သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၇ ) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက် ဝတ္ထုရှည်
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၇) 
……
ဘောင်းဘီအိတ်တစ်ဖက်ထဲ လက်တစ်ဖက်ထည့်ထားပေမယ့် သူ့အပြုံးတို့ကြောင့် ခါးထောက်ရန်လိုနေသလို ခပ်ရိုင်းရိုင်းပုံ ဖြစ်နေခဲ့၏။
“မင်းအတွက် ရင့်ကျက်တည်ငြိမ်ဖို့တွေ အများကြီးလိုသေးတယ် . . . ဒေါသကြီးတတ်တာ မတည်ငြိမ်ခြင်း . . . သည်းမခံ စိတ်မရှည်ခြင်းတွေကလည်း မတည်ငြိမ်ခြင်းပဲ . . . ။ မင်းမှာ တည်ငြိမ်ရင့်ကျက်မှု နည်းနေသရွေ့ ရန်သူရဲ့ ရွှေ့ကွက်ကို မင်း ဖမ်းနိုင်မှာ မဟုတ်ဘူး . . ။ ပြီးတော့ ငါတို့ ဦးတည်လာခဲ့တာက တရားလွတ် စီရင်ဆုံးဖြတ်ဖို့ တရားဥပဒေနဲ့ မငြိစွန်းအောင် ပါးပါးလေး ရွှေ့ဖို့အတွက် ပညာတွေ ဘယ်လောက်တတ်နေနေ . . . တော်နေနေ မရဘူး . . .”
“ဒါပဲလား . . .”
“မဟုတ်သေးဘူး . . . ‘မမှားသောရှေ့နေ’ ‘မသေသော ဆေးသမား’ မရှိဘူးဆိုတဲ့အတိုင်း နောက်ဆုံး ငါတို့ရေးတဲ့ ပရိုဂရမ်က ထွက်မလာတော့ရင်တောင် တန်းစီပြီး ထောင်ထဲ ဝင်ရပါစေ . . . ငါတို့လုပ်ချင်တာကို ပြီးဆုံးအောင် လုပ်ခဲ့နိုင်ရမယ် . . . ဒါပဲ . . .”
ဦးယက္ခက မျက်မှောင်ကုတ်၍ တစ်နေရာကို စူးစိုက်ငေးနေသည့် သောရဲ့ လက်မောင်းတစ် ဖက်ကို ခပ်ဖိဖိဆုပ်ကိုင်လိုက်ပြီး . . .
“စိတ်ဝေဒနာသည်ကို မင်း သွားမေးလို့ ဘာမှ သိရမှာမဟုတ်ဘူး လူလေး . . . သူ့ခမျာ ငြိမ်ငြိမ်လေး တွေးငေးနေနိုင်တဲ့ ဘဝလေးကိုပါ ပြီးသွားရှာမှာ . . . ဒီတိုင်းပဲနေပါစေ . . .”
သော ရုတ်တရက် ဘာမှမပြောဘဲ ငြိမ်နေခဲ့၏။ ခဏကြာမှ ဦးယက္ခကိုင်ထားသည့်လက်ကို ပြုတ်ကျသွားအောင် ခြေလှမ်းရွှေ့ပြီး မတ်တတ်ပြင်ရပ်ကာ . . .
“ဒေါ်ဒေါ်ဦးကို ကျွန်တော် ဆေးကုပေးချင်တယ် . . .”
ဦးယက္ခ မျက်မှောင်ကုတ်သွားသည်။
“တစ်လောကလုံးမှာ သူ့ရဲ့သွေးသားရင်းချာ ကျွန်တော်ပဲရှိတော့တာ . . . ဒေါ်ဒေါ်ဦးကို ကျွန်တော် တာဝန်ယူနိုင်တယ် . . .”
“ဘယ်ရမလဲ သော . . . ငါတို့ကြိုးစားရေးခဲ့တဲ့ ပရိုဂရမ်တစ်ခုလုံး ပြီးမြောက်အောင်မြင်နေ ကာမှ ပျက်စီးမခံနိုင်ဘူး . . . သူ့ကို အပြင်ဘယ်နည်းနဲ့မှ တွေ့လို့မဖြစ်ဘူး . . . သူရှိနေသေးမှန်း သိတာနဲ့ ပြည့်သျှင်က ဒီတိုင်းနေမယ်ထင်လို့လား . . .”
“ဘာလဲ . . . သူလိုက်သတ်မှာလား . . . ။ လာစမ်းပါစေဗျာ . . . ဒါမျိုးလုပ်လို့ကတော့ ရှုံးတဲ့သူ အရှင်မထွက်ကြေးပဲ . . .”
	“မဖြစ်ဘူး . . .”
ကယောင်ချောက်ချားဆန်သည့် ဦးယက္ခမျက်နှာက ခေါင်းတွင်တွင်ခါနေတာလည်း မပြီးနိုင် . . .။
	“ငါတို့တွေရဲ့ အဓိက ရည်ရွယ်ချက်က ကျန်းမာ ချမ်းသာစွာ နေထိုင်ရေးမဟုတ်ဘူး . . . ရည်ရွယ်ချက် အောင်မြင်ဖို့ကလွဲရင် ကိုယ့်ကိုယ်ကိုတောင် ပဓာနမထားခဲ့ဘဲ မျိုသိပ်ကြိုးစားခဲ့ကြ တာ . . . ဒီလိုပါဝင်နိုင်သူကို တွဲခေါ်မယ် . . . မတတ်နိုင်တဲ့သူနေခဲ့ . . . ဒါပဲလေ . . .”
	“ဟုတ်တယ် . . . ဦးခနဲ့ မေမေတို့ကလည်း ဒီအတွက် ခံစားချက်နဲ့ ကြိုးစားခဲ့ကြတာ အချိန် တွေ အများကြီးပါပဲ . . . ဒါပေမဲ့ ကျွန်တော်က ပခုံးပြောင်းယူလိုက်ပြီ . . . ဦးပြည့်သျှင်ကို လက်တုံ့ပြန်ဖို့ကို ကျွန်တော်ပဲ လုပ်မှာဖြစ်တဲ့အတွက် လက်တုံ့ပြန်ဖို့က တစ်ဖက် ဒေါ်ဒေါ်ဦးကို ဆေးကုပေးဖို့က ပခုံးတစ်ဖက် . . .”
       “ဘာပြောတယ် သော . . .”
	“အခု ပြီးမယ့်အလုပ်ကို ခုပဲ ပြီးအောင် လုပ်ချင်တယ် . . . တစ်ခေါက်တည်းနဲ့ အပါသယ် သွားနိုင်တဲ့ပစ္စည်းကို ဘာဖြစ်လို့ အခေါက်ခေါက်အခါခါ ပြေးသယ်နေမှာလဲ . . . ။ ဒါ့အပြင် ကျွန်တော် အသက်သေသွားခဲ့ရင် ဒေါ်ဒေါ်ဦး ဒီတိုင်း ကျန်ခဲ့တော့မှာ . . .”
	“နေပါဦး သော . . . မင်းရဲ့အဒေါ်ကို ငါတို့က သွေးသားမတော်စပ်လို့ ပစ်စလက်ခတ်ထား တယ်လို့များ ထင်နေတာလား . . .”
	“မထင်ပါဘူး . . ဦးခတို့ကို အဲဒီလို အပြစ်မြင်လိုက်ရင် တူဖြစ်တဲ့ကျွန်တော်က အပြစ်ပိုကြီး သွားမှာပေါ့ . . . .ဒေါ်ဒေါ်ဦးက ဦးခထက်တောင် ငယ်သေးတယ်ဆိုရင် မေမေ့လိုပဲ သူ့ဘဝအချိန် စိုပြည်လို့ရသေးတယ် . . .”
	“မရနိုင်တော့ဘူး . . . သူ့ရောဂါက ထိခိုက်ဒဏ်ရာရလို့ ဖြစ်တဲ့ရောဂါမဟုတ်ဘူး . . . ဒါတွေ မင်းသိပါတယ် . . .။ သူနဲ့ပတ်သက်ပြီးတော့ပဲ မင်းအဖေနဲ့ပြည့်သျှင် အငြိုးကြီးခဲ့ကြတယ် . . . သူ့အတွက်ကြောင့်ပဲ ပြည့်သျှင်လက်အောက်မှာ မင်းအဖေ ကျရှုံးခဲ့တယ် . . . အဲဒါ မင်းတို့ဘဝ အတွက် ရှောင်လွှဲမရနိုင်တဲ့ မျိုးရိုးလိုက်တဲ့ ရောဂါကြောင့်ပဲ . . . ပြည့်သျှင်ကသာ ဒီလိုအဖြစ်ဆိုး အောင် တမင် မယုတ်မာခဲ့ဘူးဆိုရင် . . .”
	“အဲဒါတွေ မပြောနဲ့တော့ ဦးခ . . . အနာရှိရင် ဆေးရှိတယ် . . .”
	“ဟုတ်တယ် . . . ဆေးရှိရင်လည်း အဲဒါ အသက်ကယ်ဆေးပဲ ဖြစ်လိမ့်မယ် . . . ရူးနေတာ တော့ ပျောက်သွားမှာ မဟုတ်ဘူး . . .”
	“ဦးခက လူတစ်ယောက်ရဲ့ ကံကြမ္မာကို ဖတ်နိုင်သလား . . .”
	မျက်နှာချင်းကပ်မေးလိုက်တော့ ဦးယက္ခ ဆွံ့အသွားခဲ့၏။ သော မျက်လုံးတွေ အကြာကြီး စူးစိုက်နေခဲ့ပြီးမှ ချာခနဲလှည့်ထွက်သွားသည်။
ဦးယက္ခတစ်ယောက်တည်း တိတ်ဆိတ်စွာ ကျန်ခဲ့ရင်း . . .။
ခြေရာတိုင်းတယ်ဆိုတာ ဒါမျိုးလား . . .။
××××××
အခန်း (၁၈)
“ဒီလိုလုပ်လို့ဖြစ်မလား ကိုခ . . . အဲဒါကြောင့် မင်းကိုပြောတာ မြန်မာပြည်မှာ ဒီကလေးနဲ့ လုပ်ငန်းကိစ္စအဝဝကို ရှင် တာဝန်ယူရမှာလေ . . .”
“တာဝန်ယူခဲ့တာပဲ မဒါ . . . ခုချိန်ထိ အားလုံး သေသေသပ်သပ်ရှိလာခဲ့တာ မဒါ ဘာများ ပင်ပန်းခဲ့လို့လဲ . . .“ကျွတ် . . .”
ဖုန်းထဲမှာ စိတ်ပျက်သံတွေက သူ့ရင်ထဲက မာနတွေကို ရိုက်နှိုးနေသလိုပင် . . .။ လူဆိုတာ အကြံနဲ့ ဉာဏ်နဲ့ . . .။ လူတွေထဲမှာမှ သူက အတော်ဆုံးလူအဖြစ် ဆရာသမားက နေရာပေး ရွေးချယ် ခံခဲ့ရဖူးသည် . . .။
ဒါပေမဲ့ ဘယ်သူမပြု မိမိအမှုပါပဲ . . .။
ကိုယ်တိုင်ကျူးလွန်ခဲ့သည့် မကောင်းမှုကံဟာ ကိုယ့်နောက်မှာအရိပ်လို အမြဲရှိနေခဲ့မှန်း သူ့ဘဝတစ်လျှောက် ဖြတ်သန်းလာခဲ့ရတဲ့ အချိန်တွေက သက်သေပြနေ၏။
ဖြစ်သမျှအကြောင်း အကောင်းလို့ပဲ ထားလိုက်ဖို့ အမျိုးမျိုး ကြိုးစားပေမယ့် . . .
“မဖြစ်ဘူး . . . ငါပြန်လာခဲ့မယ် . . . မင်းနဲ့ ထားနေသမျှ ငါဖြစ်ချင်တာတွေ ဘယ်တော့မှ ဖြစ်လာမယ်ဆိုတာ မသိဘူး . . . ဒီကိစ္စအတွက် မင်းဘယ်လောက်ထိ မျှော်လင့်ခဲ့သလဲ ဘာတွေကို ထမ်းပိုးထားခဲ့ရသလဲ . . . ဒါတွေကို . . .”
“မဒါ မျှော်လင့်ချက်တွေဖြစ်လာ မလာ ပူနေရုံပါ . . . ကျွန်တော့်မှာ . . .”
“ကိုခ . . . မင်း စကားပြောတာ ရှေ့ကြောင်း နောက်ကြောင်းတွေ မပါစေနဲ့ . . . အခု ယက္ခနဲ့ ဘဒ္ဒါ စကားပြောနေတယ် . . . သိထားရမှာအဲဒါ . . .”
“သိပါတယ် . . . ကြိုးစားနေကြတာ အတူတူပါပဲ မဒါ . . . အဲဒါကို နည်းနည်းမျှတပြော ပေးဖို့ပါ . . .  ကလေး ကျွန်တော်နဲ့ ပါလာပြီးတည်းက မဒါ စိတ်ကျေနပ်စရာ ဖြေသိမ့်စရာတွေနဲ့ပါ . . . ဒီကလေးနဲ့ အတူတူ အရာရာကို ရင်းနှီးမြှုပ်နှံထားခဲ့ရတာက ကျွန်တော် . . .”
“အဲဒီတော့ ငါ ပြောနေတာကို မင်းက မခံနိုင်ဘူးပေါ့ . . .”
	“နစ်နာတာတွေကို တစ်က ပြန်စပြီး ရွတ်မပြဖို့ပါ . . . ဒီကလေးကို မမှားသင့်တာ မမှားရ အောင် ကျွန်တော် တားနေရတာက . . .”
	“တားနေရင်လည်း မင်းအမေ ဖြစ်စေချင်တာ . . . ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့လေ . . . ဖုန်းထဲမှာ သော ငါ့ကို ပြောသွားတာတွေ မင်းမကြားဘူးလား . . . ဟိုတုန်းက ငါ မဟုတ်တော့သလိုလို . . . သူ့ ပခုံးပေါ်မှာ စုပုံပြီး ခုတော့ ငါက သာယာမှုတွေနဲ့ နစ်မျောနေသလိုလို . . .”
	“အဲဒါတွေ ဖြစ်လာတာက . . .”
	“သူ့အစီအစဉ်တွေကို ငါက ဟန့်တားနေတယ်ဆိုပြီး ဖြစ်နေတာ . . . တကယ် တားဆီး နေတာက ငါမဟုတ်ဘူး . . . မင်းဘာဖြစ်နေတာလဲ . . ကိုခ . . . နီးနီးနေနေရလို့ သွေးကြောင်သွား တာလား . . .။ ဒါမှမဟုတ် ငယ်ကြောက်ဖြစ်လာခဲ့လို့ မော်မကြည့်ဝံ့တာလား . . .”
	“အဲဒါတွေ ဟုတ်ချင် ဟုတ်လိမ့်မယ် . . . ဒါပေမဲ့ . . .”
	“ဒါပေမဲ့ ခံမနေနဲ့တော့ . . . မင်း ဆက်ပြောမှာတွေ အဓိပ္ပာယ်ရှိမှာ မဟုတ်တော့ဘူး . . . ဒီတစ်ခါ ကလေးက ငါ့ကို အပြစ်တင်လာရင် တားဆီးနေတာ ငါ မဟုတ်ပါဘူးလို့ ပြောသင့်ရင် ပြောရမှာ . . .”
	ယက္ခဖုန်းကို ကျစ်နေအောင် ဖိဆုပ်ရင်း တော်တော်နဲ့ ပြန်မပြောနိုင် . . .။
	“အဲဒီအရူးကို ဆေးကုမယ်ဆိုတဲ့ကိစ္စ လုံးဝမလုပ်စေနဲ့နော် . . . ဒီမိန်းမကို အသက်ရှင်နေ သေးတာ သိသွားရင် ပြဿနာတွေ အကုန်လုံး တစ်က ပြန်စလာမှာ . . .”
	ယက္ခမျက်နှာမှာ မဲ့ပြုံးတစ်ချက် ဖြစ်သွားသည်။ ရင်ထဲက စကားသံတွေကို သူမ မကြားနိုင် ပေမယ့် သူကတော့ မပြီးမဆုံးနိုင်စွာ ရေရွတ်နေမိ၏။ ထိုစဉ် ဘဒ္ဒါ၏ တက်ခေါက်သံက စူးရှပြတ် တောက်စွာ ထွက်ပေါ်လာပြီး . . .
	“အဲဒါ ဟိုအဘွားကြီး တင်းခံနေလို့ . . . ဟိုတန်းလန်း ဒီတန်းလန်းတွေ ဖြစ်ကုန်ရတာ . . .။ လူကသာ ချေးမနိုင် သေးမနိုင်နဲ့ သူငယ်ပြန်သလို ဖြစ်နေတာ . . . ပစ္စည်းတွေ ဘယ်မှာသိမ်းထား သလဲ မေးတာတော့ အမြဲတမ်း မသိဘူးချည်းပဲ . . . မင်းရော ဘာထူးခြားသေးလဲ . . .”
	ခုပဲ လူကို ခိုင်းဖတ်တစ်ယောက်လို ပြောဆို မောင်းမဲခဲ့သလို ချက်ချင်းပြန်ဖြစ်သွားတော့ သူမ မဟုတ်ခဲ့သလိုမျိုး . . .။
	“ကိုခ . . . ငါမေးနေတာ ကြားလား . . .”
	“ကြားပါတယ် . . .ဘာမှမထူးခြားဘူး . . . ကလေးကို တွေ့ချင်တယ် ပူဆာတာကတော့ သံပတ်ပေးထားတဲ့အရုပ်က အသံထွက်နေသလိုပဲ . . .”
	“မဖြစ်ဘူး . . .”
	“ဟုတ်တယ် . . . သောက သူ့အဖေစိတ်နဲ့ တစ်ထပ်တည်းပဲ . . .။ လိုချင်တယ် . . . ဇွဲရှိတယ် . . သူလုပ်ချင်တာဆို ဘာကိုမှ ဂရုမစိုက်တတ်ဘူး . . . ပြီးတော့ အရမ်းပါးနပ်တယ် . . .”
	“ကောင်းတယ် . . မင်း ကိုယ် သတိထားရမှာတွေကို သိနေဖို့ပဲ လိုတာ . . . သောကို မွေးလိုက်ကတည်းက ဘယ်လို ကလေးလေးလဲဆိုတာ ငါက သိတယ် . . .။ ဒါကြောင့် . . .”
	“မဒါ . . .”
	“ပြော . . .”
	“ကျွန်တော် တစ်ခုပြောပါရစေ . . . နောက်ဆို သောနဲ့ အွန်လိုင်းမှာ မတွေ့ပါနဲ့ . . . ဖုန်းနဲ့ပဲ ပြောပါ . . . ဒါမှမဟုတ်ရင်လည်း ဖက်စ်ပို့လို့ရတာပဲ . . .”
	“ငါ့သားနဲ့ငါ ဘယ်နည်းနဲ့တွေ့တွေ့ ဘာဖြစ်လို့လဲ . . .”
	“သောက ပါးနပ်တယ် . . .”
	“အဲဒါ ဘာဖြစ်လဲ . . .”
	“ကျွန်တော် ဘာပြောချင်တာ မဒါ သိပါတယ် . . .”
	“သိတယ် ကိုခ . . . မသိတာက မင်းပဲ . . . ငါတို့ ပင်ပန်းခဲ့သမျှ အိပ်ဖို့အချိန်တန်ပြီ . . .။ ဒေါ်မေယုကို မင်း ခုချိန်ထိ မစည်းရုံးနိုင်သေးဘူး . . . ကလေးကိုလည်း မပေါင်းသင်းတတ်ဘူး . . .”
	“သောက သူ့အမေစကားတစ်ခွန်းကိုပဲ ဂရုစိုက်တတ်တာ . . အဲဒါကြောင့် ကလေးစိတ်ထဲမှာ ဟိုဒီ သံသယတွေ မများရအောင် မဒါကို သူမမြင်တာ ကောင်းတယ် . . .”
	“ဟား . . ဟား . . ဟား . . .”
	ဆွဲဆောင်နိုင်စွမ်းသည့်ရယ်သံက ခုချိန်ထိ အားကောင်းနေဆဲ . . . သူမက အားပါးတရ ရယ်၍ . . .
	“ကောင်းပြီလေ . . . ဒီတစ်ခါ မင်းအကြံပေးတာကို ငါလက်ခံလိုက်မယ် . . . မင်းဘက်က သတင်းကောင်းပါးနိုင်အောင် ကြိုးစားပါ . . . ငါပြန်မလာခင် ကြားချင်တယ် . . .”
	ဦးယက္ခ အသံတိတ်နေ၏။
	“ငါနောက်ဆုံး သတိပေးမယ် ကိုခ . . . သောကို ဘာမှမတားပါနဲ့ . . . ဦးဆောက်ပန်းကို ဆေးကုပေးဖို့ လုံးဝမဖြစ်ဘူး . . . မင်း မပေါ့ဆဖို့လိုတယ် . . .”
	သတိပေးခြင်းတစ်ရပ်နှင့် သူမက ဖုန်းချသွားသည်။
	ပေါ့ပေါ့ဆဆနဲ့ ဆုံးဖြတ်ခဲ့တာ ဘာရှိလို့လဲ . . .။
××××××
အခန်း (၁၉)
“ကိုယ့်ဟိုတယ်ပေမယ့် ပေါ့ပေါ့ဆဆနေလို့မရဘူး တီလုံး . . ကုန်သည်ကြီးတွေအတွက် အားလုံးလိုလေသေးမရှိ ပြင်ဆင်ပေးထား . . .”
	“ဟုတ်ကဲ့ဆရာ . . .”
	“ငါဒီမှာပဲ နှစ်ရက်လောက် နေချင်သေးတယ် . . . စာချုပ်ချုပ်မယ့်နေ့ကျမှ ငါအချိန်မီ ပြန်လာခဲ့မယ် . . .”
	“ဟုတ်ကဲ့ပါ . . . စိတ်ချလက်ချနားပါ ဆရာ . . . အောင်ဘော်တို့လည်း ဂရုစိုက်ကြပါတယ် . . . မြေညီထပ်ကနေ ငါးလွှာအထိ ထောင့်ခန်းတွေချည်း ပြင်ဆင်ထားမှာ . . . နိုင်ငံခြားကိုယ်စား လှယ်တွေ ပါလာမှာဆိုတော့ အားလုံး ပြည့်စုံအောင် စီစဉ်မှာပါ . . .”
	“သူတို့တွေ ဘုရားဖူးလှည့်ဦးမယ်ဆိုရင်လည်း အားလုံးပြည့်စုံအောင် စီစဉ်ပေး . . .”
	“ဟုတ်ကဲ့ပါ . . . ဆရာ နေကောင်းရဲ့လား . . .။ အသံတစ်မျိုးကြီး ဖြစ်နေသလားလို့ . . .”
	“ကောင်းတယ် . . .”
	တုံးတိတိဖြေတာပေမယ့် တီလုံး ကျေနပ်သွားမိသည်။ ဆရာဟာ ခက်ထန်ခဲ့တာတွေရှိပေ မယ့် မောက်မာရိုင်းပျတဲ့သူ မဟုတ်ပေ . . . ။ ထို့ပြင် . . .
	နာကျင်စရာအတိတ်ကို ခေါင်းအုံးဖက်တွယ်နေရှာသည့် နှလုံးသားဒဏ်ရာနဲ့မို့ ပို၍စာနာမိ သည်။ ဒီလို ရက်စက်ပြတ်သားတတ်ပါသည်ဆိုတဲ့လူက အတွင်းကြေဝေဒနာနှင့် ဗုန်းဗုန်းလဲခဲ့ဖူးပါ သည်ဆိုရင်ရော ဘယ်သူယုံမှာလဲ . . .။
	“တီလုံး . . .”
	“ဗျာ . . ဆရာ . . .”
	“စာချုပ်ချုပ်မယ့်ကိစ္စတွေအတွက် ငါ့ရှေ့နေနဲ့ အရင်ဒိတ်လုပ်ဦး . . . အဲဒါကို မမေ့နဲ့နော် ...”
	“အားလုံး အဆင်ပြေတယ် ဆရာ . . . သူတို့ဘက်ကလည်း ရှေ့နေပါမယ်ဆိုတော့ ကျွန်တော် အားလုံးကို တိမ်းစောင်းရွေ့လျားမှုနှုန်းအတွက်ပါ ထည့်တွက်ပြီး စီစဉ်ထားတယ် . . . စိတ်ချပါ ဆရာ . . . စီးပွားရေးကိစ္စတွေမှာ ဆရာ ဘာမှဝင်မပါချင်တာ ကျွန်တော်သိပါတယ် . . . ခုကလည်း ကျွန်တော်တို့နဲ့ လက်တွဲထားတဲ့ ဂရု(ဗ်)တစ်ခုလုံး ဖြစ်နေလို့ ဆရာမပါလို့ မဖြစ်လို့ပါ . . .”
	“ငါသိတယ် . . . လုပ်စရာရှိတာ ဆက်လုပ်ထား . . . ပြီးတော့ . . .”
	ပြည့်သျှင်ဘက်က အသံတိတ်နေပေမယ့် တီလုံးက စိတ်ရှည်လက်ရှည် စောင့်၏။
	ခဏကြာမှ . . .
	“ငါ အိပ်မက်တစ်ခု ထူးထူးဆန်းဆန်း မက်တယ် . . .”
	“ဗျာ . . .”
	“မင်းကို ပြောပြချင်တယ် . . . ဒါပေမဲ့ နောက်မှပဲ . . .”
	“ဟုတ်ကဲ့ဆရာ . . . မှော်ဘီခြံကြီးထဲမှာ တစ်ယောက်တည်း အိပ်ချိန်လေးတော့ မှန်အောင် နေပါ ဆရာရယ် . . .”
	“ဟေ့ကောင် . . . ငါ့ကို ရူးကြောင်မူးကြောင် ဖြစ်နေပြီထင်နေလို့လား . . .”
	“ဟာ . . . မဟုတ်ပါဘူး . . . မဟုတ်တာ ဆရာရယ် . . .”
	“ဒါပဲ . . .”
	တစ်ဖက်မှ ဖုန်းချလိုက်ပြီးမှ ပြည့်သျှင် မျက်နှာမှာ ပြုံးယောင်သမ်းနေတာကို တီလုံးမမြင်နိုင်
	သူဟာ တကယ်ပဲ စိုးရိမ်စရာကောင်းလောက်အောင် ဖြစ်နေခဲ့တာလား . . .။
	ကိုယ့်ပုံစံကို မြင်လိုက်တာနဲ့ အချစ်နာကျ၍ ကြေကွဲဝမ်းနည်းနေရမည့် လူတစ်ယောက်ပဲလို့ ထင်သွားနိုင်သလား . . .။
	ကိုယ့်ကိုယ်ကိုတော့ အနာမကျက်သေးပေမယ့် ပြည်တည်နာက တစစ်စစ် တိုးဆောင့် နာကျင်စေသော ခံရခက်ခြင်းတွေကို ကျော်လိုက်နိုင်ခဲ့ပြီပဲ ထင်ခဲ့တာပါ . . .။
	ခြံကြီးကျယ်သလောက် စိတ်လွတ်ကိုယ်လွတ် ဆင်းထွက်လာခဲ့မိသည်။
	သို့သော် စိတ်ကို ဘယ်လိုပဲ မောင်းနှင်နေပေမယ့် အဝေးကို မျောလွင့်မသွားဘဲ ရင်ဘတ်ထဲပဲ ပြန်ဝင်နေခဲ့သည်။
	တွေးရင်း နာကျင်နေတာ မဟုတ်ပါ . . .။ နာကျင်စရာတွေကိုပဲ မမေ့နိုင်သေးတာဖြစ်သည်။
	“ဆရာရယ် . . . တော်ရုံလောက်နဲ့တော့ သတိရစရာ ပေါ်လာပေမယ့်လည်း ပြန်မခံစားမိ အောင် ကြိုးစားကြည့်ပါဦး . . . ဖြစ်ပျက် သင်္ခါရတရားနဲ့ပဲ ကြည့်ကြည့် . . . အနိစ္စသဘောနဲ့ပဲ ဆင်ခြင် ဆင်ခြင် . . . သေတဲ့လူတွေက ခုလောက်ဆို တခြားခန္ဓာတစ်ခုခုမှာ မှီတွယ်ပြီး ဘဝတစ်ခုမှာ ပျော်နေကြပြီ . . . ဆရာခံစားနေရတာ ကိုယ်ပြုခဲ့မိတာနဲ့တောင် မမျှတော့ပါဘူး” တဲ့ . . .။
	တီလုံးက အနိစ္စတွေဘာတွေ ထည့်သွင်းပြီး ဖျောင်းဖျနားချဖို့ ကြိုးစားခဲ့သေးသည်။
	ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ချစ်သင့်သလောက်ပဲ ချစ်မယ် . . . လွမ်းသင့် သလောက်ပဲ လွမ်းမယ်ဆိုတာမျိုး ပေါင်းနုတ်မြှောက်စားပြီး အချိုးကျခံစားလို့ ရသလား . . .။
	“ဆရာ့ကို ဒေါက်တာ ခင်သက်ညိုက မေးနေတယ် . . . ကျွန်တော့်ကို မြင်တိုင်းပဲ နေကောင်း လားလို့ မေးနေပေမယ့် နေမကောင်း ဖြစ်စေချင်နေသလိုပဲ . . .”
	“ရွှေကုဋေကုဋာ ကားရှိုးရွမ်းက အပျိုကြီးကို ဆရာ သတိထားမိလား . . . တော်တော်လှ တယ်နော် ဆရာ . . . ဆရာ့ကိုလည်း ဖော်ရွေတာ တအားပဲ . . .။ ပြီးတော့ ကိုယ့်လမ်းထဲမှာပဲ ဆိုတော့လေ . . .”
	တီလုံးတစ်ယောက် ဤသို့သောနည်းတို့ဖြင့် သူစိတ်ပြောင်းလာအောင် ဖြားယောင်းဖို့လည်း ကြိုးစားနေဆဲပါ . . .။
	လှလို့ချစ်တာမှန်ရင် မှန်လိမ့်မည်။ အလှတရားတိုင်းကိုတော့ အချစ်နဲ့ခံစားနိုင်ဖို့ လွယ်မလား . . .။ လှလို့ ခံစားမိတာက သတ်သတ် ချစ်လို့ ရင်ခုန်လာတာက တခြား . . .။
	ဦးဆိုတဲ့ မိန်းကလေးတစ်ယောက်ကိုပဲ သူ ရင်နင့်အောင် ချစ်သည်။ ဒါပေမဲ့ ခါးသီးစွာ ခွဲခွာခဲ့ရ၏။ နောက်ထပ် အစားထိုးနိုင်ဖို့ဆိုတာ . . .။
	“ဒါက အန္တရာယ်ပြုတာပဲလေ . . . ဒီနေရာမှာ အလျော်အစားဆိုတာ မရှိဘူး . . . မင်းလက် က လွှတ်လိုက်ပြီဆိုတာနဲ့ သေအောင် သတ်နိုင်ရင်သတ် . . . မသတ်နိုင်ရင် မင်း ဘာပြန်ရမလဲ . . .”
	“ဟား . . ဟား . . ဟား . . .”
	စကားသံတွေကြောင့် ပြည့်သျှင် ခြေလှမ်းတုံ့သွားသည်။ ဒီအသံကို သူသိနေသည်။
	“ရယ်တာလား . . . မင်းက ရယ်စရာလို့ထင်နေရင် ကြည့်လိုက်လေ . . .”
	သူတို့ကိစ္စနဲ့ သူတို့အကြောင်းပဲ . . .။
	ကိုယ့်ခြေလှမ်းတွေကို နောက်ပြန်ရုပ်ရင်း တခြားဘက်ကို လှည့်ထွက်လာခဲ့သည်။
	တစ်ယောက်တည်း စိတ်လက်ပေါ့ပါးစွာရှိနေခြင်းတို့ ခဏတစ်ဖြုတ် ပျောက်ဆုံးသွားခဲ့သဖြင့် လေးကန်သည့် ခြေလှမ်းတို့မှာ မျက်နှာကပါ မကြည်မလင် ဖြစ်သွားခဲ့သည်။
	သူ့စိတ်တွေမှာ တစ်ခါတလေ ပုံမှန်အတိုင်းပဲ နေတတ်လာပြီ ထင်ရလောက်အောင် ပေါ့ပါး နေတတ်ပေမယ့် တစ်ခါတလေမှာ လူတွေရဲ့အသံ . . . ဘယ်လို ရုပ်ဝတ္ထုကိုမှ မမြင်ချင် မကြားချင် ..။
	ပုပုရွရွ လှုပ်ရှားဆူညံမှုတိုင်းဟာ ကိုယ့်ကိုပဲ လိုက်လံနှောင့်ယှက်နေတာလိုလို . . .။
	သူ ယူကလစ်ပင်အောက်ကို တစ်လှမ်းချင်း ဝင်သွားမိစဉ် ရုတ်တရက် ထူးခြားသည့်အာရုံ တစ်ချက် ခံစားမိလိုက်၏။
	သို့သော် သူ ဘာမှ လှုပ်ရှားချိန် မရလိုက်မီ . . .
	“ဝှစ် . . .”
	“ဒုတ် . . .”
	သူ့မျက်နှာရှေ့ကနေ အေးခနဲ ဖြတ်ပြေးသွားသည့်အရာသည် ယူကလစ်ပင်စည်မှာ စိုက်နစ် သွား၏။
	မြားတံသည် သေသပ်နက်ရှိုင်းစွာ နစ်ဝင်နေကာ သူမျက်နှာလှန်ပြီး ရှောင်လိုက်မိသလား . . . တမင်တကာ လူကို မထိအောင် ပစ်လိုက်တာလား . . .။
	ဒါမှမဟုတ် ကံကောင်းထောက်မစွာ လွဲချော်သွားခြင်းလား . . .
	“တောက် . . .”
	ဒေါသက ဖျင်းခနဲ ခုန်ထ၏။
	မြားတံကို ဆွဲနုတ်၍ စောစောက စကားသံတွေ ကြားရာဆီသို့ တလွှားလွှားသွားမိရင်း . . .
	“ဟေ့ . . . ဒါ ဘယ်သူပစ်တာလဲ . . .”
	တဟားဟား ရယ်သံတွေ တိခနဲ ပြတ်တောက်သွားကြသည်။ ပြည့်သျှင်က ရှေ့ဆက်တိုးကာ ပိတ်ကာနေသည့် ခြံတိုင်က သစ်ပင်နွယ်တွေကို မြားတံနှင့် သိမ်းဖယ်ပစ်လိုက်၏။
	“ဟာ . . .”
	သူ့လက်ထဲက မြားတံကို မြင်လိုက်တော့ ကိုယ်လုံးခပ်ဖိုင့်ဖိုင့်နဲ့ ပါးပေါ်မှာ ဝက်ခြံဖုတချို့နှင့် လူရွယ်တစ်ယောက်က အထိတ်တလန့် ဖြစ်သွားသည့်မျက်နှာနှင့် . . .
	“ဒီ . . ဒီမြား . .”
	“ဟုတ်တယ် . . . ငါ့ရှေ့မှာ လာစိုက်တာ . . .”
	လူရွယ်ရဲ့ဘေးဘီကိုကြည့်တော့ တခြားလူရွယ်နှစ်ယောက်လည်း အံ့ဩသည့်မျက်နှာတွေနှင့် ရှိနေကာ လေးကိုင်ထားသည့် လူငယ်က သတိဝင်လာသလို လက်ကာပြ၍ . . .
	“မဟုတ်ဘူး . . . ကျွန်တော် ပစ်တာမဟုတ်ဘူး . . .”
	သူ့ရှေ့မှာ နီးကပ်စွာရှိနေသည့် လူရွယ်သည် သစ်ပင်မှာ စိုက်နေသည့် မြားတံကို အားစိုက် နုတ်နေရင်း အပြီးသတ် ဆောင့်ဆွဲနုတ်၍ နောက်ကို ခြေလှမ်းဆုတ်သည်။ ပြီးမှ . . .
	“ကျွန်တော် ပစ်တာ မဟုတ်ဘူး . . .”
	ပြောပြီးမှ သူ နုတ်ယူထားသည့် မြားတံကို ပြန်ငုံ့ကြည့်သည်။ ပြီးတော့ နောက်ကို လှည့်ရှာ ၏။
	“ဒါဆို ဘယ်သူပစ်လိုက်တာလဲ . . .”
	“ကျွန်တော် ပစ်တာ . . .”
	သူထပ်မေးလိုက်တာနှင့် ဖြေသံထွက်လာကာ ရောင်စုံရွက်ဖျင်တဲ၏ နောက်ကွယ်က လူရိပ် ပေါ်လာသည်။
	လှည့်ကြည့်လိုက်တော့ ပြည့်သျှင်မျက်ခုံးတွေ ဆတ်ခနဲ ကုတ်ကျသွား၏။
	သူပဲကိုး . . ။
	မျက်နှာကို မြင်လိုက်တာနှင့် ကိုယ့်ဆီကို လက်ခနဲပြေးဝင်လာသည့် ဓားရယ် . . ကွဲကျ ကြေမွ သွားသည့် ကားမှန်ကွဲသံတွေရယ်က သူ့အာရုံတွေကို ဆွဲခါပစ်လိုက်သလိုပင် . . ။
	ဒီတစ်ခါလည်း မြားနဲ့ ပစ်ချလိုက်ကာ သူ့မျက်နှာကို ဘေးတိုက်ကနေ ထုတ်ချင်းခတ်သွားဖို့ ခြောက်လက်မလောက်အလို . . .။
	“သော . . မင်းလား . . .”
	“ကိုကြီးသော . . . မြားနှစ်ချောင်းနဲ့ တစ်ခါတည်း ပစ်ချလိုက်တာလား . . .”
	သူတို့ချင်း တအံ့တဩ ပြန်လှည့်မေးနေကြတာကို ကြားပေမယ့် သျှင်က သော မျက်နှာကိုပဲ စိုက်ကြည့်နေကာ သောကလည်း ဒီအတိုင်း . . .။
	ရှိနေသမျှလူတွေ ဘေးရောက်ကုန်ကာ သျှင်နဲ့သော တစ်ဖက်စီကနေ မျက်နှာချင်းဆိုင် ရပ်မိကြ၏။
	စူးရဲသော မျက်ဝန်းနှစ်စုံသည် တွန်းကန်အားပြိုင်နေကြသည့် ဓားနှစ်လက်နဲ့တူလျက် . . .
	“တော်တော်တော့ ထူးဆန်းနေပြီ . . ”
	သျှင်က မျက်ဝန်းတွေ မတိမ်းဖယ်ဘဲ နှုတ်ခမ်းလှုပ်ရုံလေသံနှင့် အေးစက်စက်ပြော၏။
	သောက မတည်မပြုံး စိုက်ကြည့်နေလျက် . . .
	“ဟွန့် . . .”
	“မင်း ငါ့ကိုသိနေသလား . . .”
	“သိတယ် ဆိုရင် . . .”
	“မင်း ငါ့ရှေ့ကို ရောက်ရောက်နေခဲ့တာ တမင်တကာတွေပေါ့ . . .”
	“မသိဘူး ဆိုရင်ရော . . .”
	“ညာနေတာ . . .”
	“ဟား . . ဟား . . ဟား . . ဟား . . .”
	သောက မျက်နှာမော့ ရယ်သည်။
	ပြီးတော့ ကိုင်ထားသည့်လေးကို ရှေ့မှာရှိသည့် သစ်ကိုင်းဖျားတစ်ခုမှာ လှမ်းချိတ်ထားလိုက် ပြီး . . .
	“ကျွန်တော့်ကြောင့် ခင်ဗျား ခေါင်းထဲမှာ တွေးစရာတွေ ရောက်သွားပြီပေါ့ . . .။ ဟား . . ဟား . . ဟား . . ရယ်ရတယ် . . ဒီတစ်သက်လုံး ကျွန်တော် ဒီလိုမှ ရယ်ခွင့်ရပါ့မလားလို့ တွေးပူခဲ့ သေးတာ . . .”
	သောရဲ့ စကားသံနဲ့ အမူအရာတွေကို သျှင်က တစ်ချက်မှ မျက်လုံးမလွှဲဘဲ စူးစိုက်ကြည့်နေခဲ့ ၏။
	ခုခေတ် လူငယ်တွေရဲ့ ဟဲရ်စတိုင်မျိုး ဘေးနှစ်ဖက်မှာ ခပ်ဖိဖိဖြီးထားပြီး ထိပ်ဆံပင်တွေက ခပ်ပွပွ . . .။
	ဂျယ်လိမ်းထားပေမယ့် ကော့ထောင်ထားတာမျိုးလည်း မဟုတ် . . .။ အနီရောင်သမ်းနေပြီး တရားလွန်ရဲတောက်နေတာလည်း မရှိ . . .။
	ဆံပင်တချို့သည် နဖူးထက်ကို ပြန်ကျနေတာလည်းရှိကာ တင်းစေ့ထားသည့် နှုတ်ခမ်းတွေ က မျက်နှာတစ်ခုလုံးကို မိုက်ရူးရဲဆန်တဲ့အသွင် ပုံဖော်ထားသလိုရှိ၏။
	သျှင်က သဘောပေါက်သွားသည့် မဲ့ပြုံးနှင့် ခေါင်းညိတ်ကာ . . .
	“ဒါဆို ဖြစ်ခဲ့သမျှတွေရဲ့အဆိုအရ မင်းလက်ချက်နဲ့ ငါသေဖို့နီးတာ နှစ်ခါပေါ့ . . .”
	“ဘာလဲ . . . မေးတာလား . . .”
	“မင်းက မေးစေချင်လို့ ခေါ်ထုတ်တာပဲလေ . . .”
	“ဟုတ်တယ် . . . မေးလာတာကို ကြိုက်တယ် . . . ဒါပေမဲ့ အဲဒီလူတွေနဲ့ ခင်ဗျား ရှုပ်ထွေး ပွေလီနေရတာကို ပိုကြိုက်တယ် . . . ဒီလိုဖြစ်ဖို့မဟုတ်ဘူး . . .”
	သျှင့် မျက်နှာ တင်းသွားကာ ကိုင်ထားသည့် မြားတံကို ထက်ပိုင်းချိုးလိုက်၏။ ပြီးတော့ မျက်နှာဆီ လှမ်းပစ်လိုက်လျှင် သောက အသာလေးငဲ့ပြီး ပွတ်ကာသီကာလေး ရှောင်၏။
	ပြီးတော့ မချိုမချဉ်မဲ့ပြုံးနှင့် နောက်ပြန် တစ်လှမ်းချင်းဆုတ်ခဲ့ရင်း စိုက်ကြည့်ကာ . . .
	“ကျေးဇူးပဲ . . ဒီည ကောင်းကောင်း အိပ်ပျော်မယ့်ည ဆိုတော့ . . .”
	ပြောပြီး ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ထည့်ထားရင်း တဟားဟားရယ်သည်။ ပြီးတော့ နေရာမှ ချာခနဲ လှည့်ထွက်သွားကာ တစ်ချက်မှ ပြန်မကြည့် . . .။
	ပွဲကြည့်ပရိသတ်ဖြစ်နေခဲ့သည့် လူငယ်တွေ အံ့ဩမပြေနိုင်ခဲ့ဘဲ သျှင့်ကိုပဲ တောင်းပန်ရမလို . . . ဒီတိုင်း လှည့်ထွက်သွားရမလို ဟိုလှည့်ကြည့် . . . ဒီလှည့်ကြည့် . . .။
	သော ဘယ်လိုစိတ်ကူးနဲ့ ဘာတွေလုပ်သွားခဲ့မှန်း သူတို့တစ်တွေ မသိခဲ့ပေ . . .။
	ဒီနေ့ ဒီခြံဝိုင်းအလွတ်ကြီးထဲမှာ ကစားကြဖို့ စုဝေးစေခဲ့တာ . . . ဒါကြောင့်လား . . .။
×××××
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၈) ကိုမနက်ဖြန်  ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စာရေးဆရာမ သျှင်မရဲ့ “ဂန္ထဝင်ချစ်ထုံး” အခန်းဆက်ဝတ္ထုရှည်ကို တနင်္လာ၊ အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းတွင် ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
…….
“တကယ်လို့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျာ”
“ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့လည်း မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 

Related Posts