မြပုလဲခင်-တစိမ့်စိမ့်မိုး အပိုင်း ( ၃ ) [အခန်းဆက်ဝတ္ထုရှည်]


[ အခန်းဆက်ဝတ္ထုရှည် ]
စာရေးဆရာမ မြပုလဲခင်၏ “တစိမ့်စိမ့်မိုး”
အပိုင်း ( ၃ ) 
.............
"ကိုယ်  ဝိုင်းခူးပေးလို့ ရမလားဟင်"
လေသံပျော့လေးနှင့် အနောက်နားရောက်လာသူကို လှည့်မကြည့်ပါလျက် နိုင်စံထူးမှန်း ပြည့်ဝန်း သိလိုက်သည် ။
"ရပါတယ် ခူးပေးတော့လည်း ကုသိုလ်ရတာပေါ့၊ အဖူးမပါစေနဲ့ နော်"
"စိတ်ချပါ၊ ကိုယ်တို့ အိမ်မှာ လည်း စပယ်ရုံရှိတာပဲ ကိုယ်ခူးနေကြပါ"
"ဪ  ဪ ကိုနိုင်စံထူးတို့ အိမ်က မုဒုံမှာ နော်"
"ဟုတ်တယ်"
မိဘများက ဘာလုပ်သလဲလို့ မေးလျှင် ရိုင်းရာ စပ်စုရာ များကျသွားမလား။ သို့သော် 
"မိဘ နှစ်ပါးစလုံး ရှိသေးသလား"
"ရှိပါတယ် ပြည့်ဝန်း ပန်းခူးပြီးရင် ဘာလုပ်သလဲ၊ ပန်တာလည်း မတွေ့ပါဘူး"
ပြည့်ဝန်း ရင်ဖိုသွားသည် ။ မိမိအား ဂရုတစိုက်ကြည့်ရှုနေသူယောက်ျားတစ်ဦး အနီးကပ်ရှိ နေသည် ဆိုတော့ နေထိုင်ရတာ မလွတ်လပ်တော့၊ အစစအရာရာ သတိရှိနေမှ ဖြစ်မည်။
"ဘုရားတင်တာလေ"
"နောက်ဘ၀ရောက်ရင် မြင်သူတွေ ရူးသွပ်သွားလောက်တဲ့ အလှမျိုး ပိုင်ဆိုင်ဦးတော့မှာ ပဲ၊ ပြောမယ့်သာပြောရတာပါ အခုဘ၀မှာ တောင် "
ပြည့်ဝန်း နိုင်စံထူးကို မကြည့်မိအောင် သတိထားလိုက်ရသည် ။ အကယ်၍ အကြည့်ချင်းဆုံ ပါက ရွှန်းလက်တောက်ပသော ညှို့မျက်ဝန်းအစုံကို ထိပ်တိုက်ရင်ဆိုင်ရလိမ့်မည်ဖြစ်သည် ။
မင်းသတ္တိ ကားရပ်ရပ်ချင်း ဒေါ်မာဂရက် အိတ်ကိုလှမ်းယူရင်း 
"ဟိုဖက်ခြံကို ကြည့်လိုက်စမ်းဆန်နီ နောက်မှ ပေါက်တဲ့ ရွှေကြာ တင့်တယ်နေပုံများ "
မင်းသတ္တိ ဒေါ်မာဂရက် မေးငေါ့ရာသို့ ကြည့်လိုက်သည် ။
"ဟင်"
သူ့ရင်ထဲ အံ့ဩခြင်း တုန်လှုပ်ခြင်းတို့ ကို တစ်ပြိုင်နက် ပူးတွဲခံစားလိုက်ရသည် ။ မနေ့တနေ့ ကမှ ရောက်လာသောသူအား ပြည့်ဝန်းသည် ရင်းရင်းနှီးနှီး လက်ခံစကားပြောနေပါလား။
"ဒီကောင် ဖေဖေ့အလုပ်တွေကော ဝိုင်းကူရဲ့ လား၊ တွေ့လိုက်ရင် ပြည့်ဝန်းတို့ ခြံဘက်မှာ  ချည်းပဲ"
"အင်း  ဆရာကြီးတော့ ဘာမှ ပြောသံမကြားသေးဘူး၊ ခေါ်တော့ခေါ်သွားတာပဲ"
"ဘာမှ ပြောသံမကြားရင် ဘာမှ မဖြစ်သေးလို့ လို့ သာ သဘောထားရမှာ ပဲ၊ ကျွန်တော် ထမင်း နည်းနည်းစားသွားမယ် အန်တီမာ"
"ညစာစားပွဲ ရှိပြန်ပြီလား"
"ရှိတယ်၊ သူငယ်ချင်းတစ်ယောက် နိုင်ငံခြားက ပြန်လာလို့ သက်သက်စားသောက်ကြမှာ "
"အေး  အေး  သား ရေသွားချိုးတုန်း အန်တီမာပြင်ထားလိုက်မယ်"
"အိုကေ"
မင်းသတ္တိသည် အိတ်ကို ပြန်ယူပြီး အပေါ်ထပ်သို့သာ တက်လာရသည် ။ သူ့စိတ်မျက်စိ၌ အလှပေါင်းစုံတို့ စုဝေးကာ ကျက်သရေရှိနေသော ပြည့်ဝန်း၏ အပြုံးနှင့် ယောက်ျားတန်မယ့် ပျော့နွဲ့ ကာချောသော နိုင်စံထူးတို့ နှစ်ယောက်၏ ပြုံးရယ်စကားပြောနေပုံကို မြင်ယောင်နေသည် ။
သူတို့ နှစ်ယောက်သည် လိုက်ဖက်ညီသော စုံတွဲတစ်တွဲဖြစ်သည် ။ သို့သော် မဖြစ်စေရဘူး။ သူတို့ စုံတွဲ မဖြစ်စေရဘူး။ ပြည့်ဝန်းကို လက်ထပ်မည့်သူမှာ  မိမိကလွဲပြီး ဘယ်သူမှ မဖြစ်စေရ။
အရေးထဲ သန်ဘက်ခါ ဘန်ကောက်ကို သွားရမည်။ အဖွဲ့ဝင်များ သုံးလပတ်အစည်းအဝေးရှိ နေသည် ။ အလွန်ဆုံး လေးငါးရက်ပဲ။
လေးငါးရက်ဆိုသော အချိန်ကာလက တိုတောင်းလွန်းသည် ။ ပြောင်းလွဲခြင်းတို့ မရှိနိုင်။ ပြန်လာမှ ပဲ ပြည့်ဝန်းထံ ချဉ်းကပ်တော့မည်။
ဒီကိစ္စမျိုးဆိုသည် မှာ  မိဘကို အကူအညီတောင်းခြင်းထက် ကိုယ်တိုင်ကိုယ်ကျ ချစ်ခြင်း တရားနှင့် တည်ဆောက်ခြင်းကပိုကောင်းမည်။
မင်းသတ္တိ ပြည့်ဝန်းတို့ စပြောင်းလာကတည်းက စိတ်ဝင်စားခဲ့သည် ။ ထိုစဉ်က ပညာရေးက တစ်ဖက်၊ ဖခင် စီးပွားရေးကိုလည်း အလုပ်သင်သဘောမျိုး လေ့လာနေသည် က တစ်ဖက်နှင့် နှလုံး သားအလိုကို မလိုက်နိုင်ခဲ့သေး။
နောက်တော့ စီးပွားရေးနယ်ပယ်ထဲ ခြေစုံပစ် ဝင်လိုက်ချိန်တွင် တော့ ပို၍ အလှမ်းဝေးသွား သည် ။
သို့သော် သူ့နှလုံးသား၌ ပြည့်ဝန်းသည် ကမ္ဗည်းထိုးပြီးသားဖြစ်နေသည် ။
ယခုလို နိုင်စံထူးနှင့် ယှဉ်တွဲတွေ့လိုက်ရသောအခါ၌ မနာလိုခြင်း၊ ဝန်တိုခြင်းတို့ ပေါက်ဖွား လာသည် ။
"လာ  ဆန်နီ၊ ဆန်နီ့အကြိုက် ကြာရိုးဟင်းခါးလေးနဲ့ ပုဇွန်သုတ်လေး"
"နည်းနည်းပဲစားမှာ ၊ အန်တီမာ ဟိုဘက်ခြံသွား "
ထမင်းဟင်းကို စိတ်မဝင်စားနိုင်။ နိုင်စံထူး ယခုထက်ထိ ပြန်မလာသေးသည် ကိုပဲ စိုးရိမ် ပူပန်စွာ စိတ်ရောက်နေမိသည် ။ ဒီလောက် အချိန်ကြာကြီးမှာ  ဘာစကားတွေများ ပြောနေကြ သနည်း။
"ဘာသွားလုပ်ရမှာ လဲ"
"မယောင်မလည် သွားနေဗျာ၊ ပြည့်ဝန်းနား ဟိုကောင်သိပ်မကပ်ရင် ပြီးတာပဲ၊ အန်တီမာမှာ  ဉာဏ်ရှိပါတယ်၊ နောက်ကို ကျွန်တော် ရှိရှိမရှိရှိ ပြည့်ဝန်းကို စောင့်ရှောက်ပေးဖို့ တာဝန်ကို အန်တီ မာ ယူထားပါ"
ဒေါ်မာဂရက် ပြုံးလိုက်သည် ။ ကျေနပ်ပြုံး။
အုံ့ပုန်းသမားကြီး ပွင့်ထွက် လာလေပြီ။
"ရက်စ်  ရက်စ် အန်တီမာ သဘောပေါက်ပြီ"
"သဘောပေါက်ရင် သွားလေဗျာ၊ ဘာလုပ်နေတာလဲ"
"အေးပါ ကလေးရယ်"
စိတ်တိုစိတ်မြန်သော မင်းသတ္တိအကြောင်းကို သိထားသဖြင့် ဒေါ်မာဂရက်သည် မိမိအား အော်ငေါက်လေခြင်းဟု စိတ်မဆိုးနိုင်ဘဲ မင်းသတ္တိစေခိုင်းသည့်အတိုင်း ပြည့်ဝန်းခြံဘက်သို့ ထွက်ခဲ့ ရလေသည် ။

မင်းသတ္တိ နိုင်စံထူးကို သဘောမတွေ့။ အလုပ်ကိုကြိုးစားခြင်းမရှိဘဲ စပ်စုလွန်းအားကြီး သည် ။ အလုပ်သမားတွေထံ အလုပ်ဘယ်လိုလုပ်ရသလဲကို အသေးစိတ်မမေး မလေ့လာဘဲ လစာ ဘယ်လောက်ရသလဲ၊ အကျိုးအမြတ် ဘယ်လိုခံစားရသလဲ၊ အပိုဝင်ငွေ ရရဲ့ လား စသည် ဖြင့်မေး သည် ။
ဒါ သူ့အလုပ်လား။
သူ့ကို ပညာသင်ဖို့ ခေါ်လာသည် ။ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်လိုလျှင် အောက် သက်ကြေမှ နိုင်နင်းမည်။ ခိုင်မာမည်။ သူလို တစ်ဦးတည်းသော သူဌေးသားကတောင် ဖခင်လုပ်ငန်း ကို အောက်ခြေကစ၍ ပန်းရံလုပ်ငန်း၊ သံရိုက်၊ တူရိုက်၊ သံကွေးများကအစ အုတ်စီနည်း၊ အင်္ဂတေ စပ်နည်းများ အဆုံး ကိုယ်တိုင်ဝင်ရောက် လေ့လာမှတ်သားပြီး စခဲ့သူဖြစ်သည် ။
ယခု နိုင်စံထူးက ထိုသို့မဟုတ်။ ငွေစာရင်းကိုင်ချင်သည် ။ မန်နေဂျာလုပ်ချင်သည် ။
ဒါမျိုးရမလား။ မင်းသတ္တိရှိနေသရွေ့ကတော့ ရေပေါ်ဆီလူစားမျိုး မရ။
"ဖေဖေ"
"ဟေ ဘာလဲ သား"
"ဖေဖေ့လူကို ဘယ်လိုရည်ရွယ်ချက်နဲ့ ခေါ်လာတာလဲ"
"အစ်မကြီးယောက်ျားရဲ့ တူဆိုတော့ အစ်မကြီးက အကူအညီတောင်းတာနဲ့ ဖေဖေ ခေါ်လာ တာ"
"ဘာအကူအညီလဲ"
"လစာကောင်းတဲ့ အလုပ်တစ်ခုခုထဲ သွင်းပေးဖို့ "
"သူက မိုးကျရွှေကိုယ်မို့လို့ လား၊ ဘယ်လို လစာကောင်းကောင်း မျိုး လိုချင်တာလဲ"
"ဖေဖေလည်း လေ့လာနေတုန်းပဲ၊ သူ့ကို စာရင်းကိုင်သင်တန်း တက်ခိုင်းရရင် မကောင်း ဘူးလား"
"သားတုန်းက ဘာသင်တန်းတွေ တက်ခဲ့ရသလဲ ဖေဖေ"
မင်းသတ္တိက မကျေမနပ် မေးလိုက်သည် ။
ဦးမင်းသူရ သက်ပြင်းချလိုက်ပြီး 
"သူက သားလို လာဘ်မမြင်တတ်ဘူး"
"ဒါဖြင့်လည်း ပြန်လွှတ်လိုက်ပါလားဖေဖေ၊ သူ့ သင်တန်းဖိုး ငွေကိုသာ ထောက်ပံ့လိုက်ပါ လား"
မင်းသတ္တိ၏ စိတ်ရင်းစေတနာသည် ထိုမျှလောက်သာ ကောင်းနိုင်မည်။ နှလုံးသားကို ထုတ် ပေးရလောက်အောင် မကောင်းနိုင်။
"သားက ဘာပူပင်နေတာလဲ"
"သားက အချောင်သမားမှ အလိုမရှိတာ"
"စံထူးကို အချောင်သမားလို့ ထင်နေသလား၊ ခုမှ ရောက်တာ တစ်ပတ်ပဲ ရှိပါသေးတယ်၊ စောင့်ကြည့်ပါဦး သားရယ်"
အင်း တစ်ပတ်ဆိုသောအချိန်သည် တော်တော်ခရီးရောက်နေပြီ၊ ပြည့်ဝန်းကဲ့သို့သော ဣနြေ္ဒသိက္ခာရှိ အိမ်တွင်းပုန်းမလေးနားကိုတောင် ချဉ်းကပ်နေနိုင်ပြီဆိုတော့၊ အလုပ်အကိုင်မှာ  အစွမ်းအစ ရှိမရှိတော့ မသိရ၊ မိန်းမပျိုနားကပ်သော ပညာတွင် တော့ အစွမ်းအစက အံ့ဖွယ်ကောင်း လှသည် ။
မိမိတောင် ခုနစ်နှစ်ရှိပြီ ပြည့်ဝန်းနှင့် နှစ်ယောက်တည်းတစ်ခါမှ စကားမပြောဘူးသေး။ လူကြီးများ ရှေ့တွင် သာ စကားပြောဖူးသည် ။ ဒါလည်း မေးခေါ်ထူးခေါ်လောက်သာ။ ဤမျှအထိ မိမိ အစွမ်းအစ နည်းသည် ။
"ရိုးသားကြိုးစား အားထုတ်မှုကတော့ နည်းတယ်၊ လာဘ်မမြင်ဘူး၊ အင်းလေ ဒီလို လူမျိုးက ဘယ်တော့မှ ကြီးပွားမှာ  မဟုတ်ဘူး ၊ ဖေဖေလည်း မြင်ပါတယ်၊ သူ့ကိစ္စ ဖေဖေပဲ တာဝန် ယူမယ်၊ သား ဘာမှ မပူနဲ့ ၊ မနက်ဖြန် ဘန်ကောက်သွားမယ့်ကိစ္စကော အားလုံးစီစဉ်ပြီးပြီလား"
"ပြီးပါပြီ"
"ဒါဖြင့် ဖေဖေ ဦးပြည်စိုးနဲ့ လမ်းလျှောက်ထွက် လိုက်ဦးမယ်"
"ဟုတ်ကဲ့ ဖေဖေ"
မင်းသတ္တိသည် စာကြည့်ခန်းထဲ၌ ယောင်ချာချာနှင့် ကျန်ခဲ့သေးသည် ။ နောက်မှ စာရင်းဖိုင် ကို လှန်လှေကာ အသေးစိတ်စစ်ဆေးလိုက်သည် ။ တဒင်္ဂအတွင်း သောကတို့ လွင့်ပြယ်သွားလေ သည် ။

"ကြီးကြီးတို့ က မောင်နှမနှစ်ယောက်ထဲ မှတ်လား၊ ကြီးကြီးကလည်း အိမ်ထောင်မရှိ မောင် လေးကလည်း သမီးပြည့်ဝန်းတစ်ယောက်တည်းဆိုတော့ ပိုင်ဆိုင်သမျှတွေဟာ သူ့ဖို့ ချည်းပဲ"
နိုင်စံထူး တွက်ကြည့်မိသည် ။ အတွင်းပစ္စည်းမပြောနှင့် ဒီနေရာ ခြံမြေအိမ်ကတင် သိန်း ထောင်နှင့်ချီနေပြီ။ အင်း  မဆိုးပါဘူး။ ခုတောင် ဘာမှ မလုပ်ဘဲ ထိုင်စားနေနိုင်သည် ဆိုတော့ ပြည့်ဝန်း တစ်သက်စာ စားနိုင်ဖို့ အတွက် ထားခဲ့မှာ ပါ။
အခြားစီးပွားရေးလုပ်ငန်းကို နဖူးမှ ချွေး မြေမကျအောင် ကြိုးစားနေဦးမလား။
"မင်းမိဘတွေက ဘာလုပ်သလဲ"
"ယက်ကန်းစက်ရုံ ထောင်ထားတယ်"
"ဪ မုဒုံချည်ချောတွေ ယက်တာပေါ့"
"ဟုတ်ပါတယ် ကြီးကြီး ချည်ထည်ဝတ်တတ်ရင် လူကြုံရှိရင် ထည့်ပေးဖို့ "
"နေပါစေကွယ် ကြီးကြီးက ပေါ့ပေါ့ပါးပါး ဒါးကြီးမှ ဝတ်တာ၊ အင်း ဒါးကြီးဈေးကလည်း မသေးတော့ဘူး"
"နိုင်စံထူး မျက်လုံးပြူးသွားသည် ။ အဝတ်အစားကိုတောင် ဒီလောက်ဆိုတော့ 
"ဒါမျိုးပေါ့ အပြင်ကို လေးငါးကြိမ်လောက် ဝတ်ပြီးရင် အိမ်နေရင်း ဒုံးခံလိုက်တယ် သိပ် အေးတာ"
ဪ အိမ်နေရင်းတောင် ဝတ်နိုင်သည် ဆိုတော့ တော်တော်ချမ်းသာကြမှာ ။
ဒေါ်ပြည်အေး၏ ကြွားလုံးအောက်ဝယ် နိုင်စံထူး ပိပြားနေလေပြီ။
ဒေါ်ပြည်အေးကလည်း မိမိ၏ အကြွားမုန်တိုင်း တိုက်ခိုက်မှုဝယ် လိမ့်၍ လိုက်ပါနေသောသူ ရှိပြီဆိုလျှင် အင်အားထပ်ဖြည့်ကာ ဆက်လက်တိုက်ခိုက်လျက် ရှိသည် ။
"အိမ်ထောင်ပရိဘောဂတွေလည်း ဒီအတိုင်းပဲ တစ်နှစ် နှစ်နှစ်သုံးလို့ ဟောင်းသွားတယ် ထင်ရရင် အသစ်ပြန်ဝယ်ပဲ"
"ဒါကြောင့် သစ်လွင်နေတာကိုး"
"ဒါတောင် စိတ်သွားတိုင်း ကိုယ် မပါနိုင်ဘူး၊ မောင်လေးဆေးဖိုးက တစ်နေ့ကို လေးငါး သောင်းဖို့ ရှိနေတာဆိုတော့ အတော်ကို ချွေတာနေရတာ"
နိုင်စံထူး တွေးလိုက်သည် ။ ဒါကြောင့်  ဆင်ပိန် ကျွဲလောက်ဟူသော စကားဖြစ်လာတာ ထင်ပါရဲ့ ။
"ဟော  ကိုနိုင်စံထူး ရောက်နေပါလား"
အပြင်မှ ပြန်လာသော ပြည့်ဝန်းကို တွေ့လိုက်ရသည် နှင့် နိုင်စံထူး ရင်၌ အတော်ကို အေးချမ်း သွားသည် ။
"ဟုတ်တယ် သူငယ်ချင်းတွေနဲ့ ဗိုလ်ချုပ်ဈေး သွားပတ်တာလေ၊ ကြီးကြီးဖောက်သည် ကြီး က နောက်ဆုံးပေါ် အဆင်ဆန်းဆိုပြီး ဒါးကြီးနှစ်ကွင်း ထည့်ပေးလိုက်ပြန်ပြီ၊ ရော့ ကြီးကြီး ကြိုက် ရဲ့ လား"
အပြောမဟုတ် လက်တွေ့ တွေ့မြင်နေရသည် ။
"အိုး အဆင်သစ်ဆိုရင် ပြီးတာပဲ"
နိုင်စံထူး ပြည့်ဝန်းတို့ တူဝရီးကြား၌ နေရသည် မှာ  သိမ်ငယ်သလို ခံစားလိုက်ရသည် ။ မြန်မြန်ပြန်မှ  တော်ကြာ သူတို့ ပြောသော ပစ္စည်းများ ၏ တန်ဖိုးကို မိမိမသိလျှင် ခက်နေမည်။ မသုံးစွဲဖူးသူမှန်း သိသွားမည်။ အမှန်ဆို ဒေါ်ပြည်အေး၏ လုံချည်နှစ်ကွင်းစာသည် သူတို့ မိသားစု တစ်လစာဖြစ်နေသည် ။
"ပြန်ဦးမယ် ဘဘခိုင်းထားတဲ့ အလုပ်လေးတွေ ရှိနေလို့ "
"ဪ  အေး  နောက်လည်း လာလည်ဦးနော်"
ပြည့်ဝန်းက ပြောင်းလွဲသွားသော ကြီးတော်ကိုကြည့်လိုက်မိသည် ။ ယခင်တုန်းက အဲဒီ ကောင်နဲ့ အရောမဝင်နဲ့ ဟု မှာ ထားပြီး ယခုတော့ အဲဒီကောင်နှင့် ပြေလည်နေပါလား။ လက်ဖက်ပွဲ တွေ ဘာတွေနှင့် ဧည့်ခံလို့ ။
"ပြည့်ဝန်း ပြန်လိုက်ဦးမယ်နော်"
"ဟုတ်ကဲ့"
နိုင်စံထူးကတော့ ဘယ်အချိန်ကြည့်ကြည့် အပြုံးမြမြနှင့် တော်တော်ကြည့်၍ ကောင်းသော လူစားဖြစ်သည် ။
"ဘယ်နဲ့ လည်း ကြည့်ရသွားပြီလား"
"အိုအေ အလိုက်အထိုက်ပေါ့၊ မင်းသတ္တိက အလည်တောင် ရောက်မလာတော့လည်း ရောက် လာတဲ့ လူကိုပဲ ဧည့်တောင့်ခံပြီး လေ့လာရတာပေါ့"
"ရွေးစရာရှိနေတော့ ရွေးချယ်ခွင့် ရှိတယ်ပေါ့နော် ကြီးကြီး"
"ဒါပေါ့၊ ဒါပေမဲ့ ဦးစားပေးကတော့ မင်းသတ္တိပဲနော်"
"ကြီးကြီးကလဲနော် မုန့်ဆီကြော်ကဖြင့် ဘယ်ဆီနေမှန်းမသိသေးဘူး နှုတ်ခမ်းနာနဲ့ တည့်ပါ့ မလား ဆိုသလို ဖြစ်နေပြီ၊ ဒီလောက်အကြာကြီးနေနေတာတောင် သူ့ဘက်က စမလာသေးဘဲ မြင်းကမလှုပ် ခုံကလှုပ်ရမယ့်အဖြစ်မျိုးတော့ အရှက်ကွဲမခံပါရစေနဲ့ နော်၊ သမီး အိမ်ထောင်ပြုဖို့ စိတ် မဝင်စားသေးဘူး"
"စိတ်မဝင်စားပေမယ့် သမီးကညာ အခါမလင့်စေဖို့ ကြီးကြီးမှာ  ရတက်မအေးရဘူး"
"သမီးအလုပ်လုပ်ချင်တယ်ဆိုမှ ပဲ၊ ကြီးကြီး ဦးမင်းသူရကို ပြောပေးလေ"
"ဆွယ်တာကန်တော့ရင်းနဲ့ မပြောလိုက်ဘူးလား"
"အိုး  ဆွယ်တာက မေတ္တာစေတနာနဲ့ ထိုးပေးတာကို အလုပ်လိုချင်တယ် ဆိုတဲ့ စကား တစ်ခွန်းနဲ့ တန်ဖိုးအဖြတ်ခံလိုက်ရမှာ စိုးလို့ မပြောလိုက်ပေါင်"
"ဒါဖြင့်လည်း လုပ်မနေနဲ့ တော့ ဥစ္စာရင်လို ဥစ္စာရင်ခဲ ကိုယ်လိုချင်တာကိုယ်ပြော ဒါပဲ၊ ကျုပ် တော့အဆစ်မပါနိုင်ပေါင်"
ကြီးကြီးက ပြောပြောဆိုဆို ပြည့်ဝန်းအနီးမှ ထသွားသည် ။ ပြည့်ဝန်း နှုတ်ခမ်းစူကာ 
"လုပ်ပြီ ကြီးကြီးတို့ ဒီလိုချည်းပဲ"
မိမိကို အလုပ်မလုပ်စေချင်ဘဲ အိမ်ထောင်ကောင်းကောင်း ချပေးလိုသောဆန္ဒ ကြီးကြီးမှာ  ရှိနေသည် ကို ပြည့်ဝန်းရိပ်မိပါသည် ။ ခက်သည် က မိမိကလည်း အချစ်မပါတဲ့ အိမ်ထောင်ရေး မတည် ဆောက်လို။
အချစ် 
အချစ်ဆိုတာ ရင်ခုန်ခြင်းလား၊ ကြည်မွေ့ကြည်နူးခြင်းလား၊ လှိုက်မောခြင်းလား။
မိမိ နိုင်စံထူးနှင့်ပတ်သက်၍ ရင်ခုန်တတ်နေပြီလား။ သူနှင့်စကားပြောဆိုရခြင်းအပေါ် သာယာတတ်နေပြီ။
ဒါ အချစ်လား။
ပြည့်ဝန်းမဆန်းစစ်သေးချေ။
"ကြီးကြီးအေးကော"
"အပြင်သွားတာ ပြန်မလာသေးဘူး"
"အန်ကယ်လ်ကော"
"ဖေဖေ ဘဘနဲ့ လမ်းလျှောက်ထွက်သွားတယ်လေ"
"ဟုတ်လား မတွေ့လိုက်ဘူး"
တကယ်ပဲမတွေ့တာလား၊ မတွေ့ဟန်ဆောင်ခြင်းလားကို ခွဲခြားတတ်သောပညာမျိုး ပြည့်ဝန်းမှာ  ရှိမနေ။ ပြည့်ဝန်းသည် အေးဆေးကာ ရိုးသားလွန်းသော မိန်းကလေးဖြစ်သည် ။
"ကိုယ် ပန်းဝိုင်းခူးပေးမယ်နော် ကုသိုလ်လိုချင်လို့ ပါ"
"ရပါတယ် ကုသိုလ်ဆိုတာ မျှဝေပေးသင့်တာပဲ"
ပြည့်ဝန်းက ရိုးသားစွာ ပြောလိုက်သည် ။
ပြည့်ဝန်း ရိုးသားမှုက နိုင်စံထူးအတွက် များ စွာအခွင့်အရေးရလေသည် ။
"ကောင်းမှုကုသိုလ်ကို အတူတကွ ပြုလုပ်ရင် နောင်ဘ၀ရေစက်ဆုံတတ်တယ်တဲ့ ၊ ပြည့်ဝန်း ကိုယ်နဲ့ ရေစက်ဆုံမှာ  မကြောက်ဘူးလား"
"ကိုနိုင်စံထူးက ကြောက်စရာကောင်းတဲ့ လူစားမှ မဟုတ်တာ၊ ကြောက်စရာ ရွံမုန်းစရာ ကောင်းတဲ့ လူတွေနဲ့ သာ ရေစက်ဆုံမှာ ကို ကြောက်ရမှာ "
"ဒီစကားလေးနဲ့ တင် ပန်းခူးပေးရကျိုးနပ်နေပြီ"
ပြည့်ဝန်း ပြုံးလိုက်သည် ။ နိုင်စံထူး၏ စကားတို့ က နားဝင်ပီယံရှိလှသည် ။ မင်းသတ္တိနဲ့ များ ဆီနဲ့ ရေလို ကွာခြားလွန်းလှသည် ။
"တစ်ချို့က ကုသိုလ်အကျိုးပေး သိပ်မြန်တယ်၊ နောက်ဘ၀အထိတောင် မစောင့်ဘူး၊ ယခု ဘ၀တင် အကျိုးပေးတာမျိုး ရှိတတ်တယ်"
"ဟုတ်မှာ ပေါ့လေ၊ ဒါပေမဲ့ အဲဒီထဲ ကျွန်မ ပါမှာ  မဟုတ်ဘူး ထင်တယ်"
"ဘာကြောင့်မပါရမှာ လဲ၊ ဒီလောက်ကုသိုလ်တွေ များ နေတဲ့ မိန်းကလေးကို"
"ပါရမီကံနည်းလို့ နေမှာ ပါလေ"
ပြည့်ဝန်း စိတ်လှုပ်ရှားစွာ စကားလမ်းကြောင်းလွှဲ လိုက်လေသည် ။
ပန်းရှိရာသို့ ပျားပိတုန်းများ လိပ်ပြာများ လာရောက်နားခိုရစ်ဝဲသည့် သဘာဝတရားကို အရွယ်ရောက်လာကတည်းက များ စွာတွေ့ကြုံခံစားခဲ့ရသည် ။ သို့သော် ထိုစဉ်ကာလများက စိတ်ဝင် စားခြင်းမရှိ၍ ပဲလား မသိ။ တုန်လှုပ်မှု၊ စိတ်လှုပ်ရှားမှု၊ ရင်ခုန်မှုများ မဖြစ်ပွားခဲ့ပါ။
ယခု နိုင်စံထူးနှင့်တော့ စိတ်လှုပ်ရှားတတ်နေပြီ။ အိမ်ထောင်ရေးကို စိတ်ဝင်စားလာသော အရွယ်ကြောင့်ပေပဲလား။ ပြည့်ဝန်း မဝေခွဲတတ်။
"ထမင်းရေပူ လျှာလွှဲပြီး အရှောင်အတိမ်းကျွမ်းကျင်သားပဲ"
ဒီလောက် မြန်မြန်ဆန်ဆန် အတင့်ရဲလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ပါချေ။ သို့သော် သူသည် ပြည့်ဝန်းကို မြန်မြန်ဆန်ဆန်ပင် ချစ်ခွင့်ပန် လိုက်လေပြီ။
"မရှောင်ပါနဲ့ ပြည့်လေးရယ် ကိုယ်က ဒီဘ၀မှာ တင် လက်ငင်းအကျိုးကျေးဇူး ခံစားချင်တာ ရေစက်ဆုံချင်တာ"
"အို ဘာတွေလာပြောနေမှန်းလည်း မသိဘူး"
ရှက်ကိုးရှက်ကန်း ဟူသောအမူအယာသည် အချစ်၏ သင်္ကေတဆိုပါက မိမိ နိုင်စံထူးကို ချစ်မိနေပြီ ထင်ပါသည် ။
ပြည့်ဝန်းခေါင်းငုံ့ချကာ စပယ်ပွင့်လေးများကို သဲကြီးမဲကြီး သိလိုက်ရာ အပ်က ပန်းကို မထိဘဲ လက်ကို မထိတထိကလိလိုက်ရာ 
"အား"
လက်ညှိုးလေး သွေးစို့သွားသည် ။
"ဟင်  မှန်း"
စွန်ကြီးက သိပ်လျင်မြန်သည် ။ ပြည့်ဝန်း၏ လက်ညှိုးကို ဆတ်ကနဲ ဆွဲယူ၊ စို့ထွက်နေသော သွေးကို ညှစ်ထုတ်ပြီး ပါးစပ်ထဲထည့်ကာ စုပ်ယူအာငွေ့ပေးသည် ။
ဒါယုယတာလား၊ ကြင်နာတာလား၊ မြန်နိုးတာလား ချစ်ခြင်းရဲ့ သင်္ကေတတွေ ဖြစ်မှာ ပါ။
သို့သော် သူသည် မိမိချစ်သူမှ မဟုတ်သေးတာ။
ပြည့်ဝန်း ဖျတ်ခနဲ သတိအဝင်၌ 
"အို  ဘယ့်နှယ်"
လက်ကို ဆတ်ကနဲဆွဲယူပြီး အိမ်ဘက်ဆီသို့ ရုတ်တရက်ပြေးဟန်အပြင် 
"နေပါဦး ပြည့်လေးရယ် ကိုယ် မင်းကို သိပ်ချစ်နေပြီ"
လက်မောင်းအိုးအိအိလေးကို ဆွဲယူခံလိုက်ရသည် ။
"ဟင့်အင်း ဟင့်အင်း ကျွန်မ မကြိုက်ဘူး  လွှတ်"
"လွှတ်စေချင်ရင် ကိုယ့်ကို အချစ်အမုန်း အဖြေပေးလေ"
"စဉ်းစားဦးမယ် လွှတ်နော်"
ပြည့်ဝန်း ပတ်ဝန်းကျင်ကို မျက်ဝန်းဝိုင်းဝိုင်းဖြင့် ကြည့်လိုက်သည် ။ ဘယ်သူ့ကိုမှ မတွေ့ရ။ တော်ပါသေးသည် ။ ရှက်စိတ်နှင့် မျက်နှာဘယ်ထားရမှန်းမသိ ဖြစ်သွားသည် ။
"ဘယ်အချိန်ထိ စဉ်းစားမှာ လဲ"
"တစ်နှစ်"
"မလွှတ်ဘူးကွာ"
"ခြောက်လ"
"မရဘူး"
"သုံးလ"
"ဟင့်အင်း"
"ဒါဖြင့် ဘယ်လောက် အချိန်ပေးမလဲ"
"တစ်ရက်"
ပြည့်ဝန်းက ပြုံးကာ မျက်စောင်းထိုးလိုက်သည် ။
လက်ကို ရုန်းရင်း 
"ဒါဖြင့် ခုပဲ အဖြေပေးလိုက်မယ် လွှတ်"
"တကယ်နော် ပြော"
"မုန်းတယ်"
"ပြည့်ဝန်းရေ ပန်းလာခူးမယ်ဟေ့"
နိုင်စံထူးသည် ဒေါ်မာဂရက်အသံကြောင့် စားရအံ့မူးမူး လွတ်ထွက်သွားသော ဒိန်ခဲကို တသသဖြစ်နေသော ကျီးကန်းသဖွယ် ဖြစ်သွားသည် ။
အတင်းပွေ့ပိုက်ရန် ရွယ်လိုက်သောလက်ကို ရုပ်သိမ်းပြီး စပယ်ရုံဘက်လှည့်ကာ ပန်းခူးနေ လိုက်သည် ။
ပြည့်ဝန်းက အောင်နိုင်သူပမာ ခစ်ကနဲ တစ်ချက်ရယ်မောလိုက်ပြီး 
"အန်တီမာ လာလေ  ကျွန်မ ပန်းသီနေတာ ဒီမှာ  ကိုနိုင်စံထူးလည်း ဝိုင်းခူးပေးနေတယ် အန်တီမာ လိုတဲ့ ပန်း သူ့ကိုသာ ခူးခိုင်းပေတော့"
ဒေါ်မာဂရက် သက်ပြင်းချကာ စိတ်ပူပန်စွာဖြင့် စပယ်ရုံနား သုတ်ခြေတင်ရသည် ။
"ငါ့နှယ်နော် ဒီကြောင်ပါး စောင့်ကြည့်နေတဲ့ ကြားက အလစ်သုတ်သွားရတယ်လို့ "
"ဘာလဲ ဘယ်ကကြောင်ပါးလဲ"
"ဘယ်ကကြောင်ပါးလဲ မသိပါဘူး၊ လစ်တာနဲ့ ငါးကြော်လာအုပ်တော့တာပဲ ပြည့်ဝန်းတို့ အိမ်လည်း သတိထားနော်"
"တံခါးကို လုံလုံခြုံခြုံပိတ်ထားမှ ပေါ့ အန်တီမာရယ် ကျွန်မတို့ အိမ်တော့ မလာပါဘူး"
"လာလိမ့်မယ် လာလိမ့်မယ် စောစောကတင် တို့ များ ခြံဘက်ကနေ မင်းတို့ ခြံဘက်သွားတာ အန်တီမာ မြင်လိုက်လို့ လိုက်လာတာ"
ပြည့်ဝန်းကတော့ ဘာမှ မသိရှာ။ ရိုးသားဖြူစင်လွန်းလှသည့် မိန်းကလေး။ အင်း  နောက်ဆိုလျှင် ဒီထက်ပိုပြီး ဂရုစိုက်မှ ၊ စောင့်ကြည့်နေသည့်ကြားမှ ဘယ်အချိန်ကများ ဒီကောင် လစ်ထွက်သွားပါလိမ့်။ စံပယ်ရုံကြီးကလည်း ကြီးလာလိုက်တာ ခြုံကိုဖြစ်လို့ မာလီကိုခေါ်ပြီး ဖြတ် တောက်ခိုင်းဦးမှ ပါပဲဟု ဒေါ်မာဂရက်အတွေးယောက်ယက်ခတ်နေရာ 
"အန်တီမာ"
"ဟေ"
"မေးနေတာ မကြားဘူးလားလို့ "
"ဘာလဲ ကလေး"
"ဘာပန်းခူးပေးရမှာ လဲ"
"စံပယ် စံပယ်ပဲ၊ သမီးနဲ့ ကူသီပြီး တစ်ကုံးနှစ်ကုံးပဲ ယူမှာ ပါ ဘုရားတင်ချင်လို့ "
"လာ ဒါဖြင့် လာသီ"
နိုင်စံထူး၏ အောင့်သီးအောင့်သက်မျက်လုံးကို ဒေါ်မာဂရက်က အကင်းပါးစွာ တွေ့မြင်လိုက် ရသည် ။
"ဪ အခုမှ သတိရတယ်၊ ပြည့်လေး ကိုယ်ပြန်တော့မယ် ဦးလေးခိုင်းထားတဲ့ ကိစ္စ သတိရ လိုက်လို့ "
"ဟုတ်ကဲ့"
"ဘုရား ဘုရား ပြည့်လေးတဲ့ ၊ သူတို့ မျက်လုံးတွေ မရိုးသားကြတော့ပါလား၊ မြန်လှချည် လား"
"စားနေကြကြောင်ပါးဆိုတာ ဒီလိုပဲ လက်မြန်ခြေမြန်ရှိတယ် သတိသာထားပေတော့ ပြည် ဝန်းရေ"
ပြည့်ဝန်းက ရယ်ကာ 
"ဟောဒီ အန်တီမာကြီးကတော့လေ သူ့ကြောင်ပါး ကိစ္စကို သံယောဇဉ်မပြတ်နိုင်တော့ဘူး"
ဪ ရိုးလိုက်တဲ့ ကလေးရယ်နော်၊ မင်းကတော့ ဘာမှ မသိနားမလည် မရိပ်မိရှာဘူး ကြောင် ပါးကြီးကတော့ မကျေနပ်စိတ်နဲ့ သုတ်ခြေတင်ပြန်သွားပြီ။
"ဘယ်ပြတ်နိုင်မလဲ ငယ်ငယ်တုန်းက အမေသီချင်းဆိုသိပ်ကတည်းက ကြောင်ကြီးရဲ့ မြီးတံ တို အဆီကိုစားပါလို့ အသားကိုမြိုဆိုကတည်းက ကြောင်ဆိုရင် ရွံကြောက်မုန်း ဖြစ်သွားတာ၊ သတိထား အမြီးငုတ်တိုနဲ့ ကြောင်ပါးတွေဟာ လူလစ်ရင် လာတတ်တယ် မိန်းကလေးရယ်"
"အန်တီမာကတော့လေ ရယ်စရာတွေ သိပ်ပြောတတ်တာ ကျွန်မကလူကြီး ဘယ်ကြောင်ပါး ကြီးမြီးတံတိုကို ကြောက်လိမ့်မလဲ"
"ဪ  မိန်းကလေးနှယ် ကြီးလာလို့ ပြောရတာ ကြောင်ပါးကြီးမြီးတံတိုဆိုတာ တင်စား ပြောတာ၊ ငယ်ငယ်တုန်းက ရိုးရိုးကြောင်နဲ့ ခြောက်လှန့်တာ၊ ကြီးလာတော့ အဆီကိုစား အသား အသွေးကိုမြိုတတ်တဲ့ ကြောင်ပါးလို့ လူတွေကို သတိထားလို့ ပြောတာ ပညာပေးတာ ဘေဘီရဲ့ "
"ဪ"
ပြည့်ဝန်း ခုမှ ရှုပ်ထွေးသွားသည် ။
လူကြောင်းပါးဆိုတော့ 
"အန်တီမာရယ် ရှင်းရှင်းပြောပါ၊ ကျွန်မ ဘာမှ နားမလည်တော့ဘူး"
"မိန်းကလေးဘ၀က ဖက်နဲ့ တူတယ်၊ ဆူးကျလည်း ဖက်၊ ဖက်ကျလည်း ဖက်တဲ့ ၊ ယောက်ျား တွေကို ကြောင်ပါးလို သတိထားဖို့ က သတိပေးတယ်လို့ သာ မှတ်လိုက်တော့ ပြည့်ဝန်းရယ်"
ပေါ်တင်ကြီးပြောလို့ လည်း မဖြစ်။ တော်ကြာ နိုင်စံထူးကို နှိမ်တယ်ထင်ပြီး အသနားပိုသွားမှ ပို၍ ခက်ပေမည်။ ပြည့်ဝန်းက ဝိုင်းစက်သော မျက်လုံးလေး တလည်လည်နှင့် စဉ်းစားနေသည် ။
"ဘာရယ် မဟုတ်ပါဘူး ငါးကြော်လာခိုးစားတဲ့ ကြောင်ကိုလိုက်ရင်း စကားဆက်မိသွား တာပါ၊ ဒါထက် လေဒီကြွားကော"
"ဘယ်က လေဒီကြွားလဲ"
"မင်း ကြီးဒေါ်လေ"
ပြည့်ဝန်းက ကလေးဆန်စွာ ရယ်မောရင်း 
"ဟင်းဟင်းဟင်း  အပြင်သွားတယ် အန်တီမာနဲ့ ကြီးကြီးက သိပ်ရီဖို့ ကောင်းတာပဲ  ဟင်း"
"ဘာဖြစ်လို့ လဲပြော ဘေဘီ၊ အိုင့်ကို ဆန့်တငန့်ငန့်ဖြစ်အောင် မလုပ်နဲ့ နော်"
"ကြီးကြီးက အန်တီမာကို ဗူးယိုတဲ့ ဘိုဆန်လို့ တဲ့ လေ"
ဒေါ်မာဂရက်က သဘောကျစွာ ခိုးခိုးခစ်ခစ်ရယ်ရင်း 
"အန်တီက ၀သီဖြစ်နေလို့ ပါ၊ ပြောလိုက်ပါ ဒီဗူးယိုက ချိစ်ကို မကြိုက် ငပိကိုသာစားတဲ့ သူ ပါလို့ ၊ စကားလည်း ကောင်းတယ် ပန်းသုံးကုံးယူသွားမယ်နော်၊ တော်ကြာ ဆရာကြီးတို့ ပြန်လာရင် ထမင်းပြင်ကျွေးရဦးမှာ "
"ငါးကုံးယူသွား အနန္တော အနန္တငါးပါးပေါ့"
ပြည့်ဝန်းက သီပြီးသား ပန်းငါးကုံးပေးလိုက်သည် ။
"သာဓု သာဓု သာဓု၊ ဖြူစင်သော မိန်းကလေး ဖြူစင်သောသူနဲ့ သာ ဖူးစာပါပါစေ သွားပြီ နော် ဂွတ်နိုက်"
ဒေါ်မာဂရက် ထွက်သွားသည် ။
သွားသုတ်သုတ်၊ လာသုတ်သုတ်နှင့် စကားကို အမျှင်မပြတ်ပြောတတ်သော ဒေါ်မာဂရက် ကြောင့် ပြည့်ဝန်း၏ ရင်ခုန်ဖွယ်ဇာတ်လမ်းလေး ဆန့်တငံ့ငံ့နှင့် ပြီးဆုံးသွားခဲ့သည် ။
ဟုတ်ပါရဲ့ လက်ရဲဇက်ရဲနိုင်လိုက်တဲ့ လူ။ မဖြစ်ဘူး  နောက်ဆို သိပ်ကိုလူပြတ်သောနေရာ မျိုး မတွေ့တော့ဘူး၊ ဆင်ခြင်မှ ။
ပြည့်ဝန်း တွေးလိုက်မိသည် ။ ရင်ခုန်ခြင်းတို့ သည် ဒေါ်မာဂရက်ကြောင့် ပျက်ပြယ်သွားရ သည် ။ ကျေးဇူးတင်ရမှာ လား၊ စိတ်ဆိုးရမှာ လား။
ကျေးဇူးတင်ရမှာ ပါ။ လူလစ်ချိန်မှာ  ရောက်လာတတ်သော ကြောင်ပါးလိုလူကို သတိထားရ မှာ ပါ။
ပြည့်ဝန်း တုန်လှုပ်သွားသည် ။
နိုင်စံထူးသည် လူလစ်ချောင်းကာ ရောက်လာတတ်သည် ။ ယောက်ျားတို့ သဘာဝလို့ သတ် မှတ်သင့်သလား။
စိတ်ရှုပ်စရာ ကောင်းလိုက်တာနော်။ ယခုမှ ဘယ်လက်ညှိုးလေး ထူပူသလိုလို၊ အို  ရင်ဖို စရာပါလား သူမို့လို့ ဘယ်လက်ကို မရွံမရှာစုတ်ရတယ်လို့ ပြီးတော့ လက်သည်းရှည်ကြီးနဲ့ အဟင်း 
ပြည့်ဝန်း စိတ်ကူးနှင့် ရယ်မောလိုက်မိလေသည် ။
…………. အပိုင်း [ ၄ ] ဆက်ရန်………….

မင်္ဂလာပါဝန်ဇင်းစာချစ်သူများခင်ဗျာ ...
ဒီနေ့ညမှာဆိုရင်တော့ ဝန်ဇင်းစာချစ်သူများအတွက် စာရေးဆရာမ မြပုလဲခင်ရဲ့ “တစိမ့်စိမ့်မိုး” ဆိုတဲ့ အခန်းဆက်ဝတ္ထုရှည်ကို အပိုင်းများခွဲပြီးနောက် အပိုင်း ( ၃ ) အဖြစ် ဆက်လက် တင်ဆက် ဖော်ပြခဲ့ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ အပိုင်း ( ၄ ) ကို မနက်ဖြန်  ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာဖြစ်လို့ Wun Zinn Digest ကို ဝင်ရောက်ကြည့်ရှုဖို့ မမေ့ပါနဲ့ဦးလို့ ပြောလိုက်ပါရစေ။

 ဝန်ဇင်းသတင်းစကား ။       ။ စာရေးဆရာမ မြပုလဲခင်၏ “တစိမ့်စိမ့်မိုး” အခန်းဆက်ဝတ္ထုရှည်ကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းမှာ ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
…….
“တကယ်လို့ စာချစ်သူတို့အနေနဲ့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျ” “ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 

Related Posts