'ရောမကို ကယ်တင်ခဲ့သူ ဂျူးလိယက်ဆီဇာ' [ Famous Bio ]


'ရောမကို ကယ်တင်ခဲ့သူ ဂျူးလိယက်ဆီဇာ'

ဂျူးလိယက်ဆီဇာ - Julius Caesar
ဆီဇာ ဟူသော အမည်ကား ‘မင်းဧကရာဇ်’ ဟု အဓိပ္ပာယ် ရလေသည်။ ဆီဇာ ၏ မူလ ရောမအသံထွက်မှာ ‘ကိုင်ဇာ’ ဟူ၍ ဖြစ်သည်။ ဂျူးလိယက်ဆီဇာကို မွေးစဉ်က မိခင်ဗိုက်မှ ခွဲ၍ မွေးခဲ့ရသည်ကို အစွဲပြုကာ ယနေ့ခေတ်တွင် ဗိုက်ခွဲ၍ ကလေးမွေးရခြင်းကို ဆီဇာရီယန်အော်ပရေးရှင်း ( Cesarean Operation ) ဟု ခေါ်သည်။ ဆီဇာ ၏ သြဇာရိပ်က ဤမျှ လွှမ်းမိုးခဲ့သည်။
 
မျိုးရိုးဗီဇ၊ ပညာအရည်အချင်း၊ လူစွမ်းလူစတို့နှင့် ပြည့်စုံသော ဂျူးလိယက်ဆီဇာသည် အမှန်တရားဘက်မှ ရပ်တည်တတ်သူ ဖြစ်သည်။ ရောမသားတို့က လက်အောက်ခံနိုင်ငံနယ်ပယ်များကို မတရားအုပ်ချုပ် သွေးစုပ်နေကြသည်။ လာဘ်ပေးလာဘ်ယူမှုတွေက မြို့တော်တစ်ခုလုံး ခြေချစရာမရှိ။ လူတွေ၏ စာရိတ္တတွေကလည်း အောက်ခြေအထိ ဗုန်းဗုန်းလဲနေပြီ ဖြစ်သည်။ 

‘ရောမကို ငါကယ်မှ ဖြစ်တော့မည်’ ဟု ဆီဇာ သတိပေးချိန်တွင် ဆီးနိတ်က ဆီဇာကို စပိန်ပြည်အနောက်ပိုင်း ဘုရင်ခံအဖြစ် ခန့်အပ်လိုက်သည်။ ထိုခေတ်က ဘုရင်ခံ၏ သက်တမ်းမှာ တစ်နှစ်မျှသာ ဖြစ်သည်။ ရောမကို ပြန်လည် ကယ်တင်ချင်သော ဆီဇာသည် စပိန်သို့ရောက်သည်နှင့် ရောမလီဂျင်းတပ်ကို ဦးဆောင်ပြီး သောင်းကျန်းနေသော ပင်လယ်ဓားပြများကို နှိမ်နင်းသည်။ တပ်သားများနှင့် လက်ရေတပြင်တည်းနေပြီး တပ်တစ်တပ်လုံး ငတ်လျှင် သူပါ အငတ်ခံသည်။ နေပူ မိုးရွာမရှောင် တပ်ဦးမှနေ၍ ချီတက်ကာ ပင်လယ်ဓားပြများကို တိုက်ခိုက်နှိမ်နင်းသည်။ ရောမအာဏာစက်ကိုလည်း ချဲ့ထွင်နိုင်ခဲ့သည်။ ဘုရင်ခံသက်တမ်းကုန်၍ ရောမသို့ ပြန်ရောက်လာသောအခါ ဆီဇာမှာ နိုင်ငံ့ဂုဏ်ဆောင် အောင်ပွဲရစစ်သူကြီးအဖြစ် အရှိန်အဝါ ကြီးထွားလာသည်။ 

နောက်ဆုံးအာဏာကို ရရန်လည်း ဆီဇာသည် သူ့အင်အားကို ဖြည့်ဆည်းသည့်အနေဖြင့် သူဌေးကြီး ‘ကရာဆူး’ ၊ စစ်သူကြီး ‘ပွန်ပေ’တို့နှင့် ပူးပေါင်းလိုက်သည်။ ဘီစီ ၅၉ ခုနှစ်တွက် ဆီဇာသည် ကွန်ဆားသမ္မတအဖြစ် အရွေးခံရလေသည်။ ထိုစဉ်က ရောမအုပ်ချုပ်ရေးစနစ်မှာ ကွန်ဆားခေါ် နိုင်ငံကြီးအကဲနှစ်ယောက်ကို ဆီးနိတ်လွှတ်တော်က ရွေးချယ်တင်မြှောက်ရသည်။ ကွန်ဆားနှစ်ယောက်မှာ တန်းတူရည်တူ အာဏာရှိပြီး သက်တမ်းမှာ တစ်နှစ်သာခံလေသည်။ 

တကယ်တော့ ရောမသားတို့၏ ပင်ကိုစရိုက်မှာ ကိုယ်ကျင့်သီလနှင့် ပြည့်စုံအောင်နေထိုင်ကြပြီး ကြိုးကြိုးကုပ်ကုပ် လုပ်ကိုင်တတ်ကြသည်။ သို့သော်လည်း အခြားနိုင်ငံသားများကို စစ်နိုင်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်လာသောအခါ ချမ်းသာကြွယ်ဝလာသည်နှင့်အညီ စည်းစိမ်ခံတတ်လေသည်။ အထက်တန်းလွှာ ရောမသားများမှာ စည်းစိမ်ခံတော့ ငွေလို၊ ငွေလိုတော့ လာဘ်စား၊ အခွန်တွေ ဖိကောက်လာတော့ အောက်ခြေလူတန်းစားများက ပို၍ ခံရတော့သည်။ အခံရဆုံးကတော့ ရောမလက်အောက်ခံ နိုင်ငံနယ်ပယ်မှ လူများစု ဖြစ်သည်။ 

ဤသို့ မတရား ကုပ်သွေးစုပ်လာကြတော့ ရာထူးရာခံရှိသည့် ရောမသားများက ချမ်းသာလာပြီး အိမ်တွေ၊ မြေတွေ လိုက်ဝယ်ကြသည်။ ဆင်းရဲသည့် ရောမသားတို့က အိမ်မြေများရောင်းကာ ဝေးရာသို့ စွန့်ခွာကြရသည်။ ထို့ပြင် ရောမမြို့ကြီးတွင် အီတလီပြည်မှ တက်လာသည့် အလုပ်လက်မဲ့များဖြင့် ပြည့်နေသည်။ ဆင်းရဲသား အများစုကလည်း လူချမ်းသာများကို ရန်စောင်လာကြသည်။ ဆီးနိတ်လွှတ်တော်တွင်လည်း အခွင့်ထူးခံ မှူးမတ်နွယ်ဝင်များက ထင်တိုင်း ချယ်လှယ်နေကြသည်။ 

ထိုအခြေအနေတွင် ဆီဇာက စစ်မှုထမ်းတို့၏ ထောက်ခံမှုကို အရယူရန် နိုင်ငံခြားတွင် စစ်မှုထမ်းပြီး ပြန်လာသော စစ်ပြန်များအား မြေယာများ အခမဲ့ဝေပေးရန် ဥပဒေကြမ်းကို ကိုယ်တိုင်ရေးဆွဲ၍ လွှတ်တော်သို့ တင်သွင်းလိုက်သည်။ ဆီးနိတ်အမတ်များက ဆီဇာ၏ ဥပဒေကြမ်းကို အတည်အဖြစ်အောင် ဝိုင်းဝန်းပိတ်ဆို့ကြသည်။ ဆီဇာကလည်း မလျှော့၊ သူ့ ဥပဒေကြမ်းကို မြို့လယ်ရှိ လူထုစည်းဝေးကွင်းကြီး၌ လူထုလက်ခံရန် အပြောအဟောကောင်းကောင်းဖြင့် စည်းရုံးသည်။ ရောမလူထုကြီးက ဆီဇာ၏ ဥပဒေကြမ်းကို တစ်ခဲနက် ထောက်ခံကြသည်။ ပြီးသည်နှင့် ဆီဇာက ဆီးနိတ်လွှတ်တော်သို့သွားကာ သူ၏ ဥပဒေကြမ်းမှာ ရောမဥပဒေဖြစ်သွားပြီဟု ကြေညာလိုက်သည်။ တကယ်တော့ ဆီဇာသည် တော်လှန်ရေးတစ်ရပ်ကို ဥပေဒဘောင်အတွင်းမှ ဆင်နွှဲလိုက်ခြင်းပင် ဖြစ်သည်။ 

ထို့နောက် ဆီးနိတ်လွှတ်တော်၏ လုပ်ဆောင်ချက်မှန်သမျှကို လူအများသိစေရန် နံရံလွတ်များတွင် စာဖြင့်ရေး၍ ထုတ်ပြန်ပေးရမည်ဟု ဆီဇာက အမိန့်ထုတ်လိုက်သည်။ ထိုအခါ ယခင်က ထင်တိုင်းကြဲခဲ့သော ဆီးနိတ်အမတ်များမှာ မျက်လုံးပြူးကုန်ကြတော့သည်။ တစ်နှစ်ကြာ၍ ကွန်ဆားသက်တမ်းကုန်သော အခါ ဆီဇာကို ‘ဂေါလ်နယ်’ သို့ ဘုရင်ခံအဖြစ် ခန့်အပ်လိုက်ကြလေသည်။ ထိုအခါ အင်အားကြီးမားသော စစ်တပ်တစ်တပ် ဖွဲ့စည်းရန် အခွင့်အရေးကို စောင့်စားနေသော ဆီဇာအဖို့ အကြိုက်တွေ့သွားလေတော့သည်။ 

ဆီဇာသည် စံပြစစ်ခေါင်းဆောင်တစ်ယောက် ပီသသည်။ လေးစားကြည်ညိုစရာ တပ်မှူးတစ်ယောက်လည်း ဖြစ်သည်။ သူ့တပ်ကို အလွန်ဂရုစိုက်သည်။ ရိက္ခာနှင့် လစာကိုလည်း မှန်မှန်ရအောင် ကြိုးစားသည်။ တပ်သားအားလုံးကို ကိုယ်ပိုင်နံပါတ် ပေးထားသည်။ တပ်သားများကိုလည်း လွတ်လပ်စွာ ပျော်ပါးခွင့်ပေးသလို သူ့တပ်ကို မောင်းလျှင်လည်း မညှာမတာ မောင်းတော့သည်။ စည်းကမ်းပျက်သူ သူရဲဘောကြောင်တို့ကိုလည်း ပြတ်ပြတ်သားသား အရေးယူ အပြစ်ပေးတတ်သည်။ သူကိုယ်တိုင်လည်း ဇိမ်နှင့်မနေ။ တပ်ဦးမှနေ၍ ဓားတဝင့်ဝင့်နှင့် ချီတက်ကာ ကိုယ်တိုင် တိုက်ခိုက်သည်။ မြင်းစီးကျွမ်းကျင်သူပီပီ သူ စစ်ချီလျှင် တစ်နေ့တည်း မိုင် ၁၀၀ ပေါက်အောင် ချီလေ့ရှိသည်။ အစီရင်ခံစာများ၊ အမိန့်များကို မြင်းစီးရင်း နှုတ်မှ ရွတ်ပြသွားသည်။ ဝေါနှင့် လိုက်ပါရင်း မှတ်တမ်းများ၊ စာပေများ ရေးသည်။ ဤသို့အားဖြင့် ဆီဇာသည် အနောက်ဥရောပတစ်လွှားတွင် ( ၈ ) နှစ်တာမျှ လှည့်လည်ကာ ရန်သူများကို နှိမ်နင်းခဲ့သည်။ 

အောင်ပွဲရဆီဇာ၏ လီဂျင်းတပ်မတော်ကြီးသည် ရောမသို့ ပြန်လာစဉ် ‘မိုးတောင်ကြား’ ၌ စခန်းချသောအခါ ဆီဇာထံ ဆီးနိတ်မှ ပို့လိုက်သည့် ရာဇသံ ရောက်လာသည်။ ကိုယ့်သဘောနှင့်ကိုယ် နယ်ပယ်ချဲ့ထွင်သည်ကို ဆီးနိတ်က လွှတ်တော်တွင် လာရောက် ထုချေရန်ဖြစ်သည်။ 

ထိုအခါ ပျက်ဆီးနေသော ရောမကို ကယ်တင်ရန် ရည်ရွယ်ချက်ရှိသည့် ဆီဇာသည် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချလိုက်သည်။ ဘီစီ ၄၉ ခုနှစ်၊ ဇန်နဝါရီလ၏ မိုးသည်းသော ညတစ်ညတွင် ဆီဇာနှင့် သူ့တပ်မတော်ကြီးသည် ‘ဂူတီကွန်ချောင်း’ ကို ကျော်ဖြတ်ခဲ့ကြသည်။ အဓိပ္ပာယ်မှာ ဆီဇာသည် ဆီးနိတ်ကို စစ်ကြေညာလိုက်ခြင်းပင် ဖြစ်သည်။ ဆီးနိတ်က ဆီဇာ၏ တပ်များကို တားဆီးရန် လွှတ်လိုက်သော လီဂျင်းတပ်များသည် ဆီဇာ၏ ခေါင်းဆောင်မှုအောက်သို့ ခိုဝင်ကြသည်။ 

ဘီစီ ၄၈ ခု၊ သြဂုတ်လတွင် ဆီဇာနှင့် ပွန်ပေတို့ နှစ်ယောက်သည် ‘ဖာဆယ်လုတိုက်ပွဲကြီး’ တွင် ယှဉ်ပြိုင်တိုက်ခိုက်ကြသည်။ ပွန်ပေတို့ ရှုံး၍ ထွက်ပြေးသွားသည်။ ဆီဇာမှာ ရောမတွင် ပြိုင်ဘက်မရှိ အရှင်သခင် ဖြစ်လာသည်။ ရောမမြို့သူ၊ မြို့သားများကလည်း အုန်းအုန်းကျက်ကျက် ကြိုဆိုကြသည်။ ဆီဇာက စစ်ရထားပေါ်တွင် မတ်တပ်ရပ်၍ လိုက်ပါလာသည်။ သူ့ခေါင်းပေါ်မှာတော့ သံလွင်ခက် သရဖူကို ဆောင်းလျက် သူ့ကို အင်ပါယာ အုပ်ချုပ်သူ အင်ပါရေတာဘွဲ့ ( Imperator ) အပ်နှင်းကြသည်။ သို့သော် ဆီဇာသည် ဘုရင်ခံအဖြစ်ကို မခံယူချေ။ အဘယ်ကြောင့်ဆိုသော် ရောမသည် ဘုရင်စနစ်ကို တူးတူးခါးခါး မုန်းကြ၍ ဖြစ်သည်။ ရောမဖွဲ့စည်းပုံအရ ဆီဇာ၏ ရာထူးမှာ ကွန်ဆားသမ္မတရာထူး ဖြစ်လေသည်။ ဆီဇာက အကြွင်းမဲ့အာဏာကို ရထားသော်လည်း ရောမ အခြေခံဥပဒေ ဖွဲ့စည်းပုံကို မပြောင်းခဲ့ချေ။ သူနှင့် တွဲဖက် ကွန်ဆားသမ္မတမှာ ‘မာ့ခ်အန်တိုနီယို’ ဆိုသူ ဖြစ်သည်။ သို့သော် သူ့တွင် အာဏာမရှိ။ ဆီဇာ၏ အဖြည့်ခံသမ္မတသာ ဖြစ်သည်။ 

ဆီဇာလက်ထက်တွင် ဆီးနိတ်လွှတ်တော်၌ ကိုယ်စားလှယ်ဦးရေ ထပ်တိုးလိုက်သည်။ ကျွန်ဘဝမှ လွတ်မြောက်သူများနှင့် ဂေါလ်လူမျိုးများကိုလည်း ရောမနိုင်ငံသားအဖြစ် အခွင့်အရေးပေးသည်။ ထို့ပြင် ယခင်က ဘာသာရေးအရ ဖိနှိပ်ထားသော ဂျူးလူမျိုးများကိုလည်း လွတ်လပ်ခွင့်ပေးသည်။ ဆီဇာ၏ ပြည်သူ့လုပ်ငန်း အုပ်ချုပ်ရေးအဖွဲ့က မြေယာများ ခုတ်ထွင်ရှင်းလင်းရေးအတွက် ထောင်ပေါင်းများစွာသော လုပ်သားများဖြင့် လုပ်ကိုင်ခဲ့သည်။ မြို့တော်ကို လှပသာယာစေရန်လည်း ပြုပြင်တည်ဆောက်ခဲ့သည်။ ကန်ထရိုက်များက ကုန်သည်များနှင့် လယ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်းကိုလည်း အရေးယူခဲ့သည်။ ယနေ့အထိ အသုံးဝင်သော အထူးခြားဆုံး ပြုပြင်မှုမှာ ပြက္ခဒိန်စနစ်ဖြစ်သည်။ ဆီဇာသည် အလက်ဇန္ဒြီးယားမှ နက္ခတ္တဗေဒပညာရှင် ‘ဂျင်းနီး’ ဆိုသူအား ပင့်ဖိတ်၍ အကြံဉာဏ်ယူကာ တစ်နှစ်ကို ၃၆၅ ရက် သတ်မှတ်ပြီး လေးနှစ်တစ်ကြိမ် ရက်ထပ်နှစ်တစ်ရက် တိုးပေးခဲ့သည်။ 

ထို့ပြင် ဆီဇာသည် နိုင်ငံတော်တွင် ကြွေးတင်ကျွန်ဖြစ်စနစ်ကို ဖျက်သိမ်းကာ ဆင်းရဲသားးများအား နိုင်ငံတော်က ဂျုံ၊ စပါးများ အခမဲ့ပေးခဲ့သည်။ အုပ်ချုပ်ရေးတွင်လည်း လက်ဝေခံပြည်နယ်များ၌ ယခင် စစ်အုပ်ချုပ်ရေးအစား ကိုယ်ပိုင်ဒေသန္တရ အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးခဲ့သည်။ ရောမနှင့် အခြားမြို့ရွာများ သွားလာဆက်သွယ်ရေး လွယ်ကူစေရန် လမ်းများ ဖောက်လုပ်ပေးခဲ့သည်။ မြို့များကိုလည်း အကွက်ရိုက်ပေးခဲ့သည်။ ဆည်မြောင်းများ တာတမံများလည်း ပြုလုပ်ပေးခဲ့သည်။ 

ယနေ့ အနောက်ကမ္ဘာ့ယဉ်ကျေးမှု၏ အခြေခံအုတ်မြစ်ဖြစ်သော ရောမအင်ပါယာကို ဆီဇာက စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
 
။	။ အခုဖော်ပြခဲ့တဲ့ ဂျူးလိယက်ဆီဇာအကြောင်းကို စာရေးဆရာ မောင်မောင်မြင့်သိန်း ( စက်မှုတက္ကသိုလ် ) ပြုစုတဲ့ ‘ထူးချွန်ထင်ရှားပုဂ္ဂိုလ်များ’ စာအုပ်မှ ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ချင်တယ်ဆိုရင် ဒီပို့စ်အောက်ဆုံးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။ 

စာချစ်သူများအတွက် အမြဲရှိနေမယ့် ဝန်ဇင်း … ။ 

-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်လိုပါက ဝန်ဇင်းမှာ စာဖတ်ပါ။

Related Posts