အေဘရာဟင် လင်ကွန်း [ Famous Failures - 1 ]


“ကမ္ဘာကျော်ရှုံးနိမ့်မှုတွေကြားက အောင်မြင်ခဲ့ကြသူများ”

၁။ အေဘရာဟင် လင်ကွန်း - Abraham Lincoln 

လင်ကွန်းဆိုရင် အမေရိကန်သမ္မတတစ်ဦးမှန်း ဝန်ဇင်းပရိသတ်ကြီး သိပြီး ဖြစ်ပါလိမ့်မယ်။ ခုချိန်ကနေ ပြန်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော် ၊ ( ၁၈၀၉ ) ခုနှစ်မှာ အေဗရာဟင်လင်ကွန်းကို မွေးဖွားတယ်။ သူ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ( ၁၆ ) ယောက်မြောက်သမ္မတအဖြစ် ကမ္ဘာသိ ကျော်ကြားတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကျော် တစ်ဦးပဲပေါ့။ လင်ကွန်းဟာ ရိုးသားဖြောင့်မတ်တယ်၊ တည်ကြည်တဲ့ စိတ်နေစိတ်ထား ရှိတယ်။ ပြီးတော့ တစ်ဖက်ပိတ်သမား မဟုတ်ဘဲ အရာရာကို အမြင်ကျယ်ကျယ် ရှုမြင်လေ့ရှိသူအဖြစ် ထူးခြားထင်ရှားတဲ့ လူတစ်ဦး။ 

သူ့ရဲ့ ဘဝကနောက်ကြောင်းက ရွှေဇွန်းတပ်ထားတာ မဟုတ်ဘူး။ တောကြီးမျက်မည်းမှာ မွေးဖွားခဲ့တဲ့ လင်ကွန်းဟာ စာရေးတတ် စာဖတ်တတ်ဖို့ ကိုယ့်အားကိုယ်ကိုးပြီး သင်ယူခဲ့ရတဲ့အထိ ဘဝကို တစ်ထစ်ချင်း တက်လာတဲ့သူ။  သစ်ခုတ်သမားဘဝ၊ လှေထိုးသမားဘဝ စတဲ့ အလုပ်ကြမ်းသမား ဘဝကနေ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာတဲ့အချိန်မှာလည်း နိုင်ငံရေးပရိယာယ်တွေကို ကျွမ်းကျင်လိမ္မာစွာနဲ့ အမြော်အမြင်ရှိရှိ ကိုင်တွယ်သွားနိုင်တဲ့သူ။ သူ နိုင်ငံကို အုပ်ချုပ်တဲ့အချိန်က အမေရိကန်သမိုင်းတစ်လျှောက်မှာ အဘက်ဘက်က စိတ်ဝမ်းကွဲမှုအရှိဆုံး အခြေအနေလို့ ဆိုရမှာပေါ့။ တစ်တိုင်းပြည်လုံး အစိတ်စိတ်အမွှာမွှာနဲ့လေ။ ဒါ့အပြင် ပြည်တွင်းစစ်ကြီးကလည်း ရှိသေးပြန်ရော။ ပြည်တွင်းစစ်ကြောင့် ပြာကျနေရတဲ့ အမေရိကန်ပြည်ထောင်စုကြီးကို ထူထူထောင်ထောင် ဖြစ်စေခဲ့တဲ့ သူ့ရဲ့ ဉာဏ်ပညာနဲ့ စိတ်အားထက်သန်မှုတို့ကို ခုချိန်ထိ တခုတ်တရ ပြောဆိုနေရတုန်းပါပဲ … ။ 

ပြည်တွင်းစစ်ကို အကျိုးရှိစွာ ရပ်တန့်စေနိုင်ခဲ့တဲ့ သူ့ရဲ့ နိုင်ငံခေါင်းဆောင်မှုစွမ်းရည်နဲ့ ဉာဏ်ပညာတို့ဟာ လင်ကွန်းဆိုတဲ့ နာမည်နောက်မှာ ထပ်ကြပ်မကွာ ကပ်ပါနေကြတယ်။ နိုင်ငံရဲ့သမိုင်းမှာ အသိအမှတ်ပြုခံရဆုံး နာမည်တစ်လုံးက အေဗရာဟင်လင်ကွန်းပဲ။ ခုချိန်ထိ အမေရိကန်တို့ နှလုံးသားထဲမှာ စွဲမြဲစွာနဲ့ မှတ်ကျောက်တင်ထားကြရဆဲ။ ဒီလောက်ထိ ကမ္ဘာကျော် အောင်မြင်ခဲ့တဲ့ လင်ကွန်းရဲ့ဘဝမှာ အရာရာက ရေကန်အသင့် ကြာအသင့်နဲ့ လွယ်ကူချောမွေပြီး အဘက်ဘက်က သာယာနေခဲ့တာတော့ မဟုတ်ဘူးဆိုတာတော့ သိထားဖို့ လိုအပ်ပါတယ်။ 

၁၈၃၂ ခုနှစ်၊ သူ့အသက် ၂၃ နှစ်မှာ အလုပ်လက်မဲ့ဖြစ်တယ်။ နောက်သုံးနှစ်အကြာမှာတော့ ဘဝနဲ့ရင်းပြီး မြတ်နိုးတွယ်တာရသူ ချစ်ဇနီး ကွယ်လွန်တယ်။ နောက်သုံးနှစ်အကြာမှာရော ? ရှုံးနိမ့်မှုတွေက ဆက်တိုက်ပါပဲ။ ဘာလို့ဆို အီလီနွိုက်ပြည်နယ်ရဲ့ ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် အရွေးမခံခဲ့ရဘူး။ ကျရှုံးခဲ့တယ်။ နည်းနည်းတော့ ထိတယ်။ သူက အဲ့ဒီအတွက် အများကြီး မျှော်လင့်ထားသလို အတော်လည်း ကြိုးစားခဲ့တာကိုး။  

၁၈၄၈ ခုနှစ်၊ သူ အသက် ၃၉ နှစ်ရှိပြီ။ အဲ့ဒီအချိန်မှာ ကန်ဟာ မက္ကစီကို,ကို စစ်ကြေညာပြီးတဲ့အချိန်ပေါ့။ လင်ကွန်းက ကွန်ဂရက်မှာ စစ်ကြေညာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတယ်။ ဒါပေမဲ့ စစ်အတွက် အဘက်ဘက်က ထောက်ပံ့ကူညီနေချိန်။ အများမိုးခါးရေမသောက်ခဲ့သူ လင်ကွန်းရဲ့ ဝေဖန်ချက်ဟာ သူ့အတွက် အမတ်ဖြစ်ဖို့ အခွင့်အလမ်း ပိတ်သွားပြန်တယ်။ သူ့ရဲ့ စစ်အပေါ် ရှုတ်ချဝေဖန်မှုကို အဖက်မလုပ်ကြဘူး။ ကွန်ဂရက်လွှတ်တော် ဆောင်းရာသီ ဒုတိယအကြိမ် အစည်းအဝေးမှာလည်း ကျွန်ရောင်းဝယ်မှုကို ကန့်သတ်ဖို့အဆို တင်တာလည်း ရှုံးနိမ့်ပြန်တယ်။ 

အဲ့ဒီကနေ ဆယ်နှစ်ကြာပြီးနောက် ကြီးမားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာပြီ။ ယင်းဆယ်နှစ်အတွင်းမှာလည်း သူ့ရဲ့ ဘဝအခြေအနေက စုတ်ပြတ်ပေရေနေတဲ့ ရှေ့နေရုံးခန်းလေးမှာ ဘဝကို ကျားကုတ်ကျားခဲ ဖြတ်သန်းခဲ့ရသေးတယ်။ ဒါပေမဲ့ ၁၈၅၈ ခုနှစ်၊ သူ့အသက် ၄၉ နှစ်လောက်မှာတော့ သူဟာ တိုင်းသိပြည်သိ ပုဂ္ဂိုလ်တစ်ဦး။ ရီပတ်ဗလီကင်ပါတီက လင်ကွန်းကို အီလီနွိုက်ပြည်နယ်အမတ်အဖြစ် အရွေးခံဖို့ ဆုံးဖြတ်ထားတဲ့အချိန်ပေါ့။ သူကိုယ်တိုင်ကလည်း အီလီနွိုက်ရဲ့ အမတ်အဖြစ် ရာနှုန်းပြည့် သေချာနေပြီလို့ တွေးထားပြီးပြီ။ ဒါပေမဲ့ …

အမေရိကန်ကလည်း လင်ကွန်းကို အာရုံစိုက်နေချိန်၊ လင်ကွန်းပြောတဲ့ ကျေးကျွန်ပြဿနာကို လူထုက နားလည်ပြီး လင်ကွန်းဘက်မှာ ရှိချိန်၊ တစ်ဖက်က ပြိုင်ဖက်ဖြစ်သူ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဒေါက်ကလပ်နဲ့ နိုင်ငံရေးစကားအချေအတင်ပွဲ ခုနစ်ပွဲ ပြီးသွားချိန်မှာတော့ လင်ကွန်းမျှော်လင့်ထားသလို ဖြစ်မလာဘဲ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်က ဒေါက်ကလပ်ကိုပဲ ရွေးခဲ့ကြတယ်။ လင်ကွန်းက ဒေါက်ကလပ်ထက် လူထုမဲဆန္ဒ ( ၁၆၀၀ ) လောက် ပိုခဲ့တာတောင်မှပေါ့လေ။ လင်ကွန်း ဘယ်လောက် စိတ်ထိမလဲဆိုတာ တွေးသာကြည့်တော့ … ။ 

ဒါပေမဲ့ သူ အရှုံးမပေးခဲ့ဘူး။ နိုင်ငံရေးခံယူချက်နဲ့ ယုံကြည်မှုတို့အတွက် ရှေ့ဆက်တိုးခဲ့တယ်။ ကြိုးစားခဲ့တယ်။ သူ့ရဲ့ အောင်မြင်မှုကို ပြန်ကြည့်ရင် ၁၈၄၆ မှာ ကွန်ဂရက်လွှတ်တော်သို့ အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ ( နောက်တစ်ကြိမ်တော့ ဆက်အရွေးမခံရဘူး။ ၁၈၄၉ ကနေ ၅၄ နှစ်အထိတိုင်အောင် သူ့ရှေ့နေအလုပ်ကို ပြန်လုပ်နေခဲ့တယ်။ ) ၁၈၆၁ ခုနှစ် ၊ သူ့အသက် ၅၂ နှစ်မှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်လိုက်ကြပြီပဲ ဖြစ်ပါတယ်။ 

လင်ကွန်းရဲ့ ငယ်ဘဝက ကြမ်းတယ်။ အသက် ၁၀ နှစ်လောက်မှာ အမေဆုံးတယ်။ ဖခင်ဖြစ်သူက ပညာကို ကျကျနန သင်ခဲ့ဖူးသူ မဟုတ်။ ဒီတော့ သားဖြစ်သူ ပညာရေးအတွက် အားပေးရကောင်းမှန်း မသိတာ သိပ်မဆန်း။ လင်ကွန်းဟာ သူ့ရဲ့ ပညာရေးအတွက် ဘယ်သူ့ဆီကမှ အားပေးထောက်ပံ့မှုမျိုးလည်း ရခဲ့သူ မဟုတ်ခဲ့ဘူး။ ငယ်ငယ်က ရေးတတ်ဖတ်တတ်ရုံလေး သင်ပြီး ကျောင်းမှ ထွက်ခဲ့ရတယ်။ အရွယ်ရောက်လာသည့်တိုင် ပညာမည်မည်ရရ မတတ်။ နောက်မှ သူကိုယ်တိုင် လုံ့လ ဝီရိယတို့ကို အားစိုက်ထုတ်ပြီး ပညာဗဟုသုတတွေကို ဆက်လက် ဆည်းပူးခဲ့တာပဲ ဖြစ်ပါတယ်။ သူ့မှာ ထူးခြား ထင်ရှားတဲ့ အမူအကျင့်တွေ ရှိတယ်။ အဲ့ဒီထဲက တစ်ခုကတော့ 

-	စာဖတ်ခြင်း။ 

လင်ကွန်းက ငယ်ငယ်ကတည်းက စာသမားတစ်ဦးပဲ။ ညဥ့်နက်သန်းခေါင်တိုင်အောင် ဖယောင်းတိုင်မီးအလင်းနဲ့ စာဖတ်တယ်။ ဘယ်သူ့ဆီကရရ ရနိုင်မယ့်စာအုပ်ကို ငှားပြီး ဖတ်တယ်။ တောင်းပြီးဖတ်တယ်။ စာဖတ်တဲ့အလေ့အကျင့်ဟာ သူရဲ့ နောက်ဆုံးအချိန်အထိ စွဲစွဲမြဲမြဲ ပြုလုပ်သွားတဲ့ အကျင့်တစ်ခုပဲပေါ့။ သမ္မတဖြစ်တော့လည်း စာဖတ်တာကို မပြတ်ပါဘူး။ မနက်စောစောထတယ်။ လမ်းလျှောက်တယ်။ ပြီးတော့ တိတ်ဆိတ်တဲ့ တစ်နေရာရာမှာ တစ်ယောက်တည်း စာဖတ်ရင်းနဲ့ မနက်စောစောအချိန်တွေကို ကုန်ဆုံးလေ့ရှိတယ်။ 

သူ့က တစ်ခုဆိုတစ်ခု စူးစိုက်စွဲမြဲစွာ လုပ်လေ့ရှိတဲ့သူ။ နိုင်ငံရေးနယ်ပယ်မှာ လင်ကွန်း အတိုက်အခံများစွာနဲ့ ခဏခဏ ကျရှုံးတယ်။ ဒါပေမဲ့ သူ့ယုံကြည်ချက်အတွက် နောက်မဆုတ်တမ်း ကြိုးစားခဲ့တယ်။ ဘယ်လောက်ပဲ ရှုံးနိမ့်စိတ်ပျက်စရာတွေ ကြုံကြုံ ဦးတည်ချက် မပျောက်ခဲ့ဘူး။ ရည်ရွယ်ချက် အပျောက်မခံခဲ့ဘူး။ အောင်မြင်အောင် ကြိုးစားခဲ့တယ်။ ဖြစ်အောင်လုပ်ခဲ့တယ်။ 

“အောင်မြင်ရမယ် ဆိုတဲ့ ခင်ဗျားရဲ့ အဓိဋ္ဌာန်ဟာ အခြား ဘယ်အရာထက်မဆို ပိုအရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့” တဲ့။ 

ကဲ … ဝန်ဇင်းပရိသတ်ကြီးလည်း မိမိဘဝအတွက် မိမိသတ်မှတ်ထားတဲ့ ရည်ရွယ်ချက် ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်ဖို့က အခြား ဘယ်ရာထက်မဆို အရေးကြီးတယ်ဆိုတဲ့ လင်ကွန်းရဲ့ စကားအတိုင်း မမေ့မလျော့ လုပ်ကိုင်ဆောင်ရွက်ရင်း ဘဝမှာ အောင်မြင်တဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြပါစေလို့ ဝန်ဇင်းမိသားစုမှ ဆန္ဒပြုလိုက်ပါရစေ။ 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။
-	သင်လည်း အောင်မြင်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။ 

Related Posts