မြပုလဲခင်-တစိမ့်စိမ့်မိုး အပိုင်း ( ၄ ) [အခန်းဆက်ဝတ္ထုရှည်]


[ အခန်းဆက်ဝတ္ထုရှည် ]
စာရေးဆရာမ မြပုလဲခင်၏ “တစိမ့်စိမ့်မိုး”
အပိုင်း ( ၄ ) 
.............
"မောင်စံထူး မင်း စာရင်းကိုပြန်ကြည့်စမ်း မှားနေပြီကွ၊ ဒီမှာ  ဦးပြပေးမယ်"
နိုင်စံထူး စိတ်ညစ်သွားသည် ။ ကိန်းဂဏန်းတွေ စာရင်းဇယားတွေကို စိတ်မဝင်စား။ ငွေကို တော့ စိတ်ဝင်စားသည် ခက်တာက ငွေမကိုင်ရသေး စာရင်းတွေကိုသာ ရေတွက်နေရသည် ။
သူဌေးဖြစ်ဖို့ ဆိုတာလည်း မလွယ်ပါလား။ ဦးမင်းသူရနှင့် မင်းသတ္တိသည် အမြဲလိုလို ညစာ စားသွားလျှင်သွား သွားပြီး ပြန်လာလျှင်လည်း ကိစ္စရှိသေးလျှင် ဆယ့်နှစ်နာရီ တစ်ချက်အထိ အလုပ်လုပ်သည် ။ ဂဏန်းပေါင်းစက်၊ ဖိုင်တွဲများ နှင့် အလုပ်ရှုပ်နေတတ်ကြသည် ။ မင်းသတ္တိဆိုလျှင် ကွန်ပျူတာပါ ပါသေးသည် ။ ဒီသူဌေးတွေ မလွယ်။
သူဖြစ်ချင်သည့် သူဌေးက ဇိမ်နှင့်နေသော သူဌေး။ ငွေပုံပေါ်ထိုင်ပြီး ဇိမ်နဲ့ နေချင်သည် ။ ကောင်းကောင်း အိပ်၊ ကောင်းကောင်း စား၊ ကောင်းကောင်း ဝတ်၊ ကောင်းကောင်း ပျော်ချင်သည် ။ ယခု မှန်းချက်နှင့်နှမ်းထွက် မကိုက်၊ လုပ်လိုက်ရသည့် အလုပ်။
သူတို့ ကိုယ်တိုင်လုပ်တော့ မိမိက အညိမ့်သားနေ၍ မရ၊ ရည်းစားဆီတောင် သွားချိန်၊ ဖုန်း ပြောချိန် သိပ်မရ။
"မင်း စိတ်မဝင်စားဘူးလား မောင်စံထူး"
"မဟုတ်ပါဘူး ခေါင်းကိုက်နေလို့ ပါ ဦးလေး"
"ဒါဖြင့် ဆေးသောက်ပြီး သွားအိပ်တော့၊ သားရေ မင်းပဲ ဆက်ကြည့်ပေးတော့ကွာ၊ ဒီနေ့ ဖေဖေ တရားခွေတစ်ခွေ လက်ဆောင်ရထားလို့ တရားနာလိုက်ဦးမယ်"
"ထားလိုက်ပါ ဖေဖေ၊ သားပဲ လုပ်လိုက်မယ်"
မင်းသတ္တိ နိုင်စံထူး၏ နောက်ကျောကို မကျေနပ်စွာ လှမ်းကြည့်လိုက်သည် ။ နှုတ်မှ လည်း ဆက်ပြောချင်လိုက်တာ။
အလုပ်ဆိုတာကို လူကနိုင်မှ ကြီးပွားတိုးတက်မှာ ပေါ့။ အလုပ်ကိုနိုင်အောင် မလုပ်မှ တော့ ဘာမှ တတ်မှာ  မဟုတ်ဘူး ။ ဖေဖေ့လူကို ဒီအတိုင်းသာ လျော့ပေးနေ ဘာမှ တတ်လာမှာ  မဟုတ်ဘူး ။ အလကား ပိုးသာကုန် မောင်ပုံစောင်းမတတ် ဆိုသလို ဖြစ်နေပြီဟု ။
သို့သော် ဖခင်မျက်နှာက ရှိသေးသည် ။ နောက်တစ်ချက်က ဝန်တိုကာ အပြစ်ရှာနေသည် ဟု အထင်မခံနိုင်။
ဒေါ်မာဂရက် သတင်းပေးချက်အရ ပြည့်ဝန်းနှင့် ဒီကောင် ချစ်သူအဆင့် ရောက်နေကြပြီတဲ့ ။ မစားရသည့်အမဲသဲနှင့်ပက်သည် ဟု အထင်မခံနိုင်၍ အောင့်အည်းနေရသည် ။ မိမိသဘောအရသာ ဆိုလျှင် သူလိုကောင်မျိုး ငွေရေးကြေးရေးသာ အကူအညီပေးပြီး ပြန်လွှတ်လိုက်ချင်ပြီ။
ပြည့်ဝန်းကို ဒေါသဖြစ်မိသည် ။ တော်တော်ဉာဏ်မရှိတဲ့ မိန်းကလေးပဲ။ ပညာတတ်ပြီး အလကား။ ကိုယ့်ရုပ်ကိုယ့်ရည်ကိုမှ အားမနာ ဒီလိုကောင်မျိုးကိုများ ။
မဟုတ်ပါဘူး၊ အိမ်တွင်းပုန်းမလေးဖြစ်၍ ဝန်းကျင်နှင့် အဆက်ပြတ်ကာ လူ့သဘော အထူး သဖြင့် ယောက်ျားတွေရဲ့ မနောကို နားမလည်ရှာ၍ ဖြစ်မှာ ပါ။
ဒီကောင်ကိုက လည်လွန်းတာ။
မိမိ ဘယ်လိုတားဆီးရလျှင် ကောင်းမလဲ။
"တောက်"
ဒီအမှောက်ပယောဂဝင်ပူးမှုကြောင့် စာရင်းဇယား လုပ်ရတာ စိတ်မဝင်စားနိုင်အောင် ဖြစ်မိ သည် ။
ပြည့်ဝန်းကို သူ တိတ်တခိုး ချစ်နေခဲ့သည် မှာ  လွန်ခဲ့တဲ့ ခုနစ်နှစ်ကတည်းက။ ပြည့်ဝန်းဖခင် လည်း ကျန်းမာ၍ ပွဲတက်နိုင်ပြီဆိုလျှင် ခမ်းနားကြီးကျယ်စွာ လက်ထပ်ပြီး တန်ဖိုးထားယုယသွား မည်ဟူသော ရည်ရွယ်ချက်တို့ သည် သဲထဲရေသွန် ဖြစ်ရတော့မည်။
ဖြစ်ရလေတယ်၊ ပြည့်ဝန်းရယ်။ မင်းမှာ  မျက်စိမရှိဘူးလား။ ရုပ်ချော အပြောကောင်းပြီး ပတ်ချွဲနှပ်ချွဲ လုပ်တတ်ရုံကလွဲပြီး အလုပ်ကိုလက်ကြောတင်းအောင် မလုပ်ချင်တဲ့ ယောက်ျား၊ ငွေ အချောင်ရမယ့် ဖြတ်လမ်းနည်းကိုသာ လိုက်ချင်သည့်ယောက်ျားမျိုးကိုမှ မင်းကြိုက်ရသလား။
နှမျောခြင်း၊ ယူကျုံးမရခြင်း၊ ကြေကွဲခြင်းတို့ နှင့်အတူ ဂရုဏာဒေါသောစိတ်ဖြင့် ဖြေ၍ မရ အောင် ခံစားလိုက်ရသဖြင့် စာရင်းဇယားစာအုပ်များကိုပိတ်ကာ သိမ်းဆည်းလိုက်ပြီး ထမင်းစား ခန်းသို့ ထွက်ခဲ့သည် ။
ဝီစကီပုလင်းကို ယူပြီး ရေခဲနှင့် ရောစပ်ကာ သောက်ချလိုက်သည် ။ ဒီနေ့တော့ မူးအောင် သောက်ပစ်လိုက်သည် ။
မူးပြီး အိပ်ပျော်သွားပါက ပြည့်ဝန်းကို မေ့ပျောက်သွားလိမ့်မည်ဖြစ်သည် ။
"အိုး  မိုင်ဂေါ့ ဆန်နီ ဘယ်လိုဖြစ်တာလဲ"
ဒေါ်မာဂရက် အအိပ်အနေဆတ်သူပီပီ သူ၏ ပုလင်းသံ ဖန်ခွက်သံတို့ ကြောင့် နိုးထလာသည် ။
ဇက်ကျိုးစပြုနေသော သူ့ကိုမြင်တွေ့တော့ တအံ့တဩ ဘုရားတကာ အနားသို့ရောက်လာ သည် ။
"သားရယ် တော်ပြီကွယ်၊ လာလာ အပေါ်တက်တော့"
"ကျွန်တော် မမူးသေးပါဘူး အန်တီမာ၊ ကျွန်တော် မူးအောင်သောက်ရမယ်၊ မမူးလို့ မဖြစ် ဘူး"
"အေးပါ ဆန်နီ အခန်းထဲရောက်မှ ဆက်သောက် အန်တီမာ ယူခဲ့ပေးမယ်၊ ထထ  ဆန်နီ လိမ္မာပါတယ်၊ ဆန်နီနဲ့ အန်တီမာ စကားတွေပြောစရာရှိသေးတယ်နော် သား"
ဒေါ်မာဂရက်စကားကို သူနားထောင်လေ့ ရှိခဲ့သည် မှာ  ငယ်ငယ်ကတည်းက။ သူ ငါးနှစ် အရွယ်၌ မိခင်ဆုံးသွားခဲ့သဖြင့် ဒေါ်မာဂရက်၏ စောင့်ရှောက်မှုက မိခင်နှင့် မခြားပေ။ သစ္စာရှိသော အမျိုးသမီးကြီးဖြစ်သည် ။ သူ့ဖခင်အပေါ်တွင် လည်း ဆရာသမားတစ်ဦးပမာ အစ်ကိုရင်းပမာ ရိုသေ စွာ ပြုစုပေးလေ့ရှိသည် မှ အပ မရိုးသားခြင်း လုံးဝမရှိခဲ့ချေ။
"ဟုတ်ပြီ ကျွန်တော်လည်း အန်တီမာကို ပြောချင်နေတဲ့ စကားတွေ အများကြီးပဲ"
သူ့ခန္ဓာဝန်ကြီးကို အနိုင်နိုင်သယ်ဆောင်၍ အပေါ်ထပ်သို့ တက်ခဲ့သည် ။ အောက်ထပ်၌ ဟို ကောင်ရှိနေသည် ။ ဒင်းသိလို့ မဖြစ်။ ဒင်း၏ အလုပ်အချောင်ခိုတတ်မှုများကို တွေ့မြင်နေရကတည်း က ဒင်းကိုကြည့်လို့ မရခဲ့။ ယခုလို သူ့အသည်းနှလုံးကို အလစ်သုတ်သွားခဲ့တော့ ပိုဆိုးသည် ။ ဒင်းကို သူ့စိတ်သူ့သဘော အရသာဆိုလျှင် နှင်ထုတ်ပစ်လိုက်ချင်ပြီ။
သူ့အပေါ်၌ အဖေနေရာကော အမေနေရာပါ ယူထားပေးပြီး အမေသစ် ရှာမပေးသောဖခင်၏ ကျေးဇူးတရားကြောင့် အစစအရာရာ သည်းခံနေခဲ့ရသည် ။ယခုတော့ သူ့နှလုံးသားကိုပါ ထုတ်ယူလေပြီ။
"ဒီမှာ  ဆန်နီ ဒါကုန်ရင် အိပ်ရမယ်နော်၊ ကဲပြောစမ်း ဘာပြောချင်သလဲ"
"အန်တီ အရင်ပြော"
"အန်တီသဘောအရဆိုရင် မင်း ဆရာကြီးကို ဖွင့်ပြောပြီး ပြည့်ဝန်းကို လက်ထပ်လိုက် တော့"
သူ လက်မခံနိုင်ပါ။
"နိုး  နိုး  ဒါတော့ သားလက်မခံနိုင်ဘူး၊ သားလိုချင်တာ ပြည့်ဝန်း မဟုတ်ဘူး ၊ ပြည့်ဝန်းရဲ့ အချစ် ပြည့်ဝန်းရဲ့ နှလုံးသားပါ""အို  ဘာထူးသလဲ ပြည့်ဝန်းကိုရရင် ပြည့်ဝန်း နှလုံးသားကို ရမှာ ပေါ့"မင်းသတ္တိ လက်မခံနိုင်။
ခေါင်းကို တွင် တွင် ယမ်းပြီး 
"ဟင့်အင်း  အန်တီမာ နားမလည်သေးပါဘူး၊ ကျွန်တော့်စိတ်ကို အန်တီမာ နားမလည် သေးဘူးလား၊ ဘာလုပ်လုပ် ဘာကိုပဲယူယူ အကောင်းတကာ့ အကောင်းဆုံးတွေ အပြည့်စုံဆုံးတွေပဲ လိုချင်ခဲ့သလို လိုချင်တာကိုလည်း ရအောင်ယူခဲ့တာ။ ခုတော့ ကျွန်တော်အလိုချင်ဆုံး မိန်ကလေးက နှလုံးသားမဲ့၊ အချစ်ဗလာနဲ့ မိန်းမ ဖြစ်တော့မှာ ၊ ဘာလုပ်ရမှာ လဲ"
ဒေါ်မာဂရက် ဦးနှောက်စားရပြီ။
ချစ်ခြင်းနှင့်ပတ်သက်၍ ပါရမီ မပါလေသလားမသိ။ ထောင့်ငါးရာအချစ် သူ့တစ်သက်မှာ  မပေါ်ပေါက်ခဲ့ဘူးချေ။ ငါးရာနှစ်ဆယ့်ရှစ်မေတ္တာများ နှင့် အေးချမ်းခြင်းကိုသာ သူ မြတ်နိုးခဲ့သူဖြစ် ရာ 
"အေးလေ ဒီကိစ္စ အန်တီမာ နားမလည်ဘူး၊ ဒါပေမဲ့ အန်တီမာ နားလည်တာ တစ်ခုပဲရှိ တယ်၊ အဲဒါကိုတော့ ဆန်နီ ခေါင်းထဲ ထည့်စဉ်းစားပေး"
"ဘာလဲ"
"ကိုယ်မြတ်နိုးရတဲ့ ပန်းလေးတစ်ပွင့်ဟာ တစ်ပါးသူရဲ့ လက်ထဲမှာ  မွမွကြေ ပျက်စီးသွားမှာ  ကို မင်းမြင်ရက်ရင်တော့ လူကြီးတွေ စီစဉ်တာကို ငြင်းပယ်လိုက်ပေတော့၊ အန်တီမာ မနက်ဖြန် ဆရာကြီးကို အကျိုးအကြောင်း ဖွင့်ပြောလိုက်တော့မယ်"
မင်းသတ္တိ ခေါင်းကြီးငိုက်ကျသွားရာမှ အိပ်ယာပေါ်လဲကျသွားလေသည် ။
ဒေါ်မာဂရက်လည်း မင်းသတ္တိနှလုံးသားကို ထိမိစွာ ဖောက်ထွင်းသွားနိုင်သော စကားမြား တစ်စင်း ပစ်သွင်းအပြီး၌ ကျေနပ်စွာဖြင့် ပုလင်းခွံနှင့် ဖန်ခွက်လွတ်ကို ပြန်လည် ယူဆောင်ကာ ထွက်သွားလေသည် ။
မလှုပ်မယှက် ကျန်ရစ်ခဲ့သော မင်းသတ္တိက အိပ်ခန်းဝမှ တစ်ချက်လှမ်းကြည့်လိုက်သည် ။
ခေါင်းကို ခါယမ်းမိပြီး 
"နာမည်ကသာ မင်းသတ္တိ၊ လူကတော့အချစ်မှာ  နတ္ထိပါလား ဆန်နီရယ်"
ဟု တီးတိုးရေရွတ်ပြီး တံခါးကို အသာပိတ်ပေးကာ ကျောခိုင်း လိုက်လေသည် ။
***
ဟ ဒီနေ့ ထူးထူးဆန်းဆန်းပါလား ကိုသူရ"
"ဆန်းဆို ဆန်းပြားတာလေးတွေ ရှိနေတာကိုးဗျ၊ ကဲပါဗျာ မမအေးကော ခင်ဗျားကော လိုက်ခဲ့စမ်းပါဗျာ၊ ကျွန်တော် စကားပြောစရာရှိလို့ ၊ ရှမ်းကန်မှာ  ညစာ စီစဉ်ထားပြီးပြီ"
"ဗြုန်းစားကြီးပါလား ကိုသူရရယ်"
"ဗြုန်းစားကြီးဆို ပြဿနာကလည်း ဗြုန်းစားကြီးကို မမအေးရဲ့ "
ဦးမင်းသူရက ညနေငါးနာရီလောက်ရောက်လာသည် ။ သူတစ်ယောက်တည်းမဟုတ် ဒေါ်မာဂရက်ပါ ပါသေးသည် ။
"သမီးပြည့်ဝန်းကိုတော့ မခေါ်တော့ဘူး၊ မာဂရက်အဖော်လုပ်ပေးလိမ့်မယ်၊ ခင်ဗျားတို့ မောင်နှမပဲ လိုက်ခဲ့ရမယ်"
ဦးမင်းသူရ၌ လည်း တဇွတ်ထိုးညဉ်လေးရှိနေတတ်သည် ။ ထိုအမွေကို မင်းသတ္တိ ကောင်းစွာ ဆက်ခံထားပုံရသည် ဟု ပြည့်ဝန်းတွေးမိသည် ။
ထူးတော့ ထူးဆန်းနေသည် ။ ဘာထူးနေသည် မသိ။
"ရပါတယ် ဘဘရယ်၊ ဂွမ်းပုံရှိတာပဲ အန်တီမာ အလုပ်ပျက်ပါတယ်"
"နိုးနိုး မပျက်ပါဘူး၊ အန်တီမာက ဘေဘီနဲ့ ပန်းဝိုင်းခူးပေးမယ်၊ သီပေးမယ်၊ ပြီးတော့ လျော့ သွားတဲ့ နှစ်ယောက်စာ ထမင်းကို အလဟဿမဖြစ်အောင် ကူစားပေးမယ် မဟုတ်ဘူး လား"
"ဪ ဒီလိုလား ဒီလိုဆိုရင်လည်း ရှိပါစေတော့၊ ဖေဖေ့ကို အင်္ကျီကူလဲပေးလိုက်ဦးမယ် နော် ခွင့်ပြုပါဘဘ"
ဒေါ်ပြည်အေးက တအံ့တဩမျက်လုံးနှင့်အတူ ဦးမင်းသူရကိုကြည့်ကာ
"တို့ တော့ မလဲတော့ဘူး ဘုရားကိုးဆူသွားမလို့ "
"သွားလေ ရပါတယ်၊ သွားရင်း ဝင်ဖူးမယ် မစားတော့ဘဲ ရှမ်းကန်ရောက်မှ စားတာပေါ့ မမအေးရာ"
ဦးမင်းသူရ စကားဆိုလျှင် ဒေါ်ပြည်အေး လွန်ဆန်လေ့မရှိ။ အမြဲနာခံလေ့ရှိသည် ကတော့ ထူးခြားသော အချက်တစ်ချက်ဟု ပြည့်ဝန်း သတိပြုမိထားသည် ။
"ဖေဖေ ဖြည်းဖြည်းဆေးဆေး စားသောက်နော်၊ စကားကိုလည်း အမျှင်မပြတ် မပြောနဲ့ "
"အေးပါ သမီးရယ်"
ညာဘက်အခြမ်းလေမိ၍ သန်သန်စွမ်းစွမ်းမရှိသော ဖခင်ကို စိတ်မချစွာ မှာ ရသေးသည် ။
"ကိစ္စမရှိဘူး သမီး၊ ဘယ်သူမှ မဖိတ်ဘူး၊ ဘဘတို့ သုံးယောက်တည်းပဲ သက်သက်ပျင်းလို့ သွားစားမှာ ၊ လွတ်လွတ်လပ်လပ်သာစားပါစေ၊ ဖိတ်သွားစင်သွားလည်း အရေးမကြီးဘူး၊ ဟန်လုပ် စရာ ထိန်းချုပ်စရာကို မလိုဘူး၊ ကိုင်း ပြီးရင် သွားကြမယ်၊ မာဂရက် ကျုပ်ပြန်လာမှ ပြန်ရမှာ  နော်"
"စိတ်ချပါ ဆရာကြီးရယ်"
ပြည့်ဝန်းနှင့် ဒေါ်မာဂရက်သည် ကားပေါ်အထိ ပို့ပေးပြီး ကားထွက်သွားသည် အထိ ငေး ကြည့်ကျန်ရစ်ခဲ့သည် ။ ပြည့်ဝန်းစိတ်ထဲ၌ တစ်ခုခုတော့ တစ်ခုခုဟု တွေးမိနေသည် ။
ဒေါ်မာဂရက်ကို မေးလို့ ကတော့ အကြောင်းထူးမည်မဟုတ်။ ဘဘအပေါ်၌ အင်မတန် သစ္စာ ရှိသည့် အမျိုးသမီးကြီးဖြစ်သည် ။ အခြားရယ်စရာမောစရာများကိုသာ အမျှင်မပြတ်ပြောချင်ပြော လိမ့်မည်။ အိမ်သားများကို ထိခိုက်စေမည့်စကား အိမ်တွင်းရေးကိစ္စများကို ယောင်လို့ တောင်မဟ သည့် အမျိုးသမီးကြီးဖြစ်သည် ။
"အန်တီမာ ဒီနေ့ ပန်းဘယ်နှစ်ကုံးယူမှာ လဲ"
ပန်းသီချိန် လူလစ်လျှင် ကိုနိုင်ရောက်နေကျ၊ စပယ်ရုံကလည်း အန်တီမာက အဖူးမရှိသော အကိုင်းများကို အညွန့်တက်အောက်ဟု ဆိုကာ သူ့မာလီကို လာပြုပြင်ခိုင်းလိုက်တော့ အကာအကွယ် မရှိတော့သဖြင့် ကိုနိုင် လက်ရဲဇက်ရဲ မပြုလုပ်ရဲတော့။ မိမိကလည်း ဟန့်တားထားသည် ။
သို့သော် ချစ်တေးကလေးတွေကိုတော့ ရင်ဝယ်ပြည့်အောင် သီကုံးတတ်သူဖြစ်သည် ။
"ကိုယ်တို့ လက်ထပ်ရအောင် ပြည့်လေး ဖေဖေနဲ့ ကြီးကြီးကို ဖွင့်ပြောလိုက်ပါလားကွယ်"
ချစ်သက်တမ်းပင် တစ်လမပြည့်သေး လက်ထပ်ချင်ပြီတဲ့ လားကွယ်။
"ကိုယ်စိတ်မချလို့ ပါ၊ ပြည့်ဝန်းက သိပ်လှတယ်မှတ်လား၊ လိုချင်တဲ့ လူတွေ ဝိုင်းဝိုင်းလည် နေမှာ  မင်းသတ္တိအပါအဝင်ပေါ့"
"မထင်ပါဘူး၊ မင်းသတ္တိ မပါပါဘူး၊ ကိုနိုင် ထင်လို့ ပါ" ဟု သူ ငြင်းပယ်ခဲ့သေးသည် ။ ဒါကို
"ပြည့်လေး ဘာသိသလဲ၊ ကိုယ်တို့ က မြွေမြွေချင်း ခြေမြင်ပြီးသားခင်ဗျ သိရဲ့ လား" ဟု
"ဟော့တော် ပြည့်ဝန်း အိုင်ပြောတာကြားရဲ့ လား"
ပြည့်ဝန်း အတွေးရေလျင်ကြော မျောပါနေရာမှ လန့်ဖျပ်နိုးထလာခဲ့လေသည် ။
"ဟင် အန်တီမာ ဘာမေးလိုက်တာလဲ"
"ခုနစ်ကုံးယူမယ်၊ ခုနစ်ရက်သားသမီးတွေအတွက် စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိဖို့ အန္တရာယ်ကင်းစေဖို့ လို့ လေ ခုနစ်ကုံးပေးနိုင်ပါ့မလားလို့ မေးနေတာ"
"အို ပေးနိုင်ပါတယ်၊ နည်းနည်းတော့ တိုမယ်၊ အန်တီမာက ခုတ်ခိုင်းလိုက်တာကိုး"
"ပန်းလိုချင်ရင် အပင်ကို ပျိုးတတ်ရတယ် ဘေဘီရဲ့ ၊ ခုတ်ပေးရင် ရွက်နုတွေ ဝေဆာပြီး အဖူးတွေ ထပ်လိုက်လာဦးမှာ ၊ နောက်ပြီး ခြုံထူရင် ခိုအောင်းစရာ ပိုးမွှားတိရစ္ဆာန်တွေ ပြီးတော့ ကြောင်ပါး"
"ခစ် ခစ် လာပြန်ပြီ ဒီ ကြောင်ပါး၊ တော်ပါတော့"
ပြည့်ဝန်းက လွတ်လပ်စွာ ရယ်မောလိုက်သည် ။ ညီညာဖွေးဥသောပုလဲသွယ်ကုံးသဖွယ် သွား တန်းကလေးများ ဝင်းလက်စွာ ပေါ်ထွက်လာပုံ၊ ပါးချိုင့်လေး ခွက်ဝင်သွားပုံ၊ မျက်ဝန်းတောက် တောက်လေး ကြည်လဲ့စွာ မှေးစင်းသွားပုံကအစ ချစ်စရာကောင်းလိုက်တာ။ ဒါကြောင့်လည်း ယောက်ျားလေးတွ စွဲမက်နေတာထင်ပါရဲ့ မိန်းမချင်းတောင် ငေးယူရလောက်သည် ။
"အန်တီမာ"
"ဟင် ဘာလဲ ဘေဘီ"
"ဘဘက ဖေဖေတို့ ကို ဘာအတွက်ခေါ်ကျွေးတာလဲဟင်"
"သက်သက်မဲ့ပျင်းလို့ နေမှာ ပါ၊ ဒီလိုပဲ သွားနေကျပဲ ဆရာကလည်း သွားနိုင်လာနိုင်ပြီဆို တော့ သွားတာပေါ့၊ ဘာဖြစ်လို့ မေးတာလဲ ဘေဘီ"
"ဘာမှ မဖြစ်ဘူး အထိမ်းအမှတ်တစ်ခုခုအတွက် ကျွေးတာလားလို့ ပါ"
"မဟုတ်ပါဘူး"
ထိုစဉ် ဦးမင်းသူရတို့ အိမ်ကြီး၏ လသာဆောင်မှ လူတစ်ယောက် ရပ်ကြည့်နေသည် ။
မင်းသတ္တိ ဖြစ်သည် ။
နိုင်စံထူးကတော့ ခြံထဲမှ မယောင်မလည်လုပ်ကာ မာလီအား စကားပြောနေသည် ။
ဒေါ်မာဂရက်က အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး ပြည့်ဝန်းနားမှ မခွာတော့ပေ။
နိုင်စံထူး အိမ်ထဲပြန်ဝင်သွားသည် ။ ဘာတွေများ ဉာဏ်များ ဦးမလဲဟု ဒေါ်မာဂရက် တွေး နေစဉ်မှာ ပင် ဂွမ်းပုံက မလှမ်းမကမ်းရောက် လာပြီး
"မမလေး ဖုန်းလာတယ်"
"အေးအေး လာပြီ"
ဒေါ်မာဂရက် လိုက်သွားရန် မသင့်တော်
အဲဒီလောက်ကြီးဆိုတော့ ဣနြေ္ဒပျက်မည်။
ပြည့်ဝန်း တယ်လီဖုန်းကို ဝမ်းသာအားရ ကောက်ကိုင်လိုက်သည် ။ ထင်သည့်အတိုင်းပင်
"စောင့်လိုက်ရတာ ပြည့်လေးရာ"
"ပြော ကိုနိုင်"
"အရေးတော်ပုံတော့ စ လာပြီ ထင်တယ် ပြည့်လေးရာ"
"ဒေါ်ဗူးယိုနဲ့ ဦးလေးနဲ့ ကြိတ်ကြိတ်ကြိတ်ကြိတ်နဲ့ နေ့ခင်းကလည်း အလုပ်မှာ  ဒေါ်ဗူးယို ဆီက ဖုန်းလာတာနဲ့ အဘိုးကြီး ကောက်ခနဲပြန်သွားတယ် ကိုယ့်ကိုတောင် မခေါ်တော့ဘူး"
"ဟုတ်လား"
"သူတို့ မှာ  မရိုးသားတဲ့ အကြံအစည်တစ်ခုတော့ ရှိနေတယ်ထင်တယ်"
"မဖြစ်နိုင်ဘူးထင်တယ် ဘဘနဲ့ အန်တီမာက ဆရာတပည့်ပါ ရိုးသား"
"ကျွတ် ပြည့်လေးရာ သိပ်အ၊ သိပ်နတာပဲကွယ်၊ ကိုယ် ဒါကြောင့် မြတ်နိုးရတာ ပြည့်လေးက အရရာကို အကောင်းမြင်ဝါဒနဲ့ ပဲ ကြည့်တတ်တာကိုး ကိုယ်ပြောတာက သူတို့ မရိုး သားမှုမှာ  ကိုယ်နဲ့ ပြည့်လေးရဲ့ ကိစ္စလို့ ထင်တယ် သူတို့ ရိပ်မိကုန်ကြပြီထင်တယ်"
"ဟုတ်လား ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ ကိုနိုင်"
ပြည့်ဝန်း ထိတ်လန့်သွားသည် ။ အတွေ့အကြုံမရှိ အစစအရာရာ နိုင်စံထူး၏ ပြောသမျှကို သာ ခေါင်းညိတ်နားထောင်ရုံမှ အပ သူ ဘာမှ မလုပ်တတ်။ မစဉ်းစားတတ်။
"ကိုယ်ထင်တာက အဘိုးကြီးက သူ့သားနဲ့ ပြည့်လေးကို မှန်းထားပုံရတယ်"
"ဟုတ်ပါ့မလား"
"ဟုတ်ပါတယ် ဘာလဲ ပြည့်လေးက သဘောကျသွားပြီလား"
"အို ကြံကြံဖန်ဖန် ဒီလောက်ဩဇာများ ပြီး မောက်မာတဲ့ လူမျိုးကိုများ ဝေးသေး၊ ကိုနိုင်နော် ကျွန်မကို ရန်မစနဲ့ နော်"
"ဆောရီး ပြည့်လေးရယ် မင်းလေးစိတ်ထားကို ကိုယ် နားလည်ပါတယ်၊ ဒီလိုလုပ် တကယ်လို့ များ ကြီးကြီးက ဖွင့်ပြောလာခဲ့ရင် ပြည့်လေးက ကိုယ်နဲ့ ဖြစ်နေတဲ့ အကြောင်းသာ ပြောပြ ပြီး ငြင်းလိုက်"
"ကြီးကြီးက သဘောမတူရင်ရော"
"ကိုယ်တို့ လိုက်ပြေးကြမယ်လေ"
"သဘောတူရင်ရော"
"မိဘတွေကိုမှာ ပြီး တောင်းရမ်းလက်ထပ်ယူကြတာပေါ့"
ပြည့်ဝန်း ကျေနပ်စွာ ပြုံးလိုက်မိသည် ။ ဘာလိုလိုနှင့် မရည်ရွယ်ဘဲ အိမ်ထောင်သည် ဘ၀သို့ ရောက်ရတော့မှာ လား။
"ကြားလား ပြည့်လေး"
"ကြားပါတယ်"
"ဟိုကောင် ဆင်း လာပြီ၊ ဒါပဲနော် ဂွမ်းပုံနဲ့ ဆက်သွယ်ခိုင်း သိလား"
ဖုန်းချသွားလေပြီ။ ပြည့်ဝန်းမျက်စိထဲ၌ ကြီးကျယ်ခမ်းနား ခိုင်ခန့်သော လှေခါးထစ်ပေါ်မှ တစ်လောကလုံး သူ့လုပ်စာ စားနေရသော မျက်နှာထားမျိုးနှင့် ဆင်းလာသည့် မင်းသတ္တိ၏ ပုံစံကို ပြေးမြင်ယောင်မိကာ ပခုံးလေးကို ယောင်ယမ်းတွန့်လိုက်မိပြီး တယ်လီဖုန်းခွက်ကို ချ လိုက်လေ တော့သည် ။

"မောင်လေး အိပ်သွားပြီလား သမီး"
"အိပ်သွားပြီ ကြီးကြီး"
"လာဦး သမီး၊ ကြီးကြီး စကားပြောချင်တယ်"
ထူးဆန်းပြန်ပြီ။ ကိုနိုင်ပြောတာတွေ မှန်တော့မည် ထင်ပါသည် ။
စာကြည့်ခန်းသို့ ခေါ်ဆောင်လာသည် ။ ဂွမ်းပုံ မကြားစေချင်တာလည်း ပါလိမ့်မည်။
တူဝရီးနှစ်ယောက် ထိုင်မိကြသည် နှင့် 
"သမီးကို ကြီးကြီးမေးမယ် မှန်မှန်ဖြေနော်"
"မေးပါ ကြီးကြီးရဲ့ သမီးဘယ်တုန်းက လိမ်ညာဖူးလို့ လဲ"
ပြည့်ဝန်းက မျက်ဝန်းဝိုင်းဖြင့် ကြည့်ပြီး စူးစမ်းလိုက်သည် ။
ကြီးကြီးသည် ယခင်ကလို အကြွားသန်သောမိန်းမကြီးနှင့် မတူတော့ တည်ငြိမ်အေးဆေး နေသည် ။
"သမီးနဲ့ မောင်စံထူးနဲ့ ရည်ငံနေကြသလား"
ပြည့်ဝန်း ခေါင်းငုံ့လိုက်သည် ။ ယခုလို နဖူးတွေ့ ဒူးတွေ့ အမေးခံနေရတော့ တုန်လှုပ်မိလေ သည် ။ ရှက်ကြောက်ခြင်းကိုလည်း ခံစားလိုက်ရသည် ။
"မရှက်နဲ့ သမီး၊ ကြီးကြီးကို ကြောက်စရာလည်း မလိုဘူး၊ ဒါ တစ်သက်တာလုံးနဲ့ ဆိုင်တဲ့ ကိစ္စဆိုတော့ အလေးအနက်ထားပြီး စဉ်းစဉ်းစားစား ပြောဆိုကြရအောင်"
"ဟုတ်ကဲ့ သမီးနဲ့ ကိုနိုင် "
"တော်ပြီ ကြီးကြီး သဘောပေါက်တယ် လူငယ်တွေရဲ့ နီးစပ်မှုသဘာဝကို ကြီးကြီးနားလည် တယ် ခွင့်လည်း လွှတ်တယ်၊ ဒါပေမဲ့ ကြီးကြီးပြောတာကိုတော့ သမီး သေသေချာချာ နားထောင်ပေး ဦး"
ပြည့်ဝန်း ရင်တွေခုန်လာသည် ။ ဘ၀တစ်သက်တာအတွက် အရေးကြီးသောအချိန်ပေပဲ။ စိတ် လှုပ်ရှားခြင်း၊ ရင်ခုန်ခြင်းတို့ သည် ရင်နှင့်အမျှ ပြည့်နှက်နေလေပြီ 
"သမီးဖေဖေ ပင်စင်လစာ ဘယ်လောက်ထင်သလဲ"
"တစ်သောင်းလေ "
"ဂရက်ဂျူတီက ဆယ်သိန်းကျော် ရခဲ့ပါတယ်၊ ဒါပဲနော်။ တစ်နေ့ဆေးဖိုးက အသည်းအသန် ဖြစ်တုန်းက တစ်နေ့ သုံးလေးသောင်း တွက်ကြည့် သမီး"
ကြီးကြီးဘာကြောင့် ဒီစကားတွေ ပြောနေရသနည်း။
"ထားပါ ကြီးကြီးက တစ်ဦးတည်းသော မောင်လေးအတွက် စိတ်ဆင်းရဲမှာ စိုးလို့ လုံးဝအသိ မခံဘဲ ရှိတာတွေ ပေါင်နှံရောင်းချပြီး လိုလေသေးမရှိ ဆေးဖိုးဝါးခတွေပေးပြီး ကုသပေးခဲ့တယ်၊ ရှင်းရှင်းပြောမယ် ကြီးကြီးတို့ ပွဲစားဆိုတာ ဖောင်းလိုက် ပိန်လိုက်ပဲ၊ ခု အရောင်းအဝယ်ထိုင်းတာ နှစ်နှစ်သုံးနှစ်ရှိပြီဆိုတော့ ကြီးကြီးလည်း အပိုဝင်ငွေမရှာနိုင်ဘူး၊ ကြီးကြီး ပွဲစားခက ကြီးကြီးတစ် ယောက်တည်း စားလောက်ရုံပဲ ရှိခဲ့တာ၊ သမီးတို့ သားအဖရဲ့ စားစရိတ်၊ အလုပ်သမားစရိတ်၊ ဆေးဖိုးစရိတ်၊ သူနာပြုစရိတ်တွေ ကြီးကြီး မရှာနိုင်ခဲ့ပါဘူး"
မျက်ရည်တို့ သည် ဘယ်ကဘယ်လိုထွက်ပေါ်လာသည် မသိ။ ပါးပြင်ထက် တလိမ့်လိမ့်စီး ဆင်းကာ ပေါင်ပေါ်သို့ တစ်စက်ခြင်းကျလာသည် ။ မိမိသည် ဖခင်အတွက် တာဝန်မဲ့ခဲ့လေသည် ။
"သမီးတို့ သားအဖ ရောက် လာပြီး ခြောက်လလောက်မှာ ပဲ စုဆောင်းထားတဲ့ ရွှေနဲ့ ငွေထုပ် ကုန်သွားပြီး ကားရောင်းလိုက်ရတယ်"
"ဟင်  ဒါဖြင့် ဒီကားက"
"ကားဝယ်လိုက်တဲ့ သူက အကူအညီပေးတဲ့ သဘောနဲ့ ပြန်ငှားထားတယ်၊ ငှားရမ်းခလည်း မယူပါဘူး"
"အဲဒီလူက ဘယ်သူလဲဟင်"
"ကိုသူရ ဦးမင်းသူရပေါ့"
ပြည့်ဝန်း စိတ်မကောင်းခြင်းတို့ ဖြင့် မျက်ရည်ကျရုံကလွဲပြီး ဘာမှ မတတ်နိုင်။
"နောက် လိုသမျှ ငွေကိုလည်း ဒီ ခြံမြေဂရံကို အပေါင်သဘောမျိုး သူ့ကိုပဲ ပေးထားပြီး ဆွဲသုံးနေရတယ် သမီးရယ်"
ဒေါ်ပြည်အေး မျက်ရည်များ ရစ်ဝဲလာသည် ။
"ဒီကိစ္စကို မောင်လေး လုံးဝမသိစေချင်ဘူး၊ သူစားလို့ မျိုကျမှာ မဟုတ်သလို ဆေးလည်း ကု တော့မှာ  မဟုတ်ဘူး ၊ သူ့ကိုယ်သူသာ အသေခံလိုက်မယ်၊ အစ်မကို ဒုက္ခပေးမှာ  မဟုတ်ဘူး ၊ ခု သူရောဂါပျောက်တာက အစ်မပိုက်ဆံပဲဆိုပြီး အေးအေးဆေးဆေးနဲ့ သောကမရှိနေနိုင်ရှာလို့ ပဲ၊ ဒါကို သမီး နားလည်ထားပါ"
"ဟုတ်ကဲ့ပါ ကြီးကြီးရယ်၊ သမီးလည်း မသိလို့ အငြိမ့်သား ထိုင်စားနေမိတာ ခွင့်လွှတ်ပါ"
" မဟုတ်ဘူး ကြီးကြီးက သမီးကို သိသင့်သိထိုက်လို့ သာ အသိမပေးချင်ဘဲ ပေးလိုက်ရတာ၊ ခုနေ တိုက်နဲ့ ခြံကို ရောင်းပြီး ကိုသူရအကြွေးကို ဆပ်ရင်တော့ တိုက်ခန်းလေး တစ်ခန်းလောက်ပဲ ကျန်နိုင်တော့မယ်၊ စားဖို့ တောင် ရှာရမှာ  ရုန်းကန်ရမှာ "
"ကျွန်မ အလုပ်ထွက်လုပ်မယ်"
"အလုပ်အကြောင်း မပြောနဲ့ ဦး သမီး၊ ကြီးကြီးကို ဘာကြောင့် ဒီအကြောင်းတွေ ဖွင့်ပြောရ တာလဲဆိုတာ အရင်မေး"
"ဟုတ်ကဲ့ ဘာလို့ ပြောပြရတာလဲ"
ပြည့်ဝန်း တစ်သက်မှာ  အထိခိုက်ဆုံးအချိန်အနက် ဖခင်သေသလား ရှင်သလား မသိချိန်နှင့် ယခုအချိန်ပင်။ မျက်ရည်တို့ က အတားအဆီးမဲ့စွာ စီးဆင်းနေဆဲပင်။
"မနေ့ညက ရှမ်းကန်မှာ  ကိုသူရ ညစာကျွေးရင်း ကြီးကြီးတို့ ဆီမှာ  ခွင့်တောင်းတယ်"
"ဟင် အကြွေးတောင်းတာလား"
ပြည့်ဝန်းက မျက်လုံးပြူးမျက်ဆန်ပြူးနှင့် မေးလိုက်သည် ။
"အို  မဟုတ်တာ သမီးအဖေကို အသိမပေးဖို့ သူကိုယ်တိုင်ပဲ မိတ်ဆွေကောင်းပီသစွာ တားမြစ်ထားခဲ့တာဆိုတော့ ဒီကိစ္စဘယ်ပြောမှာ လဲ"
"ဒါဖြင့် ဘာကိစ္စလဲ"
"နားဖောက်တာ၊ သူ့သားနဲ့ သမီးကို နေရာချထားပေးဖို့ နားဖောက်တာ"
"ဟင်"
ပြည့်ဝန်းရင်ထဲ ဆတ်ဆတ်ခါ နာကျင်သွားသည် ။
ကိုနိုင်ပြောတာတွေ မှန်နေလေပြီ။ မိမိ ဘာလုပ်ရမလဲ။
"ကြီးကြီးက လူငယ်တွေရဲ့ ချစ်ခြင်းကိုလည်း မခွဲချင်ပါဘူး၊ အကြောင်းမပြန်သေးဘူး၊ သမီး စဉ်းစားပါ၊ ကြီးကြီး တစ်ပတ်အချိန်ပေးဖို့ ကိုသူရကို ကတိပေးခဲ့တယ်၊ သမီးအတွက် ခြောက်ရက် အချိန်ရမယ်"
"ဖေဖေကကော"
"ဘယ့်နှယ်ပြောပါလိမ့် ဟန်မဆောင်နိုင်ဘူး၊ ပြုံးရွှင်နေတာပဲ၊ မောင်လေးကလည်း ကိုသူရ တို့ သားအဖကို တော်တော်အားကိုးရှာတာကိုး၊ သူတို့ က မေတ္တာနဲ့ ပါ သမီးရယ်"
ဒါလား မေတ္တာ၊ သူတို့ အကြွေးတွေ မရမှာ စိုးလို့ လူကို သိမ်းတာ။ အလကား ချစ်တီးတွေဟု ရင်တွင်း မကျေမနပ် မြည်တမ်းလိုက်သည် ။ နှုတ်ကတော့ မပြောရဲတော့။ ကြီးကြီးကိုသနားမိလေပြီ။
"တကယ်လို့ မောင်စံထူးဘက်က တောင့်တောင့်တင်းတင်းရှိတယ်ဆိုရင်လည်း ဒီအကြောင်းတွေ သမီး သူ့ကိုဖွင့်ဟတိုင်ပင်လိုက်ပါ။ သမီးတို့ ချစ်ခြင်းကို ကြီးကြီးမခွဲပါဘူး"
"တိုင်ပင်ပြီး ဘာဆက်လုပ်ကြမလဲ"
"ဘာဆက်လုပ်ရမလဲ သမီး၊ စံထူးကိုပဲ ယူမယ်လို့ ဆုံးဖြတ်ရင် မင်းသတ္တကို ငြင်းရလိမ့်မယ်၊ အဲဒီအခါ ကိုသူရ အကြွေးတွေလည်း ဆပ်သင့်ပြီလို့ ကြီးကြီးထင်တယ်"
"အဲဒီတော့ ဘယ်လိုလုပ်ကြမလဲဟင်"
"အိမ်နဲ့ မြေ ရောင်းပြီး တို့ မောင်နှမက တိုက်ခန်းလေးနဲ့ ပဲနေတော့မယ်၊ စားဖို့ ကိုတော့ ပိုငွေ လေးနဲ့ မောင်နှမနှစ်ယောက် ပင်စင်လစာ နှစ်ခုရယ်၊ သမီးထောက်ပံ့တာ အင်း  မောင်စံထူး သဘောတူရင်ပေါ့လေ၊ အဲဒီငွေလေးနဲ့ ပဲ ခြစ်ခြုပ်စားသုံးရုံပေါ့"
"ကိုနိုင်မိဘတွေကလည်း စက်ယက်ကန်းရုံတွေနဲ့ ပါ ထောက်ပံ့မှာ ပါ၊ သမီးလည်း အလုပ် လုပ်မှာ ပေါ့၊ သမီး ဟိုဘဝင်ကို မယူချင်ပါဘူး ကြီးကြီးရယ်"
ပြည့်ဝန်း ပြောရင်း ငိုလေသည် ။
ဒေါ်ပြည်အေးလည်း မျက်ရည်ကျသည် ။
"သမီးစိတ်ဆင်းရဲရမယ့်အလုပ် ကြီးကြီး ဇွတ်မလုပ်ပါဘူး၊ သမီးစဉ်းစားဆုံးဖြတ်ပေါ့လေ၊ ကြီးကြီး သမီးကို ရွေးချယ်ခွင့်ပေးထားပြီးပြီပဲ တစ်ခုရှိတယ်၊ ကြီးကြီးလည်း ကိုသူရအပေါ် မျက်နှာ မပျက်ရအောင်၊ မောင်လေးကို ရှင်းပြရသက်သာအောင်၊ သမီး စံထူးကိုပဲ ရွေးတယ်ဆိုရင် လိုက်သာ ပြေးပေတော့၊ နောက်မှ နားချပြီး လက်ထပ်ဖို့ စီစဉ်ပေးမယ်"
ပြည့်ဝန်း တုန်လှုပ်သွားသည် ။
"မောင်လေးက မင်းသတ္တိနဲ့ အရမ်းသဘောတူနေတာဆိုတော့ စံထူးဘက်က နားဖောက်ရင် လည်း လက်ခံမှာ  မဟုတ်ဘူး သမီး"
ပြည့်ဝန်း စိတ်ညစ် လာပြီ။ လောကကြီး၌ ကံကြမ္မာသည် တစ်ပြေးတည်း ရပ်တန့်မနေတတ် ပါလား။
"သမီး နောင်ရေးအတွက် သမီး ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်၊ စဉ်းစားပါ သမီး"
"ကိုနိုင်နဲ့ တိုင်ပင်ကြည့်ဦးမယ်"
"သမီး သဘောလေ၊ ဒီကြားထဲ မျက်နှာမပျက်စေနဲ့ နော်၊ မောင်လေး ရိပ်မိသွားဦးမယ်"
"ဟုတ်ကဲ့"
"ကဲ  ကဲ  သွားနားတော့၊ ကြီးကြီးလည်း လုပ်စရာရှိတာလေး သွားလုပ်လိုက်ဦးမယ်"
ကြီးကြီးနှင့် ပြည့်ဝန်း စာကြည့်ခန်းထဲမှ ထွက်လာခဲ့သည် ။ ပြည့်ဝန်း အပေါ်ထပ်ရှိ မိမိ အိပ်ခန်းသို့ တောက်လျှောက်တက်ခဲ့သည် ။ တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းသော အိပ်မက်ဆိုး ကြီးသည် ကပ်ငြိလိုက်ပါ လာလေသည် ။
…………. အပိုင်း [ ၅ ] ဆက်ရန်………….
မင်္ဂလာပါဝန်ဇင်းစာချစ်သူများခင်ဗျာ ...
ဒီနေ့ညမှာဆိုရင်တော့ ဝန်ဇင်းစာချစ်သူများအတွက် စာရေးဆရာမ မြပုလဲခင်ရဲ့ “တစိမ့်စိမ့်မိုး” ဆိုတဲ့ အခန်းဆက်ဝတ္ထုရှည်ကို အပိုင်းများခွဲပြီးနောက် အပိုင်း ( ၄ ) အဖြစ် ဆက်လက် တင်ဆက် ဖော်ပြခဲ့ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ အပိုင်း ( ၅ ) ကို  နောက်အပတ် တနင်္လာ (၂၃.၇.၂၀၁၈)  ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာဖြစ်လို့ Wun Zinn Digest ကို ဝင်ရောက်ကြည့်ရှုဖို့ မမေ့ပါနဲ့ဦးလို့ ပြောလိုက်ပါရစေ။

 ဝန်ဇင်းသတင်းစကား ။       ။ စာရေးဆရာမ မြပုလဲခင်၏ “တစိမ့်စိမ့်မိုး” အခန်းဆက်ဝတ္ထုရှည်ကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းမှာ ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
…….
“တကယ်လို့ စာချစ်သူတို့အနေနဲ့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျ” “ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 

Related Posts