မိုးရာသီမှာ အသားအရေ ထိန်းသိမ်းနည်း ( ၃ ) ချက် [ Beauty 4 u ]


မိုးရာသီမှာ အသားအရေ ထိန်းသိမ်းနည်း ( ၃ ) ချက် 

မိုးရာသီမှာတော့ ကျွန်မတို့အားလုံး အများဆုံးရင်ဆိုင်ကြရတာက မိုးရေကြောင့် ‘စိုစွတ်မှု’ ကို အမြဲ ကြုံတွေ့ရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဒီလို မိုးရာသီကာလ အချိန်မှာဆိုရင် ပြင်ပ အရာဝတ္ထုတွေမှာ အစိုပြန်ခြင်း၊ မှိုစွဲခြင်းသာမက ကျွန်မတို့ရဲ့ အရေပြား၊ အသားအရေကိုပါ စိုစွတ်ထိုင်းမှိုင်းစေပြီး မှိုနဲ့ ဘတ်တီးရီးယားတွေ ပေါက်ပွားနှုန်း များပြားမှုကြောင့် ဖြစ်ရတဲ့ အသားအရေမှာ မှို၊ ဝဲကဲ့သို့ ယားနာတွေ ပေါက်ခြင်း၊ ဝက်ခြံတွေ ထွက်လွယ်ခြင်းနဲ့အတူ အပူရှိန်နဲ့ မိုးရေကြောင့် အသားအရေ ခြောက်သွေ့တဲ့ ပြဿနာတွေ၊ ဒါတွေကို မဖြစ်ချင်ဘူးဆိုရင်တော့ စနစ်တကျ အသားအရေ ထိန်းသိမ်းတတ်ဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် အောက်ပါအချက်တွေအတိုင်း အသားအရေ ထိန်းသိမ်းနည်းကို ပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါရစေရှင့်။ 

( ၁ ) မိုးရေထဲ အချိန်အကြာကြီးနေခဲ့လို့ ထီးမပါဘဲ မိုးမိခဲ့မယ်ဆိုရင် အိမ်ရောက်တာနဲ့ ချက်ချင်းပဲ ခန္ဓာကိုယ်နဲ့ ဆံပင်ကို ရေနွေးစပ်ထားတဲ့ ရေနဲ့ လောင်းချိုးပေးခြင်းဖြင့် မိုးရေထဲမှာ ပါလာတဲ့ အက်ဆစ်နဲ့ ဘတ်တီးရီးယားပိုးမွားတွေကို ကာကွယ်ပေးပြီးသားဖြစ်မှာ ဖြစ်ပါတယ်။ မိုးရေကြောင့် အရေပြားယားနာတဲ့ ပြဿနာတွေ မကြုံအောင် မိုးစိုခဲ့မယ်ဆိုရင် ရေစိုအဝတ်နဲ့ ဖိနပ်အစိုတွေစီးပြီး အချိန်အကြာကြီး နေတတ်တာမျိုးကို ရှောင်ပါ။ ချက်ချင်းလဲပြီး ရေသုတ်ပေးဖို့ လိုပါတယ်။ ရေသုတ်ပေးတဲ့အခါမှာလည်း လက်ချောင်းတွေ၊ ခြေချောင်းတွေအကြားနဲ့ တံခေါက်ခွက်တွေ၊ ဂျိုင်းကြားတွေကို အထူးဦးစားပေး ပြောင်အောင် သုတ်ပေးဖို့ လိုပါလိမ့်မယ်။ ခန္ဓာကိုယ်ကို မှိုအကာအကွယ် အာနိသင်ပါ Antifungal Cream လိမ်းခြင်း၊ ပိုးသတ်အာနိသင်ပါ ဆပ်ပြာ ( သို့ ) ပေါင်ဒါလိမ်းခြင်းဖြင့် ကာကွယ်မှု အပြည့်ပေးမှာ ဖြစ်ပါတယ်။ 

( ၂ ) ချွေးပေါက်ကျဉ်းဆေးရည် ( Toner ) ကို Anti-Bacteria အမျိုးအစား သုံးပေးခြင်းဖြင့် မိုးရာသီမှာ ဖြစ်တတ်တဲ့ အသားအရေ ပြဿနာတွေကို ကာကွယ်ရာရောက်သလို အသားအရေနဲ့ ph balance ကို မျှခြေရှိအောင် ထိန်းသိမ်းနိုင်ပါတယ်။ အသားအရေ အဆီပြန်သူတွေကတော့ ဂျုံမှုန့်နဲ့ နှင်းဆီပွင့်ဖတ်ရည်ရောပြီး မျက်နှာပေါ် စက်ဝိုင်းသဏ္ဌာန်လေး ပွတ်ပေးကာ ခြောက်သွေ့သည်အထိ ( ၁၀ ) မိနစ်လောက် ထားပြီးမှ ရေကို ခပ်နွေးနွေးလေးသုံးပြီး မျက်နှာသစ်ပေးရပါမယ်။ 

( ၃ ) မိုးရာသီမှာ အသားအရေ မကြာခဏ စိုစွတ်မှုခံနေရတာကြောင့် ဆားဝက်ခြံတွေ ထွက်လာပါတော့တယ်။ ဒီလို ပြဿနာတွေ မဖြစ်ရအောင် အိမ်တွင်းကုထုံးအနေနဲ့ အမှည့်လွန်ခါနီး သင်္ဘောသီး ခပ်ပျော်ပျော် တစ်ခြမ်းကို ကွေကောအုပ်ကြမ်းရောကာ Facial Mask သဘောမျိုး မျက်နှာပေါ် ကပ်ပေးပြီး ( ၁၅ ) မိနစ်လောက်ထား၊ ပြီးရင် ရေခဲရည်သုံးပြီး မျက်နှာသစ်ပေးရပါမယ်။ ချွေးပေါက်တွေထဲက အညစ်အကြေးတွေပါ ထွက်သွားအောင် သန့်စင်ပြီး မျက်နှာပေါ်ကို Anti-Bacteria Toner လေး လိမ်းပေးပါ။ 

ဒါဆိုရင်တော့ မိုးရာသီအတွင်း ဝန်ဇင်းပရိသတ်ကြီးရဲ့ အသားအရေ ထိန်းသိမ်းမှုကဏ္ဍအတွက် အတိုင်းအတာတစ်ခုအထိ လုံလောက်သွားပြီ ဖြစ်ပါတယ်။ 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts