သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၃) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက် ဝတ္ထုရှည်
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၃) 
…….
အခန်း (၅)
“ခင်ဗျား ဘယ်လိုပြောလိုက်တာလဲ ကိုပြည့်သျှင် . . . ကျွန်တော်တို့က မှောင်ခိုပစ္စည်း ရောင်းဝယ်နေကြတာမှမဟုတ်တာ . . .”
	“မင်းကိုလည်း ငါက မှောင်ရိပ်ခိုပြီး လက်နက်ပုန်းပြနေတာ မဟုတ်ဘူး . . . ဒီခြံနဲ့တိုက်ကို မဝယ်ဖို့ မင်းရှေ့မှာပဲ ပြောနေတာ . . .”
	ဦးမောင်မောင်က အံ့ဩသည့်မျက်နှာနှင့် တိုက်ကြီး၏ မြင်မြင်သမျှ ဒီကရေးရှင်းတို့ကို ခေါင်း ချာချာလည်အောင် လိုက်မော့ကြည့်သည်။
	အရမ်း ခမ်းနားဆန်းပြားနေလို့ မဟုတ်ပါ။ သူ့ကိုယ်သူ ဘယ်နေရာရောက်လို့ ဘာတွေကြား နေရသလဲဆိုတာကို ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်သွားတာမျိုး . . .။
	“ကိုပြည့်သျှင် . . . ကျွန်တော် ဒီကိုလာခဲ့တာ ခုလိုမျိုး ခြံမြေအကြောင်း ပြောကြဖို့မဟုတ်ဘူး နော်  . . . ကျွန်တော့်ကို ဒင်နာဖိတ်တယ်ဆိုတော့ ပြောထားကြတဲ့ လုပ်ငန်းကိစ္စအတွက် ကိုပြည့်သျှင် ဘက်က အိုကေဖြစ်သွားလို့ပဲလို့ ထင်ခဲ့တာ . . .”
	“အဟွန်း . . .”
	“ပြီးတော့ ကျွန်တော့်တစ်ယောက်တည်းပဲ ဖိတ်တာကိုလည်း ဒီရောက်မှ . . .”
	“လူအများကြီး ဝိုင်းဖွဲ့တာကိုမှ ဒင်နာခေါ်တာ မဟုတ်ပါဘူး . . . မင်းတစ်ယောက်တည်းကိုပဲ ဖိတ်ပြီး အဆိပ်ခတ်ကျွေးတာလည်း မဟုတ်ဘူးလေ . . . ဘာတွေ ထူးဆန်းနေလို့လဲ . . .”
	ပြည့်သျှင်၏ဖြူဖျော့ဖျော့ မျက်နှာပြင်ပေါ်မှာ မလိုက်ဖက်စွာရှိနေသော စူးရဲသည့်မျက်လုံး တွေက တလက်လက် တောက်နေကြ၏။
	ပြောရလျှင် လူသေတစ်ယောက်၏ မျက်နှာကဲ့သို့ ခံစားချက်မဲ့နေပေမယ့် မျက်လုံးတွေက စူးရဲခက်ထန်လျက် . . .
	“မင်းကို ဖိတ်ခေါ်တဲ့အကြောင်းက အဲဒါပဲ . . . ‘အသူရာ’ ခြံကို မဝယ်ပါနဲ့ . . .”
	“အသူရာခြံ . . .”
	ဦးမောင်မောင်က ရေရွတ်လိုက်သေးသည်။ ပြီးမှ . . .
	“အသူရာဆိုတဲ့ ခြံနာမည်ကို ကျွန်တော် ခုမှသိတာ . . . ဘယ်မှာမှလည်း စာရေးမထားပါ လား . . .”
	ပြည့်သျှင်က ကနုတ်ပန်းတို့နှင့် ကျွန်းဆက်တီပေါ်မှာ ခြေချင်းချိတ်လိုက်ပြီး ခပ်လျော့လျော့ မှီ၍ . . .
	“ဟုတ်တယ် . . . ဒီနာမည်ကို ခြံတံတိုင်းပေါ်မှာ ထွင်းထည့်ပြီးမှ ပြန်ဖျက်ချခဲ့တာ . . . ဒါပေမဲ့ နာမည်ကို မကြိုက်လို့ ဖျက်ခဲ့တာပဲရှိတာ . . . ဒီနာမည်ရဲ့ ပညတ်သွားတဲ့အတိုင်း ဓာတ်သက်ပါသွားတာပဲ . . .”
	“ဘယ်လို . . .”
	“ပြောကြတာပဲလေ . . . အဲဒီခြံကြီးက သမိုင်းမကောင်းခဲ့ဘူးဆိုတာ . . .”
	“နေပါဦးဗျ . . . ကျွန်တော်တို့က မိုးကုတ်က ပြောင်းလာလာချင်း ငှားနေရတာ စရိတ်ကြီး လာလို့ မိသားစုကလည်း ကြိုက်လို့ ဒီခြံကိုဝယ်ဖို့ ဆုံးဖြတ်ကြတာ . . . အခု ငွေချေတော့မယ့်အဆင့် ထိ ခင်ဗျားသိထားတာတွေ ဘာမှမသိခဲ့ဘူး . . .”
	ပြည့်သျှင်က စကားမထောက်ဘဲ စိုက်ကြည့်နေ၏။ ဦးမောင်မောင်က အရိပ်မထင်လောက် အောင် လင်းထိန်နေသော ဧည့်ခန်းကျယ်ကြီးကို နောက်ထပ် လိုက်ဝေ့ကြည့်မိပြန်ကာ . . .
	“ကျွန်တော် တကယ်မယုံနိုင်ဘူး ဖြစ်နေတယ် . . .”
	“ဘာကိုလဲ . . .”
	“ခင်ဗျား ဒီခြံအကြောင်း သိနေတာရော . . . ခုလို တားဆီးနေတဲ့ အကြောင်းကိုရောပဲ . . .”
	“မယုံနိုင်အောင် အံ့ဩနေတာက ငါ့ကိုမဟုတ်ပါဘူး . . . လူတိုင်းသိနေပြီး မင်းကျမှ မသိခဲ့ တာမို့လို့ မင်းကိုယ့်ကိုယ်ကို အံ့ဩတာ ဖြစ်မယ် . . .”
	ဦးမောင်မောင် မျက်ခုံးထူထူကြီးတွေ တွန့်ကုတ်သွားသည်။ သူ့မှာ လုပ်ငန်းသစ်ထူထောင်ဖို့ ငွေအရင်းအနှီးတွေရှိသည်။ ကိုယ်တိုင်လုပ်တတ် ကြံတတ်ပေမယ့် ဒီထက် ခိုင်မာကျစ်လျစ်တဲ့ ဖွဲ့စည်း မှုမျိုးနဲ့ ချဲ့ထွင်ကြိုးစားချင်ခဲ့၏။
	ဒါကြောင့် ဆက်သွယ်ပေးတဲ့လူရှိတုန်း ဦးပြည့်သျှင် ဆိုသူကို သူစတင်ကမ်းလှမ်းခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ ငါးလလောက် ကြာခဲ့ပါပြီ . . .။
	ဦးပြည့်သျှင်က ဘာအကြောင်းမှ မတုံ့ပြန် . . .။ တွေ့ဖို့ ကြိုးစားတာလည်း မအောင်မြင်ခဲ့ပေ။
	တကယ်တမ်း ဆက်သွယ်လာပြီဆိုတော့လည်း ကိုယ် မျှော်လင့်ခဲ့သလို မဟုတ်တာ ခုမှ သိတော့သည်။
	မျက်နှာချင်းဆိုင် တွေ့ရပြီဆိုမှ ထပ်၍ အကဲခတ်မရသည်မှာ ဦးပြည့်သျှင်ဆိုသူဟာ သူ့ကိုယ် သူမှလွဲ၍ တခြားလူအပေါ်မှာ အထင်ကြီးတတ်ခြင်း မရှိတဲ့လူ . . .။
	ထို့ပြင် သူကိုယ်တိုင် တကယ်တတ်၍ တကယ်တော်ပုံလည်းရှိကာ အစွန်းရောက်မာနများဖြင့် ရပ်တည်နေခြင်းဖြစ်သော မျက်ဝန်းတို့မှာ အတ္တတွေအပြည့် . . .။
	“ကျေးဇူးတင်ပါတယ်ဗျာ . . . ဒါပေမဲ့ ဒီခြံကြီးကိုရော . . . တိုက်ကိုရော ကျွန်တော့် မိသားစုက သဘောကျနေကြပြီ . . . ဒါကို ပြောချင်လို့ ဒင်နာဖိတ်ကျွေးတာဆိုတော့ အားလည်း နာပါတယ် . . . ”
	“မလိုပါဘူး . . . တစ်ယောက်က ပိုင်တဲ့ခြံကို တစ်ယောက်က ဝယ်မယ်ဆိုတာ နောက် တစ်ယောက်က တားမြစ်ခွင့်မရှိဘူးလေ . . .။ ခင်ဗျား တစ်ခုသိထားရမှာက အဲဒီခြံဟာ အရောင်း အဝယ်ဘယ်တော့မှလည်း လုပ်လို့မရတဲ့ခြံ . . .”
	“ဗျာ . . .”
	“ပြီးတော့ သူ့ရဲ့ နဂိုပုံစံကို ဖျက်လို့ပြင်လို့မရဘူး . . .”
	ဦးမောင်မောင် မျက်မှောင်ကုတ်၍ နားတစ်ဖက်ပါ စောင်းသွားသေးသည်။ လူသည် သူဌေး သူကြွယ်ကြီးလို သပ်ရပ်ခန့်ညားနေပေမယ့် ရိုးသားသည့် မျက်နှာကြီးကတော့ အံ့ဩသွားတာ . . . ထိတ်လန့်သွားတာတွေကို မဖုံးဖိနိုင်စွာ ရှိရင်း . . .
	“ကျွန်တော် နားမရှင်းဘူးဗျ . . .”
	“အနည်းအကျဉ်းလောက်ပဲ ပြောပြတာတွေကို မယုံသေးဘူးဆိုလို့ သေချာပြောတာ . . . အဲဒီ ခြံကို အရောင်းအဝယ်တွေ ဖြစ်သွားခဲ့တုန်းက လူဘယ်နှယောက် သေခဲ့တယ်ဆိုတာ မင်းသိလား . . .”
	ဦးမောင်မောင်က ခေါင်းခါသည်။ ပြည့်သျှင်က လက်တန်းပေါ်မှာ တင်ထားသည့်လက်နဲ့ လက်လေးချောင်းထောင်၍ . . .
	“လူလေးယောက် တစ်လတည်း သေကြတာ . . . နှစ်ယောက်က ကားအက်ဆီးဒင့်နဲ့ . . . တစ်ယောက်က ကိုယ့်ကိုယ်ကို စီရင်သွားတာ . . . တစ်ယောက်ကတော့ လူရိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့ . . .”
	ဦးမောင်မောင် မျက်စိမျက်နှာ ပျက်လာခဲ့၏။
	“မင်းရှေ့က စားပွဲအောက်ထပ်မှာ အဲဒီလူသေမှုတွေ . . . လူသတ်မှုတွေအကြောင်း သတင်းစာတွေရှိတယ် . . . ဂျာနယ်တွေမှာလည်း ပါတယ် . . . ဒီထက် ခိုင်လုံချင်ရင် ရဲစခန်းတွေမှာ စုံစမ်းကြည့်လိုက် . . . ဘယ်မြို့ဘယ်ရဲစခန်းမှာ စုံစမ်းလို့ရတယ်ဆိုတာပါ ပြောပြမယ် . . .”
	စားပွဲအောက်မှာဆိုတော့ ဦးမောင်မောင် မျက်လုံးတွေ စားပွဲအောက်ကိုရောက်၏။ ပြီးတော့ ထိတ်လန့်သည့်မျက်နှာနှင့် မော့လာကာ . . .
	“ဒါ . . . ဒါတွေရှိခဲ့ရင်လည်း သူတို့မိသားစုကိစ္စပဲဗျာ . . . ခင်ဗျားလိုလူက အဲဒီလို အတိတ် နိမိတ်တွေကို . . .”
	“မယုံဘူးဆိုရင် ခင်ဗျား ငွေချေကြည့်လိုက်လေ . . . လွန်ခဲ့တဲ့ ခရစ်နှစ် နှစ်ထောင်မပြည့်ခင် လေးမှာ အဲဒီအိမ်ကို ကုန်သည်တစ်ယောက် ဝယ်ခဲ့တယ် . . . အခု ခင်ဗျားကို ပြန်ရောင်းမယ့်သူပေါ့ . . . ငွေ အကျေချေတဲ့နေ့မှာပဲ လူနှစ်ယောက် မိနစ်ပိုင်းလေးပဲခြားပြီး ဆုံးသွားတာ . . .”
	ဦးမောင်မောင် ဘာမှမပြောနိုင်တော့ပေ . . .။
	“နောက်ထပ် ဆက်တိုက် သေကုန်ကြပြီး ဝယ်လိုက်တဲ့လူကလည်း ဝယ်ပြီးတာနဲ့ တစ်ခြမ်း ကို ပြန်ပြင်ဖို့ဖျက်ချတယ် . . . အဲဒီမှာပဲ . . .”
	“ရ . . . ရပါပြီ . . .”
	ဦးမောင်မောင်က စိတ်အိုက်သလို မျက်နှာကိုလက်နဲ့ တစ်ချက်ပွတ်လိုက်သည်။ ပြီးမှ ကိုယ်ကို ဖင်ရွှေ့ပြင်ရင်း . . .
	“ခင်ဗျားက သက်သေအထောက်အထားတွေနဲ့ ပြောတာပဲ . . . ကျွန်တော်ယုံပါတယ် . . . ဒါပေမယ့် တစ်ခုတော့ သိချင်တယ်ဗျာ . . .”
	ပြည့်သျှင်က မေးခွန်းကို လိုလားခြင်းမရှိသည့်မျက်နှာနှင့် တိတ်ဆိတ်စွာ ကြည့်နေ၏။
	“ဝယ်မယ်ဆိုတာတောင်မှ ဂရန်အမည်ပေါက် မရှိသေးဘဲနဲ့ ဒေါ်မေယုဆိုတဲ့ အဘွားလက်ထဲ ကနေ လွှဲပြောင်းယူထားရတာမျိုးပဲ လုပ်နိုင်မှာပါ . . .။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ပိုင်ဆိုင်သူဖြစ် တဲ့ ဒေါ်ဦးဆောက်ပန်းဆိုတာလည်း မရှိတော့ဘူး . . . သက်သေစာရင်းမှာပါသမျှ ဘယ်သူတွေမှ လည်း မရှိကြတော့ဘူးဆိုတော့ . . .”
	စကားပြောရင်း တုံ့ဆိုင်းဆိုင်း ဖြစ်သွားသည်။ ပြီးမှ . . .
	“ဒါကို အရောင်းအဝယ်မဖြစ်တော့ဘူးပဲ ထားလိုက်ပါ . . . ကျွန်တော် မေးချင်တာက ဒီအိမ်နဲ့ ကိုပြည့်သျှင် . . . အဲလေ . . . ကိုပြည့်သျှင်က ဒီအိမ်ကို ဘာဖြစ်လို့များ မဝယ်စေချင်တာလဲဗျာ . . . သိချင်လို့ မေးကြည့်တာပါ . . . ရှင်းရှင်းပြောရရင် ကျွန်တော့်ကို စေတနာထားပြီး ပြောပြတာတော့ မဟုတ်လောက်ဘူး ထင်တယ် . . .”
	“ဘယ်ဟုတ်မလဲ . . . အဲဒီခြံကို ဘယ်သူဝယ်ဝယ် ငါက ဖျက်မှာပဲ”
	“ဘာများ . . .”
	“ဘာဖြစ်ဖြစ် ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ . . .”
	သူပိုင်ဆိုင်ခဲ့တဲ့အိမ်ဟာ ဦးဆောက်ပန်းရဲ့ နာမည်နဲ့ပဲ ရှိနေခဲ့တာကို ဘယ်တော့မှ မပျောက် ပျက်စေရ . . .။
	စကားသံတို့သည် ရင်ထဲမှာပဲ ဖြစ်ပေါ်သွားခဲ့၏။
	ဦးမောင်မောင်က သူဖြေလိုက်တာကို အားမလိုအားမရ မျက်နှာနှင့်ပြုံး၍ . . .
	“ကျွန်တော်ကတော့ ကြောက်တတ်တာ ဝန်ခံပါတယ် . . . ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ယုံယုံ မယုံယုံ ဒါကို သွေးတိုးစမ်းကြည့်ဖို့က ထိခိုက်ခဲ့ရင် ကိုယ့်မိသားစု . . .”
	ပြည့်သျှင်က ပြုံးလိုက်သည်။
	“ဒါပေမဲ့ ခင်ဗျား နောက်ထပ် ဝယ်လက်တွေကိုတော့ တားလို့ရချင်မှာ ရမှာနော် . . .”
	“ဟွန်း . . .”
	နှုတ်ခမ်းက အပြုံးနှင့် မျက်ဝန်းတို့သည် ဩဇာရိပ်တို့ လွှမ်းမိုးနေလျက် . . .
	“နောက်ထပ် ဖြစ်လာမှာတွေ မင်း စိတ်မဝင်စားပါနဲ့ . . . အခု မင်းဖြစ်ချင်တာ ဖြစ်ခွင့်မရတော့ဘူး . . . ငါ ဖြစ်ချင်တာကိုပဲ ဖြစ်အောင် လုပ်နိုင်တယ် . . . လိုရင်းက အဲဒါ . . .”
	ဦးမောင်မောင် ငေးခနဲဖြစ်သွားရင်း မကြာမတင်မှာပဲ ခေါင်းညိတ်သွားခဲ့၏။ ကိုယ့်ကိုယ်ကို လည်း အသံတိတ်ဆုံးမမိသည်။
	နောက်ကို ကိုယ်ဘာလုပ်နိုင်သလဲပဲ တွေး . . .။
××××××
အခန်း (၆)

	စိတ်ရှင်းလက်ရှင်း နေချင်ပေမယ့် ကိုယ်လာတဲ့နေ့မှပဲ လူတွေ ပိုများနေတာလားမသိ . . .။
	ကန်ရေပြင်ကို မြင်နေရသော ရေစပ်ထောင့်စားပွဲမှာ သူတစ်ယောက်တည်း ဖြစ်သော်လည်း
	“အန်ကယ် ဒီမှာ ထိုင်ခွင့်ပြုပါနော် . . .”
	သူ မော့ကြည့်လိုက်တာနှင့် လူငယ်က ထိုင်ချလိုက်ပြီးဖြစ်ကာ မျက်နှာကလည်း ညှိုးငယ် နေလျက် . . .
	“ကျွန်တော်လည်း ဘာမှဝယ်မစားနိုင်ဘူး . . . အဟွန်း . . . ပိုက်ဆံမရှိလို့တော့ မဟုတ်ပါဘူး . . . ပါမလာလို့ပါ . . .”
	ရယ်ပေမယ့် ခပ်နွမ်းနွမ်းဖြစ်နေဆဲနှင့် . . .
	“အားလုံး အုပ်စုလိုက် အတွဲလိုက်တွေမှာ အန်ကယ်လေးတစ်ယောက်တည်းက ဘာမှလည်း စားသောက်တာ မရှိဘူးဆိုတော့ အရမ်းအဆင်ပြေလို့ပါ . . . ပြီးတော့ ကျွန်တော် ဒီနေရာလေးမှာ လာထိုင်ပြီး ပုံတူရေးနေကျလေ . . . တခြားစားပွဲထိုင်ရင် ဘယ်လိုမှ စိတ်ကူးမရင့်ဘူး . . .”
	ပြည့်သျှင်မျက်ဝန်းတွေမှာ အေးစက်စက် ရယ်မြူးရိပ်တို့ ထင်၏။
	“အန်ကယ်လေး စားသောက်ဖို့ဆိုရင် ကျွန်တော့်ကို အားမနာနဲ့နော် . . . ကျွန်တော်က ဒီစားပွဲမှာ ဒီစာအုပ်တစ်အုပ်စာ နေရာလေးပဲ လိုချင်တာပါ . . .”
	“နေရာဆိုတာ ပိုင်သူမရှိသေးပေမယ့် လိုချင်ရင် သူများထက် ဦးအောင်ယူရတယ် . . .”
	လူငယ်က အံ့ဩသလို တစ်ချက်ပြန်ကြည့်ကာ . . .
	“ဟုတ်ပါတယ် . . . အဲဒါ မှန်ပါတယ် . . . ကျွန်တော်ကလည်း အမြဲတမ်းပဲ အရှုံးပေးနေရတဲ့လူပါ . . . ဒီတစ်ခါလေးပဲ အန်ကယ်လေးဆီမှာ ကျွန်တော်ရလိုမှုလေးကို တင်ပြတာပါ . . . အန်ကယ်လေးမကြိုက်ရင် စကားတစ်ခွန်းမှ ထပ်မပြောတော့ပါဘူး . . .”
	ပြောလိုက် . . . တောင်းပန်လိုက်နှင့် ပုံဆွဲစာအုပ်ရှည်လေးကို စတင်ဖွင့်လှစ်၏။
	စာအုပ်ထဲကို သူကြည့်လိုက်တော့ ထိပ်စီးနေ့စွဲလေးတွေပဲ ကျန်ကာ ဖြတ်ယူပြီး စာရွက်တွေ အပြင် မဆွဲရသေးဘဲကျန်သည့် စာရွက်ဖြူက အလွန်ဆုံးရှိမှ သုံးလေးရွက် . . .။
	သူ ဒီမှာလာထိုင်တာကိုက စားသောက်ဖို့မဟုတ်ပေ . . .။ ထို့ကြောင့် စီးကရက်တစ်ဘူး မှာထားကာ ဒီတိုင်းထိုင်ပြီး ပြန်ရုံ . . .။
	“ကျွတ် . . .”
	လူငယ်က တစ်ယောက်တည်း အလုပ်ရှုပ်ရင်း စာရွက်ပေါ်မှာ ခဲခြစ်ရာမထင်သေးဘဲ စာရွက် ကို ဆုတ်ပစ်လိုက်၏။
	စီးကရက်တစ်ရှိုက်ကို ခပ်ဖြည်းဖြည်း မှုတ်ထုတ်ရင်း ပြည့်သျှင်က ပြုံး၏။
	“အန်ကယ်လေး ကျွန်တော့်ကိုပြုံးတာလား . . .”
	“အဟွန်း . . .”
	“ကျွန်တော်က အပျင်းပြေလာလာပြီး အချိန်ဖြုန်းနေတဲ့လူ မဟုတ်ပါဘူး . . .”
	“မင်းကို ငါမေးမိလို့လား . . .”
	“အန်ကယ်လေးက ပြုံးလိုက်တော့ ကျွန်တော်နဲ့ သက်ဆိုင်သွားပြီမို့လို့ ပြောပြတာပါ . . .”
	“ဒါဆို ပြောပါဦး . . . ပုံတူရေးမှာက အခု ဘယ်သူ့ကိုလဲ . . .”
	“အခုက စီးပွားရေးထက် ပိုအရေးကြီးပါတယ် . . . အရင်တုန်းက ချစ်သူတွေရှိတဲ့နေရာ . . . စိတ်ဝင်စားတတ်တဲ့လူတွေ ရှိတဲ့နေရာပေါ့ . . . ။ ဒါမျိုးတွေမှာ စီးပွားဖြစ်လည်းဟုတ် . . . ဝါသနာ ဆိုလည်း ဟုတ်တယ် . . . အခုဆွဲရမှာက ချစ်သူရဲ့ပုံတူ . . .”
	“ပိုမကောင်းဘူးလား . . .”
	“ကောင်းပါတယ် . . . ဒါပေမဲ့ ဆရာဝန်တွေ ကိုယ့်သားသမီးကို ခွဲစိတ်တာကျတော့ လက်တုန်တယ်ဆိုတာလို . . . သူစစ်မယ့် စာမေးပွဲမှာ ကျွန်တော်ကျလို့ မဖြစ်ဘူး . . . သူ့ပုံတူကို အချိန်ပိုင်းနဲ့အပြီး တူအောင် ဆွဲရမှာ . . .”
	“မတူရင် . . .”
	“မတူရင် ကျွန်တော် ဆွေးပြီပေါ့ဗျာ . . .”
	“နှလုံးသားရေးရာမှာ အဲဒီလောက် လွယ်လွယ်နဲ့ ကြက်ခြေခတ်ပစ်လို့ ရသလား . . .”
	“မသိဘူး . . . ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ကိုမှ အနိုင်မရခဲ့ဖူးဘူး ထင်တယ် . . . အဲဒါ ကြောင့် ကိုယ့်ကိုယ်ကို ကော့ဖစ်ဒဲ့(စ်) မရှိဘူး . . . အဲဒါကြောင့်ပဲ ခုလို သူ့ထက် ကြိုရောက်အောင် လာပြီး သူ့ပုံတူကို ရေးကြည့်နေတာ . . . ဂရုစိုက်လေ . . . လက်တုန်လေ ဖြစ်နေတယ် . . .”
	“စီးပွားဖြစ် ရေးနိုင်နေကာမှ ဒီလောက်တောင် ဖြစ်ရလား . . .”
	“ဟုတ်တယ် . . . ကျွန်တော် စိတ်တည်ငြိမ်မှုရအောင် အန်ကယ်လေးရဲ့ပုံကို ရေးကြည့်ပါရ စေ . . .”
	ပြည့်သျှင်က မျက်မှောင်ကုတ်သွား၏။
	“ဘာတစ်ပြားမှ ပေးစရာမလိုပါဘူး . . . လုံးဝတူစေရပါ့မယ် . . . ဒါမှမဟုတ် ဘယ်လောက် ထိ စိတ်လှုပ်ရှားနေရတယ်ဆိုတာ အန်ကယ်လေး နားလည်ပေးနိုင်မှာ . . .”
	ပြည့်သျှင် လူငယ်ကိုကြည့်၍ စိတ်ဝင်စားသလိုတော့ ဖြစ်သွားမိသည်။
	“လုပ်ကြည့်လေ . . . တူသည်ဖြစ်စေ မတူသည်ဖြစ်စေ မင်း ယူသွားလို့တော့ မရဘူး . . .”
	“ဟုတ်ကဲ့ပါ . . . အန်ကယ်လေးကို ပေးသွားမှာပါဗျာ . . .”
	လူငယ်က သူ့နာမည်ကို မပြောသလို ပြည့်သျှင်ကိုလည်း မမေးပါ။ သူကလည်း မေးဖို့ စိတ်မဝင်စားဘဲ လူငယ်ရဲ့လက်ပေါ်မှာပဲ စူးစိုက်ကြည့်နေခဲ့၏။
	လူငယ်က သူဝတ်ထားသည့် ကုတ်အင်္ကျီနဲ့ ရှူးဖိနပ်စီးထားသည့် ခြေထောက်ထိ သေချာ ငုံ့ကြည့်သည်။ ပြီးတော့ . . .
	“အပေါ်ပိုင်းပဲ ဆွဲမှာပါ . . . အန်ကယ်လေးရဲ့စတိုင်ကို သိချင်လို့ . . .”
	သူ့ဘာသာ ဖြေရှင်းပြီး အာရုံစိုက်ဆွဲနေ၏။
	“ခုခေတ်မှာ ကွန်ပျူတာနဲ့ ဘာတွေလုပ်နိုင်နေနေ ဒီလို ကောက်ကြောင်းလေးတွေကတော့ ဖန်ဆင်းရှင်ရဲ့လက်နဲ့ ပုံဖော်မှ တန်ဖိုးကြီးတာပါ . . .”
	ခုတော့လည်း ပေါ့ပါးဟန်နှင့် ပြုံးပြုံးရယ်ရယ် ရေးဆွဲနေ၏။
	“ပြီးသွားပြီ . . .”
	“ထားလိုက်ပါ . . . ငါ မြင်နေတာပဲ . . .”
	“ဘယ်လိုလဲ အန်ကယ်လေး . . .”
	“ညံ့တယ် . . .”
	“ဗျာ . . .”
	“ဒီပုံစံမျိုးနဲ့ မင်း ပရော်ဖက်ရှင်နယ်ဖြစ်ဖို့ မလွယ်ပါဘူး . . .”
	“အန်ကယ်လေး . . .”
	“မင်းပုံစံကြည့်ရတာလည်း ဒါနဲ့ပဲ ကျေနပ်ပုံရတယ် . . .”
	“ကျွန်တော် . . .”
	လူငယ်က ခေါင်းတစ်ချက်ပွတ်လိုက်ပြီး ရှုံ့မဲ့မဲ့ဖြစ်သွား၏။ ထိုစဉ် . . .
	“အစ်ကို့ . . .”
	ဝိတ်တာ လူရွယ်တစ်ယောက်က စာရွက်လိပ်လေးတစ်ခု လာပေးကာ . . .
	“ဒီအစ်ကိုကြီးကို ပေးခိုင်းလိုက်တာ . . .”
	ပြည့်သျှင်က ပခုံးအောက်သာသာ ဆံပင်တွေကို သိမ်းလှန်ပြီးထားကာ လူက သွယ်သွယ် ပါးပါးမို့ ဝိတ်တာက သေချာ ငုံ့ကြည့်ပြီးမှ အစ်ကိုကြီးလို့ပဲ ထပ်ခေါ်ကာ . . .
	“အစ်ကိုကြီးအတွက် လက်ဆောင်လို့ပြောသွားတယ် . . .”
	“ဘယ်သူ ပေးသွားတာလဲ . . .”
	“မသိဘူး ခင်ဗျ . . . ခုလေးတင်ပဲ ထသွားတာ . . .”
	ပြည့်သျှင် စီးကရက်လက်ကမချဘဲ စာရွက်လိပ်ကို ဖြန့်ကြည့်လိုက်၏။
	“ဟင် . . .”
	မျက်ခုံးနှစ်ဖက် ဆတ်ခနဲ ကျုံ့သွားသည်။
	ဆွဲထားတာ သူ့ပုံတူ . . .။ ပြီးတော့ မျက်လုံးတစ်ဖက်ကို ကြက်ခြေခတ်ထားလျက် . . .။
	အောက်မှာစာတစ်ကြောင်း . . .။
	“အင်္ဂါစုံအောင် ဆွဲလိုက်ရင် နတ်ဆိုးလို အသက်ဝင်လာမှာစိုးလို့ . . .”
	သူ ဆတ်ခနဲ ထရပ်လိုက်သည်။
	ဒါဘယ်သူလဲ . . .
	နေရာက ထလာခဲ့ပြီး ခြေလှမ်းကျဲတွေနဲ့အတူ မျက်လုံးက နေရာအနှံ့ကို ပြေးလွှားသွား၏။
	“ဝရော . . .”
	ဆိုင်ကယ်သံက နားထဲမှာ ဆူညံသွားသည်။ ကိုယ့်နား ကပ်ကပ်လေးကမို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်၏။
	“ဟား . . . ဟား . . . ဟား . . .”
	“ဟား . . . ဟား . . . ဟား . . .”
	ဆိုင်ကယ်တစ်စီးတည်းမှာ လူငယ်သုံးယောက် . . .။
	သူသိလိုက်သည်။
	ဒီပုံကိုဆွဲသွားတာ ထိုထဲကတစ်ယောက် . . .။
	ဆိုင်၏ဘေးကြားထဲက ထွက်သွားသည့် ဆိုင်ကယ်လမ်းကြောင်းကို ပြန်ကြည့်မိကာ ရင်ထဲမှာ တနုံ့နုံ့ဖြစ်ကျန်ရစ်၏။
	ပြန်ကြည့်လိုက်တော့ ဟိုလူငယ်လည်း မရှိတော့ပေ . . .။
	ဒါ တမင်အကွက်ကျ စီစဉ်ထားတာလား . . .။
××××××
အခန်း (၇)

	“လူလေး . . . မင်းအမေက ပြိုင်ပွဲကိစ္စနဲ့ ဘန်ကောက်သွားဖို့ အစီအစဉ်အတွက် . . .”
	“ဖျက်ရမယ်လို့ ပြောတာမို့လား . . .”
	“ဟုတ်တယ် . . .”
	“ကျွန်တော်က သွားဖို့စီစဉ်ပြီးပြီ . . .”
	ဦးယက္ခက သူ့ဘေးကို ရောက်လာသည်။
	သော မျက်နှာကလည်း ဆုံးဖြတ်ပြီးသားကို ပြင်မှာမဟုတ်ဘူး။ ခိုင်မာမှုများနှင့်ဖြစ်လျက် …
	“ကျွန်တော် လုပ်ချင်တာ ဘာမှမလုပ်ရသေးဘူး ဦးခ . . .”
	“မင်း လုပ်ချင်တာတွေ လုပ်ဖို့ထက် မင်းအမေ ဘာဖြစ်နေသလဲဆိုတာ . . .”
	“နေဦး ဦးခ . . . အဲဒါကစပြီး ရှုပ်ကုန်တာ . . .”
	ကိုင်ထားသည့်ဖုန်းကို ဒီတိုင်းချထားလိုက်ပြီး သူ မွေ့ရာပေါ်မှာ ငုတ်တုတ်ထိုင်၏။
	“မေမေ ဘာဖြစ်စေချင်တာလဲဆိုတာ အခု ဦးခပြောနိုင်သလား . . . ဦး ပြောပြပါ . . .”
	ဦးယက္ခ ဘာမှမဖြေဘဲ စိုက်ကြည့်နေ၏။
	“သူ ဖြစ်စေချင်တာတွေ ပြောပြတယ် . . . သူနာကျင်ခဲ့ရတာတွေအားလုံး ကျွန်တော့်ကို ဟိုးငယ်ငယ်လေးတည်းက အသိပေးခဲ့တယ် . . . ကျွန်တော့်အမေအတွက် ကျွန်တော်လည်း ထပ်တူ ထပ်မျှ နာကျင်ခဲ့ရတာပဲ . . . အဲဒါတွေကို အခု ကျွန်တော် ဘာလုပ်ခွင့်ရခဲ့သလဲ . . .”
	“လူလေး . . . အဲဒါတွေကလည်း မင်းအတွက် . . .”
	“မဟုတ်ဘူး ဦးခ . . . ကျွန်တော့်အတွက်ဆိုရင် ဒီလောက် နာကျင်စရာကောင်းတာတွေကို ကျွန်တော့်တစ်ဘဝလုံး ခံစားလာရအောင် သူမပြောဘူး . . .”
	“မိဘကို ပြစ်မှားမိရင် မင်း ဒုက္ခတွေ့လိမ့်မယ်နော် . . . ပြောမှားဆိုမှားတွေ မဖြစ်ပါစေနဲ့ . .”
	ဦးယက္ခ မျက်နှာကလည်း စိုးရိမ်တာရော . . . လက်မခံနိုင်တာတွေ ရှုပ်ထွေးနေခဲ့သည်။
	“ခုချိန်ထိ တောက်လျှောက်မှာ မင်းအမေ ရည်ရွယ်ခဲ့သမျှ . . .”
	“ကျွန်တော့်အတွက် မပါသေးဘူးထင်တာပဲ . . .”
	သောက ဦးယက္ခကို ဘာစကားမှ အဆုံးထိ ပြောခွင့်မပေးဘဲ ခေါင်းခါလက်ကာတွေ ဖြစ်လျက် . . .
	“သူ ပြောပြတယ် . . . ကျွန်တော်က ဒီတိုင်း တောက်လျှောက်ကြီး လာခဲ့ရတာတွေကို ပန်းတိုင်ရောက်ပြီဆိုမှ ခြေထောက်ရိုက်ချိုးတယ် . . .။ ဒါဆို ဘာဖြစ်လို့ ပြောပြခဲ့တာလဲ . . . ကလေး အရွယ်လေးနဲ့လိုက်အောင် သိသင့်တာတွေရော . . . မသိသင့်တာတွေရော မေမေ ဘာလို့ပြောပြခဲ့ တာလဲ . . .”
	“သားအမိ နှစ်ယောက်ပဲရှိလို့ပေါ့ကွ . . .”
	ဦးယက္ခ လေသံက မာကျောခြင်းတို့ ဖိစီးလာ၏။
	“စကားပြောစရာမရှိရင် တိုင်နဲ့တောင် စကားပြောကြသေးတာ . . . သူ့ဘဝမှာ မင်းရှိတာ . . . မင်းရဲ့ပခုံးကိုဖက်ပြီး ငိုကြွေးခဲ့တာ ဘာဖြစ်လို့လဲ . . .”
	“မဟုတ်ဘူး . . . ရင်ဖွင့်ခဲ့တာမျိုးမဟုတ်ဘူး . . . သူဖြစ်စေချင်တာတွေကို ပြောခဲ့တာ . . .။ ကျွန်တော့်အနာဂတ်အတွက် သူကိုယ်တိုင် ပရိုဂရမ်တွေရေးခဲ့တာ . . .”
	“အေးပေါ့ ဟုတ်တယ်ပဲထားပါ . . . အခု သူရေးတာကို ဖျက်ခဲ့လို့လား . . . မင်းကို အချိန် မတန်သေးခင် သူ့မျက်စိကွယ်ရင် မှားသွားမှာစိုးလို့ . . .”
	“ဟား . . . ဟား . . . ဟား . . .”
	သောက ခြောက်ကပ်ကပ်ရယ်ပစ်လိုက်၏။
	ပြီးတော့ နေရာမှ ထရပ်လိုက်လျှင် ဦးယက္ခအထက်မှာ ခေါင်းတစ်လုံးစာလောက် မြင့်တက် သွားသဖြင့် မျက်တောင်ဖျားတို့ ပြန်ငဲ့ကြည့်ကာ . . .
	“မျက်စိကွယ်ရာမှာ ဟုတ်လား . . . မေမေ ကျွန်တော့်နားမှာ ဘယ်တုန်းကရှိခဲ့လို့လဲ . . .”
	“ရှိသင့်တဲ့အချိန်တုန်းက ရှိခဲ့တာပဲ သောရယ် . . .”
	“ရှိသင့်တဲ့အချိန်ဆိုတာ ဘယ်သူသတ်မှတ်လိုက်တာလဲ . . . ပြောပါဦး . . .”
	“မင်းကရော . . . မင်းအမေနဲ့ နီးနီးနေချင်ပါတယ်ဆိုတဲ့ မျှော်လင့်တမ်းတခြင်းမျိုး ဘယ်တုန်းက ရှိခဲ့ဖူးလို့လဲ . . .”
	“မျှော်လင့်တမ်းတတယ်ဆိုတာ ဘာကိုပြောတာလဲ ဦးခ . . . ‘မေမေရေ . . လာပါတော့ သားလေးမျှော်လှပေါ့ . . .’ ဆိုပြီး ပါးစပ်က တစာစာအော်နေတာမျိုးလား . . .”
	ဦးယက္ခက အံ့ဩသည့်မျက်ဝန်းတို့နှင့်ကြည့်လျှင် သူက ခေါင်းခါ၍ . . .
	“ဖြစ်သင့်ခဲ့ပုံတွေကို ပြောပြတာ . . . ကျွန်တော် အဲဒီလောက်ထိ ပျော့ညံ့ပျစ်ချွဲမနေဘူး . . .”
	ခေါင်းတခါခါနှင့် တစ်ဖက်လှည့်လျှောက်သွားသည့် ကျောပြင်ကို သောက စိုက်ကြည့်ရင်း . .
	“မေမေ့ကို ကျွန်တော် နားလည်ခဲ့တာ ငယ်ငယ်လေးတည်းက . . . ခုချိန်ထိလည်း နားလည် ဖို့ပဲ ကြိုးစားနေခဲ့တာ . . . ဒါပေမဲ့ မေမေ ကျွန်တော့်ကို နားလည်မှုမရှိတာ သေချာလာတော့ . . .”
	“မဟုတ်သေးဘူး သော . . .”
	“သိပ်ဟုတ်တာပေါ့ . . . ကျွန်တော် လိုချင်တာက သားအမိနှစ်ယောက်တည်း ရှင်သန်လာခဲ့ ကြတဲ့ဘဝမှာ သားအမိချင်း နားလည်နိုင်ကြဖို့ပဲ . . . အဲဒီထဲမှာ အကြင်နာ မေတ္တာတွေချည်း ဝေဝေ ဆာဆာရှိနေဖို့ မပါသေးဘူး . . .”
	“မင်းက ဘာကိုလိုချင်တာလဲ . . . ။ ကိုယ့်အမေအပေါ်မှာ ဘာအလိုမကျဖြစ်နေတာလဲ . . . ပြော . . .”
	“ကျွန်တော် ဦးခနဲ့ပြောလို့ ပြီးမှာမှ မဟုတ်တာ . . .”
	“မင်းတို့သားအမိကြားမှာ ဦးခပဲ အစစအရာရာ အဆင်ပြေအောင် ချိတ်ဆက်ညှိနှိုင်းပေးလာ ခဲ့တာ . . .”
	“အဟွန်း . . .”
	သော မျက်နှာမှာ နာကျင်သည့် မဲ့ပြုံးတွေနှင့် . . .
	“သားအမိတွေတိုင်းမှာ ချိတ်ဆက်ညှိနှိုင်းပေးနေရတဲ့ လူတစ်ယောက် ရှိကြတာပဲဆိုရင်တော့ ဦးခပြောတာ မှန်တယ် . . .”
	“သော . . .”
	“ကျွန်တော် ဆယ့်ခြောက်နှစ်သားလေး မဟုတ်တော့ဘူး ဦးခ . . .”
	“ဒါပေမဲ့ မင်းလူကြီး မဖြစ်သေးဘူးလေ . . .”
	“အဲဒါကို ကျွန်တော့်ကိုယ် ကျွန်တော် သတ်မှတ်မယ် . . .”
	သော မျက်လုံးတွေက တလက်လက် စူးရဲနေလျက် . . .
	“ကျွန်တော် မှန်တယ်ထင်တာကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်လို့ရတယ် . . . လုပ်ရမှဖြစ် မယ် . . .”
	“မင်းအမေနဲ့ ပြောပြလိုက်ပေါ့ . . .”
	“ပြောဖို့ရှိတဲ့လူက လာပါစေ . . .”
	“ဘယ်လို . . . သော . . . မင်း ဘာပြောလိုက်တာလဲ . . .”
	“ကျွန်တော့်မှာ ပြောဖို့မှမရှိတာ . . .”
	ခေါင်းမာလိုက်တဲ့ ကလေး . . .။
	ဦးယက္ခ မျက်ဝန်းတွေက တစ်စုံတစ်ရာသော ကာလဆီကို လှမ်းမျှော်ကြည့်လိုက်သလိုမျိုး . . .။ ပစ္စုပ္ပန်မှာ ရပ်တည်နေသော ကိုယ်ခန္ဓာကနေ စိတ်တို့က ပြေးလွှားသွားခဲ့တာ မိုင်ပေါင်းကုဋေ . . .။
	ဒီမျက်လုံး ဒီအမူအရာတွေကို သူ သတိရရင်း ဆွေးမြည့်သွားသည့် မျက်နှာပြင်တစ်ခုလုံးက ပြိုကျတော့မည့် တိမ်ညိုမည်းတို့လို . . .။
	တကယ့်ကို ဖအေတူ သား . . .။
×××××
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၄) ကို မနက်ဖြန် ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စာရေးဆရာမ သျှင်မရဲ့ “ဂန္ထဝင်ချစ်ထုံး” အခန်းဆက်ဝတ္ထုရှည်ကို တနင်္လာ၊ အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းတွင် ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
…….
“တကယ်လို့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျာ”
“ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့လည်း မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 

Related Posts