မြပုလဲခင်-တစိမ့်စိမ့်မိုး အပိုင်း ( ၅ ) [အခန်းဆက်ဝတ္ထုရှည်]


[ အခန်းဆက်ဝတ္ထုရှည် ]
စာရေးဆရာမ မြပုလဲခင်၏ “တစိမ့်စိမ့်မိုး”
အပိုင်း ( ၅ ) 
.............
"ဆရာ"
"ဘာလဲ"
"ဆရာနဲ့ ဟိုလူ ဘာတော်သလဲ"
ချမ်းသာက မဝံ့မရဲ မေးလိုက်သည် ။
"ခင်ဗျားနော် ကားမောင်းရင် စကားမပြောနဲ့ လို့ ပြောတာ အမှတ်မရှိဘူးလား"
"မဟုတ်ပါဘူး ဟိုလူကို မသင်္ကာလို့ ပါ"
"ဘယ်သူလဲ"
"ဆရာတို့ အိမ်ကိုရောက်နေပြီး ဆရာကြီးနဲ့ ပါပါသွားတဲ့ လူလေ"
"ဖေဖေ့တူ၊ အဲဒါ ဘာဖြစ်သလဲ"
"ဘာမှ မဟုတ်ပါဘူး၊ စောစောက ဆရာ ထမင်းစားနေတုန်း ခြေရင်းခြံက အိမ်နားမှာ  ရပ် နေတာ တွေ့ရတယ်"
"ဟင် သူတစ်ယောက်တည်းလား"
"တစ်ယောက်ထဲပဲ မြင်တာပဲ၊ ပန်းပင်တွေက ကွယ်နေတာကိုး၊ နောက်တော့ သုတ်သုတ် သုတ်သုတ်နဲ့ ဒီဘက်ခြံကူး လာပြီး အိမ်ထဲဝင်သွားတာပဲ၊ ဆရာနဲ့ မတွေ့လိုက်ဘူးလား"
"မတွေ့လိုက်ဘူး၊ ဒီကောင် ဘာသွားလုပ်တာလဲ"
ပြည့်ဝန်းအတွက် ပူပန်စိတ်တို့ က ထိန်း၍ မရ။ သို့သော် မတတ်သာပေ။ သူတို့ က ချစ်သူတွေ ပဲ။ သူတို့ ဘာသာ ဘာသွားလုပ်လုပ် မိမိအပူ မပါချေ။
"မသိဘူး မျက်စိမျက်နှာပျက်ပြီး ပြန်လာတာပဲ၊ ကျွန်တော့်ကိုတောင် မမြင်ဘူး ထင်တယ်၊ သူ့အပြုအမူတွေဟာ မရိုးသားတာတော့ သေချာတယ်"
"တော်ပြီ သူများ အကြောင်း စပ်စုမနေနဲ့ ကားကိုသာ ဂရုစိုက်မောင်း"
"ဟုတ်ကဲ့"
မင်းသတ္တိရင်ထဲ ပူလောင်လှလေပြီ။ ပြည့်ဝန်းနှင့် ဒီကောင် ဘယ်အခြေအနေအထိများ ရောက်နေပြီလဲ။ နေ့လယ်နေ့ခင်းတောင် ချိန်းတွေ့ကြတာလား။ အန်ကယ်လ်ရှိတာပဲ။ ကြီးကြီးအေး နှင့် ဂွမ်းပုံလည်း ရှိသည် ။ ဒရိုင်ဘာကိုတော့ သွားစရာရှိမှ လာစေပြီး အချိန်နှင့် ရှင်းပေးလေ့ရှိသည် ။
မဆိုင်။ မိမိနှင့် ဘာမှ မဆိုင်ဘဲ။
မင်းသတ္တိအတွေးထဲသို့ ဝင်ရောက်နှောင့်ယှက်နေသော ပြည့်ဝန်းကိစ္စကို ဇွတ်မှိတ်ကာ ဖယ်ရှားပစ်လိုက်ရသည်။ ရင်မှာ တော့ နာကျင်လျက်ရှိသည် ။
ပြည့်ဝန်းကို အသည်းနင့်အောင်ချစ်မိသော မိမိနှလုံးသားကိုသာ အနည်ကျအောင် ဖန်တီး ရပေမည်။
သူ ကုမ္ပဏီရုံးခန်းထဲသို့ ဝင်ရောက်သောအခါ အတွင်းရေးမှူးမလေးက
"ဆရာ ဆရာကြီးက ရောက်ရင် သူ့အခန်းလာခဲ့ပါတဲ့ "
"အေး အေး"
ချက်ချင်းပင် ဖခင်ရှိရာ အခန်းဘက်သို့ ထွက်လာခဲ့သည် ။ အိမ်မှာ တွေ့နေရသော သားအဖ သည် ယခု ဘာကိစ္စများ ရှိ၍ ပါလိမ့်။
"ဆရာ ဝင်သွားပါ၊ ဆရာကြီး စောင့်နေပါတယ်"
ဖခင်၏ အတွင်းရေးမှူးက ထပ်ပြောသည် ။ ဟိုကောင်ကို မတွေ့ရ။ ဘာကိုအကြောင်းပြုပြီး ပြည့်ဝန်းဆီသွားသည် မသိ။
"ဖေဖေ သားကို ခေါ်တယ်ဆို"
"လာ ထိုင် သား၊ ထမင်းပြန်စားပြီးပြီလား"
"ဟုတ်ကဲ့"
ဖခင်က မနက်ဆယ်နာရီ ထမင်းစားပြီးမှ ထွက်လာသူဖြစ်၍ အိမ်ပြန်မစားတော့ချေ။
"ညက စံထူးကို လုပ်ခိုင်းတာတွေ အကုန်မှားလို့ တစ်ယောက်ကိုကြည့်ခိုင်းထားရတယ် သား"
မင်းသတ္တိ မျက်မှောင်ချီသွားသည် ။ ယခုအချိန်မျိုး၌ နိုင်စံထူးနှင့်ပတ်သက်၍ သူ ဘာမှ အကြံ ဉာဏ်မပေးချင်တော့။ အဆင်းဘီးတပ်သည့် လူစားမျိုးဟု အထင်မခံနိုင်။ သူ့ကြမ္မာ သူဖန်တီးပေ တော့။
"သူ့ကို စာရင်းကိုင်သင်တန်း တက်ခိုင်းတာလည်း တိုးတက်မလာဘူးဆိုတော့ ဖေဖေ တစ်ခု စဉ်းစားမိတယ်၊ အဲဒါ သားကို တိုင်ပင်မလို့ "
"ဖေဖေ သူ့ကိုခေါ်လာတုန်းက သားကို မတိုင်ပင်ဘဲ ခုချိန်မှ တော့ သား သူနဲ့ ပတ်သက်ပြီး ဘာမှ ဆုံးဖြတ်ချက် မပေးချင်တော့ဘူး"
ဦးမင်းသူရက ပြုံးလိုက်သည် ။ သား၏ စိတ်ဓာတ်ကို သိထားသူပီပီ ဘာကြောင့် ဒီစကားမျိုး ပြောရသည် ကိုလည်း သိထားပြန်သည် ။
"သား ဘာကြောင့် ဒီစကားမျိုးပြောတယ်ဆိုတာ ဖေဖေနားလည်ပါတယ်၊ ဒါဆို ဖေဖေခေါ် လာတဲ့ လူရဲ့ ကံကြမ္မာကို ဖေဖေပဲ ဖန်တီးပေးလိုက်တော့မယ်"
မင်းသတ္တိ ငြိမ်နေလိုက်သည် ။
"သူ့ကိုမေးမြန်းပြီး ဘာလုပ်ချင်သလဲ၊ ဘာဖြစ်ချင်သလဲ ဘာအကူအညီပေးရမလဲ ဆိုတာကို အရင်မေမယ်၊ ပြီးရင် ထိုက်သင့်တဲ့ အကူအညီပေးပြီး"
ထိုစဉ် ဖုန်းမြည်လာသဖြင့် ဦးမင်းသူရ ကောက်နားထောင်လိုက်သည် ။
"ဟုတ်လား ဘယ်အချိန်ကလဲ"
"ဪ အေး အေး ဘယ်တတ်နိုင်မလဲ"
"အေးလေ သူ့ကြမ္မာ သူဖန်တီးတယ်လို့ ပဲ မှတ်လိုက်ရတော့မှာ ပေါ့၊ ဒါပဲလား မာဂရက် အခြား ဘာပြောစရာရှိသေးသလဲ"
"အေးအေး ကောင်းပြီ"
"အန်တီမာက ဘာတဲ့ လဲ"
ဦးမင်းသူရ မျက်နှာပြင်ရိပ်ဝယ် စိတ်မကောင်းသော အရိပ်အယောင်များ တွေ့လိုက်ရသည် ။
"စံထူးလေ သူ့ကြမ္မာကို ဖေဖေဖန်တီးစရာမလိုတော့ဘူး၊ အိမ်က ထွက်သွားလို့ တဲ့ "
"ဟင်"
စောစောက မောင်စပြောသော စကားများ နှင့် ဆက်စပ်ကြည့်ကာ ပြည့်ဝန်းအတွက် ပူပန် သွားသည် ။
နေ့ခင်းကြောင်တောင်တော့ လိုက်ပြေးမတန်ပါဘူး။ လိုက်ပြေးလည်း မိမိက ဘာတတ်နိုင် မှာ လည်း ကိုယ့်ချစ်သူမှ မဟုတ်တာ။
"ဘာပြောသွားသလဲ"
"ဦးလေးပြန်လာရင် ပြောပြလိုက်ပါ၊ ကျွန်တော် ဒီမှာ  မနေနိုင်တော့လို့ ပြန်သွားပါပြီလို့ ၊ ဦး တားမှာ စိုးလို့ မစောင့်တော့ဘူးဆိုပြီး တားမရဘဲ ထွက်သွားတယ်တဲ့ လေ"
"ငွေတွေ ဘာတွေကော ရှိရဲ့ လား"
"သူသုံးချင်တာ သုံးနိုင်အောင် ဖေဖေ ထုတ်ပေးထားပြီးသားပါ"
ဘယ်လောက်ဟု သူ မေးမနေတော့။ ငွေရေး၊ ကြေးရေးထက် စိတ်ချမ်းသာမှုက အရေးကြီး နေသည် ။
"ဖေဖေပြောချင်တာ သူ့ကိစ္စပဲလား"
"အင်း အဓိကကက သားကိစ္စ ကျန်သေးတယ်၊ အိမ်ရောက်မှ ပြောတော့မယ်"
"သားကိစ္စ အခုပြောရင်ကော"
"ဖေဖေ သွားစရာရှိသေးတယ်၊ ညနေ ထမင်းစားချိန် အိမ်မှာ ဆုံမယ် သား၊ အဲဒီတော့မှ ပြော တော့မယ်"
ဖခင်က ပြောပြောဆိုဆို အတွင်းရေးမှူးကို ခေါ်လိုက်တော့ မင်းသတ္တိ အလိုက်တသိ ထွက်ခဲ့ ရသည် ။
စိတ်ထဲမှာ တော့ သိချင်စိတ်တို့ ကို ထိန်းချုပ်လိုက်ရသည် ။ သူ့မျက်နှာ သုန်မှုန်နေမှုကို တွေ့ မြင်သောအခါ ဝန်ထမ်းတို့ သည် အလုပ်ကို ခေါင်းမဖော်တမ်း လုပ်နေကြလေသည် ။
သူ့ရုံးခန်းထဲရောက်ပြီးသောအခါ အိမ်သို့ဖုန်းဆက်လိုက်သည် ။
"ဟဲလို မင်းဂေဟာက ပြောနေပါတယ်ရှင်"
"အန်တီမာ"
"အိုး ဆန်နီ ဟိုကောင်ပြန်သွားပြီ သိလား၊ ဒါကြောင့် အန်တီမာ ဟိုဘက်အိမ်ကို မျက်ခြည် မပြတ် စောင့်ကြည့်နေတာ"
"ထူးခြားမှုရှိသလား"
"မရှိပါဘူး လှုပ်လှုပ်ရှားရှား မတွေ့ရသေးဘူး၊ ဒါနဲ့ အန်တီ ဖုန်းဆက်ကြည့်လိုက်သေးတယ်၊ ဂွမ်းပုံနဲ့ တွေ့တယ်၊ လေဒီကြွားက အပြင်သွားတယ်၊ ဆရာနဲ့ ပြည့်ဝန်းက အိပ်နေတယ်တဲ့ "
"သေချာရဲ့ လား"
"သေချာပါတယ်"
"အိပ်ခန်းထဲ ဝင်ကြည့်ရဲ့ လား"
ဘာကြောင့် သူ့ရင်တွေ ပူလောင်နေရသနည်း။
"ဘယ်နေမလဲ၊ အန်တီမာ ကြည့်ခိုင်းတာပေါ့။ ပြည့်ဝန်းတို့ အိမ်သားတွေက အခြားသူစိမ်း လည်း မရှိတော့ တံခါးတွေပိတ်အိပ်လေ့ မရှိဘူး၊ ပြည့်ဝန်း ရှိပါတယ်တဲ့ "
သူ သက်ပြင်းချလိုက်သည် ။
"စောင့်ကြည့်နေပေးပါ"
"အင်း သမီးမိန်းကလေးဆိုတာ သံကွန်ချာ ဘယ်နှစ်ထပ်ကာရံကာရံ ထွက်ချင်ရင် ထွက် သွားတတ်တာပါပဲ"
"ဘာပဲဖြစ်ဖြစ်ပေါ့ အန်တီမာ သူဒုက္ခရောက်မှာ ကို သိနေတဲ့ အတွက် မိတ်ဆွေကောင်း အိမ် နီးချင်းကောင်းတို့ ရဲ့ စောင့်ရှောက်ရမယ့် ၀တ္တရားအရတော့ စောင့်ရှောက်ပေးလိုက်ပါ"
"ရက်စ် ဒုန့်ဝါရီ ဆန်နီ"
"ဪ ဒီညစာ ဖေဖေကောသားပါ အန်တီမာ့လက်ရာကို စားမှာ နော်"
"အိုကေ အဆင်ပြေစေရမယ်"
"ဘိုင့်"
ဒေါ်မာဂရက်နှင့် စကားပြောရလျှင် သူ့အတွက် သက်သာရာ ရသွားတတ်သည် ပင်။
ပြည့်ဝန်းထံမှ အချစ်ကို ဆုံးရှုံးလိုက်ရသော်လည်း ပြည့်ဝန်းဘ၀လေး မနိမ့်ပါးစေချင်ပါ။ နိုင်စံထူးလို အလုပ်လက်ကြောတင်းအောင် မလုပ်ချင်သောသူနှင့်သာ ပြည့်ဝန်း ယူလိုက်ပါလျှင် ပြည့်ဝန်းဘ၀ခရီးလမ်း ချောမွေ့နိုင်ပါ့မလား။
အင်းလေ မိမိအပူ မဟုတ်ပါဘူး။ သီချင်းထဲကလို တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ ချစ်တာ ချစ်တာ ပဓာနဆိုသော စကားအရ သူတို့ တခဏတော့ ပျော်ရွှင်ကောင်း ပျော်ရွှင်ပေလိမ့်မည်။
ဪ ငါ့နှယ်နော် အလုပ်လုပ်တဲ့ အချိန်မှာ  ပြည့်ဝန်းကိစ္စ အတွေးအိမ်က လာကြီးစိုးရတယ် လို့
အတင်းနှင်ထုတ်ကာ အလုပ်ထဲ အာရုံ နစ်မြုပ် လိုက်လေသည် ။
စံပယ်တွေ ပွင့်သမျှကိုလည်း ခူးပြီးသွားပြီ။ ဇကာထဲမှာ  မို့မောက်နေပြီ။ မြက်ခင်းလေးပေါ် မှာ  ဒန်းလေးပေါ် ထိုင်ကာ လူလုံးပြလိုက်သည် ။
မိန်းမကြိုက်တော့ မျှော်လိုက်တာ ဆိုသည့်စကား၏ အဓိပ္ပာယ်ကို ယခုမှ ပြည့်ဝန်းကိုယ်တွေ့ ဖြင့် နားလည်သဘောပေါက်မိတော့လေသည် ။
ပန်းကို စတင်သီကုံးရင်း နိုင်စံထူးအလာကို စောင့်နေမိသည် ။
ကြီးကြီးကလည်း ပြန်မလာသေး။ ဖခင်ကလည်း လမ်းထိပ်သို့ တုတ်ကိုအားပြု၍ လမ်း လျှောက်ထွက်သွားသည် ။
ဂွမ်းပုံနှင့် မိမိပဲရှိသည့်အချိန် သူရောက်လာပါက ဘယ်လောက်ကောင်း လိုက်လေမလဲ။ အေး အေးဆေးဆေး ဆွေးနွေးလို့ ရသည် ။
ဖခင်ကိုတော့ ပစ်မထားနိုင်ပါ။ အဘတို့ အကြွေးကို အိမ်ရောင်းဆပ်လိုက်မည်။ သင့်တော်ရာ တိုက်ခန်းလေးဝယ်၊ ပိုငွေဖြင့် သူ့ကိုယ်ပိုင်စီးပွားရေးတစ်ခုခု လုပ်ခိုင်းလျှင်ကော။ လက်ဘက်ရည် ဆိုင်တစ်ဆိုင် ဖွင့်လိုက်လျှင်ကော သူလုပ်နိုင်မလား။ သူ့ကို စက်ယက်ကန်းရုံမှာ ပဲ ရှယ်ယာထည့်ပြီး အမြတ်ငွေကို ဖခင်နှင့်ကြီးကြီးကို ထောက်ပံ့လျှင်ကော၊ မဖြစ်ပါဘူး။ မိမိသူနှင့် လိုက်မနေဘူး။ ဒီမှာ ပဲ ဒိုးတူဘောင်ဘက် လုပ်ကိုင်စားပြီး ဖခင်နှင့်ကြီးကြီးကို စောင့်ရှောက်မည်။ ဒါ မိမိရဲ့ ဆုံးဖြတ်ချက်။
သူ့ဆုံးဖြတ်ချက်ကိုလည်း လိုချင်သည် ။
ရက်ကသိပ်မရှိ။ သီနေသောပန်းတောင် တစ်ဝက်ကျိုးပြီ။ သူ မလာသေးပါလား။
တစ်ဖက်အိမ်ကြီးဆီသို့ လှမ်းကြည့်လိုက်သည် ။ ဟင် လသာဆောင်ပေါ်မှာ  ကိုဘဝင် အပေါ် စီးက မိန့်မိန့်ကြီး လှမ်းကြည့်နေပါလား။ မုန်းဖို့ ကောင်းလိုက်တာ။ ဒီလိုလူမျိုးကို လက်ထပ်ဖို့ ဆိုတာ စိတ်ကူးအိပ်မက်ကို ခြောက်လှန့်စေသည် ။
မိန်းမတစ်ယောက်ကို ချဉ်းကပ်ဖို့ မကြိုးစားဘဲ အကြွေးဖြင့် သိမ်းပိုက်ရန်ကြံစည်သောသူမျိုး ကို မိမိ ဘယ်လိုလုပ် ချစ်နိုင်မှာ လဲ။
ဇကာထဲမှ ပန်းကို ပြီးအောင်သီရင်း မိမိ၏ ဘ၀ကိုတွေးမိတော့ မျက်ရည်စက်တို့ က စပယ် ပွင့်လေးများ ပေါ်သို့ ကြွေကွဲမိုးအဖြစ် ရွာသွန်းလေတော့သည် ။
ဇကာထဲမှ စပယ်ပွင့်များ အကုံးဘ၀သို့ ပြောင်းလွဲသွားချိန်၌ နေမင်း၏ နှုတ်ဆက်အလင်း ရောင် အကြွင်းအကျန်ပင် ပျောက်ကွယ်သွားလေပြီ။
အိမ်ထဲသို့ လေးတွဲသော ခြေလှမ်းဖြင့်ဝင်ခဲ့သည် ။ ကြီးကြီးနှင့် ဖခင်လည်း ပြန်လာသည် ။
"ထမင်းစားတော့မလား ဖေဖေ"
"တအောင့်နားပြီး စားတော့မယ်"
"မောင်လေးအကြိုက် ဆတ်သားခြောက်လေး ဖုတ်လိုက်ဦးမယ်နော် ခဏလေး"
"အဝတ်လဲလေ ကြီးကြီး သမီးလုပ်လိုက်ပါ့မယ်"
"ပန်းတွေအများကြီး  အန်တီမာကြီး ဘုရားတင်ရအောင် ဂွမ်းပုံကို ပို့ခိုင်းလိုက်ဦးမယ်နော် ကြီးကြီး၊ ထမင်းပွဲပြင်ပြီးမှ ပါ"
"အေးအေး သမီးသဘော  သမီးသဘော"
ကြီးကြီးအေး၏ လေဒီကြွားအမည် ပျောက်ကွယ်တော့မည်ထင်ပါသည် ။
"ဒီနေ့ ပွဲခသုံးသိန်းရလိုက်တယ် သမီးဘာဝယ်ချင်သေးသလဲ"
ပြည့်ဝန်းက ခေါင်းခါလိုက်သည် ။ ကြီးကြီး၏ ငွေကို သူမသုံးရက်တော့ပါ။ ကြီးကြီးအပေါ် နားလည်လာသောအခါ အသနားပင် ပိုရလေပြီ။
ထမင်းပြင်ပြီးချိန်၌ မီးဖိုချောင်၌ ကြီးကြီးအလစ်တွင် စပယ်ကုံးပေးရင်း 
"ကိုနိုင်ကိုကြည့်ခဲ့၊ ဒီမနက် ပန်းခူးချိန် ခြံထဲလာခဲ့ဖို့ ပြောလိုက် သိလား"
"ဟုတ်ကဲ့ မမလေး"
"စိတ်ချလိုက်မယ်နော်"
"စိတ်ချပါ၊ ကျွန်မ နားလည်ပါတယ်"
ဂွမ်းပုံကတော့ လူငယ်ပီပီ သူတို့ အချစ်ရေးကို အားပေးလေသည် ။
ထမင်းစားနေရသည် စိတ်က မဖြောင့်။ တစ်ပန်းကန်ကို မနည်းကုန်အောင်စားရသည် ။ စိတ်က မဖြောင့်ချင် 
"သမီး စားလို့ မကောင်းဘူးလား"
ကြီးကြီးက မေးလိုက်သည် ။
"ကောင်းပါတယ် ကြီးကြီးရဲ့ ၊ ညနေပိုင်းကို တစ်ပန်းကန်ပဲ စားနေကြဟာကို"
ပန်းကန်ကိုယူပြီး မီးဖိုဘက် ထွက်ခဲ့သည် ။
ဂွမ်းပုံ ပြန်ရောက်နေပြီ။
"သတင်းထူးတယ် မမလေး"
"ဟုတ်လား ဘာလဲ"
"အစ်ကိုလေး မရှိတော့ဘူး"
"ဟင်  ဘာဖြစ်လို့ လဲ"
"သူ မြို့ပြန်သွားပြီတဲ့ "
"ဟင်"
မိမိကို မနှုတ်ဆက်။ အကျိုးအကြောင်း မပြောဘဲ ထွက်သွားတာဆိုတော့ အကြောင်းရှိရပေ မည်။ ထိုအကြောင်းသည် မင်းသတ္တိတို့ နှင်ထုတ်ခြင်းကလွဲ၍ ဘာမှ မဖြစ်နိုင်။
ရက်စက်လိုက်တာ။ သူတစ်ပါး၏ ချစ်ခြင်းကို ဖြိုခွင်းပြီးမှ ရယူပိုင်ဆိုင်ဖို့ ကြိုးစားသည့် လူစားကို အမုန်းကြီး မုန်းမိလေပြီ။
"ဘာပဲပြောပြော သူ ငါ့ကို တစ်နည်းနည်းနဲ့ အကျိုးအကြောင်းပြောပြ ဆက်သွယ်သင့် တယ်"
ချစ်သူအပေါ်လည်း မကျေနပ်စိတ်က ဝင်ရောက်လာသည် ။ ဒေါ်ပြည်အေး ဝင်လာသည် ။
"ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ သမီး"
"ဖေဖေကော"
"အိမ်ရှေ့ဘက် ထွက်သွားပြီ"
ပြည့်ဝန်း အကျိုးအကြောင်း ပြောပြလိုက်သည် ။
ဒေါ်ပြည်အေးက လူကြီးပီပီ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်ဖြင့် 
"သူတို့ အိမ်သားတွေက ဦးမင်းသူရဲ့ တစ်သွေး တစ်သံ တစ်မိန့်ကို နာခံကြတယ်၊ ဒေါ်မာရက် ကလည်း အတွင်းမီးအပြင်မထွက်ရအောင်ကို မီးသေအောင် အုပ်ချုပ်နိုင်တယ်၊ ဘာပဲဖြစ်ဖြစ် သူ သမီး ဖုန်းနံပါတ်လည်း သိနေတာပဲ၊ ဆက်သွယ်မှာ ပါ၊ ကြီးကြီး သွားစနည်းနာကြည့်ဦးမယ်"
"နေပါစေ ကြီးကြီးရယ်၊ မိန်းမသိက္ခာ ကျပါတယ်၊ သူဆက်သွယ်လာလည်း လာပေါ့၊ မလာလို့ ကတော့ ကိုယ့်ဘက်က ဘာမှ လှုပ်ရှားစရာမလိုပါဘူး၊ ကြီးကြီးတို့ အဖြေပေးရက်မှာ  သူ ဆက်သွယ်မှု မရှိရင် တော့ ကြီးကြီးတို့ ဆန္ဒအတိုင်းသာ ဆောင်ရွက်လိုက်ပါတော့၊ ကြီးကြီးနဲ့ ဖေဖေတို့ ရဲ့ ကျေးဇူးကိုပဲ သမီးနှလုံးသားနဲ့ ဆပ်လိုက်ပါတော့မယ်"
ပြည့်ဝန်း ဖခင်မသိအောင် နောက်လှေခါးမှ အပေါ်ထပ်သို့ ပြေးတက်သွားလေသည် ။
ဒေါ်ပြည်အေး သက်ပြင်းချလိုက်သည် ။ ပြည့်ဝန်းအတွက် တဒင်္ဂတော့ စိတ်မကောင်းမိ။ သို့သော် သူမ၏ နောင်ရေးကောင်းသွားခြင်းအပေါ်၌ ရင်ထဲကြိတ်၍ ပီတိဖြာနေမိသည် ။
"ဖေဖေ ပြောစရာရှိတယ်ဆို"
ထမင်းစားတာ လေးငါးလုတ်ခန့် ရှိနေပြီ။ ဖခင်ထံမှ စကား စမလာသေးသောအခါ မင်းသတ္တိ သည်းမခံနိုင်တော့ဘဲ မေး လိုက်လေသည် ။
"အေး  ရှိတယ်"
"ဘာကိစ္စလဲ ဖေဖေ"
"သားရဲ့ အိမ်ထောင်ရေးကိစ္စပဲ၊ ဖေဖေ ကိုပြည်စိုးသမီးလေးကို သဘောကျတယ် ချွေးမ တော်ချင်တယ်"
မင်းသတ္တိရင်တွေ လှိုက်ဖိုသွားသည် ။ မျှော်လင့်ချက်မထားသော ကိစ္စပင်။
"ဖေဖေတော့ နားဖောက်ပြီးပြီ"
"ဟင်  သားသဘောကို မမေးဘဲ"
"မေးစရာ လိုသေးလားကွ၊ ဖေဖေ စီစဉ်ပေးခဲ့တာတွေ မင်းဘ၀မှာ  မကောင်းတာ ရှိခဲ့လို့ လား"
"စီးပွားရေးကိစ္စနဲ့ အိမ်ထောင်ရေးကိစ္စဟာ မတူညီနိုင်ဘူးဖေဖေ"
"ဘာလဲ မင်းက ပြည့်ဝန်းကို မကြိုက်လို့ လား"
"သဘောကျပါတယ်"
မင်းသတ္တိက အမှန်အတိုင်းပင် ဖြေလိုက်သည် ။
"ဒါဖြင့် ဘာကိုတွေဝေနေတာလဲ"
"သူ့ဘက်ကကော"
"အင်း လာမယ့် စနေနေ့မှာ  အကြောင်းပြန်လိမ့်မယ်"
မင်းသတ္တိ ရင်ခုန်သံ မြန်လာသည် ။
ပြည့်ဝန်းကို သူ ပိုင်ဆိုင်ခွင့်ရတော့မှာ ပါလား။ ဒီလိုဆိုတော့လည်း လောကကြီးက သာယာလှ ပလွန်းလှပါတကား။
"သူ့အဖေကော ကြီးတော်ကောက လိုလိုလားလားပါပဲ၊ သမီးသဘောကို မေးရင်း သမီးရှင် ပီပီ အိုက်တင်ခံလိုက်တဲ့ သဘောပေါ့၊ မင်းက သဘောမတူလို့ လား"
"တူပါတယ် သား သူ့ကို သဘောကျနေတာပဲ"
"ဒါများကွာ စောစောစီးစီးကတည်းကသာ မင်းဖွင့်ပြောခဲ့ရင် ခုလောက်ဆို ငါ မြေးချီနေရ ပြီကွ"
မင်းသတ္တိ မပွင့်တပွင့် ပြုံးလိုက်မိသည် ။
"ဖေဖေ့ကို သား တစ်ခုတောင်းဆိုချင်တယ်"
"ဘာလဲ ပွင့်ပွင့်လင်းလင်းပြော သားအဖချင်းပဲ ရှက်စရာမလိုဘူး"
"သူတို့ ဘက်က ခေါင်းညိတ်ပြီ ဆိုတာနဲ့ စေ့စပ်တာတွေ ဘာတွေလုပ်မနေဘဲ တစ်ပတ် အတွင်း လက်ထပ်ဖို့ စီစဉ်ပေးပါ"
"ဟေ"
ဦးမင်းသူရက ရုတ်တရက်အံ့အားသင့်သလို ဟေလိုက်ပြီးမှ မျက်နှာကြီး ပြုံးဖြီးဖြီးဖြစ်ကာ ရယ်မော လိုက်လေသည် ။
မင်းသတ္တိကလည်း မနေသာဘဲ ရယ်မော လိုက်လေသည် ။
"အချိန်နဲ့ ဒီရေဟာ လူကိုမစောင့်ဘူး မှတ်လား ဖေဖေ၊ အခြေအနေပေးတုန်း အခွင့်အရေးကို အပြည့်အ၀ပဲ အသုံးချလိုက်ချင်တယ်"
"ကောင်းတယ်၊ ဒါမှ ငါ့သားကွ မာဂရက်ရေ ဝီစကီယူခဲ့ကွာ၊ ဒါမှ  ပိုပြီး စည်ကားသွား အောင် ဟား ဟား"
ဖခင် ပျော်ရွှင်သွားသည် ကို ကြည့်ပြီး မင်းသတ္တိလည်း ပျော်ရွှင်မိလေသည် ။ မိမိ၏ ချစ်ခြင်း မေတ္တာဖြင့် ပြည့်ဝန်း၏ ဘ၀လေးကို လှပစေရမည်။ ပျော်ရွှင်ချမ်းမြေ့စေရမည်။ သာယာသော အိမ် ထောင်ရေးတစ်ခုကို တည်ဆောက်ပေးမည်ဟု မျှော်မှန်းရင်း ဖခင်နှင့်အတူ ပျော်ရွှင်စွာ စားသောက် လိုက်သည် ။
တစ်ဘက်ခြံတွင် တော့ ပြည့်ဝန်းသည် တယ်လီဖုန်းခေါ်သံကို စောင့်ရင်းဖြင့် အပူရုပ်ကိုဟန် လုပ်ပြုံးကာ သိုးမွှေးထိုးရင်း ဖခင်နှင့်ကြီးတော်အား စကားပြောရင်း လုပ်နေရရှာသည် ။
သို့သော် ထိုနေ့ သန်းခေါင်ကျော်သွားသည့်တိုင်အောင် နိုင်စံထူးထံမှ ဖုန်းဆက်ခြင်း မရှိပေ။
ပြည့်ဝန်း နောက်နေ့ကို စောင့်မျှော်ရပေဦးမည်။
မျက်ရည်စက်လက်ဖြင့် အိပ်ပျော်ခဲ့ရလေသည် ။
…………. အပိုင်း [ ၆ ] ဆက်ရန်………….
မင်္ဂလာပါဝန်ဇင်းစာချစ်သူများခင်ဗျာ ...
ဒီနေ့ညမှာဆိုရင်တော့ ဝန်ဇင်းစာချစ်သူများအတွက် စာရေးဆရာမ မြပုလဲခင်ရဲ့ “တစိမ့်စိမ့်မိုး” ဆိုတဲ့ အခန်းဆက်ဝတ္ထုရှည်ကို အပိုင်းများခွဲပြီးနောက် အပိုင်း ( ၅ ) အဖြစ် ဆက်လက် တင်ဆက် ဖော်ပြခဲ့ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ အပိုင်း ( ၆ ) ကို  မနက်ဖြန်ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာဖြစ်လို့ Wun Zinn Digest ကို ဝင်ရောက်ကြည့်ရှုဖို့ မမေ့ပါနဲ့ဦးလို့ ပြောလိုက်ပါရစေ။

 ဝန်ဇင်းသတင်းစကား ။       ။ စာရေးဆရာမ မြပုလဲခင်၏ “တစိမ့်စိမ့်မိုး” အခန်းဆက်ဝတ္ထုရှည်ကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းမှာ ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
…….
“တကယ်လို့ စာချစ်သူတို့အနေနဲ့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျ” “ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 

 

Related Posts