သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၂) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက် ဝတ္ထုရှည်
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၂) 
…….
အရပ်မြင့်မြင့် ဖြူဖြူသွယ်သွယ်နှင့် သော ပုံစံမှာ ကြည့်ရှုမကောင်းတဲ့ အင်္ဂါရပ်ဆိုတာ ဘာမှ မရှိပေ . . ။ ထို့ကြောင့် ဗရုတ်သုတ်ခပုံ ဘယ်လိုပဲ လုပ်ထွက်လာလာ ရှင်းသန့်ကြည်စင်နေသည့် ဥပဓိ ရုပ်က အနည်ထိုင်သွားတယ်ဆိုတာ မရှိ . . .။
	အိမ်ရှေ့ကနေ ဂငယ်ကွေ့အတိုင်း ဝိုက်ချသွားသည့်ကားကို ရင်မောနေမိကာ ဦးယက္ခ သက်ပြင်းချသည်။ သော ရင်ထဲမှာတော့ သက်ပြင်းချသံကို မကြားဘဲ သိနေခြင်းနှင့်အတူ မကျေနပ် သေးသည့်စိတ်ကြောင့် ညမှုညတာမှာတောင် လီဗာကို စိတ်ကြိုက် ဖိနင်းထားသည်။
သူ့အတွက် မိဘဆိုတာ ဘယ်မှာလဲ . . .။
	ငါ့မှာ အမေရှိနေသေးတယ် ဆိုပေမယ့် သူ့နှလုံးသားဒဏ်ရာနဲ့ သူ . . . ။ သားတစ်ယောက်လုံး ရှိနေသေးတယ်ဆိုတာကိုတောင် အမေ့တလျော့ ဖြစ်နေပုံပါ . . .။
	ဒီမေတ္တာတရားကြီးကို မျှော်တလင့်လင့်နဲ့ မော့ငေးလွမ်းဆွေးနေတာတော့ မဟုတ်ပေမယ့် မေမေ ခံစားနေရတယ်ဆိုတဲ့ နှစ်တွေ နည်းတော့လို့လား . . .။
	ပြီးတော့ မေမေ့စိတ်ကို သူသိသည်။ မေမေ ဒီလောက်ထိ အသည်းနုတဲ့သူ မဟုတ်ပေ . . .။ နာကျင်စရာတွေကို ပြောပြခံစားနေရစဉ် မျက်ဝန်းတွေမှာ ဆွေးမြည့်ကြေကွဲနေတတ်ပေမယ့် စီးပွားရေး လူမှုရေးနယ်ပယ်တွေမှာကျတော့ သူ့အပိုင်းနဲ့သူ ခွဲခြားခံစားသွားတာ တည်တည်ငြိမ်ငြိမ် . . .။
	ထို့ပြင် ပြောရင်ပြတ်သည် . . .။ လုပ်ရင် ရှင်းသည် . . . ။ သူ့ပုံစံအတိုင်းပဲ သားတစ်ယောက် ကို ထုဆစ်ပုံဖော်ခဲ့တာ ဖြစ်၏။
	ငယ်စဉ်က လက်ပွန်းတတီးရှိခဲ့ကြသည့် အချိန်တွေမှာ သူ့စိတ်ထဲက မေမေ့စိတ် . . . မေမေ့ ခံစားချက်တွေနဲ့ ဖြစ်ကာ . . .။ မေမေ အနားမှာ မနေတော့သည့် ကာလတွေမှာ ဘာရှိခဲ့သလဲ . . .။
	အထီးကျန်မှုတွေကို သူ ဝါသနာပါတာတွေနဲ့ လုံးထွေး အချိန်ဖြုန်းရင်း လူတကာတွေထက် အစွန်းရောက်သူလို အောင်မြင်မှုတွေ ဖြစ်လာခဲ့သည်။
	သော ဆိုတဲ့ကောင် အရမ်းတော်သည်လို့ ပြောစမှတ်တွင်ခြင်းက သူ့ဘဝ အထီးကျန်ခဲ့သမျှ၏ အဆိုးထဲက အကောင်း . . .။
	ဒါနဲ့တောင် ဝါသနာပါတာလေးတော့ လုပ်ပါစေဆိုတာမျိုး မပေးနိုင်ဘူးလား . . .။
	ကားမောင်းနေရင်း စိတ်နဲ့လူက တစ်သားတည်းမကျဘဲရှိစဉ် ဖုန်းဝင်လာ၏။
	“ပြော . . .”
	“မင်း အပြင်မှာလား . . .”
	“ဟုတ်တယ် . . .”
	“ငါတို့ ကန်ဘောင်မှာ အားလုံးရှိတယ် . . .”
	“ဘဲကင်ဆိုင်ကို လိုက်ခဲ့ကွာ . . . စားသောက်ပြီးမှ ပြန်ထိုင်မယ် . . .”
	“ပြီးရော . . .”
	ဗိုက်ထဲမှာ ဟာနေသည်။ လောလောဆယ် တစ်ခုခုစားဖို့ထက် ကျန်တာ အရေးမကြီး . . .။
	ညနေ ခြောက်နာရီဆို သူညစာစားနေကျ . . .။ ရှစ်နာရီဆို ဒါက ညလယ်စာ . . .။
	အိမ်မှာရှိနေချိန်မို့ ညလယ်စာကို အိမ်မှာတစ်ခုခု လုပ်ခိုင်းတတ်သော်လည်း မကြိုက်သည့် အစားအစာဆို နည်းနည်းလေးမှ သည်းခံမျိုမချနိုင် . . .။
	ကားကို ရုပ်ရှင်ရုံလမ်းဘက်ကနေ ကူးပြီး တစ်ဖက်ကို ကွေ့လိုက်လျှင် အမှောင်ကျသည့်ဘက် ကနေ အဖြူရောင်အရိပ်တစ်ရိပ် ပေါ်ထွက်လာ၏။
	ရှေ့ကတစ်ယောက် . . . နောက်မှာသုံးယောက် . . .။
	သူ သေချာစိုက်ကြည့်ပြီး ရှေ့ကလူကို ရှောင်၍ နောက်ကလူရဲ့ရှေ့ကနေ ကားကို ဖြတ်ဝိုက် လိုက်၏။
	“ဟာ . . .”
	“ဟေ့ . . . ဘာလုပ်တာလဲ . . .”
	အနက်ရောင်ဂျာကင်တွေနဲ့ချည်း သုံးယောက်ဖြစ်ကာ ကိုင်လာသည့်တုတ်တွေက သေးသေး လုံးလုံးတွေမို့ တုတ်တွေလား . . . သံချောင်းတွေလားဆိုတာတောင် မသိနိုင် . . . ။
	မတော်တဆ မဟုတ်မှန်း သိလိုက်ကြသဖြင့် သော ထွက်လာတာမြင်သည်နှင့် တုတ်တွေကို လွှဲပြီး နှစ်ယောက်က ဝင်ရိုက်သည်။
	တစ်ယောက်က သူ့နောက်ကို ပြေး၏။ လှည့်ကြည့်လိုက်တော့ ထွက်ပြေးသည့် အဖြူရောင်က ဆက်မပြေးဘဲ အနားမှာ ရပ်ကြည့်ခဲ့သည်။
	တစ်ယောက်၏တုတ်ဖျားကို ရှောင်ကာ တစ်ယောက်၏ လက်ရင်းကို အမိအရ ဖမ်းဆုပ်လိုက် သည်။ မျက်စိကိုရော လက်ကိုပါ တရစပ် လှုပ်ရှားပစ်လိုက်လျှင် တစ်ယောက် ခွေခနဲ ကျသွား၏။
	လက်ထဲရောက်လာသည့်တုတ်ကို အဖြူရောင်ဆီ ပြေးဝင်သွားသူထံ လှမ်းပစ်လိုက်ပြီး အနားက တစ်ယောက်ကို ပွဲသိမ်းပေးလိုက်သည်။
	အဖြူရောင် ခပ်ပိန်ပိန်လူငယ်က တုတ်နဲ့ပြေးလာသူကြောင့် နောက်ဆုတ်ရှောင်ဖို့ ပြင်လိုက် ပေမယ့် ရှေ့မှာပဲ အွန့်ခနဲ ကော့ထွက်သွားသည့် အဖြစ်ကြောင့် အံ့အားသင့်သွား၏။
	“ဟေ့ကောင် . . . တက် . . .”
	“ဟင် . . .”
	အနားမှာ ကားရပ်လိုက်မှ နောက်မှာ လူရိပ်တွေ ပြေးလိုက်လာကြတာကို မြင်သည်။ ထို့ကြောင့် ကမန်းကတန်း ကားထဲဝင်ထိုင်လိုက်ရသည်။
	ပြီးတော့ နောက်ကို ကြည့်လိုက် . . . ကားမောင်းသူကို ကြည့်လိုက်နှင့် . . .
	“မင်းကို ကျေးဇူးတင်ပါတယ် . . . မဟုတ်ရင် ငါတော့ သေပြီ . . .”
	“ဘာလဲ . . . မီးခံသေတ္တာ ဝင်ဖောက်တာလား . . .”
	လူကို လှည့်မကြည့်ဘဲ မေးနေသည့်မျက်နှာကို သူကပဲ ကြည့်ကာ သက်ပြင်းကြီးချမိရင်း . . .
	“မီးခံသေတ္တာ ဖောက်ရဲရင် ဒီလောက်တောင် ကြောက်အားလန့်အားကြီး ပြေးပါ့မလားကွာ . . . ပြီးတော့ မင်းလို ဖိုက်တာဆိုရင်လည်း တော်သေးတယ် . . . ။ ဒါနဲ့ နောက်က လိုက်လာတဲ့လူတွေ ကို မြင်လို့ ထွက်ပြေးခဲ့တာလား . . . ငါတောင် မင်း ငါ့နားရောက်လာမှ မနည်းပြူးပြဲကြည့်လို့ မြင်တာ . . .”
	“အဲဒီလောက် လျင်တာ ကောင်းပါတယ် . . . ဒါပေမဲ့ မင်း ပြဿနာတော့ ရှာရဲတာပဲ . . .”
	“ပြဿနာက ငါရှာတာ မဟုတ်ပါဘူး . . . ငါ့ချစ်သူနဲ့ ငါ့ကို သူတို့က ခွဲခဲ့ကြတာ . . .”
	“ဘာ . . .”
	“ငါတို့ ခိုးပြေးကြတာ တစ်လကြာတယ် . . . လက်ထပ်ထားပြီးတဲ့ ကိုယ့်မိန်းမကို ဘယ်သူက ခိုးရာပါပစ္စည်း လူမိသလိုမျိုး အလွယ်တကူပြန်ပေးပြီး မြန်မြန်ဆန်ဆန် မေ့ပစ်နိုင်မှာလဲ . . .”
	အဖြစ်တွေက ဒီလိုရှိခဲ့တာလား . . .။ သော ကားမောင်းရင်း ပြုံးလိုက်မိသည်။
	“ရပြီမို့လား . . . ဆင်းတော့ . . . ”
	မပြောမဆို ကားရပ်လိုက်တော့ ထိုပုဂ္ဂိုလ်က တအံ့တဩနှင့် . . .
	“ဒီမှာပဲ ဆင်းရမှာလား . . .”
	“မင်းကို ဟိုလူတွေလက်က လွတ်အောင် ဆွဲထုတ်လာတာလေ . . .။ အိမ်တိုင်ရာရောက် လိုက်ပို့ပါ့မယ်လို့များ ပြောမိလို့လား . . .”
	ခပ်လှမ်းလှမ်းက မီးတိုင် မီးရောင်နှင့် သောကို သူက သေချာ ပြန်ကြည့်နေသေးသည်။
	“မင်းက မင်းသားပဲကွ . . . အားကျစရာပဲ . . .”
	“ဘာလဲ . . . ဘာတွေပြောပြော မင်းကို လိုက်ပို့ဖို့ စိတ်ကူးမရှိဘူး . . .”
	“မပို့ရပါဘူးကွာ . . . ငါ အတည်ပြောတာပါ . . . မင်းက ရုပ်လည်းဖြောင့်တယ် . . . ဖိုက်တော့လည်း မိုက်တယ် . . . ငါဆိုရင် လက်သီးတစ်လုံးတောင် ဖြောင့်အောင် မထိုးတတ်ဘူး . . .။ ငါ့နာမည်က လက်စွဲတော် . . . မင်းကရော . . .”
	“လက်စွဲတော် ဟုတ်လား . . . အဟွန်း . . .”
	“ဘာရယ်တာလဲ . . .”
	“မင်းပုံစံနဲ့ မင်းနာမည် လိုက်ပါတယ် . . . ”
	“ဘာဖြစ်လို့လဲ . . .”
	“မင်း ဘယ်တော့မှ သူများရဲ့ ရှေ့ဆောင်ဦးစီးဖြစ်မှာ မဟုတ်ဘူး . . .”
	“နာမည်ကြောင့်လား . . .”
	“ဟုတ်တယ် . . .”
	“ငါ့အမေကတော့ မရှိမဖြစ် အလိုအပ်ဆုံးလို့ အဓိပ္ပာယ်ယူထားတာတဲ့ . . .။ ငါကလည်း ကြိုက်တယ် . . .”
	“ကောင်းပါတယ် . . . ကိုယ် ကျေနပ်ဖို့ပဲလိုတာ . . . ကဲ . . . ဆင်း . . .”
	“နေပါဦး . . . မင်းနာမည် ပြောဦးလေ . . .”
	“ငါ့နာမည်ကိုတော့ ငါက မကြိုက်ဘူး . . . ဒါပေမဲ့ ဒီနာမည်ပဲ ဖြစ်နေရတယ် . . . ဒါပေမဲ့ မပြောချင်ဘူး . . .”
	“ဒါပေမဲ့ တွေကလည်းကွာ . . .”
	“သောလို့ပဲ မှတ်ထားလိုက် . . .”
	“သော . . . မိန်းမနာမည်လိုပဲ . . .”
	သောက ပြုံးလိုက်ပြီး . . .
	“ငါကတော့ မိန်းမဆန်တဲ့ကောင်ဆို မကြိုက်ဘူး . . .”
	ကားပေါ်ကဆင်းနေခဲ့ပေမယ့် ကားထွက်သွားတဲ့နောက်ကို ရပ်ကြည့် ငေးမောကျန်ခဲ့သည့် ပုံရိပ်က ဘက်ခ်မှန်မှာ ပေါ်နေသေးသည်။
	သူငယ်ချင်းတွေနဲ့ တွေ့ကြတော့ သူတို့က ကြိုရောက်နေကြတာမို့ လည်ပင်းတွေရှည်အောင် မျှော်နေကြတာ ဆိုင်ထဲမဝင်ခင်တည်းက မြင်နေရ၏။
	“အစ်ကိုရေ . . . မင်္ဂလာပါခင်ဗျာ . . .”
	“ဘယ်လိုလဲ . . မင်း အဆင်ပြေလား . . .”
	“ပြေတယ် အစ်ကို . . . အစ်ကို့ကို အရမ်းကျေးဇူးတင်ပါတယ် . . . ကျွန်တော် အိမ်မှာ ထွက်ပေါက်ပိတ်သလိုဖြစ်ပြီး ရူးလောက်အောင် ခံစားနေရတာ . . .။ ဒီအလုပ်က အတော်ပဲ . . . တွေးချိန်ငေးချိန် ရှိတယ် . . . မမြင်ချင် မကြားချင်တာတွေလည်း ဘာမှမကြားရဘူး . . .”
	ဧည့်ကြိုကောင်လေးနဲ့ သူ စကားပြောနေတာကို အထဲကနေ လှမ်းကြည့်ပြီး ရှုံ့မဲ့နေကြ၏။
	“မင်းကွာ . . . ရောက်လေရာမှာ မသိတဲ့သူရော ရှိရဲ့လား . . .”
	“ကဲ . . . ရောက်လာပြီဥစ္စာ . . . ထားလိုက်စမ်းပါ . . .။ သူ့ကုသိုလ်နဲ့သူ . . .”
	နားလည်ပေးနေသူက တစ်မျိုး . . . နားမလည်အောင် ဖြစ်နေတာကတစ်ဖုံ . . . သူထိုင်လိုက် တာနှင့် စားသောက်စရာတွေ မှာလိုက်ကြကာ . . .
	“ဘယ်လိုလဲ သော . . .”
	“ဘာလဲ . . .”
	“ကြည့်ရအောင် . . . ပြ . .”
	“ဟေ့ကောင် . . . မင်းက ဘာလဲ . . . သောကို ဘာပြခိုင်းနေတာလဲ . . . လူလယ်ကောင်မှာ . . .”
	ဝိုင်းထက်က ညီဇင့်ကို မေးဆတ်မေး၏။ ညီဇင်က လက်ကာပြကာ သောကိုပဲကြည့်၍ . . .
	“မနေ့ညက ကလပ်မှာ အမှတ်တရတွေပေးသွားတဲ့ အိန်ဂျယ်လေ . . . ဒီလောက် အမှတ်တရ ကြီးဖြစ်ခဲ့တာ . . . ခုလောက်ဆို ဒီကောင် အပြင်မှာ ကောက်ကြောင်းတွေ ထင်ပြီးနေပြီပေါ့ . . .”
	“ဟုတ်တယ် . . . ပြီးပြီ . . .”
	“ဟမ် . . .”
	ဝိုင်းထက်တို့ မျက်လုံးအဝိုင်းသားဖြစ်သွား၏။ ဒီကောင် တကယ်ပါလားလို့ တွေးမိကာ ညီဇင် တပ်အပ်ကြီးမေးလိုက်တာ မှန်သွားခြင်းအတွက် အထင်တကြီးတွေပါ ဖြစ်၏။
	သူတို့တွေထဲမှာ ထူးထွေဆန်းပြားခြင်းတွေ အများဆုံးကို ပိုင်ဆိုင်၍ မွေးဖွားလာသူဟာ သော ပဲ ဖြစ်လေသည်။ စာဆိုလျှင် ကျောင်းသင်ခန်းစာဖြစ်ဖြစ် . . . ဘယ်လိုစာဖြစ်ဖြစ် သောကကျက်စရာ မလိုပေ . . .။ ဖတ်ကြည့်လိုက်တာနှင့် မှတ်မိသည်။
	သည် . . . ၏ မလွဲ အာဂုံဆောင်နိုင်ဖို့အတွက် အနည်းငယ်အာရုံစိုက်ပြီး မှတ်လိုက်တာနှင့် ရသွားတတ်၏။ ထို့ကြောင့် ကျောင်းသားဘဝမှာ ပညာတော်ခဲ့သည်။
	တိုက်ခိုက်သတ်ပုတ်တဲ့ ပညာရပ်တွေကျတော့လည်း သူ့လောက် လက်မြန်တာမရှိ . . .။ ပစ်မှတ်ကို ချိန်ရွယ်ပြီးပစ်တာ သိပ်မဆန်းပေမယ့် သောက လက်ဆနေဖို့ မလိုဘဲ လိုရာကို တန်းခနဲ ရောက်အောင် ကောက်ကာငင်ကာ ပစ်နိုင်တာမျိုး . . .။
	နောက်ထပ် ပါရမီထူးတစ်မျိုးသည် သောက ပန်းချီပညာလည်း တော်၏။
	ဒါကျတော့ ဘယ်ဆရာနဲ့မှ လက်ထပ်သင်ကြားထားတာ မဟုတ်ပါဘဲ ပုံတူရေးခြင်းကို ဝါသနာအလျောက် လုပ်တတ်လာခဲ့ရင်း လက်ရာမြောက်လာခဲ့တာ ဖြစ်သည်။
	ခုနောက်ပိုင်းတွေမှာတော့ သူ့စိတ်စွဲလမ်းမှုတစ်ခုခု ကျန်ခဲ့ပြီဆိုလျှင် ထိုအရာကို ပုံတူရေး၍ ဖြေသိမ့်တတ်ခြင်းတစ်ခု တိုးလာခဲ့၏။
	ထို့ကြောင့် ညီဇင်က တပ်အပ်သိပြီး တန်းခနဲမေးလိုက်တာ ဖြစ်သည်။
	“ငါ ထင်သားပဲ . . . မင်း ပါးနှစ်ချက်တောင် ခံလိုက်ရတာ . . . တစ်ခုခုတော့ ကျန်ခဲ့ပြီ ဆိုတာ . . .”
	ညီဇင်ကပဲ ထပ်ပြောသည်။ ဝိုင်းထက်က အံ့ဩနေဆဲနှင့် . . .
	“ဒါက ဟုတ်ပါတယ် . . . ဒါပေမဲ့ မင်း သူ့ကိုခဏပဲ မြင်လိုက်တာမို့လား . . .”
	“ထပ်မြင်စရာမှ မလိုတာ . . .”
	သူမအကြောင်း ပြောဖြစ်လိုက်တာနှင့် သော မျက်နှာက တည်တည်တင်းတင်း ချက်ချင်းဖြစ် ၏။
	“တော်တော် လက်ယဉ်တဲ့မိန်းမ . . .”
	မကျေမနပ်ပြောပြီး နှာခေါင်းတစ်ဖက် တွန့်ခနဲပါသွားအောင် မဲ့သည်။
	ကိုယ် အမှတ်တမဲ့ ခံလိုက်ရသည် . . .။ ကိုယ်က ရမ်းကားချင်တာမှ မဟုတ်ဘဲ . . . ဒါကို ဒေါသမထွက်ရဘူးလား . . .။ ထပ်ဆွဲမိတော့ ထပ်ဆင့်ရိုက်၏။
	ဘယ်လိုဖြစ်ရတာလဲဆိုတာ မတွေးဘဲ ဒီလောက်တောင် လက်ယဉ်ရသလား . . .။
	ထိုညက ဝိုင်းတို့သာ သူ့ခြေလှမ်းတွေ မရပ်မချင်း လိုက်လံတားဆီးမနေဘူးဆိုလျှင် သူမကို သူဘယ်လို တုံ့ပြန်မိမည်မသိနိုင် . . .။
	မူးယစ်ရီဝေနေသည့်အရှိန် မပြယ့်တပြယ်နှင့် စိတ်ရင်းဓာတ်ခံကိုက ဘာကိုဖြစ်ဖြစ် ခွင့်မလွှတ်တတ်အောင် ကျင့်ထားပြီးသား . . .။
	“သော . . . မင်းအဲဒီတစ်ယောက်ကို တင်းနေတာလား . . . စွဲနေတာလား . . .”
	“စားစရာရှိရင် စား . . .”
	“ရှိမှ မရှိသေးတာ . . .”
	“မရှိရင်လည်း ကိုယ့်လျှာကို လှိမ့်ဝါးနေလိုက် . . .”
	“ငါတို့က နွားတွေမှမဟုတ်တာကွ . . . မေးကြည့်တာလေးကို ဖြစ်နေလိုက်တာ . . .။ ငါတို့က လည်း မင်းခံလိုက်ရတာကို ကျေနပ်တယ် မှတ်လို့လား . . .”
	“အဲဒါကြောင့် . . . တက်ညီလက်ညီ လိုက်တားကြတာလား . . .”
	“ဒါကတော့ မင်းစိတ်က လွတ်နေပြီလေ . . .”
	“မဖြစ်သင့်တာ မဖြစ်အောင်လို့ . . .”
	“တော်တော့ . . . နားငြီးတယ် . . .”
	တော်တော့ဆိုတာနှင့် သုံးယောက်စလုံး ပါးစပ်ပိတ်သွားကြကာ . . .
	“မင်း ဟိုတစ်ပတ်တုန်းက ရွှေတောင်ကြားမှာ ရန်ဖြစ်တာ အကြီးအကျယ်ပဲ . . . ဘာဖြစ်တာ လဲ . . .”
	သော မျက်နှာတစ်မျိုးပြောင်းသွားသည်။ ပြီးတော့ ခေါင်းခါ၍ . . .
	“ဘာမှမဖြစ်ဘူး . . .”
	“မင်း ဘာမှမဖြစ်တာ သိပါတယ် . . . အကြီးအကျယ်လို့ ပြောရလောက်အောင် . . .”
	“ဘာမှမဖြစ်ပါဘူးဆိုမှ . . .”
	“ဒါပေမဲ့. . . မင်းနဲ့ဖြစ်ခဲ့တာက ဘာမှမဟုတ်တဲ့လူ မဟုတ်ဘူးကွ . . .”
	သောက ဖျတ်ခနဲ မျက်လွှာပင့်ကြည့်သည်။
	“ဒီဘဲကြီးက ဦးပြည့်သျှင်တဲ့ . . . အရမ်းချမ်းသာတာ  . . . သူက မင်းလောက်အရွယ်တည်း က မင်းလိုပဲ တော်တယ် . . . တော်တာမှ မင်းလိုပဲတော်ပြီး မင်းထက် မိုက်ရိုင်းခဲ့တာတွေတောင် ရှိတယ် . . .”
	“မင်းက သိနေတာလား . . .”
	“ငါ့အဖေနဲ့ တစ်နယ်တည်းသားတွေ . . .”
	“မင်းအဖေက ငါတို့ဖြစ်ခဲ့ကြတာကို . . .။ ပြီးတော့ ငါနဲ့ဖြစ်ခဲ့တာ ဒီလူကြီးမှန်း ဘယ်လိုလုပ် သိတာလဲ . . .”
	“အဖေက သူ့သူဌေးရဲ့ခြံထဲက ကားနဲ့ပြန်ထွက်လာတာ . . . မင်းတို့ဖြစ်ကြတာကို မြင်တယ် တဲ့ . . .။ ပြီးသွားတဲ့အထိ ကြည့်နေခဲ့တာတဲ့ . . . အကြီးအကျယ်တွေတော့ ဖြစ်ကြပြီလို့ တွက်မိပေ မယ့် ဦးပြည့်သျှင်ဘက်က ဒီတိုင်းဆုတ်ပြန်သွားလို့ အံ့ဩနေတာ . . .”
	သော နှုတ်ခမ်းမှာ ပြုံးယောင်သမ်းသွားသည်။
	“မင်းလိုလူနဲ့ ဟိုလိုလူ နှစ်ယောက်တွေ့ရင် ဒင်ခနဲ ဒေါင်ခနဲ မီးပွင့်သွားကြမှာကို . . .”
	“ဒါဆို . . . ငါတို့ ဘာတွေဖြစ်ခဲ့သလဲဆိုတာပါ မင်းတို့ သိနေပြီပေါ့ . . .”
	“သိတယ် . . . ဒီမလာခင်မှာပဲ ကန်ဘောင်မှာ ထိုင်မိကြရင်းနဲ့ ပြောမိကြတာ . . . ဦးပြည့်သျှင်ရဲ့ ကားမှန်ကို မင်းတမင်ခွဲပြီး ဓားနဲ့ပစ်ထည့်လိုက်တာလား . . . ။ မင်းလက်က လမ်းကြောင်းလွဲသွားတာ မဖြစ်နိုင်ပါဘူး . . .”
	“အေးလေ . . . ပြီးတော့ ဒီလိုလူတွေနဲ့ ဖိုက်တာလောက်ကို မင်းဓားသုံးတတ်တာမှ မဟုတ်တာ . . .”
	“သူတို့ဓားရော မဖြစ်နိုင်ဘူးလား . . .”
	သောရဲ့မေးခွန်းကြောင့် သူတို့ အသံတိတ်သွားပြန်သည်။ စားစရာတွေ ရောက်လာတော့ စားပွဲတွေ ဟိုရွှေ့ဒီပြင်နှင့် ခဏတော့ စကားပြတ်သွားခဲ့ပြီး . . .
	“ငါ့ကိုယ်ငါ ကာကွယ်ရင်းနဲ့ စဉ်ထွက်သွားတာ . . .”
	“ဓားက ကားထဲရောက်သွားသေးလား . . .”
	“ရောက်ရင် သေသွားမှာပေါ့ကွ . . . သူ့ဟာသူ ကားမောင်းပြန်သွားတာ မင်းအဖေမပြောဘူး လား . . .”
	သောက စားစရာကို ဆွဲယူပြီး စားသောက်ဖို့ ပြင်နေပြီမို့ သူတို့ ဘာမှဆက်မမေးကြတော့ပါ . . .။ မေးလာကြရင်လည်း သူ့ဘက်က ဘာမှထပ်ပြောပြမှာ မဟုတ်ပေ . . .။
	သောဆိုတဲ့ နာမည်ခပ်နုနုနဲ့လူဟာ ကျစ်ခဲသော နှလုံးသားနှင့် ချော်ရည်ပူကဲ့သို့ သွေးမဟုတ် သော သွေးတို့ဖြင့် အသက်ဆက်ရှင်လာခဲ့သူ . . .။
	သူ့ခန္ဓာကိုယ်ဟာ သွေးဖြင့် တည်ဆောက်ခဲ့တာလား . . . အပူမီးတို့ဖြင့် စတင်ခဲ့တာလား . . . သူ့ကိုယ်သူ မသိပေမယ့် သမိုင်းကတော့ သိလိမ့်မည် . . .။
	သူသိနေတာက သူ့အနာဂတ်ကို ဘယ်လိုသွားရမည်ဆိုသည့် ဦးတည်ရမည့်လမ်း . . .။
××××××
အခန်း (၄)

	“အာစရိ . . .”
	“ဘာလဲ . . . ဘာပြောမလို့လဲ . . .”
	တီလုံးက သူ့ဘေးမှာ လာဝင်ထိုင်သည်။
	“ကားကို . . .”
	“ပြန်ထည့်ထားလိုက် . . .”
	“အာစရိ . . . ကျွန်တော့်အထင် . . .”
	“ကားမှန်ကွဲသွားတာ ဘာဖြစ်လို့လဲ . . .”
	ပြည့်သျှင်မျက်နှာက တင်းပြတ်နေတာ မဟုတ်ပေမယ့် အေးစက်လွန်းသည့် မျက်ဝန်းတွေက မလိုလားစွာ စိုက်ကြည့်လာပြီဆိုလျှင် တစ်ဖက်လူ၏စကားလုံးတို့ကို ထစ်ငေါ့ ဆွံ့အသွားစေတာ အမှန် . . . ။
	တီလုံး စကားမဆက်ရဲဘဲ ရုတ်တရက် ပြန်မပြောနိုင် . . .။ ပြည့်သျှင်ကလည်း ဟိုတုန်းကလို ဆိုလျှင် စိတ်မထင်တာနှင့် မောင်းထုတ်ပစ်မိမှာပေမယ့် ခုချိန်မှာ တီလုံးက သူ့အတွက် ညီအစ်ကို လည်းဟုတ် . . . ရဲဘော်ရဲဘက်ကောင်းတစ်ဦးလည်း ဖြစ်သောကြောင့် . . .
	“ပြောလေ . . . ဘာဖြစ်နေတာလဲ . . .”
	“ဒီကားက အာစရိကို နိမိတ်ကောင်းမပေးပါဘူး အာစရိရယ် . . .”
	“မင်း ငါ့ကို အာစရိလို့ခေါ်တာ အရင်ပြင် . . .”
	“ဗျာ . . .”
	“ငါ အဲဒါတွေ ဘာမှပြန်မကြားချင်တော့ဘူး . . .”
	ငေးခနဲဖြစ်သွားပေမယ့် ဘယ်လိုခေါ်ရမှာလဲလို့ သူထပ်မမေးရဲပေ . . .။
	ပြည့်သျှင်လက်ထဲက အကောင်းစားဝိုင်တွေအပြည့်နှင့် ဖန်ခွက်ကိုပဲ နောက်ထပ်အကြည့် ရောက်မိလျက် . . .
	“ဟုတ်ကဲ့ပါ ဆရာ . . .”
	မျက်နှာအနည်းငယ် ငဲ့စောင်းလာပေမယ့် ဘာမှမပြောသဖြင့် တီလုံး စိတ်သက်သာသွားကာ..
	“ကူရှင်မှာ စိုက်နေတဲ့ ဓားကလည်း . . .”
	“ထားလိုက် . . . အဲဒီအတိုင်း . . .”
	“ဟုတ်ကဲ့ပါ . . . ကျွန်တော်ပြောချင်တာက ဒီဓားချက်ကို ကြည့်ရရင် ဒါမတော်တဆ ဘယ်လိုမှ . . .”
	“တမင်တကာ ငါ့ကိုလုပ်ကြံတာဆိုရင် ဘာကြောင့် ဖြစ်နိုင်သလဲဆက်ပြော . . .”
	“မပြောနိုင်ပေမယ့် ဆရာရယ် . . . ဓားတစ်ချက်နဲ့ မှန်တစ်ချပ်လုံး ကြွေကျတဲ့အားက . . .”
	“တစ်ချက် မဟုတ်ဘူး . . . နှစ်ချက်ထိတာ . . .”
	“ဟင် . . .”
	“ပထမတစ်ခါ ရိပ်ခနဲဝင်လာတာ . . . ဒါပေမဲ့ အဲဒါ ဓားမဟုတ်တာ သေချာတယ် . . . ဘာမှန်းမသိလိုက်ဘူး . . . နှစ်ချက်ဆက်တိုက်ဖြစ်သွားတာ သုံးလေးစက္ကန့်လောက်ပဲ ကွာမယ် ထင်တယ် . . .”
	“ဒါဆို လုံးဝသေချာနေတာပဲ ဆရာရယ် . . . ပထမတစ်ခါ မှန်ကိုဒဏ်ရာပေးပြီး ဓားနဲ့ပစ်ခွဲ တာက ဆရာ့ဆီ တည့်တည့်ရောက်ဖို့ပဲ . . . ဆရာ မရှောင်လိုက်ရင် . . .”
	“မဖြစ်ခဲ့တာကို အကျယ်ချဲ့ တွေးမနေနဲ့တော့ . . . ငါ့ခေါင်းတွေ အဲသလောက် လက်မခံနိုင် သေးဘူး . . .”
	“ဆရာ လက်မခံပါနဲ့ . . . ကျွန်တော် တစ်ယောက်လုံး ရှိပါတယ် ဆရာရယ် . . . ပြောရရင် ဒီကားကို ရောင်းထုတ်ပစ်သင့်နေပါပြီ . . . ပြီးတော့ ဟိုဂိုဒေါင်လုံးကြီးကိုလည်း . . .”
	“တီလုံး . . .”
	“ပြောကြည့်တာပါ ဆရာ . . ဆရာ ဒါတွေကို မမြင်ချင် မကြားချင်ဘူးဆိုရင် ပြီးခဲ့သမျှတွေ အားလုံးကို . . .”
	“တီလုံး . . မင်း ဘာမှမသိဘဲနဲ့ မပြောနဲ့ . . . ငါ့ရင်ထဲက အကန့်တွေရှိသမျှ မင်းဘာမှ မသိနိုင်သရွေ့ မင်းပြောသမျှ ငါနားဝင်ချိုမှာ မဟုတ်ဘူး . . . မင်းသိအောင်ပြောဖို့လည်း ငါစိတ်မဝင် စားဘူး . . .”
	တီလုံး ဘာမှမပြောနိုင်တော့ပေ . . .။
	“ငါဘာကို ထုတ်ဖယ်ပစ်ချင်သလဲ . . .။ ဘာကို ဖက်တွယ်ထားချင်သလဲ . . .။ အဲဒါတွေကို ငါတစ်ယောက်တည်း ခံစားချင်တယ် . . . ငါခံစားနေရတဲ့အတိုင်းပဲ ရှိနေချင်တယ် . . . အဲဒီတော့ ငါက မလုပ်နဲ့ဆိုတာကို မင်း ရှေ့ထပ်တိုးဖို့ မစဉ်းစားနဲ့ . . .။ ဒီကားနဲ့ပတ်သက်တဲ့အကြောင်း နောက်ထပ် မကြားချင်ဘူး . . .”
	တီလုံး အကြာကြီး ငိုင်သွားမိသည်။
	ပြီးတော့ မျက်နှာချင်းဆိုင် နံရံကပ်အံဝှက်လေးကို မျက်လုံးရောက်သွားခဲ့၏။ အံဝှက်ကို ဆလိုက်မှန်တပ်ထားကာ အတွင်းမှာ အပြာရောင်မီးလုံး မြှုပ်ထည့်ထားသည်။
	ပြာလဲ့လဲ့ မီးရောင်လေး၏အောက်မှာတော့ မှန်ပတ်လည်မှာ ရွှေကနုတ်ဘောင်ခွေထားသည့် သေတ္တာရှည်လေးနဲ့ ရှိနေသည့် ဆံနွယ်ရှည်တွေ . . .။
	ဒီအချိန်ဆို . . . ဒီဘားမှာ ဆရာ ထိုင်နေကျ . . .။ ဒီခုံ ဒီနေရာမှာပဲဖြစ်ဖြစ် ရေခဲသေတ္တာကို ဘားထဲမှာထည့်၍ ဖွင့်ရုံဆွဲထုတ်ရုံ လက်တစ်လှမ်းအကွာမှာပဲ အရက်နဲ့ဝိုင်တွေကို နှစ်သက်သလို ထား၏။
	ဒီအခန်းထဲမှာ ဧည့်သည်ကို ဧည့်မခံပေ . . .။ သူနဲ့ ထမင်းချက်ဒေါ်ဖြူတစ်ယောက်ပဲ ဒီထဲကို ဝင်ထွက်ခွင့်ရကာ ဆရာ့ကို ပြောရဲဆိုရဲကြတာလည်း သူတို့ပဲဖြစ်၏။
	ဆရာ ဒီမှာ ထိုင်သည် . . .။ ဆံပင်ရှည်တွေကို တစိမ့်စိမ့်ကြည့်၍ ညဥ့်နက်သန်းခေါင်းကျမှ အိပ်ခန်းထဲ ပြန်ရောက်သွားတတ်သလို ဒီတိုင်း အိပ်ပျော်နေတာတွေလည်း ရှိ၏။
	လွန်ခဲ့သော နှစ်နှစ်ဆယ်လောက်က အရက်တွေသောက်ရင်း မိုးလင်းခဲ့သည့်နေ့တွေများစွာ ရှိခဲ့ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်သွားခဲ့တာလည်း ဂရုမစိုက်ခဲ့ . . .။
	သူ့ကို နိုင်တဲ့လူမရှိသလို . . . ရှိနေတဲ့သူကလည်း မပြောရဲခဲ့ပေ . . .။ စိတ်ပြေလက်ပျောက် နိုင်ငံခြားတစ်နေရာရာကို ခရီးထွက်ပါလားဆိုတော့လည်း မဟုတ် . . .။
	ဒီတိုင်းပဲ အခန်းအောင်းကာ ဖြစ်ချင်တိုင်း ဖြစ်နေခဲ့သည်။ ခုနစ်နှစ် ရှစ်နှစ်လောက် တိုင်းခြား ပြည်ခြားကို ရောက်သွားခဲ့ပေမယ့် ပြန်ရောက်လာတော့လည်း ဒီအတိုင်း . . .။
	ကိုယ့်ဆရာလိုလူရဲ့ရင်ထဲမှာ ဒီလောက်ထိ စွဲလမ်းခံစားတတ်နေတာကို ကြာလာလေ အံ့ဩမိ လေ . . .။
	“တီလုံး . . .”
	“ဗျာ . . . ဆရာ . . .”
	“ဟိုကောင့်သတင်း မင်း ကြားလား . . .”
	“ကြားတယ် ဆရာ . . . ဒါပေမဲ့ မထူးခြားသေးဘူး . . .”
	“ဟုတ်တယ် . . . ဒီကောင် မြန်မာပြည်မှာပဲ ရှိနေတယ် . . . ဟွန်း သူ့ခြေထောက်နှစ်ချောင်း ဘယ်လောက်အပြေးသန်သလဲ ကြည့်ရသေးတာပေါ့ . . .”
	“ဒီကောင် ပျောက်နေတာလည်း အန္တရာယ်ကြီးတယ်နော် ဆရာသူက ကိုယ့်ရဲ့အတွင်းလူ ဖြစ်နေတဲ့အတွက် ကိုယ်ရွှေ့မယ့် အကွက်တိုင်းကို သူက သိနေတော့ . . . ကုပ်ဆွဲဖမ်းနိုင်ဖို့က မလွယ် ဘူး . . .”
	“သူ ဘာမှမသိအောင် ဘာအကွက်မှမရွှေ့ဘဲ နေလိုက်ရင် ပြီးပြီ . . .”
	ပြည့်သျှင်စကားသံတွေက ရေရွတ်နေတာနှင့်မတူဘဲ ကြိမ်းမောင်းခြင်းနဲ့သာ တူ၏။
	ပြီးတော့ ဖန်ခွက်ကိုင်၍ ထသွားရင်း ဆံပင်တွေရှိနေသည်။ အံဝှက်လေးရှေ့မှာ ရပ်လိုက် သည်။
	မီးရောင် ပြာလဲ့လဲ့သည် နက်ပြောင်သော ဆံနွယ်ရှည်တို့ အသက်ဝင်နေစေကာ သူဒီတိုင်း နှစ်ပေါင်းများစွာ ထားခဲ့ပေမယ့် နေ့စဉ် ဖြီးသင် ပြုပြင်နေသကဲ့သို့ လှပ သေသပ်နေခဲ့၏။
	ပြီးတော့ ဆံနွယ်တွေက ဒီတိုင်း ဝပ်စင်းငြိမ်သက်နေခဲ့တာမဟုတ်ဘဲ ဆံနွယ်ရှင်မရဲ့ ဦးခေါင်း ထက်မှာ အိနွဲ့လှုပ်ခတ်နေကြသည်။
	“ဦးဆောက်ပန်း . . . မင်းက ငါ့ဘဝထဲမှာ အမြဲရှိနေတယ် . . . ငါ့နှလုံးသားကလည်း မင်း ရှိနေတဲ့အရပ်မှာပဲ ရှိနေတာပါ . . .။ မင်းကို ငါဘယ်တော့မှ မမေ့ဘူး . . . ဘယ်တော့မှလည်း ငါ့ဘဝ ထဲက နုတ်ထွက်ခွင့်ပြုမှာမဟုတ်ဘူး . . . မင်းကို ဘာကြောင့်မှန်းမသိဘဲ သိပ်ချစ်ခဲ့မိသလို . . . မင်း သေဆုံးခဲ့ပေမယ့် မသေဆုံးသေးတဲ့ ငါ့အချစ်တွေက မင်းဆီမှာပဲ အကြောင်းပြချက်မဲ့စွာရှိနေခဲ့တယ် . . .။ အဲဒါ ဟိုတုန်းတည်းကနေ အခု . . . နောင်အခါ နှစ်ပေါင်းစွာ . . . ငါ့ရဲ့ နောက်ဆုံးထွက်သက် ကုန်ဆုံးသရွေ့ . . .”
	စိတ်တွင်းမှ ရေရွတ်နေမိရင်း ပွင့်ဟမလာသော နှုတ်ခမ်းအစုံက ခပ်လွန့်လွန့်လှုပ်ခတ်၍ . . .
	“မင်းကို ငါ့နှလုံးသားတစ်ချက်ခုန်လိုက်တိုင်း မဟောင်းနိုင်တဲ့အချစ်တွေနဲ့ပါ ဦးရယ် . . .”
××××××
သျှင်မ - ဂန္ထဝင်ချစ်ထုံး (အပိုင်း - ၃) ကို နောက်တစ်ပတ် တနင်္လာနေ့ ( ၂၈-၅-၁၈ ) ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စာရေးဆရာမ သျှင်မရဲ့ “ဂန္ထဝင်ချစ်ထုံး” အခန်းဆက်ဝတ္ထုရှည်ကို တနင်္လာ၊ အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းတွင် ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
…….
“ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့လည်း မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 

Related Posts