သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၀) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက် ဝတ္ထုရှည်
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၀) 
…….
အခန်း (၂၅)
        “ဟယ် . . . ဘယ်သူ . . . ဘယ်သူတုန်း . . . ဒါဒါတို့ ရောက်လာတာလား . . . ငါ့မြေးလေး လား ဟင် . . .”
	“အဘွားမြစ်လေး မပါဘူး . . . ဒါဒါတို့ပဲ . . .”
	“ဟော့တော် အေ . . . ငါ့မြေးလေးကို တစ်ခါလောက် ခေါ်လာပါဆိုတာကို . . .”
	ဒေါ်မေယု အရုပ်ကြိုးပြတ် ပြန်ထိုင်ကျသွားတာကို စိတ်ပျက်သလိုကြည့်ကာ ဘဒ္ဒါက တစ်အိမ်လုံးကို မျက်လုံးဝေ့ကြည့်သည်။
	ပြီးတော့ အထဲကို တစ်လှမ်းချင်း လျှောက်ဝင်သွားကာ ကိုင်တွယ်သုံးစွဲထားသည့် ပစ္စည်း ပစ္စယတွေကို မျက်နှာမဲ့မဲ့နှင့် လှည့်ပတ်ကြည့်ကာ . . .
	“အဘွားက တကယ်ကို ဖြစ်သလိုနေတာပဲနော် . . .”
	“ဘာဖြစ်လို့လဲ ဒါဒါ. . . ငါ အပေါ့အပါး အလေးအပင်တွေ ရေအိမ်ရောက်အောင် သွားပါတယ် . . . ဖင်မနိုင် ခေါင်းမနိုင်မဖြစ်သေးပါဘူး အေ . .”
	“ဪ . . . အဲလောက်ထိ ဖြစ်နေမှဖြင့် အဘွားကို စကားကောင်းကောင်း ပြောလို့ရော ရပါ့ မလား အဘွားရယ် . . . ပြောချင်တာက အဘွားမြေးက အရမ်း အသန့်အပြန့်ကြိုက်တာ . . .”
	“ငါ့အိမ်က ညစ်ပတ်နေလို့လား . . . ဒါဆို ငါသန့်ရှင်းရေးလုပ်ထားပါ့မယ် . . . ငါ့မြေးလေး ဘယ်အရွယ်ရှိနေပြီလဲ . . . ကောင်းလိုပဲ ထွားထွားကျိုင်းကျိုင်း လူချောကြီးပဲလား . . .”
	“သူ ရောက်လာရင်လည်း အဘွား မြင်မှာမှ မဟုတ်တာ . . .”
	“မမြင်ရလည်း သူ့ပုံစံ အရပ်အမောင်းလောက်တော့ ငါမြင်နိုင်ပါသေးတယ် . . .”
	“ကဲ . . အဲဒါတွေ နောက်မှပြောရအောင် . . . ဒါဒါတို့က အဘွားမြေးအတွက်ပဲ လာခဲ့တာ . .”
	ဘဒ္ဒါက ပြန်လှည့်လာပြီး ဒေါ်မေယု ဘေးက ခုတင်စွန်းမှာ ဝင်ထိုင်လိုက်ကာ . . .
	“ကိုခ ပြတင်းပေါက်တွေ လိုက်ဖွင့်လိုက်စမ်းပါ . . . လှောင်နေတော့ အနံ့အသက်တွေနဲ့ …”
	ဒေါ်မေယု မမြင်နိုင်ပေမယ့် နားတွေကတော့ ကောင်းကောင်း ကြားနေပါသေးသည်။
	ပြီးတော့ အလင်းရောင် ကောင်းကောင်းရှိနေလျှင် လှုပ်ရှားနေသည့် အရိပ်တွေကိုလည်း မြင်နေရ၏။
	ဘဒ္ဒါရဲ့ခြေသံနှင့် ပြောဆိုနေပုံတွေအရ ဟိုတုန်းက ကလေးငယ်လေးကို ချီပွေ့ပြီး ရောက်လာ ခဲ့သော ဘဒ္ဒါဆိုသည့် မိန်းကလေးနဲ့ ဘာများဆိုင်တော့လို့လဲ . . .။
	“သမီး ပါးနဲ့ လက်မောင်းတွေကို စမ်းကြည့်ပါဦး အဘွားရယ် . . . မီးလောင်ရာတွေလေ . . . အစ်ကိုနဲ့ သမီးကို ပြည့်သျှင်က မီးလောင်တိုက်သွင်းပြီး သတ်ခဲ့တာ အဘွားရဲ့ . . .”
	“ဘာ . . . ဘာပြောတယ် . . . ဒါက မင်းမဲ့တိုင်းပြည်လား . . . သင်းက လုပ်ချင်တိုင်း လုပ်ရအောင် . . .”
	“ဒါပေမဲ့ အစ်ကို့မှာလည်း ပြဿနာတွေ ရှိခဲ့တယ် အဘွား . . . အဲဒါတွေကို သူ့မိန်းမဖြစ်တဲ့ သမီးက အသိဆုံးပါ . . . ပြည့်သျှင်ရဲ့ အစ်မတွေကို အစ်ကို မသတ်ပေမယ့် အစ်ကို့ကြောင့် သေခဲ့ ကြတာတော့ အမှန်ပဲ . . .”
	“ဘယ်လို . . .”
	ကိုယ့်ကွယ်ရာမှာ ကောင်း သွားလာ ရှာဖွေနေတာတွေကို ကိုယ်မမြင်ခဲ့သလို ဘယ်သူမှလည်း မသိခဲ့ကြပေ . . .။
	ထို့ကြောင့် ဇနီးဖြစ်သည့် သူမက သိနေသည်ဆိုတာကို မယုံကြည်ဖွယ်မရှိပါ . . .။
	ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာ ကောင်းနဲ့ဦး နှစ်ယောက်စလုံးကို ဆုံးရှုံးလိုက်ရသည့် အဖြစ်ကို ဘယ်လိုမှ ဖြေမဆည်နိုင် . . .။ ထို့ကြောင့် ဒေါ်မေယု ညစဉ်ရက်ဆက် ငိုကြွေးခဲ့ရသည်။
	ဘယ်သူမှ မသိနိုင်ကြသည့် ဒီမောင်နှမဟာ ဘယ်လိုမျိုးရိုးစဉ်ဆက်က ဆင်းသက်လာခဲ့ကြ သည် . . .။ ဘယ်လောက်ထိ ချမ်းသာသည်ဆိုတာကို သိနိုင်တဲ့လူ ဒီလောကမှာ သူမတစ်ယောက်သာ ရှိတော့သည်ပေါ့ . . .။
	“ချမ်းသာတာတွေကို မက်မောလို့ပဲဖြစ်ဖြစ် . . . ညီမလေးအလှကို မက်မောတာဖြစ်ဖြစ် . . . မြို့မှာ လူကုံထံဖြစ်နေသရွေ့ အန္တရာယ်ကြီးတာပဲ အဘွား . . . ကျွန်တော်တို့ တောကို ပြောင်းမယ် . . . တောနဲ့ ပတ်သက်လို့ရတဲ့ စီးပွားရေးနဲ့ အသက်ဝမ်းကျောင်းပြုပြီး ဖုံးဖုံးဖိဖိနေမယ် . . . ညီမလေးနဲ့ ကျွန်တော် တစ်သက်လုံး ဒီတိုင်း နေသွားနိုင်ဖို့အဓိကပဲ . . .”
	ကောင်းက လူငယ်တစ်ယောက်ပေမယ့် ဖအေဖြစ်သူ ဖြစ်နေချင်သည့် ဆန္ဒအတိုင်း အကောင် အထည်ဖော်နိုင်ခဲ့သည်။ ပြောတဲ့အတိုင်းပဲ ဖြစ်အောင် လုပ်ခဲ့၏။
	အစ်ကိုက ဒါဆို ညီမဖြစ်သူကလည်း ‘ဟင့်အင်း’ ဆိုတာ ဘယ်တုန်းကရှိခဲ့လို့လဲ . . .။
	ဒီလိုမောင်နှမကျမှ ဘာကြောင့် ဤသို့သော အဖြစ်ဆိုးမျိုးနဲ့ တိုးခဲ့တာလဲ . . .။
	တွေးလေ ကြေကွဲရလေနှင့် ငိုခဲ့ရသည့်အချိန်တွေဟာ ဒေါ်မေယုအတွက် နေ့မှန်းညမှန်း မသိတော့အောင်ပင် . . .။ ထိုအကျိုးဆက်က မျက်လုံးတွေ ထိခိုက်ပျက်စီးသွားခဲ့ကြသည်။
	အသက်ကြီးသူမို့ အာရုံကြောတွေလည်း ချို့ယွင်းကုန်ကြပြီဖြစ်၍ လူကြီးနာအဖြစ်နဲ့ပဲ ဒီနေ့ ထိ ရှိနေခဲ့ရတာ မျက်မမြင်ဘဝနှင့် . . . ။
	“ကဲ . . . သမီးလည်း ပြန်ရှင်းရဦးမယ့် ပြဿနာတွေနဲ့ လာရင်းကိုပဲ ပြောတော့မယ် . . .”
	“ဟင် . . . ဘာလဲ . . .”
	ဒေါ်မေယုရဲ့အတိတ်ဆီ ပြေးလွင့်သွားသည့်စိတ်တွေ ပစ္စုပ္ပန်ကို ရောက်လာသည်။
	ဘဒ္ဒါရဲ့ကိုယ်မှ ပျံ့လွင့်လာနေသော ရေမွှေးနံ့နှင့်အတူ အသက်ရှူခြင်းကိုပါ ကြားသိနေလျက်
	“ဘာပြဿနာတွေလဲ ငါ့ကိုပြောပါဦး . . .”
	“အဘွားမြစ်လေး ပြဿနာပဲ . . .”
	ဘဒ္ဒါဆီမှ ‘မြစ်လေး’ ဖြစ်သွားလိုက် . . . ‘မြေး . . .’ လို့ ပြောလိုက်နဲ့ ပြောင်းလဲနေတာ တွေကို ဒေါ်မေယု အတော်ကြီး နားစွင့်နေရသည်။
	အသက်က ကြီးနေသည့်ပြင် သတိတွေ ချို့ယွင်းကုန်တာလည်း သူများပြောတာတော့ မကြိုက်ပေမယ့် ကိုယ့်ဟာကိုယ် သိနေပါ၏။
	နားထောင်နေရင်း ဘဒ္ဒါ ဘယ်သူ့အကြောင်း ပြောနေတာလဲဆိုတာကို အစကနေ ပြန်ပြန် စဉ်းစားနေရတာ ခဏ ခဏပင် . . .။
	“အဘွား . . .”
	“ဟေ . . . ဘာတုံး . . .”
	“အဘွားမြေး အရမ်းဆိုးတာ သိရဲ့လား . . .”
	“မသိဘူးလေ . . . ပိစိနောက်တောက်လေးတည်းက ငါမှမတွေ့ဖြစ်တော့တာ . . . ငါ ချီပိုး ထိန်းနေတုန်းက အကောင်းပဲ . . .”
	“ဟုတ်တယ် . . . ဒါပေမဲ့ သူ့ကို မိဘမဲ့လေးမို့လို့ . . .”
	“ဟဲ့ . . . အမေတစ်ယောက်လုံး ရှိနေတာပဲအေ . . . ဘယ့်နှယ် မိဘမဲ့ရမှာလဲ . . . ဖတစ်ဆိုး လို့ပြောစမ်းပါ . . .”
	“ဪ . . . အင်းလေ . . . အဘွား နားလည်ရင်ပြီးတာပဲ . . .”
	“ဘယ်ဟုတ်မလဲ အေ . . . ဇမ္ဗူဒိပ်နိမိတ်တဲ့ . . . မပြောကောင်းကို မပြောရဘူး . . .။ ငါ့မြေး လေးမှာ အဖေမရှိတော့ပေမယ့် အမေရှိပါသေးတယ် . . . ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ . . .”
	ဒေါ်မေယု ပွစိ ပွစိ ရေရွတ်ပြီး စိုးရိမ်တကြီး ဖြစ်နေတာကို ငဲ့ကြည့်ကာ ဘဒ္ဒါသက်ပြင်းချ ရင်း ခေါင်းတခါခါ ဖြစ်နေခဲ့၏။ ခပ်လှမ်းလှမ်းမှာ ရပ်လျက် . . . တိတ်ဆိတ်စွာ ရှိနေခဲ့သည်။
	သူ့မျက်လုံးတွေကတော့ ခေါင်းတုံးဆံပင် ကျိုးတိုးကျဲတဲနှင့် ပါးရေနားရေတွေ ရွဲနေပြီဖြစ်သော ဒေါ်မေယုရဲ့ ဇရာအိုမျက်နှာပေါ်မှာ စူးစိုက်နေခဲ့၏။
	“ငါ့မြေးလေးတွေ သေကံ မကောင်းခဲ့ကြတာ . . . မောင်နှမ နှစ်ယောက်စလုံး ကံဆိုးမိုးမှောင် ကျခဲ့ကြတာ . . .။ နောင်ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့ လွဲပါစေ . . . ဖယ်ပါစေ . . .”
	“အဘွားရယ် . . . အဘွား အဲဒီလို ပြောချင်တာတွေ ကရားရေလွှတ် ပြောနေတတ်လို့ အဘွား မြေးကို ဒီမလွှတ်ရဲတာ . . .”
	“ဟင် . . . ငါ့ကြောင့် . . .”
	“ဟုတ်တယ် . . . ခုတောင်မှ အဘွားမြေးက လက်သိပ်ယဉ်တာ . . . သူ့အဖေနဲ့ အဒေါ်ကို သတ်တဲ့လူ ဘယ်သူလဲ . . . သူ သွားသတ်မယ်နဲ့ တကဲကဲ . . .”
	“ဘုရား . . . ဘုရား . . . မလုပ်ရဘူး . . . မလုပ်ရဘူး . . . အတုံ့အလှည့်နဲ့ မလုပ်စေနဲ့နော် . . . ငါတို့ ဗုဒ္ဓဘာသာတရားမှာ ဖြစ်လာသမျှက ကံ ကံ၏အကျိုးပဲ . . . ပြုသူအသစ် ဖြစ်သူအဟောင်း . . . ကလဲ့စားချေတယ်ဆိုတာ သံသရာကို တောင်းတာပဲ . . . ကြောက်ဖို့ကောင်းတယ်နော် . . . မြေးကို . . .”
	“သမီးတို့က ထိန်းထားကြတာပါ . . . ဒါပေမဲ့ အဘွားဆီ ရောက်ရင်တော့ သူထောင်ထဲ တန်းရောက်မှာပဲ . . .”
	ဒေါ်မေယု ခေါင်းတညိတ်ညိတ် ဖြစ်သွားရှာသည်။
	“ဟုတ်တယ် . . . မှန်တယ် . . . ငါမကောင်းပါဘူး . . . ငါ့ပါးစပ်ကိုလည်း မထိန်းနိုင်ဘူး . . . စကားပြောရမယ့်လူ မရှိတော့ တစ်ယောက်တည်း ပြောချင်တာ ပြောနေတတ်တာ အကျင့်ပါနေလို့ ပါ . . .”
	ဘဒ္ဒါနဲ့ယက္ခတို့ မျက်လုံးချင်း ဆုံသွားကြသည်။ ဘဒ္ဒါက သူမပြောချင်တာကို လိုရာမရောက် နိုင်သဖြင့် စိတ်ပျက်သည့်မျက်နှာ ဖြစ်နေလျက် . . .
	“အဲဒါတွေ အဘွား သိနေဖို့ပဲ လိုတာပါ . . . ဒါဒါတို့က အဘွားမြေးကို ဒီထက်ပိုပြီး ဆိုး မသွားအောင် မနည်းထိန်းနေရတာ . . . အဘွားက ခေါ်မလာရ ကောင်းလား . . . ပေးမတွေ့ရ ကောင်းလား ထင်နေမှာလည်း စိုးတယ် . . .”
	“ထင်တော့ မထင်ပါဘူးအေ . . . ဒါပေမဲ့ ခုလို ခဏရောက်လာတုန်းတော့ ခဏလေးဖြစ်ဖြစ် တွေ့ချင်တာပေါ့ . . . ကောင်းရဲ့သားလေး ဘယ်လိုပုံစံ ဖြစ်နေပြီလဲဆိုတာ မျက်နှာလေးဖြစ်ဖြစ် သူ့ရဲ့လက်တံ ခြေတံလေးတွေဖြစ်ဖြစ် ကိုင်ကြည့်ချင်တာ . . .”
	ဒေါ်မေယုက မျက်နှာကို စမ်းကိုင်သလိုမျိုး သူမ တကယ် ကိုင်ကြည့်နေသလို လက်တွေ မြှောက်၍ စမ်းပြနေ၏။ ပြီးတော့ လက်မောင်းလက်ဖျံတွေဆီ စမ်းနေသလိုမျိုး လက်တို့ တရွေ့ရွေ့ ကိုင်တွယ် စမ်းနေရင်း . . .
	“ငါ့မြေးလေးကို တွေ့ချင်လိုက်တာ . . . တွေ့ရင်လေ . . . တစ်ခါလောက်ပဲတွေ့ရရင် ငါ သေပျော်ပါပြီ . . .”
	“ခုနေ အဘွား မရှိတော့ရင် သောတော့ ခွက်ဆွဲတောင်းစားရကိန်းပဲ အဘွား . . .”
	“ဘယ်လို . . . ဘယ်လို . . . အမလေးလေး . . . ငါ့မြေးက တော်ဝင်မျိုးနွယ်အေ့ . . . ဒီလို ဖြစ်စရာလား . . .”
	ဒေါ်မေယု ဆတ်ဆတ်ခါထပြောတော့ ဘဒ္ဒါ စူးစိုက်ကြည့်သည်။ တကယ်ဆို ဒေါ်မေယုက နို့ ထိန်းတစ်ယောက်သာ ဖြစ်သည်။
	ကောင်းတို့ မောင်နှမအပေါ်မှာ တကယ့်မိခင် ဘိုးဘွားလို သံယောဇဉ်ကြီးနေတာက အံ့ဩ ဖွယ်ပါ . . .။ ထို့ပြင် ဘယ်လောက်ထိ သစ္စာစောင့်သိတဲ့ ကျေးကျွန်ကောင်းလဲ . . .။
	သူမစိတ်ထဲမှာ အထင်ကြီးလေးစားခြင်းက တစ်ဖက် . . .။
	ဒေါသစွက်နေတာလည်းရှိကာ ငေးကြည့်ရင်း ခပ်မဲ့မဲ့ ခေါင်းခါမိလျက် . . .
	“အဘွားမြေးက ကားပြိုင်ပွဲ ဝင်မယ်ချည်းပဲ လုပ်နေတာ . . . ကားပြိုင်ပွဲပါမိလို့ ဟိုတစ်နှစ် ကလည်း ထိခိုက်မိခဲ့တာ နှစ်နဲ့ချီပြီး ကုခဲ့ရတာလေ . . .”
	“အို . . . ဟုတ်တယ် . . . အဲဒါ မလုပ်စေနဲ့တော့ . . .”
	“ဒါပေမဲ့ အဲဒါမလုပ်ရရင် သူ စိတ်ငြိမ်အောင် ဂျပန်မှာ အဆက်အသွယ်တွေ ရှိတယ်တဲ့ . . အဲဒါ မြန်မာနိုင်ငံမှာပဲ ဂျပန်ကုမ္ပဏီတွေနဲ့ပေါင်းပြီး စီးပွားရေး လုပ်ချင်တယ် . . . အရင်းအနှီး ထုတ်ပေးတဲ့ . . .”
	“စီးပွားလုပ်မယ်ဆို ကောင်းတာပဲအေ . . . ထုတ်ပေးလိုက်ပေါ့ . . .”
	ကိုယ့်အကွက် ဝင်လာပြီမို့ ဘဒ္ဒါက မဲ့လိုက်ကာ . . .
	“သမီးမှာ ဘာရှိလို့လဲ အဘွားရယ် . . . အစ်ကိုကိုယ်တိုင်က သူ့ညီမသိရင် ကြေကွဲသွားရှာ မယ်ဆိုပြီး သမီးကို လက်ထပ်ထားပေမယ့် တင့်တောင်းတင့်တယ် ထားခဲ့တာ မဟုတ်ဘူး . . .”
	“အဲဒါတွေ ပြန်ပြောမနေပါနဲ့ . . .”
	“လိုအပ်လို့ ပြောတာပါ . . . သူ ရုတ်တရက် ဆုံးသွားတော့ ကလေးငယ်လေးနဲ့ သမီး ဘယ်လောက် ဒုက္ခရောက်ခဲ့ရသလဲ . . . သူထားသလိုနေ . . . ပေးသလောက်လေးနဲ့ပဲ ကျေနပ်ခဲ့ရ တာလေ . . . ဘယ်သူ့ဆီ ပြေးရမှန်းမသိ . . . ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိနဲ့ အဘွားကို စုံစမ်းလို့ သိရတော့ သမီးတောင်းစားရတဲ့အဖြစ် ရောက်တော့မို့ တဲတဲလေးရယ် . . .”
	“တောင်းစားရမယ့်လူမျိုးမဟုတ်လို့ ငါတို့ ဆုံကြတာပေါ့ကွယ် . . . ပြီးတော့ မိန်းမတစ် ယောက်ဟာ အားနွဲ့သူပဲဆိုတဲ့အသိနဲ့ ဘဝကို ရေဆုံမျှောဖို့ မစဉ်းစားရဘူး . . . မိန်းမဟာ မိန်းမသား မှန်ပေမယ့် မိခင်တစ်ယောက်ဖြစ်လာပြီဆိုရင် အဲဒီမိန်းမဟာ သူ့ကလေးအတွက် သူရဲကောင်းပဲ . . .”
	ရူးတဲ့လူက ဒါတွေကျတော့ ပြောလိုက်တာ ချောလို့ပါလား . . .
	ကိုယ့်စကား လိုရာမရောက်ခင်မှာပဲ လမ်းစပြတ်သွားရကာ . . . ဘဒ္ဒါ စိတ်မရှည်နိုင်ဘဲ ဖြစ်လာ၏။
	“မိခင်ဖြစ်လာရင် ကိုယ့်ဘဝဟာ ခြေဦးတည့်ရာ မဟုတ်တော့ဘူး . . . အဲဒီ ခြေလှမ်းတွေက ရဲရဲတောက် ပြင်ဆင်ထားတဲ့ခြေလှမ်းတွေ ဖြစ်ရမှာ . . . ငါ ရှာဖွေတာ သူ စားဖို့ပဲဆိုပြီးတော့ တောင်းရမ်းကျွေးနေတဲ့ ကလေးက အနာဂတ်မှာ သူတောင်းစားလေးပဲ ဖြစ်လာမှာပေါ့ မဟုတ်ဘူး လား . . .။ နောက်ဆုံး သမ္မာအာဇီဝပဲဆိုပြီး သူများအိမ်သာကျင်းတူးတဲ့ အလုပ်လုပ်ပါစေ … ဒီကလေးရဲ့ အနာဂတ် တောက်ပနိုင်ဦးမှာလား . . .”
	“အဲဒါတွေကို သမီးသိတယ် . . .”
	“သိရမှာပေါ့ . . . ကောင်းရဲ့ ဇနီး ဖြစ်လာတည်းက ဒီအသိလေးရှိနေမှာပဲဆိုတာ ငါယုံပြီး သားပါ . . . သမ္မာအာဇီဝအလုပ်က ကောင်းမယ့်အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတဲ့ ဆောင်ပုဒ်မှာတော့ ခြွင်းချက်ရှိတယ် . . . ညည်း ခုလို အသိတွေ ရှိနေတာကိုက ငါ့မြေးလေးရဲ့ ကျေးဇူးကြောင့်ပါအေ ..”
	ဘဒ္ဒါက မထိတထိ ပြုံးရင်း ဆံပင်တွေကို လှလှပပလေးတင်နေ၏။ ပြီးတော့ ယက္ခကို လှမ်း ကြည့်ပြီး သွားတွေပေါ်အောင် ရယ်ပြသည်။
	ယက္ခက စူးစိုက်ကြည့်နေပေမယ့် မရယ် မပြုံး ဒီတိုင်း . . .။
	“အဘွား ပြောချင်တာတွေ ပြီးပြီဆိုရင် ဒါဒါပြောလို့ရပြီလား . . . ”
	“ဟေ . . ဟုတ်လား . . . ပြောလေ . . . ဒါပေမဲ့ နိမိတ်မရှိတာတွေ လာမပြောနဲ့နော် . . .”
	“ပြောချင်လို့ မဟုတ်ပါဘူး . . . စိတ်တွေ ရှုပ်နေတော့လည်း စကားတွေက အမှားပါတာပေါ့ . . . အဘွားမြေးအတွက် အရင်းအနှီး လိုနေတယ်လေ . . . အဲဒါ ဘာလုပ်ရမှန်း မသိလို့ အဘွားဆီကို လာခဲ့တာ . . . ဒါဒါက သူစိမ်းဆိုပြီး အဘွား မယုံကြည်ရင်တောင် အခု အဘွားမြေး အရွယ်ရောက် နေပါပြီ . . .”
	“ပေါက်ကရ ဒါဒါရယ် . . . ငါက ညည်းကို မယုံကြည်စရာလား . . . ခုချိန်ထိ ညည်း ငါ့မြေးလေးမျက်နှာကို ငဲ့ပြီး နောက်ထပ် အိမ်ထောင်မပြုဘူး . . . ငါ့ဆီကို တစ်နှစ်တစ်ခေါက်တော့ လာပေးတယ် . . . ငါ့မြေးရဲ့အမေကိုမှ မယုံရင် ငါ ဘယ်သူ့ကိုယုံရမလဲ . . .”
	“ဒါဆိုလည်း တော်ဝင်မျိုးနွယ်ဆိုတဲ့ အဘွားရဲ့မြေးကို လူတစ်လုံး သူတစ်လုံး ရပ်တည်နိုင် သွားအောင် လုပ်ငန်းတစ်ခုလောက် ထည်ထည်ဝါဝါ ထူထောင်ပေးလိုက်ပါလား အဘွားရယ် . . . ဒါဒါက မိခင်တစ်ယောက်ဖြစ်နေပြီ . . .။ ကိုယ့်သားသမီးကို ကြီးပွား တိုးတက်စေချင်တယ် . . . ဒါပေမဲ့ ဘာမှလည်း မလုပ်ပေးနိုင်ဘူး . . . သူ နားပူတိုင်း နေ့စဉ်နဲ့အမျှ စိတ်ညစ်နေရတာ . . .”
	“ငါ . . . ငါလည်း စိတ်ညစ်တာပါပဲအေ . . . ”
	မျှော်လင့်တကြီး စိုက်ကြည့်နေမိသည့် ဘဒ္ဒါ့မျက်ဝန်းတွေ အေးခနဲ ဖြစ်သွားသည်။
	ကြားရပြန်ပြီ ဒီလိုစကားတွေ . . .။
	“ငါက ကလေးထိန်းတစ်ယောက်ပါ . . . သူတို့မောင်နှမနဲ့ အတူတူရှိနေတဲ့ ရွှေငွေရတနာ တွေကိုပဲ ငါ ထိန်းသိမ်းခဲ့ရတာ . . . အဲဒါတွေ ညည်းကိုပေးပြီးပြီလေ . . . ကျန်တာတွေ ရှိမရှိ ငါ တကယ်မသိဘူး . . .”
	“အဘွားပဲ ဒီထက်မက ချမ်းသာတာတွေ ရွတ်ပြနေတာပါ . . . ဒါဒါကတော့ အဘွား ဖုံးကွယ်နေတယ်လို့ပဲ ထင်နေမိပြီ . . .”
	“ဘုရားပေးပေး ကျမ်းပေးပေးပါကွယ် . . . အဲဒီလောက်ထိ အဘွား မသိတာ အမှန်ပါ . . .”
	“ဒါဆိုလည်း စံအိမ်ကြီးပေါ်က သော့မရှိတဲ့အခန်းတွေကို ဘယ်လိုဖွင့်ရမလဲဆိုတာတော့ . .”
	“သော့မှ မရှိတာ . . . ငါက သော့ ဘယ်က ရှာပေးရမှာလဲ ဒါဒါ . . . တံခါးတွေရှိပေမယ့် သော့ခလောက်မရှိ . . . ခလုတ်မရှိတွေမို့လား . . . အဲဒါ သခင်ကြီးတို့နဲ့အတူတူ နေကြစဉ်တည်းက အဲဒီအခန်းတွေကို ဒီတိုင်း မြင်နေခဲ့ရတာ . . . ဘုရားခန်းနဲ့တွဲလျက် အခန်းကြီးကတော့ . . အဲဒါ ဘဏ္ဍာတိုက်ပဲ . . . ။ ဖွင့်မရတာကိုတော့ . . .”
	“ဟုတ်တယ် . . . ဘဏ္ဍာတိုက် မီးမလောင် မပျက်မစီးနိုင်အောင်လည်း စီရင်ထားတယ် . . . အဲဒါ အခန်းဆိုတာထက် မီးခံသေတ္တာကို စီရင်ထားတဲ့အခန်းဆိုတာလည်း ဒါဒါသိတယ် . . . စံအိမ်ကို မီးပုံရှို့တာတောင် အဲဒီအခန်းကို ဖွင့်နိုင်မှာ မဟုတ်ဘူး . . .”
	“ဟဲ့ . . . ဘယ်လိုပြောလိုက်တာတုံး . . . ကလေး အမွေဆက်ခံရမယ့် အိမ်ကြီးကို ဒါဒါရယ် . . . ညည်းနှယ် . . .”
	စိတ်က ရူးသလိုပေါသလို အပြောင်းအလဲတွေ မြန်ဆန်နေတာမှန်မည် . . . ။ ဒါပေမဲ့ ကောင်းတဲ့စကား မကောင်းတဲ့စကားလောက်ကိုတော့ ခံစားနိုင်ပါသေးသည်။
	ရောက်လာတည်းက ဒါဒါတစ်ယောက် ကောင်းတဲ့စကားပြောခဲ့တာ မရှိသေးပေ . . .။ ဒါမှမဟုတ် ကိုယ့်ကို ညာနေတယ် ထင်လို့လား . . .။
	“အဘွား ဘာမှမတတ်နိုင်တာ အမှန်ပဲဆိုရင်တော့ သောကို ဘယ်လိုမှ ကောင်းရာကောင်း ကြောင်း ထိန်းလို့ရတော့မှာ မဟုတ်ဘူး . . . မရှိဘူးပြောလည်း ယုံမှာမှမဟုတ်တာ . . . သူ လိုချင် တာမရရင် သူထင်သလို ရွဲ့မှာ ကျိန်းသေပဲ . . .”
	“ကလေးတုန်းကတောင် ထိန်းကျောင်းနိုင်ခဲ့သေးတာ ဒါဒါရယ် . . . ဒီအရွယ်ကြီးကျမှ ပြောရင် ပိုပြီးနားလည်ရမှာပေါ့ . . . ငါ့မြေး ငါ့ဆီကို လွှတ်လိုက်စမ်း . . .”
	“ဪ . . . အဘွားကျမှပဲ ဆုံးမတတ်နေတာမှ မဟုတ်တာ အဘွားရယ် . . . ဒါဒါက သူ့ အမေပါ . . .”
	“အမေ အဖေအပေါ်မှာ ဆိုးနွဲ့နေကျကလေးက တခြားလူပြောတာကျမှ နားဝင်သွားတတ် တာတွေ ရှိတယ်ဟဲ့ . . . အဲဒါမျိုးက ညည်းပြောတာတွေနဲ့မဆိုင်ဘူး . . .”
	“မဟုတ်ဘူးလေ အဘွားရဲ့ . . .”
	“ကဲ . . . အဲဒါတွေ ခဏထားလိုက်ပါဦး . . .”
	ဒေါသအလျောက် ပြောမိတော့မည့်စကားတွေက ယက္ခ ကြားဝင် ဖြတ်ပြောလိုက်တာကြောင့် စကားရပ်ပြီး လှမ်းကြည့်လိုက်မိ၏။
	ယက္ခက ဘဒ္ဒါကို ဆက်မပြောတော့ဖို့ ခေါင်းခါပြလိုက်ပြီး . . .
	“ဟုတ်တယ် . . . ငါ ဗိုက်အရမ်းဆာနေတာ . . . နင်တို့ ငါ့ကို ပဲဟင်းတွေတော့ မကျွေးနဲ့ တော့နော် . . .”
	“ပဲဟင်းက အာဟာရလည်းဖြစ်တယ် . .. အဘွားနဲ့လည်း သင့်တင့်တယ်လေ . . . ဒီပုံတိုင်း သာဆိုရင် အဘွားရော သမီးတို့ရော . . . ပဲဟင်းတောင် စားနိုင်ပါ့မလားမသိဘူး . . . သမီးက ရှာလိုက် . . . အဘွားမြေးကဖြုန်းလိုက် . . .”
	“မိဘရှာတာက သားသမီးအတွက်ပဲအေ . . . ကိုယ့်မိဘ ဘိုးဘွားတွေတုန်းကလည်း မိဘ အမွေကို တိုးပွားအောင် ရှာဖွေပြီး သားသမီးအတွက် ရပ်တည်ခဲ့ကြတာပဲ . . .”
	“အဘွားပဲ ပြောတတ်တယ်နော် . . . သူများ စီးပွားရှာတာက ယောက်ျားတွေလေ . . . မိန်းမ ရှိလို့ရှိရင်လည်း မောင်တစ်ထမ်း မယ်တစ်ရွက် ရှာကြမှာပေါ့ . . . သမီးက မုဆိုးမ . . . သူ့အဖေက သူဌေးဆိုပြီး ဒုံးကြမ်းသုံးလာတဲ့ ကလေးကို ခုကျမှ ဘယ်လို ဘရိတ်အုပ်ရမလဲ . . .”
	“အဲဒါ ညည်း လိုတာပေါ့အေ့ . . .”
	“ဘာရယ် . . .”
	“ကလေး ဘယ်လို ကြီးပြင်းလာသလဲဆိုတာ မိဘ သွန်သင်တဲ့အပေါ်မှာ မူတည်တယ် . . . သူဌေးဆိုတိုင်းပဲ စိတ်ကြိုက် အိတ်နှိုက်သုံးခွင့်ပေးထားလို့ ဘယ်ရမလဲ . . . ပစ္စည်းသင်္ခါရ လူသင်္ခါရ”
	ဘဒ္ဒါမျက်နှာ နီရဲလာ၏။ ယက္ခက အနားရောက်လာပြီး ဘဒ္ဒါကို တစ်နေရာလိုက်ခဲ့ဖို့ မေးဆတ်ခေါ်သည်။ ဘဒ္ဒါကလည်း မကျေမနပ်နဲ့ပဲ ထရပ်လိုက်၏။ သို့သော် . . .
	ရောက်တည်းက ချပေးထားသည့် မုန့်ပဲသရေစာအိတ်ကို ဒေါ်မေယုက ခပ်စမ်းစမ်း နှိုက်နေ ရင်း ပါးစပ်ကလည်း . . .
	“ဖိုးထွန်း ယူယူလာတဲ့ မုန့်မျိုးတွေလည်း မပါဘူး . . . ငါက အဲဒါတွေကို ကြိုက်တာ . . .”
	“ဘယ်လို . . . အဘွား ဘယ်သူ့ကို ပြောတာလဲ . . .”
	“ဖိုးထွန်း . . . ဖိုးထွန်း . . .”
	“ဘယ်က ဖိုးထွန်းလဲ . . . သူက ဒီထိ ရောက်လာတာလား . . .”
	“ကောင်းရဲ့သူငယ်ချင်းလေ . . . ဒီမှာ သူ ဝင်ထွက်ဖူးမှာပေါ့ . . . ညည်းတို့ဆီကိုရော ဘယ်သူမှ မလာဘူးလား . . .။ အေးလေ . . . ဘယ်လာမလဲ . . . အဲဒီအိမ်က သခင်မလေးတို့အိမ်ကိုး . . . သူ ဒီကိုပါလာတည်းက ဘယ်သူမှ အဝင်အထွက်မရှိတော့တာ . . .”
	ပြောချင်တော့လည်း အရူးတစ်ယောက်လို တစ်ယောက်တည်း တတွတ်တွတ် ပြောနေတတ် ၏။
	ဘေးက ရပ်ကြည့်ရင်း ဘဒ္ဒါ ဒေါသတွေနဲ့ အံတကြိတ်ကြိတ်ဖြစ်နေ၏။
	“ဟဲ့ . . . ဒါဒါ . . . ဒါဒါ နဲ့ မောင်ခတို့ ဘယ်ရောက်ကုန်ပြီလဲ . . . စံအိမ်ကြီးဘက်ကို မသွားကြနဲ့နော် . . . ပိုင်ရှင်မသိဘဲ ဟိုရှာဒီရှာလုပ်တာ မကောင်းဘူး . . . ငါ့သခင်မက ဒါမျိုး သိပ် မုန်းတာ . . .”
	“တွေ့လား ကိုခ . . . နင် မကြားဘူးလား . . . ဒါ အရူး မဟုတ်ဘူး . . လူပါးဝတာ . . .”
	“မရူးပါဘူး . . . မရူးလို့ စကားတွေ ပြောနေတာပေါ့ . . . ဒါပေမဲ့ မဒါ ပြောဆိုပုံတွေကြောင့် ဒီအဘွားကြီး ဓာတ်ပေါက်သွားလိမ့်မယ် . . . သူမရူးဘူးဆိုတာသိရင် ပြောတာဆိုတာကို ထိန်းမှပေါ့ . . .”
	“ဘယ်အချိန်ထိ ငါ ထိန်းချုပ်နေနိုင်မှာလဲ . . . ဒါကို ယခု ရမှဖြစ်မှာ . . . ဒါကြောင့် ငါ အရာရာကို ချုပ်တည်းနေခဲ့ရတာ . . . ဟိုအရူးကတစ်မျိုး . . . ဒီအရူးက တစ်မျိုး . . .။ ခုတစ်ခေါက် မှ ရတနာတွေကိုမရရင် ဟိုဟာမကို လက်စတုံးပစ်တော့မယ် . . .”
	“အဲဒီလို မရဘူးလေ . . .”
	စကားပြောရင်း အကြောင်းအရာတွေပါလာကာ ဒေါ်မေယုကြားမှာစိုးတာနှင့် နှစ်ယောက် စလုံး နောက်ဖေးတံခါးကနေ ခြံထဲထိရောက်လာကြ၏။
	“မင်း ဘာသူတော်ကောင်းလုပ်နေတာလဲ ကိုခ . . . အခု သောနဲ့ အဲဒီဟာမကို နင် ခွဲရခက် နေပြီမို့လား . . .”
	“သူကတော့ သူ့အဒေါ်ဆိုပြီး သက်ဆိုင်တယ် ထင်နေတာလေ . . . သောရဲ့စိတ်ကို မဒါ အသိဆုံးပါ . . . ခုကျမှ ကျွန်တော်တို့သဘောနဲ့ ဖျက်လို ဖျက် . . . ပြင်လိုပြင် လုပ်လို့မရဘူး . . .”
	“ဘာလို့ မရရမှာလဲ . . . ငါတို့လိုချင်တာ ဟောဒီ စံအိမ်ကြီးထဲက ရတနာတွေ . . . ငါ လိုချင်တာရဖို့အတွက် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစားရမှာပဲ . . .”
	“ဟုတ်တယ် . . . ဒါပေမဲ့ ဒီလောက်အချိန်တွေ စောင့်ခဲ့ပြီးမှ တစ်ရက်တစ်ညတည်းနဲ့ သဲထဲရေသွန် အဖြစ်ခံလိုက်ရမှာလား . . . အဘွားက မဒါကို ကိုကောင်းရဲ့ဇနီးဆိုတဲ့အသိနဲ့ အရမ်းကို နွေးထွေးပါတယ် . . . သူတကယ် ဖုံးထားတယ်ဆိုရင်လည်း မဒါ အလိမ္မာသုံးတတ်ရင် အနှေးအမြန် ပေါ်လာမှာပဲ . . . ဒါမှမဟုတ် သောနဲ့ အဘွားကို တွေ့ပေးကြည့် . . .”
	“ဘာ . . . ပြောတယ် . .”
	“သောကို မြင်လိုက်ရင် တစ်မျိုးပြောင်းသွားနိုင်တယ်လေ . . . အခု သူ့ရဲ့သွေးရင်းသားရင်း တစ်ယောက်မှ . . .”
	“ကိုခ . . . နင် စကားပြောတာ အရမ်းကို သမုဒယဆန်နေပြီနော် . . . ငါ့ရင်ထဲမှာ ကဗျာတွေ . . . အလင်္ကာတွေမရှိဘူး . . .”
	“မဒါ . . .”
	“မပြောနဲ့ . . ငါသိတယ် . . သွေးသားလို့ ပြောရအောင် သူက သူရဲကောင်းနဲ့ ဘာတော်လို့လဲ . . . ဟောဒီစံအိမ်ကြီးက ကျေးကျွန်တစ်ယောက်ကို ငါက ဒီထက် ဘယ်လောက်ထိ ချော့မော့ပေါင်း သင်းရဦးမှာလဲ . . .”
	“ဒါပေမဲ့ သူသိထားတာတွေ ကျွန်တော်တို့မှ မသိတာ . . . ကျေးကျွန်ဖြစ်ခဲ့ပေမယ့်လည်း သူ့အရှင်သခင်တွေ မြှောက်စားခဲ့တာက သူရဲကောင်းတို့ မောင်နှမနှစ်ယောက်ကို ထိန်းကျောင်းနိုင်တဲ့ အုပ်ထိန်းသူအဖြစ်နဲ့လေ . . . သူ့လက်ထဲမှာ လုပ်နိုင်ခွင့်တွေ ရှိခဲ့တယ် . . . အဲဒါကြောင့် ကျွန်တော်တို့ သောကို ဒီလိုအခြေအနေမျိုးနဲ့ မွေးမြူနိုင်ခဲ့တာ . . . ကျွန်တော်တို့ ဒီလိုနေနိုင်ခဲ့တာလည်း သူ့ကြောင့်ပဲ . . .”
	“အို . . မလိုဘူး . . ငါ ဒီတစ်ခါမှာ အကြောင်းထူးမှဖြစ်မှာ . . .။ ဒီတစ်ခါ သက်ပြင်းချပြီး လှည့်ပြန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး . . . ငါ့မှာ ဘာမှမရှိတော့ဘူး . . . လုပ်ငန်းထဲမှာ ထည့်သမျှတွေ ကလည်း မြုပ်နေတာချည်းပဲ . . .”
	“အဲဒါက မဒါကိုယ် မကျွမ်းကျင်တဲ့ ရှယ်ယာဈေးကွက်တွေမှာ ဝင်ကစားတာကိုး . . .။ ကုမ္ပဏီပိုင်ရှင်ဖြစ်မှ . . . ရှယ်ယာဈေးကွက်တွေမှာ နာမည်ကျော်မှ လူချမ်းသာစာရင်းဝင်ဖြစ်တာ မဟုတ်ပါဘူး . . . ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ . . .”
	“တော်တော့ ကိုခ . . . နင် ငါ့ကို မိကျောင်းမင်း ရေခင်းပြစရာ မလိုဘူး . . . နင် ငါခိုင်းထား တဲ့ အပိုင်းကိုသာ နိုင်နင်းအောင် လုပ် . . . နင့်မှာလည်း ခံစားချက်တွေရှိနေသလို ငါ့မှာလည်း ရင်နဲ့ မဆံ့အောင်ရှိတယ် . . . ။ ငါတို့ရဲ့ခံစားချက်ဖြစ်ပေါ်လာပုံ အကြောင်းရင်းတွေလည်း တူရင် တူနေနိုင် ပေမယ့် လားရာအရပ်တွေကတော့ ဘယ်လိုမှ မတူနိုင်ဘူး . . .”
	ယက္ခက တည်ငြိမ်လွန်းနေသည့်မျက်နှာ အေးစက်စက်နှင့် တစ်နေရာကို ငေးနေခဲ့၏။ ဘဒ္ဒါ က စိုက်ကြည့်ပြီး အနားကို တစ်လှမ်းချင်းတိုးသွားကာ . . .
	“ဦးဆောက်ပန်းကို ဒီနေ့ထိ ငါမသတ်ဖြစ်အောင် အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ တားဆီးခဲ့တဲ့ နင့်ရဲ့ရင်ထဲကို ငါ မမြင်နိုင်ဘူး မှတ်နေသလား . . .”
	ယက္ခက မလှုပ်မယှက်နဲ့ ခွန်းတုံ့မပြန်ဘဲ နေ၏။ ဘဒ္ဒါက မဲ့ပြုံးတို့နှင့် . . .
	“ငါကတော့ နင့်ကို ဂရုစိုက်လို့ မသတ်ခဲ့တာ မဟုတ်ဘူးနော် . . . မလိုအပ်သေးလို့ . . . အခု နောက်ထပ်ပါလာတဲ့ ဖိုးထွန်းဆိုတဲ့ နာမည်ကို နင်စုံစမ်းရမယ် . . .။ သူက ဘယ်သူလဲ . . . ဒီထိ ခရီး ပေါက်လာတယ်ဆိုတာ ဒေါ်မေယုရဲ့ ဂိုဒေါင်ထဲထိ ဘာကိစ္စလဲ . . . ဒီည အဖြေသိချင်တယ် . . .”
	“မဒါက သောနဲ့ မတွေ့သေးဘူးလား . . . မြန်မာပြည်ကို ပြန်ရောက်နေပြီး သူ့ကို မတွေ့ဘဲ နေတာ သိသွားရင် . . .”
	“အဲဒါ မင်းမပူပါနဲ့ . . . ငါ ဘာလုပ်ရမလဲ ငါ သိတယ် . . .”
	“မဒါ . . .”
	ဘဒ္ဒါစကားစဖြတ်ပြီး ခြေလှမ်းပြင်လိုက်တာနှင့် ယက္ခက လက်ကို ဖျတ်ခနဲ ဆုပ်ကိုင်လိုက် ပြီး . . .
	“ကျွန်တော်တို့ အတွင်းစကား ပြောစရာရှိသေးတယ် . . .”
	ဘဒ္ဒါက ယက္ခ ဆုပ်ကိုင်ထားသည့်လက်ကို မျက်မှောင်ကုတ်နှင့် ငုံ့ကြည့်ပြီးမှ ရုန်းထွက်လိုက် ကာ . . .
	“အခု အတွင်းစကားတွေ ပြောနေတာပဲ . . . နောက်ထပ် ဘာရှိသေးလို့လဲ . . .”
	“ကျွန်တော်နဲ့ မဒါအကြောင်း . . .”
	“မင်းနဲ့ ငါ့အကြောင်းက ရှိတော့ရှိခဲ့ပေမယ့် အခု ကိုယ့်စိတ်ကူးကိုယ့်အတွေးနဲ့ ဒါရိုက်ရှင်တွေ လွဲနေပြီ ကိုခ . . .”
	“မဒါက အဲဒီလို ခွဲထွက်ခဲ့တာပါ . . . ကျွန်တော်တို့ တလွဲစီ တွေးခေါ်နေသမျှ ဖြစ်ချင်တဲ့ အတိုင်း ဘာတစ်ခုမှ အကောင်အထည်ပေါ်လာဖို့ မလွယ်ဘူး . . .”
	ဘဒ္ဒါက သူ့စကားကြားမှ သွားတွေပေါ်အောင်ပြုံး၍ . . .
	“ငါကတော့ မင်းနဲ့ ပူးပေါင်းနေသရွေ့ ငါဖြစ်ချင်တာ ဘာမှ ဖြစ်မလာနိုင်ဘူးလို့ ထင်ခဲ့တာ..”
	နှစ်ယောက်၏စကားသံတွေ ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။
	အချိန်စက်ဝိုင်းကြီး မပြီးမဆုံးနိုင် လည်ပတ်နေသရွေ့တော့ . . .။
  ××××××
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၁) ကို နောက်တစ်ပတ် တနင်္လာနေ( ၂၅-၆-၁၈ )့  ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စာရေးဆရာမ သျှင်မရဲ့ “ဂန္ထဝင်ချစ်ထုံး” အခန်းဆက်ဝတ္ထုရှည်ကို တနင်္လာ၊ အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းတွင် ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
…….
“တကယ်လို့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျာ”
“ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့လည်း မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 



Related Posts