မြပုလဲခင်-တစိမ့်စိမ့်မိုး အပိုင်း ( ၆ ) [အခန်းဆက်ဝတ္ထုရှည်]


[ အခန်းဆက်ဝတ္ထုရှည် ]
စာရေးဆရာမ မြပုလဲခင်၏ “တစိမ့်စိမ့်မိုး”
အပိုင်း ( ၆ ) 
.............
သူတို့ ပိုင်ဆိုင်သော မင်းသတ္တိဟိုတယ်ဧည့်ခန်းမ၌ပင် မင်္ဂလာလက်ထပ်ပွဲကို ခမ်းနားစွာ ကျင်းပခဲ့ပြီး အိမ်သို့ ပြန်လာကြသည် ။ ခဲဖိုးတောင်းသည် များကို ဖြေရှင်းပြီး အိပ်ခန်းသို့ အရောက်၌ မင်းသတ္တိသည် မျက်လုံးစိမ်းနှစ်လုံးကို စတင် ရင်ဆိုင်လိုက်ရလေသည် ။
"ရှင် ကျေနပ်ပြီ မှတ်လား"
"ဘာကိုကျေနပ်ရမှာ လဲ"
"ရှင်ဟာ အတော်ကို ဟန်ဆောင်ကောင်းတဲ့ လူပဲ၊ ကိုယ်ရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ အကြံ အစည်ကို ကိုယ်ပဲအသိဆုံးနေမှာ ပါ၊ ကျွန်မ ပြောပြဖို့ လိုသေးသလား"
မင်းသတ္တိ နားမလည်။ ပြည့်ဝန်း ဘာတွေ အထင်မှားနေသည် လဲ။ သို့သော်
"ခင်ဗျား အပြောတွေ ဆင်ခြင်ရင်ကောင်းမယ်၊ ကျုပ်မှာ  စိတ်ပုတ်စိတ်ယုတ် လုံးဝမရှိဘူး"
"အိပ်ချင်ဟန်ဆောင်တဲ့ လူမျိုးက သိပ် အနှိုးရခက်တာပဲ၊ ဒီမှာ  ရှင့်ကို ကျွန်မ တစ်ခွန်းတော့ ပြောထားပါရစေ၊ ကျွန်မရဲ့ ခန္ဓာကိုယ်ကိုသာ ရှင်တို့ အကြွေးနဲ့ သိမ်းပိုက်လို့ ရချင်ရမယ်၊ ကျွန်မရဲ့ အချစ်၊ ကျွန်မရဲ့ နှလုံးသား၊ ကျွန်မရဲ့ စိတ်ကိုတော့ သေတဲ့ အထိ ရှင်မရဘူးဆိုတာတော့ မှတ်ထား လိုက်ပါ"
ပြောပြောဆိုဆို မင်းသတ္တိအား ကျောခိုင်းကာ မှန်တင်ခုံတွင် ထိုင်ပြီး ဆံထုံးမှ ဆံညှပ်များ ၊ ပန်းများကို စတင်ဖြုတ်လေသည် ။ မင်းသတ္တိကို ဒါမျိုးလုပ်၍ မရ။
"နေဦး အမိ၊ ကျုပ် မရှင်းလင်းတာတွေကို ခင်ဗျားကို မေးရဦးမယ် လာဦး"
မင်းသတ္တိ ပြည့်ဝန်း၏ လက်မောင်းနှစ်ဘက်ကို ဆွဲထူပြီး သူ့ဘက်သို့ လှည့်စေသည် ။
"ကျုပ် ဟန်ဆောင်ကောင်းတယ်၊ ကောက်ကျစ်စဉ်းလဲတယ်၊ အကြွေးနဲ့ သိမ်းတယ်ဆိုတဲ့ စကားရပ်တွေကို ကျုပ်နားမလည်ဘူး၊ ဒါကို မင်း ရှင်းရှင်းလင်းလင်း ပြောပြစမ်း"
ကြည့်စမ်း မောက်မာစွာဖြင့် စမ်း သုံးကာ မိမိအား အမိန့်ပေးနေသည် ။ ပြည့်ဝန်းကလည်း ဒါမျိုးလက်မခံ။ ပြည့်ဝန်းကို ချိုချိုသာသာနှင့်သာပြော၊ သေအောင်လုပ်ပေးပါရစေ လုပ်ပေးမည်။ ခုတော့
"ခုချိန်မှာ ပြောလည်း ဘာထူးမှာ လဲ၊ မယူခင်က ရှင် ကျွန်မ သဘောထားကို မေးဖူးလို့ လား"
"မင်း ခေါင်းညိတ်လိုက်လို့ ဒီမင်္ဂလာပွဲ ဖြစ်လာတာလေ"
"ခေါင်းညိတ်ရတာပေါ့ ရွေးချယ်စရာမရှိအောင် ရှင်ဖန်တီးခဲ့တာပဲ၊ ကျွန်မကို ထွက်ပေါက် မရှိအောင် ချောင်ပိတ်ဖမ်းလိုက်တော့ ကျွန်မ ခေါင်းမညိတ်လို့ ဖြစ်မလား"
"ဟာကွာ မင်း မင်းဘာတွေပြောနေတာလဲ၊ ကျုပ်တစ်ခွန်းမှ နားမလည်ဘူး၊ မင်း ရှင်းရှင်းပြောစမ်းကွာ၊ ကျုပ်ကို စိတ်တိုအောင် မလုပ်နဲ့ "
မင်းသတ္တိ ဒေါကန်နေသည် ။ ရင်ခုန်ကြည်နူးဖွယ် မင်္ဂလာဦးညကို ရန်ဖြစ်ခြင်း မကျေမနပ် အမုန်းတရားတွေနဲ့ စတင်တော့မှာ လား။
"ရှင်ဟာ သိုးယောင်ဆောင်တဲ့ ဝံပုလွေပဲ၊ သိပ်ကို ဟန်ဆောင်ကောင်းတယ်၊ ရှင် အကွက်ကျ ကျစီမံလိုက်ပုံက သိပ်ကို ပိရိအောင်မြင်ပါတယ်၊ ကဲ ရှင် ကျွန်မလက်ကိုလွှတ် အဝတ်အစားလဲမယ်၊ နေရတာ ငြီးစီစီဖြစ်နေပြီ၊ ရေချိုးလိုက်ဦးမယ် ပြီးမှ စကားဆက်ပြောတာပေါ့"
မင်းသတ္တိ အလျော့ပေး လိုက်လေပြီ။ နုနယ်သော မိန်းမသားတစ်ယောက်ကို ခွန်အားဖြင့် အနိုင်ယူခြင်းသည် ယောက်ျားကောင်းတို့ အလုပ်မဟုတ်။
"ဆောရီး ကျုပ် ဒေါသကြီးသွားတယ်"
ခပ်ကြမ်းကြမ်းဆုတ်ထားမိသော လက်နှစ်ဘက်ကို လွှတ်လိုက်ပြီး သူလည်း ပြည့်ဝန်းကို ကျောခိုင်းကာ အဝတ်အစားလဲပြီး ရေချိုးခန်း အရင်ဝင်လိုက်သည် ။
ပြည့်ဝန်း၏ အလှအပများကို ဖျက်သိမ်းဖို့ က အတော်ကြာပေလိမ့်မည်။ တွက်ဆထားသည့် အတိုင်း သူရေချိုးပြီးသည် တိုင်အောင် ဖြုတ်လို့ မပြီးသေး။
သူ လသာဆောင်ထွက်ခဲ့သည် ။ အောက်ထပ်၌ သူ့ဖခင် ပြည်ဝန်းဖခင်နှင့် ကြီးတော်တို့ အေး အေးလူလူ စကားပြောနေကြသည် ။ လူကြီးသုံးဦးလုံး၏ မျက်နှာတွင် အပြုံးပန်းများ ဝေနေကြ သည် ။ စောစောက ကန်တော့စဉ်ကလည်း ပီတိဖြစ်နေကြသည် ။ ဆုတွေပေး၍ မဆုံးတော့။ သူ့ဖခင် သည် သူ့အမေ၏ လက်ဝတ်လက်စားသေတ္တာသော့ကလေးအား ချွေးမလက်ထဲသို့ အပ်နှံခဲ့လေသည် ။
ပြည့်ဝန်း စကားများ နှင့်ပတ်သက်၍ ဖခင်သိနိုင်သလား။ မေးလိုက်လျှင် စိတ်မကောင်းဖြစ် သွားနိုင်သည် ။ ကြီးကြီးအေးကိုသာ ဖွင့်ဟ၍ တိုးတိုးတိတ်တိတ် မေးကြည့်ရတော့မည်။
မနက်ဖြန် ဟန်းနီးမွန်းခရီးစဉ်အဖြစ် ငပလီကို သွားကြမည်။
ပျော်ရွှင်စရာခရီးဖြစ်တော့မည်မဟုတ်ပါ။ သူ ဘာဆက်လုပ်သင့်သလဲ။
ပြည့်ဝန်း၏ စွဲချက်များကို မသိဘဲနှင့် မိမိဘယ်လိုဖြေရှင်းပေးနိုင်မှာ လဲ။
ပင်ပန်းမှုကြောင့် သူ မှေးခနဲ အိပ်ပျော်သွားခဲ့သည် ။
"ကိုမင်းသတ္တိ ထ ထ၊ အောက်မှာ  လူကြီးတွေ ထမင်းစား စောင့်နေကြပြီ၊ အန်တီမာ လာခေါ်နေတယ်"
အိပ်မက်လေလား
"ဆန်နီရယ် လေတိုက်ကြီးထဲမှာ ကွယ် ဖျားနာနေမှ ဖြင့်"
မင်းသတ္တိ အကြံရလိုက်သည် ။ အန်တီမာ ရှိနေတာပဲ။
အန်တီမာမှ တစ်ဆင့် ကြီးကြီးအေးကို တီးခေါက်ခိုင်းလိုက်လျှင်
"သူ ရေချိုးတာကိုစောင့်ရင်း အိပ်ပျော်သွားတာ"
ပြည့်ဝန်းကို ကြည့်ပြီး ပြောလိုက်သည် ။ အခြယ်အသမရှိတော့ဘဲ ပကတိ ဖြူစင်ဝင်းနှစ်သော အလှလေးကို သနပ်းခါးရေကျဲလေးနှင့် တွေ့လိုက်ရသည် ။
သူတို့ နှစ်ယောက် ဒေါ်မာဂရက်နောက်ပါးမှ လိုက်ပါဆင်းသက်ခဲ့သည် ။
ထမင်းစားပွဲ၌ လူကြီးသုံးဦး ထိုင်စောင့်နေကြသည် ။
"လာ သားနဲ့ သမီး"
ပြည့်ဝန်းသည် ဖခင်နှင့် ကြီးတော်၏ မျက်နှာပြင်ပေါ်၌ တွေ့မြင်လိုက်ရသော ပီတိအပြုံးများ ကြောင့် မိမိမျက်နှာပြင်ကိုပါ အပြုံးရိပ်ထင်လိုက်ရသည် ။
ပြည့်ဝန်း လူကြီးများကို တစ်ယောက်ပြီးတစ်ယောက် ဟင်း ဦးချပေးပြီးမှ မင်းသတ္တိပန်းကန် ထဲ ည့်ပေးသည် ။
မင်းသတ္တိက ဆတ်ခနဲ သူ့အားကြည့်လိုက်သည် ကို ပြည့်ဝန်း မလုံမလဲ ခံစားလိုက်ရသည် ။
ဤထမင်းစားဝိုင်း၌ မင်းသတ္တိသည် သူ သိလိုသောမေးခွန်းများကို မေးလိုက်ပါက ဖခင် ဦးပြည်စိုး သိသွားနိုင်သည် ။ မဖြစ်။ ဖခင်သိ၍ မဖြစ်ချေ။ ထို့ကြောင့် အနီးကပ်ရှိနေသော မင်းသတ္တိ ကို တယုတယပင် ဟင်း မပြတ်ထည့်ပေးသည် ။
"သား သူငယ်ချင်းတွေကို ညစာလိုက်ကျွေးဦးမှာ လား"
"လူမစုံလို့ စုံမှ ကျွေးမယ်လို့ ပြောပြီးသား ဖေဖေ"
"အေးအေး စောစောစီးစီး နားရတာပေါ့ကွာ၊ တစ်နေ့လုံး ပြင်ဆင်ရ ပြေးလွှားရ ဧည့်ခံရနဲ့ ပင်ပန်းနေကြတာ၊ မမအေးနဲ့ ကိုပြည်စိုးကို တစ်ခုပြောရဦးမယ်"
ဦးမင်းသူရကချည်း ဦးဆောင်သွားသည် ။
"ဘာများ လဲ ကိုသူရ"
"ခင်ဗျားတို့ မောင်နှမ ထမင်းဟင်း လုံးဝချက်မစားနဲ့ ဗျာ၊ နှစ်အိမ့်တစ်အိမ်ပဲဗျာ ဒီမှာ စားချင် စား၊ ဟိုမှာ ပဲ စားချင်တယ်ဆိုရင်လည်း ပို့ပေးမယ်"
"မဟုတ်တာ အဲဒီလိုတော့ မလုပ်နဲ့ ကိုသူရရေ မမအေးမနေတတ်ဘူး၊ အရည်အချင်းတွေ မဲ့ ကုန်မယ်"
ဒေါ်ပြည်အေးက ငြင်းဆန်လိုက်သည် ။
"ဟုတ်တယ် ကိုသူရ၊ မမအေးက အလကားနေတတ်တဲ့ လူ မဟုတ်ဘူး ၊ အလုပ် မရှိရင် အပြင် ထွက်တဲ့ အလုပ်ပေါ်လာလိမ့်မယ်၊ နေပါစေ တစ်ခါတစ်ရံတော့ လာစားတာပေါ့ဗျာ"
ဦးမင်းသူရ သက်ပြင်းချသည် ။ ဦးပြည်စိုး၏ ရိုးသားမှုကို သူသဘောကျ၍ တမင်ပင် သူ့သမီးကို ရွေးချယ်ကာ သားနှင့် လက်ထပ်စေခြင်းဖြစ်သည် ။ ယခုခေတ် လောကကြီး၌ လူရိုးလူ ကောင်းသည် အတော်ရှားပါးနေလေပြီ။ ပြည့်ဝန်းကလည်း အဖေတူသမီးပီပီ ရိုးသားသူဖြစ်သည် ။ ဒါကြောင့်လည်း နိုင်စံထူးလို လူလည်၏ ကျော့ကွင်း၌ သက်ဆင်းခဲ့မိခြင်းဖြစ်သည် ။
အဓိကက သားဖြစ်သူ၏ စိတ်ချမ်းသာမှုက အရေးကြီးသည် ။ မိတဆိုးလေးဖြစ်၍ ငယ်စဉ် ကတည်းက လိုချင်ရာမှန်သမျှကို မဖြစ်မနေ ဖန်တီးပေးခဲ့သည် ။
မိန်းကလေးကတော့ နဂိုကတည်းက နူးညံ့ပျော့ပျောင်းကာ လူကြီးမိဘကိုလည်း ရိုသေတတ် သူဖြစ်၍ ပြုပြင်စရာ လိုမည်မထင်ပါ။
ခင်ပွန်းဖြစ်သူကိုလည်း အိမ်ဦးနတ်သဖွယ် ရိုသေကိုင်းရှိုင်းမှာ ပါ။
ထမင်းစားဝိုင်းလေးသည် ပျော်ရွှင်ဖွယ်နှင့် ပြီးဆုံးသွားသည် ။
"ကျွန်တော် လိုက်ပို့ပေးမယ်"
ပြည့်ဝန်း မယုံနိုင်သလို ဖြစ်သွားသည် ။ မိမိဖခင်နှင့် ကြီးတော်ပြန်ပို့ရန် တာဝန်ကို သူ ယူလိုက်သည် ။
"ရပါတယ် သား မောင်စ ပို့ပေးလိမ့်မယ်"
ကြီးကြီးက အားနာစွာ တားလိုက်သည် ။ ဖခင်ကလည်း 
"ဟုတ်တယ် သား နားနား မောင်စတောင် စောင့်နေပြီ"
ပြည့်ဝန်းကို မင်းသတ္တိက ကြည့်လိုက်သည် ။
ပြည့်ဝန်း ဆုံးဖြတ်ချက်ကို တောင်းခံတာလား။ ပြည့်ဝန်း နှုတ်ဆိတ်နေလိုက်သည် ။
မောင်စက အရေးပေါ်မီးချောင်းဖြင့် ဦးပြည်စိုးကို ထိန်းကာ လိုက်ပို့လေသည် ။
မင်းသတ္တိ သက်ပြင်းချလိုက်မိသည် ။
ပြည့်ဝန်းနှင့် စာရင်းဆက်ရှင်းရဦးမည်။
ပြည့်ဝန်း အပေါ်ထပ်တက်သွားသည် ။ ဖခင်ကလည်း သူ့အခန်းသို့တက်သွားလေပြီ။ မင်းသတ္တိ ဒေါ်မာဂရက်ကို ဧည့်ခန်းသို့ ဆွဲခေါ် လာပြီး
"အန်တီမာ သားကို တစ်ခုကူညီဦး"
"ဟဲ့ မင်္ဂလာဦးညမှာ  မိန်းမနား သွားမကပ်ဘဲ ဘယ့်နှယ် ငါ့နားကပ်နေရတာလဲ"
"ကျွန်တော် မေးစရာရှိလို့ ပါ"
ပြည့်ဝန်း စကားများ အနက် သိချင်သောစကားကို မေးသည် ။ ဒေါ်မာဂရက်က
"ဆန်နီကို အထင်လွဲနေတာ၊ ဟိုကောင် ထွက်သွားတာ ဆန်နီ့ပယောဂလို့ ထင်လိမ့်မယ်၊ ဒါကြောင့်ပြောတာ ဖြစ်မယ်"
"အကြွေးနဲ့ သိမ်းတယ် ဆိုတာကတော့"
"ဒါကတော့ ဆရာကြီးမှ သိလိမ့်မယ် ဆန်နီ၊ ဆရာကြီးနဲ့ ကြီးကြီးအေးက အမြဲတမ်း ကြိတ် ကြိတ်ကြိတ်ကြိတ်နဲ့ ပဲ"
မင်းသတ္တိ သက်ပြင်းချလိုက်သည် ။
ဖခင်ကို ဖွင့်မေးခြင်းသည် ဖခင်အား ဝေဒနာပေးလိုက်သလိုဖြစ်သွားလိမ့်မည်။ ကြီးကြီးကို မေးမည်။ ဒါမှ မဟုတ် ပြည့်ဝန်းကိုပဲ ရအောင်မေးရမည်။
သူအပေါ်ထပ်သို့ တက်ခဲ့သည် ။
ပြည့်ဝန်းက လသာဆောင်၌ ထိုင်နေသည် ။
"အမိ မင်းနဲ့ ကျုပ် ကိစ္စမပြတ်သေးဘူး လာ စာရင်းရှင်းရအောင်၊ ဝင်တော့ ဖေဖေကြားသွား လို့ မဖြစ်ဘူး"
သူ ခပ်တိုးတိုးကြိတ်ခေါ်သည် ။
ပြည့်ဝန်းကလည်း မဆိုင်းမတွပင် ထလိုက်ပြီး
"ရပါတယ် ရှင်သိမ်းပိုက်ထားတဲ့ ကျွန်မယားပဲ၊ ရှင့်အမိန့်ကို နာခံပြီး ရှင့်အလိုမှန်သမျှ ဖြည့် စွမ်းပေးရမှာ ပေါ့"
"ဘာကွ"
"ရှူး တိုးတိုး ရှင့်အသံကြီးက ကျယ်လိုက်တာ ဘဘကြားသွားဦးမယ်"
ပြည့်ဝန်းက ပြောပြောဆိုဆို အိပ်ခန်းထဲ ဝင်လိုက်သည် ။ မင်းသတ္တိ မကျေမနပ်နှင့် လသာ ဆောင်ကူးတံခါးကို ပိတ်လိုက်ပြီး ကက်ဆက်ဖွင့်လိုက်သည် ။
"လာ ထိုင်ပါဦး"
ဆိုဖာ ဆက်တီ၌ ဝင်ထိုင်ရင်း ပြည့်ဝန်းကိုခေါ်လိုက်သည် ။ ပြည့်ဝန်းက အရွဲ့တိုက်၍ သူ့ ဘေး၌ ကပ်ထိုင်လိုက်သည် ။
မင်းသတ္တိ မကျေမနပ်ဖြင့် ထရပ်လိုက်သည် ။
"ခင်ဗျား ကျုပ်ကို မရွဲ့နဲ့ ဗျာ"
"ဪ ရှင်ကပဲပြောရတယ်ရှိသေး၊ ကဲ မေးလေ စောစောက မေးခွန်းတွေပဲလား၊ ကျွန်မ ဖြေစရာမလိုဘူး၊ ရှင်သိပြီးသားဟာ"
"မင်း ရည်းစားထွက်သွားတဲ့ ကိစ္စ ကျုပ်နဲ့ မဆိုင်ဘူး၊ ကျုပ်က သူ့ကို အရေးလုပ်နေတဲ့ လူစား မဟုတ်ဘူး "
"ဒါပေါ့ လူလူချင်း မတူမတန်ဆက်ဆံတော့ ဘယ်သူက အောက်ကျခံနေမှာ လဲ"
"ခင်ဗျားကွာ"
မင်းသတ္တိ စိတ်ပျက်သွားသည် ။
"ခင်ဗျား နားပါတော့၊ အိပ်ချင်အိပ်တော့"
"မအိပ်ဝံ့ပါဘူး၊ ရှင် ဘာများ ခိုင်းစရာရှိသေးသလဲလို့ ကျွန်မ စောင့်ဆိုင်းပြီးမှ အိပ်မှာ ပါ၊ ကျွန် မယား ဆိုတော့"
"ပြည့်ဝန်း အမိ သိပ်လွန်နေပြီနော်၊ မင်း စကားတွေနဲ့ ထိုးနှက်မနေနဲ့ ၊ ကျုပ် အမိစကားတွေ ကို ဘာမှ နားမလည်ဘူး၊ ကဲ အမိ မအိပ်ရင် ကျုပ်အိပ်တော့မယ်"
သူ စိတ်ပျက်စွာဖြင့် ကုတင်ဘက် လျှောက်သွားပြီး လှဲချအိပ်လိုက်သည် ။
ပြည့်ဝန်း သူ့အား ကျောခိုင်းလိုက်သည် ။ တလိမ့်လိမ့်စီးကျလာသော မျက်ရည်များကို သူ မတွေ့စေချင်ပါ။
မင်းသတ္တိ ပြည့်ဝန်း၏ နောက်ကျောကို လှမ်းကြည့်လိုက်သည် ။ တုန်ခါနေသော ကျောပြင်က ငိုနေကြောင်း သိသာသည် ။
ချစ်သူနဲ့ ကွေကွင်းပြီး မချစ်မနှစ်သက်သောသူနှင့် ပေါင်းဖော်ရခြင်းဒုက္ခကို ခံစားနေရ၍ ငိုယိုနေသော မိန်းမသားများ ထဲတွင် ပြည့်ဝန်းလည်း ပါဝင်သွားလေပြီ။
*** 
မင်းသတ္တိသည် လေယာဉ်ပေါ်၌ အတူတကွ ယှဉ်တွဲလိုက်ပါလာသော ပြည့်ဝန်းကို ငဲ့စောင်း ကြည့်လိုက်သည် ။ မူးနေသလား၊ အန်များ အန်ချင်မလားဟု ။
ပြည့်ဝန်းက ဘာမှ မဖြစ်။ မှန်ပြူတင်းပေါက်မှ တစ်ဆင့် ဝေဟင်ရှုခင်းကိုကြည့်၍ လိုက်ပါလာ သည် ။
သူတို့ နှစ်ယောက်သည် မနေ့ကပင် နှစ်ဖက်မိဘ ဆွေမျိုးမိတ်သင်္ဂဟအစုံအလင် ရှေ့မှောက်၌ ခမ်းနားကြီးကျယ်စွာ လက်ထပ်သဘင်ကျင်းပခဲ့သော တရားဝင်ဇနီးမောင်နှံဖြစ်ပါလျက် သူစိမ်းပြင် ပြင်လို ဖြစ်နေခဲ့သည် ။
သူကပဲ မာနရှိနေ၍ လား၊ ပြည့်ဝန်းကပဲ အငြိုးအတေးနှင့် အထင်လွဲနေ၍ လား။
ဘာကြောင့်မှန်းမသိ ညှိနှိုင်း၍ မရသေး။
သူသည် ဘာကိုမှ အမှားမလုပ်ခဲ့။ ရိုးသားသန့်ရှင်းစွာဖြင့် ချစ်မြတ်နိုးသော မိန်းမကို လက်ထပ်ယူခြင်းဖြစ်သည် ။
ဒါကိုပဲ သူသည် ကောက်ကျစ် စဉ်းလဲသော၊ သိုးယောင်ဆောင်သည့်ဝံပုလွေ ဖြစ်ရလေပြီတဲ့ ။ ချစ်တီးလို အကြွေးနှင့်သိမ်းသည် တဲ့ ။
ပျော်ရွှင်ကျေနပ်နေသော ဖခင်ကို စိတ်အနှောင့်အယှက်ဖြစ်မှာ စိုး၍ မမေးခဲ့။
ဒေါ်ပြည်အေးကိုလည်း မေးချိန်မရလိုက်။
နိုင်စံထူး သူ့ဘာသာသူ လက်ကြောတင်းစွာ အလုပ်မလုပ်နိုင်၍ ပြန်သွားခြင်းကို သူ့ပယောဂ ကြောင့် ပြန်သွားခြင်းဟု ယူဆထားပုံရသည် ။ ပြည့်ဝန်း၏ စွဲချက်ကို သူ ဘယ်လို ဖြေရှင်းမလဲ။ ယုံလိမ့်မည်မဟုတ်။
ကြွေးကိစ္စကလည်း သူ့ဖခင်နှင့် ကြီးကြီးအေးကြားမှာ  ရှိကောင်းရှိနိုင်သည် ။ ဒါကလည်း အန်တီမာ၏ ပြောပြချက်အရ သူ ခန့်မှန်းမိခြင်းဖြစ်သည် ။ မှန်ကန်ခဲ့မည် ဆိုပါက ပြည့်ဝန်း၏ နာကျည်းမှုသည် အလွန်မဟုတ်။
မလူးသာ မလွန့်သာ၍ သာ လက်မြှောက်အရှုံးပေးကာ မချစ်မနှစ်သက်သောသူ၏ လက်ထဲ ဘ၀ပုံအပ်လိုက်ရသော မိန်းမသားတစ်ယောက်၏ နာကျည်းမှုတွေ ပြည့်ဝန်းရင်၌ ပြည့်နှက်နေပေ လိမ့်မည်။
မင်းသတ္တိ ပြည့်ဝန်းကို ခွင့်လွှတ်လိုက်ပါသည် ။
ကြံ့ကြံ့ခိုင်သော မိန်းမတစ်ယောက်ပင် မူးမော်ခြင်း၊ အန်ခြင်းမရှိ လူပုံနွဲ့သလောက် ကျန်းမာ ကြံ့ခိုင်ပုံရသည် ။
သံတွဲ မဇင်လေဆိပ်ရောက်ပြီး ချစ်သူစုံတွဲသို့ လက်ထပ်ပြီးထွက်လာသော ပျားရည်ဆမ်းခရီး သည် ဆိုပါက အဘယ်မျှ ပျော်စရာကောင်းလိမ့်မည်နည်း။
ဟိုတယ်နှင့် ခရီးသွားမှ ပို့ပေးသောကားဖြင့် ငပလီဟိုတယ်သို့ ရောက်လာသည် ။ ကြိုတင် စီစဉ်ထားပြီးဖြစ်သဖြင့် လုံးချင်းဘန်ဂလိုရလေသည် ။
ဝရံတာမှ ရပ်၍ ရှုမျှော်မဆုံးသော ပင်လယ်ပြာကြီးကို ငေးမောရင်း သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေရနံ့ကို ရှူရှိုက်မိသည် ။
စာရင်းဇယားများ ၊ ကုန်ပစ္စည်းများ ၊ ငွေကြေး ကိန်းဂဏန်းများ ၊ စက်ကိရိယာများ အကြား ဝယ် နစ်မြုပ်နေခဲ့ရသမျှ မွန်းကြပ်မှုတို့ သည် ယခုမှ လွတ်မြောက်သွားသည် ။
"အမိ နားမလား၊ လမ်းလျှောက်မလား၊ ရေကူးမလား၊ ကူးကောကူးတတ်ရဲ့ လား"
"မကူးတတ်ဘူး၊ လမ်းလျှောက်ချင်တယ် ဒါပေမဲ့ ရှင်နဲ့ မဟုတ်ဘူး ၊ ကျွန်မ တစ်ယောက် တည်း"
မင်းသတ္တိ ရင်ထဲ နင့်ခနဲ ခံစားလိုက်ရသည် ။ ချစ်သူ၏ စိမ်းကား ရက်စက်သောစကားများက သူ့နှလုံးသားကို ထိရှစေပြီ။ သို့သော် 
"ကောင်းပြီလေ ခင်ဗျား သဘောပဲ"
ပြည့်ဝန်းက ပိုက်ဆံအိတ်ကိုပင် မယူဘဲ ဘန်ဂလိုပေါ်မှ ဆင်းသွားလေသည် ။
မင်းသတ္တိ သက်ပြင်းချပြီး အိပ်ခန်းထဲ ဝင်လိုက်သည် ။
ဒေါ်မာဂရက် ထည့်ပေးလိုက်သော ပစ္စည်းများက စုံလင်လှသည် ။ ပြည့်ဝန်းအတွက် ရေကူး ဝတ်စုံပါ ပါသည် ။
ပြည့်ဝန်း၏ လက်ကိုင်အိတ်ကလေးကို ဖွင့်ကြည့်လိုက်သည် ။ ငွေငါးသောင်းနှင့် လက်ကိုင် ပဝါတစ်ထည်ကလွဲ၍ ဘာမှ မပါ။ မှတ်ပုံတင်ကတော့ ဟိုတယ်၌ အပ်ထားရသည် ။
မင်းသတ္တိ ရေကူးဘောင်းဘီဝတ်၊ မျက်နှာသုတ်ပဝါ အင်္ကျီကြီးဝတ်ပြီး သော့ကိုခတ်၊ သော့ကို ပြည့်ဝန်းအား ပေးရန် အမှီလိုက်ခဲ့သည် ။
ခရုကောက်နေသော ပြည့်ဝန်းကို ချက်ချင်းပင် တွေ့လိုက်ရသည် ။
"ကျုပ် ရေကူးလိုက်ဦးမယ်၊ မင်း ပြန်ချင်ရင် ပြန်နှင့်နော်၊ ရော့ သော့ မပျောက်စေနဲ့ ၊ အင်္ကျီလည်း ချွတ်ခဲ့မယ်၊ စောင့်ကြည့်စရာတော့ မလိုပါဘူး၊ လွတ်လွတ်လပ်လပ်သာ နေပါ"
ပြောပြောဆိုဆို မျက်နှာသုတ်ပဝါကုတ်အင်္ကျီရှည်ကို ချွတ်ထားခဲ့ပြီး သူ တလိမ့်လိမ့်ပြေးတက် ပြေးဆင်း လုပ်နေသော လှိုင်းလုံးကြီးများ အကြား တိုးဝင်မိတ်ဖွဲ့ လိုက်လေသည် ။
ပြည့်ဝန်း မင်းသတ္တိအင်္ကျီကို ကောက်ယူကာ ထလိုက်သည် ။ သော့တွဲလေးကို လက်ညှိုး၌ ချိတ်လိုက်သည် ။ နောက်ခရုများကို ပြန်ချလိုက်သည် ။
မင်းသတ္တိကို လှမ်းကြည့်ရင်း သူနှင့်အနီးဆုံးနေရာအထိ လျှောက်ခဲ့လိုက်သည် ။
မင်းသတ္တိနေရာ၌ နိုင်စံထူးသာ ဆိုပါက ဤခရီးစဉ်သည် အဘယ်မျှ ပျော်မြူးဖွယ်ရာကောင်း လိမ့်မည်နည်း။ ယခုတော့ 
ထန်းလက်ထီး လုပ်ထားသော အမိုးအောက်၌ နားခိုလိုက်သည် ။ သဲသောင်ပေါ်၌ပင် ထိုင်ချ လိုက်ည် ။
လှိုင်းစီးရင်း၊ ရေကူးရင်း၊ စပိဘုတ်စီးရင်း ပင်လယ်ထဲ၌ ပျော်မြူးနေကြသူများ ၊ သဲသောင် ပြင်၌ လမ်းလျှောက်ရင်း ခရုကောက်ရင်း ဘောလုံးကန်ရင်း စက်ဘီးစီးရင်း ပျော်မြူးနေကြသူများ စုံလင်လွန်းလှသည် ။
ထိုပျော်ရွှင်သူများ အထဲတွင် မိမိ မပါဝင်ပေ။ မိမိအပေါ် ချစ်မြတ်နိုးခြင်းမရှိဘဲ အကြွေး ကြောင့် လက်ထပ်ယူသော သူစိမ်းပြင်ပြင် ယောက်ျားတစ်ဦး၏ ရင်ခွင်၌ နားခိုရမည့် မိမိအဖြစ်သည် ပျော်ရွှင်ဖွယ်ရာ ဆိတ်သုဉ်းလျက်ရှိသည် ။
ညက သူသည် ဒေါကန်ကန်နှင့် အိပ်ပျော်သွားခဲ့သည် ။ ထိုအခါမှ မိမိသည် ဆိုဖာဆက်တီရှည် အပေါ်၌ စောင်တစ်ထည်ခြုံကာ အိပ်စက်ခဲ့သည် ။
မိုးလင်းတော့ သူ့ထက် အလျင်နိုးသည် ။ နောက်လေယာဉ်ကွင်းသို့ တန်းဆင်းခဲ့ကြပြီး လေဆိပ်ရောက်မှ နံနက်စာ စားသုံးခဲ့ရသည် ။
သူ့ထံမှ အပိုစကားတစ်ခွန်းမှ မပြောတော့။ သူသိလိုသော မေးခွန်းများကိုလည်း ထပ်မမေး တော့ချေ။ ဘယ်မေးမလဲ။ သူသိပြီးသား ဖြစ်မှာ ပါ။ သူသည် ဟန်ဆောင်ကောင်းသောလူတစ်ယောက် ဖြစ်မှာ ပါ။
ခုနစ်နှစ်ကျော်ကျော် အနီးဆုံးမှာ  ရှိနေပါလျက် စိတ်ဝင်စားစွာ ချဉ်းကပ်ခြင်းမရှိဘဲ အဝေး ဆုံးသို့ရောက်နေသော ယောက်ျားတစ်ယောက်၏ ဗြုန်းစားကြီးလက်ထပ်ယူခြင်းမှာ  သူ၏ အကြွေး ဆုံးရှုံးသွားမှာ ကြောက်ခြင်းကလွဲ၍ အခြားမရှိနိုင်။
ငွေကြေးနှင့် ပတ်သက်လျှင် အလဟဿ မဖြစ်စေနဲ့ ဟု ဆိုကာ အလွန်စည်းကမ်းကြီးသည် ဆိုသော ယောက်ျားတစ်ယောက်ထံမှ အချစ်ကိုမျှော်လင့်၍ မရနိုင်။
နိုင်စံထူးလို ချစ်သူကို စိမ်းကားစွာပစ်ပယ်ပြီး ငွေရှင်ကြွေးရှင်တွေကို လက်မြှောက် အရှုံးပေး သွားသူတစ်ယောက်ကို မိမိမျှော်လင့်စရာလည်း မလိုတော့ပါ။
မင်းသတ္တိသည် သာ မိမိ၏ ယောက်ျားဖြစ်နေပြီး သူ့အပေါ် သစ္စာရှိရမည်။ သူ၏ အလိုဆန္ဒမှန် သမျှ လိုက်လျောရမည်။ သူ့ကိုပြုစုလုပ်ကျွေးရမည်။ ကြီးကြီး၏ သွန်သင်မှုကို နားထဲဝင်လာသည် ။
နာရီကြည့်လိုက်သည် ။ မင်းသတ္တိ ရေချိုးတာ တစ်နာရီကျော်နေပြီ၊ ပြာလွင်သောပင်လယ်ပြင် ထဲဝယ် ဖြူဝင်းသော သူ့အသားအရည်က ဝင်းလက်စွာ ပေါ်လွင်နေသည် ။
သူ ပျော်ရွှင်နေသလား။
လှမ်းမခေါ်မိ။ သူ ပြန်လာချင်မှ လာပါစေ။ ထိုင်စောင့်နေလိုက်သည် ။
သိပ်မကြာလိုက် သူပြေးတက်လာသည် ။ အနားရောက်တော့ ဒူးထောက်ထိုင်ကာ 
"လမ်းမလျှောက်တော့ဘူးလား။ ဘာလို့ စောင့်နေတာလဲ"
"ဟင့်အင်း ရော့ ဝတ် လိုက်လေ"
အင်္ကျီကို လှမ်းပေးလိုက်သည် ။
မင်းသတ္တိက ယူဝတ်ရင်း
"ဒါဖြင့် ပြန်လိုက်မှာ လား"
"အင်း"
နှစ်ဦးသား ယှဉ်တွဲ၍ ပင်လယ်ပြင်ကို ကျောခိုင်းကာ ဘန်ဂလိုဆီသို့ ပြန်လျှောက်လာခဲ့ကြ သည် ။
"ထမင်းကို ဒီမှာ ပဲ စားချင်လား၊ ဟိုမှာ  သွားစားမလား"
"ဒီမှာ ပဲ စား  ဟင့်အင်း ရှင့်သဘောလေ"
မိမိဆန္ဒကို ဦးစားပေးရမှာ  မဟုတ်ဘူး ။ သူ့ဆန္ဒကိုသာ ဦးစားပေးသင့်သည် ကို သတိရလိုက် ၍ စကားကို ပြင်လိုက်သည် ။
မင်းသတ္တိက မျက်မှောင်ချီလိုက်သည် ။ ၀တ္တရားအရ သူ့အပေါ် တာဝန်ကျေပြွန်ဖို့ ကြိုးစား တော့မည် ထင်ပါသည် ။
"ဒီမှာ ပဲ စားကြမယ်။ မနက်ဖြန် သံတွဲတို့ ကင်းမှော်တို့ လုံးသာတို့ သွားကြမယ်"
ပြည့်ဝန်းက အခန်းသော့ကို ဖွင့်လိုက်သည် ။
"ရေချိုးလိုက်ဦးမယ် မင်းကော"
"အိမ်က ချိုးခဲ့ပြီ"
"ညနေရေကူးရင် လိုက်ကူးနော် ငပလီကို လာပြီး ပင်လယ်ထဲ မဆင်းရင် ဘာမှ အဓိပ္ပာယ် မရှိဘူး"
"ကြိုးစားပါ့မယ်"
မင်းသတ္တိ သက်ပြင်းသူခိုး ချလိုက်ပြီး ရေချိုးခန်းထဲ ဝင်လိုက်သည် ။
ပြည့်ဝန်းက သူ့အတွက် အဝတ်အစား ထုတ်ပေးလိုက်သည် ။ ဖခင်ကို ပြုစုနေကြဖြစ်၍ ဘယ်အချိန် ဘယ်အဝတ်အစားမျိုးနှင့် သင့်တော်သည် ကို သိပြီးသားဖြစ်သည် ။ ပုဆိုးနှင့်စပို့ရှပ်လက် ရှည်လေး တစ်ထည် ထုတ်ထားလိုက်သည် ။ ရေစိမ်ထားသဖြင့် ပြာနှမ်းနေသည် ။ လက်ရှည်ကလေး ဝတ်ထားမှ သင့်တော်မည်။
သိပ်မကြာ သူထွက်လာသည် ။ ကိုယ်ပေါ်မှ ရေစက်မပျောက် ခေါင်းက ရေစိုလျက် ရှိသည် ။
"ကျွန်မ ရေသုတ်ပေးမယ်လေ"
"ဘာဖြစ်လို့ သုတ်ပေးမှာ လဲ"
မင်းသတ္တိသည် စေ့စပ်သေချာကာ စနစ်ကျသော ယောက်ျားတစ်ယောက်ဖြစ်သည် ။
မင်းသတ္တိ၏ မေးခွန်းကြောင့် ပြည့်ဝန်း ရုတ်တရက်ကြောင်သွားသည် ။ သို့သော်
"ကျွန်မမှာ  လုပ်ပေးရမယ့် ၀တ္တရား ရှိတယ်လေ"
"ကျေးဇူးတင်ပါတယ် မလိုဘူး၊ ကျုပ်မှာ  ခြေလက်အပြည့်အစုံ ရှိတယ်"
ပြည့်ဝန်းက "ဒါဖြင့်လည်း ပြီးရော" ဟု ဆိုကာ ဓာတ်ဗူးထဲမှ ရေနွေးကိုတော့ ငှဲ့ထားပေး လိုက်သည် ။
"ဆရာ ထမင်းပွဲရောက်ပါပြီ၊ လသာဆောင်မှာ  ပြင်မလား ပုန်းညှက်ပင်အောက်မှာ  ပြင်မ လား"
"လသာဆောင်မှာ ပဲ ပြင်ထားလိုက်ပါ"
"ကျွန်မ သွားဝိုင်းပြင်ပေးမယ်"
ပြည့်ဝန်းက သူ မတားဆီးနိုင်မီ ထွက်ခဲ့သည် ။ မင်းသတ္တိအနားမှာ  နေရသည် မှာ  အသက်ရှူ ကျပ်သလို ခံစားရသည် ။
ထမင်းပွဲကို ဟိုတယ်စတိုင်လ် အကျအန လာရောက်ပြင်ဆင်ပေးသည် ။ မှာ ထားသော ဟင်း လျာများက စုံလင်လှသည် ။
"တစ်နာရီကြာမှ လာသိမ်းပါ့မယ်"
"ကောင်းပါပြီ"
မင်းသတ္တိ ထွက်လာသည် ။ မိမိထုတ်ထားပေးသော အဝတ်အစားကိုဝတ်လာ၍ ကျေနပ်သွား သည် ။
"ဟင်းတွေ များ လိုက်တာ"
"ထမင်းနည်းနည်းပဲ စားပြီး ဟင်းတွေချည်းစားပေါ့၊ ပင်လယ်စာက ပင်လယ်ကို လာတုန်းမှ စားရတာ"
"နှစ်မျိုး သုံးမျိုးဆိုရင် တော်ရောပေါ့၊ လေးငါးခြောက်မျိုးတောင်"
မင်းသတ္တိက ရိုးသားသော ပြည့်ဝန်းကိုကြည့်လိုက်သည် ။ ဒီထက်စော၍ လက်ထပ်ခဲ့ပါလျှင် ပြည့်ဝန်းနှလုံးသားသည် ပကတိအဖြူသက်သက်ဖြစ်နေမည်။ ယခုတော့
"စားပါအမိရယ်၊ ရှာထားတဲ့ ငွေတွေကို ဒီလိုနေရာမျိုးမှာ  အကုန်မခံလို့ ဘယ်နေရာမှာ  အကုန် ခံရမလဲ"
"လှူတန်းဖို့ ကော မစဉ်းစားတော့ဘူးလား"
"အဲဒီအတွက်က အလုပ်လုပ်ကတည်းက ရသမျှဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်းကို ဖယ်ထားပြီး သားပါ"
ပြည့်ဝန်း မင်းသတ္တိအပေါ် နားမလည်နိုင်အောင် ဖြစ်သွားသည် ။
"စားလေ ထမင်းမစားပါနဲ့ ဦး၊ ဂဏန်းစား၊ ဒါက ရေခူသုတ် ပင်လယ်ပုဇွန်ကို ညနေမှ သုတ် ခိုင်းမယ်၊ အခု အကြော်ပဲစား၊ ကျုပ်တော့ ရေကူးထားလို့ အရမ်းဆာနေပြီ စားတော့မယ်"
မင်းသတ္တိ တကယ်ပင် စားနိုင်သည် ။ ပြည့်ဝန်း လိုလေသေးမရှိ ဟင်းများကို ဖြည့်ထည့်ပေး သည် ။
ပြည့်ဝန်း၏ ပြုစုမှုကို မင်းသတ္တိ ကျေနပ်မိသည် ။သို့သော် ၀တ္တရားအရဟု သိထားသဖြင့် ရင်ထဲ၌ မသာယာနိုင်၊ မချမ်းမြေ့နိုင်။
***
…………. အပိုင်း [ ၇ ] ဆက်ရန်………….
မင်္ဂလာပါဝန်ဇင်းစာချစ်သူများခင်ဗျာ ...
ဒီနေ့ညမှာဆိုရင်တော့ ဝန်ဇင်းစာချစ်သူများအတွက် စာရေးဆရာမ မြပုလဲခင်ရဲ့ “တစိမ့်စိမ့်မိုး” ဆိုတဲ့ အခန်းဆက်ဝတ္ထုရှည်ကို အပိုင်းများခွဲပြီးနောက် အပိုင်း ( ၆ ) အဖြစ် ဆက်လက် တင်ဆက် ဖော်ပြခဲ့ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ အပိုင်း ( ၇ ) ကို  နောက်အပတ် တနင်္လာ ( ၃၀.၇.၂၀၁၈)  ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာဖြစ်လို့ Wun Zinn Digest ကို ဝင်ရောက်ကြည့်ရှုဖို့ မမေ့ပါနဲ့ဦးလို့ ပြောလိုက်ပါရစေ။

 ဝန်ဇင်းသတင်းစကား ။       ။ စာရေးဆရာမ မြပုလဲခင်၏ “တစိမ့်စိမ့်မိုး” အခန်းဆက်ဝတ္ထုရှည်ကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းမှာ ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
…….
“တကယ်လို့ စာချစ်သူတို့အနေနဲ့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျ” “ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 

Related Posts