ‘ဒီလူဟာ သနားစရာပဲ။ ဒုက္ခတော့ဆက်ပြီးတွေ့ဦးမှာမြင်သေးတယ်။ ဒီ အတိုင်းဆိုရင် ရှိသမျှပစ္စည်းတွေ ကုန်မှာပဲ’ဟုဆိုသည်။
‘အိုရှင် ဒီလိုလူမျိုးအကြောင်း ကျွန်မတော့ ရေးကြီးခွင်ကျယ်လုပ်ပြီး စဉ်းစားမနေချင်ဘူး’ ဤသည်မှာ မစ္စက်ဂလက်၏ စိတ်ထားဖြစ်သည်။ တစ်ဖန်ဆက်၍ ပြောပြန်သည်။ ‘အင်းလေ၊ ညီမလေး ဗက်ဆီကို ငဲ့ပြီးတော့ ငွေငါးရာကိုတော့ ချက်ချင်း ပြန်မတောင်းတော့ပါဘူး’
ထိုအချိန်တွင် မစ္စတာ တူလီဗာမှာ သူ့အတွက် ငွေငါးရာ လှည့်မည့်သူရှာမရ ဖြစ်နေသည်။ အရေးကြီးသည့်အခိုက် ကူညီမည့်သူ မပေါ်ဖြစ်နေသည်။
“ငါ့ကို ကူညီမယ့်လူဟာ ရှေ့နေဝေကမ်ရဲ့မိတ်ဆွေမဖြစ်ရဘူး” ဤကား တူလီဗာ၏ သဘော ထားဖြစ်သည်။ သို့သော်လည်း တကယ်ရှာသည့်အခါ သူ့ကိုကူညီမည့် ပုဂ္ဂိုလ်များအနက် တစ် ယောက်မှာ ဝေကမ်၏ မိတ်ဆွေဖြစ်နေသည်ကိုတွေ့ရလေသည်။
တူလီဗာ၏ အခြေအနေမှာ ဆိုးရွားနေသည်။ ရေထဲ စုံးစုံးမြုပ်တော့မည့်အခြေရောက်နေ သည်။ သူ့စက်ဘေးက ချောင်းကလေးထဲတွင် မြုပ်ချည်ပေါ်ချည်ဖြစ်နေသည့် ကောက်ရိုးပင်လေး တစ်ပင်နှင့်တူနေလေသည်။


******


အပိုင်း(၂)


ကျောင်းနေချိန်


၁၄။ စတယ်လင်း၏ ကျောင်းသား တွမ်


တွမ်ကို စတယ်လင်းထံတွင် အပ်ခဲ့ပြီးနောက် တူလီဗာ အိမ်သို့ပြန်လာသည်။ သားကို စတယ် လင်းလို ပုဂ္ဂိုလ်ထံတွင် အပ်ခဲ့ရသဖြင့် အကျေနပ်ကြီး ကျေနပ်သည်။ ရီလီထံတွင် ဆရာရှာပေးရန် အကြံတောင်းခဲ့သည်။ ရီလီကို စဉ်းစားမိသည်မှာ ကံကောင်းသည် ဆိုရမည်။ ကျောင်းဆရာ မစ္စတာ စတယ်လင်းသည် ပညာတတ်သည်။ လိမ္မာပါးနပ်သည်ဟု သူထင်သည်။ တွမ်ကို အပ်သည့်အခါ တူလီဗာက သူ့ဆန္ဒကိုပြောပြသည်။ တွမ်ကို ဘာဖြစ်စေချင်ကြောင်း သူကောင်းကောင်းရှင်းမပြ တတ်။ သို့ရာတွင် စတယ်လင်းသည် တူလီဗာ၏ ဆန္ဒကို ချက်ချင်း ရိပ်စားမိသည်။ မဆိုင်းမတွပင် ‘ကျွန်တော်နားလည်ပါတယ် ခင်ဗျာ။ အမှန်က ခင်ဗျားသားဟာ လောကကြီး အလယ်မှာ သူ့လမ်းသူ ထွင်လျှောက်နိုင်အောင် လူလားမြောက်သွားစေချင်တာပဲမဟုတ်လား’ ဟုပြန်၍ဖြေသည်။ တစ်ဖန် တူလီဗာအား လယ်သမားတစ်ယောက်သည် သူ၏ကျွဲနွားများ ဝဖြိုးလာအောင် မည်သို့မည်ပုံ အစာ ကျွေးသလဲဟု မေးသေးသည်။ မစ္စတာစတယ်လင်း စကားကြွယ်ပါပေသည်။ ထိုနောက် သူ့အား ၀တ္ထုကောင်းများကိုလည်း ပြောပြလိုက်သေးသည်။ စတယ်လင်းသည် အရာရာကို သိသည့် လူတော် လူကောင်းတစ်ယောက်ဖြစ်သည်။ ဟို ရှေ့နေဆိုသည့် လူတွေနှင့် တန်းတူလိုက်နေနိုင်အောင် တွမ် အားမည်သို့ ပညာပေးရမည်ကို နားလည်သည့် ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်သည်။
ဤနေရာတွင် တူလီဗာကို ရယ်သွမ်းသွေးရန် မလိုဟုထင်သည်။ ဤလောကတွင် ပညာတတ် ဆိုသည့်ပုဂ္ဂိုလ်အများအပြားပင် အတွက်အချက်လွဲမှားတတ်သေးသည် မဟုတ်လား။
တွမ်သည် ပထမ သုံးလအတွင်း မစ္စတာ စတယ်လင်းထံ၌ ပြင်းပြင်းထန်ထန် ပညာသင်ယူ ရသည်။
သည့်အလျင် ကျောင်းတွင်မူကား အခက်အခဲ မတွေ့ရ။ တွမ်သည် ကစားခုန်စားတွင် တော် သည်။ ကျောင်းအုပ်ကြီး မစ္စတာဂျက်ကော့ကို ကျောင်းသားများက “မျက်မှန်အိုကြီး”ဟုရင်းရင်းနှီး နှီးနာမည်ပေးထားသည်။ “မျက်မှန်အိုကြီး”သည်တွမ်ကို ထက်မြက်အောင်၊ တက်ကြွအောင်ဘာမျှ လုပ်မပေး။ ထို့အတူ ပညာပြည့်အောင်လည်း မဖြည့်တင်း။ ကျောင်းဆရာဆိုလျှင် မစ္စတာဂျက်ကော့ လိုလူချည်းဟု တွမ်ထင်ခဲ့သည်။ ကျောင်းတိုင်းသည်လည်း မစ္စတာဂျက်ကော့ကျောင်းနှင့် ဘာမျှထူးခြားခြင်းမရှိဟု ထင်ခဲ့သည်။ သည့်ထက်ပို၍ တွမ် မတွေးတတ်။ ယခုကား မစ္စတာစတယ်လင်း၏ ကျောင်းနှင့် နဖူးတွေ့ဒူးတွေ့လာတွေ့နေသည့်အခါ ကျောင်းနေရတာ မလွယ်လှပါလားဟု ထင်မှတ်စပြုလာသည်။ ယခုမူ တွမ်သည်လက်တင်ဘာသာကို သင်ကြားရ သည်။ အင်္ဂလိပ်စာအသံထွက်ကိုလည်း နည်းတစ်မျိုးဖြင့် မှတ်သားလေ့ကျင့်ရသည်။ ထို့ကြောင့် အ နည်းငယ်ကြောက်သလိုလိုဖြစ်လာသည်။ ကြောက်စိတ်ပေါ်လာသဖြင့် အသံထွက်မှားလာသည်။ အသံထွက်အမှန်ရောက်ဖို့ဝေးလာသည်။ ခက်လာသည်။ မစ္စတာစတယ်လင်းနှင့် သို့မဟုတ် မစ္စက် စတယ်လင်းနှင့် စကားမပြောရဲလောက်အောင် ဖြစ်လာသည်။ ထမင်းစားပွဲတွင် ပူတင်း ထပ်တောင်း ဖို့အခက်ကြုံလာရသည်။ သို့သော်လည်း မစ္စတာ စတယ်လင်းကို မထီမဲ့မြင်ပြုဖို့မလွယ်။ ကျောင်းအုပ် မျက်မှန်အိုကြီးကိုကား လွယ်သည်။
တွမ်သည် စတယ်လင်း၏ ပထမဆုံးကျောင်းသားဖြစ်သည်။ တွမ်ကို စာသင်ပေးရာ၌ အောင် မြင်ခဲ့လျှင် သူ့အဖို့နောက်ထပ် ကျောင်းသားသစ်များ ရနိုင်စရာအလားအလာရှိသည်။ ထို့ကြောင့် အောင်မြင်စေရမည်ဟု စတယ်လင်း သန္နိဋ္ဌာန်ချထားသည်။
‘စာသင်တယ်ဆိုတာ သူ့အဖို့အလွယ်လေးပါ’ ဤသည်မှာ စတယ်လင်း၏ လက်သုံးစကား ဖြစ်သည်။ ထိုစိတ်ထားကြောင့်ပင် သူသည် စာသင်သည့်အခါမျက်ကန်းတောတိုး သဘောမျိုးနှင့် သင်သည်။ သူ့၌ စိတ်ကူးစိတ်သန်းမရှိ။ သူ၏နည်းမှာ တိရစ္ဆာန်လောကတွင် တွေ့ရသည့်နည်းနှင့် အ တူတူဖြစ်သည်။ ငှက်တို့သည် သူတို့ဆောက်နေကျ နည်းအတိုင်း အသိုက်ဆောက်ကြသည်။ သူတို့ ဘိုးဘေးလက်ထက်က နည်းအတိုင်း မပြောင်းမလဲဘဲ တည်ဆောက်ကြသည်။ အခြေအနေ တစ်မျိုးတစ်ဖုံပြောင်းလဲသည့် အခြား တစ်ရပ်တစ်ပါးသို့ ရောက်သွားသည့်တိုင်အောင် မိမိတို့ ဆောက်နေကျနည်းအတိုင်း အသိုက်အအုံကို ဆောက်ကြသည်။ ရှေးယခင်ပုံစံသည် အခြေအနေ သစ်နှင့် မကိုက်ညီတော့။ ယင်းကို သူတို့မသိ။ သူတို့ နားမလည်။ သို့ဖြစ်ရာ တွမ်ကို လက်တင်ဘာသာသင်ကြားသည့်အခါ သူကိုယ်တိုင် သင်ယူခဲ့သည့်နည်းအတိုင်း သင်ကြားပေးသည်။
နောက်ဆုံးတွင် တွမ်သည် အလွန်ဉာဏ်ထိုင်းသည့် ကလေးတစ်ယောက်ဖြစ်သည်ဟု မှတ် ချက်ချသည်။ တွမ်တစ်ယောက် စာမကြိုးစားဘူးထင်တယ်ဟုလည်း သံသယဖြစ်လာသည်။ အခြား ကိစ္စတို့၌ တွမ်သည် ပါးရည်နပ်ရည်ရှိသည်။ ဆိုကြပါစို့၊ ခွေးအကြောင်း၊ မြင်းအကြောင်းတို့ကို တွမ် နားလည်လွယ်သည်။ သို့သော်လည်း မစ္စတာ စတယ်လင်းလောက်ကား မထက်မြက်။ လက်တင် ဘာသာတွင်မူ တွမ်အဖို့ခက်လှသည်။
‘မင်းဘာလုပ်နေတယ်ဆိုတာ မသိဘူးလား။ မင်းအလုပ်ကို မင်းစိတ်မဝင်စားဘူးလား’ မစ္စ တာစတယ်လင်းက အပြစ်တင်သည်။ ထိုစကားသည်မှန်သည်။
သို့ဖြစ်ရာ သင်ခန်းစာနှင့်ပတ်သက်လျှင် အညှာမပေး၊ ပြင်းပြင်းထန်ထန်လုပ်ပေးသည်။ တွမ် သည်ကြိမ်နှင့် တို့ပေးနိုင်မှ တော်ရုံကျမည့်ကလေးမျိုးဟု သူထင်သည်။ စင်စစ် စတယ်လင်းသည် အပေါင်းရခက်သည့်လူမျိုးမဟုတ်။ စိတ်ထားမကောင်းသည့် လူမျိုးမဟုတ်။ ထမင်းစားပွဲတွင် ဆုံမိ ကြလျှင် တွမ်ကို နောက်ပြောင်ကျီစယ်သည်။ အသံထွက်မှားလျှင် ပြင်ပေးသည်။ အပြုအမူ အပြောအ ဆိုမှစ၍ တည့်မတ်ပဲ့ပြင်ပေးသည်။ ရယ်ရယ်မောမော ပြုပြင်ပေးခြင်းသာဖြစ်သည်။ သို့သော် တွမ် ကားအနောက်အပြောင် အရယ်အမောတို့နှင့် ကြုံခဲ့ဖူးသူ မဟုတ်။ ယခုကား သူ့အဖို့ သူလုပ်သမျှ၊ သူ ပြောသမျှတို့သည် အမှားနှင့်ချည်းသာဟု ထင်လာသည်။ သူ့တစ်သက်တာတွင် ပထမဆုံးအကြိမ် နာ နာကြည်းကြည်း ခံစားရသည့်အဖြစ်နှင့်ကြုံလာသည်။
လက်တင်ကိုကား တွမ်ကိုယ်တိုင် အလွန်စိတ်ပူသည်။ ညတိုင်းအိပ်ရာဝင်ဘုရားရှိခိုးသည့် အခါအဖေ၊ အမေ၊ နှမလေးတို့အတွက် ဆုတောင်းပြီးနောက် ‘တပည့်တော်လည်း လက်တင်မှတ်မိ အောင် ကူညီစောင်မတော်မူပါ ဘုရား’ဟု ဆုတောင်းရသည်။ မှတ်မှတ်ရရ ဆိုရလျှင် ထိုသို့ ဆု တောင်းပြီး နောက်တစ်နေ့၌ လက်တင်သည် လွယ်လာသည်။ သို့သော်လည်း နောက်ပိုင်းတွင်မူ ဆု တောင်းသမျှ မပြည့်သည်ကများသည်။
အားလပ်ချိန်များတွင် တွမ်သည် သူ့ဆရာ စတယ်လင်းနှင့်အတူလမ်းလျှောက်ထွက်သည်။ ကိုယ်လက်ကြံ့ခိုင်ရေးအတွက်လည်း ဆရာက ဂရုစိုက်သည်။ လာမည့်နှစ်ဝက်တွင် ကြံ့ခိုင်ရေး ဆရာ တစ်ယောက်နှင့်စီစဉ်ပေးမည်ဟုဆိုသည်။ တစ်ဖန် ဆရာကတော် မစ္စက်စတယ်လင်း၏ အစီအမံကို လည်း တွမ် လိုက်နာရသေးသည်။ ဆရာကတော်က အားလပ်ချိန်ကို ကောင်းစွာအသုံးချတတ်ဖို့ လို သည်။ အသုံးချတတ်လျှင် တွမ်အတွက် အကျိုးထူးမည်။ ထို့ကြောင့် သူ့သမီးအကြီး လော်ရာကို စောင့်ကြည့်ရသည့် တာဝန်တစ်ခုကို တွမ်ယူရသည်။ ကလေးထိန်းဆရာမသည် တစ်ခါတစ်ရံအငယ် လေးနှင့် အလုပ်ရှုပ်နေတတ်သည်မဟုတ်လား။ လော်ရာသည် ဘောက်ဆတ် ဘောက်ဆတ်နှင့် လမ်း လျှောက်တတ်စပြုပြီ။ တွမ်ကလော်ရာ၏ခါးမှ ဖဲကြိုးစ ရှည်ရှည်လေးကိုဆွဲကာလိုက်သည်။ ထိုအခါ လော်ရာသည်ခွေးမလေးနှင့်တူလာသည်။
တစ်ခါတစ်ရံ တွမ့်စိတ်ထဲတွင် ကစားဖော်တို့ကို အမှတ်ရမိသည်။ ခုနေ မဂ္ဂီလာရင် ဘယ် လောက်ကောင်းမလဲဟူ၍လည်း ကျိတ်မျှော်မိသည်။ မဂ္ဂီသာ သူရှိရာသို့ လာမည်ဆိုလျှင် မဂ္ဂီ အပြစ် အားလုံး၊ မေ့တတ်ခြင်း၊ နမော်နီ နမော်မဲ့နိုင်ခြင်းတို့ အားလုံးကိုသူ ခွင့်လွှတ်ရန် အသင့်ရှိသည်။
ခုတော့ကစားဖော်လည်း မရှိဘူး။ အချိန်ရှိသရွေ့မစ္စတာစတယ်လင်း၊ တစ်နေ့လုံး မစ္စတာ စတယ်လင်းနဲ့ချည်း စခန်းသွားနေရတော့တာပဲ။
………….
အင်္ဂလိပ်ဂန္ထဝင်ဝတ္ထု စာရေးဆရာမ George Eliot ၏ ‘The Mill on the Floss’ ကို စာရေးဆရာကြီး ဆရာကျော်အောင်က ဘာသာပြန်ထားသည့် ‘မြစ်ကမ်းပေါ်ကစက်ရုံကလေး’ ဘာသာပြန်အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၆ ) ကို မနက်ဖြန် ည ( ၉ ) နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။

အကယ်၍ ဝန်ဇင်းစာချစ်သူတို့က ဒီစာအုပ်ကို နှစ်သက်လို့ အပိုင်ဝယ်ယူ ဖတ်ရှုချင်တယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖုန်းထဲမှာ ထည့်သွင်းဖတ်ရှုနိုင်ကြောင်း ပြောပါရစေခင်ဗျာ။
 
“ဝန်ဇင်းစာချစ်သူတို့က ဘာသာပြန်ဝတ္ထုကောင်းတွေကို နှစ်သက်သဘောကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်၊ အကြံပြုလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts