သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၁) [အခန်းဆက်ဝတ္ထုရှည်]
အခန်းဆက် ဝတ္ထုရှည်
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၁)
…….
အခန်း (၂၆)
လည်ပတ်နေသည့် ရာသီစက်ဝန်းက နှေးသည်မြန်သည်မရှိဘဲ အချိန်မှန် ဒီနေရာ . . . ဒီအချိန်သို့ မပျက်မကွက် ရောက်လာခဲ့သည်။
သူ့ဘက်က မှတ်သားနေခဲ့ရသည့် ကြိမ်နှုန်းအမှတ်အသားတို့သည်သာ တစ်နှစ်ပြီးတစ်နှစ် မြင့်တက်များပြားလာခဲ့ရာ ဒီနှစ်ဆိုလျှင် ဦး သူ့ဘဝထဲက နုတ်ထွက်သွားခဲ့တာ နှစ်ဆယ့်နှစ်နှစ် ပြည့်ခဲ့ပြီ . . .။
“ဆရာ . . . အားလုံး အဆင်သင့်ဖြစ်နေပြီ . . .”
“အေး . . .”
ဒီအချိန်ကာလကို ရောက်လာတိုင်း သူဘယ်ရောက်နေနေ ဒီခြံကြီးကိုပဲ မဖြစ်မနေ ရောက် အောင် ပြန်သည်။ မီးလောင်ရာများနှင့် ထိုအဆောက်အအုံပျက်ကြီးရဲ့ရှေ့မှာပဲ တစ်နေကုန်ထိုင်ပြီး အရက်သောက်သည်။
တစ်ခါတလေ မှောက်ကျ မေ့မြောသွားတတ်ခဲ့ပြီး . . . တစ်ခါတစ်ခါကျတော့ ဖန်ခွက်တစ် ဝက်တောင်မကျဘဲ ငုတ်တုတ်ထိုင်ငေးရင်း အချိန်ကုန်ခဲ့တာလည်း ရှိသည်။
အစိုးမရသည့် ကိုယ့်စိတ်တွေကို ဘာချွန်းနဲ့မှ ထိန်းအုပ်မနေဘဲ လွတ်လပ်စွာ ခံစား တွေးငေး ခွင့် ပေးထားခဲ့သည့် နေ့တစ်နေ့ပါ . . .။
သစ်ပင်အုပ်ကြီးရဲ့အောက်မှာ မဖွင့်ဘဲ ဒီတိုင်းရှိနေသည့် ရောင်စုံထီးကြီးတစ်လက် ရှိသည်။ ဒါက အမှတ်တမဲ့ မိုးရွာတတ်မှုကြောင့် အဆင်သင့်ပြင်ဆင်ထားတာ ဖြစ်၏။
ပြီးတော့ နိုင်လွန်ဇာပါးလေးတစ်ထပ်ကို သစ်ပင်အောက်မှာ ဖြန့်ထားခဲ့၏။ ဒါကတော့ ပြင်ဆင်ထားသည့် စားသောက်ဖွယ်တွေပေါ်ကို ကောင်းကင်ထက်က အမှုန်အမွှားတွေ ကျမှာစိုး၍ ဖြစ်သည်။
သူထိုင်လိုက်တော့ နိုင်ငံခြားအရက်တွေနှင့် စားစရာ အမြည်းကအစ တီလုံး စီစဉ်ပေးထား တာ အားလုံး ပြည့်စုံနေပါ၏။ သို့သော် . . .
“တီလုံး . . .”
“ဗျာ . . ဆရာ . . .”
အတူတူ ရောက်လာခဲ့ကြပြီး လိုအပ်တာရှိသေးလျှင် လုပ်ကိုင်ပေးဖို့ ခပ်လှမ်းလှမ်းမှာ ရှိနေခဲ့ တာ ဖြစ်သည်။
‘သွားတော့’ ဆိုလျှင် ထွက်သွားမလို့ပေမယ့် သျှင်က ခေါ်လိုက်သဖြင့် . . .
“ဆရာ ဘာလိုအပ်လို့လဲ . . .”
“ဟိုနံရံမှာ ဘာလဲ . . .”
“ဗျာ . . .”
သျှင် စူးစိုက်ကြည့်နေရာကို ဖျတ်ခနဲ လှည့်ကြည့်မိသည်။
“ဟင် . . . ဟိုဘက်ထောင့်မှာ ဘာလဲ . . .”
ဒီနေရာမှာ သွားလာလုပ်ကိုင်နေခဲ့တာ တစ်မနက်လုံးတောင်မှ သူ သတိမထားမိခဲ့ပေ . . .။ တီလုံး ကိုယ့်ချို့ယွင်းချက်ကို တွေးမိကာ စိုးရိမ်စိတ်နှင့် ခြေလှမ်းတွေ အဆမတန် ကျဲနေခဲ့၏။
ထို့ပြင် သျှင် ကိုယ်တိုင် သူ့ဘေးမှာပါလာရာ နံရံဘေးကို ရောက်တော့ ထိုအရာကို နှစ်ယောက် စလုံး မြင်လိုက်ကြ၏။
နံရံမှာ စိုက်ဝင်နေသည့် မြားတံတစ်ချောင်းနှင့် အမြီးပိုင်းမှာ တန်းလန်းပါလာခဲ့သည့် စာရွက် လိပ်လေးက ပလတ်စတစ်အပါးသားလေးနှင့် ပတ်လျက် . . .
သျှင့် မျက်နှာမှာ အေးစက်တင်းမာမှုတွေ ဖြစ်ထွန်းသွားခဲ့ပြီး မြားတံကို ရုတ်တရက်မနုတ်ဘဲ ထိုမြားတံ၏ လားရာအရပ်ကို မျက်လုံးတွေက ရှာဖွေရောက်ရှိသွား၏။
“အပြင်ကနေ ပစ်လို့မရဘူး ဆရာ . . . ဒီကောင် ဟိုထောင့်က ဧကရာဇ်ပင်ပေါ် တက်ပစ် သွားတာ . . . အဲဒီအပင်ကိုလည်း ခြံတိုင်ပေါ်ကနေ အလွယ်တကူ ကူးလို့ရတာ မဟုတ်ဘူး . . .”
“မင်း မလွယ်ဘူး ထင်တာတွေကို သူလွယ်လွယ်လေး လုပ်သွားလို့ပဲ ဒါ မင်းရှေ့ကို ရောက်နေပြီ . . .”
သျှင်က မြားတံကို ဆွဲနုတ်လိုက်ကာ စာရွက်လိပ်ကို ဖြေလိုက်၏။ ထိုအခါ စာရွက်ပေါ်မှာ ပုံတူတစ်ခု ရှိနေလျက် . . .။
ထိုပုံဟာ . . .
“ဆရာ့ပုံပဲ . . .”
မျက်လုံးတစ်ဖက် ကြက်ခြေခတ် ဖျက်ထားတာကအစ သူ့မှာရှိသည့်ပုံနှင့် အတူတူ . . .။ မတူ တာက ပုံတစ်ပုံတည်းကို မိတ္တူကူးထားတာ မဟုတ်ဘဲ လက်က တစ်လက်ရာတည်း တူညီနေခြင်း ပင် . . .။
ပြီးတော့ အောက်မှာ စာပိုဒ်လေး ရေးထား၏။
ဤမြားစေ၍ သစ္စာရည်သည်
စေတန်အတွက် သေဒဏ်မှတ်ရန်
မာတိကာ၏ နောက်တစ်မျက်နှာ သို့ . . .။
စာကို သူပါ မြင်နေရသဖြင့် တီလုံး မျက်ဝန်းတွေ တဖြည်းဖြည်းကျယ်လာခဲ့ရင်း . . .
“အံမာ . . . ဒါ . . ဒါ . . . ဒီကောင်လေး ဘာမှမသိနိုင်တဲ့စကား . . .”
ပြောပြီးမှ တိတ်ဆိတ်နေဆဲ သျှင့်မျက်နှာကို အကဲခတ်မိ၏။
သျှင့်သည် မြားတံနှင့်ပုံတူကို စူးစိုက်ကြည့်နေဆဲဖြစ်ကာ စုကျုံ့ထားသည့် မျက်ခုံးအစုံသည် စိုက်ကျနေသည့် မျက်တောင်ဖျားတို့က အနည်းငယ်မျှ မလှုပ် . . .
ထိုအခါ တီလုံးကပဲ မနေနိုင်စွာ . . .။
“ဟိုအရင်တစ်ခါ ဆရာ့ကို ပန်းချီဆွဲသွားသေးတယ်မို့လား . . . ခုပေးတဲ့စာတွေကိုကြည့်ဦး . . . ဒီကောင်လေးအရွယ်နဲ့ ဆရာနဲ့ သူရဲကောင်း ငြိခဲ့တုန်းက အဖြစ်တွေကို ဘယ်လိုနည်းနဲ့မှ ဒီလောက် သိနေစရာအကြောင်း မရှိဘူး . . .”
သျှင်သည် အကြည့်တို့ကို မရွေ့လျားခဲ့ဘဲ ကျိခနဲ အံကြိတ်ကာ . .
“သူ့နားမှာ တစ်ယောက်ယောက်ရှိတယ် . . .”
“ဗျာ . . .”
“မင်းလိုကောင်တစ်ယောက် သူ့နားမှာရှိတယ် . . .”
“ဟင် . . .”
ဆရာ နောက်ထပ်ပြောလိုက်ပေမယ့်လည်း တီလုံးမယုံနိုင် . . . ဆရာဘာပြောလိုက်မှန်း သိသည်။ ဆရာ အဲဒီလို ကွက်ကျော်မြင်တတ်တာတွေကိုလည်း မယုံကြည်လို့မဟုတ် . . .။
သို့သော် ဒါက ဖြစ်နိုင်ရဲ့လား . . .။
“ဆရာက ဟိုကောင့်ကိုပြောတာလား . . .”
သျှင်က မဖြေ . . .။
“ဆရာရယ် . . . ဒီကောင် ဆရာ့ကို မကျေနပ်ချက်နဲ့ သစ္စာဖောက်သွားတယ်ဆိုရင်တောင် သူရဲကောင်းရဲ့ဘေးကို ရောက်သွားတဲ့အထိ . . .”
“သူရဲကောင်းက မရှိတော့ဘူး . . .”
“ဒီကောင် မိန်းမရခဲ့တာ . . . ဒီကလေး ကျန်ခဲ့တာကို သူက . . . အဲဒါ . . ဖြစ် . . ဖြစ်နိုင်ပါ့ မလား ဆရာ . . .”
သျှင့် မျက်လုံးတွေ ရောက်လာတော့ တီလုံးပျာပျာသလဲ ဖြစ်သွားကာ . . .
“ဒီလိုပါ ဆရာ . . . ဒေါ်မေယု ကိုယ်တိုင် ပြောနေလို့ . . . ပြီးတော့ ဆရာ့ကို ဒီကောင်လေး တကယ်ငြိုးချက်နဲ့ နှောင့်ယှက်နေတာနဲ့ဆက်စပ်ပြီး ဖြစ်နိုင်တဲ့စာရင်းထဲ ထည့်ရပေမယ့် တာနောနဲ့ သူရဲကောင်း ပေါင်းစည်းသွားတဲ့အထိ ဖြစ်ဖို့က . . .”
“မဖြစ်နိုင်ဘူး ထင်လို့လား . . .”
“ဟို . . .”
“မင်း သွားတော့ . . .”
“ဗျာ . . .”
ပြည့်သျှင်က ထပ်မပြောတော့ပါ။ တီလုံးကလည်း တစ်ခွန်းထပ်မဟတော့ဘဲ လှည့်ထွက်သွား ခဲ့၏။
သျှင် နေရာမှာ တစ်ယောက်တည်း ကျန်ခဲ့ရင်း နံရံမှာ ထွင်းဖောက်ကျန်ရစ်သည့် မြားဒဏ်ရာ နှင့် အင်္ဂတေအစတွေကို လက်ချောင်းတွေနဲ့ ပွတ်သပ်ကိုင်သည်။ ပြီးတော့ မြားတံကို ပြန်ငုံ့ကြည့်ရင်း ကိုယ့်ဆီကို လက်နက်တွေ ရောက်လာခဲ့သည့် အကြိမ်ရေတွေကို တွေးမိခဲ့၏။
“အခု ခင်ဗျားကို မထိဘူးမို့လား . . . ဒါပေမဲ့ လွဲချော်သွားတာတော့ မဟုတ်ဘူးနော် . . . ကျွန်တော့်လက်က ပစ်မှတ်ကို လွဲတယ်ဆိုတာ မရှိခဲ့ဖူးဘူး . . .”
“ဒါ ဘယ်သူပစ်တာလဲ . . .”
“ကျွန်တော် . . .”
ဓားတစ်လက်နှင့် မြားတစ်စင်း . . ။
ပစ်လွှတ်သူ၏မျက်နှာသည် တစ်ယောက်တည်းပဲဖြစ်ကာ လက်နက်တို့၏နောက်ကွယ်က ထွက်လာတိုင်း စိန်ခေါ်နေသော မျက်ဝန်းတို့က သွေးဆာနေသည့် သားရိုင်းတစ်ကောင်နှင့်လည်း တူ၏။
ဤသူငယ် ချောပါသည်။ ထို့ပြင် သူ မုန်းတီးစက်ဆုပ်သော ထိုတစ်ယောက်နှင့် ဆင်တူနေ တာတွေလည်း ရှိနေ၏။ သူ၏ အပြောအဆို အခြေအနေ အကြောင်းအရာများအရ ထိုသူ၏ ရင်သွေး ရတနာဖြစ်ကြောင်း အထောက်အထားတွေလည်း ခိုင်လုံနေခဲ့ပြီ . . .။
ဒါပေမဲ့ ထိုမျှလောက်ထိ တိုက်ဆိုင်လာခဲ့တာကို မယုံချင် . . .။ အချိန်ကာလတွေထဲမှာ တစ်စုံတစ်ယောက်က ကိုယ့်အပေါ်မှာ အငြိုးတေးကြီး ခင်းကျင်းပြင်ဆင်နေတာက မယုံစရာမရှိပေ မယ့် အံ့ဩဖို့ကောင်းသည်။
ဒီလိုတွေ ရင်ဆိုင်မိကြဖို့က ကိုယ့်ကို ကမ္ဘာမကျေ မုန်းတီးနေသူဖြစ်ရမည် . . .။
သူရဲကောင်းအတွက်အသက်ပေး၍ သွေးကြွေးဆပ်လိုသူဖြစ်မည်။ ထို့ပြင် ကြွေးဆပ်မည့်သူ ဟာ သူမဖြစ်နိုင်မှန်းလည်းသိနေလျက် . . . ဖြစ်နိုင်သူဟာ သူရဲကောင်းရဲ့ ရင်သွေးရတနာမှသာ ဒီအကြောင်းကိုလည်း ထောင့်စေ့အောင် သိနေခဲ့၏။
သိနေပေမယ့် သူရဲကောင်းရဲ့ကလေး တကယ်ရှိနေမှသာ ဒီအကြွေးဆပ်ခြင်း ကလဲ့စားက ဖြစ်မြောက်နိုင်မှာဖြစ်သည်။
ခုတော့ ထိုအရာအားလုံးက ပြီးပြည့်စုံသော စာမျက်နှာဖြင့် ရှေ့ကို ကျရောက်လာခဲ့ပြီဖြစ် သည်။
ဒီတစ်ခါ သူ့ရဲ့မာတိကာအောက်မှာ ကိုယ့်နာမည်က ကမ္ပည်းထိုးပြီးသား ဖြစ်နေခဲ့လျက် …။
မာတိကာရဲ့ နောက်တစ်မျက်နှာမှာ ဘာတွေ လာမယ်ဆိုတာ မသိ . . .။
သျှင့် မျက်နှာမှာ ခက်ထန်ခြင်းတို့ဖြင့် ရှုပ်ထွေးခြင်းတွေပါ လွှမ်းခြုံ အုံ့မှိုင်းနေခဲ့သည်။
ဒီကလဲ့စားမှာ ကိုယ့်ရင်ဝဆီ ထွင်းဖောက်လာမည့် မြားရဲ့အရွယ်ထက် သွေးညှို့ရှင်၏ လက်အစုံကိုသာ သူသိချင်ခဲ့သည်။
ဒါတွေကို ဘယ်သူဖန်တီးခဲ့တာလဲ . . .။
မင်းထက်မြတ်သောရဲ့နောက်ကွယ်မှာ ရှိနေတာ ဘယ်သူလဲ . . .
××××××
အခန်း (၂၇)
“သူ့အမေလေ . . .”
“သူ့အမေက နောက်အိမ်ထောင်မပြုဘူးပေါ့နော် . . . ကလေးက ကံကောင်းတာပေါ့ . . .”
“အေးပေါ့ . . . အဲဒါကြောင့် စိတ်ချမ်းသာနေရတာ . . . ဒါဒါက အရမ်းလှတာ . . . အဲ . . ဒါပေမဲ့ ငါတို့ရဲ့ဦးလေး လှတာကိုတော့ ခြေဖျားတောင် မမီပါဘူး . . .”
တီလုံး မသိမသာ ပြုံးမိသည်။ ပြီးတော့ အခန်းထဲမှာ မုန့်ထုပ်အသစ်တွေ ရောက်နေတာ ကြည့်ခြင်းအားဖြင့် တစ်ယောက်ယောက် လာသွားပြီဆိုတာ သိလိုက်သည်။
ဒေါ်မေယုက သူ ဝယ်လာသည့်မုန့်တွေကို ခြင်းလေးတစ်လုံးနဲ့ ယူလာပြီး သေချာကိုင်ကြည့် ၍ ထည့်သိမ်းနေ၏။
“‘မရှိရှား . . . ပေါများ’ တဲ့ . . မရှိတဲ့နေရာမှာ ပိုရှားတယ် . . . ပေါလာရင် ပိုများလာတာ ပဲနော် . . . ငါ့မှာ မစားရတုန်းကလည်း ငတ်လိုက်တာ . . . အခု စားစရာတွေ ရှိလာတော့လည်း တစ်မျိုးပြီး တစ်မျိုးပဲ . . .”
“အဘွားဆီကို ဧည့်သည်တွေ လာသွားတယ်ထင်တယ် . . .”
“မြေးရဲ့အမေလေ . . . ဒါဒါတို့ လာသွားကြတာ . . .”
“ဟုတ်လား . . . ဘယ်နေ့ကလဲ . . .။ ဒီလိုမှန်းသိရင် နောက်အခါကျမှ ကျွန်တော် လာပါ တယ် . . . ကျွန်တော်က အဘွားဆီ မုန့်တွေ တမင်လာပို့တာ . . . လာရင်းကိစ္စတောင် ဘာမှ မလုပ် ရသေးဘူး . . .”
“ဪ . . . ဟုတ်လား . . . ဘာဖြစ်လဲကွယ် . . . ရောက်လာတော့လည်း စားရတာပေါ့ . . . ကောင်းလေးရဲ့ သူငယ်ချင်းဆိုတည်းက မင်းကိုအဘွားက မျှော်နေတာ . . . ဘာကြောင့်မှန်း မသိပါ ဘူး . . . ကလေးတွေနဲ့ ပတ်သက်တာဆိုရင် သတင်းလေးတစ်ခုခုဖြစ်ဖြစ် . . . သူတို့ ကိုင်တွယ်တဲ့ ပစ္စည်း . . ခင်မင်ခဲ့တဲ့လူ . . ဘာဖြစ်ဖြစ်ကို သိချင်နေတာ . . .”
“ဒါပေါ့ အဘွားရယ် . . . ဒါပေမဲ့ ကျွန်တော်တို့ကျတော့လည်း အဘွားရဲ့နောက်က သားသမီးတွေ ကြည်ဖြူပါ့မလား တွေးရသေးတာလေ . . . ကျွန်တော်တို့ ဝင်ထွက်တာကို သူတို့က မကြိုက်ဘူးဆိုရင် အဘွားအတွက် အဆင်မပြေတာတွေ ရှိလာမှာ . . .”
တီလုံးကလည်း ဒါဒါဆိုသည့် အမျိုးသမီးနဲ့ ပတ်သက်တဲ့အပိုင်းကိုပဲ စကားထဲ ဆွဲထည့်ဖို့ ကြိုးစားနေခဲ့သည်။ ဒီတစ်ခေါက်တော့ ဒါကို သိရမှ ဖြစ်မှာပါ . . .။
“ဘယ်သူမှ ဘာမှမပြောဘူး . . ဒါဒါကတော့ နည်းနည်း စိတ်ဆတ်တတ်တယ် . . . ဒါက လည်း သူ့ခမျာ အလိုမကျခဲ့တာတွေ များတာကိုး . . . မိန်းမတစ်ယောက်တည်းက အဖေမရှိတော့ဘဲ နဲ့ ကိုယ်ဝန်ကို မွေးတယ် . . . ဒီကလေးကို စောင့်ရှောက်ခဲ့ရတယ် . . . မင်း စဉ်းစားကြည့်လေ . . . တကယ်လို့ မင်းရောက်လာတုန်း ဒါဒါနဲ့တွေ့ရင် သူပြောတာဆိုးတာကို ဗွေမယူနဲ့နော် . . .”
ဒေါ်မေယုက ကြိုတင် တောင်းပန်နေရှာသည်။ ပြီးတော့ တီလုံး စိတ်ချပေးထားသည့် ပန်းသီးစိတ်လေးတွေကို ပန်းကန်ဆီ ခပ်စမ်းစမ်းလှမ်းယူလိုက် . . . ပါးစပ်ထဲ ထည့်မြုံ့ရင်း စကား ပြောလိုက်နှင့် ထိကိုင်မိသမျှ ပစ္စည်းအတိုအထွာတွေကိုလည်း သိမ်းဆည်းနေသေးသည်။
“သူတို့ အခု မပြန်ကြသေးဘူးလေ . . . အဲဒါကြောင့် မင်းနဲ့ ဒီမှာ လာဆုံနိုင်လို့ပြောတာ . . .”
“ကျွန်တော်က ဧည့်သည်ပဲ အဘွားရယ် . . . အိမ်ရှင်ကို ဘာဖြစ်လို့ ပြန်ပြီးရိုင်းပျရမှာလဲ . . . ကောင်း အိမ်ထောင်ကျတယ်ဆိုတာတောင် အံ့ဩနေမိလို့ ကောင်းရဲ့ ဇနီးကိုလည်း တွေ့ချင်ပါတယ် . . .”
“အင်း . . . အံ့ဩတာကတော့ ငါရောပဲလေ . . . ကောင်းက အရမ်းကို အေးချမ်းပြီး ဒီလိုမျိုး ခိုးချောင်ခိုးဝှက် ကျိတ်လုပ်သွားမယ့်ကလေး မဟုတ်ဘူးပေါ့ . . . ဒါပေမဲ့ သူ့ခမျာလည်း ယောက်ျားလေးပဲလေ . . . ပြီးတော့ အပြင်မှာပဲ သွားလာနေရတာ . . . အလုပ်ကလည်း အပေါင်း အသင်းနဲ့ . . . လူမှုရေးတွေနဲ့မို့လား . . . မဖြစ်နိုင်ဘူးဆိုတာတော့ မရှိဘူးပေါ့ . . .”
စကားတွေ ပြောနေတိုင်း သွက်လက် ထက်မြက်မှုတွေနဲ့ ရှိနေတတ်သည့် ဒေါ်မေယုကို တီလုံး သတိထားကြည့်မိ၏။ အသက်အရွယ်ကြောင့် ဇရာထောင်းသည့်အောက်မှာ လူက ပိပြား ကြေမွခဲ့တာ ဖြစ်ချင်ဖြစ်မည်။
မှတ်ဉာဏ်နှင့်ပတ်သက်သော တချို့သော အစိတ်အပိုင်းတွေက လင်းလက်ထက်မြက်နေဆဲ ရှိကြ၏။
အထူးသဖြင့် သူမ စွဲလမ်းမှတ်သားထားခဲ့သည်တို့အပေါ်မှာ အမြဲတမ်း ခံစားမှတ်မိနေတတ် ခြင်း . . .။
“အဲဒါတွေ ရှိခဲ့တော့လေ . . . ကြားထဲက ဒါဒါလေးက ကောင်းကို သည်းခံနေခဲ့ရတဲ့ ကာလ တွေ နည်းတာမှ မဟုတ်ဘဲ . . . ပြီးတော့ . . .”
ဒေါ်မေယု ပြောနေရင်း မျက်ရည်စက်တွေ ပိုးပိုးပေါက်ပေါက်ကျလာကြကာ လက်တွေပါ တုန် ရှာသည်။
အသက်ကြီးသူမို့ ငိုလွယ် ရယ်လွယ် ဖြစ်တတ်သည့်အတိုင်း မျက်ရည်တွေ ကျလာသည်နှင့် တရှိုက်ရှိုက် ငိုချလိုက်ကာ . . .
“မပြောချင်တော့ပါဘူး . . . အဲဒါတွေကို မင်းလည်း မသိချင်ပါနဲ့တော့ . . . ငါ့မြေးလေးတွေ သူများလုပ်ကြံခံခဲ့ရတာ ငါ ဘယ်လိုမှဖြေလို့ မရဘူး . . . ဒါပေါ့ကွယ် ပြုသူအသစ် ဖြစ်သူအဟောင်း ပဲ . . . ဝဋ်ကြွေးပါလာရင် ဘုရား ရဟန်းတွေတောင် ပေးဆပ်ကြရတာပဲလေ . . .”
“ဒါပေမဲ့ နည်းနည်းလေးတော့ မေးခွင့်ပြုပါ အဘွားရယ် . . . ကျွန်တော် သိချင်လို့ပါ . . .”
“ဟင် . . . ဘာလဲ . . .”
“ကောင်းတို့ အဲဒီလိုဖြစ်တော့ သူ့ဇနီးက . . .”
“လင်ဖြစ်တော့ မယားပါရတာပေါ့ကွယ် . . . အစ်ကို ခံနေရတော့ ညီမက မနေနိုင်ဘူး . . . သူတို့သုံးယောက်စလုံး ဒုက္ခများကြတာမှာ ဒါဒါလေးပဲ လွတ်ခဲ့တာ . . .။ သူ့ခမျာကလည်း ငါ့ကို မသိတော့ ကလေးငယ်လေးနဲ့ ငါ့ဆီရောက်မလာခင်မှာ တော်တော် ဒုက္ခများခဲ့ရှာတာ . . .”
“အဘွားရယ် . . . ဘယ်သူမှ မရှိကြတော့ဘူးဆိုရင် သူခေါ်လာတဲ့ကလေးက ကောင်းရဲ့ ရင်သွေးဆိုတာ . . .”
“အိုကွယ် . . . ဒါက ပြောတော့ လွယ်ပေမယ့် တကယ် လိမ်ညာတဲ့အခါမှာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး . . . ငါ့မြေးလေးက သူ့အဖေနဲ့ရော . . . သူ့ဒွေးတော်နဲ့ရော ဘယ်လိုတူမှန်းကို မသိဘူး . . . အရွယ်ကြီးလာတော့ မမြင်ဖူးတော့ပါဘူး . . . ငယ်ငယ်တုန်းကဆိုရင် ဖွေးဖွေးအုအု နှာတံ ပေါ်ပေါ်လေးနဲ့ သိပ်ကို ချောတဲ့ကလေး . . . မဟာနဖူးထောင့်လေးတွေပေါ်ပြီး မျက်ခုံးတန်းတွေ . . . နှုတ်ခမ်းထောင့်ချိုးညီတာလေးတွေကအစ သူ့အဒေါ်လို မျက်တောင်ကော့ကော့လေးတွေနဲ့ . . .”
“သူ့အမေနဲ့ ဘယ်နေရာတူလဲ အဘွား . . .”
“အင်း . . . သူ့အမေက မေးရိုးခပ်ချွန်ချွန်ဆိုတော့ မျက်နှာကျပုံမတူဘူး . . . ။ မျက်လုံးတွေ ကတော့ အဲ . . . မျက်လုံးလည်း ဒါဒါက နည်းနည်း ပိုပြူးသလိုပဲ . . . ကာခြယ်တွေဆိုးထားတော့ ငါမသိဘူး . . . ဒါပေမဲ့ တချို့ကလေးတွေက ဖအေနဲ့ပဲ တူနေကြတာတွေ ရှိတယ်လေ . . . တချို့ ဆိုရင် အဘိုးအဘွား အဒေါ်ဦးမင်းတွေနဲ့ တူနေကြသေးတာ . . .”
တီလုံး မေးသမျှကို ဖြေနေရင်း ဒေါ်မေယု စိတ်ဝင်တစားဖြစ်လာကာ သေချာ ပြောပြနေ၏။
တီလုံး ကိုယ်တိုင်စိတ်တွေ လှုပ်ရှားနေမိကာ ဒါကိုသိရဖို့ အဓိကဖြစ်နေသဖြင့် ဟန်မဆောင် နိုင် . . .။
“လုပ်ကြံခံရတာက လွတ်လာတာဆိုတော့ သူ့မှာ ဒဏ်ရာတွေ ဘာတွေ ပါမှာပေါ့နော် . . . စိတ်မကောင်းစရာပဲဗျာ . . . ကောင်းမှာ ဒီလောက်ထိ မုန်းတီးနေတဲ့သူ ရှိတယ်ဆိုတာ . . .”
“ဟဲ့ . . . တစ်ခါတလေမှာတော့ ကိုယ့်ကိုယ်ကို မသိလိုက်ပေမယ့် တခြားလူမှာ ကိုယ့်ကြောင့် နစ်နာသွားရတာတွေ ရှိတယ် . . . ဒါတွေက နှစ်ဖက်စလုံး မသိလိုက်ဘာသာနဲ့ ပြီးသွားတာ ရှိသလို .. . တစ်ဖက်ကနေ ရန်ငြိုးထားပြီး တိတ်တဆိတ် ကြံစည်နေတာမျိုးတွေ ခံရတာ အများကြီးပဲ . . . ငါကတော့ အဲဒီလိုဖြစ်သွားခဲ့တာလို့ပဲ ဖြေပါတယ် . . . မဟုတ်ရင် ကိုယ် ခံလိုက်ရတာကို ဘယ်ပြေနိုင်ပါ့မလဲ . . .”
“မဒါဒါလည်း ဒီတိုင်းရှိရင် ရှိမှာပေါ့ အဘွားရယ် . . . ကျွန်တော်တို့တောင် ကိုယ့်သူငယ်ချင်း အတွက် ခံစားရသေးတာ . . . သူကတော့ ကိုယ့်ကိုယ်က ဒဏ်ရာမြင်တိုင်း . . .”
“သူ ငါ့ဆီ ရောက်လာတော့ ဒဏ်ရာတွေ မရှိတော့ဘူး . . .”
“ဟင် . . .”
“မီးလောင်ခံခဲ့ရတာတွေ သူ ဆေးကောင်းဝါးကောင်းနဲ့ တွေ့ခဲ့တယ်တဲ့ . . . ဒါလည်း ကလေး ကိုယ်ဝန်ကို လွယ်ထားရတော့ ကလေးရဲ့ဘုန်းကံကြောင့် နတ်ကောင်းနတ်မြတ် စောင့်ရှောက်တာပါ ပဲ . . . ငါတောင်မှ မြေးလေးကို မြင်နေရပြီး မယုံနိုင်ဘူးသိလား . . . ကလေးမှာ ဦးလေးရဲ့ဆွဲကြိုး ပါလာလို့ . . .”
“ဦး ဆိုတာက . . .”
“ကောင်းရဲ့ညီမလေးလေ . . . ဦးဆောက်ပန်းတဲ့ . . .။ တကယ့်ကို အမြင့်စံပန်းကလေး တစ်ပွင့်ပါ . . . သိပ်ကို နန်းဆန်ပြီး ကျက်သရေရှိတယ် . . . လှလည်း လှတယ် . . . လူယုတ်မာ တစ်ယောက်ရဲ့လက်ထဲမှာ ရေတိမ်နစ် . . .”
ဒေါ်မေယု ငိုသံပါလာပေမယ့် စကားကို ရှေ့မဆက်တော့ဘဲ မျက်နှာငုံ့သွား၏။
ဒါကိုလည်း ဆက်မပြောသင့်မှန်း တွေးမိသွားပုံပေါ်ကာ . . .
“လူလေး . . . မင်း ပြန်တော့လေ . . . နှင်ထုတ်တာ မဟုတ်ပါဘူး . . . ဒါဒါက ဆက်ဆံရေး သိပ်မကောင်းလို့ ငါမင်းနဲ့ မတွေ့စေချင်တာ . . .”
“ဪ . . . ဟုတ်ကဲ့ပါ အဘွား . . . အဘွား ပြောတာကို ကျွန်တော် သဘောပေါက်ပါတယ် . . . မဒါဒါက ဟိုစံအိမ်ကြီးပေါ်မှာလားဟင် . . .”
“မဟုတ်ပါလား . . . သူတို့က ကောင်းတို့အမေရဲ့ အိမ်မှာပါ . . . မြေးလေးကို ခေါ်သွားပြီး တည်းက ဒီမှာ ပြန်မနေကြတော့ဘူးလေ . . . နိုင်ငံခြားမှာ ကလေးကို ရောဂါရှာဖွေဖို့ဆိုလား . . . အဲဒါ သွားရင်းနဲ့ အကြာကြီးပါပဲ . . . ကလေး တော်တော်ကြီးမှ ပြန်လာကြတာ . . . ငါကတော့ အသက်ကြီးပြီလေ . . . ကလေးကို ဟိုအကြောင်း ဒီအကြောင်းတွေ ပြောမှာစိုးတယ် ထင်ပါတယ် . . . ငါ့မြေးကို ငါ့ဆီ ခေါ်မလာကြတော့ဘူး . . .”
“ဪ . . . အဘွားအတွက် အဝေးကနေ လှမ်းပြီး ထောက်ပံ့နေခဲ့တာပေါ့ . . .”
“ဟုတ်တယ် . . . ငါက ဘာလုပ်နိုင်တာမို့လို့လဲ . . . သူ ထောက်ပံ့ထားလို့ စားရတာပေါ့ . . .”
သိချင်တာတွေက ဟိုတစ်စ ဒီတစ်စ ကွဲပြားစွာ ရှိနေကြသေးသည်။ တစ်ခုကို သိချင်လို့ . . . အစဖော်လိုက်တိုင်း ဟိုအကြောင်းပါ . . . ဒီအကြောင်းပါ ဖြစ်နေရတာ . . .။
အများကြီး သိခဲ့ရပေမယ့် သိချင်တာတွေက မစုံသေး . . . ။
ဒါပေမဲ့ ဒီနေ့ ဒီလောက်နဲ့သာ . . .။
××××××
အခန်း (၂၈)
စောင့်နေသည့် ကားနံပါတ်က မျက်စိထဲမှာ တဖြည်းဖြည်း ပီပြင်စွာ လှိမ့်ဝင်လာ၏။
ချိတ်ဆက် ချိန်းဆိုထားသည့်အတိုင်း ကွက်တိ စီစဉ်ပေးလိုက်တာကို နာရီကြည့်ရင်း ပြုံး လိုက်မိသည်။
ပြီးတော့ ခြေလှမ်းကျဲတို့သည် ကားဆီကို ဆင်းသွားခဲ့တာ ပတ်ဝန်းကျင်ကိုလည်း အမှတ်တမဲ့နေခဲ့တာ မဟုတ်ဘဲနှင့် . . .
“ရှင် . . .”
သူ့ရှေ့ကနေ ကားကို လက်ပြတားလိုက်ပြီး သူမက ဆတ်ခနဲ ပြန်လှည့်ကြည့်၏။
ထိုအခါကျမှ သူမ ကိုယ့်နားရောက်လာခဲ့သည့်အဖြစ်ကို အံ့ဩသွားမိလျက် . . .
“မင်း . . .”
“ကျွန်မ အရင်တားတာ . . .”
သူမက ကိုယ့်ထက်ရှေ့ကနေ ဦးအောင် တားလိုက်တာ မှန်ပေမယ့် ကားက သူ့ဆီကို ဦးတည် လာတာမို့ . . .
“ဒီမှာ . . . မင်းနေဦးလေ . . . ကားက . . .”
“အို . . . ရှင် နောက်တစ်စီးစောင့်ပေါ့ . . . ကျွန်မ ရုံးချိန်း နောက်ကျလို့မရဘူး . . .”
ပြောပြောဆိုဆိုနှင့် သူမက ကားထဲကို ဝင်ထိုင်ပစ်လိုက်ကာ . . .
“ဒီမှာ ကားဆရာ . . . ခြောက်ထပ်ကြီးရုံးကို မောင်းပါ . . .”
“ကျွတ် . . .”
ကိုယ့်မှာလည်း တိုင်ပင်ကိုက်မှ ဖြစ်မှာမို့ သော မျက်နှာ မဲ့ခနဲဖြစ်သွား၏။
ဘာဖြစ်လို့ သူမနဲ့မှ . . .
“အို . . ရှင် ဘယ်လိုလုပ်တာလဲ . . ကျွန်မ ဦးပြီးသွားပြီ ဥစ္စာ . . . ပြန်ဆင်းပေး . . .”
“မဆင်းနိုင်ဘူး . . . ငါလည်း အရေးကြီးတယ် . . .”
ကိုယ့်ဘေးမှာ ဇွတ်ကြီး ထိုင်ချလိုက်သဖြင့် မို့ မျက်နှာလေး ပြန်တွန်းချတော့မလို ပြူးပျာ သွားခဲ့လျက် . . .
“ကိုမင်းထက်မြတ်သော . . . ရှင် ဒါမျိုး လာမလုပ်နဲ့နော် . . .”
“ဒီမှာ . . ဒီမှာ အစ်မ . . .”
ကားမောင်းနေသည့်လူက နောက်ကို ခေါင်းကုတ်ရင်း တစ်ဖက်နှင့် ရှုံ့မဲ့မဲ့ လှည့်လာကာ …
“ကျွန်တော်က အစ်မ တားလို့ရပ်လိုက်တာ မဟုတ်ဘူး . . . အစ်ကို့ဆီကို လာတာ . . .”
“ဘယ်လို . . .”
မို့ မျက်နှာတစ်ပြင်လုံး ရေနွေးနဲ့ အပက်ခံလိုက်ရသလို နွေးခနဲဖြစ်သွား၏။ ရုတ်တရက် ပူထူ သွားပေမယ့် သူမ မှားယွင်းခဲ့ပြီကို သိလိုက်၏။
“ကျွန်မ ရှေ့က ကြိုတားတာပဲ . . .”
“ဟုတ်ပါတယ် . . . ဒါပေမဲ့ အစ်ကိုက ခေါ်ထားတာဗျ . . . ကျွန်တော်က အစ်ကို့ဆီကို လာတာပါ . . .”
“ဖြစ်ရလေရှင် . . . မအားရင်လည်း လက်လေးဘာလေး ခါပြရောပေါ့ . . .”
စိတ်လည်းတိုသည် . . .။ ရှက်လည်း ရှက်မိကာ ဖိုင်နဲ့ ဆလင်းဘက်ခ်ကို ထပ်ဆွဲတင်ခြင်း၊ ပွေ့ပိုက်ခြင်းနှင့် အလုပ်ရှုပ်သွားသည်။ ပြီးတော့ တံခါးလှည့်ဖွင့်ဖို့ ကိုင်လိုက်လျှင် . . .
“မဆင်းနဲ့တော့လေ . . . လိုက်ပို့ပေးမယ် . . .”
မို့ လက်လေး တုံ့ဆိုင်းသွားသည်။
သို့သော် ရှက်နေသေးတာက မပြေနိုင်သဖြင့် တံခါးကို ဖွင့်လိုက်၏။
“ဟေ့ . . .”
သောရဲ့ခေါ်သံက မာဆတ်ဆတ်ဖြစ်နေလျက် . . .
“မင်းကို အပိုတွေ ပြောနေတာမဟုတ်ဘူး . . . ကြီးကြီးကျယ်ကျယ်တွေ လုပ်ပြမနေနဲ့ . . .”
ကြည့်စမ်း . . .။
မို ဒေါသထွက်သွားကာ ဆတ်ခနဲ လှည့်ကြည့်မိ၏။ သူကလည်း ချဉ်တူးတူးမျက်နှာနှင့် စိုက် ကြည့်နေပြီးမှ လက်ပိုက်၍ ရှေ့ပြန်လှည့်ကာ . . .
“ဒီနေရာမှာ ကားငှားဖို့ လွယ်တယ် မှတ်နေလို့လား . . . ဟေ့ကောင် . . . မောင်း . . .”
မောင်းဆိုတာနှင့် ကားကလည်း သိမ့်ခနဲ ထွက်၏။ မိုက နေရာမှ တည့်တည့်ပြန်ထိုင်ပေမယ့် အစွန်းဘက်ကိုလည်း တိုးပြီးဖြစ်ကာ . . .
“ဟွန်း . . .”
ကျကျနန စောင်းကြည့်ပြီး မျက်စောင်းထိုးပစ်၏။ သူက ပြန်ငဲ့ကြည့်ပြီး မဲ့သည်။
“အဲဒီလောက် ကျေးဇူးတင်မနေနဲ့ . . . မလိုဘူး . . .”
သေလိုက် . . .။
လှည့်မလာပေမယ့် မို့ နှုတ်ခမ်းသားလေးတွေ မဲ့သွား၏။
ဘယ်လို ကျက်သရေတုံးတဲ့ လူလဲ . . .။
××××××
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၁၂) ကို မနက်ဖြန် ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စာရေးဆရာမ သျှင်မရဲ့ “ဂန္ထဝင်ချစ်ထုံး” အခန်းဆက်ဝတ္ထုရှည်ကို တနင်္လာ၊ အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းတွင် ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
…….
“တကယ်လို့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျာ”
“ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့လည်း မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် …