သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၅) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက် ဝတ္ထုရှည်
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၅) 
…….
ကားနှစ်စီးရဲ့အလယ်ကို ရောက်လာပြီးမှ ကားထဲမဝင်သေးဘဲ ရပ်တန့်လိုက်မိလျှင် ဘေးက တံခါးဖွင့်သံ ကြားလိုက်ရပြီး . . .
	“အာ . . . အမေ့ . . .”
	လူကို ဆောင့်တွန်းပစ်လိုက်သလို တစ်စုံတစ်ခုက ပစ်တိုက်သွားတာမို့ တစ်ကိုယ်လုံးသည် ရှေ့က ကိုယ့်ကားလေးသာ ခံမနေပါက တွေးရဲစရာပင်မရှိ . . .။
	“အား . . .”
	ပွေ့ပိုက် ဖက်တွယ်ထားသမျှ ပစ္စည်းတွေ ပြုတ်ကျကုန်ကာ ကားမှာ လက်ထောက်လိုက်မိ သဖြင့် လက်ကောက်ဝတ်တစ်ဖက်မှာ အဆမတန် နာကျင်သွား၏။
	“ရှင် . . . ဒီမှာ . . . ”
	ဒေါသက မီးရှူးတစ်စလို ဒိုင်းခနဲဆောင့်တက်၏။ သို့သော် တံခါးပိတ်ပြီးမှ အေးဆေးလှည့် လာသည့် မျက်နှာကို မြင်လိုက်ရလျှင် . . .
	“ရှင်က . . .”
	“မှတ်မိသွားပြီလား . . .”
	မေးပုံက သူတမင်ရန်စလိုက်တာမှန်းသိအောင် နှုတ်ခမ်းတွေစေ့၍ ခပ်မဲ့မဲ့ . . .
	မို့ မျက်နှာလေး တစ်ပြင်လုံး နီရဲလာကာ လက်တစ်ဖက်မှာ ဖိဆုပ်ထားမိသည့် လက်တစ်ဖက် ပါ ပြေကျသွားခဲ့၏။
	“မှတ်မိပြီ . . . အဲဒါကြောင့် ဒီလောက် ရိုင်းစိုင်းတဲ့လူ ရှိသေးသလားဆိုပြီး မအံ့ဩတော့ဘူး . . .”
	မို ကလည်း တစ်စက်လေးမှ အညံ့မခံ . . .။
	ထိုယောက်ျားကို တစ်ညကလည်း နိုက်ကလပ်မှာ တွေ့ခဲ့သည်။ ခုတွေ့ရတော့လည်း ယောက်ျားမဆန်စွာ ပုတ်ခတ်ရန်လိုစွာဖြင့် . . .
	“ရှင်က မကျေနပ်ရင် သက်ကြီးရွယ်အို ကလေးမိန်းမ ဘာမှမခွဲခြားဘဲ မိုက်မိုက်ရိုင်းရိုင်း တုံ့ပြန်တတ်တဲ့လူမျိုးပဲ . . .”
	လူကိုစေ့စေ့ကြည့်၍ မဲ့ရွဲ့ကဲ့ရဲ့ပြီးမှ နာကျင်နေဆဲ လက်ကောက်ဝတ်ကို ခပ်ဖွဖွဆုပ်ကိုင် ပွတ်သပ်ရင်း . . .
	“ဒါပေမဲ့ အဲဒီလိုလူကို ကျွန်မက ဦးအောင် ဆုံးမပေးလိုက်နိုင်တာ တန်ပါတယ် . . . ရှင် တောင်းပန်စရာမလိုဘူး . . .”
       “မင်း ပြောလို့ပြီးပြီလား . . .”
	“မပြီးလည်း ရှင့်လို သတ္တဝါနဲ့ တုပြိုင်ပြောမနေချင်ပါဘူး . . . အချိန်တွေ တန်ဖိုးမဲ့အောင် ..”
	“ဟေ့ . . . မင်း . . .”
	နောက်ထပ် မိုက်ရိုင်းမိဖို့အတွက် ကိုယ့်ရဲ့ဒေါသစိတ်ကို ဘယ်လိုမှ ထိန်းချုပ်မထားနိုင် . . .။
	“ရှင်နော် . . . ဘာလုပ် . . . အား . . . ”
	ရင်ဘတ်ချင်းကပ်ဖိကာ မို့ ကျောပြင်လေး စူဇကီးပေါ်မှာ ကပ်မိသွားမှ လက်မောင်းနှစ်ဖက် ကို ဆွဲခါပစ်၍ . . .
	“ဒီမှာ . . . ယောက်ျားဖြစ်ဖြစ် . . . ရဟန်းသံဃာဖြစ်ဖြစ် ပုထုဇဉ်တိုင်းမှာ ဒေါသရှိတယ် . . .။ မင်း ငါ့ကို ဘုမသိ ဘမသိ ပါးရိုက်သွားတာ . . . မင်း ရိုက်သွားတာ ဘယ်လိုကောင် အောက်မေ့လို့ လဲ . . .”
	“လူနဲ့မတူတဲ့ သတ္တဝါလေ . . . ရှင် . . . ရှင် . . . ဖယ် . . လွှတ်စမ်း . . .”
	ဒေါသဖြစ်သလောက် ရုန်းပေမယ့် လက်မောင်းနှစ်ဖက်လုံးကို အားနဲ့ဖိကပ်ကိုင်ထားတာမို့ အချုပ်ခံထားရသလို ဖြစ်နေလျက် . . .
	“ရှင့်ကိုယ်ရှင် ဘယ်လိုပြစ်မှုမျိုး ကျူးလွန်နေတယ်ဆိုတာ သိရဲ့လား . . . မလွှတ်ရင် ကျွန်မ အော်လိုက်မှာနော် . . .”
	“အော်လေ . . . မင်းကို ခုနကလူတွေ ပေးသွားတာထက် ငါပိုပေးနိုင်တယ် . . .”
	“ဘာ . . . ”
	“ဒီနေ့ မင်းအတွက် လစ်မစ်ကျော်သွားမယ်ဆိုရင် ငါ့ကို ကျေးဇူးတောင် တင်သွားဦးမယ် ...”
	“လူယုတ်မာ . . .”
	ရှက်သည့်စိတ်ကြောင့် ဘာကိုမှ မဆင်ခြင်နိုင်တော့ဘဲ ဒူးနဲ့တိုက်ပစ်လိုက်ဖို့ စိတ်ကူးမိရုံ . . .။
	“အား . . .”
	လှုပ်ရှားဖို့ ပြင်လိုက်တာနှင့် ထိုခြေထောက်ပေါ်မှာ ရှူးဖိနပ်စီးထားသည့် သူ့ခြေထောက်တစ် ဖက်က မညှာမတာ ဖိနင်းထားပြီးဖြစ်လျက် . . .
	“မရဘူး . . . မင်းလိုမိန်းမတွေ ဒါမျိုး လုပ်ရဲကြတာသိတယ် . . .”
	သောက ခြေထောက်မှာ မညှာမတာ ဖိထားရုံမကဘဲ လက်မောင်းတွေကိုပါ ပို၍ ဖျစ်ဆုပ်ကာ . . .
   “မင်း ရန်စလိုက်တာ အဲဒီလိုယောက်ျားမျိုးပဲဆိုတာ မှတ်သွား . . .။ ငါဆိုတဲ့ကောင်က ဘယ်တုန်းကမှ သူများသေးသေးတင် ခံခဲ့တာမဟုတ်ဘူး . . . လူလူချင်း စော်ကားခံရတာကို ဆူးစူး သလို မေ့ပစ်လို့လည်း မရဘူး . . . သည်းမခံနိုင်အောင် စလာရင် တုံ့ပြန်မှာပဲ . . .”
	“အဲဒီတော့ ရှင်အခု မိန်းမတစ်ယောက်ကို ချုပ်ထားနိုင်ပြီ . . . ဘယ်လို တုံ့ပြန်ချင်သလဲ . . . လုပ်လေ . . .”
	စိန်ခေါ်နေပေမယ့် ဖိနင်းခံထားရသည့် ခြေထောက်က နာကျင်မှုကြောင့် မို့ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်သိပ်နေကြပြီဖြစ်၏။
	ပြီးတော့ တစ်ပြင်လုံး ရဲနေသည့် မျက်နှာမှာ မျက်ခမ်းလေးတွေ ရဲတက်နေတာက ရှက်သည့် မာနတွေပဲ ဖြစ်ကာ . . .
	“ရိုက်နှက်မလား . . . ယုတ်ယုတ်မာမာ တုံ့ပြန်ချင်သလား . . .”
	“ဘယ်လိုနည်းနဲ့ပဲ တုံ့ပြန်တုံ့ပြန် မင်းအတွက် အလျော်အစားဆိုတာ ထွက်လာမှာပဲလေ . . . အဲဒီခွင်မျိုး မင်း စောင့်နေမှန်းသိသားနဲ့ ငါကမိုက်စရာလား . . .။ မင်းလိုမိန်းမကို ယုတ်မာဖို့လည်း ငါစိတ်မကူးဘူး. . .”
	“ရှင် . . . ရှင့်ပါးကို ဘယ်ပြန်ညာပြန် ထပ်ရိုက်ချင်တယ် . . .”
	အသံတွေတုန်ကာ မို့ ပါးပြင်ထက်မှာ မျက်ရည်စက်တွေ တသောသော ဖြာဆင်းလာ၏။
	“ဟား . . ဟား . . ဟား . . .”
	မျက်ရည်စက်တို့ကို မြင်မှ သူ တဟားဟား ရယ်ပစ်လိုက်မိကာ . . .
	“ရိုက်ချင်တယ် ဟုတ်လား . . .။ ရတယ် . . . စမ်းကြည့်လိုက် . . .”
	လက်တွေကိုလွှတ်ပြီး ဒီတိုင်း ရပ်နေပေးလိုက်၏။ မိုကလည်း အားပါးတရ မြှောက်ရွယ်ကာ အတိအကျ ရိုက်ချလိုက်သည်။
	သို့သော် မို့လက်လေးကို ဘောလုံးပုတ်သလို ပုတ်ထုတ်ပစ်ကာ . . .
	“နောက်ထပ် မင်းကြိုးစားကြည့်စမ်း . . . ငါ ဘယ်လိုတုံ့ပြန်တော့မယ်ဆိုတာ သိသွား အောင် . . .”
	သူ ပုတ်ထုတ်လိုက်သဖြင့် လူပါ ယိမ်းယိုင်သွားကာ သူမရဲ့ အံကြိတ်ထားသည့် မျက်ဝန်းလေး တွေသာ စူးရဲရောက်ရှိလာ၏။ ပြီးတော့ . . .
	“ကြေညာပေးတဲ့အတွက် ကျေးဇူးတင်တယ် . . . ‘တွေ့ရင် ရှောင် . . . ပြန်တောင် လှည့်မကြည့်နဲ့’ ဆိုတဲ့ ဆိုရိုးတွေကို ကျွန်မမေ့သွားလို့ . . .”
	သွားကြားစေ့သံနှင့်ပြောကာ ပြန့်ကျဲကျနေသည့် ဖိုင်နဲ့ ပစ္စည်းတွေကို ပြန်ကောက်သည်။ ပြီးတော့ ကားထဲဝင်ကာ တံခါးကို ဂျိမ်းခနဲ ဆောင့်ပိတ်လိုက်ပေမယ့် . . .
	“ရော့ . . .”
	လက်တစ်ဝါးလောက် လျောကျနေသည့် မှန်ပေါ်ကနေ ချက်လက်မှတ်ကို ပစ်ထည့်လိုက်ကာ
	“နောက်တစ်ခေါက် ပြန်လာရှာရင် တွေ့တော့မှာ မဟုတ်ဘူး . . . အိမ်ရောက်မှ ဟိတက်နေမှာ စိုးလို့ . . .”
	မို့ ကိုယ်လေး တောင့်တင်းသွားသည်။
	ရင်ခွင်ထဲကို ကျလာသည့်လက်မှတ်မှာ သူ့မျက်နှာကြီး ကပ်လာသလို ခံစားမိနေကာ တက်ခေါက်မိတာလည်း ဖြစ်လျက် . . .
	ဒီကားစုတ်ကြောင့် . . .။
	နောက်ထပ် မျက်ရည်တွေလည်လာမိကာ အရင်မောင်းထွက်သွားသည့်ကားကို မျက်စိ တစ်ဆုံးကြည့်ရင်း မြင်ကွင်းက ဝေဝေဝါးဝါးဖြစ်လာ၏။ မျက်ရည်စက်နှစ်စက် တစ်ပြိုင်တည်း လျှောဆင်းသွားကာမှ အမြင်တွေ ကြည်လင်လာသည်။
	ထင်သလို ခိုင်းစေလို့မရတော့သည့် ကားဟာ စက်နှိုးတိုင်းလည်း ဘယ်တော့မှ ချက်ချင်းနိုး တယ်မရှိ . . .။ အရေးတကြီး သွားစရာရှိပြီး အကြီးအကျယ် ဒုက္ခပေးခဲ့တာတွေလည်း ရှိသေးသည်။
	ဒီတံခါးမှန်တွေ တင်မရ ချမရနှင့် ဒီတိုင်းပဲ ထားခဲ့ရတာ ကြာပြီဖြစ်သည့် ဒုက္ခကြောင့် . . .။ ခုတော့ . . .
	“တောက် . . .”
	ကားစက်နှိုးရင်း မှန်ကြားထဲကနေ သူပစ်ထည့်သွားသည့်ပုံစံကို ဖျောက်မရနိုင် . . .။
	ဒီမှန်တွေ တစ်ဆုံးထိ တင်ထားခဲ့မယ်ဆိုရင် ဒီလိုလုပ်သွားလို့ရမလား . . .။
	တွေ့ဆုံခဲ့ပုံတိုင်းကို သတိရမိကာ နာကျင်စွာ ဆုတောင်းမိသည်။
	နောက်ထပ် ဘယ်သောအခါမှ မဆုံပါရစေနဲ့ . . .။
××××××
အခန်း (၁၀)

	“နောက်ထပ် ဘယ်တော့မှ မဆုံရဘူး . . . ဒီလောက်ထိ စိတ်ဓာတ်ယုတ်ညံ့ အောက်တန်းကျ တဲ့ အမျိုးယုတ်ကောင်ရဲ့သွေးနဲ့ ဘယ်တော့မှ ဆုံစည်းခွင့် မပြုဘူး . . . မိဘကို လွန်ဆန်ပြီးမှ နင် ထင်သလို လုပ်ကြည့် . . .”
	ဦးအောင်ဘော် မျက်နှာကြီးက အသားမည်းမည်း . . . မျက်ခုံးထူထူနှင့် လေးထောင့်မကျ တကျပုံဖြစ်ကာ ဒေါသတကြီး ကြိမ်းဝါးနေတာ ပို၍ ကြည့်ရဆိုးသလို ဖြစ်နေခဲ့၏။
	ဇနီးဖြစ်သော ဒေါ်နှင်းဖြူသည် သမီးနဲ့ ခင်ပွန်းဖြစ်သူကြားမှာ ဘာမှ ဝင်မပြောနိုင်ရှာ . . .။
	သူမ ဆန္ဒအရဆိုလျှင် ခိုးရာလိုက်ပြေးခဲ့ပြီးပြီ . . .။ သူတို့ချင်းလည်း မပြတ်နိုင်ကြလို့ ခိုးချောင်ခိုးဝှက် ဆက်သွယ်နေခဲ့ကြတာ ဟိုလိုက်ဖမ်းရ . . . ဒီလိုက်ဖမ်းရ . . .။
	ရုတ်ရုတ်သဲသဲတွေ ထဖြစ်သွားကြတာပဲရှိသည်။
	ဖမ်းတဲ့လူကိုလည်း မမိ . . .။ ကိုယ့်သမီးကလည်း မပြတ်နိုင် . . . ပေါက်မိတဲ့နဖူး မထူးတော့ဘူးမို့လား . . .။
	ကိုယ့်ယောက်ျား ဒီလောက်ထိ သူ့သူဌေးအပေါ်မှာ သံယောဇဉ်ကြီးနေခဲ့မှန်း ခုမှပဲ သိရတော့ သည်။
	“မင်းက ဘာကြည့်တာလဲ . . .။ ငါ့ရှေ့မှာမို့လို့ ပါးစပ်ပိတ်နေပြီး . . . ငါကွယ်တာနဲ့ ဒီကလေး တွေကြားမှာ ရင်ကြားစေ့ပေးဖို့ စိတ်မကူးနဲ့ . . . မင်းကိုပါ ရိုက်သတ်ပစ်မှာ . . .”
	“အစ်ကို့ကို နှင်းက ဘာတွေများ ပြောခဲ့ဖူးလို့လဲ . . .”
	“မပြောလို့ ခက်တာပေါ့ . . . ။ မင်း ငါ့ကိုမပြောရဲလို့ နှုတ်ပိတ်ပြီး ကြည့်နေရတာ ငါသိတာပဲ . . .”
	“ဒါဆိုလည်း ကြည့်နေပေးဖော် ရပါလားဆိုပြီး အစ်ကို ကျေအေးပေးရမှာပေါ့ . . .”
	“ဘာကွ . . .”
	“ဟုတ်တယ်လေ . . . နှင်းစိတ်ထဲမှာ ဘာတွေရှိရှိ အစ်ကို့ စိတ်သဘောအတိုင်းပဲ နှင်း နေလာ ခဲ့တာ . . .။ နှင်း မွေးထားတဲ့ သမီးအပေါ်မှာတောင် နှင်း ဘာမှ မလွှမ်းမိုးခဲ့ဘူး . . .”
	“နှင်း မွေးထားတဲ့သမီးဆိုတော့ ငါနဲ့တော့ မဆိုင်ဘူးလား . . .”
	“အစ်ကိုနော် . . .”
	“မပြောနဲ့ . . . ငါမင်းထက် ကိုးနှစ်တောင်ကြီးတယ် . . . မင်းထက်သိတယ် . . . မင်းမသိ သေးတာတွေလည်း အကုန်သိတယ် . . . သိလို့ ပြောနေတာ . . .”
	ဦးအောင်ဘော်က နီလာဆင့် မျက်နှာငုံ့ထားတာကို စိုက်ကြည့်ကာ . . .
	“မိဆင့် . . .”
	“ရှင် . . .”
	“ဆူလိုက်ပြောလိုက်ရင် မျက်ရည်လေး တဝေ့ဝေ့နဲ့ ဘာမှမကျူးလွန်ခဲ့သလိုမျိုး . . . နင် ဘာဖြစ်လို့ ဒီကောင့်ကိုမှ မပြတ်နိုင်ဖြစ်နေရတာလဲ . . .။ ကိုယ်နဲ့လည်း အဆင့်အတန်းမတူဘူး . . . မိဘကလည်း အမျိုးယုတ် . . .”
	“အမျိုးယုတ်တဲ့အကြောင်း အစ်ကိုပဲ သိနေတာကိုး အစ်ကိုရဲ့ . . . ကလေးတွေက သိမှ မသိ တော့ . . .”
	“ငါကသိလို့ ပြောနေရင် မပြီးဘူးလား . . . ။ မင်းက ဘာတွေ ခင်းနေတာလဲ . . .”
	ဒေါ်နှင်းဖြူကလည်း မရဲတရဲနဲ့မို့ မျက်လွှာချသွားခဲ့၏။ ပြီးမှ . . .
	“မဟုတ်ပါဘူး . . . နှင်း ပြောချင်တာက လက်စွဲတော်ဆိုတဲ့ ကောင်လေးရဲ့အဖေအကြောင်း . . .”
	“အဲဒီကောင်က လူယုတ်မာ . . . သူ့အဖေကစပြီး ယုတ်မာလာခဲ့တာ . . . သူလည်း သူများကို ယုတ်မာဖို့ကြိုးစားရင်း သေခဲ့ရတာပဲ . . .”
	သားအမိနှစ်ယောက် မျက်လုံးချင်းဆုံသွားကြသည်။ သမီးနဲ့ ဆိုင်ရင်တော့ သူမမှာ ပို၍ ပြောရေးဆိုခွင့်ရှိတာမို့ ဒေါ်နှင်းဖြူက စိတ်တင်း၍ ပြန်မော့ကြည့်ကာ . . .
	“ဒါဆိုရင်လည်း ဘယ်လို ယုတ်မာခဲ့တာလဲဆိုတာ သမီးသိအောင် နည်းနည်းဖြစ်ဖြစ် ပြောပြ လိုက်ပါလား အစ်ကိုရယ် . . . လက်သည်းဆိတ်တော့ လက်ထိပ်နာပါတယ် . . . သူ့အဖေ ဘယ်လို ခံထားရတယ်ဆိုတာသိရင် အစ်ကို့သမီး အစ်ကို့ဘက်က ဖြစ်သွားမှာပေါ့ . . .”
	ပြောတာက ပြေရာပြေကြောင်းပေမယ့် ဦးအောင်ဘော်မျက်နှာကြီးက ပို၍ တင်းမာသွားခဲ့ပြီး . . .
	“ငါ့ကိုထိမှ နာရမှာလား . . . ‘လူအကြောင်း ပေါင်းမှသိ’ တဲ့ ငါနဲ့မပေါင်းသင်းခဲ့ရတဲ့ သူ့အကြောင်း ငါသိခဲ့တာ . . . ဒီကောင်တွေ တစ်မျိုးလုံး ယုတ်မာကြတာကို ငါ့သမီးနဲ့ လက်ထပ်ပေး ရမှာလား . . .”
	“ဒါဆိုလည်း . . .”
	“တိတ်စမ်း . . . စကားတွေ အစ်ထုတ်မနေနဲ့ . . . အေး . . . မင်းတို့ သိချင်ရင် ပြောပြမယ် . . . သူ့အဖေ သန်းမြတ်ဇော်ဆိုတဲ့ကောင်က ငါ့သူဌေးကို ငယ်ကျိုးငယ်နာဖော်ပြီး လူပုံအလယ်မှာ အလဲထိုးဖို့ ကြိုးစားခဲ့တာ . . .”
	“ငယ်ကျိုးငယ်နာဆိုတာ ဘာတွေလဲ . . . အစ်ကိုသိလို့လား . . . လူဆိုတာ ကောင်းတာထက် မကောင်းတာရှိခဲ့ရင် ပိုပြီး သတင်းဖြစ်လွယ်တယ် . . .”
	“မင်း ဘာပြောလိုက်တယ် . . .”
	“အစ်ကို စိတ်ဆိုးလည်း နှင်းကတော့ ပြောသင့်တာကို ပြောရမှာပဲ . . . အစ်ကို့သူဌေးက ကျေးဇူးရှင်လိုမျိုး ပတ်သက်တာရှိရင်ရှိ မရှိရင် ဒီဘက်မှာက နှင်းတို့ရဲ့ရင်သွေး . . .။ သူများအတွင်း ရေး ကိုယ် သေချာမသိဘဲ ဆုံးဖြတ်မှားရင် လူငယ်တွေ . . .”
	“နှင်းဖြူ . . .”
	ဦးအောင်ဘော် တော်ရုံစိတ်ဆိုးရုံနှင့် နာမည်ကို တစ်လုံးတည်း မခေါ်တတ်ပေ . . .။ ဒေါ်နှင်းဖြူ ထိုင်နေသည့် ဆိုဖာဘေးထိ ဆိုးဆိုးဆတ်ဆတ် လျှောက်သွားခဲ့လျက် . . .
	“မင်းက ငါ့ကို မသေချာမရေရာဘဲ လုပ်တတ်တဲ့ ကောင်လို့ ထင်လို့လား . . . ပြောစမ်း နှင်းဖြူ . . .”
	“တော်ကြပါတော့ ဖေဖေတို့ရယ် . . . ဆင့် သူ့ကို အဆက်ဖြတ်ပါ့မယ် . . .”
	ဆင့် ငိုရှိုက်ရင်း နေရာမှ ပြေးထွက်သွားလေသည်။ လင်မယားနှစ်ယောက် ခဏတစ်ဖြုတ် တိတ်ကျ ကျန်ခဲ့ပြီးမှ . . .
	“အဲဒီ သန်းမြတ်ဇော်ဆိုတဲ့ကောင်က သူ့အဖေလက်ထက်တည်းက ငါ့ဆရာရဲ့အဖေကို မိသားစုလိုက် ဘဝပျက်ပြိုကွဲအောင် လုပ်ခဲ့တာ . . . သူ့လက်ထက်ကျတော့ အဲဒီလိုပျက်စီးခဲ့တဲ့ ဆရာ့မိသားစုအကြောင်းကို ပုံကြီးချဲ့ပြောမယ်ဆိုပြီး ဆရာ့ကို လူတောမတိုးဖို့ အကျပ်ကိုင်ခဲ့တယ် ..”
	ဘယ်သူက လူကောင်းပါဆိုတာမျိုး လက်ညှိုးထိုးစရာမရှိပေမယ့် မိတ်ဆွေကောင်းတို့ ဝတ္တရားဆိုတာ လက်ညှိုးထောင် . . . ခေါင်းညိတ်လုပ်ပြီး သာရင်ပေါင်း . . . နာရင်ခွာ လုပ်ဖို့လား ..။
	မိတ်ဆွေကောင်းလည်း မဟုတ်ကြဘူး . . ။ သာပေါင်းညာစားလူစားမျိုးလည်း မဟုတ်ဘူး ဆိုတဲ့ သမာဓိနဲ့ ဘေးထွက်ရပ်နေပြီး အလဲထိုးစရာ အကွက်ကောင်းဆိုက်မှ လုပ်ကြံခဲ့သည်။
	ထိုအဖြစ်တွေက ကြာခဲ့ပြီပေမယ့် ကာယကံရှင်နဲ့ထပ်တူ သူတို့တစ်ဖွဲ့လုံး ဘယ်သူမှ မမေ့နိုင် . . .။
	ပိုဆိုးတာက ကိုယ့်မိဘတွေလည်း မသမာသူရဲ့ လက်ထောက်ချမှုကြောင့် မူးယစ်ဆေးဝါးတွေ နဲ့ လက်ပူးလက်ကြပ်မိပြီး မိဘတွေကစ၍ ပြိုကွဲခဲ့ကြတာ မိသားစုအကုန်လုံး ဖြစ်ကုန်ကြတာ အလေအလွင့် . . .။
	ဦးအောင်ဘော် ဒါကြောင့် ဆရာ့ကို ကိုယ်ချင်းစာသည်။ ကိုယ်နဲ့ သွေးမတော်ပေမယ့် ဘဝ ချင်း ဆင်တူနေခဲ့လို့ ဆရာ့လက်အောက်မှာ တောက်တိုမည်ရဘဝတည်းက သံယောဇဉ်ကြီးခဲ့၏။
	ဦးဟိန်းထက်ဟာ လူတော်လူကောင်းတစ်ယောက် ဟုတ်ချင်ဟုတ်လိမ့်မည်။ ဒါပေမဲ့ ကောင်းတူဆိုးဖက်တွေလို ပျော်ပျော်ကြီး လက်တွဲလုပ်ကိုင်လာကြပြီးမှ မကောင်းတာတွေ ပေါ်လာ တော့ အားလုံးက ဦးဟိန်းထက်ပေါ် ပုံကျကုန်သည်။
	ကုမ္ပဏီပိုင်ရှင်ဖြစ်ပေမယ့် ခေါ်ယူလက်တွဲထားကြသည့် ရှယ်ယာရှင်တွေကလည်း ပခုံးချင်း ယှဉ်နေကြသည်ဖြစ်ရာ ဦးဟိန်းထက်ပဲ ပိုအထိနာခဲ့၏။
	ဒါပေမဲ့ ဦးဟိန်းထက်ဘယ်လိုဘယ်ပုံ မှားယွင်းခဲ့ပါသည်ဆိုတာကို ဘယ်သူမှ ထောက်မပြ နိုင်ခဲ့ပေ . . .။ ဒါတွေကို တစ်ချိန်ချိန်မှာ ထောက်ပြဖို့ အကြံကြီးကြီးနှင့် အချက်အလက်တွေ မှတ်သား စုဆောင်းနေခဲ့သူက ဦးသန်းမြတ်ဇော်ရဲ့အဖေ ဦးမျိုးညွန့်ဖြစ်သည်။
	သူတင်ပြသည့် အတိအကျသော စာရင်းအင်း . . . အချက်အလက်များအရ ဦးဟိန်းထက် ထောင်ထဲရောက်သွားခဲ့၏။ မိသားစုများ သေကျေပျက်စီးကာ ပြည့်သျှင်တစ်ယောက်သာ အဝေး ရောက်နေသဖြင့် ဒီကြမ္မာဆိုးနှင့် လွတ်ကင်းကျန်ခဲ့သူဖြစ်ခဲ့သည်။
	ဒီလိုနာကြည်းချက်တွေနဲ့ ကုမ္ပဏီကိုရအောင် ပြန်ယူဖို့ ပြည့်သျှင်ဘက်က ကြိုးစားခဲ့တာ ဘာမှားယွင်းခဲ့လို့လဲ . . .။ ဖြစ်ချင်တော့ အခြေအနေမကောင်းတော့တဲ့ ကုမ္ပဏီကို ပြန်အဖတ်ဆယ်ဖို့ ကြိုးစားနေခဲ့သူက ဦးမျိုးညွန့်ရဲ့သားပဲ ဖြစ်နေခဲ့ရာ . . . ပြည့်သျှင်နဲ့ သန်းမြတ်ဇော် ရင်ဆိုင်ဖို့တွေ ဖြစ်လာခဲ့ရသည်။
	ဦးအောင်ဘော်က ဒါတွေကို စကားပြေဖတ်သလို ရွတ်ဖတ်ပြောနေရင်း မဲ့ကာ . . .
	“ကြွေးတုံ့ကြွေးတင်တွေ ဖြစ်ကုန်လို့ ရစရာရှိတဲ့လူက လိုချင်တယ် . . . မပေးနိုင်တဲ့လူက ပတ်ပြေးမယ် . . . ဒါပဲ . . .။ စပြီး ယုတ်မာခဲ့တာက ဦးမျိုးညွန့် . . . ဒီကုမ္ပဏီကို ငါ့ဆရာဘာကြောင့် ပဲ ပြန်လိုချင်ပါစေ . . . ဘာလုပ်ပစ်ဖို့ပဲရှိရှိ အစတည်းက သူ့ကုမ္ပဏီပဲ . . . သူ့အဖေ ဂုဏ်သိက္ခာကျ အရှက်ရခဲ့တဲ့အတွက် သူဘာလုပ်လုပ် တရားတယ် . . .”
	ဆရာအတွက် တစ်ယူသန် မုန်းတီးနေသည့် အောင်ဘော့်မျက်နှာကို ဒေါ်နှင်းဖြူက တိတ်ဆိတ်စွာ ငေးနေခဲ့၏။
	“ဒီကောင်ကသာ ဆရာ့ကိုမြင်ပြီး ကြောက်ဒူးတုန်သွားတာ . . . ကျပျောက်တဲ့လူက မနှမြော ရဘူး . . . ကောက်ရတဲ့လူက နည်းတယ် ထင်နေတာလေ . . . ။ ကုမ္ပဏီတစ်ခုလုံးကို သူ့တစ်ယောက် တည်းအင်အားနဲ့ ဘယ်လိုမှ ရပ်တည်ဖို့ မကြိုးစားနိုင်တော့ဘူး . . . ဒါကို မရမက ကြိုးစားတယ် . . . ဆရာ သူ့ကို မလွှမ်းမိုးရဲအောင် အတိတ်ကို ပုံကြီးချဲ့ ကြေညာမယ် ဘာညာနဲ့ ခြိမ်းခြောက် အကျပ် ကိုင်တယ် . . .”
	“သူဌေးက ဒီလို ခြိမ်းလုံးခြောက်လုံးတွေကို ဂရုစိုက်တဲ့ပုံမရှိပါဘူး . . .”
	ဒေါ်နှင်းဖြူက သူမထင်မြင်ချက်လေးကို မရဲတရဲဝင်ပြောကြည့်ရင်း . . .
	“နှင်းက လင်မယားချင်းမို့လို့ ပွင့်ပွင့်လင်းလင်းပြောနေတာ အစ်ကို . . . ဒေါသထွက်ဖို့ချည်း ပဲ စိုင်းပြင်းမနေဘဲ နားထောင်ပေးပါဦး . . .”
	ပြောတော့မည့် ဦးအောင်ဘော် ပါးစပ် ချက်ချင်း ပြန်ပိတ်၏။
	“အစ်ကို ပြောသလိုပေါ့ . . . ဘယ်သူ့ဘယ်သူမှ လူတော်လူကောင်း မဟုတ်ခဲ့ကြတော့ သူတို့ ချင်း ရှုပ်ထွေးခဲ့တာကို ရှင်းတာမှာလည်း တစ်ဖက်စောင်းနင်း ခံသွားရတဲ့လူ ဘယ်သူဆိုတာ အစ်ကို ပြောနိုင်လား . . .”
	“ဟ . . . ဆရာက ငါတို့ကို ဒါတွေပြောပြီး သူများမကောင်း ကိုယ်ပဲ အကောင်းလုပ်ခဲ့တာ မဟုတ်ဘူး . . . ငါတို့ဘာသာ ဆရာ့စိတ်နဲ့ လုပ်ကွက်တွေကို ရိပ်မိလာပြီး ငါတို့ဘာသာ သိလာခဲ့တာ တွေ . . .။ ဆရာ့မှာ တိုင်တောတတ်တဲ့အကျင့်မရှိသလို တိုးတိုးဖော်ထားတာမျိုးလည်း ဝါသနာပါတဲ့ သူ မဟုတ်ဘူး . . . မိတ်ဆွေကောင်းဆိုတာကို အသွေးအသားထဲကစပြီး အယုံအကြည်မရှိတဲ့လူမျိုး”
	“အဲဒီလို အစွန်းရောက်သမားတွေမှာ အမှားတွေအများကြီး ရှိနေတတ်တယ် အစ်ကို . . .”
	“ဘာ . . .”
	“နှင်းတို့ ဆုံးဖြတ်ရမှာက ကိုယ့်သမီးလေးအတွက် ဖြစ်နေတယ် . . .”
	“နှင်းဖြူ . . . မင်းက ဘာကိုမက်မောနေတာလဲ . . . ။ ဒီကောင့်သားကိုမှ ဘာတွေ ငဲ့ညှာ သနားနေတာလဲ . . .”
	“မက်မောတာက အစ်ကို့သမီးပျော်ရွှင်ဖို့ပါ . . . ငဲ့ညှာသနားတယ်ဆိုတာလည်း သမီးလေး စိတ်ဆင်းရဲနေရလို့ပဲ . . .။ နှင်း ကိုယ်တိုင်အစ်ကိုနဲ့ မဆုံခင်တုန်းက တဲစုတ်လေးထဲကနေ ပန်းလည် ရောင်းနေခဲ့ရတဲ့ . . .”
	“တော်တော့ နှင်း . . .”
	“နှင်း ဘာကိုမှ မမက်မောဘူးအစ်ကို . . . မစားရတဲ့လူကို ကျွေးချင်တယ် . . . မရှိရင်ပေးချင် တယ် . . . လက်စွဲတော်ဆိုတဲ့ ကောင်လေး ဘယ်လိုအဆင့်အတန်းဖြစ်ဖြစ် သမီးလေးကို သူတကယ် ချစ်တာ . . .”
	“ငါက အဆင့်အတန်းကြောင့် တားနေတာမှ မဟုတ်ဘဲ . . .”
	“အစ်ကို နာကြည်းနေတာတွေကလည်း အစ်ကိုနဲ့ တိုက်ရိုက်သက်ဆိုင်နေတာမှ မဟုတ်ဘဲ အစ်ကိုရယ် . . .”
	“ဆိုင်တယ် . . . ငါနဲ့သက်ဆိုင်တယ်ပဲ ယူဆထားတယ် . . .။ ဒီမှာ . . . လောကမှာ မျိုသိပ် ကြိတ်ကြံတတ်တဲ့လူက ကြောက်စရာအကောင်းဆုံးပဲ . . . ကိုယ်ဖြစ်ကိုယ်ခံ မှန်တယ်ထင်ရင် လုပ်ရဲ တဲ့လူက နာမည်မကောင်းပေမယ့် မြင့်မြတ်တယ် . . . ငါ့ဆရာက အဲဒီလိုလူပဲ . . . ။ ဒီကောင်နဲ့ ငါ့ သမီးကို ကြည်ဖြူပါဆိုတဲ့စကား မင်းနောက်ထပ် ပြောကြည့် . . .”
	ဦးအောင်ဘော် ကြိမ်းဝါးပြီးတာနှင့် ချာခနဲ လှည့်ထွက်သွားသည်။ ဒေါ်နှင်းဖြူ မျက်နှာငယ် နှင့် ဒီတိုင်း ကျန်ရစ်ခဲ့ရင်း သက်ပြင်းရှည်ကြီးချမိ၏။
	အပ်နဲ့ထွင်းရမည့် အနာလေးက ပေါက်ဆိန်နဲ့ပေါက်ရတော့မည့် ဒဏ်ရာကြီး ဖြစ်လာခဲ့ပြီ …။
××××××
အခန်း (၁၁)

	“ဆရာ . . .”
	“ထိုင် . . . ထိုင် . . .”
	သူ့ကိုမြင်တာနှင့် အောင်ဘော်က မတ်တတ်ရပ်ပြီး ကြိုသည်။ ပြည့်သျှင်က မေးဆတ်ထိုင်ခိုင်း ပြီး မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ကာ . . .
	“ဘာတွေ ထူးပြီလဲ . . .”
	“ထူးတယ် ဆရာ . . . ဒေါ်မေယုဆိုတဲ့ အဘွားအိုက ခုထိရှိနေသေးတယ် . . . ဒါပေမဲ့ မျက်လုံးတွေ ကွယ်နေပြီ . . .”
	ပြောပြီးတာနှင့် ဓာတ်ပုံတစ်ပုံထုတ်ပြကာ . . .
	“ဒီမှာ . . . ကျွန်တော်က မမြင်ဖူးတော့ ဓာတ်ပုံရိုက်ယူလာခဲ့တာ . . .”
	ဦးဆောက်ပန်းတို့ရွာကို ရောက်ခဲ့ကြသည့်အုပ်စုမှာ သူမပါခဲ့တော့ ဒေါ်မေယုဆိုတာကိုလည်း အောင်ဘော်က မသိခဲ့ပေ . . .။
	ပြည့်သျှင်က ဓာတ်ပုံကိုယူပြီး စူးစိုက်ကြည့်၏။
	တိုက်ကြီးက နည်းနည်းနောနောကြီး မဟုတ်ပေ . . ။ ရှုပ်ထွေးနေသည့် သစ်ပင်စိမ်းစိမ်းတွေ ကလည်း ပင်ကြီးပင်ငယ်တွေ ရှိနေပေမယ့် အလှစိုက်ထားတာနှင့် မတူဘဲ အလိုအလျောက် တောထ နေတာမှန်း သိသာ၏။
	“လူပုံက သေးပေမယ့် မြင်ရင်တော့ ဆရာ မှတ်မိမှာပဲ ထင်လို့ . . .”
	“ဟုတ်တယ် . . . သူပဲ . . .”
	ပြတင်းတစ်ချပ်မှာ ရပ်နေသော ကိုယ်တစ်ပိုင်းပုံက ခပ်သေးသေးပဲဖြစ်သည်။ ဒါပေမဲ့ သူ သိနေသည်။ အကြာကြီးကြည့်ပြီးမှ ပုံကိုပြန်ချ၍ . . .
	“အဲဒါ ဆုတ်ပစ်လိုက်တော့ . . .”
	“ဟုတ်ကဲ့ . . .”
	အောင်ဘော်က ချက်ချင်း ဆုတ်ဖြဲပစ်လိုက်သည်။ ပြီးမှ . . .
	“ဒါဆို ဆရာခိုင်းတဲ့အတိုင်း ကျွန်တော် ဆက်လှုပ်ရှားလိုက်မယ် . . .”
	“နေပါစေ . . . မင်းချည်းပဲ အလုပ်ရှုပ်နေမယ် . . . တီလုံးကို ငါခိုင်းပြီးပြီ . . .”
	“ဟုတ်ကဲ့ ဆရာ . . . ဒါဆို ကုမ္ပဏီကိစ္စတွေ ပြော . . .”
	“မပြောနဲ့ဦး . . . ငါ့မှာ စိတ်ရှုပ်စရာတွေ ရှိနေတယ် . . .”
	“ဟုတ်ကဲ့ . . . ဒါဆို . . .”
	အောင်ဘော် စကားရှေ့မဆက်သဖြင့် သျှင်က လှမ်းကြည့်လိုက်လျှင် အောင်ဘော်က တစ်နေရာကို ကြည့်နေလျက် . . .
	“ဟိုမှာ . . . ဟိုမှာ . . . သူပဲ ဆရာ . . အပေါ်ထပ်လှေကားဘက်ကို သွားနေတဲ့နှစ်ယောက်..”
	သျှင်က နောက်ကို လှည့်ကြည့်လိုက်လျှင် သူ့ကားကို ဓားနဲ့ပစ်၍ ဖြိုခွင်းသွားသည့် သောကို တန်းခနဲမြင်ကာ . . .
	“ဘယ်သူလဲ . . .”
	“ဒီဘက်က တီရှပ်အဖြူကျားနဲ့ကောင် . . . ။ အဲဒါ သန်းမြတ်ဇော်ရဲ့သားပဲ . . .”
	သျှင်က သန်းမြတ်ဇော်ရဲ့သားဆိုတာထက် သောနဲ့ တွဲနေသည့် အကြောင်းကိုပဲ စဉ်းစားကာ
	“ဟိုဘက်က ဂျာကင်အနီရဲရဲနဲ့ တစ်ယောက်ကိုရော မင်းသိလား . . .”
	“မသိဘူး . . . ဟိုကောင့်သူငယ်ချင်းနေမှာပေါ့ ဆရာ . . . လက်စွဲတော်ဆိုတာ အဲဒီအဖြူနဲ့ ကောင်ပဲ . . . ကျွန်တော့်သမီးကို ခွေးချောင်းချောင်းနေတာ . . .”
	အပေါ်ထပ်တက်သွားသည့် နှစ်ယောက်ကို သူလည်ပင်းလိမ်မတတ် ကြည့်နေမိစဉ် သောက ဖျတ်ခနဲ ပြန်ငဲ့ကြည့်လိုက်တာနှင့် တည့်တည့်တိုး၏။
	သျှင်က မျက်လုံးမလွှဲသလို ပြန်ကြည့်သည့် မျက်နှာကလည်း ထူးခြား အံ့ဩဟန်မရှိသည့်ပြင် နှုတ်ခမ်းအစုံမှာ ခပ်လွန့်လွန့်အပြုံးနှင့် အေးဆေးပြန်လှည့်သွား၏။
	ထိုအပြုံးကြောင့် သျှင် မျက်မှောင်ကုတ်သွားမိသည်။
	ဒီကောင်လေး ငါဒီမှာရှိနေတာကို ကြိုတင်ပြီး မြင်ထားတာလား . . . ဒါမှမဟုတ် ဟို တစ်ယောက်က လက်တို့ ပြထားတာလား . . .။
	သို့တည်းမဟုတ်သေးလျှင် အောင်ဘော်တို့ သားအဖတွေကိစ္စမှာများ တစ်ခုခု ပတ်သက်နေလို့ လား . . .။
	“ဆရာ . . ဟိုဘက်ကကောင်လေးကို သိလို့လား . . .”
	“သိတယ် . .”
	သျှင်က ဒါပဲဖြေပြီး မီနူးဘုတ်(ခ်)ကို ဆွဲယူကြည့်နေသဖြင့် အောင်ဘော်ကလည်း ထပ်မမေး တော့ပေ . . .။
	“ဒီကောင် ဘယ်တုန်းကမှ ကျွန်တော့်ရှေ့က ဖြတ်လျှောက်ရဲတာမဟုတ်ဘူး ... တောက် …”
	အောင်ဘော် ဒေါသတွေထွက်လျက် တက်ခေါက်၏။
	“ကိုယ့်သမီးကို မနိုင်နင်းလို့ ဒီလိုကောင်စားက လူပါးဝတာ . . .”
	“ဟိုဘက်က ချာတိတ်နဲ့ အစတည်းက တွဲနေတာလား . . .”
	သျှင်က မီနူးကြည့်နေရင်း မေးသဖြင့် အောင်ဘော်က သျှင်မျက်နှာကိုပဲကြည့်ကာ . . .
	“မဟုတ်ဘူး . . . သူ့ကို ဘယ်သူငယ်ချင်းအပေါင်းအသင်းနဲ့မှ မမြင်ဖူးဘူး . . .။ လာရင် လည်း တစ်ယောက်တည်း . . . လိုက်ရိုက်လို့ ခွေးပြေးပြေးရင်လည်း သူ တစ်ယောက်တည်းပဲ . . . အဲဒီတစ်ယောက်ကို ခုမှတွေ့တာ . . .”
	“ခုမှတွေ့တဲ့လူနဲ့ သူ တွဲလာတာပဲကွ . . . မင်းရှေ့မှာ အဖော်ရှိလို့ ဖြတ်လျှောက်ရဲတာပေါ့ . .”
	“ဟုတ်မယ် . . . သူငယ်ချင်းအားကိုးနဲ့ လူပါးလာဝတာနေမှာ . . . တပ်ကြီးတစ်တပ်လုံး ခေါ်လာရင်တောင် သင်းလိုကောင်နဲ့ မပေးစားဘူး . . .”
	“ဘာဖြစ်လို့လဲ . . .”
	“ဒီကောင်က သန်းမြတ်ဇော်ရဲ့သားပဲ ဆရာရယ် . . . လူကောင်းဟုတ်ပါ့မလား . . .”
	“မင်းကရော လူကောင်းမို့လို့လား . . .”
	ဗြုန်းခနဲ မျက်နှာမော့လာပြီး မေးချလိုက်တော့ အောင်ဘော်ကြောင်တောင်တောင် ဖြစ်သွား သည်။
	“ကျွန်တော်တို့ သူများမိသားစု ဒုက္ခရောက်အောင် လုပ်ခဲ့ဖူးလို့လား ဆရာရယ် . . တစ်စုံ တစ်ယောက် နစ်နာအောင်လည်း မယုတ်မာခဲ့ဘူး . . .”
	“အဟွန်း . . .”
	“ဆရာ ဘယ်လိုလူဖြစ်ဖြစ် . . . ဆရာလုပ်သမျှ ကျွန်တော်တို့ မြင်နေသိနေတာပဲ . . . ဆရာ အများကြီး ပေးဆပ်ခဲ့ရလို့ ပြန်ရသင့်တာကိုယူတာ . . .။ သန်းမြတ်ဇော်တို့ ယုတ်မာတာနဲ့ ဘာမှ မဆိုင်ဘူး . . .”
	သျှင်က မျက်ခုံးတွေတွန့်ကုတ်နေလျက် ခေါင်းခါသည်။
	“ဆိုင်တာ မဆိုင်တာ မင်းအလုပ်မဟုတ်ဘူး အောင်ဘော် . . . မင်းရဲ့လုပ်ရပ်တွေကြောင့် ငါ မေ့ချင်ခဲ့တဲ့ ပြဿနာတွေ အစပြန်ပေါ်လာမယ် . . . ငါဘာမှမကြားချင်တော့ဘူး . . .”
	“ဆရာ . . .”
	“တစ်ခုခုကို အပြိုင်လုပြီဆိုရင် ကိုယ့်ဘက်ပါလာအောင် ခြေကန်အားပြုစရာ ရှာကြမှာပဲ . . . ကိုယ့်ဘက်က အမှန်တရားကိုပြနိုင်ရင် သူ့ဘက်က အမှန်တရားတွေလည်း ထုတ်လာကြမှာပဲ . . . ဘယ်သူ မှားခဲ့ . . . ဘယ်သူမှန်ခဲ့တာတွေ ထားလိုက်တော့ . . .”
	“အဲဒါ ဟုတ်တော့ဟုတ်ပါတယ် ဆရာရယ် . . . ဒါပေမဲ့ သူက သန်းမြတ်ဇော်ရဲ့သား ဖြစ်နေလို့ . . . ကျွန်တော်ကလည်း ဆရာ့တပည့်အရင်းကြီးမှန်း သိနေလို့ဆိုရင်ရော . . . ကျွန်တော့် သမီးကို မရမက ပြန်ခိုးဖို့ ကြိုးစားနေတာ အဲဒီလို မရိုးသားမှုတွေပါနေရင် ကျွန်တော့်သမီးအတွက် ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ . . .”
	သျှင်က ဘာမှမပြောဘဲ ဝိတ်တာလျှောက်လာတာကို မီနူးထဲကပဲ လက်ထောက်ပြပြီး အသံ တိတ် မှာလိုက်၏။ ပြီးမှ . . .
	“ဒါဆို . . . ငါတို့ရှိခဲ့တဲ့ အတိတ်တွေကို စုဆောင်းတင်ပြပြီး မင်းသမီးရဲ့ အနာဂတ်အတွက် ကောင်းဖို့ ကြိုးစားတာပေါ့ . . .”
	“ဟာ . . . မဟုတ်ဘူး . . . မဟုတ်ရပါဘူး ဆရာရယ် . . . သန်းမြတ်ဇော်ရဲ့သား ဖြစ်နေလို့ ဆိုတာပဲ ပြောခဲ့မိတာပါ . . . သမီးကို ဘာမှမပြောခဲ့ပါဘူး . . .”
	“တော်ပြီ . . . ငါမကြားချင်တော့ဘူး . . .”
	အောင်ဘော် လုံးဝအသံတိတ်သွားခဲ့၏။ ရှင်းပြမှ ပိုရှုပ်တယ်ဆိုတာ ဒါမျိုးလား . . .။
	သူပြောတာ ဘာမှားသွားခဲ့သလဲ . . .။
	ပြည့်သျှင်ကိုငေးရင်း ဘယ်လိုထပ်ဖြေရှင်းရမှန်းလည်း မသိ . . .။
××××××
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၆) ကို  မနက်ဖြန်ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စာရေးဆရာမ သျှင်မရဲ့ “ဂန္ထဝင်ချစ်ထုံး” အခန်းဆက်ဝတ္ထုရှည်ကို တနင်္လာ၊ အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းတွင် ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
…….
“တကယ်လို့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျာ”
“ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့လည်း မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 


Related Posts