သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၄) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက် ဝတ္ထုရှည်
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၄) 

“ဟို . . . ချာတိတ်နဲ့ပတ်သက်ပြီးတော့ပါ . . .”
	“အေး . . . မင်းစိတ်ထဲမှာ မရှင်းလင်းတာတွေကို ငါ မရှင်းပြနိုင်ဘူး . . . ဒါပေမဲ့ ငါ့ရဲ့ စိတ်တွေ ခုချိန်ထိ ထုံထိုင်းဆေးမိနေတုန်းပဲ . . . သူရဲကောင်းနဲ့ ပတ်သက်ရင် မုန်းတယ် . . . ဦးနဲ့ ပတ်သက်လာရင် ဘာဖြစ်ဖြစ် ထားလိုက်တော့ဖို့ပဲ ဖြစ်လာတယ် . . .။ အခု ငါသိချင်တာ ဒီကောင်လေးကို တူးဆွ မွေးမြူခဲ့တဲ့ သူ . . .”
	“ဟုတ်ကဲ့ပါ . . .”
	“ဘဒ္ဒါဆိုတဲ့ ဒီကောင်လေးရဲ့အမေက ဒေါ်ပန်းမြတ်မာလာတို့ စံအိမ်မှာပဲ ရှိလိမ့်မယ် . . .”
	“ဆရာ . . ကျွန်တော် ထင်တာတော့ . . . ဦးသူရိန်တို့ အိမ်ကြီးထဲမှာပဲလည်း ဖြစ်နိုင်တယ် နော် . . . ဒီလောက် အိမ်ကြီးထဲမှာ လူရှိနေမှန်း မနေမှန်း ဘေးလူမသိအောင် ခိုအောင်းနေဖို့က လွယ်လွယ်လေး . . .”
	“ငါတို့ မသိခဲ့တဲ့ အချိန်က ခိုအောင်းနေခဲ့တာ ဖြစ်နိုင်ပေမယ့် သော ထွက်လာတဲ့အချိန်ကစ ပြီး သူတို့ ဆက်ပုန်းနေကြမှာ မဟုတ်ဘူး . . .”
	သျှင်က မျက်ခုံးတွေ တွန့်ကုတ်ထားရင်း ခန့်မှန်းခြေတွေထဲမှာ စူးစိုက်နေ၏။
	သူတို့ရဲ့ ဖုံးကွယ်ကြံစည်နေကြပုံသည် သူရဲကောင်းရဲ့ ကလေးကျန်ခဲ့တယ်ဆိုတာ သူသိခဲ့ လျှင် ‘ကျူပင်ခုတ် ကျူငုတ်မကျန်’ အောင် လိုက်လံ ရှင်းလင်းခံရမှာမျိုး . . .။
	ရာဇဝင်ဆန်ဆန် သွေးကြွေးဆပ်ခြင်းမျိုးနှင့် ကွယ်ရာကနေ ဘယ်လောက်ထိ လက်သီးလက်မောင်းတန်းပြီး ကြိမ်းဝါးနေမလဲ . . .။
	ဒါမှမဟုတ် ဓားတွေ လှံတွေ သွေးရင်း သူ့နာမည်ကို ရေရွတ်ပြီး ကျိန်စာတိုက်နေသလား ..။
	ဒီလူတွေ မျိုသိပ်ကြံစည်နေကြချိန်မှာ ကိုယ်ကတော့ လွမ်းလို့ကောင်းနေတုန်း . . .။
	သျှင့်မျက်နှာမှာ ရီဝေခြင်းတွေအပြင် အေးစက်ခက်ထန်ခြင်းတို့ပါ ရောထွေးနေခဲ့လျက် . . . ပြီးတော့ နှုတ်ခမ်းတွေစေ့၍ ခပ်ဖိဖိအံကြိတ်မိကာ . . .
	“ငါတို့ မသိပေမယ့် သူတို့က ငါတို့နားမှာ ရှိနေကြတယ် . . . သူရဲကောင်းရဲ့ဇနီးဆိုတာကို မသိခဲ့တာကိုက ဒါ သူတို့ရဲ့စာမျက်နှာပဲလေ . . .”
	သဘာဝတရားကို ရေရွတ်နေပေမယ့် ဒါသဘာဝမဆန်ဘူးဆိုတဲ့ အသိက စဉ်းစားမိတိုင်း ကြက်ခြေခတ်နေခဲ့သည်။
	“ငါ စဉ်းစားလို့မရတာက သူရဲကောင်းနဲ့ပတ်သက်တဲ့နောက်က တစ်စိတ်တစ်ပိုင်းကို ငါ ဘာဖြစ်လို့ ရေးရေးလေးတောင် တွေးလို့မရတာလဲ . . .”
	“ဟုတ်တယ် . . . ကျွန်တော်တို့ရောပဲ . . .”
	သူတို့ အထင်ကြီးလေးစားခဲ့သည့် သျှင့်ရဲ့ အရည်အချင်းကောင်းများစွာထဲမှာ မျက်မှောင် တစ်ချက်ကြုတ်၍ တွေးကြည့်လိုက်တာနှင့် ပြေးကြည့်တာထက် မှန်အောင် တွေးခေါ်နိုင်စွမ်းသည့် အချက်လည်းပါ၏။
	ယခုကဲ့သို့ သျှင် ကိုယ်တိုင် ခက်ခဲနေရသည့် အဖြစ်မျိုးဟာ ကြုံခေါင့်ကြုံခဲပါ . . .။
	“ဒေါ်ပန်းမြတ်မာလာတို့ အိမ်ကြီးထဲမှာ ဒေါ်ပန်းမြတ်မာလာရဲ့အမေ . . . အဘွားတွေ လက်ထက်တည်းက ထိန်းသိမ်းချုပ်နှောင်ဖို့အတွက် ရှိခဲ့တဲ့ လျှို့ဝှက်ခန်းတွေရှိတယ် . . . အကျဉ်း ထောင်လိုမျိုးပဲ . . . ဒါပေမဲ့ စံအိမ်ကြီးရဲ့ သုံးပုံတစ်ပုံလောက်ကို အဲဒီအတွက် ကန့်သတ်ပြီး ဆောက်ထားတာလို့ ပြောတယ် . . .”
	“ဆရာ . . . ဆရာ့ကို အဲဒီလောက် အတိအကျ . . .”
	“ရေ လိုချင်ရင် ရေ ပါလာဖို့ပဲ . . . ဘာနဲ့ခပ်ခပ် ဘယ်လိုသယ်သယ်ပေါ့ . . .”
	တီလုံး ထပ်မမေးရဲတော့ပေ . . .။ ဒါပေမဲ့ သျှင်က ခပ်ဖြည်းဖြည်း လျှောက်သွားရင်း စီးကရက်နဲ့မီးခြစ် ထုတ်ကိုင်ရင်း . . .
	“လူတွေနဲ့ ပတ်သက်သမျှ ထာဝရ လျှို့ဝှက်ထားနိုင်တဲ့ အကြောင်းကိစ္စဆိုတာ မရှိဘူး . . . အထူးသဖြင့် ထုထည်ခိုင်ခံ့ခဲ့တဲ့ အဆောက်အအုံတစ်ခုကို အပြင်က ဘာမှ မသိနိုင်ပေမယ့် အဲဒါ ပြိုပျက်သွားတဲ့အခါ သူ့ရဲ့ဖွဲ့စည်းပုံတွေ ပေါ်လာတာပဲ . . . အတိတ်မှာ ခြေရာရှိတယ် . . .”
	အဲဒါ ပြိုပျက်မသွားခဲ့ရင်တော့ ဘယ်လိုဖွဲ့စည်းထားတယ် ဆိုတာကို မသိနိုင်တော့ဘူးပေါ့ . . .။
	တီလုံးရဲ့ အတွေးထဲမှာ မေးခွန်းနဲ့ ခရီးဆက်သွားခဲ့သည်။
	“သင်္ခါရလောကထဲမှာ ထာဝရ မပျက်စီးနိုင်တဲ့အရာ မရှိဘူး . . .”
	“ဟင် . . .”
	တိတ်တိတ်လေး တွေးနေသည့် ကိုယ်က ဆတ်ခနဲ ဖြစ်သွားသည်။
	သျှင်က စီးကရက်မီးညှိရင်း သူ့ကို ကြည့်သည်။ ပြီးမှ စီးကရက်ကို နှုတ်ခမ်းက ဖြုတ်၍ . . .
	“တစ်နဲ့နှစ်နဲ့ ပေါင်းရင် သုံးရမယ်. . . ဒါပဲတွေး . . . ။ တစ်ထဲက နှစ်ကို နုတ်လို့ ရမလား . . . မရဘူးလား . . . မနုတ်နိုင်ရင် ဘယ်က ချေးမလဲ . . . ဘယ်လို နုတ်မလဲဆိုတာတွေ ဘာမှ အလုပ်ရှုပ် ခံပြီး တွေးဖို့မလိုဘူး . . . ။ မင်း အခု ငါပြောတာကို နားထောင် . . .”
	“ဟုတ်ကဲ့ ဆရာ . . .”
	“ငါတို့ ကိုယ့်ကိစ္စကိုယ် လုပ်မယ် . . . မင်းအောင်ဘော်ကို ပြောပြခဲ့တာတွေ . . . မလိုအပ်တာ က အဲဒါပဲ . . .”
	“ဆရာ . . .”
	“မပြောနဲ့တော့ . . . အဲဒါကို မင်း ထားလိုက် . . . အောင်ဘော်က မိသားစု ရှိတယ် . . . ဒါတွေနဲ့ ဘာမှမရှုပ်ထွေးစေနဲ့ . . .။ သူနဲ့ သက်ဆိုင်တော့တဲ့ကိစ္စလည်း မဟုတ်ဘူး . . .”
	“ဟုတ်ကဲ့ပါ ဆရာ . . . ကျွန်တော် ပြောမိတာကလည်း သူ့သမက်နဲ့ သောက နှစ်ကိုယ့်တစ် စိတ် ပေါင်းနေကြတော့ သိထားသင့်တယ် ထင်လို့ပါ . . . ။ သူ့အတွက်လည်း ပါပါတယ် . . . ဘာတစ်ခုမှ ကျွန်တော် မခိုင်းခဲ့ဘူး . . .”
	“အေး . . . မခိုင်းနဲ့ . . . ။ သောရဲ့အမေဆိုတာနဲ့ ပတ်သက်ပြီး အဲဒီစံအိမ်ကြီးကို မင်း စောင့်ကြည့်ရမယ် . . .”
	တီလုံးက ခေါင်းညိတ်နေသည်။
	နောက်ထပ် ညွှန်ကြားသမျှကို အားလုံး မှတ်သားပြီး သျှင်ပေးတာတွေကိုလည်း သေချာ ထုပ်သိမ်း၏။
	“ဟိုကောင်တွေကို ခိုင်းသင့်တာ ခိုင်း . . . နေရာတကာ မင်း ကိုယ်ယောင်မပြနဲ့ . . .”
	“ဟုတ်ကဲ့ပါ . . . ”
	“ငါ ဟိုကောင့်သတင်း သေချာ ကြားထားတယ် . . . ခရစ္စမတ်ညကလည်း ပန်းဆိုးတန်း ထိပ်မှာ မြင်လိုက်သလိုပဲ . . .”
	“ဟင် . . . တာနောကိုလား ဆရာ . . .”
	“မသေချာဘူး . . . ဒါပေမဲ့ ငါ မြင်လိုက်မှ ပျောက်သွားတဲ့ပုံက သူပဲဖြစ်ဖို့များမယ် . . . ငါ ဒီကောင့်ကို မဖမ်းနိုင်သရွေ့ တခြား ဘာကိစ္စကိုမှ ဂရုမစိုက်နိုင်သေးဘူး . . .”
	ကိုယ် ယုံကြည်အားထားခဲ့သည့် လက်ရုံးတစ်ယောက် . . .။
	ဒီလိုလူက သစ္စာဖောက်သွားတာ မယုံနိုင်စရာ မရှိပါ . . .။
	ဒါပေမဲ့ လိမ်တဲ့လူထက် အလိမ်ခံလိုက်ရခြင်းက ကိုယ်ညံ့လို့ပဲ ဖြစ်သည်။
	အခြေအနေတွေ အပြင်းထန်ဆုံး ဖြစ်နေခဲ့သည့်အချိန်မှာ သစ္စာဖောက်ခြင်းအလုပ်ကို ပြောင် မြောက်စွာ လုပ်သွားခဲ့သည်။
	ကိုယ့်ဘက်မှာ ဆုံးရှုံးမှုများစွာနှင့် အောင်နိုင်ခြင်းသရဖူကို ခေါင်းငိုက်စိုက်နဲ့ ခံယူနေရချိန်မှာ တာနောတို့ စိတ်ရှိသလောက် ပြေးခွင့်ရသွားခဲ့၏။
	ပြီးတော့ သူ့စိတ် သူ့ကိုယ်ခန္ဓာ ဗုန်းဗုန်းလဲခြင်းသို့ ရောက်လာတာကိုမှ စိတ်မဝင်စားနိုင်ခဲ့ တာလည်း နှစ်ပေါင်းများစွာပါ . . .
	တာနောကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်ခဲ့ခြင်းသည် ကိုယ့်ရဲ့လုပ်ငန်းများစွာကိုပါ ထိခိုက်ဖြိုလှဲ ၍ အောင်နိုင်သူလို အလံထူသွားခဲ့တာတွေကြောင့် ဖြစ်သည်။
	တကယ်က မင်း သစ္စာဖောက်လို့ ရသွားတာ မဟုတ်ဘူး . .  သစ္စာဖောက်ခွင့် ပေးလိုက်တာ..
	ခုကစပြီး အားလုံးအတွက် မင်း ပြန်ပေးရတော့မယ် . . ။
	မနက်ဖြန် . . . သို့မဟုတ် တစ်နေ့နေ့ . . .။
××××××
အခန်း (၃၄)

	ကားပျက်သွားပြီဆိုတာ သိလိုက်သည်နှင့် နာရီကြည့်မိသည်။ သူမအတွက် အချိန်တွေ ဘာဖြစ်လို့ ဒီလောက်တောင် ချို့တဲ့ ဆင်းရဲနေရတာလဲ . . .။
	ကားပေါ်ကဆင်းရင် ဘေးဘီကို လှည့်ပတ်ကြည့်မိသည်။
	ကားတွေ လူတွေ မပြတ်တမ်း သွားလာနေကြသဖြင့် ချိန်းထားသည့်အချိန်မီ အကူအညီ ရဖို့တော့ မျှော်လင့်ချက်ရှိသေးသည်။
	ဒါပေမဲ့ သူမ ကားကို ဒီတိုင်း ထားခဲ့လို့လည်း မဖြစ်သေးပေ . . .။ ကားက တံခါးအလုံ လော့ခ်ချလို့မရ . . .။
	ဒီကားကို ဘာဖြစ်သလဲ ဆိုတာလောက်တော့ ကိုယ့်ဘာသာကြည့်ပြီး အကူအညီတောင်းဖို့ ကြိုးစားရမည်။
	“တီ . . .”
	“အမေ့ . . .”
	စက်ခန်းကို ငုံ့ကြည့်နေမိစဉ် အနားကပ် ဟွန်းတီးလိုက်သဖြင့် မို့ကိုယ်လေး တွန့်ခနဲ ဖြစ်သွား ၏။
	လှည့်ကြည့်လိုက်တော့ ခဲရောင် လင့်န်ခရူဇာတစ်စီးက သူမကားနောက်မှာ ထိုးရပ်သွားကာ ဆင်းလာသူတွေက သူမ မမြင်ချင်ဆုံး လူသုံးယောက် . . .။
	“ကားပျက်နေတာလား သဒ္ဒါပိုမို . . .”
	မိုက မဖြေပါ . . .။
	ဆင်းလာကြသည့် မျက်နှာတွေအရ . . .။ ထို့ပြင် ဖြစ်ပျက်သွားပြီးသည့် ကားတိုက်မှုနှင့် ပတ်သက်ခြင်းအရဆိုလျှင် ဒီလူတွေ ကောင်းသောလာခြင်း မဖြစ်နိုင် . . .။
	အသက်ဝဝရှူ၍ သူတို့ ခြေလှမ်းတွေကို အကဲခတ်နေမိစဉ် ဖုန်းသံ မြည်လာ၏။
	ထို့ကြောင့် ကားထဲက ဆလင်းဘက်ခ်ကို လှမ်းယူ၍ ဖုန်းကိုထုတ်ယူပြီးမှ ပခုံးမှာ ချိတ်လိုက် ကာ . . .
	“ဟယ်လို . . . ”
	“သဒ္ဒါပိုမို . . . မင်း အခုဘယ်မှာလဲ . . .”
	“ရှင်က ဘယ်သူလဲ . . .”
	“ငါ့ကို မင်းမေးစရာမလိုဘူး . . . အခု မင်းတို့ လုပ်ကြံကြတာ ငါ့သမီးသေပြီ . . .။ ငါ့သမီး နီလာဆင့် . . .”
	“ဟင် . . . ဘယ်လို အန်ကယ် . . . အန်ကယ် ပြန်ပြောစမ်း . . ရှင် . . . အန်ကယ်က ဦးအောင်ဘော်လားဟင် . . .”
	မို ဖုန်းပြောနေတာကို ကြည့်၍ ရောက်လာသည့် သုံးယောက်မျက်နှာမှာ စိတ်ပျက်ခြင်းတွေ ပြည့်သိပ်နေကြ၏။
	သူတို့ရောက်လာမှ ပြဿနာထဖြစ်ခြင်းကို မယုံသင်္ကာသလို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ အချက်ပြတိုင်ပင်နေကြတာကိုလည်း မိုကမသိ . . .။
	“ကျွန်မ မောင်လေးလည်း ပါနေတာပဲ . .  အန်ကယ် ဘာဖြစ်လို့ တပ်အပ်ကြီး စွပ်စွဲနေတာလဲ . . .”
	“ဟေ့ . . . မင်းနဲ့ သောဆိုတဲ့ကောင် ပူးပေါင်းကြံစည်တာ . . . သန်းမြတ်ဇော်မျိုးနဲ့ သူရဲကောင်း အုပ်စုပေါင်းပြီး . . . မင်းတို့ . . . မင်းတို့ကို ငါမကျေဘူး . . . ။ အခု မင်းအမေ မရှိဘူးမို့ လား . . . ဒါကို အကွက်ကျကြံစည်ပြီး ရှောင်ထွက်နေတာ . . . ပြီးတော့မှ မသိရပါဘူး ပြောချင်လို့..”
	“အန်ကယ် ထင်ရာတွေ ပြောမနေပါနဲ့ . . . မေမေက အဘွားရက်လည်သွားတာ နှစ်ရက် ရှိပြီ . . .”
	“အေး . . အခု မင်းရှိရင် မင်း လာခဲ့ . . . မင်းနဲ့ပဲ ရှင်းမယ် . . . ငါ့သမီးသေရတဲ့အတွက် မင်းတို့ ထပ်တူပြန်ရစေရမယ် . . . မှတ်ထား . . .”
	“အန်ကယ် . . . အန်ကယ် . . . နေဦး . . . ဘယ်ဆေးရုံမှာလဲ ပြောဦးလေ . . .”
	မို ဖုန်းကိုင်ရင်း ပျာယာခတ်နေကာ ပြန်ခေါ်ဖို့ ပြင်လိုက်တော့ တစ်ယောက်က ဖုန်းကို ဆတ်ခနဲ ဆွဲယူသွား၏။
	“ရှင်တို့ ဘာလုပ်တာလဲ . . .”
	“မင်းနဲ့ ရှင်းစရာရှိတယ် . . . အခု ခဏလိုက်ခဲ့ . . .”
	“ဘာလို့ လိုက်ရမှာလဲ . . . ဘာကိစ္စနဲ့လဲ . . .”
	“မင်းတို့ ဆရာတပည့် နှစ်ယောက်စလုံးကိုခေါ်တာ . . . ဦးထင်ပေါ်က ရောက်နေပြီ . . .”
	“ဟင် . . .”
	မို ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
	သို့သော် ဒါက သူများနဲ့ ပတ်သက်သည့်ကိစ္စ . . .။ မောင်လေးနဲ့ ဆင့်တို့ ဆေးရုံရောက်နေ သည့်ကိစ္စက အရေးတကြီးရှိနေ၏။
	“ကျွန်မမောင်လေး ကားအက်ဆီးဒင့်ဖြစ်လို့ ဆေးရုံရောက်နေတယ် . . . ဖုန်းပြန်ပေးပါ . . .”
	“ငါတို့လည်း အရေးကြီးတယ် . . . မင်းတို့ရဲ့အပြီးသတ် လျှောက်လဲချက်မတင်ခင် ငါတို့ ရစရာရှိတာတွေ မင်းတို့ဆီက ရမှဖြစ်မှာ . . .”
	မို စိတ်ဆိုးသွားသည်။
	“ရှင်တို့ လူမှုရေး ခေါင်းပါးလှချေလား . . . ကျွန်မက သေရေးရှင်ရေးကိစ္စဖြစ်နေတာ . . .”
	“ငါတို့အတွက်လည်း သေရေးရှင်ရေးထက် အရေးကြီးတယ် . . . ဒီမှာ သဒ္ဒါပိုမို . . . မင်း အခု မလိုက်ဘူးဆိုရင် မင်းတို့ လက်ခံခဲ့တဲ့ ငွေတွေနဲ့ပတ်သက်ပြီး . . .”
	“အဲဒါတွေက ဆရာက ရှင်တို့ကို ပြန်ပေးပြီးပြီ. . .”
	“သူ ပြောတာလား . . .”
	မို ကြောင်အမ်းအမ်းဖြစ်သွားသည်။ သူတို့သုံးယောက်စလုံး၏ မျက်နှာတွေမှာ လှောင်ပြုံးတို့ နှင့် . . .
	“မင်းဘဝ . . မင်းသိက္ခာက အခု မင်းရှေ့မှာ ရပ်နေတဲ့ လူသုံးယောက်က ဆုံးဖြတ်မှာနော် . . . မင်းမောင်အတွက် စိတ်ပူလို့ မင်းသာ အလွတ်ရုန်းသွားမယ်ဆိုရင် . . .”
	“တီ . . .”
	ဝင်လာတာက ဆိုင်ကယ်တစ်စီးဖြစ်ကာ ဟဲလ်မက် ဆောင်းထားပေမယ့် သောကို မို သိနေသည်။
	ထို့ကြောင့် ဝမ်းသာသွားကာ . . .
	“သော . . .”
	ဘယ်တုန်းကမှ မရင်းနှီးခဲ့တဲ့ တရင်းတနှီးခေါ်မိရင်း . . .
	“မောင်လေးနဲ့ ဆင့်တို့ ကားအက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံရောက်နေကြတယ် . . .”
	သောကလည်း သိပုံမပေါ်ပေ . . .။ ဟဲလ်မက်ကိုချွတ်၍ မျက်မှောင်ကုတ်ထားသည့် မျက်နှာ နှင့် ဟိုလူတွေကိုပါ လှမ်းကြည့်သည်။
	“မင်းက ဒီမှာ ဘာလုပ်နေတာလဲ . . .”
	သော မျက်နှာလေး ပြောင်းသွားကာ လူသုံးယောက်ကို မကျေမနပ် လှည့်ကြည့်၏။ ပြီးမှ …
	“ရှင် ကျွန်မကို ဆေးရုံလိုက်ပို့ပေးနိုင်မလား . . . ကျွန်မ ကားပျက်နေလို့ . . .”
	“ကားပျက်တာကို ပြင်ဖို့ ခေါ်ထားတာလား . . . သုံးယောက်တောင်လိုလို့လား . . .”
	“ဟေ့ . . . မင်း ဘာစကားပြောတာလဲ . . .”
	အလယ်လူက ရှေ့တစ်လှမ်းတိုးကာ လက်တစ်ဖက် ဆန့်ထွက်လာတော့ ထိုလက်မှာ အနက်ရောင် ဖုန်းသေးသေးလေးကို ကီးချိန်းတန်းလန်းလေးနဲ့ မြင်လိုက်၏။
	ဒီလောက် ဖုန်းလေးကို ဒီလိုလူတွေက ကိုင်မှာ မဟုတ်ပေ. . .။ လှမ်းမြင်လိုက်တည်းက ဒါ မို့ ဖုန်းပဲဆိုတာ သူသိလိုက်သည်။
	ထိုသူကလည်း ဖုန်းကို သောကကြည့်တာ သိလိုက်သည်နှင့် မျက်နှာပျက်သွား၏။ ဖုန်းကိုင် သည့်လက်ကို နောက်ပစ်ထားလိုက်သလို . . .။ သောက ဆိုင်ကယ်ပေါ်က ဆင်းလာ၏။
	“ကျုပ်က ဝပ်ရှော့ခေါ်ထားတာ မှတ်လို့ပါ . . . ဒါဆို ခင်ဗျားတို့က ဘာလုပ်နေကြတာလဲ”
	“နေပါဦး . . . မင်းက ဘာမို့လို့ ငါတို့ကို မေးခွန်းထုတ်နေတာလဲ . . . ။ ဒီမိန်းကလေးနဲ့ ငါတို့ ရှင်းစရာကိစ္စရှိတယ် . . . အဲဒီတော့ သူ့ကိုယ်စား မင်း လုပ်ပေးစရာကိစ္စရှိရင် လုပ်ပေးလိုက် . . . ဒါပဲ . . .”
	“အို . . . သေရေးရှင်ရေးဖြစ်နေတဲ့ကိစ္စ ကိုယ်စားလွှတ်လို့ ရမလား . . . ရှင်တို့ ဘယ်လောက် အရေးကြီးနေနေ . . . ကျွန်မ ဂရုမစိုက်နိုင်ဘူး . . . သော . . . ကျွန်မကို ဆေးရုံလိုက်ပို့ . . .”
	မိုက ဇွတ်ထွက်သည်။ တစ်ယောက်က တားဆီးဖို့ ပြင်၏။ သောက မို့လက်တစ်ဖက်ကို ဖျတ်ခနဲ ဆွဲလိုက်သဖြင့် သူ့နောက်ကို ပို့လိုက်ပြီးသား ဖြစ်သွားကာ . . .
	“ဒါ ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူး . . .”
	“အေး . . . မင်းကိုယ်မင်းလည်း မင်းသားလို့မထင်နဲ့ . . .”
	“ခင်ဗျားတို့ကတော့ လူကြမ်းရုပ်တွေပေါက်နေတာ သေချာတယ် . . . ဒါပေမဲ့ တစ်ခုရှိတာက ရုပ်ကြမ်းကြီးနဲ့ ခြောက်တိုင်း ကျုပ်က မကြောက်တတ်ဘူး . . .”
	ပြောပြီး ဆိုင်ကယ်ပေါ် ခွထိုင်လိုက်ကာ ဆောင့်နှိုးပစ်၏။ ပြီးမှ နောက်မှာ မို ဝင်ထိုင်လိုက် တာကို ပြန်ငဲ့ကြည့်ကာ . . .
	“လာဘ်ပေးလာဘ်ယူကိစ္စတွေက ဘယ်နေရာဖြစ်ဖြစ် ပေးသူရော ယူသူရော အပြစ်ရှိတယ် . . . ရှေ့နေ အမျိုးသမီးဆီမှာ ဖုန်းကိုပါ ယူထားပြီး ခြိမ်းခြောက်နေတာဆိုတော့ . . .”
	“ဟေ့ . . . မင်း ဘာကောင်လဲကွ . . .”
	“ခင်ဗျားတို့ကို သိနေတဲ့လူ . . .”
	ဖုန်းကိုင်ထားသူက ရှေ့ထွက်လာကာ အံကြိတ်သံနှင့် . . .
	“ဒါဆို . . . မင်းနောက်က ရှေ့နေမကို အရင်ထောင်ချဖို့လုပ် . . . ငွေကို သူယူထားတာ . . .”
	“မဟုတ်ဘူး . . . လုံးဝမဟုတ်ဘူး . . . ဆရာ့ကို သူတို့ ဒီတိုင်းလိုက်ပြီး ခြိမ်းခြောက်နေတာ ”
	မို့ရဲ့အသံလေး ထွက်လာတော့ သူနားထောင်နေသည်။ ပြီးမှ . . .
	“ဘာဖြစ်ဖြစ် နောက်မှ ရှင်း . . . ခင်ဗျားတို့နဲ့ ကားနံပါတ်ကို ကျွန်တော် မှတ်မိတယ် . . .”
	“နေဦး . . နေဦး . . ဟေ့ . . .”
	ဆိုင်ကယ် ဘီးလှိမ့်နေကာမှ တလွှားလွှား ပါလာပြီး ဖုန်းပစ်ပေးသည်။
	သောက ဖမ်းယူလိုက်ပြီး ဆိုင်ကယ်ကို ဝေါခနဲ ပြန်ဝိုက်ကာ ထိုသူသုံးယောက်ဆီ တည့်တည့်ပြန်ဝင်၏။
	သုံးယောက်စလုံး မထင်မှတ်ဘဲ ဝရုန်းသုန်းကား ရှောင်လိုက်ကြရင်း အလဲလဲ အပြိုပြိုတွေ ဖြစ်ကျန်ရစ်လေသည်။
	“ရှင် တော်တော် ရန်လိုတဲ့လူပါလား . . . ဒီမှာ အရေးကြီးနေရတဲ့အထဲ . . .”
	“မင်း အရေးကြီးတာ . . . ငါ ကြီးတာမှ မဟုတ်တာ . . .”
	“သိတယ် . . . ရှင်က စွဲကို အသုံးချရုံလေး ပေါင်းခဲ့တာလေ . . . သူ့အတွက် ရှင် ဘယ်အရေးကြီးမလဲ . . .”
	“မင်းမောင် ခြေကျိုးလက်ကျိုးရုံထက် မဖြစ်ဘူး . . .  သေတာက နီလာဆင့် . . .”
	ဟင် . . .
	ပြောတုန်းကတော့ သူ့ပုံစံက ဘာမှ မသိသေးသလိုပါလား . . .။
	“ရှင် သိတယ်ပေါ့ . . . ဟုတ်လား . . .”
	“သိတယ် . . . ငါ့ကောင်တွေပဲ ဆေးရုံတင်ပေးလိုက်ကြတာ . . .”
	ကြည့်စမ်း . . .။
	ဒါဆို ဦးအောင်ဘော် ပြောသလို သင်း တကယ်ပဲ လုပ်ကြံလိုက်တာလား . . .။
	“သော . . . ရှင်က ဦးသူရဲကောင်းရဲ့သားဆိုတာ ဟုတ်လား ဟင် . . .”
	“ဘာ . . .”
	“အား . . .”
	ရုတ်တရက် ဆိုင်ကယ်ကခါသွားလျှင် မိုထိတ်လန့်ကာ သူ့ခါးကို သိမ်းကျုံးဖက်လိုက်မိ၏။
	“ရှင် ဘာဖြစ်တာလဲ . . . ကံကောင်းလို့ ဒီမှာ ပြုတ်ကျတော့မလို့ . . .”
	“မင်းကို အဲဒီနာမည် ဘယ်သူထည့်ပြောလိုက်တာလဲ . . .”
	“ဆင့်ရဲ့အဖေပေါ့ . . . ရှင်နဲ့ ကျွန်မ ပေါင်းကြံပြီး ဆင့်ကို သတ်တာလို့လည်း ပြောသေးတယ် . . .။ ကျွန်မ ကားပျက်သွားတုန်း ဟိုလူတွေကလည်း ရောက်လာ . . . အဲဒီဖုန်းကလည်း ဝင်လာ တယ် . . . တကယ်ကျွန်မ ဘာမှမသိခဲ့တာတွေကို ဝိုင်းစွပ်စွဲကြတာ . . . ဘာလုပ်ရမှန်းကို မသိတော့ ဘူး . . .”
	အက်ဆီးဒင့်ကိစ္စနှင့် ဟိုလူတွေကို ထိတ်လန့်ရတာတွေရောကာ မို ခုမှပဲ ဝမ်းနည်းဖို့ သတိရ တော့သည်။
	ပြောနေရင်း ငိုချင်စိတ်တွေ ပေါက်လာတာ မျက်ရည်တွေ လက်မတို့ရဘဲ ဝေ့တက်လာ၏။
	“သော . . . ရှင် အဲဒါ ဟုတ်နေသလားဟင် . . . ဦးအောင်ဘော်က အတင်းစွပ်စွဲနေတာ . . . သန်းမြတ်ဇော် အုပ်စုနဲ့သူရဲကောင်း အုပ်စုပေါင်းကြံကြတာတဲ့ . . .”
	သော အသံတိတ်နေခဲ့၏။ သူ တွေးနေခဲ့တာလည်း ဒီအကြောင်းကိုပဲ ဖြစ်သည်။ သူ့ကိုယ်သူ ဘယ်သူဘယ်ဝါ့သားပါဆိုကာ ဘယ်တစ်ယောက်ကိုမှ မပြောမိခဲ့ပါ . . .။
	ဦးအောင်ဘော်က ဖော်ခဲ့သည်ဆိုတော့ နှုတ်ခမ်းမဲ့ မဲ့ပြုံးတစ်ချက်ဖြစ်၏။
	ဒီလူတွေ လျှော့တွက်လို့မရဘူးပဲ . . .။
	“ပြည့်သျှင် . . . ခင်ဗျားရဲ့နားတွေ မျက်စိတွေ အားကောင်းသားပဲ . . . မဆိုးဘူး . . .”
	နှုတ်ခမ်းတို့ကို ဖိပိတ်အံကြိတ်ရင်း အသံတိတ်စကားတွေ ဆိုနေမိ၏။ ခုလောက်ဆို သူရဲကောင်းရဲ့သား သင်းတို့ကို ကိစ္စတုံးဖို့ ပြန်လာပြီဆိုတာ သူတို့ အားလုံး သိပြီးပြီပေါ့ . . .။
	အချင်းချင်း တပ်လှန့်နှိုးဆော်ပြီး ဘယ်လို ဟာကွက်တွေကနေ အလစ်ချောင်းနေပြီလဲ . . .။
	“သော . . .”
	“အင်း . . . ပြော . . .”
	“ရှင့်ကို ကျွန်မ မေးနေတာ . . .”
	“မင်း မေးတိုင်း ဖြေရအောင် ငါက မင်းရဲ့အမှုသည်မှ မဟုတ်တာ . . .”
	“ရှင် အဲဒီလို မပြောနဲ့လေ . . . ကျွန်မကလည်း ရှင်နဲ့ ပြောဆိုကောင်းလွန်းလို့ ရှာကြံပြောနေ တယ် ထင်နေသလား . . .”
	“ဘယ်သိမလဲ . . .”
	“ရှင် နော် . . .”
	ဆိုင်ကယ်က လမ်းကြိုလမ်းကြားတွေထဲ ဟိုကဝင် ဒီကထွက်လုပ်နေသဖြင့် စကားပြော ရင်း သူ့ကို ဖက်ထားတာကိုလည်း မလွှတ်ရဲ . . .။
	“တောက် . . . ရပ်တော့ . . . ကျွန်မဆင်းမယ် . . .”
	“မရပ်နိုင်ဘူး . . . မင်းကို ဆေးရုံပို့ပြီးရင် ငါ့မှာလည်း သွားစရာတွေ ရှိသေးတယ် . . .”
	“မပို့နဲ့ . . . မလိုဘူး . . . ရှင်နဲ့ကျွန်မ ဆေးရုံကို အတူတူသွားလို့လည်း မဖြစ်ဘူး . . . တော်ကြာ ဦးအောင်ဘော်ဆိုတဲ့ လူကြီး ကျွန်မကို တစ်ခါတည်း လည်ပင်းထညှစ်တော့မှာ . . .”
	“ငါ မပါလည်း မင်းကို လည်ပင်းညှစ်မသတ်ဘူး ပြောနိုင်လို့လား . . .။ မင်းကို ဖုန်းဆက် တည်းက အသက် အစားပြန်ယူဖို့ ပြင်ဆင်ထားပြီးလောက်ပြီ . . .”
	“အို . . . အဲဒီလောက်တော့ မဖြစ်နိုင်ပါဘူး . . .”
	ပြောလိုက်ရပေမယ့် ထိတ်ခနဲ ဖြစ်သွားတာ ကိုယ့်ဘာသာ သိနေသည်။
	“ငါ့သမီး သေရတဲ့အတွက် မင်းတို့ ထပ်တူပြန်ရစေရမယ် . . . ”လို့ ကြိမ်းဝါးခဲ့တာ . . .။
	သူ ပြောသလိုများ ဖြစ်နိုင်မလား . . ။
	“ကိုင်ထား . . .”
	“အမေ့ရေ့ . . .”
	ပြောတာကို ကြားလိုက်ပြီး သတိထားဖို့ အချိန်မရလိုက်ပေ . . . လူက လွှဲရိုက်ခံရသလို ဖြစ်သွားကာ သူ့ကိုသာ သေလုမြောပါး ဖက်မထားလိုက်လျှင် ပြုတ်ကျသွားမှာ ကျိန်းသေ . . .
	“ရှင့်ကိုယ်ရှင် ရေလွှာလျှောစီးနေတယ်များ မှတ်နေသလား . . . မြို့ပေါ်မှာ ဆိုင်ကယ် မစီးရဘူးဆိုတာလည်း . . အား . . .”
	“စကားမများနဲ့ . . . မင်း ပြုတ်ကျသွားလည်း ငါက ပြန်ကောက်မှာ မဟုတ်ဘူး . . ”
	ပြောပုံက တမင် အချဉ်ဖောက်ထားတဲ့ အသံကြီးနဲ့ . . .
	လူကို တမင်ရွဲ့နေတာ . . .။
	ဒီပုံအတိုင်းဆို ဆေးရုံရောက်နေတဲ့လူက မသေဘဲ ကိုယ်သာသေဖို့ နီးစပ်နေရသဖြင့် . . .
	“ကျေးဇူးတင်ပါတယ် ကိုမင်းထက်မြတ်သော . . . ဆိုင်ကယ် ရပ်လိုက်ပါတော့ . . . ရှင့်နောက်က လိုက်ရတာ ရဲဖမ်းလို့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကို ရောက်မလား . . . အရေး ပေါ်ရောက်မလား မတွေးရဲဘူး . . . ။ ကျွန်မဘာသာ ဦးအောင်ဘော် သတ်လို့ သေရင်လည်း သေပေ့စေ . . . တစ်ယောက်တည်း သွားပါရစေ . . .”
	“မရဘူး . . . မင်းကို လိုက်ပို့ဖို့ ဆုံးဖြတ်ထားတယ် . . . ဆေးရုံနားမှာ အနီးဆုံးချပေးမယ် … ဒါဆို မဖြစ်ဘူးလား . . .”
	“ဪ . . . ရှင် ဆုံးဖြတ်ထားတဲ့လမ်းမို့လို့ ကျွန်မက လိုက်ကို လိုက်ရမယ်ပေါ့ . . .”
	“ဟုတ်တယ် . . .”
	ဒီတစ်ခါ သော ရယ်ချင်နေသဖြင့် ကြောင်တောင်တောင် ပြန်မေးသည့် သူမ မေးခွန်းကို တမင် ရွဲ့ဖြေကာ . . .
	“မင်း ပေါက်ပေါက်ဖောက်နေဦးမယ်ဆိုရင် ဆုံးဖြတ်ချက်က တခြားခေါ်သွားဖို့ ဖြစ်သွားနိုင် တယ် . . .”
	“ဘာ . . .”
	“အဲဒါကြောင့် . . . စကားမများနဲ့ . . .”
	“ဒါဆိုလည်း ကျေးဇူးပြုပြီး ဖြည်းဖြည်းမောင်းစမ်းပါ . . . ရှင့်ပုံစံကြည့်ရတာ မိန်းကလေး တစ်ယောက်က ဖက်တာကို တမင်အရသာခံချင်လို့ လုပ်ကြံဖန်တီးနေတာတော့ ဟုတ်ပုံ မရပါဘူး ..”
	မိုက တမင်တကာ အနာပေါ်တုတ်ကျသွားအောင် ပြောသည်။ သော မျက်နှာ တင်းခနဲ ဖြစ်သွားပေမယ့် မဲ့ပစ်လိုက်ပြီး . . .
	“အင်း . . . မင်းက သိနေပြီဆိုတော့လည်း ပိုကောင်းသွားတာပေါ့ . . . အဆင်ပြေအောင် ကိုင်ထားနော် . . . ကိုယ်ကတော့ အိုကေတယ် . . .”
	“ဟင် . . . ဘာ . . .”
	“လူမမာက စိတ်ပူစရာမှ မရှိတာ . . . အေးဆေးပေါ့ . . .”
	“အို . . . မလုပ်နဲ့လေ . . . ရှင်နော် . . .”
	ဆိုင်ကယ်သည် ဖြောင့်ဖြူးနေသော လမ်းချောတစ်ခုပေါ် ဦးမော့တက်သွား၏။ ပြီးတော့ ဘယ်ဝယ်ဘယ်ဆီကို ဦးတည်နေမှန်း မသိ . . . ။
	“သော . . .”
	“ဘာလဲ . . .”
	ဆိုင်ကယ်က တအားပြေးနေတော့ စကားအော်ပြောနေရတာ အလုပ်ရှုပ်လျက် . . .။ ကျော ကုန်းကြီးကို ထုရိုက်ပစ်ချင်တာလည်း လက်ကမအား . . .။
	လွှတ်လိုက်ဖို့ နေနေသာသာ သူပြောသည့်အတိုင်း ကျောနဲ့ မို့ ရင်ဘတ်လေး တစ်သားတည်း လို ဖြစ်နေခဲ့ပြီး ဖက်တွယ် ဆုပ်ကိုင်ထားခဲ့သည့် လက်တို့က အံသေမတတ်ပင် . . .။
	သူမ ဆိုင်ကယ်မစီးတတ်သလို ဟိုနားဒီနားသွားတဲ့ ဆိုင်ကယ် ကယ်ရီတွေတောင် မစီးခဲ့ဖူးပေ . . .။
	ထို့ပြင် သူ့ဆိုင်ကယ်က နည်းနည်းနောနော အမြင့်ကြီးမဟုတ် . . .။
	တက်ထိုင်လိုက်တည်းက လူက အမြင့်ကြီး လွင့်တက်သွားသလိုမျိုး . . ။
	နောက်မှာ မို အဖြစ်ဆိုးနေတာကို သော ရယ်ချင်နေမိသည်။ ကိုယ့်ကျောပြင်မှာ ပါးလေး ဖိကပ်ထားတာအထိ သူ သိနေ၏။
	သူမ ပုံစံ ဒီလောက်လည်း မတုံးပါဘဲ ဘာဖြစ်လို့ ဆိုင်ကယ်ကျမှ အသည်းအသန် ကြောက် ရတာလဲ . . .။
	တမင်တကာ အရွဲ့တိုက်လာခဲ့ပြီးမှ စိတ်ထဲမှာ ပျော်သလိုလို . . . ကျေနပ်နေမိသလိုလို . . . ။ ဒါဆို မို ပြောသလို မိန်းကလေးတစ်ယောက် ဖက်ထားတာကို သူ အရသာတွေ့နေတာလား . . .။
	“အဟွန်း . . .”
	“ရှင်က ဘာရယ်နေတာလဲ . . . ကျောကုန်းကြီးကို ကိုက်ပစ်လိုက်လို့ ရတယ်သိလား . . . မလုပ်ဘူး မထင်နဲ့ . . .။ တောက် . . . ”
	“လုပ်လေ . . . ဒီဂျာကင်ကို ပေါက်သွားအောင် မင်း ကိုက်နိုင်ရင် မင်းရဲ့သွားတွေကို ကမ္ဘာ့ အခိုင်မာဆုံး သွားနဲ့ သတ္တဝါအဖြစ် အင်တာနက်ပေါ် တင်ပေးမယ် . . .”
	“ရှင် . . . တောက် . . .”
	“ဟား . . ဟား . . ဟား . . .”
	သော လွတ်လပ်စွာ ရယ်မောရင်း ကိုယ့်ကိုယ်ကို ပျော်နေတာလားဆိုတာတောင် ပြန်မေးရ မလို ဖြစ်လာခဲ့သည်။ သူ့အတွက် မဲ့ပြုံးတွေ လှောင်ရယ်ခြင်းတွေမှလွဲ၍ ပေါ့ပါးကြည်နူးစွာ ရယ်မော ခြင်းဆိုတာ မရှိခဲ့ဖူးဘူး ထင်သည်။
	ဒါဆို . . . သူ အခု ပေါ့ပါးကြည်နူးနေခဲ့တာလား . . .။
	ပူးကပ် ဖက်တွယ်ထားခဲ့သော နူးညံ့နွေးထွေးခြင်းကို ကျောပြင်ကနေ ခံစားမိနေတာလား . . .။ ရင်ဘတ်ထဲကလား . . .။ ထို့ပြင် . . .
	သူမကို တင်ဆောင်၍ ပြေးလွှားနေသော ဤလမ်းခရီးကို ပြီးဆုံးစေချင်သည်လား မဆုံးစေ ချင်ဘူးလား . . .။
	အမှတ်တမဲ့ ဆုပ်ဖမ်းမိလိုက်သော သာယာပျော်ရွှင်ခြင်းကို သူအမိအရ လိုချင်မိပြီထင်သည်။
	အရွဲ့တိုက်၍ ပြေးလွှားနေခဲ့သည့် ဆိုင်ကယ်သည် တမင်တကာ သိမ်းပိုက်လိုခြင်းတို့ဖြင့်..။
	သူ လိုချင်မိသည် . . .။ သူမနဲ့ ပတ်သက်သမျှ . . .။
ပရိသတ်အတွက်
ထာဝရ
သျှင်မ
..........
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၄) ကို တင်ဆက် ပေးခဲ့ပြီး ဖြစ်ပါတယ်။ စာရေးဆရာမ သျှင်မရဲ့ “ဂန္ထဝင်ချစ်ထုံး” အခန်းဆက်ဝတ္ထုရှည်လေးကတော့ ဒီနေရာမှာပဲပြီးဆုံးသွားပါပြီခင်ဗျာ။

“တကယ်လို့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျာ”

“ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့လည်း မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 



Related Posts