သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၃) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက် ဝတ္ထုရှည်
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၃) 
…….
အခန်း (၃၁)

     “အေး . . . ငါ ကန်စပ်ထဲမှာ . . .”
	“… … … …”
	“ထပ်မခေါ်နဲ့တော့ . . .”
	“… … … …”
	“လာခဲ့မယ် . . . အင်း . . .”
	ပြောပြီး ချထားလိုက်တာနှင့် ကိုယ့်ဆီကို တဖားဖား ပြေးလာသည့်အရိပ်ကို မျက်ဝန်းထောင့် မှာ သတိထားမိလိုက်၏။
	“ဖုန်း ခဏလောက် ပြောလို့ရမလား ဟင် . . . ခဏ ပြောမယ်နော် . . .”
	ခွင့်တောင်းခြင်းနှင့်ထပ်တူ သူမက ဖုန်းကို ကောက်ယူလိုက်ပြီးဖြစ်ကာ . . .
	“ဟယ်လို . . .”
	“… … … …”
	“အမလေး ကာရံရယ် . . . ခေါ်လို့ရလို့ တော်သေးတယ် . . . ငါဒီမှာ ပိုက်ဆံအိတ်ပျောက် သွားလို့ . . . ။ ဖုန်းရော ပိုက်ဆံရော ဘာမှမရှိတော့ဘူး . . .”
	“… … … …”
	“ဟုတ်တယ် . . .”
	သူမက ဖုန်းပြောနေရင်း မျက်မှန်တပ်ထားသည့် သျှင့် မျက်နှာကိုလည်း ခဏခဏ လှည့်ကြည့်သည်။
	ပြီးတော့ တောင်းပန်သည့်အပြုံးနှင့် ရယ်ပြလိုက် . . . ဟိုဘက်လှည့်သွားပြီး ပြောနေလိုက်..
	“ဟာ . . . အလုပ်ကို ထားခဲ့လိုက်ဟာ . . . ငါ ဘာမှမစားရသေးဘူး မု့န်ထုပ်တွေ ဝယ်ခြမ်း ပြီးမှ ပိုက်ဆံအိတ်က မရှိမှန်းသိတာ . . . အဲဒါတွေလည်း ကြွေးဆပ်ရဦးမှာ . . .”
	သူမသည် တော်ရုံမိန်းကလေး မဝတ်ရဲသော အဝါရောင်တောက်တောက်နှင့် ဟီးလ်ဒေါက် မြင့်ကြီးကို စီးထား၏။ ကျောလယ်ထိ ဖြန့်ချထားသည့် တီတွန့်ပုံ ဆံစတို့က ကြေးနီရောင်ပေါ်မှာ ဟိုက်လိုက်ဖောက်ထားသဖြင့် ဝတ်ထားသည့်အဝါရောင်နှင့် ကြည့်ကောင်းနေသည်။
	ထို့ပြင် ဖွေးနုနေသည့် မျက်နှာပြင်က အဖုအပိမ့်တို့ကင်းကာ လိမ်းခြယ်ထားသည့် မိတ်ကပ် နှင့် ကြွေသားကဲ့သို့ နုမွတ် ပြောင်အိနေသည်။
	လှသော ကိုယ်လုံးနှင့် သူမသည် အပြစ်ပြောစရာ ဘာမှမရှိပေ။ ဘယ်နေရာကြည့်ကြည့် လှနေလေသည်။ သို့သော် . . .
	“ကျေးဇူးပဲနော် . . .”
	ဖုန်းကို သူ့ရှေ့မှာ ပြန်ချပေးကာ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်၏။
	“ထိုင်လို့ရတယ်မို့လား ဟင် . . . လောလောဆယ် ထိုင်စရာလေးတောင် အခက်အခဲဖြစ်နေ လို့ပါ . . .”
	သျှင်က ဘာမှမပြောဘဲ ဖုန်းကိုလည်း မကိုင် . . .။
	မျက်နှာရှေ့ရောက်လာသည့် သူမကို ကြည့်နေရင်း ကော်ဖီ ယူသောက်သည်။ မျက်မှန်နောက် က သူ့မျက်ဝန်းတွေကို သူမက မြင်ရဖို့ ကြိုးစားနေကာ စူးစိုက်ကြည့်ပြီးမှ နှုတ်ခမ်းလေး မဲ့၍ . . .
	“မျက်မှန်ကလည်း ဘာမှကို မမြင်ရဘူး . . . ဆွိက ကျေးဇူးတင်စကားပြောမလို့ပါ . . . ပြီးတော့ ဆွိရဲ့ သူငယ်ချင်း မလာခင် ခဏဆက်ထိုင်ပါရစေလို့ ခွင့်တောင်းချင်တာ . . . ။ မျက်လုံးကို မမြင်ရတော့ စကားပြောရတာ . . . အဟွန်း . . . အဆင်မပြေသလိုပဲ . . .”
	သျှင်က ကော်ဖီပန်းကန်ကို ပြန်ချလိုက်ပြီးမှ ခုံမှာ ခပ်မတ်မတ်မှီ၍ . . .
	“အခု မင်းကို ဘယ်သူကဖိတ်လို့ လာထိုင်နေတာလဲ . . .”
	“ဟင် . . .”
	သူမက ခါးလေးကော့နေအောင် ခြေချင်းချိတ်၍ လှလှပပ ထိုင်နေရာကနေ သူမကိုယ်ကို ပြန်ငုံ့ကြည့်သည်။ ပြီးတော့ မျက်တောင်ရှည်တို့ကို တဖျတ်ဖျတ် ခတ်နေရင်း . . .
	“ကိုကြီးက ဆွိကို နှင်နေတာလား . . .”
	“နှင်တော့ရော မင်းက ထွက်သွားမှာမို့လို့လား . . .”
	“ဟင် . . . ကိုကြီးက ပြန်ပဲမေးနေတာပဲ . . .”
	“ဟုတ်တယ် ဒါပေမဲ့ မင်းပြန်ဖြေဖို့ မလိုဘူး . . . ငါ့ကိုလည်း မေးခွန်းတွေ မထုတ်နဲ့ . . . နေရာလွတ်ရှိနေတဲ့အတွက် ဘယ်သူဖြစ်ဖြစ် ထိုင်လို့ရတယ် . . .”
	မျက်နှာကိုစိုက်ကြည့်ပြီး သွေးအေးစွာပြောနေသည့် သူ့မျက်ဝန်းတွေကို ဆွိက မြင်ချင်နေခဲ့ သည်။ ပြောတာကို နားထောင်ရင်း အားမနာတမ်း စူးစိုက်ကြည့်ပေမယ့် ဘာမှလည်း အရာမထင် . .။
	ယောက်ျားတစ်ယောက်ဖြစ်ပြီး လှပသွက်လက်သော မိန်းမတစ်ယောက်ကို စိတ်မဝင်စားဘူး ဆိုတာ ဒါက ယုတ္တိမတန် . . .။
	ဘာဖြစ်လို့လဲ . . .။ သူမ မလှလို့လား . . . ဒီထက်လှဖို့ လိုနေသေးတာလား . . .။
	ဒါမှမဟုတ် ဒီယောက်ျား တကယ်ကန်းနေတာလား . . .။
	“ဟုတ်ပါပြီ . . . လူတချို့က သူတို့ရဲ့စိတ်တွေက သူများနဲ့မတူဘဲ ထူးဆန်းနေတတ်ကြတယ် . . .။ ဆွိကလည်း အဲဒီလိုလူတွေကို စိတ်ဝင်စားတဲ့သူပဲ . . . ကိုကြီးက ဆက်ဆံရေးကျဲပေမယ့် ဆွိ နားလည်နိုင်ပါတယ် . . . အခု ဖုန်းပေးပြောတဲ့အတွက် ကျေးဇူးတင်တာလေးတော့ ပြောပါရစေ…”
	သျှင့် နှုတ်ခမ်းအစုံ လွန့်ခနဲ မဲ့သွားသည်။
	“မလိုပါဘူး . . . မင်းသရုပ်ဆောင်နေတာ ကြည့်ပြီး အပျင်းပြေတာပေါ့ . . .”
	“ဟင် . . . ဘယ်လို . . .”
	သူမ နှုတ်ဖျားမှ မေးခွန်းထွက်လာပေမယ့် ပါးပြင်လေးတွေ ရဲတွတ်သွားတာကြည့်ကာ သျှင်က ပြုံးသည်။ ဒါပေမဲ့ လှောင်ပြုံး . . .။
	“ကိုကြီးက ဘာပြောတာလဲ . . .”
	“ငါ့ဖုန်းကို သူများသုံးလို့မရအောင် ဆော့ဖ်ဝဲထည့်ထားတယ် . . .”
	ဟင် . . .
	ဆွိ မျက်နှာလေး ငုံ့မလိုဖြစ်သွားတာ ခဏလေးပဲဖြစ်ကာ . . .
	“ဟွန်း . . . ဟုတ်မှာပေါ့ . . . ကိုကြီး အဲဒီလောက်ထိ မာနကြီးတဲ့လူဖြစ်မယ်ဆိုတာ ဆွိ တွက်မိပြီးသား . . .”
	သူမက ရှက်ပြုံးလေးနှင့် ဝန်ခံလာကာ . . .
	“ဒါဆိုလည်း ပေါ်တင်ပဲ ပြောတော့မယ် . . . မန်းဒေးညတုန်းက ယုဇနဂါးဒင်းန်မှာလေ . . . ကိုကြီးကား ထွက်မရလို့ ပါကင်လုံခြုံရေးကနေ လှမ်းခေါ်ရတဲ့ အနက်ရောင် နိုင်းဂျီမာစီဒီးက ဆွိရဲ့ ကား . . .”
	သူမက ပြောနေရင်း စားပွဲပေါ်မှာ လက်ထောက်၍ သျှင့်မျက်နှာကို မော့ငေး၏။ မျက်နှာနုနု မှာ အပြုံးတို့သည် တောက်ပလင်းလက်နေလျက် . . .
	“ဆွိကို စောင့်နေရလို့ ကိုကြီး ဒေါကန်နေတာမြင်တော့ ဆွိ အရမ်း သဘောကျသွားတာ . . .”
	သူမက အားပါးတရ ပြောနေကာ သျှင်က ဖုန်းပြန်သိမ်းတာကို လှုပ်ရှားမှုအစအဆုံး လိုက်ကြည့်နေ၏။ ပြီးတော့ စားပွဲစွန်းမှာပဲ လက်ပိုက်သလိုလေး လက်ကိုပြင်ကာ . . .
	“ဆွိက အဲဒီလို ကာရိုက်တာရှိတဲ့ယောက်ျားမျိုးကိုမှ အထင်ကြီးတာ . . .”
	“ငါကတော့ မင်းကို ဘယ်လိုမှ အထင်ကြီးလို့မရဘူး . . . မင်းသိထားရမှာက ယောက်ျား တိုင်း အားမနာတတ်ဘူးဆိုတာပဲ . . .”
	“ဟွန်း . . .”
	“မင်းရဲ့ပွင့်လင်းမှုတွေက အရာထင်မှာ မဟုတ်တော့ ဒီမှာ အချိန်ကုန်မခံဖို့ ပြောချင်တယ်…”
	“ကိုကြီးက ဆွိကို ခင်ခင်မင်မင် ဆက်ဆံဖို့လေးတောင် တွန့်တိုနေတာလား . . .”
	သျှင့်မျက်နှာ တည်သွားသည်။ ဆွိကလည်း စိုက်ကြည့်နေ၏။
	“ဆွိက ကိုကြီးထင်တဲ့ မိန်းကလေးမျိုး မဟုတ်ဘူး . . .”
	“မင်းကို ဘယ်လိုထင်ဖို့မှ စိတ်မဝင်စားဘူး . . . အခု လောလောဆယ် ပြောချင်တာက ကိုကြီးလို့ မခေါ်ဖို့ပဲ . . .”
	“ဘာဖြစ်လို့လဲ . . .”
	သျှင်က တစ်ခွန်းမှ ထပ်မပြောတော့ဘဲ ပိုက်ဆံထုတ်၍ ကော်ဖီပန်းကန်အောက်မှာ ဖိထား လိုက်သည်။ ထရပ်လိုက်တာနှင့် သူမက ထက်ကြပ်မကွာ လိုက်ပါပြီးဖြစ်ကာ . . .
	“ဆွိက မြန်မာပြည်မှာ ရက်ပိုင်းလောက်လေးပဲ နေမှာပါ . . . ပြီးရင် စင်ကာပူပြန်မှာ . . .”
	သူမက သျှင်နဲ့အတူ တစ်ချက်မှ ခြေလှမ်းမမှားဘဲ ယှဉ်တွဲလျှောက်ပါလာရင်း . . .
	“ဒီမှာ သိပ်ကိုရင်းနှီးတဲ့ မိတ်ဆွေလည်း မရှိဘူးလေ . . . ကိုကြီးကို မြင်ရတိုင်းလည်း တစ်ယောက်တည်းပဲဆိုတော့ ဆွိတို့ တစ်ယောက်အတွက် တစ်ယောက်က အဖော်မဖြစ်ဘူးလား…”
	“မင်း နေခဲ့တော့ . . .”
	“ခဏပဲ . . .”
	ဆွိက သူ တံခါးဖွင့်မရအောင် ကားတံခါးမှာ ကျောလေးကပ်ထားပြီး မျက်နှာမော့၍ . . .
	“ဆွိရဲ့ ဒက်ဒီက စင်ကာပူမှာ တာဝန်နဲ့နေနေတဲ့ ပရိုဂရမ်မာတစ်ယောက်ပါ . . . နာမည်က ဦးနေဝင်းသော် . . .”
	“မင်းအကြောင်း ဘယ်သူက သိချင်နေတယ်ထင်လို့ ပြောနေတာလဲ . . . ကျွတ် . . မင်း ဖယ်စမ်း . . .”	
	စိတ်ကို ထိန်းချုပ်ဖို့ပေမယ့် ဒီလို အပြောအဆို ပွင့်လင်းမှုတွေအပေါ်မှာ စိတ်ပျက်နေသည့် ခံစားချက်တို့ ရှိနှင့်နေခဲ့သည့် ရင်ထဲက လက်မခံ . . .။
	ထို့ကြောင့် သူမကိုယ်ကို လက်ပြန်တွန်းပစ်လိုက်ကာ တံခါးကို ဆွဲဖွင့်လိုက်သည်။ သို့သော် တရကြမ်းမောင်းလာသည့် ကားတစ်စီးသည် သူတွန်းလိုက်လို့ လမ်းဘက်ကို ယိုင်သွားသည့်သူမဆီ မလွတ်မကင်း တိုးဝင်လာရာ . . .
	“ဟေ့ . . .”
	သူပဲ ဖျတ်ခနဲ ပြန်ဆွဲပစ်လိုက်လျှင် သူမကိုယ်လေးက ရင်ခွင်ထဲကို ထွေးခနဲပုံကျ၏။ ဖြတ်သန်းသွားသော ကား၏ ဟောခနဲအရှိန်က သူတို့၏ အင်္ကျီစနှင့် ဆံစတို့ကို လွင့်ပျံလှုပ်ခါသွားစေ လျက် . . .
	“မင်းတော်တော်ရှုပ်ပါလား . . .”
	စိတ်မရှည်သံနှင့် လူကို ပြန်ခွာထုတ်ခဲ့ပေမယ့် ဆွိ မျက်နှာလေးက အပြုံးယဲ့ယဲ့နှင့် . . .
	ရှင့်ကို ကျွန်မ ရင်ခုန်တယ် ပြည့်သျှင် . . .။

××××××

အခန်း (၃၂)

	“ရင်ခုန်သံတွေနောက်ကို လိုက်နေလို့မရဘူး . . .”
	“မင်းက ငါ့ကိုလိုက်ကြည့်နေခဲ့တာလား ကိုခ . . .”
	“စောင့်ရှောက်တာပါ . . . ကျွန်တော့်မှာ သောနဲ့ မဒါကို ဂရုစိုက်ဖို့ အလုပ်ပဲရှိတာ . . .။ ကျွန်တော်တို့ ရည်ရွယ်ချက် . . . ကျွန်တော်တို့ရဲ့ပန်းတိုင်ကို ဘာကြောင့်မှ အပျောက်မခံနိုင်ဘူး . . .”
	“ဒါဆို မင်းမှာပဲ ရည်ရွယ်ချက်တွေ ရှိနေတာပေါ့ . . .”
	“အခု အဲဒီလိုဖြစ်နေတာ . . . မဒါ ရန်ကုန်ကို ရောက်လာတာ ဘာအတွက်မှန်းကို ကျွန်တော် မသိတော့ဘူး . . ။ မဒါ ဘာတွေလုပ်နေတာလဲ . . . ပြည့်သျှင် အပေါ်မှာ မဒါ စိတ်နာနေ တာလား . . . စိတ်မကုန်နိုင်တာလား . . . ကလဲ့စားချေမှာလား . . . ပြန်လိုချင်တာလား . . .”
	“အားလုံး ဟုတ်တယ် . . . အကုန်လုံး မှန်နေတယ်ဆိုရင် မင်းဘာပြောမှာလဲ . . .”
	“မသင့်တော်ဘူး . . . မှားကုန်မယ်လို့ပြောမှာ . . .။ ဘာဖြစ်လို့လဲဆိုတော့ မဒါက သောရဲ့ အမေ . . .”
	ယက္ခကလည်း ဘဒ္ဒါနဲ့အပြိုင် အော်ပြောသည်။ ခြေဟန်လက်ဟန်တွေပါ ပါရင်း ဒေါသ ကြောင့် တုန်ခါခြင်းတွေလည်း ဖြစ်၏။
	ဘဒ္ဒါကနေ ဘယ်လိုနာမည်နဲ့ ဘယ်လိုအသွင်ပြောင်းခဲ့ပြန်ပြီလဲ . . . ။ ဒါတွေလုပ်နေတာ ဘယ်လောက်အန္တရာယ်ကြီးမှန်း နည်းနည်းလေးမှ မတွေးမိဘူးလား . . .။
	“မဒါ ဘယ်နှကိုယ်ပဲ ခွဲလို့ ရနေနေ ဘယ်တစ်ယောက်ပြီး ဘယ်တစ်ယောက် ဘယ်လိုပဲ ပြောင်းပြောင်း . . . မဒါက ဆယ့်ခြောက်နှစ်သမီးလေး မဟုတ်တော့ဘူး . . . နှစ်ဆယ်ကျော် အစိတ် နဲ့ တစ်ခုလပ်ဖြစ်နေရတဲ့ မိန်းမတစ်ယောက်လည်း မဟုတ်ဘူး . . . မဒါမှာ သားရှိတယ် . . .”
	“ရှိတော့ . . .”
	“မဒါ ချစ်နေတဲ့ အဲဒီယောက်ျားက မဒါရဲ့သား သတ်ပစ်ချင်လောက်အောင် မုန်းနေတဲ့ လူ…”
	“သူ သတ်ပစ်ချင်ပေမယ့် ငါက အရမ်းချစ်ခဲ့တာ . . .”
	“ကိုယ့်ကိုယ်ကို အစတည်းက သိရင် မဒါ ကလဲ့စားချေမယ့် သွေးကြွေးဆပ်ဖို့ အစီအစဉ်ကို အစတည်းက ဘာဖြစ်လို့ အခိုင်အမာ ရေးဆွဲခဲ့တာလဲ . . .”
	“တော်တော့ . . .”
	ဘဒ္ဒါက အော်ပစ်လိုက်ပြီးမှ အိမ်ထဲကို လှမ်းကြည့်ကာ . . .
	“ငါ့သားနဲ့ ငါတွေ့မယ် . . . အခု သော ဘယ်မှာလဲ . . .”
	“မရှိဘူး . . .”
	“မရှိရင် ငါပြန်မယ် . . .”
	“ကျွန်တော် ပြောတာမပြီးသေးဘူး . . .”
	ယက္ခက သူမရှေ့က ပိတ်ရပ်နေကာ . . .
	“မဒါကို ကျွန်တော် တောင်းပန်တာပါ . . . ပြည့်သျှင်ကို ပြန်မစပါနဲ့ . . . မဒါရဲ့ နှလုံးသား ရေးသက်သက် မဟုတ်ဘူးနော် . . . ဒီကိစ္စက ကျွန်တော်တို့အပေါ် အများကြီး ရိုက်ခတ်လာနိုင်တာ”
	“မင်း ငါ့ရှေ့က ဖယ်လိုက် ယက္ခ . . . မင်းပြောသမျှ စေတနာတွေပါလို့ နားလည်ပေးဖို့ ငါတော်တော်ကြိုးစားဦးမှာ . . .။ ယောက်ျားတွေရဲ့ သဝန်တိုစိတ်များစွာက ငါ့အတွက် ရိုးနေပြီ …”
	“မဒါကို ကျွန်တော် သဝန်တိုစရာ ဘာအကြောင်းမှမရှိဘူး . . .”
	“ရှိလည်း ငါ ဂရုမစိုက်ဘူး . . . ပြည့်သျှင် ငါ့ကို မမှတ်မိသရွေ့ . . . သော သိသွားရင်လည်း ငါ့သား နားလည်သွားအောင် ငါပြောနိုင်တယ် . . . ဘာဖြစ်လို့လဲဆိုတော့ ငါတို့တွေ ပြည့်သျှင်ကို အမျိုးမျိုးသောနည်းတွေနဲ့ ချဉ်းကပ်နေကြတာ အဆန်းမှမဟုတ်ဘဲ . . .”
	“ဒါပေမဲ့ မဒါရဲ့ တစ်ကိုယ်လုံးမှာ ပြည့်သျှင်နဲ့ပတ်သက်တိုင်း ဘယ်နေရာမှာမှ အစိုင်အခဲ မတင်နိုင်အောင် ပျော်ဝင်နေတာ သိသာလွန်းတယ် . . .”
	ဘဒ္ဒါက အပြုံးမပျက် ရှောင်ရှားထွက်သွားကာ . . .
	“သိသာစမ်းပါစေ . . . ဒီနောက်ပိုင်းခန်းမှာ ဘယ်သူက ဘယ်သူ့အပေါ်မှာ ချစ်ချစ် . . . မုန်းမုန်း . . . များများမုန်းလေ ဇာတ်ကြမ်းလေ . . . များများချစ်တော့ ရင်နင့်တာပေါ့ . . .”
	ဘယ်လို ဘယ်ဘက်ကမှ လက်မခံဘဲ . . . ဘဒ္ဒါက အနိုင်နဲ့ပိုင်းပြီး ရှောင်ထွက်သွား၏။
	သို့သော် . . .
	“ဟင် . . .”
	နောက်ဖေးတံခါးကနေ ပတ်ဝင်လာသည့်ကားကို မြင်လိုက်တော့ သူမခြေလှမ်းတွေ တုံ့သွား ၏။
	နောက်ဖေးအဝင်အထွက် လှေကားအဆင်းရှေ့မှာပဲ ကားရပ်သွားကာ ဆင်းလာသည့် သော ကို မြင်လိုက်သည်။
	သောသည် ပန်းရင့်ရောင်တီရှပ်လည်ကပ်နှင့် အနက်ရောင် ချိုင်းပြတ်ခါးတို ဂျင်းဝစ္စကုတ်ကို ထပ်ဝတ်ထားသည်။
	အနက်ရောင် ပြောင်အိနေသော စတိုင်ဘောင်းဘီရှည်နှင့် ကိုယ့်သားကို မမြင်ဖူးသလို ငေး ကြည့်နေမိ၏။ အွန်လိုင်းမှာ တွေ့နေရပါလျက်နှင့် . . .
	တစ်နှစ် သို့မဟုတ် နှစ်နှစ် တစ်ခါလောက်တော့ သားအမိ ဆုံဖူးခဲ့ကြာတာတောင် သိပ်မကြာ သည့်ကာလတွေမှာ သားက အရပ်ကြီး ထိုးတက်လာသလိုလို . . .။
	ဒါမှမဟုတ် လူကြီးပုံစံ ချက်ချင်း ဖြစ်သွားခဲ့သလိုလို . . .။
	ပို၍ သိသာတာက အဆီပိုမရှိသော ကိုယ်ဟန်သွယ်သွယ် အရပ်မြင့်မြင့်နှင့် သိသိသာသာကြီး . . .။
	“သား . . .”
	ငေးနေရင်း ပြုံးလိုက်မိသည်။
	သောက မြင်ပေမယ့် ဟက်ဟက်ပက်ပက် မရှိပေ . . .။ သူမကတော့ ဝမ်းသာလှိုက်လှဲစွာ ရှိနေရမှာမို့ ခြေလှမ်းသွက်သွက်နှင့် လှမ်းဖြတ်သွားမိ၏။
	“သားက မေမေ့ကိုတောင် နှုတ်ဆက်ဖော် မရဘူးကွာ . . . ဘာဖြစ် . . . ဟင် . . .”
	ဘဒ္ဒါ ခြေလှမ်းတွေ တုံ့ခနဲဖြစ်သွားသည်။
	ဟိုဘက်ကနေဆင်းလာပြီး ဒီဘက်မှာ တံခါးလာဖွင့်ပေးသည့် သောရဲ့ ဂရုစိုက်မှုတွေက …။
	“ဦးဆောက်ပန်း . . .”
	ဘဒ္ဒါမျက်နှာ ဖွေးခနဲ ဖြူဆုတ်သွားသည်။ ပြီးတော့ တရိပ်ရိပ်နီရဲလာကာ မျက်နှာတစ်ပြင်လုံး တင်းမာလာခဲ့၏။
	“သော . . . မင်း . . မင်း . . သူ့ကို . . .”
	ယက္ခကိုယ်တိုင် တအံ့တဩ ဖြစ်သွားတာကို မြင်လိုက်ပေမယ့် ဘဒ္ဒါရဲ့ မီးထွက်မတတ် အကြည့်တွေက ယက္ခကို ဘယ်လိုမှ မယုံကြည်တော့သည့် တရားခံအကြည့် . . .။
	သူတို့မျက်လုံးချင်း ဆုံမိကြလျှင် ယက္ခက အသံတိတ်ခေါင်းခါ၍ ဘဒ္ဒါက ဆတ်ခနဲ မျက်နှာ လွှဲ၏။ ထို့နောက် လှေကားရင်းသို့ ဆင်းချသွားကာ . . .
	“ဒါ ဘာလုပ်တာလဲ သော . . .”
	ဦးဆောက်ပန်း၏လက်ကို ဂရုတစိုက် ဖေးမတွဲခေါ်နေရင်း သောက လှည့်ကြည့်၏။
	“ဘာဖြစ်လို့လဲ မေမေ . . .”
	“ဘာဖြစ်လို့လဲ ဟုတ်လား . . . မင်းကို ဒီလူမမာကို ဘယ်သူတွေ အပြင်ထုတ်ခွင့် ပြုလိုက်လို့ လဲ . . .”
	“အပြင်ကို မရောက်ပါဘူး . . . နောက်ဖေးကွင်းထဲမှာပဲ တောက်လျှောက်မောင်းတာ . . .”
	နောက်ဖေးကွင်းဆိုတာက ရပ်ကွက်ထဲက လူငယ်တွေ ဘောလုံးကန်ကြသည့် ကွင်းပြင်ကျယ် ဖြစ်ကာ ကပ်လျက်မှာ အလယ်တန်းကျောင်းဝင်းတစ်ခု၏ ခြံတံတိုင်းနှင့် လမ်းသွယ်လေးရှိ၏။
	“ဘယ်မှာဖြစ်ဖြစ် မထုတ်ရဘူး . . . သူ့ကို ပေ ခြောက်ဆယ် ပေလေးဆယ် ထင်သလို နေခွင့် ပြုထားတာ . . .”
	“ဘယ်လောက်ကျယ်ကျယ် ဒါက လွတ်လပ်မှုမှ မဟုတ်တာ . . . တစ်ခါတလေ အပြင် ခဏလေး ခေါ်သွားတာ ဘာဖြစ်လို့လဲ . . . ဒေါ်ဒေါ်ဦးက အချုပ်သားတစ်ယောက်လည်း မဟုတ်ပါ ဘူး . . .”
	“မေမေတို့ကလည်း အချုပ်သားလို ထားခဲ့တာ မဟုတ်ဘူး သား . . . ဒါပေမဲ့ သူ့ကို ဒီလိုထားမှဖြစ်မှာ . . . သူ့ကို ဘယ်သူမှ မြင်လို့ မရဘူးဆိုတာလည်း မင်းကို နားလည်အောင် ပြောပြီး ပြီ . . .”
	“ကျွတ် . . .”
	သော မျက်နှာပေါ်က အလိုမကျခြင်းတွေ သိသာစွာ ဖြစ်ထွန်းလာပြီး . . .
	“ကျွန်တော်တို့က အပြစ်သားတွေ မဟုတ်ဘူး မေမေ . . . အပြစ်တွေကို အပြစ်ပေးမယ့်သူ . . .။ ဘယ်သူက ပုန်းရှောင်နေသင့်တာလဲ . . . ဘယ်သူက ပြေးပြီး ဘယ်သူက လိုက်မှာလဲ . . .”
	“လောလောဆယ်တော့ မေမေတို့က ပုန်းနေရမယ့်သူတွေပဲ . . .”
	“ဘာဖြစ်လို့လဲ . . .”
	“သူက ပြေးမှာမဟုတ်သလို တို့ကလည်း ခြေကုန်သုတ်ပြီး လိုက်လို့မရသေးဘူး . . . အပြစ်သားနဲ့ အပြစ်ပေးမယ့်သူဆိုတာတွေ မင်းတို့နဲ့ . . . ငါတို့ချင်း ဖြေရှင်းကြမှာက တရားသူကြီးနဲ့ နာယကတွေမှာ မဟုတ်ဘူး . . .”
	ဘဒ္ဒါက ပြောနေရင်း သော ကိုင်ထားသည့် လက်တွေကို ဖယ်ရန်ရုန်းနေသည့် ဦးဆောက်ပန်း ကိုလည်း မျက်ခြည်မပြတ် ကြည့်၏။
	ဦးဆောက်ပန်းက သူတို့ပြောနေတာတွေကို စိတ်ဝင်စားပုံ မရပေ။ ခြံကျယ်ကြီးကိုကြည့်ကာ သွားဖို့ ခြေလှမ်းပြင်ရင်း ရုန်းနေခြင်းဖြစ်၏။ သောက ဦးဆောက်ပန်းကို ပြန်ငဲ့ကြည့်လိုက် . . . စကားပြောလိုက်နှင့် . . .
	“ကျွန်တော်ကတော့ ဖြုတ်သတ် ခြင်သတ်သလို အရသာမရှိတဲ့နည်းနဲ့ မသတ်ဘူး . . . သူ့အပြစ်ကို သူသိရမယ် . . . သူ ဘာလုပ်ခဲ့သလဲဆိုတာ သိနေပြီး သူ သေမယ့်နေ့ကို ပုံစံအမျိုးမျိုး တွေးရင်း ချောက်ချားနေရမယ် . . .။ အဲဒါကြောင့်မို့လို့ ဒီတိုင်းဆက်ပြီး တိတ်တိတ်ဆိတ်ဆိတ် ဆက်မသွားတော့ဖို့ ဆုံးဖြတ်ထားတယ် . . .”
	“အဲဒါတွေ မင်းဘာသာ ဆုံးဖြတ်လို့ မရဘူး သော . . . ငါတို့က မင်း ဘာလုပ်ရမယ်ဆိုတာကို . . . ဟိတ် . . .”
	စကားပြောနေတုန်း သော လက်က လွတ်သွားသည့် ဦးဆောက်ပန်းက ခြံထဲကို လွတ်လပ် ပေါ့ပါးစွာ လှမ်းထွက်သွား၏။
	ဘဒ္ဒါမျက်နှာ ဖျတ်ခနဲ ပြောင်းလဲသွားကာ အကြမ်းပတမ်း ဆွဲလိုက်သည်။
	သို့သော် ဦးဆောက်ပန်း၏ပခုံးကို ဖမ်းမမိလိုက်ဘဲ သော လက်ထဲမှာ ချုပ်ကိုင်ခံလိုက်ရကာ
	“သွားပါစေ မေမေ . . . ကိုယ့်ခြံထဲမှာပဲ . . .”
	“အို . . . မသွားရဘူး . . . ရူးနေတဲ့လူက ကြမ်းကြားက ဖြဲမထွက်ဘူးလို့ ပြောနိုင်မလား …”
	“မေမေ . . .”
	ဘဒ္ဒါက သူမဝတ်ထားသည့် ဆွဲသားဂါဝန်ကပ်ကပ်ကို အားမလိုအားမရ ဆွဲမပြီး သော ဆွဲထားသည့်လက်ကိုပါ ဆောင့်ရုန်းပစ်၏။ သောက ထိုလက်ကို မိအောင်ပြန်ဖမ်းကာ ရှေ့ကနေ ကိုယ်နဲ့ ကွယ်ထားလိုက်ပြီး . . .
	“ကျွန်တော် ကလေးပေါက်စလေး မဟုတ်တော့ဘူး မေမေ . . . မေမေ ကျွန်တော့်ကို နည်းနည်းတော့ အလေးထားပေးပါ . . .”
	အတင်း ဆောင့်ခါရုန်းနေခဲ့သော ဘဒ္ဒါ့လက်တွေ ငြိမ်သက်သွားသည်။ ယက္ခက သားအမိ နှစ်ယောက် အခြေအနေကိုကြည့်ပြီး နေရာမှ ခြေလှမ်းပြင်လျှင် . . .
	“ဦးခ မလိုက်ပါနဲ့ . . .”
	“ငါက တားဆီးမလို့ မဟုတ်ပါဘူး . . . လွှတ်ထားလို့တော့ ဘယ်ရမလဲ . . .”
	“လွှတ်ထားလိုက်ပါ . . . သူ့အတွက် ကျွန်တော် တာဝန်ယူတယ် . . .”
	ယက္ခနဲ့ ဘဒ္ဒါ မျက်လုံးချင်း ဆုံသွားသည်။ အသံတိတ် အချေအတင် စကားတွေပြောနေကြ ပြီးမှ ယက္ခက လှမ်းထားသည့် ခြေလှမ်းကို ပြန်ရုပ်သည်။
	“ဒေါ်ဒေါ် လွတ်လွတ်လပ်လပ်နေပါစေ . . .”
	“သော . . .”
	အိမ်ထဲကို ခြေလှမ်းပြီးမှ တုံ့ခနဲ ပြန်ဖြစ်၏။ ဘဒ္ဒါက သောဘက်ကို လှည့်ရပ်လိုက်ပြီး ကိုယ့် စိတ်ကို ထိန်းချုပ်လိုက်သလို ပင့်သက်ကြီးရှိုက်လိုက်၏။
	“သူ့ကို ဒီတိုင်း ထားသွားဖို့တော့ မေမေ ခွင့်မပြုဘူး . . .”
	သောက ဘာမှမပြောဘဲ နားထောင်နေ၏။
	ပြီးမှ အိမ်ထဲ လှမ်းဝင်သွားလျှင် . . .
	“မင်း အမေ ဘယ်တုန်းက ရောက်နေတာလဲတောင် မမေးတော့ဘူးလား . . .”
	“ဟွန်း . . .”
	ပြန်လှည့်မကြည့်ပေမယ့် သောရဲ့ မဲ့ပြုံးကို သူတို့ သိလိုက်ကြသည်။ ပြီးတော့ ဒီတိုင်း ဆက်လျှောက်သွားရင်း . . .
	“ကျွန်တော် မမေးတော့ မေမေ ညာစရာ မလိုတော့ဘူးပေါ့ . . .”
	သောရဲ့ကျောပြင် ပျောက်ကွယ်သွားသည်နှင့် ဘဒ္ဒါ မျက်နှာတစ်ပြင်လုံး နီရဲတက်လာကာ…
	“တောက် . . .”
	တက်ခေါက်သံကြောင့် ယက္ခက လှည့်ကြည့်သည်။
	ဘဒ္ဒါက ယက္ခဘေးကို ခြေနှစ်လှမ်းစာလောက် အလျင်စလို တိုးကပ်သွားကာ . . .
	“ဖြစ်ကုန်ပြီ တွေ့လား ကိုခ . . . အဲဒါ အနီးကပ်နေနေတဲ့ မင်းရဲ့ အုပ်ချုပ်မှုတွေလား . . .”
	“မဒါပဲ စစ်သည်က စစ်သည်အလုပ်လုပ်ဆို . . . ဘုရင်ကို စစ်သည်က အုပ်ချုပ်တယ်ဆိုတာ ရှိဖူးလို့လား . . .”
	“ဘာ . . .”
	ဘဒ္ဒါ ဆတ်ဆတ်ခါသွားသည်။
	“ဘယ်သူက ဘုရင်လဲ . . .”
	“သော . . .”
	ဘဒ္ဒါမျက်ဝန်းကို တည့်တည့်ကြည့်ပြီးဖြေသည်။ ပြီးတော့ ယက္ခ မျက်ဝန်းတွေက တည်ငြိမ် နေကာ . . .
	“လူတစ်ယောက်ရဲ့အနာဂတ်ကို ရေးတယ်ဆိုတာ အဲဒီလူရဲ့ စိတ်အခြေခံပေါ်မှာပဲ ခန့်မှန်း ရေးလို့ရတယ် . . . ကိုယ်ဖြစ်ချင်တာတွေ မပါရဘူး . . . သောနဲ့ ပတ်သက်ပြီး ဒီတိုင်းဖြစ်လာမှာပဲ ဆိုတာ မဒါအစတည်းက ခန့်မှန်းခြေထဲမှာ ထည့်ထားရမှာ . . .”
	“စကားကြီး စကားကျယ်တွေနဲ့ အထင်ကြီးအောင် လာဟစ်မနေနဲ့ ယက္ခ . . .”
	နှစ်ယောက်သည် သွားကြားမှ ထွက်သည့်လေသံမျိုးဖြင့် တိုးတိုးကြိတ်ကြိတ် စကားစစ်ထိုး ရင်း . . .
	“သူ့ဘဝကို ငါ မွေးမြူခဲ့တာ . . . ငါ ထိန်းကျောင်းခဲ့တဲ့ သူ့ဘဝဟာ ငါ့လက်ထဲမှာ မြင်း ဇက်ကြိုးလို ရှိနေရမယ် . . . မင်း ကြည့်နေလိုက် . . .”
	“ကြည့်နေရမှာပါ . . . မဒါတို့ နှစ်ယောက်စလုံးက ကျွန်တော် ဖျောင်းဖျနားချရမယ့်လူတွေမှ မဟုတ်တာ . . .စခဲ့တာ ကျွန်တော်ပါ ဒါပေမဲ့ . . .”
	“ဟုတ်တယ်. . . ဇာတ်သိမ်းက ငါ့လက်ထဲမှာ ဒီနောက်ပိုင်းခန်းကို ဘယ်လို နင့်သည်းနှလုံး ပျက်စေမလဲဆိုတာ ငါကိုယ်တိုင် ရေးပြမယ် . . .”
	“စိတ်ဓာတ်ပြင်းထန်ပြီး ဇာတ်အတိုင်း ကိုယ်တိုင် စီးမျောပါသွားတတ်တဲ့ စာရေးဆရာ ရှိဖူး တယ် . . . ကိုယ့်ကိုယ်ကို အဆုံးစီရင်ရမယ့် ဇာတ်သိမ်းခန်းကို ရေးတော့ သူ့ကိုယ်သူ သတ်သေ သွားတာလေ . . .”
	“ဖြန်း . . .”
	ရိုက်ချက်က ပြင်းသည်။
	ယက္ခ မျက်နှာ လည်ထွက်သွားကာ ပါးတစ်ဖက်မှာ ချက်ချင်းလိုလို ရဲတက်လာ၏။ ထိုမျက်ဝန်းတစ်ဖက်မှ မျက်ရည်ကြည်တို့ ဝေ့သီလျက် . . .
	“ဒီလိုပဲ . . . လူတွေက အမှန်တရားနဲ့ ရင်ဆိုင်လာရရင် သွေးရူးသွေးတန်း ဖြစ်လာကြတယ် . . .”
	နာကြည်းခံခက်ခြင်းကြောင့် အံကြိတ်ရင်း ပြောသည့် စကားသံတို့က ကျိန်စာတစ်ခုကို ရွတ် ဖတ်နေသည့်နှယ် . . .
	“ခင်ဗျား ရေးမယ့် နောက်ပိုင်းခန်းက ခင်ဗျားအတွက်ပဲဖြစ်ပြီး သူများက နှစ်ပါးခွင် ကမသွားပါစေနဲ့ . . .”
	“ယက္ခ . . .”
	ဒေါသထွက်လွန်းသဖြင့် လက်သီးနှစ်ဖက် ဆုပ်ထားလျက်နှင့် ဘဒ္ဒါအသံတွေ တုန်နေ၏။
	“မင်း . . မင်း ငါ့ကို သိပ်စိတ်ရှုပ်အောင်မလုပ်နဲ့ . . . နားလည်လား . . . ငါမင်းနဲ့ ဒီထက်ပိုပြီး ပဋိပက္ခ မဖြစ်ချင်ဘူး . . .”
	“မဒါ . . .”
	ဖျတ်ခနဲ လှည့်လိုက်ပြီးမှ ခြေလှမ်းတုံ့သွားသည်။
	“ဘယ်သွားမလို့လဲ . . . ဦးဆောက်ပန်းဆီကိုလား . . .”
	“ငါ့ခြံထဲမှာ ငါသွားတာ . . . မင်းကို သံတော်ဦး တင်နေရမှာလား . . .”
	“ဟုတ်ပါတယ် . . . ဒါပေမဲ့ အခု ဦးဆောက်ပန်းဆီ ခင်ဗျားရောက်သွားရင် ဒေါသတွေနဲ့ တစ်ခုခု လုပ်မိနိုင်တယ် . . .”
	ပြင်ထားသည့်ခြေလှမ်းကို မရုပ်ပေမယ့် ဘဒ္ဒါ ဒီတိုင်း ငြိမ်သက်နေ၏။ ယက္ခက အနားကပ် လိုက်ကာ . . .
	“ဦးဆောက်ပန်းကို တစ်ခုခု နာကျင်အောင်လုပ်ဖို့ စိတ်ကူးမိရင် အဲဒီမိန်းမက သောရဲ့ အမေ ရင်းဆိုတာကို မမေ့ပါနဲ့ . . .”
	“မင်း . . .”
	ဘဒ္ဒါတစ်ကိုယ်လုံး တောင့်တင်းသွား၏။ ဘယ်တော့မှ ပါးစပ်ထဲထည့်မပြောကြေးလို့ ကတိပြု တားဆီးခဲ့ကြသည့် ဒီစကား . . .။
	“ယက္ခ . . . မင်း . . .”
	“ပြောဖို့ လိုလာလို့ပြောတာပါ . . . ပြည့်သျှင်ကို စိန်ခေါ်ဖို့ ဆုံးဖြတ်ပြီးရင် သူ့သားနဲ့ ဇနီးကို ခင်ဗျားဒုက္ခပေးဖို့ မကြိုးစားပါနဲ့ . . . အဲဒါ သူတို့ကိုကာကွယ်ပြီး ပြောနေတာမဟုတ်ဘူး . . .”
	ဘဒ္ဒါ စကားမဆိုနိုင်လောက်အောင် မူးမိုက် ပြာဝေနေခဲ့တာ ဒေါသတွေကြောင့် ဖြစ်သည်။ ယက္ခက ဂရုမစိုက် . . .။
	“ရန်သူ့ကိုယ်ထဲကို ထိုးသွင်းမှာက ဓားသွား . . . ကိုယ်က ဓားသွားကို ကိုင်မိထားတာမျိုး ခင်ဗျား မဖြစ်အောင်လို့ . . .”
	စတင် ခြားနားလာခဲ့သော စည်းတစ်ကြောင်းသည် အက်ကြောင်းကဲ့သို့ အရာထင်လာခဲ့ပြီး..။
အခန်း (၃၃)

	တီလုံး ဝင်လာတော့ သျှင်က ဖုန်းပြောနေ၏။
	သူ အပြင်ပြန်ထွက်အောင် ခဏ ရပ်စောင့်နေစဉ် သျှင် သူ့နားရောက်လာကာ . . .
	“ဒေါ်ပန်းမြတ်မာလာရဲ့အိမ်က လိပ်ကန်ဟောင်းကြီး နှုတ်ခမ်းပေါ်မှာ . . . လိပ်စာ အတိ အကျပြီးတော့ ပြောပြမယ် . . . အဲဒီလိပ်ကန်ကလည်း စံအိမ်ကြီးက တူးထားတာပဲ . . . စံအိမ်မှာ လူမနေတော့တည်းက လိပ်ကန်က ကြာတွေဖုံးပြီး နောက်ပိုင်းမှာ ရေ လုံးဝ မရှိတော့ဘူး . . .”
	ပြောပြနေသည့် သျှင့်ကို တီလုံး ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိသည်။ အပြင်မှာ တလှစ် လှစ် ပြေးလွှားသွားလာနေသူက သူတို့ပါ . . .။
	သျှင် လှုပ်ရှားသွားလာပုံက ကိစ္စရှိလို့မဟုတ်ဘဲ စိတ်ပြေလက်ပျောက် လိုအပ်တာလေးကြည့် ရင်း . . ဝယ်ရင်း . . .။ တွေ့ရင်လည်း ဝယ်မည် . . .။ ဝယ်ဖြစ်ချင်မှလည်း ဖြစ်မည်။
	တစ်နေရာမှာထိုင်ရင်း စားသောက်ပြီး ထပြန်လာတာမျိုးသာဖြစ်သော တည်ငြိမ်အေးဆေး သည့် ခြေလှမ်းတွေက . . .။
	“မင်း သွားကြည့်လိုက်လေ . . . သူရဲကောင်းတို့ရဲ့ နှစ်ဖက်မိဘတွေကို ဒဏ္ဍာရီဆန်ဆန် နေခဲ့ကြတာ . . . ငါသိရသလောက်ဆိုရင် ဒေါ်ပန်းမြတ်မာလာတို့ဘက်က သူတို့ဘက်မှာ ဂျင်း(န်)ရှိ နေတဲ့အတွက် မိန်းကလေးမျိုးဆက်ဖြစ်လာတိုင်း ဒီရောဂါရဲ့ အကျိုးဆက်ကို ခံစားရတော့ ဒါကို ကာကွယ်ဖို့ အမျိုးမျိုး ကြိုးစားရင်း လျှို့ဝှက်မှုတွေ ရှိလာခဲ့တာ . . . မွေးလာတဲ့ မိန်းကလေးကို အိမ်ထောင်မကျအောင် ကာကွယ်ကြတာပေါ့ . . .”
	အတိတ်က ဖြစ်ရပ်တို့နှင့် ဆက်နွယ်ကာ သျှင့်မျက်နှာက လေးနက်အုံ့မှိုင်းနေသည်။
	သူရဲကောင်းနဲ့ ဦးတို့ရဲ့မျက်နှာတွေ ပေါ်လာတော့ မျက်ဝန်းတွေကို ဟိုဒီ ဝေ့ဝဲလွှဲရင်း လူကပါ တစ်အိမ်လုံးကို ပတ်လျှောက်သလို ဖြစ်လာခဲ့သည်။
	ပြတင်းပေါက်တွေ တစ်ခုပြီးတစ်ခု ဖွင့်၍ ငုံ့ငေးရင်း အဆင်မပြေနိုင်သည့် မျက်လုံးတွေက မြင်မြင်သမျှ အရာအားလုံးကို ဖယ်ချပြီး ဒီမောင်နှမ မျက်နှာတွေကိုသာ အထင်အရှား ပြသနေခဲ့ သည်။
	ဒါတွေကို မပြောချင်ပေမယ့် မပြောလို့လည်း မရ . . .။ မေ့မေ့ပျောက်ပျောက်သဘောနှင့် ထူးခြားသည့် သတင်းတစ်ရပ်ကဲ့သို့ ပြောကြည့်ခဲ့ပေမယ့် တစစ်စစ် နာကျင်လာသည့် ရင်ဘတ်ကို ညာလို့ မရနိုင် . . .။
	“ပြည့်သျှင် . . . မင်း ပြောနေတာ မင်းအကြောင်းတွေပဲ . . .”
	“အဲဒီမောင်နှမကို မင်း သတ်ခဲ့တာလေ . . .”
	“ဦးဆောက်ပန်းဆိုတာ မင်းသိပ်ချစ်တဲ့မိန်းမ . . .”
	“ကျွတ် . . .”
	ပြတင်းပေါင်ကို လက်သီးဆုပ်နှင့် ခပ်ဖိဖိထုရင်း ခေါင်းငိုက်စိုက်ကျ၏။
	“ဆရာ . . .”
	တီလုံး စိုးရိမ်တကြီး အနားကပ်လာသည်။ ပြီးတော့ ထိလည်း မထိရဲဘဲ လက်တပြင်ပြင်နှင့်..
	“ဆရာရယ် . . အဲဒီကိစ္စတွေ ဆရာ ဘာမှ ဝင်ပါစရာမလိုပါဘူး . . . ဆရာ့တပည့်တွေက ဆရာ့အတွက် အရိုးကြေကြေ အရေခန်းခန်း အားလုံး ထမ်းဆောင်သွားမှာပါ . . . ဒီ ‘သော . . .’ ဆိုတဲ့ ကောင်လေးနဲ့ ပတ်သက်ပြီး . . .”
	“တီလုံး . . .”
	“ဗျာ . . ဆရာ . . .”
	“ငါ ဒီကောင်လေးနောက်ကို လိုက်နေတာ မဟုတ်ဘူး . . .”
	“ကျွန်တော် သိပါတယ် ဆရာ . . . ဒီချာတိတ်ကို ဆရာက အချက်မပြဘဲ လက်ဖျားနဲ့တောင် မထိပါဘူး . . .”
	“မထိနဲ့ . . . မပြီးနိုင်တဲ့သူက သူ့ခရီးသူ ဆက်လိမ့်မယ် . . . ငါ့ဘက်ကပြီးပြီ . . .”
	သူရဲကောင်း သေသွားခဲ့ပေမယ့် ကိုယ့်စည်းကိုယ့်ဝင်းထဲမှာ ကိုယ့်ကြောင့်လို့လည်း ဆိုနိုင်ပေ မယ့် ဦးနဲ့ သေကွဲကွဲခဲ့ရတာ သင်းကြောင့်ဆိုပြီး ဆရာ အံကြိတ်နေသေးသည်။
	ခုလည်း ဒီချာတိတ်က လူငယ်ဆိုပေမယ့် မြွေပွေးကို ငယ်ပါသေးတယ် ပြောလို့ရမလား . . .။
	စထွက်လာခဲ့သည့် ခြေစလက်စကိုက သေးသေးကွေးကွေးလေး မဟုတ် . . .။
	“တီလုံး . . .”
	“ဗျာ . . .”
	“မင်း ဘာတွေးနေတာလဲ . . .”
	“ဗျာ . . .”
	သူ တွေးနေတာထိ ဆရာ တန်းခနဲ တွက်မိသွားပြီကို သိကာ တီလုံး မျက်နှာ ငုံ့ပစ်မိကာ . . .

××××××
 
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၄) ကို မနက်ဖြန် ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။ စာရေးဆရာမ သျှင်မရဲ့ “ဂန္ထဝင်ချစ်ထုံး” အခန်းဆက်ဝတ္ထုရှည်ကို တနင်္လာ၊ အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းတွင် ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
…….
“တကယ်လို့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျာ”
“ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့လည်း မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 



Related Posts