ကျောင်းတက်ဖို့ စိတ်မဝင်စားသူ ချားလ်စ်ဒါဝင်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးအကြောင်း [ Famous Bio ]


“ကမ္ဘာကျော်ရှုံးနိမ့်မှုတွေကြားက အောင်မြင်ခဲ့ကြသူများ” 
- ကျောင်းမတက်ချင်သူ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ချားလ်စ်ဒါဝင် - 

ချားလ်စ်ဒါဝင် - Charles Darwin
ချားလ်စ်ဒါဝင်ဟာ အေဗရာဟင်လင်ကွန်းနဲ့ မွေးတဲ့နှစ် အတူတူပဲ။ ၁၈၀၉ ခုနှစ်မှာ မွေးတယ်။ သူ့ရဲ့ အဖေဟာ ဒါဝင်ရဲ့ ဘဝအတွက် ကြီးမားတဲ့ အလှည့်အပြောင်းနေရာမှာ အဓိက ပါဝင်ခဲ့သူလို့ ပြောလို့ရတယ်။ ချမ်းသာကြွယ်ဝတဲ့ ဆရာဝန်ဖြစ်သူ ဒါဝင့်အဖေက သူ့ကို ဆရာဝန်လုပ်ရမယ်ဆိုပြီး အီဒင်ဘတ်တက္ကသိုလ် ( University of Edinburgh ) တက္ကသိုလ်ကို ပို့လိုက်တယ်။ စာအရတော့ ဒီကိစ္စဟာ ဒါဝင်ရဲ့ ဘဝမှာ သူ ကြုံရတဲ့ ပထမဆုံး ရှုံးနိမ့်မှု အခက်အခဲလို့ သတ်မှတ်ကြလေတယ်။ ဘာလို့လဲဆိုတော့ သူ မလုပ်ချင် မဖြစ်ချင် မသွားချင်တဲ့ အရာကို ဖိအားပေးခံရလို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်ကပဲ ဒါဝင့်ကို ပြောင်းလဲစေခဲ့တယ်။ ဒါဝင်ဟာ ဆေးပညာမသင်ဘူး၊ အဲ့ဒီ ကျောင်းတက်တာကြီးဟာ သက်သက်မဲ့ အချိန်ဖြုန်းတယ်လို့ မြင်ပြီး အပြင်စာတွေကိုပဲ အငမ်းမရ ဖတ်နေခဲ့တယ်၊ ပိုးကောင်မွှားကောင်တွေကို စုတယ်၊ သဘာဝသမိုင်းကို လေ့လာတယ်။ မြစ်ရိုးချောင်းရိုးတစ်လျှောက် လျှောက်သွားတယ်။ ခရီးထွက်တယ်။ တွေ့သမျှ ရေသတ္တဝါကို ခွဲစိတ်လေ့လာတယ်။
“မင်းဟာ သေနတ်ပစ်တာ၊ ခွေးတွေ ကြွက်တွေကို ဖမ်းဖို့လောက်ကလွဲပြီး ကျန်တာဘာမှ သောက်ဂရုမစိုက်တဲ့သူပဲ” လို့ ဖခင်ဖြစ်သူရဲ့ ကြိမ်းမောင်းမှုကို မကြာခဏ ခံရတယ်။ ဒုတိယအကြိမ် ကြိုးစားမှုအဖြစ် ကိန်းဘရစ်ခ်ျတက္ကသိုလ်မှာရှိတဲ့ ကောလိပ်တစ်ခုကို လျှောက်ခဲ့တယ်။ ၁၈၃၁ ခုနှစ်မှာပေါ့။ ဒါပေမဲ့ မကြာခင်မှာပဲ သူ နားလည်သွားတယ်။ ဒီတစ်ခေါက် ကျောင်းတက်တာကလည်း သူ့အတွက် အသုံးမဝင်ဘူးဆိုတာ။ ဒါဝင်ဟာ ကျောင်းတက်ဖို့ လုံးဝ စိတ်မဝင်စားခဲ့ဘူး။ ဒါနဲ့ သူ အတန်းပြီးဆုံးအောင် မတက်ဘဲ ကျောင်းထွက်ခဲ့ပြန်တယ်။
 
ဒါဝင်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိမှာတော့ ဒါဝင့်ကို သူ့အဖေ အပါအဝင် လူအတော်များများ ( သူ့ သူငယ်ချင်းတွေ ဆရာတွေ ) က သဘောကျ နှစ်သက်ခြင်း မရှိကြဘူးလို့ ဆိုတယ်။ “ကျွန်တော့်ကို အဖေကရော ဆရာတွေကပါ သဘာမကျကြဘူး။ သာမန်အဆင့်လောက်တောင် ဉာဏ်ရည်ဉာဏ်စွမ်း မရှိတဲ့သူ၊ ငတုံးငအလို့ မြင်ခဲ့ကြတယ်” လို့ ဒါဝင်က သူ့အကြောင်းကို ပြောပြဖူးတယ်။ 

တကယ်တော့ ဒါဝင်ဟာ ဘဝအစကတည်းက ဥပေက္ခာပြုခံ အပယ်ခံ ဖိအားတွေနဲ့ ကြီးပြင်းခဲ့ရသူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေဟာ ကြာရှည် တည်မြဲမနေပါဘူး။ ဒါဝင့်ရဲ့ အလုပ်တစ်ခုအပေါ် စူးစူးစိုက်စိုက် ရှိမှုနဲ့ ကိုယ်ဝါသနာပါရာကို ကိုယ်သိပြီး အဲ့ဒီအရာကို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့မှုတွေက အခုဆို သူဟာ ကမ္ဘာ့သမိုင်းရဲ့ စင်ပေါ်မှာ နေရာတစ်နေရာ ရရှိထားတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လို့နေပါပြီ။ 

ဘဝတစ်လျှောက်လုံး သူ့ရဲ့ လေ့လာတွေ့ရှိချက်တွေ ( သဘာဝတရားနဲ့အတူ  ဇီဝဗေဒ ဆင့်ကဲ့ဖြစ်ပေါ်တိုးတက်မှုဆိုင်ရာ ဖြစ်စဉ်တွေ ) ကို စာအုပ်တွေ ရေးသားထုတ်ဝေခဲ့တယ်။ အကြမ်းဖျင်းအားဖြင့် ဒါဝင်သီအိုရီလို့ ကျော်ကြားတဲ့ ‘လူဟာ မျောက်က ဆင်းသက်တယ်’ ဆိုတဲ့ သဘောတရားဟာ အဲ့ဒီအချိန်က အတော်ပဲ ဂယက်ရိုက်ခဲ့ပြီး နောက်ပိုင်း သိပ္ပံပညာရှင်တွေရဲ့ လူ့သမိုင်းဆိုင်ရာ စူးစမ်းလေ့လာမှုတွေကို အထောက်အကူ ပြုခဲ့တယ်။ အငြင်းပွားစရာတွေလည်း ဖြစ်ခဲ့တယ်။ သူက သဘာဝကို ချစ်တယ်။ သဘာဝတရားကြီးထဲမှာ ရှိနေတဲ့ သက်ရှိသက်မဲ့အရာတွေကို ချစ်တယ်။ ဥယျာဉ်ထဲမှာ လမ်းလျှောက်တာကို သဘောကျတယ်။ စာဖတ်မပြတ်ဘူး။ စစ်တုရင်ကစားတာကို ကျွမ်းကျင်တယ်။
 
သူ့ရဲ့ ကမ္ဘာကျော် စကားတစ်ခွန်းကတော့ - “အချိန်တစ်နာရီကို ဖြုန်းတီးပစ်ရဲတဲ့ လူတစ်ယောက်ဟာ ဘဝရဲ့ တန်ဖိုးကို တွေ့ဦးမှာ မဟုတ်သေးဘူး” တဲ့။ ဒါဝင်ဟာ အချိန်နဲ့အမျှ အလုပ်လုပ်သူ၊ သူ့ရဲ့ ဉာဏ်စွမ်းဉာဏ်စနဲ့ စူးစမ်းလေ့လာမှုတွေကို အလုပ်နဲ့ လူနဲ့ မပြတ်အောင် လုပ်ကိုင်ရင်း နေထိုင်သွားသူ ဖြစ်တယ်။ သူ့အလုပ်ကို အချိန်ဇယားထားပြီး တစ်နေ့မှ မပြတ်စေရဘူး။ အနားယူချိန်နဲ့ အလုပ်လုပ်ချိန်ကို စနစ်တကျ ခွဲခြားပြီး အလုပ်လုပ်တတ်သူပဲ ဖြစ်ပါတယ်။ 

ကဲ … ဝန်ဇင်းပရိသတ်ကြီးလည်း ကိုယ့်ရဲ့ ဘဝမှာ ကိုယ်ဝါသနာပါတဲ့အလုပ်ကို စူးစူးစိုက်စိုက်လုပ်ပြီး ဒါဝင်ပြောသလို အချိန်တစ်နာရီကိုမျှ အကျိုးမဲ့စွာ ကုန်ဆုံးခြင်း မရှိဘဲ အကျိုးရှိရှိ အသုံးချပြီး ဘဝမှာ အောင်မြင်သူများ ဖြစ်ကြပါစေလို့ ဝန်ဇင်းမိသားစုမှ ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ။ 

စာဖတ်သူများအတွက် အမြဲရှိနေမယ့် ဝန်ဇင်း … ။ 

-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။
-	သင်လည်း အောင်မြင်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။ 

Related Posts