Beauty 4 u - [ သဘာဝ အိမ်တွင်းနည်းနဲ့ အသားအရေ ထိန်းသိမ်းကြမယ် ]


[ သဘာဝ အိမ်တွင်းနည်းနဲ့ အသားအရေ ထိန်းသိမ်းကြမယ် ] 

ကျန်းမာလှပတဲ့ အသားအရေကို လိုချင်သူတွေအနေနဲ့ ညအချိန်မှာ အရေပြားအတွက် အထောက်အကူဖြစ်စေမယ့် သဘာဝအိမ်တွင်းနည်းလေးတွေနဲ့ အသားရေပိုလှပကြည်လင်အောင် ကူညီလိုက်ရအောင်လားရှင်....

အစိုဓါတ်ဖြည့်ဖို့ဆိုရင် ဘာတွေလိုအပ်မလဲ?

ညအိပ်ရာမဝင်မီ တစ်နေ့တာလုံး လိမ်းခြယ်ထားတဲ့ မိတ်ကပ်၊ သနပ်ခါး နဲ့ အပြင်က ကပ်ငြိလာတဲ့ အညစ်အကြေးတွေကို သေချာသန့်စင်သွားအောင် သန့်စင်ဆေးကြောပေးပါ။ ပြီးရင်တော့ ညအချိန်မှာ ဆဲလ်သစ်ဖြစ်ပေါ်တဲ့အခါ အစိုဓာတ်ပြည့်ဝနေစေဖို့ ထောပတ်သီး အဆီ၊ ဒါမှမဟုတ် ဗီတာမင်အီးအဆီ အနည်းငယ်ကိုယူပြီး သန့်စင်ပြီးသား မျက်နှာပေါ်မှာ လက်ချောင်းထိပ်လေးနဲ့ အသာနှိပ်နယ် လိမ်းပေးပါ။ ပြီးရင်တော့ လိမ်းနေကျ ညလိမ်းခရင်မ်ကို လိမ်းပြီး အိပ်လိုက်လိုက်မယ်ဆိုရင် ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိနေမှာ အသေအချာပါရှင်။

အရေးအကြောင်းတွေသက်သာစေဖို့ ဘယ်လိုကာကွယ်မလဲ?

အသက်အရွယ်ရလာနဲ့အမျှ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလိုဖြစ်ပေါ်လာတာကတော့ သဘာဝတစ်ခုပါပဲ။ ဒါပေမဲ့ အချိန်မတန်သေးပဲ စောစောစီးစီး အရေးအကြောင်းဖြစ်မယ်ဆိုရင်တော့ ဒါက ဆိုးရွားလှပါတယ်။ ဒီတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အရေးအကြောင်းတွေကို သက်သာစေဖို့ဆိုရင် အိပ်စက်တဲ့ အခါမှာ ဂရုစိုက်ဖို့ကလည်း အဓိကပါပဲ။ ခေါင်းအုံးထက် ခေါင်းအုံးမှာ စွပ်တဲ့ ခေါင်းအုံးစွပ်ကို နူးညံ့ပြီး ချောမွေ့မယ်ဆိုရင် အရေးအကြောင်းဖြစ်ပေါ်မှာကို လျော့နည်းစေတဲ့အပြင် ဆံသားရှုပ်ထွေးမှုကိုလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။ 

မျက်ကွင်းညိုတာတွေ ကင်းစေဖို့ ဘယ်လိုလုပ်မလဲ?

အများစုကတော့ ကွန်ပျူတာအကြည့်များတဲ့သူ၊ ညအိပ်မပျော်ပဲ အိပ်ရေးပျက်တတ်တဲ့သူတွေ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ ဒီလိုမျိုး မျက်ကွင်းညိုတာတွေ ဖြစ်တတ်တယ်ဆိုရင် ကော်စေ့အဆီ အနည်းငယ်ကို လက်ချောင်းလေးဖြင့် ယူပြီး မျက်ကွင်းတစ်ဝိုက် လိမ်းခြယ်ပေးမယ်ရင် မျက်ဝန်းတစ်ဝိုက်မှာရှိတဲ့ အရေးအကြောင်းတွေကို သက်သာစေမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ အသားအရေတွေကို ထိန်းသိမ်းဖို့ ထိန်းသိမ်းနည်းတွေ အစရှိတဲ့ အလှအပရေးရာ ဆိုင်ရာ နည်းလမ်းတွေကို ဖတ်ရှုချင်တယ်ဆိုရင်တော့ (Beauty Secrets Magazine ) စာအုပ်ကို ဝယ်ယူဖတ်ရှုလိုက်ကြရအောင်လားရှင်။

Ref; Beauty Secrets Magazine  

ဝန်ဇင်းသတင်းစကား ။    ။ အမျိုးသမီး အမျိုးသားတိုင်းအတွက် အလှအပရေးရာ နည်းနာများကို အပတ်စဉ် စနေနေ့ မနက် ( ၉ ) နာရီအချိန်တိုင်း Wun Zinn Digest ရဲ့ ‘Beauty 4 u’ ကဏ္ဍမှ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts