သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၉) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက် ဝတ္ထုရှည်
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၉) 
…….
သျှင် တားဆီးမလားလို့ ကြည့်နေရင်း မတားသည့်အဆုံး တီလုံး ဒေါသတကြီး လှမ်းတားမိ သည်။
	သို့သော် . . .
	“သွားပေ့စေ . . .”
	“ဟင် . . . ဗျာ . . .”
	တီလုံး အံ့အားသင့်သွားကာ အခြေအနေကို နားလည်လိုက်သည်။ ထို့ကြောင့် အနားမှာရှိနေ ဆဲ မန်နေဂျာနှစ်ယောက်ကို ထွက်ဖို့ အချက်ပြလိုက်မိသည်။
	ကြည့်လိုက်တော့ စိုးရသည် ဆိုင်ကယ်နောက်မှာ ခွထိုင်ပြီးဖြစ်ကာ မျက်မှန်ပြန်တပ်ရင်း မထိတထိ မဲ့ပြုံးနှင့် ကြည့်သွားကာ လူငယ်က အကျအန မောင်းထွက်သွား၏။
	“ဆရာ . . . ဒီကောင်က . . .”
	“မင်းထက်မြတ်သော တဲ့ . . .”
	“သူနဲ့ ဆရာ . . .”
	“ငါ့ကားမှန်ကိုခွဲသွားတာ . . .”
	“ဟင် . . . သူလား . . .”
	တီလုံး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ထို့ပြင် သျှင် ကိုယ်တိုင် ခုမှ ဖျတ်ခနဲပေါ်လာ သည့်ပုံရိပ်တစ်ခုကို တွေးမိသွားပြီး မျက်မှောင်ကုတ်သွားကာ . . .
	“ငါ့ရဲ့ပုံတူကို ဆွဲသွားတာလည်း သူပဲ . . .”
	တီလုံး အသံထွက်မလာတော့ပေ . . .။
	“ငါ မှော်ဘီခြံရောက်နေတုန်းက ငါ သွားနေတဲ့ရှေ့က သစ်ပင်ကို မြားနဲ့ပစ်ခဲ့သေးတယ်..”
	“ဆရာ . . . ဒါ . . ဒါ . . ပေါ့သေးသေး မဟုတ်တော့ဘူး . . . ဒီကောင်လေးက . . .”
	တီလုံး ဆက်မပြောနိုင်တော့ပေ . . .။ ဒါပေမဲ့ နှစ်ယောက်စလုံး တွေးနေမိကြတာ အကြောင်းအရာ တစ်ခုတည်းဆီကိုပဲ ဖြစ်၏။
	ဒေါ်မေယုပြောခဲ့တဲ့ သူရဲကောင်းရဲ့သား . . .။
	ဘဒ္ဒါဆိုတာနဲ့ သူ့ရဲ့ကလေး . . .။
	ဒါ ဖြစ်နိုင်ရဲ့လား . . .။
     ××××××
အခန်း (၂၃)

	မီးလောင်ပြင်နံရံနဲ့ ငုတ်တိုငုတ်စတွေကို ငုံ့ကြည့်ငေးနေစဉ် လက်ကြားညှပ်ထားသည့် စီးကရက်မှ တလွန့်လွန့် တက်နေကြသည့် မီးခိုးဖြူတို့က သူ့မျက်နှာရှေ့မှာ ယိမ်းနွဲ့ကာဆီးနေကြ သည်။
	ကြည့်နေရင်း မြင်ကွင်းက လှုပ်ရှားလာသလိုလို . . . ဝေဝါးသွားသလိုလို . . .။
	ထိုစဉ် ဖုန်းမြည်သံကြောင့် သူ့မျက်ခုံးနှစ်ဖက် ဆတ်ခနဲ ကျုံ့သွား၏။
	အလိုမကျသည့် မျက်နှာသည် အတန်ကြာနေပြီးမှ ပင့်သက်ရှိုက်၍ ကျသွားကာ . . .
	“ပြော . . .”
	“ဆရာ . . . ဟိုတယ်ကို အပြီးအပိုင် လွှဲပြောင်းတော့မှာဆို . . .”
	“ဟုတ်တယ် . . .”
	“ကျွန်တော်တော့ အဲဒီလို မဖြစ်စေချင်ဘူး ဆရာ . . . ဒါက မလိုသူတွေ ကျေနပ်အားရစရာ ဖြစ်သွားအောင် . . .”
	“ဘာဖြစ်ဖြစ် . . . ဇယားတွေရှုပ်လာရင် ငါ မရှင်းချင်ဘူး . . အလုပ်လုပ်နေရင် အပြစ်တွေ့ တယ် . . . ဘာမှမလုပ်ရင် ဘာမှမဖြစ်တော့ဘူး . . .”
	ဟိုတစ်ချိန်တုန်းက သူရဲကောင်းကို သူ ဒုက္ခပေးနိုင်ခဲ့သည်။ သူရဲကောင်းမှာ စီးပွားရေး လုပ်ငန်းတွေ ရှိသလောက် သူ့မှာ လူအင်အားရှိသည်။
	ပြီးတော့ တစ်ယောက်တစ်လမ်းစီ လိမ့်နေကြတာပေမယ့် သူရဲကောင်းနဲ့ သူက တစ်ယောက် ကိုတစ်ယောက် သိခဲ့ကြတာ မဟုတ်ပေ . . .။
	သူကသာ ကိုယ့်အတ္တအတွက် သူရဲကောင်းနောက်ကို တကောက်ကောက်လိုက်ခဲ့ပြီး သင်း လှုပ်သမျှ မြုပ်အောင် လုပ်နိုင်ခဲ့၏။
	နောက်ဆုံး သူရဲကောင်းအားလုံးကို စွန့်လွှတ်၍ ဒီတိုင်း ထိုင်နေတော့ဖို့ ကြံတာတောင် သူ အလွတ်မပေးခဲ့ပေ . . .။
	ဒီလိုမျိုး သူပြန်ဝဋ်လည်တော့မည်ဆိုလျှင် ကိုယ် အကွက်ရွှေ့သလိုမျိုး တစ်ဖက်လူက ခြေရိပ် ပြင်နေတာမျိုး သူ မခံနိုင် . . .။
	ကမ်းပါးပေါ်ကနေ သေနတ်နဲ့စောင့်ပစ်နေသဖြင့် ရေငုပ်နေသူ ဒုက္ခရောက်တာမျိုး သူ ဖြစ်နေ ရင်တောင် ရေငုပ်ပြီး ပုန်းရှောင်နေမယ့်အလုပ်မျိုး သူ့အတွက် လုပ်စရာမလို . . .။
	“ဆရာ . . .”
	“ပြော . . .”
	“ဆရာတို့ အဲဒီလိုဖြစ်နေတုန်း ကျွန်တော် ပြေးမလာနိုင်တာ ခွင့်လွှတ်ပါ ဆရာရယ် . . . ကျွန်တော်ကလည်း သန်းမြတ်ဇော် အုပ်စုနဲ့ ကိစ္စတွေ ရှင်းနေရလို့ပါ . . .”
	“အခု ဘာတွေဖြစ်နေလို့လဲ . . .”
	အောင်ဘော့်ထံမှ သက်ပြင်းချသံကြီး အရင်ထွက်လာ၏။ ပြီးမှ . . .
	“ကိုယ့်သမီးကမှ ဆိုဆုံးမမရတော့လည်း လက်ထပ်ပေးရတော့မှာပေါ့ ဆရာရယ် . . . ဒါပေမဲ့ ဆရာ့ သဘောထားကို သိထားရလို့လည်း ကျွန်တော် လိုက်လျောဖို့ ဆုံးဖြတ်တာပါ . . . အဲဒီ Leader အုပ်စုတွေကို ကျွန်တော့်အသွေးအသားထဲကကို မုန်းနေခဲ့တာ . . .။ ပြီးတော့ MG  အုပ်စုကိုရော . . .”
	“အောင်ဘော် . . .”
	“ဗျာ . . . ဆရာ . . .”
	“မင်း အဲဒီနာမည်တွေရွတ်ပြပြီး ငါ့ကို မျက်နှာလို မျက်နှာရလုပ်တာ ဆိုရင်တော့ မှားပြီနော်”
	“ဟာ . . . ဆရာ . . .”
	“မဟုတ်ရင် အပြောအဆို ဆင်ခြင် . . . ငါဘာမှမကြားချင်ဘူး . . .”
	ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်ပြီး ပြတင်းနားက ခွာမိသည်။ ဒီဖုန်းတွေကိုပဲ စွန့်လွှတ်ရ မလား . . . လူတွေနဲ့ ဝေးရာကို သွားနေရမလား . . .။
	ကိုယ့်ရဲ့စိတ်တွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် တကယ်တမ်း ဘာမှ မပြောင်းလဲနိုင်ခဲ့မှန်း နာကျင်မုန်းတီးမှုတွေကို အရင်အတိုင်း ပြန်ခံစားလာရတော့မှ နားလည်ခဲ့ သည်။
	ဦးကို သူ ဘယ်လိုမှ မမေ့နိုင်သလို . . . မမေ့နိုင်အောင် စွဲလမ်းမြတ်နိုးနေရခြင်း အပေါ်မှာ လည်း ကျေနပ်သည်။
	ဒါပေမဲ့ ဦးနဲ့ သူ့ကို သေကွဲကွဲအောင် ဖန်တီးသွားခဲ့သည့် သူရဲကောင်းကိုတော့ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပေ . . .။
	စတင် မုန်းတီးခဲ့ရသည့် အကြောင်းတွေလည်း ကိုယ့်မှာ အခိုင်အလုံရှိသည်။
	သေသွားတဲ့အထိ ခွင့်မလွှတ်နိုင်အောင် မုန်းနေရခြင်းမှာလည်း အဓိပ္ပာယ်တွေ ရှိခဲ့၏။
	ထို့ကြောင့် ဒီအမုန်းတွေကို အစဖော်လာပြီဆိုရင်တော့ နောက်ထပ် မခံစားချင်တော့ပေမယ့် မုန်းရဦးမှာပါ . . .။
	ဒရင်းမ်ဘက်ဒ်မှာ ဝင်ထိုင်ရင်း ခပ်လျှောလျှော လှဲလိုက်ကာ စီးကရက်ကို ပါးစပ်တစ်လုံး ရှိုက်သည်။ ပြီးတော့ သွားချင်းစေ့၍ ဖြည်းဖြည်းချင်း မှုတ်ထုတ်မိ၏။
	လှလှပပ လွန့်လူးတတ်သွားကြသည့် မီးခိုးဖြူဖြူတွေထဲမှာ ‘သော’ ဆိုသည့် ကောင်လေးရဲ့ မျက်နှာ . . .။
	“ဟွန့် . . .”
	ကျိခနဲ အံကြိတ်ရင်း မဲ့လိုက်မိသည်။
	ဒီဟန်ပန် ဒီလို နာကြည်းသည့်လေသံတွေက သူရဲကောင်းရဲ့ ရင်သွေးရတနာပဲဆိုတာ ဘယ်လို ထောက်ခံချက်မှပါစရာ မလိုပါ . . .။
	ထို့ကြောင့် ဒီလိုခေါင်းစဉ်ဟောင်းနဲ့ အသစ်ပြန်စလာသူအပေါ် သူဘယ်လိုမှ သည်းခံခွင့်လွှတ် မှာ မဟုတ် . . .။
	ဟိုတုန်းက မုန်းသင့်လို့ မုန်းခဲ့သည်။
	ခုကျတော့ ဘယ်လိုမှ ပြေနိုင်ဖွယ်မရှိသည့် အမုန်းတွေနဲ့ ပြန်စကြဖို့ အဆင်သင့်ရှိနေခဲ့၏။
	မင်းက ‘မင်းထက်မြတ်သော’ တဲ့လား . . .။
	အနိုင်တိုက်ကြဖို့ဆိုတာ မြတ်ဖို့ မလိုဘူး . . . မိုက်ဖို့ပဲလိုတာ . . .။
	ကိုယ့်ကိုယ်ကို ဟားတိုက် ရယ်နေမိပြီ ထင်သော်လည်း မျက်နှာတစ်ပြင်လုံးက အေးစက် တင်းမာနေခဲ့၏။
	သူ ရှေ့ဆက်လျှောက်ရမှာက အနာဂတ်မဟုတ်ဘဲ အတိတ်သာဖြစ်နေခဲ့ရာ . . .။
××××××
အခန်း (၂၄)
	ဒီနေ့ကျမှ တိုက်ဆိုင်တာ ဟိုတယ်ကို အပြီးအပိုင် လွှဲပြောင်းခွင့်အတွက် စပါယ်ရှယ် ပါဝါပေးဖို့ကိစ္စတွေ ရှိနေသည်။
	ခန်းမထဲမှာ အောင်ဘော်က သမီးရဲ့မင်္ဂလာပွဲ ကျင်းပနေခဲ့၏။ ကိုယ်စားလှယ် အကျိုးဆောင် ရှေ့နေနဲ့အတူ သျှင် တို့တွေ ဆင်းလာကြတော့ အောင်ဘော်တို့ကလည်း မင်္ဂလာပွဲပြီးတော့မှာမို့ ခန်းမ ရှေ့မှာ နှုတ်ဆက်နေကြသည့်အချိန် . . .။
	“ဆရာ . . .”
	သျှင်က အောင်ဘော်နဲ့ ဘေးကလူတချို့ကို မျက်လုံးဝေ့ကြည့်သည်။
	အောင်ဘော်တို့ လင်မယားအပြင် အမျိုးသမီးတွေ အများကြီးရှိနေသည်။ မိန်းကလေးရှင် ဘက်က ဘယ်သူတွေဆိုတာတော့ မသိ . . .။
	သတို့သမီးနဲ့ သတို့သားကို ဖျတ်ခနဲ လှမ်းကြည့်ပြီး မျက်နှာလွှဲလိုက်တော့ အောင်ဘော်က သူ့နားရောက်လာကာ . . .
	“အဆင်ပြေသွားပြီလား ဆရာ . . . ခုန ကျွန်တော်တက်လာသေးတယ် . . . ရှေ့နေကြီးတွေ စာချုပ်ဖတ်ပြနေတာနဲ့ ပြန်လှည့်လာခဲ့တာ . . .”
	“ပြီးသွားပါပြီ . . . မင်း အဆင်ပြေတယ်မို့လား . . .”
	“ပြေပါတယ် ဆရာရယ် . . . ဆရာ ခွင့်ပြုပေမယ့် ဒီဟိုတယ်မှာ ကျင်းပလိုက်ရတာကို ကျွန်တော် . . . ”
	“မလိုပါဘူး . . . ဒါ နှုတ်ဆက်ဖို့ပဲ . . . ဟိုတယ်ကို ငါလွှဲပေးပြီးပြီ . . .”
	အောင်ဘော် ပြုံး၍ ခေါင်းညိတ်နေလိုက်ရပေမယ့် ကိုယ့်ဆရာကိုကြည့်၍ စိတ်ထဲမကောင်းပါ . . .။
	စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားခဲ့သည့်အတွက် မျက်နှာကျသွားပေမယ့် ပိုးဟပ်ဖြူလို ပို၍ ဖွေးဆွတ်လာသည့် မျက်နှာနှင့် ဆံပင်ရှည်တွေကြောင့် သူ့မျက်လုံးထဲမှာတော့ ဟိုတုန်းကနဲ့ ဘာမှ မကွာခြားဘူးပဲ ထင်သည်။
	ပြီးတော့ ပို၍ အေးစက်စက်ဖြစ်နေသည့် မျက်နှာက ပိုခန့်လာသည်။
	အဆီမတင်သည့် ကိုယ်ဟန်က အရပ်ရှည်သလောက် ဖြောင့်နေတာပဲမို့ စမတ်ကျနေဆဲပင်..။
	တိကျပြတ်သားသလောက် ရက်စက်တတ်သော . . . ။ ဆရာ ဘယ်လိုပဲနေနေ သူ့တပည့်တွေ ကတော့ သူ့ကို ချစ်နေဆဲဖြစ်သော ပြည့်သျှင်ဆိုသည့် ဆရာသမားဟာ ခုချိန်ထိ ဟိုတုန်းကအတိုင်း..။
	“ငါသွားမယ် . . . မင်းရဲ့ခမည်းခမက်တွေနဲ့ အဆင်ပြေရဲ့လား . . .”
	“မပြေဘူး ဆရာ . . . သူတို့အမေ မပါဘူး . . . ဆွေမျိုးတွေနဲ့ လက်စွဲတော်ရဲ့ အစ်မဆိုတာပဲ ပါတယ် . . .”
	ပြည့်သျှင် မျက်နှာတစ်ချက်တော့ တည်သွားသည်။ ဒါပေမဲ့ ကိုယ့်လူတွေအားလုံး ကိုယ့် အတွက်ကြောင့် ဘယ်လိုအနစ်နာခံ သစ္စာရှိကြတာကို သူသိသည်။
	နောက်ထပ် ကိုယ့်ကြောင့် မထိခိုက်စေချင်တော့တာ အမှန်ပါ . . .။
	“သူတို့ ဘာဖြစ်နေနေ အဲဒါတွေက မင်းနဲ့ မဆိုင်ဘူးဆိုတာ ခေါင်းထဲထည့်ထားပါ . . .”
	အောင်ဘော်က ခေါင်းမညိတ်ဘဲ မျက်လွှာချ၏။ သူ့ဘက်က အလုပ်ရှင်မို့သာ သဘောတူ ပေးလိုက်ရပေမယ့် အမြဲတမ်း နေလာခဲ့တာ ကိုယ့်မာနနဲ့ကိုယ် . . .။
	ကိုယ့်ဆရာကို တစ်နေ့ အခါရှစ်ဆယ်လောက် ကျိန်စာတိုက်နေသလို မဆိုင်သလို ဘယ်လိုလုပ် နေမလဲ . . .။ သေတဲ့လူက သေသွားလို့သာ ကျန်ရစ်သူရဲ့အပြစ် ဖြစ်ခဲ့ရသည်။
	ချိတ် ချိတ်ချင်းမို့ ချိတ်မိကြတာ မဟုတ်ဘူးလား . . .။ တောင်ငူလည်း တောင်ငူ . . . မောင်းထောင်ကလည်း မောင်းထောင်ပဲ . . .။
	“တီလုံး . . . မင်းဒီမှာနေခဲ့လေ. . . ဧည့်ခံပွဲပြီးမှ ပြန်ခဲ့ . . .”
	သျှင်က ခေါင်းညိတ်ပြီး ဒီဘက်ကနေ ပြန်လှည့်ထွက်လိုက်လျှင် အိမ်ထဲကနေ အတူတွဲထွက် လာသည့် လူငယ်တစ်စုကို သတိထားမိသည်။
	မျက်လုံးက တခြားကို လျှမ်းသွားပြီးမှ ဖျတ်ခနဲ ပြန်ကြည့်မိ၏။
	လူငယ်သုံးယောက်၏ ဘေးအစွန်းမှာ ‘သော . . .’
	သူ့မျက်ခုံးတွေ ကုတ်ကျသွားတာနှင့် အောင်ဘော်တို့ အကြည့်တွေကလည်း ထိုဆီ ရောက်သွား၏။
	“ဟုတ်တယ် . . . ဆရာ့ကို အဲဒါပြချင်တာနဲ့ အတော်ပဲ . . .”
	“ဟိုကောင့်ကိုလား . . .”
	ပြည့်သျှင်က မေးတာ မဟုတ်ဘဲ တီလုံးက သောကို မေးဆတ်မေးလိုက်သဖြင့် အောင်ဘော် အံ့ဩသွားကာ . . .
	“ဟုတ်တယ် . . . မင်းရော သိနေတာလား . . .”
	တီလုံးက မဖြေဘဲ သျှင့်ကို ပြန်ကြည့်၏။
	သျှင့် အကြည့်တွေက သော ဆီမှာပဲဖြစ်ကာ သောကတော့ ဘယ်ကိုမှမကြည့်ဘဲ ရယ်မော မပျက်နှင့် ထွက်သွားခဲ့၏။
	ဒါမမြင်လို့ မဖြစ်နိုင်ပေ . . .။ မြင်လို့ တမင်ထွက်လာပြတာ . . .
	သျှင့် မျက်နှာ တင်းမာသွားတာကို ကြည့်ကာ . . .
	“ဆရာ့ကို ဟိုတစ်ခါ ကမ်းနားလမ်းမှာတုန်းက ဒီကောင့်ကို ကျွန်တော်ပြဖူးပါတယ် . . . လက်စွဲတော်နဲ့ တွဲနေတာ အဲဒီတည်းက . . .”
	အောင်ဘော်က အနားနားထပ်တိုး၍ ရှင်းပြနေသည်။
	“ဟိုကောင် ကျွန်တော့်သမီးကို ခိုးသွားနိုင်အောင်လို့လည်း သူပဲ လူတတ်ကြီး လုပ်သွားတာ”
	ရွှေတိဂုံဘုရားပေါ်မှာ ခံလိုက်ရသည့်အဖြစ်ကို တရေးရေး တွေးမိလေ . . . ဒေါသထွက်လေ..။
	ကိုယ့်သမက်ဖြစ်လာပြီမို့ လက်စွဲတော်ကို ကြည်ဖြူနိုင်ဖို့ ကြိုးစားနေရပေမယ့် ဒီကောင့်ကို တော့ ဘယ်လိုမှ ခွင့်မလွှတ်ချင် . . .
	“ကျွန်တော်တို့လူစုကို လုံးဝအာရုံပြောင်းအောင်လုပ်ပြီး သမီးကို ဟိုကောင့်နောက် ထည့်လွှတ်လိုက်တာ . . . ပြီးတော့ ခိုးပြေးသွားတဲ့ တောက်လျှောက်မှာလည်း ဒီကောင်ပဲ အကုန်လုံး ကူညီနေတာ . . . သူက ဘယ်လောက်တောင် ချမ်းသာနေလို့လဲ မသိဘူး . . .”
	“ချမ်းသာတယ် . . . သူက သူဌေးသားပဲ . . .”
	“ဟင် . . . ဆရာ . . ဆရာ သူ့ကိုသိတယ် . . .”
	သျှင်က ပြုံးလိုက်ပေမယ့် အံကြိတ်တာနှင့်တူကာ . . .
	“ဘာတွေဖြစ်ဖြစ် အခု မင်းရဲ့ပွဲကို အေးဆေးဆက်လုပ်ပါ . . . ငါသွားမယ် . . .”
	သျှင် ကားပေါ်ရောက်သွားတာနှင့် အောင်ဘော်က တီလုံး လက်ကိုဆွဲ၍ တစ်နေရာမှာ ချောင်ကပ်ရပ်ကာ . . .
	“ဆရာ့မျက်နှာမှာ ဟိုတုန်းကလို ဒေါသတွေနဲ့ပါလား တီလုံး . . ဟိုကောင်နဲ့ . . .”
	“ငါလည်း သေချာမသိသေးဘူး . . . အတိအကျ ငြိနေတာတော့ သေချာတယ် . . . ငါတို့ နောက်မှပြောမယ်ကွာ . . . ဟိုမှာ မင်းမိန်းမလှမ်းကြည့်နေပြီ . . . သွားတော့ . . .”
	တီလုံးက အောင်ဘော့်ကို တိုက်တွန်းရင်း မျက်လုံးတွေက သောကိုပဲ ရှာနေမိသည်။
	ဒီကောင် ဟိုတစ်ခါ ဟိုတယ်ရှေ့ကနေ ဆရာ့ကို စိန်ခေါ်ကြည့်ပြီး အနိုင်ယူသွားခဲ့တာ ခုထိ မမေ့နိုင် . . .။
	ဟိုတယ်ကို လွှဲပြောင်းရောင်းချဖို့အထိ ဆရာဆုံးဖြတ်ခဲ့တာတောင် ဒီကောင်နဲ့ပတ်သက်ပြီး ခုချိန်ထိ ဘာမှ မဟခဲ့သဖြင့် သူလည်း ဘာမှမသိ . . .။
	ဒီအချိန်မှာ ဆရာ့ဘက်က အရာရာကို ထိန်းချုပ်ပြောင်းလဲနေပြီမို့ နောက်ထပ် ငြိတွယ်လာ ဖွယ်ရာရှိသော ရန်ကြွင်းရန်စမှန်သမျှက သူတို့ တာဝန်သာဖြစ်သည်။
	ထို့ကြောင့် . . .
	“ဟ . . .”
	“ဘုတ် . . .”
	မျက်လုံးကို အလုပ်ပေးရင်း ခြေလှမ်းတွေ ခပ်သွက်သွက်သွားနေစဉ် တစ်စုံတစ်ယောက်နှင့် အင့်ခနဲ တိုက်မိသွားသည်။
	လက်ထဲက ဖိုင်နဲ့ ညှပ်ထားသည့် အိတ်ပါ ပြုတ်ကျသွားသဖြင့် ပြန်ကောက်ပြီး မတ်မတ် ပြန်ရပ်လိုက်ကာမှ . . .
	“ဆောရီးဗျာ . . . ခင်ဗျားက ခြေထောက်တွေချည်း ခရီးပြင်းနှင်နေတာကိုး . . .”
	“မင်း . . .”
	ဖြူဝင်းသည့်မျက်နှာ . . . ရှပ်အင်္ကျီအနီရဲရဲ . . . ဘောင်းဘီရှည် အညိုရောင်နှင့် ဒီကောင် . . .။
	“ခြေထောက်တွေက သွားတိုင်း ပေါက်ပေမယ့် မျက်လုံးက လမ်းကို ကြည့်ရတာ . . . ခင်ဗျား မျက်လုံးက တခြားရောက်နေတော့ တိုက်မိတာပေါ့ . . .”
	တီလုံး မျက်နှာတစ်ပြင်လုံး ဒေါသကြောင့် ရဲတွတ်သွားသည်။ တမင်တကာ တိုက်ပစ်လိုက် ခြင်းဆိုတာ သိလိုက်သည်နှင့် လက်က ဖျတ်ခနဲရောက်လျက် . . .
	“မင်း ဘာကောင်လဲ . . .”
	အနီရောင်ရဲနေသည့် ရှပ်အင်္ကျီကို ဆွဲဆုပ်ကိုင်လိုက်ပြီး အံကြိတ်မေးမိသည်။ မဲ့ပြုံးနှင့် မျက်နှာက တင်းခနဲ ဖြစ်သွားပေမယ့် အပြုံးမပျက်ပေ . . .။
	ထို့ပြင် ကိုင်ထားသည့် သူ့လက်ကို မျက်တောင်ဖျားတွေ စင်း၍ ငုံ့ကြည့်ရင်း . . .
	“လက်ကိုလွှတ်လိုက်ပါ . . . မဟုတ်ရင်တော့ ခင်ဗျားတို့ အပေါင်းအပါရဲ့သမီး မင်္ဂလာပွဲက ပျက်မှာနော် . . . ပွဲမပြီးသေးဘူး . . .”
	ဆရာ့မျက်နှာကို မြင်ယောင်သွားကာ တီလုံးလက်ကို ပြန်လွှတ်လိုက်ရပေမယ့် အံကြိတ်နေဆဲ နှင့် . . .
	“မင်း ဘယ်သူလဲ . . .”
	“ခင်ဗျားဆရာ မပြောဘူးလား . . .”
	“မင်း ငါမေးတာကို ဖြေစမ်းပါ . . .”
	“ကျုပ် ဖြေချင်မှ ဖြေမှာပေါ့ . . . ဒီလောကမှာ မေးခွန်းတွေကို ကြိုက်တတ်တာ ပြည့်သျှင် ဆိုတဲ့လူအပြင် နောက်တစ်ယောက်ရှိတယ်ဆိုတာ မှတ်သွားလိုက် . . .”
	သောက သူကိုင်ထားခဲ့သည့်နေရာကို လက်ဖျားတို့နှင့် ခါထုတ်လိုက်ရင်း မဲ့သည်။
	ပြီးတော့ ထပ်၍ . . .
	“နောက်ဆို စကားပြောတာ ဆင်ခြင်ဖို့လည်း သတိထားဦး . . . ငါက ကိုယ်နဲ့လက်ရည် မတူဘဲ စိန်ခေါ်လာရင် လှည့်ကြည့်မှာ မဟုတ်ဘူး . . .”
	သောက ဘောင်းဘီခါးစပ်မှာ လက်မတစ်ဖက် ချိတ်ထားရင်း မျက်နှာရှေ့တိုးလိုက်ပြီး . . .
	“ကျုပ်ရဲ့ပြိုင်ဘက်က ခင်ဗျား မဟုတ်ဘူး . . .”
	“အံမာ . . . လူပါးဝလို့ . . မင်း . . .”
	“အန်ကယ် မာ . . .”
	ဟင် . . .
	ဒေါသတွေ ရှေ့တိုးမရ နောက်ဆုတ်မရနှင့် သတို့သမီးက မလှမ်းမကမ်းရောက်လာတော့ လှည့်ကြည့်လိုက်ရသည်။
	ဆင့်က သူတို့နှစ်ယောက် မျက်နှာတွေကို အနားရောက်မှ သတိထားမိသွားသလိုမျိုး အားတုံ့ အားနာ တစ်ချက်ဖြစ်သွားသည်။
	ပြီးမှ . . .
	“အန်ကယ်မာ့ကို ဖေဖေရှာနေတယ် . . .”
	“အေး . . .”
	အောင့်သီးအောင့်သက်မျက်နှာနှင့် တီလုံး ထွက်သွားတော့ သော ခပ်ကြိတ်ကြိတ်ရယ်ရင်း ကျန်ရစ်ခဲ့၏။
	“ဦးမာတဲ့လား . . . တီလုံးက တီလုံးပေါ့ . . . နာမည်ပြောင်းတိုင်း ဘဝမှာ စွန်းထင်းခဲ့တဲ့ အညစ်အကြေးတွေပါ ပြောင်းလဲသွားမှာမို့လို့လား . . . အဟွန်း . . . ဘီလူးတွေက မင်းသားခေါင်း စွပ်လို့ . . .”
	ရင်ထဲမှာ စကားတွေပြောနေမိပေမယ့် မျက်နှာမှာ ဖြစ်ပျက်နေသည့် မဲ့ခြင်း ပြုံးခြင်းတွေက ဖုံးဖိမရ . . .။
	ထိုသို့သော ကောက်ကြောင်းတို့နှင့် သော မျက်နှာ ဒီဘက်လှည့်လိုက်လျှင် . . .
	“ဒီမှာ . . .”
	မျက်နှာရှေ့မှာ ဖျတ်ခနဲ ရောက်လာသည့်ပုံရိပ်က မို ဆိုသည့် သူမ . . .။
	“ရှင့်အကြောင်း ခုမှသိပေမယ့် ရှင့်ပုံစံအရ အဲဒီလို အဖြစ်အပျက်တွေ ရှိနေနိုင်တဲ့လူဆိုတာ ကျွန်မက ထင်ပြီးသား . . .”
	“ဘာလဲ . . .”
	“ရှင်တို့ပြောနေတာတွေ ဘယ်သူမှ မကြားလိုက်ဘူးထင်လို့လား . . .”
	“မင်းပဲ ကြားလိုက်တယ် ထင်တာပဲ . . .”
	“အခု ဟုတ်တယ်လေ . . . မကြားအပ်မယ့်စကားတွေ မကြားသင့်တဲ့လူ မကြားရအောင် ကျွန်မ ရှင်းထုတ်လိုက်တာ . . .”
	“ဒါဆိုလည်း ရှင်းနေတာပဲ . . . ငါတို့က ချောင်ခိုပြီး ဘဏ်ဖောက်ဖို့ တိုင်ပင်နေတာ မဟုတ်ဘူး . . .”
	သော မျက်နှာက အမြဲတမ်း မြင်နေကျအတိုင်း ဝတ္တရားနှောင့်ယှက်ခံရသူလို ရှုံ့တွတွ မှုန်တေ တေ . . .။
	“နေစမ်းပါဦး . . . မင်းက ငါ့ကို ဘယ်လိုမသင်္ကာမှုတွေနဲ့ လိုက်ချောင်းနေတာလဲ . . .”
	“ရှင် . . ဘာပြောတယ် . . .”
	“မင်း ငါ့ကို အရိပ်လိုကြည့်ပြီး စဉ်းစားဝေဖန်နေရတာတွေ ဘယ်လောက်တောင် များနေ သလဲလို့ . . .”
	မိုက နှုတ်ခမ်းနီဆိုးထားသည့် နှုတ်ခမ်းသားလေးတွေကို ခပ်ဖိဖိကိုက်၍ သူ့မျက်နှာကို စေ့စေ့ ကြည့်၏။
	“ရှင် . . စွဲနဲ့ ဆင့်ကို မညားညားအောင် ကူညီခဲ့တာ ရိုးမှမရိုးသားပဲ . . .”
	“သူတို့က မချစ်မနှစ်သက်ကြဘဲ ငါပေးစားလို့ ယူခဲ့ကြတာလား . . .”
	“ဒါက . . .”
	“ဒီမှာ သဒ္ဒါပိုမို . . .”
	သူမရှေ့မှာပဲ ခပ်နွဲ့နွဲ့ခါးထောက်ရင်း မိတ်ကပ်ပါးပါးနှင့် မျက်နှာလေးကို စိုက်ကြည့်ကာ . . .
	“မင်းရဲ့မောင် သေတွင်းထဲ ခုန်ဆင်းနေတဲ့ အကြိမ်ရေတွေ မင်းသိခဲ့လား . . .”
	မိုက နှုတ်ခမ်းလေးစေ့ထားရင်း ငေးကြည့်နေ၏။
	“အခု ငါနဲ့ဟိုလူ ဘာတွေ ပြောနေကြတာလဲဆိုတာ မင်းကြားတယ် . . . ဘာအကြောင်း ပြောနေတာလဲဆိုတာ သိလား . . .”
	“အို . . အဲဒါတွေ ကျွန်မသိဖို့မလိုဘူး . . အခု ကျွန်မသိနေတာက စွဲကို ရှင် ကူညီတာ မှန်ရင် မှန်မယ် . . . ဒါပေမဲ့ ရှင့်အတွက် အသုံးချနေတယ်ဆိုတာ ရှင် ငြင်းမလား . . .”
	“ပညာတတ်တစ်ယောက် ဖြစ်နေပြီး မင်းတော်တော် အမြင်ကျဉ်းသေးတယ် သဒ္ဒါပိုမို . . . အေး လောကကြီးနဲ့ချီပြောရင် အကြီးကြီးဖြစ်သွားလိမ့်မယ် . . .။ ဒီမှာ . . ငါ့အတွက် အသုံးချစရာ တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ခု လိုအပ်လာရင်တောင် လက်စွဲတော်ဆိုတဲ့ မင်းမောင်လို ခပ်ညံ့ညံ့ လူတစ်ယောက်တော့ မဟုတ်ဘူး . . .”
	“ဒီမှာ . . .”
	သူထွက်သွားမလို့ ခြေလှမ်းပြင်လိုက်ပေမယ့် မိုက ထက်ကြပ်မကွာ ခြေလှမ်းပြင်ရင်း တားမြဲ တားလျက် . . .
	“ရှင်နဲ့ အဲဒီလူတွေ ဘာဖြစ်ဖြစ် ကျွန်မတို့နဲ့လည်း ဟိုတုန်းတည်းက အဆင်ပြေပြေ ရှိခဲ့ကြ တာ မဟုတ်ဘူး . . .”
	“အဲဒီတော့ . . .”
	“ရှင့်ပြဿနာဖြစ်ဖြစ် . . . ဘယ်တုန်းကကိစ္စဖြစ်ဖြစ် . . . စွဲတို့ အိမ်ထောင်ရေးနဲ့ ပတ်သက် တာ တစ်ခုခုကနေ လှမ်းတွယ်ဆုပ်ဖမ်းတာမျိုး မလုပ်ပါနဲ့ . . . အိမ်ထောင်တစ်ခု ဖြစ်သွားပြီဆိုမှ တော့ ဘာအကြောင်းနဲ့မှ မထိခိုက်စေချင်ဘူး . . . ဥပမာ ခုလိုမျိုး မင်္ဂလာပွဲကျင်းပနေတဲ့အချိန်မှာ အခွင့်ကောင်းယူပြီး တွေ့ဆုံ ရှင်းလင်းကြတာမျိုး . . .”
	သူမက အနိုင်နဲ့ပိုင်းလိုက်နိုင်သည့် မျက်ဝန်းစူးစူးလေးတွေနဲ့ စိုက်ကြည့်ပြီး နေရာမှာ လှည့်ထွက်သွား၏။
	သောက သူမလက်ကို ဆတ်ခနဲ ဆွဲလှည့်ပစ်ကာ . . .
	“နေဦး . . .”
	“ကြည့်စမ်း . . . ရှင် . . . ရှင် ရမ်းကားလှချေလား . . .”
	မို ရှက်ရှက်နှင့် သူ့မျက်နှာကို တအား လွှဲရိုက်ပစ်လိုက်သည်။ သို့သော် သူမကိုယ်လေး စိုက်ခနဲယိုင်သွားကာ သော ရင်ခွင်ထဲမှာ မွန်းကျပ်သွားခဲ့၏။
	“ရှင် . . ရှင် ဘယ်လိုလုပ်လိုက်တာလဲ . . . လွှတ်နော် . .  လွှတ်လို့ပြောနေတယ် . . .”
	လူတွေရှင်းနေသည့် အခြမ်းမှာပေမယ့် မို့ မျက်နှာလေး နီရဲလျက် အတင်း တွန်းထိုးရုန်းနေမိ သည်။
	သော မျက်နှာက အံကြိတ်ထားသလို အေးစက်စက်အကြည့်တို့နှင့် . . .
	“ငါက ဒီလူတွေနဲ့ ခုလို ဆုံမိဖို့အတွက် မင်းမောင် မင်္ဂလာပွဲဖြစ်အောင် ငွေတွေ ဗုံးကြဲအကုန်ခံနေရတယ် . . . ဟုတ်လား . . .”
	“မသိဘူး . . . ရှင် စကားပြောရင် လက်မပါဘဲ ပြောပါလား လွှတ်နော် . . ရှင် . . .”
	“အေး . . ထိမိကိုင်မိတိုင်း အသားယူတယ်ထင်ပြီး မင်းလက်ပါချင်တာကို အရင်ပြင် . . . မင်းရှေ့မှာ ရောက်နေတာ ဘယ်လိုကောင်မျိုးလဲဆိုတာ နောက်တစ်ခါ ဒီထက်သိသွားအောင် ပြမယ်”
	“ဘာ . . . ဘာပြောတယ် . . .”
	သူ့စကားကြောင့် မို့ တစ်ကိုယ်လုံး ပူထူသွားသည်။ သို့သော် ရှက်သည့်စိတ်နှင့် ဘာမှလည်း မတုံ့ပြန်နိုင် . . .။ ဘာစကားမှလည်း မပြောရသေးမီ . . .
	“ဟာ . . . မမမို . . .”
	“အယ် . . .”
	“ကြည့်စမ်း . . မို . . ညည်းက . . .”
	မေမေ . . .
	ရောက်လာကြသည့် လူအုပ်စုကြီးကိုကြည့်ကာ မို ထိတ်လန့်တကြားနှင့် ကြက်သေ သေသွား၏။ သော ကိုယ်တိုင် မို့ကိုယ်လေးကို ပွေ့ဖက်ထားလျက်သားနှင့် ကြောင်တောင်တောင် ဖြစ်သွားခဲ့၏။
	“မမမိုတို့က . . .”
	“ဟင့်အင်း . . . မဟုတ်ဘူး . . မဟုတ်ဘူး စွဲ . .”
	သူမ သတိဝင်လာသည်နှင့် သောကလည်း လက်ကိုလွှတ်၍ နောက်ထပ် ဆုတ်လိုက်ပြီးဖြစ် ကာ . . .
	“ဆောရီးပါဗျာ . . . အားလုံးကိုပါ . . .”
	သူ့မျက်နှာတွေ ပူထူနေ၏။ ဒါမှမဟုတ် အသားတွေ ဖောင်းကားထွက်သွားပြီး ထူလပိန်းကြီး ဖြစ်နေတာလား . . .။
	တစ်ခါမှ မကြုံကြိုက်ခဲ့ဖူးသော အခြေအနေမှာ ခံစားခဲ့ရတာ ဘယ်လိုကြီးမှန်းလည်း မသိ…။
	“သော . . သော နေပါဦး . . .”
	သူ့ကားနား ရောက်ခါနီးမှ စွဲ ပြေးလိုက်လာသည်။ ပြီးတော့ မျက်နှာမှာ ရယ်မြူးရိပ်သမ်းနေ လျက်နှင့် . . .
	“မင်းကလည်း ဘာဖြစ်သွားတာလဲကွ . . . ဘယ်သူကမှ ဘာမှမမေးရသေးဘူး. . . ဟို တစ်ယောက်ကလည်း မဟုတ်ဘူးဆိုတာချည်းပဲ . . .”
	“မမေးပေမယ့် မင်းတို့မျက်လုံးကြီးတွေက ပြူးတူးပြဲတဲကိုးကွ . . .”
	အနီရောင်သမ်းနေဆဲ သော မျက်နှာကို ကြည့်၍ စွဲက ရယ်သည်။ ပြီးတော့ သော ဝင်ဖို့ပြင် နေသည့် ကားတံခါးကို သူ့ကိုယ်နဲ့ ကပ်ဖိထားလိုက်ပြီး လက်ပိုက်၍ . . .
	“ပြူးတူးပြဲတဲ ဖြစ်ကုန်ကြတဲ့လူတွေက လွန်သလား . . . နှစ်ကိုယ့်တစ်စိတ်ဖြစ်အောင် ဖက် ထားကြပြီးတော့ မဟုတ်ပါဘူး ငြင်းနေကြတဲ့ လူက လွန်တာလား . . .။ ကဲ . . . မင်းပဲ တွေးကြည့် ပါဦး . . .”
	“ဟေ့ကောင် . . . ”
	“ပြောပါ . . . ကဲ . . . ငါ့အစ်မကို မင်း ဖက်ထားတဲ့ပုံလေ . . .”
	“လက်စွဲတော် . . .”
	“ဟား . . ဟား . . ဟား . . .”
	နေရာတကာမှာ ထီမထင် မျက်နှာထားနှင့် မာကျောကျောနေတတ်ခဲ့သူသည် ခုကျတော့ မျက်နှာတစ်ပြင်လုံး ပန်းရင့်ရောင်တက်လျက် သူရယ်နေတာကိုပဲ ကိုင်ပေါက်ပစ်ချင်နေသလိုလို…။
	“မင်းထက်မြတ်သော . . . ဟား . . ဟား . . ဟား . . . မင်းကို ငါအဲဒါတွေကြောင့် ခင်တာ..”
	“ဘာတွေ လာရွတ်နေတာလဲ . . .”
	“မင်းရဲ့ဘယ်နေရာမှာပဲ အနီရောင်သမ်းနေနေ . . . မင်းရဲ့နှလုံးသားက ဖြူတယ် . . . အဲဒါ ကို ငါသိတာပေါ့ . . .”
	“လုပ်မနေနဲ့ . . .”
	“မင်းက လူရှုပ်ဖြစ်ရင်ဖြစ်မယ် . . . မပွေတတ်ဘူး . . .။ အဲဒါကို ဘယ်သူယုံယုံ မယုံယုံ ငါ ယုံတယ် . . .”
	“လက်စွဲတော် . . မင်းကို ဖော်လိုလိုက်ဖို့အတွက် ကူညီပေးနေတာ မဟုတ်ဘူး . . . ခုပဲ မင်း အစ်မနဲ့ အဲဒီပြဿနာ ကွိုင်တက်နေတာ . . .”
	“သိသားပဲ . . . မင်းတို့ ဟိုအရင်တည်းက မတည့်ခဲ့ကြတာ . . .။ ငါနဲ့ မင်း မသိခင်တည်းက မတည့်လာကြတာ . . . ခုနကလည်း ရန်ဖြစ်နေတုန်းပဲ . . .”
	“သိရဲ့သားနဲ့ အဲဒီမျက်နှာကြီးက ဘာကိစ္စ ပြီတီတီဖြစ်နေတာလဲ . . .”
	“မင်းမျက်နှာကြီး မင်းပဲ ပြန်ကြည့်ပါဦး . . . ဟား . . ဟား . . ဟား . . နှစ်ယောက်သား အသေအကြေ ဖက်ထားကြပြီးမှ အသေအလဲရှက်နေကြတယ် . . . ရယ်ရတယ် . . .”
	“မင်းလိုမောင်မျိုးကလည်း ကောက်ညှင်းထုပ်သိုးအောင် ရှာတာတောင် တွေ့မှာ မဟုတ်ဘူး . . . တကယ်ရှားပါတယ် . . .”
	“ထမင်းထုပ် လုပ်ပါကွာ . . . ကောက်ညှင်းထုပ်ဆို ပိုကြာတာပေါ့ . . .”
	“မင်းလိုကောင် မင်းပဲရှိမှာလေ . . . ပြောချင်တာ အဲဒါ . . . ဖယ်ပေး . . . ငါပြန်တော့မယ်..”
	“နေစမ်းပါဦး . . . မင်းနဲ့ မမို ဘာပြဿနာတွေ ရှင်းမရဖြစ်နေကြတာလဲ . . .”
	“ရစ်မနေစမ်းပါနဲ့ကွာ . . . သိချင်ရင် မင်းအစ်မ သွားမေး . . .”
	သောက စွဲကိုယ်ကို တွန်းဖယ်ပစ်ကာ ကားထဲ ဝင်ထိုင်လိုက်သည်။
	စွဲက ဘေးကနေ မှန်ကို ပုတ်နေသဖြင့် နည်းနည်းချပေးလိုက်တော့ မှန်ကြားထဲကနေ မျက်နှာကြီးထည့်မတတ် ကပ်လာကာ . . .
	“မင်းကိုပဲ မေးချင်တာ ဟေ့ကောင် . . . နောက်မှပဲ . . . သိလား . . .”
	ခွေးကောင် . . .။
	ကားမောင်းထွက်လာခဲ့ပြီးမှ ပြုံးချင်သလိုလို ဖြစ်လာတာကို ပြန်ထိန်းနေရသည်။
	သဒ္ဒါပိုမို . . . အဲဒါ မင်းကြောင့် . . .။
    ××××××
×××××
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၀) ကိုမနက်ဖြန် ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စာရေးဆရာမ သျှင်မရဲ့ “ဂန္ထဝင်ချစ်ထုံး” အခန်းဆက်ဝတ္ထုရှည်ကို တနင်္လာ၊ အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းတွင် ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
…….
“တကယ်လို့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျာ”
“ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့လည်း မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 


Related Posts