သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၂) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက် ဝတ္ထုရှည်
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၂) 
…….
အခန်း (၂၉)

     “တွေ့ပြီလား အောင်ဘော် . . .”
	တွေ့နေရပေမယ့် ယုံရခက်နေသည့် အကြောင်းတွေက ရှုပ်ထွေးနေဆဲဖြစ်ကာ အောင်ဘော် မျက်တောင်တွေ ဖိခတ်ရင်း တိတ်နေခဲ့၏။
	“အဲဒီကောင်မလေးက မင်းသမက်ရဲ့အစ်မ မို့လား . . .”
	“ဟုတ်တယ် . . . ကိုတီက သူတို့ချိန်းထားတာကို သိလို့ လာပြောပြတာလား . . .”
	“မဟုတ်ပါဘူး . . .”
	သူကိုယ်တိုင် အံ့ဩနေတာကို တီလုံး ဘယ်လိုပြောရမှန်းတောင် မသိ . . .။
	အောင်ဘော့်ကို ဒီအကြောင်းတွေ ပြောပြမလို့ နေရာရွေးထားတာဖြစ်သည်။
	လွန်ခဲ့သော အတိတ်တစ်ချိန်က ဖြစ်ရပ်တွေကြောင့် ဆရာ့ကိုလူစုခွဲပြီး တစ်နွယ်တစ်စင် ထောင်ကြဖို့ ရင်းနှီးပေးလိုက်သည်။
	ကျန်တဲ့ တချို့ကတော့ သူတို့ လူရင်း သုံးလေးယောက်ပဲ ဖြစ်သည်။
	ဒါပေမဲ့ ဆရာကလည်း ဘယ်လုပ်ငန်းမှာမှ မပါသလို ဒီလူစုတွေ မကွဲမကွာရှိနေကြတာကို လူတော်တော်များများ မသိကြတော့ပါ . . .။
	ထို့ကြောင့် သူတို့ချင်း ဆက်ဆံသွားလာမှုတွေ ရှိခဲ့သမျှကလည်း သာမန်မိတ်ဆွေတွေ ပုံစံထက် ဘာမှမပိုခဲ့တာ ကြာပါပြီ . . .။
	ဒီနေ့ ဤသို့သောပုံစံနှင့် အတူသွားလာ တိုင်ပင်ဖို့ ဖြစ်ခဲ့တာလေ . . .
	“ငါ မင်းနဲ့ အေးဆေးပြောမယ်ဆိုပြီး ဒီဘက်ထွက်လာတာ . . . ဟိုခြံဟောင်းထဲမှာပဲ ခဏ နေကြမလို့ . . .”
	“ဒါဆို . . . ဒီကောင်နဲ့မှ တည့်တည့်လာတိုးတာပေါ့ . . .”
	“ဟုတ်တယ် . . . တိုးတာမှ နှစ်ယောက်စလုံးက ငါတို့ရဲ့ရန်သူတော်တွေပဲ . . .”
	အောင်ဘော် ခေါင်းညိတ်နေမိ၏။
	သူတို့အကြောင်းတွေ ပြောမလို့ ခေါင်းချင်းဆိုင်ကြကာမှ ကိုယ့်ရှေ့ကို တည့်တည့်ရောက်လာ ကြသည်။
	ဒါဟာ နောက်တစ်ပတ် ပြန်လည်လာတဲ့ ကံကြမ္မာရဲ့ ပဉ္စလက်တွေလား . . .။
	လမ်းထိပ်အကွေ့မှာ တုံ့ရပ်ထားသည့်ကားကို လမ်းဘေးထိ ဆွဲချလိုက်ရင်း အောင်ဘော် ငူငူ ငေါင်ငေါင်ကြီး ဖြစ်နေတာ . . .
	“ငါ တော်တော်တုံးခဲ့တာပဲ ကိုတီ . . . ဒီကောင် ငါ့ကို လာလာတိုက်နေတာ ဘလိုင်းကြီး . . .။ မဆီမဆိုင် ငွေကုန်ကြေးကျတွေခံ ငါတို့တစ်အုပ်စုလုံးနဲ့ ရန်သူအဖြစ်ခံပြီး လက်စွဲတော်အတွက် ငါ့သမီးကို မရရအောင် ဆွဲထုတ်သွားတာ . . .”
	အံ့လည်း အံ့ဩကာ အထင်တကြီး ဖြစ်နေပုံလည်း ရှိ၏။ ပြီးတော့ ဒေါသတွေနှင့် မျက်နှာက တင်းမာလျက် . . .
	“သဒ္ဒါပိုမိုဆိုတဲ့ ကောင်မလေးလည်း မိန်းမလည်လေးပဲ . . . သင်းတို့ မောင်နှမတွေ ဒီကောင် နဲ့ ပေါင်းပြီး ကြံကြတာ . . .”
	“မင်းသမီးကတော့ လက်စွဲတော်နဲ့ ချစ်နေကြတာ အမှန်ပဲမို့လား . . .”
	“ဟုတ်တယ် . . . ခိုးပြေးကြတုန်းကထိ သော ဆိုတဲ့ကောင်ကို မမြင်မိသေးဘူး . . . ဒါပေမဲ့ ကြိုးကိုင်သူဆိုတာ ဒီလိုပဲလေ . . . သူတို့ ကျေနပ်အားရတဲ့ အလှည့်ကျရင် ထွက်လာတာပဲ . . .”
	အော်ဘော်က စိတ်ဆတ်တဲ့သူမို့ ဒေါသဖြစ်လာတာနှင့် အံတကြိတ်ကြိတ် လက်သီးတပြင်ပြင် ဖြစ်လာခဲ့သည်။ ထို့ပြင် သူ့ဘက်က သမီးရှင်မို့ ပိုရှက်မိ၏။
	သန်းမြတ်ဇော် အုပ်စုနဲ့ သူရဲကောင်းရဲ့သား ပူးပေါင်းကာ ပထမအရစ် ဖြိုလှဲခြင်းက အောင်မြင်သွားခဲ့ပြီဖြစ်၏။
	“ငါကတော့ မင်း ထင်သလို မထင်ဘူး . . .”
	“ဟင် . . .”
	“ဒီကောင်လေး အစတည်းက ဒီကိစ္စကို ကြိုးကိုင်နေတာ မဟုတ်နိုင်ဘူး . . . ဘာဖြစ်လို့လဲ ဆိုတော့ သန်းမြတ်ဇော်ရဲ့ မိန်းမကိုယ်တိုင်က ခုချိန်ထိ သဘောမတူသေးဘူးမို့လား . . . ပြီးတော့ ဒီအရွယ် လူငယ်တစ်ယောက်က မင်း ထင်သလောက်တော့ မဟုတ်လောက်သေးပါဘူး . . . ကျားကြီး မှ ခြေရာကြီးတာ . . . ဒီကောင်လေးက ချာတိတ်သာသာပဲရှိသေးတယ် . . .”
	“ဒါပေမဲ့ . . အခု ငါဘာမှမသိလိုက်ဘဲ ခံလိုက်ရတာကွ . . .”
	“ငါတို့လည်း မသိခဲ့ဘူးလေ . . . သူ စိန်ခေါ်လို့သိရတာ . . . ဆရာ့ကို ဒီကောင် လုပ်ကြံတာ နှစ်ခါ . . .”
	အားလုံးကို ပြောသင့်သလောက်တော့ ပြောခဲ့ပြီမို့ အောင်ဘော် ခေါင်းတညိတ်ညိတ်နှင့် တရားကျသည့်မျက်နှာနှင့် ရှိနေတော့သည်။
	“သူကိုယ်တိုင်က လက်တုံ့ပြန်နေတာလို့ ပြောနေပြီ . . . ဒေါ်မေယုဆိုတဲ့ အဘွားကလည်း ကောင်းရဲ့သားဆိုတာ တဖွဖွ ပြောနေခဲ့တယ် . . . ဒါပေမဲ့ ဆရာက မလက်မခံဘူး . . .”
	“ဟင် . . . ဘာကိုလဲ . . . ”
	“ဖြစ်နိုင်ချေရှိပေမယ့် သူ့အတွက်ထဲမှာ မဖြစ်နိုင်ဘူးတဲ့ . . .”
	“ဟုတ်လား . . .”
	ဆရာ့အပေါ် အထင်ကြီးလေးစားခဲ့ကြသူတွေမို့ မျက်နှာထက်မှာ လေးနက်ခြင်းတွေနှင့် ကိုယ်စီ ငိုင်ကျသွားခဲ့၏။
	“ငါတို့ရဲ့အဖြစ်တွေက တစ်ခန်းရပ် ကခဲ့ကြတာ မဟုတ်ဘူး . . . ဒါပေမဲ့ ပြည်ဖုံးကားချ လိုက်ကြတယ် . . .။ ဒါပေမဲ့ မပြီးသေးဘူး ဆိုတာလည်း ငါတို့ သိခဲ့ကြတာပဲ . . .”
	ဒါပေမဲ့တွေနဲ့ ပြောနေတာကို အောင်ဘော်က ခေါင်းညိတ်ထောက်ခံ၏။
	“ဖြစ်နိုင်သည်ဖြစ်စေ . . . မဖြစ်နိုင်ဘူးပဲ ထားဦး . . . ရန်သူဘက်က စိန်ခေါ်လာမှတော့ ရန်သူလို့ သတ်မှတ်ပြီး တုံ့ပြန်ရမှာပဲ . . . ။ သန်းမြတ်ဇော်ဆိုတဲ့ မျိုးဆက်တွေကို ငါ လုံးဝ ကြည့်မရ ကာမှ ငါ့သမီးကျမှ ဒီမျိုးဆက်နဲ့ တွေ့တယ် . . . သူရဲကောင်းရဲ့သားကလည်း ဒီအုပ်စုနဲ့ပဲ ပူးပေါင်း နေတယ် . . .”
	“မင်းက သူရဲကောင်းရဲ့သားကိုတော့ သီးသန့် ထားချင်သေးတယ်လား . . .”
	“အဲဒါတွေ မင်းသိပါတယ် ကိုတီရာ . . . သူရဲကောင်းနဲ့ ဆရာ ငြိခဲ့တာက သီးသန့်ပါ . . . ။ သူတို့ချင်း ဇယားက ပြီးသွားပြီ . . . ဆရာ မကျေနပ်ခဲ့ပေမယ့် သူလိုချင်တာ သူပြန်ရခဲ့တာပဲ . . . ပြောရရင် ငါတို့နိုင်တယ် . . . သူရဲကောင်း ရှုံးသွားတယ် . . . ပင်နယ်တီပေးဖို့ မလိုဘူး . . .  အချိန်ပို ဆက်ကစားစရာလည်း မလိုဘူး . . .”
	“ဒါပေမဲ့ အခုစိန်ခေါ်ပွဲနဲ့ ပြန်ဝင်လာတာက သန်းမြတ်ဇော် မဟုတ်ဘူး . . .”
	“မဟုတ်ပေမယ့် အတူတူပဲ ဖြစ်သွားပြီ . . .။ ငါတို့ပွဲစဉ်တွေ မရှိ အစကနေ ပြန်စရတော့မယ် . . .”
	“ဟုတ်တယ် . . . ဒါပေမဲ့ . . .”
	တီလုံးက သက်ပြင်းရှည်ကြီးတစ်ချက်နှင့် အံကြိတ်သည်။ ပြီးတော့ ကားကို စက်ပြန်နှိုးဖို့ မေးဆတ်ပြကာ . . .
	“ပြဿနာ နည်းနည်းရှိတယ် . . .”
	“ဘာဖြစ်လို့လဲ . . .”
	“ဆရာက ခွင့်မပြုသေးဘူး . . .”
	“ဟင် . . .”
	“ခြံထဲရောက်မှ ဆက်ပြောမယ်ကွာ . . . ငါကတော့ မင်းနဲ့ တိုင်ပင်ဖို့လာတာ အဲဒါပြောဖို့ပဲ . . . ဆရာ့စိတ်ကို မင်းသိသားနဲ့ . . .”
	“သိတယ်လေ . . . ဘာလဲ . . . ဟိုကောင်က ချာတိတ်လေး ဖြစ်နေတာလား . . . သူရဲကောင်း ပစ္စည်းလေးဆိုတာ လက်မခံသေးတာလား . . .”
	“ဘာကြောင့်ဆိုတာ သေချာမသိပေမယ့် သောရဲ့နောက်က အဓိကကိုပဲ သူ လိုချင်နေတာ ..”
	“ဟ . . . သောဆိုတဲ့ကောင်ကို ချာတိတ်ဆိုပြီး လျှော့တွက်ရင် ရှုံးသွားရမှာနော် . . . ဒီကောင့် ပုံစံကလည်း ငါတို့ဆရာရဲ့ အရင်တုန်းက ဒီဇိုင်းမျိုးပဲ . . . သူရဲကောင်းပစ္စည်းဆိုပေမယ့် သူရဲကောင်း နဲ့ လုံးဝအဆင်ကွဲပဲ . . . ဖအေထက် သားက အဆတစ်ရာသာမယ်ဆိုတာ အကဲခတ်ဖမ်းဖို့တောင် မလိုဘူး . . .”
	“ဟား . . ဟား . . ဟား . . .”
	“မင်းက ဘာရယ်တာလဲ . . .”
	ပြောလိုက်မှ တီလုံးက ပိုရယ်ကာ . . .
	“ကဲ . . မောင်းစမ်းပါကွာ . . ဟိုရောက်မှ အေးဆေးပြောလို့ ရပါတယ် . . .”
	အောင်ဘော်က ကားကိုတော့ ပြန်မောင်းထွက်လိုက်ပေမယ့် ဒါကိုပဲ မကျေမနပ် ဖြစ်နေကာ…
	“မဟုတ်ဘူးလေ . . . မင်းပဲ ငါ့ကို လှောင်သလို . . . ပြောင်သလိုနဲ့ ကိုတီ . . . ဘာရယ်တာလဲ ပြော . . .”
	“ရယ်ပါတယ်ဆိုမှ ရယ်ချင်လို့ပေါ့ အောင်ဘော်ရာ . . . မင်းက သူရဲကောင်းရဲ့သားကို ဆရာ နဲ့တောင် တူတယ်ဆိုတော့ . . .”
	“ဟ . . မင်းက အဲဒါကို ရယ်စရာ ထင်နေလို့လား . . . ဒီကောင့်ကို ငါက အနီးကပ်ကြီး ရန်ဖြစ်လိုက်ရတာ . . .။ မဲ့တာ ကြည့်တာတွေက တကယ်ကို အံ့ဩလောက်အောင် တူတာ . . . ငါ ဘာမှ မသိသေးဘဲနဲ့တောင် အမှတ်တမဲ့ သူ မဲ့ပြုံးပြုံးလိုက်တော့ ဘယ်သူနဲ့ တူပါလိမ့်ဆိုပြီး ဖြစ်သွား ခဲ့သေးတယ် . . .”
	တီလုံးရဲ့ ပြုံးနေသည့်မျက်နှာ အနည်းငယ် တည်သွားသည်။ ပြီးတော့ အောင်ဘော် တကယ် ကြီး ပြောနေတာကို သေချာ စိုက်ကြည့်၏။
	အောင်ဘော်က ရှေ့ကြည့်မောင်းနေရင်း ဆက်ပြောနေကာ . . .
	“အခု တွေးကြည့်တော့ ပိုတူလာသလိုပဲ . . . သူရဲကောင်းရဲ့သားဆိုတာ ဖြစ်နိုင်သလို သူရဲကောင်းက မွေးတာဆိုရင်တောင် ဆရာ့ကို ဒီလောက် အသည်းစွဲ မုန်းရလားလို့ ထင်စရာ ရှိသေး တယ် . . . သူ့မိန်းမက မွေးတဲ့ကလေးက . . .”
	“သူ့မိန်းမကလည်း ဆရာ့ကို သိနေလို့ အခု ရန်ငြိုးထားပြီး သူ့သားကို ကလဲ့စားချေဖို့ လွှတ်တာပေါ့ . . .။ မင်းကလည်း ကလေးတွေး တွေးနေပြန်ပြီ . . . မုန်းနေခဲ့တဲ့ လူကြီးတစ်ယောက် က လက်ထောက်မချဘဲ ဒီအရွယ်ကောင်လေးက လက်နက်ကိုင် ထွက်လာပါ့မလား . . .။ အဲဒါ ကြောင့် ဆရာက ပြောတာ . . . သူရဲကောင်းဘက်မှာ ဒီအလုပ်မျိုးကို ဆက်လက်ရပ်တည်နိုင်မယ့်သူ ဘယ်သူ ကျန်ခဲ့သလဲဆိုတာ . . . ဒါကိုပဲ မရမက တွေးနေတုန်း . . .”
	“အင်း . . . ဒါလည်း ဟုတ်တာပဲကွ . . .”
	“ဟုတ်တယ်လေ . . . ဖြစ်ခဲ့ကြတာက မျိုးရိုးနဲ့ချီခဲ့တဲ့ ရန်ငြိုးတွေလည်း မဟုတ်ဘူး . . . ဆရာ ကိုယ်တိုင်ကလည်း ရန်ငြိုးမထားတော့ဘူးလို့ ဆုံးဖြတ်ပြီးကာမှ မထင်မှတ်ဘဲ ဆိုးဆိုးဝါးဝါး တွေ ဖြစ်ကုန်တာ . . . သူတို့မှာလည်း မောင်နှမနှစ်ယောက်ပဲ ရှိကြတာ ငါတို့အသိပဲ . . . သူတို့တွေ မျိုးသုဉ်းပြီ . . . ဆရာ့ဘက်ကလည်း မကျေနပ်စရာ မရှိတော့ဘူး . . .”
	“ဪ . . . မင်းပဲ ပြောပြီးတော့ . . . သူ့မိန်းမက ကလဲ့စားချေတာ ဖြစ်မှာပေါ့ . . .”
	“အဲဒီမိန်းမက ဘယ်လိုမိန်းမမျိုး မို့လို့လဲ . . .”
	ဖြေသံ ထွက်မလာဘဲ တိတ်ဆိတ်သွားခဲ့သည်။ အဖြေကတော့ ရှိနေမှာပေမယ့် သူတို့ မသိနိုင် သေးသည့် ကွယ်ရပ်တစ်ခုခုမှာ ဖြစ်နေခဲ့၏။
	ခဏကြာလျှင် . . .
	“အဲဒီ လျှို့ဝှက်ချက်တွေ ဘယ်မှာရှိနိုင်မလဲ . . . ငါခန့်မှန်းမိတယ် . . .”
	“ဟင် . . .”
	“ဆရာ ခွင့်မပြုပေမယ့် မင်းနဲ့ငါ အဲဒီတာဝန်ကို ယူရမှာ . . .”
	“အိုကေလေ . . . အဲဒီအတွက်ဆို ငါ့ဘက်က အဲဗားတိုင်းမ်ပဲ . . .”


××××××


အခန်း (၃၀)

	ယက္ခ မျက်လုံးပြူးသွားသည်။ ခြံစောင့်အိမ်ထဲကနေ တီလုံးကို သေချာမြင်နေရပါလျက်နှင့် အံ့ဩသည့်စိတ်က မပြေ . . .။
	သူရဲကောင်းရဲ့ သူငယ်ချင်း ဖိုးထွန်းအဖြစ် ရောက်လာသူက တီလုံးဖြစ်နေလိမ့်မည်ဟု သူ မထင်ခဲ့ပေ . . .။ သူရဲကောင်းနဲ့ ပတ်သက်ပြီး ပြည့်သျှင်ဘက်က အနိုင်နဲ့ပိုင်းခဲ့တာ ဖြစ်သည်။
	ဒီနေရာထိ နောက်ထပ် ရောက်လာစရာ ဘာအကြောင်းရှိလို့လဲ . . .။ ဒီနေရာမှာ သူရဲကောင်း တို့ ပိုင်ဆိုင်သည့် စံအိမ်ကြီးတစ်လုံး ထီးထီးမားမား ရှိနေခဲ့သည်ဆိုတာ သူကိုယ်တိုင် သိခဲ့ရတုန်းက တော့ တအံ့တဩ ဖြစ်ခဲ့ရသေးသည်။
	စိတ်ချလက်ချ ရှိခဲ့လို့လည်း ဒေါ်မေယုကို ဒီမှာပဲ ထားခဲ့လိုက်တာ ဖြစ်သည်။ ရန်ကုန် နယ်နိမိတ်နှင့် အလှမ်းဝေးသော . . .။
	ထို့ပြင် ခြံဝင်းကြီးတစ်ခုအဖြစ်သာ ထင်ဖွယ်ရှိသော တောထနေသည့် ဤ ခြောက်သွေ့နေရာ ကြီးကို ဘယ်လို မပြီးဆုံးနိုင်သည့်ကိစ္စရပ်တွေနဲ့ ခြေရာခံလာခဲ့တာပဲ . . .။
	ခြံစောင့်၏ ပြောစကားတွေအရ နှစ်ခေါက်ပဲ ရှိသေးသည်လို့ ဆိုသည်။ ဒါပေမဲ့ သူ မယုံနိုင်ပေ . . .။ ဒေါ်မေယု ပြောနေပုံဟာ တော်တော် ရင်းနှီးနေကြပြီဆိုတာ သေချာသည်။
	သူ ဘာလုပ်ရမလဲ . . .။
	ခြံစောင့်ကို သူတစ်ခုခု ဖိအားပေးလိုက်တာနှင့် တီလုံးတို့ ဘယ်လိုဗျူဟာ ပြောင်းသွားမလဲဆို တာ မသိနိုင် . . .။ မသိနိုင်တာကိုပဲ သူထိတ်လန့်နေမိတာ ဖြစ်၏။
	ဘဒ္ဒါနဲ့တွေ့ပြီး ပြောပြလိုက်တော့ သူမက မဲ့ပြုံးတို့ဖြင့် . . .
	“မင်း ခုမှ သိတာလား . . . ဖိုးထွန်းဆိုတည်းက အဲဒီ ဖိုးထွန်း ဘယ်အရပ်ကနေ ဘယ်လေ တိုက်ပြီး ရောက်လာသလဲဆိုတာထိ ငါသိတယ် . . .”
	“တီလုံးပဲဆိုတာ တန်းသိတာလား . . .”
	“မဟုတ်ဘူးလေ . . . ငါတို့ အနေအထားက ရန်သူကိုပဲ သတိထားရမှာ မဟုတ်ဘူးလား . . . ဒီအရပ် ဒီနေရာထိ ဘယ်မိတ်ဆွေ သူငယ်ချင်းကမှ လက်ဆောင်တွေ မှန်မှန် လာမပို့ဘူး . . .  ဒါမှ မဟုတ်လို့ အဲဒါသူငယ်ချင်း အစစ်အမှန်ဆိုရင်လည်း သူရဲကောင်းတို့ သေခဲ့ရတဲ့အမှုကို စိတ်ဝင်စား ပြီး အစအဆုံး ဖော်ထုတ်ချင်နေတဲ့သူပဲ . . .”
	“အဲဒီတော့ မဒါက ဂရုစိုက်စရာ မလိုဘူးလို့ ပြောချင်တာလား . . .”
	“ဟုတ်တယ် မလိုဘူး . . . ငါတို့က ရှောင်ပြေးနေကြတော့မှာမှ မဟုတ်တာ . . . ရင်ဆိုင်ကြဖို့ ကြိုးစားခဲ့ကြတာ . . .”
	ယက္ခ မျက်နှာ တင်းမာနေခဲ့၏။ ဘဒ္ဒါကို မကြည့်ခဲ့ဖူးသည့် မျက်လုံးစူးစူးတို့ဖြင့် အထင်မြင် သေးသလို ကြည့်နေခဲ့သည်။ သူမက ဂရုမစိုက်ပေ . . .။
	အနက်ရောင် ပိုးပျော့ဂါဝန်လက်ပြတ်က ညဝတ်အင်္ကျီပုံစံဖြစ်လျက် ဟိုတယ်၏ရှေ့ပိုင်း ဝရန်တာမှာ နေ့လယ်ခင်းပေမယ့် ဒီတိုင်းဝတ်ထားခဲ့ပြီး သူမက ပြုံးနေလျက်နှင့် . . .
	“မင်းမျက်လုံးက ရိုင်းလှချေလား ကိုခ . . . လှလို့ ကြည့်တာလား . . . မတည့်ရာမတည့် ကြောင်း ပြောချင်တာလား . . .”
	“ကျွန်တော်တို့ ပြောတဲ့စကားတွေ ဒီထက် လေးနက်သင့်တယ် မဒါ . . . ပြည့်သျှင်ဆိုတဲ့ ပုဂ္ဂိုလ်က ခင်ဗျား အပြုံးမပျက် ရင်ဆိုင်လို့ရမယ့် လူစားမျိုးမဟုတ်ဘူး . . .”
	“အဲဒါ မင်းထက် ငါပိုသိတယ်ဆိုရင် မင်း ဘာမှမပြောဘဲ နေပေးမလား . . .”
	“ခင်ဗျားသိတာတွေက တခြားပဲ မဒါ . . . အခု ခင်ဗျား မသိတာတွေနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ကြ တော့မှာ . . . အလုပ်တစ်ခုကို စည်းနဲ့ဘောင်နဲ့ စခဲ့ပြီးမှ စည်းကမ်းကလနားက အရေးမကြီးဘူးလို့ ထင်ရင် ခင်ဗျား ကိုယ့်ဇာတ်ကို နိုင်မှာ မဟုတ်တော့ဘူး . . .”
	“ဘာဖြစ်ဖြစ် . . . မင်း ငါ့ကို ဆရာတင်ထားခဲ့တာပဲ . . . ငါ ဘာလုပ်မလဲ စောင့်ကြည့်ဖို့ တော့ . . .”
	“အစတည်းကလည်း ဆရာ မတင်ခဲ့ပါဘူး . . . ကျွန်တော့်ဘက်က မဒါကို ဦးစားပေးထား တာတွေပါ . . . နာကျင်မှုတွေနဲ့ ကျွန်တော် အရူးရင့်နေခဲ့တယ် . . . မဒါက ဘယ်လိုလုပ်မယ်ဆိုတာ လမ်းဖွင့်ပေးတယ် . . . ကျွန်တော်တို့ နှစ်ယောက်မှာ ဆရာတပည့်ဆိုတာ မရှိဘူး . . .”
	“ဟား . . ဟား . . ဟား . .”
	ဘဒ္ဒါက ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်သည်။ ပြီးမှ ဆံစလေးကို ခပ်ဖွဖွ သပ်နေရင်း တစ်ဖက်လှည့်သွားကာ . . .
	“ဒီလိုတွေလား . . . ဟား . . ဟား . . ရယ်ရတယ် . . .”
	“ကျွန်တော့်မှာ အပြစ်တွေရှိခဲ့တယ် . . . မှားခဲ့တာကို ပြင်ဆင်ခွင့် မရှိခဲ့တဲ့အတွက် ကိုယ့် အပြစ်နဲ့ ကိုယ် လိပ်လို ခေါင်းလျှိုနေခဲ့ရတာ . . .”
	“ဒါဆိုရင်လည်း မင်း ကိုယ့်ကိုယ်ကို တော်သလို နေသင့်တယ်လို့ မထင်ဘူးလား ကိုခ . . . ခုချိန်မှာ မင်းရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းတွေ ထုတ်ပြနေရမှာ မဟုတ်ဘူး . . . စစ်သည်က စစ်သည်တော် အလုပ်လုပ် . . . ဘုရင်က ဘုရင်အလုပ်လုပ်မှာပဲ . . ဘာဖြစ်လို့ ငါမှ တိုက်နိုင်တာ . . . ခိုက်နိုင်တာ ဆိုပြီး ကံကို ကံချင်း လာပြိုင်နေရတာလဲ . . . ဟွန်း . . . ဘုန်းရိပ် ကံရိပ်ဆိုတာကို မင်း နားမလည် ဘူး ကိုခ . . . ဟင် . . . ”
	မတန်မရာ ခိုင်းနှိုင်းပြောနေရင်း ဘဒ္ဒါ မျက်နှာက မာန်မာနတို့ဖြင့် ဝင့်ချီနေခဲ့သည်။ ပြီးမှ တင်းတင်းမာမာ ချက်ချင်းကြီး ဖြစ်သွားခဲ့ပြီး . . .
	“ယက္ခ . . နင် . . ငါ့ကိုကြည့်စမ်း . . .”
	ငါ့ကိုကြည့်ဆိုပြီး သူမကပဲ ယက္ခရဲ့မျက်နှာရှေ့မှာ နီးကပ်စွာ လာရပ်လိုက်ကာ . . .
	“နင့်ဘဝ ယက္ခဖြစ်သွားအောင် ယက္ခဆိုတဲ့နာမည် ပြောင်းလိုက်ရုံပဲ . . .”
	ယက္ခက အသံတိတ် စိုက်ကြည့်နေခဲ့သည်။ ဘဒ္ဒါသည် အသက်အရွယ်ကို မခန့်မှန်းနိုင် လောက်အောင် ပြင်ဆင်ခြယ်သမှုတွေက လက်ရာပြောင်မြောက်နေခဲ့လျက် . . .
	ခုချိန် သူမကို မြင်လိုက်ရင်လည်း ဘဒ္ဒါဆိုတဲ့ မိန်းမဟာ ဘယ်သူဘယ်ဝါမှန်း သိနိုင်တဲ့သူ ရှိမည်မထင် . . .။
	အဘယ်ကြောင့်ဆိုသော် . . .
	“အဲဒီလိုပဲ ငါကလည်း ဘဒ္ဒါဖြစ်ချင်ရင် ဘဒ္ဒါဆိုတဲ့ နာမည်တပ်လိုက်တာနဲ့ ဖြစ်တယ် . . . ဘာဖြစ်လို့လဲ သိလား . . . မင်းမှာလည်း မိသားစု မရှိသလို ငါလည်း ဒီတိုင်းပါပဲ . . . ရှေ့ကြောင်း နောက်ကြောင်းပူစရာ မလိုကြတဲ့လူချင်း မင်းဘက်က ပူစရာ မလိုတာမျိုးတွေ ငါ့အတွက်လည်း မလို ဘူးဆိုတာ သိစေချင်တယ် . . .”
	“မဒါ ဘာကိုပြောတာလဲ . . . ကျွန်တော်က မဒါကို ထိခိုက်လာမှာစိုးလို့ သတိပေးချင်တာ . . . တခြား ဘာအဓိပ္ပာယ်မှ မပါဘူး . . .”
	“ငါပြောနေတာ အဲဒါပဲလေ . . . မင်းရဲ့စကားက လိုရင်းမပါဘဲ ကောင်းကင်မှာ လွင့်နေလို့ ပြောနေတာ . . . ငါ့ကိုထိခိုက်လာမှာ စိုးရိမ်တယ်ဆိုရင်လည်း ငါ့ကိုယ်ငါ ပူပန်တာထက် မင်းပိုစရာ မလိုဘူး . . . ရှင်းရှင်းပြောရရင် ငါလုပ်တာ မှားသွားလည်း ဘဒ္ဒါဆိုတာ ပျောက်ပျက်သွားရုံအပြင် မရှိဘူး . . . ငါ့ဘဝက အစကနေ ခုချိန်ထိ တစ်ကောင်ကြွက်ပဲ . . .”
	“ကျွန်တော်တို့ အလုပ်လုပ်နေကြတာကလည်း ကိုယ့်မိသားစုတွေအတွက် မဟုတ်သလို တစ်စုံတစ်ယောက် အတွက်လည်း မပါဘူး . . . ကျွန်တော်တို့ ကိုယ့်ခံစားချက်တွေနဲ့ ကိုယ် ပူးပေါင်း မိပြီး အတူတကွ ကြံစည်ခဲ့ကြတာ . . . တွက်ကြည့်ရင် ကိုယ် ဖြစ်စေချင်တာတွေ ဖြစ်မြောက်ဖို့ပဲ ...”
	“ပြည့်သျှင်ဆိုတဲ့လူ သူ့လက်နက်နဲ့သူ သေရမယ် . . . အဓိကက အဲဒါ . . .”
	“ကျွန်တော်ကလည်း . . .”
	“အဲဒါ မင်းသိဖို့ပဲ ကိုခ . . . ငါ့ရဲ့ဒါရိုက်ရှင်က ဘာမှ မပြောင်းလဲဘူး . . . မင်းသာ ခုချိန်ထိ ဘယ်သူ့အတွက် တွေးပူပင်နေတာလဲ . . . ဘာအတွက် ရှေ့ရေးနောက်ရေးတွေ ထည့်တွေးနေသလဲ . . .”
	“ဘယ်သူ့အတွက်မှ မဟုတ်ဘူး . . . မဒါ ရည်ရွယ်ချက်တွေ အထမမြောက်ခင် ကိုယ့်ခြေရိပ် ကို တစ်ဖက်က သိသွားမှာစိုးလို့ ပြောနေတာ . . . မဒါ ခြေလှမ်းကျဲလွန်းတာကို သတိထားမိရဲ့လား . . .”
	ဘဒ္ဒါက မျက်ခုံးတန်းလေး တွန့်ထားသည့်မျက်နှာနှင့် ဆတ်ခနဲလှည့်ကြည့်သည်။ အလိုမကျ ခြင်းသည် သူမ၏ လွတ်လပ်ပျော်ရွှင်နေသော မျှော်လင့်ချက်တွေအပေါ် ပဝါတစ်ထပ် လွှားတင်၍ ဖုံးကွယ်ပစ်လိုက်ခြင်း ခံရသကဲ့သို့ တားဆီးသူထံမှာ . . .။
	“မင်း ငါ့ကို ဆရာကြီးမလုပ်နဲ့ ကိုခ . . .”
	“မလုပ်ပါဘူး . . . မဒါ . . . အခု တစ်ခေါက် မြန်မာပြည်ကို ပြန်လာတာ . . . သောနဲ့ ဦးဆောက်ပန်းရဲ့ ကျန်းမာရေးကိစ္စအတွက်ပဲဆိုရင် . . .”
	“ငါ ဘာပဲလုပ်လုပ် မင်း ဒီလေသံမျိုးနဲ့ပြောဖို့ မလိုဘူးဆိုရင်ရော . . .”
	ယက္ခ အသံတိတ်သွားသည်။ မျက်နှာထက်မှာတော့ နာကျင်သည့် မျက်ဝန်းစိမ်းတို့ဖြင့် ငေးစိုက်ရင်း ခဏကြာမှ တိမ်းဖယ်သွားကာ . . .
	“မလိုပေမယ့် ပြောစရာရှိတာကိုတော့ ပြောချင်သေးတယ် . . . မဒါ ပြည့်သျှင်ကိုရှာဖို့ ကြိုးစားနေတာ . . .”
	“ရှာစရာ မလိုပါဘူး . . . သူ့ကို ငါတွေ့တယ် . . .”
	“ဟုတ်တယ် . . . တီလုံးနဲ့ အောင်ဘော်တို့လည်း ခေါင်းချင်းဆိုင်သွားကြပြီ . . . ဒီလူတွေ တကွဲတပြားစီ နေခဲ့ကြရာကနေ အခု ပြန်ပြီး စုစည်းသွားပြီဆိုရင် . . .”
	“ကောင်းတာပေါ့ ကိုခ . . . တိုက်ပွဲဆိုတာ မျက်လှည့်ဆရာ ပြင်ဆင်ထားတဲ့ အလမ္ပာယ် ပြကွက်တစ်ခုလို အပြောတွေနဲ့ချည်း အချိန်ကုန်နေရင် တိုက်ပွဲ ဘယ်ဖြစ်တော့မလဲ . . .”
	“မဒါက တိုက်တော့ခိုက်တော့ဖို့ အဆင်သင့်ဖြစ်နေပြီလား . . .”
	ဘဒ္ဒါ ချက်ချင်း မဖြေနိုင် . . .။
	“အခု သူတို့တွေ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို ရောက်နေကြပြီ . . .”
	“ဘာ . . .”
	“သူရဲကောင်းရဲ့အဖေ ဦးသူရိန်ရဲ့စံအိမ်ကြီးထိ သူတို့ရောက်အောင် လာနိုင်တည်းက မဒါ သတိထားရမှာကို ကျွန်တော် ထောက်ပြခဲ့တယ် . . . အဲဒါတွေ ဖြစ်လာခဲ့တာ . . . နံပါတ်တစ်က ပြည့်သျှင်ရဲ့ ခြံဟောင်းကို မဒါပြန်ရောင်းထုတ်ဖို့ ကြံလို့ . . .”
	ဒေါသမာန်တွေ ဝင့်နေခဲ့သည့် ဘဒ္ဒါမျက်နှာက ဒေါသတွေမပြေနိုင်စွာ ခင်းကျင်းထားဆဲပေ မယ့် မျက်ဝန်းတို့မှာ စိုးရိမ်ခြင်းတို့စွက်လျက် . . .
	“နောက်တစ်ချက်က မဒါရဲ့ လွတ်လပ်စွာ နေထိုင်မှုတွေက ဘဒ္ဒါဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ နာကြည်းအငြိုးထားမှုတွေကို မှေးမှိန်ပျောက်ကွယ်စေခဲ့သလိုပဲ . . .”
	“ငါ ဟိုမှာ နေတာကို မင်းပြောတာလား ကိုခ . . ငါက ကိုယ့်ဘဝကို ဘယ်လောက်ထိ မီးလောင်တိုက်သွင်းထားရမှာလဲ . . . တစ်ယောက်တည်းနေပြီး လက်ထိပ် ခြေထိပ် ခတ်ထားရဦးမှာ လား . . .”
	“မဒါက တစ်ယောက်တည်း နေတယ်ထင်တာကိုး . . . သောကို မြန်မာပြည်မှာ ရှိနေတာပဲ လို့ မဒါကထင်တာ . . . အင်တာနက်ခေတ်ကြီးထဲမှာ မမြင်နိုင် မကြားနိုင်တဲ့အရာဆိုတာ မရှိတော့ဘူး . . . နောက်ဆုံး မဒါ သူနဲ့ အွန်လိုင်းမှာ တွေ့ကြရင် တစ်ယောက်မျက်နှာ တစ်ယောက် မြင်ရတဲ့အခါ . . .”
	“ငါက . . .”
	“မဒါရဲ့ ပြင်ဆင်ခြယ်သမှုတွေ . . . အပြောအဆို အမူအရာတွေက သော ရင်ထဲကို သို့လော သို့လောတွေ ထည့်ပေးသလို ဖြစ်ခဲ့တာ . . . သူ့ရင်ထဲမှာ အပြင်းအထန် မုန်းတီးမှုတွေနဲ့ ရင်ဘတ်တစ် လုံးကြီး ပြင်ဆင်ခင်းကျင်းလာခဲ့တဲ့ လက်တုံ့ပြန်ခြင်းတွေက မဒါဆီက ထိန်းချုပ်မှုအောက်မှာ မဟုတ်ဘဲ သူ့သဘောနဲ့သူ ပစ်စလက်ခတ် ဖောက်ခွဲပစ်ထုတ်ဖို့တွေ ဖြစ်သွားခဲ့ရင် . . .”
	“ဒီလို ဖြစ်စရာလား . . . ငါ သူ့ကို ဒီလိုထိ လုပ်ခွင့် . . .”
	“အဟွန်း . . .”
	“မင်း ဘာရယ်တာလဲ . . .”
	“သူ မဒါအပေါ်မှာ ယုံကြည်မှုတွေ လျော့နည်းလာပြီလို့ မဒါမခံစားမိခဲ့ဘူးဆိုတာ သိလိုက် ရလို့ပါ . . .”
	ဘဒ္ဒါမျက်နှာ ပျက်စပြု၏။ ပတ်ဝန်းကျင်မှာ ရယ်မြူးခြင်းတို့ဖြင့် ရစ်ဝဲပြေးလွှားသွားတတ် သော မျက်ဝန်းတွေက ယက္ခထံမှာပဲ စူးရဲရစ်လျက် . . .
	“အဲဒီလိုတွေ ဖြစ်လာခဲ့တာမှန်ရင်လည်း မင်း သစ္စာမဲ့တာပဲ . . .”
	“ဘာဗျ . . .”
	“မင်းကို သူနဲ့ အနီးကပ်ထားခဲ့တာ . . ငါနဲ့ သွေးခွဲပေးဖို့ မဟုတ်ဘူး . . .”
	“မဒါ ကျွန်တော့်ကို ဒီလို မစွပ်စွဲပါနဲ့ . . . ကျွန်တော်တို့ စခဲ့ကြတဲ့ကိစ္စက သေးသေးလေး မဟုတ်ဘူး . . . တကယ့်အကြီးကြီး . . .။ ဒါတွေဖြစ်တုန်းက မဒါ အရမ်းကို တော်လို့ ကျွန်တော် မဒါကို ဘယ်လောက် အထင်ကြီး စိတ်ညွှတ်ခဲ့သလဲဆိုရင် . . .”
	“တော်တော့ ကိုခ . . . မင်း ငါ့ကို တိမ်းညွှတ်ခဲ့တာတွေ အရှက်မရှိ ရွတ်ပြမနေနဲ့ . . .”
	“မပြချင်ပါဘူး . . . ဒါတွေက အခု ဂုဏ်ယူစရာမှ မဟုတ်တာ . . . မဒါက လွတ်လပ်မှုမှာ ပျော်ဝင်ပြီး ကိုယ့်ကိုယ်ကိုမေ့ခဲ့တယ် . . . ဒေါ်မေယုဆီက ရခဲ့တဲ့ ပစ္စည်းတွေကလည်း ဒီကလေး တစ်သက် အေးချမ်းစွာ နေနိုင်တာတွေပါ . . . အဲဒါတွေကို မဒါ မလုံလောက်ဘူး . . . ငွေကြောင့် မှားလာခဲ့တဲ့ အမှားတွေပဲ . . .”
	“မင်းလေသံက အားလုံးကို တတ်သိ နားလည်နေတဲ့ ဆရာကြီး လိုပါလား . . .”
	“ဟုတ်တယ် . . . ပြောခွင့်မသာလို့ ကျွန်တော် ကြည့်နေခဲ့ရတာ . . . ပြောချင်တယ်ဆိုတာက လည်း မဒါ သတိမထားမိတာတွေကို ထောက်ပြသတိပေးချင်တာပါ . . .”
	ယက္ခက ခံစားချက်တွေနဲ့ ရှင်းပြရင်း ပင့်သက်ရှိုက်၏။
	“မဒါ ငွေတွေ အရမ်းသုံးပြီး သူရဲကောင်း နောက်ဆုံး ဝယ်ခဲ့တဲ့ ပြည့်သျှင်ရဲ့ခြံကို ပြန်ရောင်း ထုတ်ဖို့ ကြံခဲ့တယ် . . .။ အဲဒီခြံကို သူရဲကောင်းက ဦးဆောက်ပန်းနာမည်နဲ့ ထားခဲ့တာ . . . ပြီးတော့ ပြည့်သျှင်ရဲ့ခြံအဖြစ်ကနေ ဘယ်သူမှ ပြုပြင်နေထိုင်ခဲ့ကြသေးတာ မရှိဘူး . . . ပြောရရင် ဒီခြံက ပြည့်သျှင်နဲ့ ဦးဆောက်ပန်းတို့ ပိုင်ထားတဲ့ခြံ . . .”
	“ဟွန်း . . .”
	“ဦးဆောက်ပန်းဆိုတဲ့ နာမည်ရှိထားတဲ့အရာမှန်သမျှကို စာရွက်စုတ်တစ်ခု ဖြစ်နေပါစေ ပြည့်သျှင်က ပျောက်ရှ ပျက်စီးခံမှာ မဟုတ်ဘူး . . .”
	“တော်စမ်းပါ . . .”
	ဒီနာမည် ဒီအဖြစ်တွေကို ကြားလိုက်တာနှင့် ဘဒ္ဒါမျက်နှာ လှလှလေးက မထင်မှတ်လောက် အောင် ပြောင်းလဲခက်ထန်သွားခဲ့လျက် . . .
	“ကြည့်နေ . . . အဲဒါကို ငါမရရအောင် လုပ်ပြမယ် . . .”
	“ဘယ်တော့မှ မရဘူးဆိုတာ ကျွန်တော် ပြောရဲတယ် . . .”
	ဘဒ္ဒါမျက်နှာ မိုးသားတွေလို ညိုမှောင်သွားသော်လည်း ဒီနေ့ထိ မအောင်မြင်ခဲ့သည့် အရောင်းအဝယ်ကိစ္စက သက်သေမို့ ရုတ်တရက် ဘာမှ မချေပနိုင် . . .။
	“မဒါ အဲဒီအိမ်ကို . . .”
	“အေး . . . အစက ငါငွေလိုလို့ . . . အခု မင်းပြောလိုက်တော့ ဒါကို ပြည့်သျှင်က လိုက်ဖျက် နေတယ်ဆိုတာ သိသွားပြီ . . . ငါမရရအောင် လုပ်ပြမယ် . . . ကြည့်နေ . . .”
	“မရနိုင်ဘူးဆိုတာကတော့ မရှိပါဘူး . . . ဒါပေမဲ့ မဒါအတွက် အန္တရာယ်တွေ . . .”
	“အန္တရာယ်ကို ကြောက်နေရင် ပြည့်သျှင်လိုလူကို ငါရန်မစဘူး . . . မင်းငါ့ကို တော်တော် လျှော့တွက်ခဲ့တာပဲ ကိုခ . . . မင်းတို့ ချေးသေးထွက်အောင် ကြောက်ရွံ့နေတဲ့ အဲဒီအလုပ်ကို ငါလုပ် နိုင်လို့ ဒီအခြေအနေထိ လုပ်ခဲ့ပြီးပြီ . . . ငါ့ဇာတ်ကို ငါမနိုင်တော့ဘူးလို့ မင်း ထင်လား . . .”
	“ကျွန်တော် ကြိုမပြောချင်ပါဘူး . . .”
	“ဘယ်ပြောချင်မလဲ . . . ပြောမှ မပြောနိုင်တာ . . . မင်းပြောလည်း မပြောရဲပါဘူး . . . ဘာ ဖြစ်လို့လဲဆိုတော့ ငါဘယ်လိုမိန်းမလဲဆိုတာ မင်းသိနေတယ် . . . ငါ့ကို မင်း အထင်မသေးရဲတဲ့ အတွက် ဘယ်လိုလုပ် ကြိုတင် ဟောကိန်းထုတ်ရဲမလဲ . . . အဲဒါ မှတ်ထား . . . ဘဒ္ဒါဆိုတဲ့ မိန်းမပဲ”
	ဘဒ္ဒါမျက်နှာထက်မှာ မာန်မာနတွေ အရောက်လက်လာကြပြန်သည်။
	“မင်း ပြောသလို ခြေလှမ်းမှားနေတာတွေ ရှိလာခဲ့ရင်လည်း ဒီတစ်ခါ ငါ့အလှည့် . . . ခြေလှမ်းမှားပြီး မှောက်လျက်လဲရမှာ ငါမဟုတ်ဘူး . . .”
	ယက္ခက နှုတ်ခမ်းတွေ ဖိပိတ်ထားရင်း ငြိမ်သက်နေခဲ့သည်။ ပြီးတော့ ဟိုတယ်၏ မြင်နေရ သမျှ မြင်ကွင်းတို့ကို အပေါ်ကနေ ဝေ့ဝဲငေးနေခဲ့ရင်း . . .
	“ကိုယ့်ကိုယ်ကို ယုံကြည်နေတယ်ဆိုရင်လည်း ကောင်းပါတယ် . . အခု သူ့အမေ ရန်ကုန်မှာ ရှိနေတာလားလို့ သောက မေးလာရင် ကျွန်တော် ဘယ်လိုဖြေရမလဲဆိုတာတော့ မဒါပဲ ပြောပါ”
	“ဘာ . . .”
	“ကျွန်တော် မဒါနဲ့လာတွေ့ပြီး စကားပြောနေတာတောင် သူသိချင်သိနေမှာ . . .”
	“ကိုခ . . . မင်းပြောတာတွေ သူစိမ်းဆန်လှချေလား . . . တကယ်ကို အဲဒီလိုတွေဖြစ်လာရင် လည်း မင်း အနေအထိုင် မပိရိတာတွေကြောင့်ပဲ . . .”
	“အားလုံး ဖြစ်လာတဲ့ မကောင်းကျိုးတွေက ကျွန်တော်နဲ့ပဲ သက်ဆိုင်နေတာလား . . .”
	“ငါ မင်းကို အပ်ထားတာပဲ . . .”
	“ဟွန်း . . .”
	ယက္ခက ပြုံးလိုက်ကာ . . .
	“ထင်ပါ . . . မဒါ စွပ်စွဲတာတွေကို သောနဲ့ မဒါ စကားပြောတဲ့အခါ သိလာမှာပါ . . . ကျွန်တော် ဘယ်လိုနေခဲ့သလဲ . . . သော ဘယ်လိုကောင်လေးမျိုးလဲဆိုတာ . . . ”
	ဘဒ္ဒါမျက်ဝန်းတွေမှာ နားမလည်နိုင်ခြင်းတွေ ဖြစ်နေခဲ့၏။ ဒါပေမဲ့ ဘာမှ မမေးပေ . . .။ ယက္ခက အောက်မှာ ငေးနေသည့် မျက်ဝန်းတွေကို မရွေ့လျားဘဲ . . .
	“အခု ဟိုတယ်ပါကင်က ထွက်သွားတဲ့ တက္ကစီ အနီရောင်အစုတ်လေးပေါ်မှာ သော ပါသွားတယ် . . .”
	“ဘာ . . . ”
	“သူ ဟိုတယ်ထဲက ထွက်သွားတာဆိုရင်တော့ . . .”
	“ကိုခ . . . မင်း အဲဒီလောက်ထိ ညံ့ရသလား . . .”
	ဘဒ္ဒါ ထိတ်ထိတ်ပျာပျာ ဖြစ်သွားတော့ ယက္ခမျက်နှာ တင်းသွားခဲ့လျက် . . .
	“ကျွန်တော် ညံ့နေတယ်ဆိုရင်တောင် မင်းထက်မြတ်သောကို မွေးခဲ့တဲ့ မဒါက ပိုသိပါတယ် . . .”
	စကားလုံးတို့က အေးစက်နေခဲ့ပြီး . . .
	“သူ အရမ်းတော်နေလို့ ကျွန်တော် ညံ့သွားတာ မဖြစ်နိုင်ဘူးလား . . .”
	ဘဒ္ဒါ လုံးဝတိတ်ကျသွားခဲ့၏။ ယက္ခ နေရာမှ ခြေလှမ်းပြင်ရပ်ရင်း လေသံကို ပိုနှိမ့်၍ . . .
	“သွေးဆိုတာ ကိုယ်ခန္ဓာမှာ လည်ပတ်နေသရွေ့ အရောင်မမှိန်ဘူး . . . လိုအပ်လာရင်လည်း စကားပြောတတ်တယ် . . .။ မဒါတခြားသူအပြစ်ကိုပဲ ရှာကြည့်နေမယ်ဆိုရင် ကိုယ် ခြေလှမ်းမှား နေတာကို ဘယ်တော့မှ ပြန်မြင်တတ်မှာ မဟုတ်ဘူး . . .”
	ဘဒ္ဒါ ငေးငိုင်ကျန်ရစ်ခဲ့၏။ ယက္ခသည် သူမနဲ့ ကျောချင်းကပ် အတူရှိနေခဲ့သည့် ရဲဘော် ရဲဘက်ကောင်းတစ်ယောက်ပါ . . .။
	သူမ တကယ်ပဲ မှားယွင်းနေခဲ့သည်လား . . .။ သော အပေါ်မှာ သူမ လျှော့တွက်ထားမိ သလား . . . ဝတ္တရားပျက်ကွက်တာတွေ ရှိခဲ့သလား . . .။
	ဒါတွေကို သော တကယ်ပဲ ထုတ်နုတ်ခံစားနေခဲ့သည်ဆိုလျှင် . . .
	“မဒါရဲ့ ထိန်းချုပ်မှုကိုမှ သူ အယုံအကြည်မရှိတော့ရင် ကျွန်တော်တို့ ဘယ်လိုစခန်းသွားကြ မလဲ” တဲ့ . . .။	
	ခြောက်သွေ့လာသည့် လည်ချောင်းထဲမှာ တံတွေး မျိုချလိုက်ပေမယ့် ရှတတ ကျပ်ခဲခဲ . . .။
	သောကို ထိန်းချုပ်မထားနိုင်လို့တော့ မဖြစ် . . .။

××××××
  ××××××
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၃) ကို နောက်တစ်ပတ် တနင်္လာနေ( ၂-၇-၁၈ )့  ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စာရေးဆရာမ သျှင်မရဲ့ “ဂန္ထဝင်ချစ်ထုံး” အခန်းဆက်ဝတ္ထုရှည်ကို တနင်္လာ၊ အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းတွင် ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
…….
“တကယ်လို့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျာ”
“ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့လည်း မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 

Related Posts