သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက် ဝတ္ထုရှည်
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁) 
…….
အခန်း (၁)	
“ကားပြီးသွားပြီလား . . .”
	“ပြီးပြီ အာစရိ . . . ကြည့်ပါဦး . . . တကယ့်ကို အသစ်အတိုင်းပဲ . . အခုခေတ် မော်ဒယ်မြင့် ဆိုတဲ့ ဂျပန်ယူ့စ်တွေထက် သာတယ် . . .”
	သူ့မျက်လုံးထဲမှာတော့ မှန်ရှိခဲ့မှန်း မရှိခဲ့မှန်း မသိလောက်အောင် မွမွကြေကျကုန်သည့် မှန်ခွက်တွေက ဟောင်းလောင်း . . .။
	မျက်လုံးနှစ်လုံးစလုံး ဟောက်ပက်နှင့် ပိန်ရှုံ့ချိုင့်ခွက်နေသည့် ဦးခေါင်းပိုင်းရယ် . . .၊ ပြီးတော့ ဘေးတိုက် အတိုက်ခံထားရသည့် ပိန်ရှုံ့ချိုင့်ခွက်ရာကြီးနှင့် သူ့ကား လင့်န်ခရူဇာ . . .။
	“အာစရိ . . .”
	တီလုံးက မျက်မှောင်ကုတ်ရင်း စူးစိုက် ငေးနေသည့် သူ့မျက်နှာရှေ့ထိ မော့ကြည့်ပြီး ခေါ်သည်။ ထိုအခါကျမှ သူ့မျက်လုံးတွေ လှုပ်ရှားလာကာ . . .
	“မောင်းကြည့်တော့ ဘယ်လိုနေသလဲ . . .”
	“ဟာ . . . အင်ဂျင်ကလည်း ရှယ်ပဲ . . . ဘုရားအလောင်းမင်းသား တောထွက်ခါနီးတော့ ကဏ္ဍကမြင်း ခုန်ပေါက်မြူးထူးတာမျိုး . . . အာစရိ ပထမဆုံး အပြင်ထွက်မယ့်နေ့ . . . သူ့ကိုလည်း ပြင်ဆင်ခြယ်မှုန်းပြီး အာစရိကိုယ်တိုင် ပြန်မောင်းမှာဆိုတော့ အင်ဂျင်က လက်မတင်ခင်က နိုးပြီး သားပဲ . . .”
	တီလုံးက ဝမ်းသာအားရကြီး ပြောပြနေတာ ရွှန်းရွှန်းဝေနေပေမယ့် ပြည့်သျှင်မျက်နှာ ပြုံးယောင်သမ်းတာလေးတောင် ဖြစ်မလာခဲ့ပေ . . . ။
	“အော်တိုဆားဗစ်ကလူတွေက အံ့ဩနေကြတာ . . . ကားက ဒီလောက်ထိထားတာကြီးကို . . .  မော်ဒယ်ကလည်း အများကြီးနိမ့်ကျန်ခဲ့ပြီလေ . . . ဒါကို ကားတစ်စီးဖိုးလောက် ထပ်ပုံပြီး အကောင်းတိုင်းဖြစ်အောင် ပြန်ပြင်တာကို . . . ”
	“စကားမများနဲ့ . . .”
	“ဟုတ် . . .”
	ပြည့်သျှင်က ကားနားကိုလျှောက်သွား၍ သေချာလှည့်ပတ်ကြည့်သည်။ ဒီကားမှာ သူ့အတွက် မေ့ဖျောက်ဖို့မလွယ်သော အမုန်းသမိုင်းတွေ ရှိသည်။
	မုန်းသူရဲ့ ခြေရာလက်ရာတွေ ကျန်ခဲ့၏။ ဘော်ဒီထု ဆေးမှုတ်လိုက်ရုံနဲ့ ကားရဲ့ပုံသဏ္ဌာန် အကောင်းတိုင်း ပြန်ပေါ်လာသော်ငြား အတွင်းကြေဒဏ်ရာများနဲ့ ဒီကားမှာ . . .။
	“အာစရိ . . . လန့်ခ်ျ ဘယ်မှာစားမှာလဲ . . . ကျွန်တော် ကြိုပြီး . . . ”
	“မလိုဘူး . . .”
	တီလုံး စကားမဆုံးခင် သူကားထဲဝင်ထိုင်ပြီးဖြစ်ကာ တံခါးဆွဲပိတ်လိုက်ပေမယ့် တံခါးသံ မဟုတ်ဘဲ နားထဲမှာ ‘ချွမ်း’ ခနဲ ဆူညံသွား၏။
	ရှေ့မှန်ချပ်ကြီးသည် မာကျောသောအရာတစ်ခုနှင့် ပစ်ပေါက်ခြင်းခံရကာ မိုးစက်တွေကဲ့သို့ တဖွားဖွား ကြွေကျသွားကြ၏။
	စတီယာရင်ကို တင်းခနဲဖိဆုပ်ရင်း မျက်လုံးတွေကိုပါ မှိတ်ပစ်လိုက်မိသည်။ သို့သော် . . .
	“ဘုတ် . . . ဘုတ် . . . ”
	ဘေးမှန်တံခါးကို ပုတ်ခေါ်နေသည့်အသံကြောင့် မျက်လုံးတွေ ပြန်ဖွင့်လိုက်တော့ ဒါက တကယ်မဟုတ် . . .
	မှန်ပြင်သည် ဒီတိုင်းပဲရှိကာ အခြေအနေအားလုံးဟာ လွန်ခဲ့သော နှစ်နှစ်ဆယ်ကနှင့် များစွာ ကွာလှမ်းခဲ့ပြီဖြစ်သော . . .
	“အာစရိ ဘာဖြစ်လို့လဲ . . .”
	အသံမကြားရပေမယ့် တီလုံး မေးလိုက်တာကို သူသိသည်။ တဖျင်းဖျင်း ရှတကျန်ရစ်သော ကိုယ့်ရင်ဘတ်ကို ဥပေက္ခာပြု၍ သူခေါင်းခါပြလိုက်သည်။
	ကားပေါ်ကို ထိုင်လိုက်မိတာနှင့် သွေးတို့ကို ဆူပွက်လာစေခဲ့သည့် အတိတ်သည် နှစ်များစွာ ကြာခဲ့ပြီပေမယ့် မနေ့တစ်နေ့က အတိုင်းပါလား . . .။
	ပြီးတော့ သူ ဂျပန်မှာ သွားနေခဲ့တာ ရှစ်နှစ် . . .။ မြန်မာပြည်ပြန်ရောက်နေတာလည်း နှစ်နှစ် ပြည့်သွားခဲ့ပြီ . . . ဒါပေမဲ့ အပြင်ကို ခြေတစ်လှမ်းမှ သူမကျူးခဲ့ပေ . . .။
	စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နေပေမယ့် တီလုံးကိုပဲ အားလုံး လွှဲထားခဲ့သည်။
	တီလုံးကနေမှ တခြားကိုယ့်လူယုံတွေကို ဆင့်ပွား ညွှန်ကြားခြင်းဖြင့် လည်ပတ်နေကြတာ ဖြစ်သည်။
	ဒီနေ့ သူ အပြင်ထွက်လာခဲ့တာ ပထမဆုံး . . . ။
	ဘာမှ သိသာစွာ မပြောင်းလဲသေးသည့် ပတ်ဝန်းကျင်က သူ့ရင်ကို အသစ်မဖြစ်စေခဲ့တာလား . . . ။ သူ့ရင်ထဲမှာ စွဲနစ်ကျန်ရစ်သည့် ဒဏ်ရာက ပြင်းထန်ခဲ့လို့လား . . .။ လွမ်းဆွေး နာကျင်မှုတွေက ဘာတစ်ခုမှ မပြောင်းလဲသေးတာ နှလုံးသားက သက်သေပြနေ၏။
	“ဟင် . . .”
	သူ့ရှေ့မြင်ကွင်းထဲမှာ ဗရုတ်သုတ်ခ ပြေးလာနေကြသည့် လူငယ်တစ်စုက လမ်းတစ်ခုလုံး ပြည့်အောင် ဖရိုဖရဲနိုင်၏။
	ဦးတည်ရာမဲ့ ခပ်ဖြည်းဖြည်း မောင်းလာခဲ့သည့်ကားကို အရှိန်ထပ်ချ၍ ဘီးလှိမ့်ရုံသာသာနှင့် ရှေ့တိုးခဲ့ရင်း လုံးဝ ရပ်ထားလိုက်ရခြင်းသို့ ရောက်ကာ . . .
	“ကျွတ် . . .”
	ဆော့နေကြမှန်းမသိ . . . တကယ်ရန်ဖြစ်နေကြသလား မသိပေမယ့် ပြေးလွှားနေကြရင်း ပြန်လှည့်၍ သတ်ပုတ်တိုက်ခိုက်နေကြသဖြင့် စိတ်ပျက်သွားမိသည်။ သို့သော် . . .
	ကြည့်နေမိရင်း တကယ် ရန်ဖြစ်နေကြတာမှန်း သူသိလိုက်သည်။ နေမွန်းမတည့်သေးခင် ရန်ပွဲဆင်နွှဲနေကြသည့် လူငယ်တွေက လက်နက်တွေပါ ထုတ်နေကြပြီဖြစ်လျှင် . . .
	“ဘာကောင်လေးတွေမှန်းမသိဘူး . . .”
	သူ ဒီမြင်ကွင်းမျိုးကို ကြည့်မနေချင် . . .။ ဒီပွဲမှာ တရားခြင်း . . . မတရားခြင်း . . . ။ ဘယ်သူ အားနည်းတာ . . . အားသာတာ ဘာကိုမှလည်း စိတ်မဝင်စားဘဲ နောက်ထပ် လမ်းကြောင်း ပြောင်းဖို့ ကားကို ဘက်ခ်ဂီယာ ချိန်းလိုက်ပြီး . . .
	“ဟာ . . .”
	မျက်လုံးထဲမှာ ဒီဘက်ကို စဉ်ထွက်လာသည့်အရာကို မြင်လိုက်၏။ ဆဋ္ဌမအာရုံ၏ နှိုးဆော် ချက်ကြောင့် အန္တရာယ်ဆိုတာကို သိလိုက်ပေမယ့် ‘ဒုတ် . . .’ ခနဲ ပထမတစ်ခါ ဘာနဲ့ထိသွားမှန်း မသိဘဲ နောက်ထပ် လက်ခနဲသည် ကိုယ့်ဆီ တည့်တည့်ကြီး ဝင်လာသဖြင့် ဖျတ်ခနဲ ခေါင်းငဲ့ ရှောင်လိုက်မိလျှင် . . .
	“ချွမ်း . . .”
	“ဒုတ် . . .”
	ပြင်းထန်စွာ ထိခတ် ကွဲကြေသံကြီးဖြစ်ပေါ်သွားခဲ့ပြီး အသံအားလုံး ရုတ်တရက် တိတ်ကျ သွား၏။ သူကိုယ်တိုင် ဘာတွေ ဘယ်လိုဖြစ်ပျက်သွားခဲ့မှန်း မဝေခွဲနိုင်တော့အောင် မှင်တက်မိနေခဲ့ ၏။ နှစ်ချက်ဆက်တိုက် ထိသည့် မှန်က မွမွကြေလျက် . . .။
	တိမ်းငဲ့ထားမိဆဲ သူ့မေးရိုးအောက် လည်ပင်းနားလေးမှာ စိုက်ဝင်နေသည့်ဓားက ကူရှင်မှာ တစ်ဝက်နီးပါး စိုက်ဝင်နေ၏။ ဒါဟာ လုပ်ကြံမှုဆိုရင်တောင်မှ ကိုယ်နဲ့ဘာမှမဆိုင် . . .။
	“ဆောရီးပဲ ဟေ့လူကြီး . . .”
	ဓားကို မယုံနိုင်စွာ ငဲ့ကြည့်နေမိဆဲ တံခါးရဲ့ဘေးမှာ လူရိပ်ရောက်လာ၏။
	အသံကို အထဲက ကြားလောက်အောင် အော်ပြော၍ တံခါးကို လက်သီးဆုပ်နဲ့ထု၏။
	အခန့်မသင့်လျှင် ကွဲကျသွားနိုင်သည့် အရှိန်မျိုးနဲ့ ထုနေတာ ဖြစ်၏။ တော်ရုံနှင့် စိတ်လှုပ်ရှား မလွယ်တတ်သော ပြည့်သျှင်မျက်နှာမှာ အံ့ဩမှင်တက်ခြင်းတို့ ခဏနဲ့ ပျောက်ကွယ်သွားခဲ့ပြီး . . .
	“မင်း ဘာလုပ်ပေးနိုင်သလဲ . . .”
	တံခါးကို လျှောခနဲချပစ်လိုက်ပြီး တည်ငြိမ်သည့်မျက်နှာနှင့် မေးသည်။
	လူငယ်က အသားဖြူဖြူ မျက်နှာပုံချောချောနှင့် အရပ်အမောင်း ကိုယ်နေဟန်ထားအရ ခပ်ဖြောင့်ဖြောင့် . . .။
	သို့သော် ရိုင်းစိုင်းတတ်ပုံရသည့် မျက်လုံးတွေက စူးရဲနေကာ အညိုရောင်ရင့်နေသည့် နှုတ်ခမ်းသားတို့က သေသပ်ကျနစွာ ရှိနေပေမယ့် တည်ကြည်ပုံတော့မရှိ . . .။
	“ပြောလေ . . . ခင်ဗျား ဘာဖြစ်ချင်သလဲ . . .”
	“မှန်ကွဲသွားပြီ . . .”
	“မြင်သားပဲ . . .”
	“ဒီဓား ငါ့လည်ပင်းကိုစိုက်သွားရင် . . .”
	“အခု မစိုက်သေးပါဘူး . . . အဲဒါ မတော်တဆ လွဲချော်သွားတာ မဟုတ်ဘူးနော် . . . ကျွန်တော့်ဓား ဟိုမှာ လမ်းကြောင်းလွဲသွားတည်းက မလိုသူမထိအောင် လိုသလိုလွှဲပြီး လွှတ်ပေး လိုက်တာ . . .”
	ပြည့်သျှင် မျက်မှောင်ကုတ်သွားသည်။ ကြည့်လိုက်တော့ လူငယ်တွေ တစ်အုပ်ကြီးထဲကနေ ရပ်ကျန်ခဲ့တာ နှစ်ယောက်တည်းဖြစ်ကာ သုံးယောက်နဲ့တစ်ဖွဲ့ ရန်ဖြစ်နေကြတာမှန်း သိသာသွား၏။ ဒါပေမဲ့ . . .
	“မင်းတို့ ကစားနေကြတာလား . . .”
	“ဘယ်ဟုတ်မလဲ . . . သေနိုင်တဲ့ပစ္စည်းတွေနဲ့ လမ်းပေါ်ထွက်ကစားပါ့မလား . . . ”
	“ဒါ ဘယ်သူ့ဓားလဲ . . .”
	“ခင်ဗျားရှေ့မှာ ရောက်နေတာ ဓားပိုင်ရှင် . . .”
	ပြည့်သျှင်က နှုတ်ခမ်းဖြင့် မဲ့တာပြုံးတာ မဖြစ်ဘဲ မျက်ဝန်းတို့မှာ အေးစက်စက် လှောင်ရိပ် တစ်ချက်ဖြစ်သွားပြီး . . .
	“သွားလေရာ ဓားဆောင်သွားရတယ်ဆိုတော့ တော်တော်ရန်သူများတဲ့ပုံပဲ . . .”
	“ရန်ဆိုတာ ကိုယ်က မဖြစ်ချင်ဘဲလည်း ရန်သူလို့သတ်မှတ်ထားတဲ့လူရှိရင် ချောင်းမြောင်း လုပ်ကြံခံရတာပဲ . . .။ ဓားဆောင်ထားရုံတင်မကဘူး ချုံကွယ်က ရန်သူကိုပါ ဒုက္ခပေးနိုင်အောင် လက်နက်ပုန်းပစ်တဲ့ ပညာတွေပါ တစ်ဖက်ကမ်းခတ် တတ်သေးတယ် . . . ဟွန်း . . . အခု ခင်ဗျား အသက်ကို ချမ်းသာပေးလိုက်တာဆိုတော့ . . . ဒါကို ခင်ဗျား ယုံမှာပါ . . . ”
	ပြည့်သျှင်၏ မျက်ခုံးထူထူတွေ တွန့်ခနဲ ကုတ်ကျသွား၏။ လက်နက်ပုန်းပစ်တတ်ခြင်းဆိုတာ ကို ကြားလိုက်တာနှင့် တစ်စုံတစ်ယောက်ကို ဖျတ်ခနဲ မြင်ယောင်သွားသည်။
	ပြီးတော့ ဒီကားကိုပဲ ဤသို့သော ပစ်ခတ်ခြင်းမျိုးဖြင့် ကွဲကြေစေခဲ့ခြင်း . . .။
	“ခင်ဗျား မေးစရာမရှိတော့ဘူးဆိုရင် ဒီပြဿနာအတွက် ကျွန်တော်တို့ ပြောဖို့ရှိတာတွေ ပြော . . .”
	“မလိုတော့ဘူး . . . မင်းပုံစံကြည့်ရတာ မင်းဘာတွေလျှောက်ဖွဖွ နောက်က လိုက်ရှင်းမယ့် သူရှိတဲ့ပုံပဲ . . .”
	“ခင်ဗျား မဆိုးဘူး . . .”
	“ငါကတော့ ငါ့ကိုယ်ငါ တာဝန်ယူရဲတဲ့သူ . . .”
	“ဪ . . .”
	“ဆိုတော့ . . . ခုဖြစ်ခဲ့တာကို ထားလိုက်ပါ . . .။ ရယူတယ်ဆိုတာ ပေးချင်တာကို ယူရတာ ထက် မပေးချင်တာကို ယူနိုင်တာကမှ ရယူနိုင်ခြင်းမည်တာ . . .။ မှန်ကွဲသွားပေမယ့် ငါဂရုမစိုက်ဘူး . . . မင်းရဲ့ဓားကြောင့်လည်း ငါမသေခဲ့ဘူးဆိုတော့ . . .”
	“အိုကေ. . . ဒါဆိုရင် ဓားပြန်ပေးခဲ့ . . .”
	“ဟွန်း . . .”
	ပြည့်သျှင်က ခပ်မဲ့မဲ့ စိုက်ကြည့်ပြီး စက်နှိုးလိုက်၏။ လူငယ်က မျက်နှာတစ်ချက်ပျက်သွား ပေမယ့် ကားကနေ နောက်ဆုတ်ရပ်လိုက်ပြီး ဘောင်းဘီအိတ်တွေထဲ လက်ထည့်သည်။
	အေးဆေးပုံစံဖြစ်သွားပြီး ရပ်ကြည့်နေတာကို သျှင်က အပြုံးလက်စနှင့် ပြန်ငဲ့ကြည့်ကာ . . .
	“ကံကြုံရင် ပြန်ဆုံကြတာပေါ့ . . .”
	“ကြုံမှာပါ . . . ဒါပေမဲ့ နောက်ထပ်ဆုံဖြစ်ကြရင်တော့ ခင်ဗျားရမယ့် လက်ဆောင်က ဒီလို လှချင်မှလှမှာ . . .”
	မှန်တင်လိုက်ပေမယ့် လူငယ်၏စကားသံကို အပြီးသတ်အထိ ကြားလိုက်ရသေးသည်။
	ကားသည် နောက်ထပ် လမ်းချိုးတစ်ခုထဲကို ကွေ့ဝင်လိုက်ပြီးမှ ဘေးမှာ ချရပ်လိုက်ကာ . . .
	“ဘာဖြစ်တာလဲ . . .”
	“ဘာဖြစ်တာလဲ ပြည့်သျှင် . . .”
	ဒီနေ့ အပြင်ကို ပထမဆုံးထွက်လာခဲ့တာ . . . ဒီကားနဲ့မှ ဒီလိုအဖြစ်မျိုးနဲ့ နောက်ထပ် . . .။
	ကြေမွနေသည့် မှန်ကွဲစတွေကို မျက်လုံးကရောက်ရင်း လီဗာမှာတင်ထားသည့် ခြေထောက် ကို အမှတ်တမဲ့ ပြန်ရုပ်လိုက်လျှင် ခြေဖနောင့်မှာ စစ်ခနဲ နာကျင်သွား၏။
	ပုဆိုးကို ‘မ’ ၍ ငုံ့ကြည့်လိုက်တော့ မှန်ကွဲစလေး နစ်ဝင်နေကာ ထိုနေရာမှာ သွေးစတွေနှင့် . . .။
	နှစ်နှစ်ဆယ်ကျော်ကာလ၏ ပထမဆုံး ပွေ့ဖက်နှုတ်ဆက်ခြင်းက ယဉ်သည် . . .။ မှန်စလေး ကို နုတ်ယူကာ သူ့စိတ်တွေ ဘယ်အရာအတွက် ပျံ့လွင့် ဆွေးငေးသွားမှန်းမသိလိုက်ဘဲ ဒီတိုင်း အကြာကြီး ငိုင်နေခဲ့မိ၏။
	ဒီကားကို နှစ်ပေါင်းများစွာ ပစ်ထားခဲ့ပြီးမှ အကောင်းတိုင်းဖြစ်အောင် သေချာပြုပြင်မွမ်းမံ၍ မောင်းထွက်ခဲ့တာ ကိုယ့်စိတ်ကူးနဲ့ကိုယ် . . .။
	တစ်လနီးပါး အချိန်ယူပြင်ဆင်ခဲ့ရသည့်ကားဟာ နှစ်မိုင်လောက် ခရီးအရောက်မှာပဲ ပျက်စီး ခြင်းသို့ ရောက်လေသည်။
	စိတ်တို့သည် မနားမနေ ခရီးပြင်းနှင်လာခဲ့ရပြီး ဘယ်လောက်သွားသွား မဆုံးနိုင်သေးသည့် နွေကန္တာကို ဖြတ်သန်းနေရဆဲ ဝန်တင်မြင်းတစ်ကောင်ကဲ့သို့ . . .။
××××××

အခန်း (၂)

		ကလပ်တစ်ခုလုံးမှာ သူတို့အုပ်စုတွေချည်း ကဲနေကြတာ အလဲလဲအကွဲကွဲတွေပါ ဖြစ်၏။
	ငြိမ့်ညောင်းသည့် မြူးဇစ်တွေကိုလည်း စိတ်မဝင်စား . . .။ ရင်ခုန်သံတွေနဲ့ ချိတ်ဆက် ထိကပ်၍ ကနေကြသူတွေကိုလည်း ဂရုမစိုက် . . .။
	ဟားတိုက်ရယ်လိုက် . . . ယိုင်ခနဲ စိုက်ကျသွားလိုက် . . . ပြန်ထ ‘က’ လိုက် . . . ‘က’ တော့ ကနေတာပေမယ့် ရင်ခုန်သံတွေမပါကြဘဲ . . .
	“ဟိုဘက် သွားကွာ . . .”
	“ဟေ့ကောင် . . . ကိုယ့်ဘာသာ တာဝန်ယူ . . . ငါ့မှာရှိပြီးသား . . .”
	“ရှိတော့ ဘယ်တစ်ယောက် ညာတစ်ယောက် တွဲလိုက် . . .”
	“ယူနော် . . . တို့ကို ဟိုဘက်ပို့ . . . ဒီဘက်ပို့နဲ့ . . .”
	“ဒါဆိုလည်း လာကွာ . . .”
	ကိုယ့်လူနဲ့ ကိုယ့်အတွဲနဲ့ကိုယ် ရှုပ်နေကြဆဲ ရီဝေဝေမျက်လုံးတွေက အဖြူအမည်း ဘာကိုမှ ခွဲခြားမနေခဲ့ဘဲ သူမကို ပြန်ဆွဲခေါ်လိုက်လျှင် . . .
	“အို . . . ကဲ . . .”
	“ဖြန်း . . .”
	“ဟ . . . ”
	လက်ကိုပြန်ဆွဲ၍ ဆွဲဖက်ထားလိုက်မိတာ နွေးခနဲပါလာပေမယ့် သူ့ခါးကိုပြန်လည် ပွေ့ဖက်၍ ကမယ့်သူ မဟုတ်ခဲ့ရာ . . .။
	ပါးတစ်ဖက်မှာ ပူလောင်ကျိန်းစပ်သွား၏။ ရီဝေဝေ ချာချာလည်နေတာက ပို၍မူးမိုက်သွား သလိုရှိသော်လည်း ချက်ချင်း ပုတ်နှိုးလိုက်သလို ခေါင်းထောင်သွားခဲ့သည်။
	“မင်း . . .”
	“ဟုတ်တယ် . . . နင့်ကို ရိုက်တာ ငါ . . .”
	“မင်းက . . .”
	သူမကို မျက်နှာစိမ်းမှန်းသိလိုက်သည်။ ဒါပေမဲ့ အရွတ်ဆန်ချင်သည့်စိတ်က ထောင်းခနဲ ဖြစ်လျက် ပခုံးလေးတစ်ဖက်ကို ပြန်ဆောင့်ဆွဲလိုက်လျှင် . . .
	“ကဲ . . . ဟယ် . . .”
	“ဖြန်း . . .”
	နောက်တစ်ချက်လည်း တည့်တည့်ထိ၏။
	“တောက် . . . ကွာ . . . ကဲ . . .”
	“ဟာ . . . ဟေ့ . . . ဟေ့ . . . တော် . . .”
	သူ့လက်ကျတော့ လိုရာမရောက်ခင် ဝိုင်းဝန်းစုပြုံ၍ တားဆီးခြင်း ခံလိုက်ရ၏။ အပြာရောင် သိသာသော ညိုလဲ့သည့် မျက်ဝန်းတစ်စုံနှင့် ဖိကိုက်ထားဆဲ ပန်းရင့်ရောင် နှုတ်ခမ်းတစ်စုံ . . .။
	“ဟေ့ . . . မင်းကဘာလဲ . . . သွားတော့လေ . . .”
	သူမကို တစ်ယောက်က ဆွဲခေါ်လိုက်တာလား . . . တွန်းလိုက်တာလားမသိ . . . ဝိုင်းအုံနေ သည့် လူတွေရဲ့ နောက်ကနေ မျက်နှာလေး ဖျတ်ခနဲ ပျောက်ကွယ်သွား၏။
	“ဖယ်စမ်းပါ . . . ဘာလဲ . . အဲ့တစ်ယောက် . . . ။ ဘယ်မှာလဲ . . . ငါနှစ်ချက်တောင် ခံလိုက် ရတာ . . .”
	“မင်း ထပ်ဆွဲတာကိုး . . .”
	“ထပ်ရိုက်ရဲမယ် မထင်လို့ပေါ့ကွ . . . ဘာလဲ . . . ဂျက်မလား . . .။ ဘာတွေ လာထွင်တာလဲ . . . တောက် . . .”
	သူ့ပါးနှစ်ဖက်ကို ဘယ်ညာပွတ်စမ်းရင်း သွားတွေကို လျှာနဲ့ထိုး၍ စမ်းကြည့်သည်။ အောက်မေးဖျားကို ဘယ်ညာရွဲ့စောင်းပြီး လှုပ်ကြည့်လိုက်၏။
	သွားတွေကျွတ် . . . မေးရိုးပါ ပြုတ်ထွက်သွားပြီလား ထင်ရအောင် ရိုက်ချက်က ပြင်းသည်။
	“တောက် . . .”
	သူ တက်ခေါက်မိပြန်ကာ ကာဆီးထားသည့်လူတွေကို လက်နဲ့ ယမ်းဖယ်ထုတ်ပစ်၍ . . .
	“ငါဆိုတဲ့ကောင်က ကိုယ့်အသားထိရင် အဲဒီသတ္တဝါ ဘာကောင်ဖြစ်ဖြစ် လက်ရှောင်ခဲ့တာ မဟုတ်ဘူး . . .”
	မူးယစ် ရီဝေတာတွေ ပြယ်လွင့်သွားခဲ့ပေမယ့် သွေးဆူနေတာက အရက်ရှိန်ကြောင့် ပိုဆိုးတာလားမသိ . . . ။
	သည်းမခံတတ်သည့်စိတ်ကို ရိုက်ပုတ်နှိုးနေသလိုပင် . . .။ ခဏတစ်ဖြုတ် လန့်ဖျပ်ရပ်တန့် သွားသည့်ပွဲက ရယ်သံတချို့နှင့် ပြန်လည်အသက်ဝင်လာသည်။
	သူ့ကောင်တွေကလည်း ခေါင်းကုတ် . . . ရယ်မောခြင်း ပုံစံအမျိုးမျိုးနှင့် . . .။
	“မင်းကွာ . . . လူမှားပြီးတော့ပဲ ဖက်ရတယ်လို့ . . .”
	“ခစ် . . . ခစ် . . . ကောင်းတယ် သော . . . ယူ့လိုလူ ဒီလိုနည်းနဲ့လည်း ခံရဦးမှ . . .”
	“ဘာ . . .”
	ခုနက ဟိုဘက်ဒီဘက် တွန်းထိုး ပုတ်ထုတ်ခံနေရသည့် မျက်နှာနှင့် ဘာမှမဆိုင်ဘဲ အချစ်သစ် မျက်နှာလေးက ရောင်စုံမီးလုံးအောက်မှာ ရယ်မော ရွှင်ပျလျက် . . .
	“လာပါကွာ . . . စောသေးတယ် ပြန်စမယ် . . .”
	“မစဘူး . . .”
	ခံလိုက်ရသည့်စိတ်က အငြိုးတကြီးရှိနေဆဲမို့ လူတွေထဲမှာ လှည့်ပတ် ရှာဖွေမိ၏။ ဒါနဲ့တင် အားမရဘဲ ညီဇင်နဲ့ ဝိုင်းထက်တို့ရှေ့မှာ ရှိနေကြတာကို တွန်းဖယ်ပြီး ထွက်လာခဲ့မိသည်။
	ကလပ်ထဲမှာ တွေ့နေမြင်နေကျလူတွေပဲများကာ စိမ်းသက်တဲ့လူပုံဆို ထင်းနေတတ်၏။ သူမကို အဝင်ဝရဲ့ညာဘက်အတွင်းဘက်လောက်မှာ တွေ့လိုက်ရသည်။
	ရောင်စုံမီးလုံးကြီးက အရောင်စုံအောင် လည်ပတ်ပြေးလွှားနေပေမယ့် ဖြတ်သွားကာကွယ် သွားတတ်သည့် လူရိပ်တွေလည်း ရှိသော်ငြား ရင်ဘတ်ပေါ် မရောက်တရောက် စတက်ပ်ဆံပင် ခပ်ပျော့ပျော့ပါးပါးနှင့် ဖြူနုသော မျက်နှာတစောင်းကို ထင်းနေအောင် မြင်ရသည်။
	ပြီးတော့ ချွန်ကော့နေသည့် နှာတံလေးနဲ့ တွန့်ကုတ်နေသော မျက်ခုံးတန်း . . .။
	သူမသည် လည်ပင်းအထိ ထူပိတ်နေသော လက်ရှည်ခါးရှည် အဖြူဆွတ်ဆွတ်ကို ဝတ်ထား ကာ ထဘီလား . . . စကက်လားတော့မသိ . . .။
	အောက်ပိုင်းကတော့ ခပ်ဖျော့ဖျော့ အနွယ်တွေပါသည့် အနက်ရောင်ပဲဖြစ်သည်။ သူမရှိရာကို လှမ်းသွားနေတုန်း ယောက်ျားတစ်ယောက်ကို ထုရိုက်ကြိမ်းမောင်းရင်း သူမက ဆွဲထုတ်ခေါ်သွား လေသည်။
	“ဟေ့ . . . မရဘူး . . . ရပ်စမ်း . . .”
	“သော . . .”
	အလောတကြီး ခုန်လွှားသွားမည် ပြင်လိုက်သော်လည်း နောက်ကနေ ဆွဲထားလိုက်သည့် လက်တွေကြောင့် . . .
	“ဟား . . . မင်းတို့ . . .”
	“ဘာလဲကွ . . . မင်းလက်လွန်မှာစိုးလို့ . . .။ ဟိုက မိန်းကလေး . . .”
	“မိန်းကလေးက ယောက်ျားလေးကို ပါးရိုက်သွားတာ နှစ်ချက် . . .”
	“ဒါပေမဲ့ မင်း လက်ရွယ်လို့မရဘူး . . .”
	“ရတယ် . . .”
	“မလုပ်ပါနဲ့ဆိုကွာ . . . ဝိုင်း . . . ဒီကောင့်ကို ဆွဲဦး . . .”
	သူ့အတွက် နောက်ဆုတ်ကျန်ရစ်ခဲ့ရတာ ဒါပထမဆုံး . . . သော ခပ်ကြိတ်ကြိတ် တက်ခေါက် ၍ . . .
	မင်းနဲ့ငါ မပြီးသေးဘူး . . .။
××××××
အခန်း (၃)

	“ပေါင်မုန့်က ကြမ်းလိုက်တာ . . .”
	“ဒီနေ့တော့ ဒါလေးပဲ စားလိုက်ပါဦး . . . ညကျမှ . . .”
	“မစားချင်တော့ဘူး . . .”
	ဆုံးဖြတ်ချက်နှင့်အတူ တစ်ခါတည်း ထရပ်ပြီးဖြစ်ကာ . . .
	“ကျွန်တော် အပြင်သွားမယ် . . .”
	“မင်းအမေနဲ့ အွန်လိုင်းမှာ တွေ့ဖို့ ချိန်းထားတယ်မို့လား . . .”
	“သိတယ် . . .”
	“လူလေး . . . မင်း ဒီည အိမ်မှာ နေသင့်တယ်ထင်တယ် . . . ”
	ဘယ်ညတုန်းကတော့ အိမ်မှာ မရှိခဲ့တာ ဖြစ်ဖူးလို့လဲ . . .။ စိတ်တိုသည့်မျက်နှာက မကြည် မလင်နှင့် ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်သည်။ ပြီးတော့ အခန်းထဲဝင်ကာ လက်ပတ်တွေ . . . ဆွဲကြိုးရှည်တွေကို အမြန်ဆုံးနည်းနဲ့ စွပ်ချဝတ်ဆင်ပြီး ပြန်ထွက်ခဲ့၏။
	အရပ်မြင့်မြင့် ဖြူဖြူသွယ်သွယ်နှင့် သော ပုံစံမှာ ကြည့်ရှုမကောင်းတဲ့ အင်္ဂါရပ်ဆိုတာ ဘာမှ မရှိပေ . . ။ ထို့ကြောင့် ဗရုတ်သုတ်ခပုံ ဘယ်လိုပဲ လုပ်ထွက်လာလာ ရှင်းသန့်ကြည်စင်နေသည့် ဥပဓိ ရုပ်က အနည်ထိုင်သွားတယ်ဆိုတာ မရှိ . . .။
	အိမ်ရှေ့ကနေ ဂငယ်ကွေ့အတိုင်း ဝိုက်ချသွားသည့်ကားကို ရင်မောနေမိကာ ဦးယက္ခ သက်ပြင်းချသည်။ သော ရင်ထဲမှာတော့ သက်ပြင်းချသံကို မကြားဘဲ သိနေခြင်းနှင့်အတူ မကျေနပ် သေးသည့်စိတ်ကြောင့် ညမှုညတာမှာတောင် လီဗာကို စိတ်ကြိုက် ဖိနင်းထားသည်။
…….
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၂) ကို မနက်ဖြန် ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စာရေးဆရာမ သျှင်မရဲ့ “ဂန္ထဝင်ချစ်ထုံး” အခန်းဆက်ဝတ္ထုရှည်ကို တနင်္လာ၊ အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းတွင် ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
…….
“ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့လည်း မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 
	

Related Posts