သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၈) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက် ဝတ္ထုရှည်
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၈) 
…….
အခန်း (၂၀)
          “ဘာ . . . ဘာပြောလိုက်တယ် တီလုံး ”
            “… … … …”
	“ငါ အခုလာခဲ့မယ် . . .”
	ဖုန်းကိုင်ရင်းနဲ့ပဲ ကားပေါ်ချက်ချင်း တက်မောင်းပြီး ထွက်လာခဲ့သည်။
	ဟိုတယ်မှာရောက်နေကြသော ကုန်သည်ကြီးတွေ ပစ္စည်းတွေ အခိုးခံရသည်တဲ့ . . .။
	ပြဿနာက ရိုးရိုးတန်းတန်း ခိုးမှုမဟုတ်သည့်ပြင် ကိုယ့်စီးပွား . . . ကိုယ့်ဂုဏ်သိက္ခာတွေ အရည်ပျော်သွားနိုင်သည့် လုပ်ကြံမှုမျိုး ဖြစ်သည်။
	“ခင်ဗျား ဒီလိုလုပ်ဖို့တော့ မကောင်းဘူး ကိုပြည့်သျှင် . . .”
	“ဟုတ်တယ်ဗျာ . . . ကျုပ်တို့တင်မကဘူး နိုင်ငံခြားဧည့်သည်တွေလည်း ပါသေးတယ် . . . ကျုပ်တို့က မြန်မာ့ကျောက်မျက်နဲ့ ဆက်သွယ်ပြီး လက်ဝတ်ရတနာတွေကိုပဲ အမြတ်တနိုး ဝယ်ခဲ့ကြ တာ . . . တရားမဝင်တဲ့ ပစ္စည်းတွေ မဟုတ်ဘူး . . .”
	“ခင်ဗျား ဟိုတယ်မှာ လောင်းကစားဝိုင်းတွေ ရှိနေတာက ပျော်စရာပျက်စရာတွေ အစီအစဉ်များစွာနဲ့ ဘယ်လိုပဲရှိနေခဲ့ပါစေ ခင်ဗျား စီးပွားရေးမို့လို့ ကျုပ်တို့ ဘာမှမပြောဘူး . . . ခုဟာက . . .”
	“ခဏ သည်းခံပြီး ဖြည်းဖြည်းပြောကြပါ . . . အခု အခိုးခံရတဲ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်တာဝန်ဆိုတာ သိတယ် . . . နောက်ဆက်တွဲတွေက . . .”
	“နောက်ဆက်တွဲရော . . . ရှေ့ကကိစ္စတွေပါ ခင်ဗျားပဲ အကွက်ရွှေ့ခဲ့တာ . . .”
	“ဦးရာဇ . . . ခင်ဗျားပြောလိုက်တဲ့စကား ဘယ်ထိ ခရီးဆက်သွားလဲ သိပါတယ်နော် . . .”
	“သိတယ် . . . ကျုပ်တို့အားလုံး ခင်ဗျားကို စွပ်စွဲနေတာ မဟုတ်ပါဘူး . . . တကယ်မြင် . . . တကယ်ကြားခဲ့တာကို သေချာ စစ်ဆေးကြပြီးမှ ဒီအရာကိုထုတ်တာ . . .”
	ဦးရာဇနဲ့ ဦးကောင်းမွန်တို့က မိုးကုတ်သူဌေးတွေဖြစ်ကာ နိုင်ငံရပ်ခြားထိ စီးပွားကွက် ချဲ့ထွင်ထားနိုင်ကြသူများ ဖြစ်သည်။
	ရတနာလုပ်ငန်းဆိုလည်း ဟုတ် . . . ရှယ်ယာဈေးကွက်ဆိုရင်လည်း စိတ်ဝင်တစားရှိကာ ရိုးလည်း ရိုးသားသလို တကယ်ကြီးပွားသူတွေဖြစ်၏။
	“ကျွန်တော်တော့ ခေါင်းတွေ မူးနောက်နေတုန်းပဲ . . .”
	နိုင်ငံခြားသားနှစ်ယောက်က နားထင်နှစ်ဖက်ကို လက်နဲ့ထောက်ပြီး ရှုံ့မဲ့ကာ . . .
	“မကောင်းဘူး . . . လုံးဝ မကောင်းဘူး . . .”
	မြန်မာသံ ခပ်ဝဲဝဲနှင့် ခေါင်းခါ ညည်းညူနေကြ၏။
	အားလုံး၏မျက်နှာကိုကြည့်ပြီးမှ တီလုံးနဲ့ ကိုယ့်လူတွေကို လှမ်းကြည့်မိလျှင် . . .
	“ကျွန်တော်တို့ အမြဲမပြတ် ဂရုစိုက်နေတာပါ ဆရာ . . . ညကမှ သိုလှောင်ရုံထဲက အသား ကန်တွေ အက်ရာထင်ပြီး ရေစိမ့်နေတယ် . . . အဲဒီကို ဂရုစိုက်နေရတာနဲ့ . . .”
	“ဟုတ်ပါတယ် သူဌေးရယ် . . . ကျွန်တော်တို့ မန်နေဂျာတွေကိုပါ သွားပြီး အဲဒီကိစ္စ မေးမြန်းစစ်ဆေးနေတာနဲ့ ညဥ့်နက်သွားတော့ ခရီးသည်တွေလည်း ဘုရားဖူးကအပြန် ခရီးပန်းပြီး အိပ်နေကြပြီထင်ကာ . . . တစ်ခေါက်သွားကြည့်ပြီး နားထောင်ပါသေးတယ် . . .”
	တီလုံးကတော့ ဘာမှမဖြေရှင်းဘဲ တစ်ခုခုကို အလေးအနက်ထားနေပုံနှင့် မျက်လုံးတွေနဲ့ တောင်းပန်နေခဲ့၏။
	အားလုံးရှေ့မှာမှ စွပ်စွဲအပြစ်တင်ပြီး သူ့အပြစ် ကိုယ့်အပြစ်ရှာဖွေနေလို့ ဘာထူးတော့မှာလဲ ...
	ပြည့်သျှင် တင်းခနဲအံကြိတ်သည်။
	ခိုးမှုဖြစ်သည်ဆိုပြီး သူ ပြေးလာခဲ့တာ . . . ဒီအခန်းထဲ ဝင်မိကာမှ ထိုမှ မထင်မှတ်သည့် နောက်ဆက်တွဲ ပြဿနာရပ်တွေကို ကြားသည်။
	တကယ်ဆို ဟိုတယ်ကို ရောက်တုန်းက တီလုံးနဲ့ အရင်တွေ့ပြီး ဖြစ်ပုံကို မေးရမည့်အစား…။
	“ဒီမှာ ကိုပြည့်သျှင် . . . ကျုပ်တို့ပါသွားတာ ပစ္စည်းတွေ မနည်းဘူးနော် . . . အားလုံးက ခင်ဗျားကို ယုံကြည်ပြီး လေးစားသမှုနဲ့ စိတ်ချလက်ချနေခဲ့ကြတာ . . .”
	“ဟုတ်တယ် . . ခင်ဗျားက ကျုပ်တို့ကိုတော့ လာမတွေ့ဘဲ မိန်းမငယ်လေးတွေ တစ်ဖက် လှည့်နဲ့လွှတ်ပြီး . . .”
	“အဲဒါ ခဏနေဦး ဦးကောင်းမွန် . . . အဲဒါ မှားနေပြီ . . .”
	“မမှားဘူးကွ . . .”
	ဦးကောင်းမွန်က လူဖြောင့်စိတ်တိုပုံစံနှင့် မျက်နှာသည် ဒေါသကြောင့် နီရဲနေ၏။
	“အဲဒီကောင်မလေးတွေ မင်းလွှတ်လိုက်တာ . . . ဒီဟိုတယ်ရဲ့ ဖျော်ဖြေရေးအစီအစဉ်လိုလို . . . မင်းရဲ့ ဧည့်ဝတ်ကျေပွန်မှုလိုလို . . . ယောက်ျားက ယောက်ျားပဲကွ . . . မီးနဲ့တွေ့ရင် အရည်မပျော် တဲ့ချိတ် မရှိဘူး . . .”
          “တီလုံး . . .”
	“ဗျာ . . ဆရာ . . .”
	“အဲဒါတွေလည်း မင်းမသိဘူးပဲလား . . .”
	“ကျွန်တော် မသိလိုက်ဘူး ဆရာ . . . ဟိုတယ်မှာ မိန်းမတွေထားတဲ့ကိစ္စရော . . . ဘာလောင်းကစားဝိုင်းမှ မထားခဲ့တာတွေရော ကျွန်တော်လည်း ရှင်းပြပြီးပါပြီ . . . ဒါပေမဲ့ သူတို့ လက်မခံဘူး . . .”
	သျှင်နဲ့ တီလုံး မေးဖြေနေတာကိုကြားကာ ဦးကောင်းမွန် မဲ့ရွဲ့စုတ်သပ်လျက် . . .
	“ငါမယုံ ငါ့မယားမေးကြည့် . . . ဆိုတာတွေ ပြောမနေပါနဲ့တော့ . . . ။ ကျုပ်တို့က ပုခက်ထဲ က ဆင်းကာစအရွယ်တွေ မဟုတ်ဘူး . . .”
	“ငါမယုံ ငါ့မယား မေးခိုင်းနေတာ မဟုတ်ဘူး ဦးရာဇ . . . ဒီဟိုတယ်ကို ကျွန်တော့်ကိုယ်စား အုပ်ချုပ်နေတဲ့သူ . . သူတာဝန်ယူထားတဲ့ အပိုင်းမို့လို့ မေးနေတာ . . .”
	“သူတို့ တာဝန်လစ်ဟင်းခဲ့ပါတယ်လို့ ခုန ဝန်ခံသွားကြတာ မင်းလည်းကြားတာပဲ . . .”
	သူတို့ထက် အသက်ငယ်မှာကို သိပေမယ့် အစကတော့ တလေးတစား ခေါ်ပြောနေခဲ့ကြတာပါ . . .။ ပြောနေရင်း မင်းတွေ ငါတွေ ဖြစ်လာပြီး . . .
	“ခုနေ ငါတို့နဲ့ ပြေလည်အောင် ဆွေးနွေးလိုက်ရင် လုပ်ငန်းကိစ္စတချို့ ပြတ်တောက်သွား တာလောက်နဲ့ ပြီးသွားနိုင်တယ် . . . ဒီလိုမှ မဟုတ်ရင်တော့ မင်းမှာ ဘာမှရစရာမကျန်အောင် ပြာထိုင်သွားမှာပဲ . . .”
	“ဟုတ်တယ် … မောင်မင်း အဲဒါကိုတော့ ထည့်စဉ်းစားပါ … ကျုပ်တို့က အများကြီးတော့ မပြောချင်ဘူး … ဒါပေမဲ့ စိတ်ညစ်နေတယ် …”
	ဦးကွမ်တီသည် စကားဝဲဝဲနှင့် တစ်ချက်တစ်ချက်တော့ ထပြောလိုက်တာ ပြောလိုက်တိုင်း လူပါ ဗုံးဗုံးလဲတော့မယ့်အတိုင်း . . .။
	“ကျုပ်တို့တွေ မင်းကို အများကြီး ယုံကြည်လေးစားခဲ့တာ . . .”
	“ဆက်ပြီး ငြင်းနေလေ ဒီပြဿနာ ကြီးထွားလေပဲနော် . . . ငြင်းဖို့ကြိုးစားနေရင် ဘယ်သူ့မှာ မှ အကျိုးမရှိဘူး . . .”
	“အားလုံးပဲ ကျေးဇူးပြုပြီး ခဏနားထောင်ပေးပါ . . .”
	သျှင်က ဘဲဥပုံ စားပွဲကြီးရဲ့ ထိပ်ဆုံးကနေ ဆတ်ခနဲထရပ်လိုက်ကာ . . .
	“ဝန်ခံရတယ်ဆိုရင် ဘာကြောင့် ဝန်ခံတာဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကြိုးကွင်းစွပ်တာပဲ . . . ကျွန်တော် ရှင်းပြတာကို ခဏနားထောင်ပေးပါ . . . ဒီဟိုတယ်မှာ ထူးခြားတဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ မရှိဘူး . . . ဧည့်သည်တွေ သွားလာဝင်ထွက်နေရတဲ့ဒုက္ခ ငြိမ်းအောင် စားသောက် ခန်းမကို နှစ်ဆယ့်လေးနာရီ ဖွင့်ပေးထားတယ် . . . အအေး စားသောက်ဖွယ်အစုံ အချိန်ပြည့်ကြိုက် တာ စားလို့ရတယ် . . .”
	“နေ့ဘက်မှာတော့ မင်းပြောသလောက်ပဲ ဟုတ်တယ် . . . ”
	“ညဘက်မှာ ဦးကွမ်တီတို့ ဘယ်နှညအိပ်ဖူးလို့လဲ . . .”
	“ရောက်တဲ့တစ်ည . . . မနေ့ကတစ်ညလေ . . . တို့အားလုံး ဘုရားဖူးလှည့်နေကြတာကိုး . . .”
	“ရောက်တဲ့ညက ဒီလိုမျိုး တွေ့ခဲ့ရသလား ပြောပြပါ . . .”
	“ရောက်တဲ့ညကမှ ဒီကကုန်သည်တွေနဲ့တွေ့ပြီး ရတနာအကြောင်း ဆွေးနွေးဖြစ်တာလေ ..”
	“ကျွတ် . . .”
	“ငါတို့ကလည်း ယုတ္တိမတန်တဲ့စကားမျိုးကို မပြောဘူး ပြည့်သျှင် . . . မင်းပဲ တွေးကြည့်ဦး”
	“တွေးကြည့်စရာမလိုဘူး ဦးကောင်းမွန် . . . တန်ဖိုးကြီးရတနာတွေပေမယ့် အဲဒါတွေကို လုပ်ကြံယူရလောက်အောင် ကျွန်တော် မကျသေးဘူး . . .”
	“မင်း ချမ်းသာမှန်း သိပါတယ် . . . ဒါပေမဲ့ ရလေလို့လေ ဆိုတဲ့ သဘာဝပဲလေ . . .။ ဒီမှာ ပြည့်သျှင် . . . မင်းက ဝန်မခံဘူးဆိုတော့ ငါလည်း စကားကုန်ပြောတော့မယ် . . .မင်းရဲ့ကောင်မလေးတွေ ဦးကွမ်တီနဲ့ ကိုကောင်းရဲ့အခန်းကို ဝင်ကြတယ် . . . ပျော်စေပျက်စေသဘောနဲ့ ရယ်မော ကခုန် နေကြပြီး သူတို့တွေ မူးရူးထွေပြားနေကြကာမှ ပစ္စည်းတွေကို ခိုးယူတာ . . .”
	ပြည့်သျှင် မျက်မှောင်ကုတ်ထားရင်း မျက်ခုံးနှစ်ဖက် ထိစပ်တော့မတတ် ဖြစ်လာ၏။
	“မင်းက ခိုင်းတာပေမယ့် တစ်ယောက်က ပစ္စည်းတွေကိုမြင်တော့ လောဘတက်ပြီး နှိုက်ယူ ထားဖို့ လုပ်တယ် . . . တစ်ယောက်ကတားပြီး စကားများကြတယ် . . . အဆုံးသတ်ကြတော့ တားတဲ့လူကလည်း သူလည်းယူမယ်ဖြစ်ရော . . . အဝေမတည့်ကြတဲ့ ပြဿနာဆက်ကြတာပေါ့ . . . အဲဒီမှာ မင်းနာမည် ပါလာတာပဲ . . . မင်းရဲ့ကောင်မလေးဆိုတဲ့ တစ်ယောက်က မင်းကို သူဘယ်လို ပိုင်တာ . . . သူသာဆိုင်သင့်တာတွေ ဘာညာပြောပြီး . . .”
	“တောက် . . .”
	“မင်း မရိုင်းနဲ့လေ . . . ငါတို့အားလုံးက မင်းထက် အသက်ကြီးကြတယ်နော် . . .”
	တက်ခေါက်ရင်း စားပွဲစွန်းမှာ ဖိဆုပ်ထားမိသည့် လက်တွေက အကြောပြိုင်းပြိုင်းထ၏။
	“သူတို့ပြောတာက ဒါတွေမင်းကို အကုန်ပြန်အပ်သင့် မအပ်သင့် . . .”
	“ဦးကောင်းမွန်တို့ ဒါတွေထိ သိနေတာတောင် ပစ္စည်းတွေပါသွားတဲ့အထိ ကြည့်နေခဲ့ရတယ် ပေါ့ . . .”
	“ဟုတ်တယ် . . . အဲဒါအမှန်ပဲ သိနေတယ် . . . သေချာကြားနေရတာပဲ . . . ဒါပေမဲ့ ရီဝေ ဝေဝါးနေတာကို ဘယ်လိုမှ ထိုးဖောက်လို့မရဘူး . . . လှုပ်ရှားဖို့မပြောနဲ့ စကားတောင် မပြောချင် အောင် ဖြစ်နေကြတာ . . . သေချာအကွက်ချပြီး လုပ်ကြံခံရတာကွ . . .”
	“အဲဒါ ကျွန်တော် မဟုတ်ဘူး . . .”
	“ဘာ . . . ပြောတယ် . . . မင်း . . .”
	“ပြည့်သျှင် . . . မင်းကခုထိ . . .”
	“လုပ်မနေနဲ့တော့ ကိုရာဇ . . . ကျုပ်တို့မှာ ရှေ့နေတွေနဲ့ ချိန်းထားပြီးသား . . . အလုပ်ကိစ္စ မဟုတ်တော့ဘဲ ဒီအချက်အလက်တွေ အပ်လိုက်ပြီး တရားစွဲမယ် . . .”
	အားလုံး ရုတ်ရုတ်သဲသဲတွေ ထဖြစ်ကုန်၏။ တီလုံး ပျာယီးပျာယာဖြစ်သွားသော်လည်း ပြည့်သျှင်က တစ်ခွန်းတစ်ပါဒမျှ မဟဘဲနေသဖြင့် ဘာဝင်ပြောရမှန်းမသိ . . .။
	သို့သော် . . .
	“ခဏ နေကြပါဦး . . . ခဏလေးပါ . . . ဆရာ့ကိုယ်စား ကျွန်တော်တို့ ဆွေးနွေးဖို့ . . .”
	“တီလုံး . . .”
	“ဗျာ . . .”
	ပြည့်သျှင်က တီလုံးကို ဘာမှဆက်မပြောဘဲ ဧည့်သည်တွေဘက်လှည့်၍ . . .
	“ကြိုက်သလိုဆုံးဖြတ်ပါ . . . သိက္ခာကြောင့်ဖြစ်ဖြစ် . . . စီးပွားရေးကြောင့်ဖြစ်ဖြစ် မထူး စိတ်ပိုက်ပြီး ကျွန်တော် ခေါင်းမခံနိုင်ဘူး . . .”
	“သြော် . . . သြော် . . . မာနကလည်း ကြီးပြသေးသကိုး . . .”
	“ကျွန်တော့်ဟိုတယ်မှာ လောင်းကစားဝိုင်းမထားဘူး . . . သိက္ခာမဲ့တဲ့ ဖျော်ဖြေရေးတွေ လည်း မရှိဘူး . . . ဒါတွေကို ဝန်ခံပြီး သိက္ခာအတွက် အဖတ်ဆယ်တော့ရော ဘာကျန်မှာလဲ . . .”
	“ဒါကတော့ မင်းနောင်ရေးအတွက် ဘာက အရေးကြီးသလဲ စဉ်းစားပေါ့ . . .”
	“စဉ်းစားခွင့်ပေးတာ ကျေးဇူးပဲ ဦးရာဇ . . . ဒါပေမဲ့ မလိုဘူး . . . အမှန်တရားကို မပေါ် ပေါ်အောင် ကျွန်တော်လိုက်မယ် . . .”
	“ကျောက်ခဲတွေကြားထဲက ဆန်စေ့ကို မင်း ကောက်လေ . . .။ မရှိတာကို အရှိလုပ်နေလေ . . . မင်း အဖြစ်ဆိုးလေပဲ . . . ငါတို့ကတော့ မင်းစိန်ခေါ်တဲ့အတွက် သက်ညှာဖို့ မစဉ်းစားတော့ဘူး . .”
	အခြေအနေတွေက မထင်မှတ်ဘဲ ရှုပ်ထွေးပွေလီနေခဲ့ပြီး . . .
	အမှန်တရားက ဘယ်ဆီနေမှန်းမသိ . . .။
          ××××××
       အခန်း (၂၁)
          “ဆရာ . . . ကျွန်တော် . . .”
	“ခွပ် . . . ”
	တီလုံး မျက်နှာ ပက်ခနဲလန်ထွက်သွားသည်။ သျှင်က အင်္ကျီစကို ပြန်ဆောင့်ဆွဲလိုက်ကာ . . .
	“စိတ်ချပါဆိုတဲ့ မင်းရဲ့ကတိတွေက ဒါတွေလား . . .”
	“ကျွန်တော် . . .”
	“ခွပ် . . .”
	စကားပြောဖို့ ကြိုးစားလိုက်တိုင်း လက်သီးချက်က နှုတ်ပိတ်ပစ်တတ်ပြီး . . .
	“ဖြစ်ပြီးမှ ရှင်းပြတာ ငါမလိုချင်ဘူး . . . မင်းကို ငါအထပ်ထပ်မှာတယ် . . . ဒီလူတွေကို လိုလေသေးမရှိ ပြုစုနေဖို့ တစ်ခုပဲ မင်းခေါင်းထဲမှာရှိသလား . . .”
	တီလုံးနှုတ်ခမ်းနဲ့ နှာခေါင်းကနေ စီးကျလာသည့် သွေးစတွေကိုသုတ်၍ သျှင့် ရှေ့မှာ ခေါင်းငုံ့ ရပ်နေ၏။ သူညံ့ခဲ့တာ မှန်ပါသည်။ ထို့ပြင် ဆရာဖြစ်သူ ဒေါသထွက်နေတာကို ကျေနပ်မိသည်။
	ခံစားချက်မဲ့နေခဲ့တာ ကြာပြီဖြစ်သည့် သျှင့် မျက်နှာထက်မှာ ဟိုတုန်းကလို ခက်ထန်ပြတ် တောက်သော မာန်မာနတွေကို ပြန်မြင်ရသည့်အတွက် နာကျင်တာတွေကို ကျေနပ်ခြင်းနဲ့ ဖြေဖျောက် နိုင်၏။
	ဆရာ့အပေါ်မှာ သူ အဲဒီလောက်ထိ လေးစား ချစ်ခင်ခဲ့လေသည်။ သျှင်ကတော့ နီမြန်းတင်း မာနေသော မျက်နှာနှင့် ပြတင်းဘောင်နှစ်ဖက်ကို ကိုင်ရင်း အပြင်ကို ငေးနေ၏။
	ပြီးတော့ ကျိခနဲ အံကြိတ်သည်။
	“သူတို့ ဘာကိုမြင်သွားတာလဲ . . .။ ဘယ်အထပ်က ဘယ်အခန်းနံပါတ်မှာ လောင်းကစား ဝိုင်းရှိနေတာလဲ . . .”
	“နောက်ဆက်တွဲ ခန်းမကြီးထဲမှာလို့ ပြောတယ် ဆရာ . . . ကျွန်တော်တို့ တစ်ညနေလုံး ရှိနေ ကြတာ အဲဒီမှာ . . .”
	“တီလုံး . . . မင်းဒီလောက်တောင် ညံ့ရသလား . . .”
	သျှင် ချာခနဲ ပြန်လှည့်လာကာ တီလုံး ရှေ့မှာ ခါးထောက်ရပ်၍ . . .
	“အဲဒီ နောက်ဆက်တွဲခန်းမကို အစည်းအဝေးရှိမှ သုံးဖြစ်တာမို့လို့ ဝန်ထမ်းတွေအတွက် ခုတင်ထိုးပြီး စီစဉ်ပေးလိုက်လို့ ငါပြောခဲ့တယ် . . .”
	“ဟုတ်ပါတယ် ဆရာ . . . ခန်းမကို အစွန်းအထင်းဖြစ်သွားမှာစိုးလို့ ကျွန်တော် ချက်ချင်း မလုပ်ဖြစ်တာပါ . . . ပြီးတော့ . . .”
	“အခု ငါ့ဘဝကို စွန်းထင်းသွားပြီ . . . မင်းဘယ်လိုလုပ်မလဲ . . .”
	“ဆရာ . . . ကျွန်တော့်မှာ အပြစ်ရှိပါတယ် . . . ဆရာကြိုက်သလို အပြစ်ပေးပါ . . .”
	တီလုံးက သူ့ရှေ့မှာ တကယ်ပဲ ဒူးထောက်ချလိုက်ကာ . . .
	“ဒီကိစ္စကို လောလောဆယ် ဆရာ ဖြေရှင်းပေးလိုက်ပါ . . . ကိုယ့်ဟိုတယ်မှာ ဖြစ်ခဲ့တာမို့လို့ ဖြေရှင်းပေးထိုက်သလို ဒီလုပ်ငန်းရော ဆရာ့ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် ထိခိုက်သွားမှာပါ . . . အမှန်တရားကို ဖော်နိုင်တဲ့အချိန်မှာ ဆရာ ဘာတစ်ခုမှ အကောင်းတိုင်း ပြန်ရမှာမဟုတ်ဘူး . . .”
	“ဟေ့ကောင် . . . ဒါက လုပ်ကြံမှုကွ . . .”
	“ဟုတ်ပါတယ် . . . ကျွန်တော်တို့ ဒါကို ဖော်ထုတ်နိုင်မှာပါ . . . လောလောဆယ် ရှင်းသင့် တာကို ဆရာ ဒေါသနဲ့ မဆုံးဖြတ်လိုက်ပါနဲ့ . . . သူတို့ကလည်း စိတ်လိုက်မာန်ပါ ပြောသွားပေမယ့် ခုထိ ဘာမှမလှုပ်ရှားဘဲ ဆရာ့အဖြေကို စောင့်နေကြတုန်းပါ . . .”
	“တောက် . . .”
	သူ ဘယ်လိုမှ သည်းမခံနိုင်ပါ . . .။ မိန်းကလေးတွေနဲ့ ဖြားယောင်းပြီး ပစ္စည်းခိုးရလောက် အောင် သူ့ဂုဏ်သိက္ခာ အဲဒီလောက်ထိ ကျဆင်းနေခဲ့သလား . . .
	သူ့ရုပ်က သူခိုးကြမ်းပိုးရုပ် ပေါက်နေတာလား . . .။
	“သူတို့ပစ္စည်းတွေ ပါသွားလို့သာ မရမက စွပ်စွဲနေကြတာပါ . . . ဆရာ့ကို သူတို့ ယုံကြည်နေ ဆဲဆိုတာ သူတို့မျက်နှာတွေမှာ ရှိပါတယ် ဆရာ . . .”
	“တီလုံး . . . သူတို့ ငါ့ကို ပန်းနဲ့ပေါက်သွားကြတာ မဟုတ်ဘူး . . . မင်းပါးစပ်ကို ပိတ်ထား စမ်း . . .”
	ဘယ်တုန်းကမှ သူများလက်ညှိုးထိုး မခံခဲ့ရဖူးသည့်မျက်နှာက ဒီအချိန်ကျမှ . . .။
	“မရဘူး . . . ဒီပြဿနာကို ရအောင်ဖော်မယ် . . .”
	“ဆရာ . . .”
	တီလုံးက အသားနာနေသည့်ကြားထဲက သျှင့်လက်ကို ဖမ်းဆွဲထားလိုက်ကာ . . .
	“ကျွန်တော် တောင်းပန်ပါတယ် . . . သူတို့ တရားမစွဲခင် ဒီငွေကို လျော်ပေးလိုက်ပါ ဆရာ ရယ် . . . အမှုနောက် လိုက်ရမှာချင်းအတူတူ သိက္ခာကျ အရှက်ရတာတွေမဖြစ်ဘဲ အချင်းချင်း ကျိတ်ဖြေရှင်းလိုက်တာ ကောင်းပါတယ် . . . ဒီအမှု ပေါ်ရပါစေ့မယ် . . . ကျွန်တော့်အပြစ်မို့လို့ ကျွန်တော် ရေကုန်ရေခန်း ကြိုးစားပါ့မယ် . . .”
	သျှင်က သူ့လက်ကို ခါထုတ်ပစ်ခဲ့ပြီး ထွက်သွားသည်။ တီလုံးနေရာမှ ထရပ်ရင်း သွေးစတို့ကို ကုန်စင်အောင် သုတ်သည်။
	သူ စဉ်းစားသမျှက ဆရာ့အတွက်ချည်းပါ . . .။ ထို့ပြင် စီးပွားရေးလုပ်နေသမျှ သူ အုပ်ချုပ် နေတာမို့ သျှင့်ကိုယ်စား သူဆုံးဖြတ်ပေးနိုင်တာတွေ ရှိသည်။ ထို့ကြောင့် ဖုန်းထုတ်ကိုင်ရင်း . . .
	“ဟယ်လို . . . ဟုတ်ပါတယ် . . .”
	“… … … …”
	“အဲဒါကိုပဲ ပြောမလို့ပါ . . . ဆရာနဲ့ ဒီကိစ္စဆွေးနွေးဖို့ မလိုတော့ဘူး . . . ဟိုတယ်မှာ လုံခြုံရေးစီမံခန့်ခွဲမှု အပိုင်းတွေမှာ ညံ့ဖျင်းခဲ့လို့ လုပ်ကြံခဲ့ရတာဆိုတော့ ကျွန်တော်ပဲ တာဝန်ယူမှာပါ”
	“… … … …”
	“ဟုတ်တယ် . . . လူကြီးမင်းတို့နဲ့ ခန်းမထဲမှာပဲ ဆွေးနွေးပါ့မယ် . . . ဟုတ်ပါတယ် . . အခုပဲ . . .”
	ရှင်းသင့်တာကို အရင်ရှင်းရမည်။ ဒီလိုလုပ်လိုက်တဲ့အတွက် ဆရာအပြစ်ပေးသမျှ ခံဖို့အသင့် . . . ။ ဖုန်းကိုင်ရင်း သက်ပြင်းရှိုက်မိတော့ ပါးစောင်းထဲက စူးရှနာကျင်သွားသည်။ ပြီးတော့ လည်ကုပ်ကိုပွတ်ရင်း သူ့မျက်နှာ မဲ့သွား၏။
	နာကျင်တာတွေကြားထဲမှာမှ ဆရာ့အတွက်ကိုပဲ သူ စိတ်ပူနေမိသည်။ မာနကြီးတဲ့လူတွေ ဆုံးရှုံးရပြီဆိုလျှင် နစ်နာမှုက ကြီးမားနေတတ်သည်။
	ဒီလို ဆုံးရှုံးမှုအတွက် ဆရာတစ်ခါ ခံစားခဲ့ရပြီးပါပြီ . . .။ နောက်ထပ် သူ့ကြောင့် ခံစားရဦး မည်ဆိုလျှင် သူ့ကိုယ်သူ ဘယ်လိုမှ ခွင့်လွှတ်နိုင်တော့မှာ မဟုတ် . . .။
	ဒီခန်းမကို ဝန်ထမ်းတွေအတွက် နေစရာပေးထားဖို့ ဆရာပြောတုန်းက သူနားထောင်ခဲ့သင့် သည်။
	ခုတော့ . . . ‘လူစားတာ မနာလို . . . လောက်စားတာ နာလို’ ဆိုတာမျိုး . . .။ ခဏ တစ်ဖြုတ် အချိန်လေးမှာ ဘယ်သူဝင်ပြီး ဇာတ်ကသွားတာလဲ . . .။
	ဒီကုန်သည်တွေ ရတနာစုဆောင်းတာကို ဝါသနာကြီးကြတယ်ဆိုတာ သိထားတဲ့သူ . . .။
	ဒါမှမဟုတ် ဒီဟိုတယ်ထဲက တစ်ယောက်ယောက်လား . . .။
	ပစ္စည်းလိုချင်တာသက်သက်မဟုတ်ဘဲ လောင်းကစားဝိုင်းတွေ ဖန်ဆင်းပြီး သရုပ်ဖော်သွား တာက စီးပွားပျက်စေချင်တာလား . . .။
	တွေးနေရင်း ခြေလှမ်းတွေက တောက်လျှောက်သွားနေခဲ့၏။ ပြီးတော့ ဖုန်းပြန်ထုတ်ကာ . . .
	“ဂိတ်ကနေ ဝန်ထမ်းတွေ အဝင်အထွက် သေချာစစ်ထားစမ်း . . .”
	“… … … …”
	“ဒီနေ့ ဘယ်ဝန်ထမ်းမှ ငါမသိဘဲ ဂျူတီ မချိန်းရဘူး . . .”
	ထစ်ခနဲ သံသယဝင်လိုက်တာနှင့် အတွင်းလူ ဘယ်သူဖြစ်နိုင်တယ်ဆိုတာ သူတွေးမိလိုက် သည်။ ဒါပေမဲ့ . . .
	“မန်နေဂျာ ခေါ်ပေးစမ်း . . .”
	စိတ်က စောနေမိကာ မန်နေဂျာ ဖုန်းကိုင်သည့်အချိန်မှာ တီလုံး အပေါ်ရောက်နေပြီဖြစ်၏။
	“ဒီလ အလုပ်ထွက်ဖို့ပြောထားတဲ့ ဝန်ထမ်းနှစ်ယောက် . . .”
	“… … … …”
	“အခုရှိနေရင် ဘယ်မှမသွားစေနဲ့ . . . ခဏလေးမှ မထွက်စေနဲ့ . . . ငါလာပြီ . . .”
	ပြဿနာက မီးခိုးကြွက်လျှောက် . . .။
***
           အခန်း (၂၂)

           သူ ဟိုတယ်ရှေ့ကို ရောက်သွားတာနှင့် တီလုံးရဲ့ကားက သူ့နောက်က ထိုးရပ်လာ၏။
	“ဆရာ . . .”
	“ဆရာ မနေနဲ့ . . . စိုးရဆိုတဲ့ကောင် အထဲမှာ ရှိသေးရဲ့လား . . .”
	“ဟာ . . . ဆရာ ဘယ်ကကြားလာတာလဲ . . . ကျွန်တော်က သံသယဖြစ်မိလို့ ပြေးလာတာ . . . ဒီကောင်က အလုပ်ထွက်ဖို့ပြောတဲ့ကောင် . . .”
	ဆရာတပည့်နှစ်ယောက် ဟိုတယ်ထဲကို ဝင်ခဲ့ကြရင်း ခြေလှမ်းမရပ်ဘဲ ပြောနေမိကြတာ ..
	“အလုပ်ထွက်မှာက သူ့သဘောနဲ့သူလား . . .”
	“ဟုတ်တယ် ဆရာ . . . ဒါပေမဲ့ အကြောင်းကတော့ အလုပ်ပျက်တာများလို့ ဂျာကြီးက ဆူလိုက်တယ် . . . သူ့ကို ဝမ်တိန်တွေပြောတာပေမယ့် သူက ထွက်တော့မယ်လို့ ပြောလာတာ . . . အလုပ်လုပ်နေတာ ဒီကောင့်ပုံစံက သိပ်အချိုးမပြေဘူး . . . အဲဒီနေ့ကလည်း မူမမှန်တာတွေ စုံစမ်းလို့ ရထားလို့ . . .”
	“ဟာ . . . သူဌေး . . .”
	သူတို့ခြေလှမ်းတွေ တုံ့သွားသည်။ မန်နေဂျာနှစ်ယောက်နဲ့အတူ ကျောပိုးအိတ်ကို ပခုံးမှာ ချိတ်ထားသောစိုးရလို့ ထင်ရသည့် လူရွယ်က မျက်နှာပုတ်ချလျက် . . .။
	အားလုံး မျက်နှာချင်းဆိုင်မိသည့်နေရာက ရီဆက်ပ်ရှင်နားမှာပဲဖြစ်ကာ သျှင် ဘာပြောလာ မလဲ တီလုံးက စောင့်သလို ဘယ်သူ့ဆီကမှ အသံမထွက်ဘဲ သျှင့်ကိုသာ ကြည့်နေကြ၏။
	ရီဆက်ပ်ရှင်ရှေ့မှာ လူတွေရှိပေမယ့် သူတို့လူစုက ခပ်လှမ်းလှမ်းဖြစ်သည်။ ထို့ပြင် စိုးရဆို သည့် လူရွယ်မျက်နှာကို မြင်လိုက်တည်းက ဒီကောင် တရားခံပဲဆိုတာ သိလိုက်သဖြင့် ထိုသူအပေါ် မှာ စိုက်နေခဲ့သည့် သျှင့် မျက်လုံးတွေက တခြားဘာကိုမှ ခေါင်းထဲမရှိတော့သလိုရှိလျက် . . .
	“မင်းကို အလုပ်ထွက်ခွင့်ပြုမယ် . . ဒါပေမဲ့ အခု မရသေးဘူး . . .”
	“ဘာဖြစ်လို့လဲ . . . ကျွန်တော်လကုန်ရင် ထွက်မယ်ပြောပြီးသား . . နှစ်ရက်တောင် စွန်းနေပြီ . . .”
	“နှစ်ရက်စွန်းတဲ့အထိ ဘာဖြစ်လို့ နေခဲ့တာလဲ . . .”
	စိုးရ မဖြေနိုင် . . .။
	“အခုမှ တားဆီး ဖမ်းချုပ်ထားရလောက်အောင် ပြန်ဖို့ ထဖြစ်တာလေ . . .”
	“ဒါကတော့ . . .”
	“ဆင်ခြေတွေမပေးနဲ့ . . . ဟိုတယ်မှာ လုပ်ကြံမှုတွေဖြစ်နေတယ် . . . ဝန်ထမ်းပြဿနာ တွေကို ဘာမှ မဆုံးဖြတ်နိုင်ဘူး . . . ဝင်ဖို့ရော ထွက်တာရော ဘာမှလုပ်ခွင့်မပြုနိုင်ဘူး . . .”
	စိုးရမျက်နှာက တစ်ခုခု အခဲမကျေတာမျိုး တင်းတင်းမာမာဖြစ်သွားပြီး မော့လာကာ . . .
	“အဲဒါက ဘယ်လိုဥပဒေမျိုးမို့လို့လဲဗျ . . . လူသတ်မှု . . . ဓားပြမှုတွေ ဖြစ်ထားတဲ့နေရာမို့လို့လား . . ကျွန်တော့်မှာလည်း အမြန်ပြန်ရမယ့် ပြဿနာရှိတယ် . . .”
	ပြောပြီး လမ်းမပေါ်ကို လှမ်းကြည့်နေသဖြင့် သျှင်က နောက်ပြန်ငဲ့ကြည့်လိုက်သည်။
	ဟိုတယ်ခြံဝင်း၏ အပြင်ဘက်လမ်းမဘေးမှာ ဆိုင်ကယ်တစ်စီး ရပ်ထားတာ မြင်လိုက်၏။ ထို့ပြင် ဆိုင်ကယ်ပေါ်မှာ ခြေစုံဖက်ထောက်လျက် ခွထိုင်နေတာ ‘သော’ . . .။
	သျှင် ဒီဘက်ပြန်လှည့်လိုက်တော့ စိုးရရဲ့ ဂနာမငြိမ်သည့် မျက်လုံးတွေက ဖျတ်ခနဲ ငုံ့လျှိုး သွားခဲ့ပြီး . . .
	“လကုန်တည်းက ပြန်မလို့ပါ . . . ကျွန်တော့်ညီ လာမခေါ်သေးလို့ . . .”
	“ဆိုင်ကယ်ပေါ်က တစ်ယောက်လား . . .”
	“ဟုတ်တယ် . . .”
	“သူက မင်းညီ . . . ဟုတ်လား . . .”
	“ဝမ်းကွဲတော်တာပါ . . . ကျွန်တော့်အတွက် အလုပ်ရှာထားမယ့် သူ့ကို ဆက်သွယ်ထားတာ . . .”
	သျှင်က မဲ့သည်။ သောကို မြင်လိုက်ရတာနှင့် အားလုံးကို နားလည်သွားပြီဖြစ်၏။ စိုးရရဲ့ စီဗီဖောင်ကို သူဖတ်ပြီးသား . . .
	မိတ္ထီလာ တောပိုင်းကနေ တက်လာသည့် ရွာသားတစ်ယောက်ဖြစ်ကာ ဒီမှာ အလုပ်လုပ်သည့် နှစ်နှစ်နီးပါးကာလမှာ ဘယ်ဧည့်သည်မှလည်း လာတွေ့တာ မရှိ . . .။ သူပြန်သွားတယ်ဆိုတာလည်း မရှိ . . .။
	“ဒီကောင်က ဂျာကြီးနဲ့လည်း ပြဿနာဖြစ်ဖူးတယ် သူဌေး . . . ခုတစ်လောကျမှ အလုပ်ချိန် မှာ ပျောက်ပျောက်နေတာ . . . သူနဲ့တွဲနေတဲ့ စားဖိုဆောင်က ကောင်တွေရောပဲ . . .” တဲ့ . . .။
	လက်ထောက်မန်နေဂျာကို သူမေးမြန်းခဲ့ပြီးပြီ . . .။ ထိုအခြင်းအရာများနှင့် ပတ်သက်၍ . . .
	“အခု မင်းကို သူ လာခေါ်တာပေါ့ . . .”
	သျှင် မေးသည့်မေးခွန်းကို စိုးရ မဖြေနိုင်ပေ . . .။ ဒါပေမဲ့ ဖုန်းမြည်သံက ထူးခြားစွာ ဝင်လာခဲ့၏။ သျှင် မျက်မှောင်ကုတ်သွားကာ ဖုန်းဆီ လက်ကရောက်၍ မျက်လုံးတွေက လမ်းမပေါ် ပြန်လှည့်သွားလျှင် သောက ဖုန်းကိုင်၍ မျက်မှန်ကိုဖြုတ်လိုက်တာ တွေ့၏။
	ဖုန်းကိုဖွင့်၍ နားနားကပ်လိုက်တာနှင့် . . .
	“ခင်ဗျား ကိုယ့်တုတ်နဲ့ကိုယ် ပြန်အရိုက်ခံရတာတောင် တရားခံရှာနေသေးတယ် ဟုတ်လား . . .”
	တီလုံးသည် သျှင့် မျက်နှာနှင့် ဆိုင်ကယ်ပေါ်ကလူငယ်ကို တစ်လှည့်စီကြည့်ရင်း အသည်း တယားတယားဖြစ်နေ၏။
	ဆရာ ဒီချာတိတ်နဲ့ တစ်ခုခုတော့ ငြိနေပြီကို ခန့်မှန်းမိပေမယ့် ဘာမှန်းလည်းမသိ . . .။
	သျှင့် မျက်နှာပေါ်က ရှုပ်ထွေးခြင်းတို့သည် ဟန်မဆောင်နိုင်စွာဖြစ်လျက် သော ရှိရာကို လှည့် ကြည့်နေရင်းကနေ မျက်နှာချင်းဆိုင် လှည့်ရပ်လိုက်တဲ့အထိ ဖြစ်ကာ . . .
	“သော . . . ဟုတ်လား . . .”
	“မင်း ထက် မြတ် သော . . .”
	တစ်လုံးချင်း ပြောသွားသည့် စကားသံတို့က ရင်ကို ရိုက်ပုတ်သွားသည့်နှယ် . . .
	“မင်းထက်မြတ်တာတွေ ရွတ်ပြနေတာ မဟုတ်ဘူးနော် . . . ကျွန်တော် လူဖြစ်လာခဲ့တဲ့ ရှင်သန်ခြင်းအဓိပ္ပာယ်ကိုက အဲဒီ တစ်စုံတယောက် . . . ဒါမှမဟုတ် တစ်စုံတစ်ရာပေါ်မှာ အမြဲတမ်း မြင့်မြတ်စေတယ်ဆိုတဲ့ သဘော . . .”
	“မင်းက ဘယ်သူ့ထက် မြတ်ချင်နေတာလဲ . . .”
	“ယုတ်မာ ကောက်ကျစ်သူတွေထက် မြတ်တာလေ . . . အခု ခင်ဗျား ကိုယ့်ကိုယ်ကို ဘာတွေဖြစ်နေမှန်း မသိဘူးဆိုရင် ငါဘာတွေလုပ်ခဲ့သလဲဆိုတာ ပြန်စဉ်းစားလိုက် . . .”
	သျှင့် တစ်ကိုယ်လုံး ဖျင်းခနဲ ဖြစ်သွားသည်။ ဒီစကားမျိုး သူကိုယ်တိုင်ပြောခဲ့ဖူးသည်။ ဒီလို အောင်နိုင်သည့် ရယ်မောခြင်းဖြင့် အားပါးတရ ရှိခဲ့ဖူး၏။
	မင်းထက်မြတ်သော ဆိုတာ ဘယ်သူလဲ . . .။ သူ့နာမည် အဖျားစာလုံးက ‘သော’ နေသည့် အတွက် မင်းထက်မြတ်သောက သူ့နာမည်ပဲဆိုတာ သေချာသည်။
	“ဦးပြည့်သျှင် . . . ခင်ဗျား သဘောပေါက်တတ်ရင် စိုးရကို အမြန်ပြန်လွှတ်လိုက်ပါ . . . ဒီလို မဟုတ်လို့ကတော့ အလုပ်သမားတွေ ရာနဲ့ချီပြီးရှိနေတဲ့ ခင်ဗျား ဟိုတယ်လုပ်ငန်းကြီးကို ကျွန်တော် ဘာလုပ်နိုင်သေးတယ်ဆိုတာ ထပ်ပြရလိမ့်မယ် . . .”
	သျှင် ကျိခနဲ အံကြိတ်သည်။
	သော ဆိုတာ သူရဲကောင်းနဲ့ တစ်ခုခု ပတ်သက်နေတာ သေချာတယ် . . . သူ့ရာဇဝင်မှာ ပြိုင် လာရင် အရှုံးပေးရတယ်ဆိုတာမရှိ . . .။ သို့ကြောင့် . . .
	“ခင်ဗျားရဲ့ပြိုင်ဘက်က စိုးရလိုကောင် မဟုတ်လောက်ပါဘူး . . ဒီတော့ လက်ရည်မတူတာ ကို ကြိုးတုပ်အနိုင်မယူစမ်းပါနဲ့ . . . တစ်ခုတော့ရှိတယ်နော် . . . ခင်ဗျား ဟိုတယ်မှာ ကျွန်တော့် လူတွေအများကြီးရှိတယ် . . . အဲဒါတွေ ဘာထလုပ်ကြဦးမလဲ ကြောင့်ကြနေရင်တော့ ဟိုတယ်ကို ပိတ်ထားလိုက်တော့ . . .”
	“မင်း တော်တော် အပြောကြီးပါလား . . .”
	“ဟား . . ဟား . . ဟား . . လက်ဝှေ့ထိုးမယ့်လူတွေတောင် စိန်ခေါ် လက်ရေးပြရသေးတာပဲ . . . ကျွန်တော့်ရှေ့ကလူတွေ လုပ်သွားကြတာလေ . . . ကိုယ်သတ်ချင်တဲ့လူကို ဘာမှ မသိလိုက်ဘဲနဲ့ တော့ အသက်ထွက်ခွင့် ဘယ်ပေးနိုင်မလဲ . . . ဒါကြောင့် သတိပေးနေတာ . . .”
	“တစ်ခုရှိတယ်နော် . . . ကျွန်တော်က ပစ်မှတ်တစ်ခုကို နှစ်ခါမပစ်ဘူး . . . ဟိုတယ်ကိစ္စကို ခင်ဗျား အခုမေ့ပစ်လိုက်ရင် ပြီးပြီ . . .”
	“ဘာ . . . ပြောတယ် . . .”
	“ဪ . . . ဒေါကန်သွားတာလား . . . ဟား . . ဟား . . ကိုယ့်ကိုရှုံးမှာမှန်းသိသားပဲ . . . ရှေ့နေတွေ ဘာတွေပြေးငှားပြီး ရုံးတက်မယ်ဆိုရင်လည်း ရတယ်နော် . . . ကျုပ်ကတော့ ငယ်ငယ် လေးတည်းက မိဘမဲ့ ကြီးပြင်းလာခဲ့တာ အဖေ အမေ ပြေးတိုင်ပြီး စစ်ကူတောင်းတဲ့အကျင့် မရှိဘူး . . .”
	ခံနေသမျှ လူကိုဆိတ်ဆွဲခေါက်ပစ်ပြီး ရန်စခံနေရသလို တဖျင်းဖျင်း ခံရခက်နေ၏။ လူကို မြင်နေရပါလျက်နှင့် ရှေ့တိုးရခက်နေသည်။
	ပြဿနာရဲ့အဖြေကို သိနေတာတောင် ဖော်ထုတ်အရေးယူလျှင် စစ်ကူခေါ်ခြင်း မည်နိုင်၏။ လူကို တမင်မခံနိုင်အောင် ပြောဆိုနေတာသိလျက်နှင့် သူ ဘာမှမတတ်နိုင်ပေ . . .။
	ထိုအချိန်မှာ စိုးရက ခပ်တည်တည်နှင့် လှမ်းထွက်သွားကာ . . .
	“ဟေ့ကောင် ရပ်နေစမ်း . . .” 
×××××
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၉) ကို နောက်တစ်ပတ် တနင်္လာနေ( ၁၈-၆-၁၈ )့  ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စာရေးဆရာမ သျှင်မရဲ့ “ဂန္ထဝင်ချစ်ထုံး” အခန်းဆက်ဝတ္ထုရှည်ကို တနင်္လာ၊ အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းတွင် ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
…….
“တကယ်လို့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျာ”
“ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့လည်း မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 


Related Posts