မြပုလဲခင်-တစိမ့်စိမ့်မိုး အပိုင်း ( ၁ ) [အခန်းဆက်ဝတ္ထုရှည်]


စာရေးဆရာမ မြပုလဲခင်၏ “တစိမ့်စိမ့်မိုး”
[ အခန်းဆက်ဝတ္ထုရှည် ]
အပိုင်း [ ၁ ]
…….
တက်သစ်စနေမင်း၏ ရောင်ခြည်ကို ခံယူရင်း ပန်းခူးရသောအလုပ်ကို ပြည့်ဝန်း နှစ်သက် ခုံမင်စွာလုပ်လေ့လုပ်ထရှိသည် ။ ဤသည် ကို နေ့စဉ်ဝတ္တရားတစ်ခုလို မပျက်မကွက်လုပ်ဆောင်လိုက် ရမှ ပြည့်ဝန်း နေသာထိုင်သာရှိသည် ။ ခူးရသမျှပန်းတို့ နှင်းဆီ၊ ဇီဇဝါ၊ ခတ္တာ၊ စပယ်တို့ ကို ဘုရားတင်ပြီးလျှင် အလှပန်းအိုးများ လျှောက်ထိုးသည် ။ အားလုံး အချိန်တစ်နာရီခန့်ကိုယူပြီး လုပ်တတ်သည် ။ "ဒီမှာ  ကိုချမ်းသာ ခင်ဗျားကို ကျုပ်ဘယ်နှခါ ပြောရမလဲ၊ အလုပ်ကိုလေးစားရမယ်၊ အချိန်ကိုလေးစားရမယ်၊ အချိန်ကိုမလေးစားတဲ့ လူဟာ ဘယ်တော့မှ ကြီးပွားတိုးတက်မှာ  မဟုတ်ဘူး " "ကားတွေက ပြတ်တာနဲ့ ၊ မီးပွိုင့်မှာ  ကြာတာနဲ့ " " လာပြီ ဆင်ခြေ၊ ဆင်ခြေပေးတာ ကျုပ်မကြိုက်ဘူး ပြောထားတယ်လေဗျာ၊ ဖြစ်တတ်တဲ့ ကြန့်ကြာမှုတွေကိုပါ ထည့်တွက်ပြီး ကြိုတွက်ရမယ်။ ကိုင်း ကိုင်း ကားသွားထုတ်တော့၊ နောက်ဆိုရင် လစာဖြတ်တဲ့ အပြစ်မျိုး ပေးမယ်၊ အဲဒီတော့မှ ကျုပ်ကို အဆိုးမဆိုကြနဲ့ သွားဗျာ သွား" ငှက်ဆိုးထိုးသံကို မကြာခဏဆိုသလို ကြားနေရသဖြင့် ပြည့်ဝန်း မဲ့လိုက်မိသည် ။ ယနေ့ နံနက်ခင်းကို နတ်ဆိုးက ကြီးစိုးသွားပြီ။ တစ်နေ့လုံး သာယာနိုင်ပါဦးတော့မလား။အပေါက်ဆိုးပြီး ကိုယ်ချင်းစာနာမှုကင်းမဲ့သော ပုဂ္ဂိုလ်မျိုးနှင့် အိမ်နီးချင်းတော်နေရသည် မှာ  ကံဆိုးလေစွတကား။ ပုဏ္ဏားရိပ်ပင်များ ဖြင့် စည်းခြားထားသော ခြံဝန်းဖြစ်၍ မကြားချင်အဆုံး၊ မမြင်ချင်အဆုံး ဖြစ်နေရသည် ။ လူပုံပန်းကတော့ ကြည့်၍ ကောင်းပါရဲ့ ၊ ရှိုးစမိုးနှင့် ဟိတ်ဟန်ကလည်း ထုတ်သေး။ ဘယ်တော့မှ ပုဆိုးနှင့် မတွေ့ရ။ စပို့ရှပ် သို့တည်းမဟုတ် ရှပ်အင်္ကျီ အရောင်နုနုလေးများ နက်ခ်တိုင် နှင့် စတိုင်ဘောင်းဘီရင့်ရင့်၊ ရှူးဖိနပ် တောက်ပြောင်ပြောင်နှင့် အမြဲတမ်းတွေ့ရသည် ။ နေ့လယ် နေ့ခင်း တစ်ခါတစ်ရံ အိမ်ပြန်လာလျှင် ရေဘင်မျက်မှန်က မချွတ်တမ်း။ "မာလီ ဒီအပင် ပိုးကျနေပြီ၊ သေသေချာချာ ဂရုစိုက်မှ ပေါ့ဗျာ၊ ပိုးသတ်ဆေးကို မှန်မှန် ဖျန်းပေး၊ စေ့စေ့စပ်စပ် ဖျန်းရမယ်၊ အလုပ်ကို သေသေချာချာ လုပ်ကြစမ်းပါ" သူ့ဥယျာဉ်ကြီးကိုလည်း အခမ်းနားဆုံး အကြီးကျယ်ဆုံး ဖြစ်ချင်သည် ။ အိမ်ဆိုလျှင်လည်း နန်းတော်တမျှ။ အလုပ်သမားတွေအများကြီးနှင့် ဆူပူကြိမ်းမောင်းသံက အမြဲကို ကြားနေရသည် ။ကျက်သရေယုတ်လိုက်တာ။ အိမ်ထဲမြန်မြန်ဝင်မှ ဟု တွေးလိုက်ပြီး ပြည့်ဝန်း ခူးသင့်သောပန်းများကို အမြန်ဆုံးခူးကာ အိမ်ထဲသို့ ခပ်သွက်သွက်လေး လှမ်းခဲ့လေသည် ။ မာလီကို ညွှန်ကြားစရာများ ညွှန်ကြားရင်းမှ မျက်လုံးထောင့်စွန်းတစ်နေရာသို့ ဝင်လာသော ပုံရိပ်ကြောင့် မင်းသတ္တိ၏ မျက်လုံးအိမ်သည် တစ်ဖက်ခြံဆီသို့ ရွေ့လျားသွားသည် ။ "ပြည့်ဝန်း" ဟုတ်သည် ။ ပြည့်ဝန်းသည် ပန်းခြင်းကိုဆွဲကာ အိမ်ဘက်ဆီသို့ လျှောက်သွားသည် ကို တွေ့ မြင်လိုက်ရသည် ။ ရှေ့ကကြည့်လည်း ယဉ်တယ်၊ နောက်ကကြည့်လည်း ယဉ်တယ်၊ ဘေးကကြည့်လည်း ယဉ်တယ်၊ ဘယ်လိုပဲကြည့်ကြည့် ယဉ်လှသောပြည့်ဝန်းကို အမြဲတစေ ထိုင်ကြည့်ချင်ပါသော်လည်း အခြေအနေက မပေးသေး။ စီးပွားရေးဆိုတာ အခြေအနေနှင့် အချိန်အခါပေးတုန်း၌ ကြိုးစားထားရမည်။ လသာတုန်း ဗိုင်းငင်၊ မိုးရွာတုန်းရေခံရပေမည်။ ပြည့်ဝန်းထံ ရောက်သွားသော အကြည့်ကို တဒင်္ဂ အတွင်းမှာ ပင် ရုပ်သိမ်းလိုက်ပြီး ကား စက်သံကြားသဖြင့် နောက်ကြောင်းပြန်လှည့်လိုက်သည် ။ ကုမ္ပဏီ မသွားမီ ဆိုက်ထဲ အရင်သွားရဦး မည်။ နောက် ဟိုတယ်၊ ပြီးမှ ကုမ္ပဏီ။ "သား မင်းသတ္တိ" "ဗျာ ဖေဖေ" "ဖေဖေ ဒီနေ့ ခရီးထွက်စရာရှိတယ်" "ဘယ်လဲ ဖေဖေ" "ဖေဖေ မြို့ပြန်လိုက်ဦးမယ်၊ ဖေဖေ့အစ်မကြီးတစ်ယောက် အသည်းအသန်ဖြစ်နေတယ်လို့ သတင်းရလို့ " မုဒုံသား ဦးမင်းသူရသည် သူ၏ ဇာတိ မုဒုံသို့ ခေတ္တသွားမည်။ မောင်နှမ အရင်းအချာများ မရှိသော်လည်း ဝမ်းကွဲများကို ခင်မင်လေသည် ဖြစ်ရာ အစ်မကြီးမှ လည်း ဝမ်းကွဲအစ်မသာဖြစ်ပေလိမ့်မည်ဟု မင်းသတ္တိက တွက်ပြီးသားဖြစ်သည် ။ "ကြာမှာ လား ဖေဖေ" "အလွန်ဆုံး တစ်ပတ်ပေါ့" "ဒီလိုဆို ကိုချမ်းသာနဲ့ သွားမလား၊ ကိုရေခဲနဲ့ သွားမလား" "ရေခဲနဲ့ ပဲ သွားပါ့မယ်ကွာ၊ မင်းလူ ချမ်းသာက နောက်ကြောင်းမအေးလွန်းလို့ စိတ်ပျက်တယ်" "ဒါဖြင့် သား ဘာလုပ်ပေးရဦးမလဲ၊ ဘာလိုသေးလဲ ဖေဖေ" "ကိစ္စမရှိဘူး အလုပ်ကိစ္စတွေကိုသာ ဖေဖေ့တာဝန်ကိုပါ မင်းယူထားလိုက်ရုံပဲ၊ သွားဖို့ လာဖို့ ဖေဖေ့ဘာသာ စီစဉ်လိုက်မယ်၊ သွားတော့ သွားတော့" "ညမှ မှတ်လား ဖေဖေ" "ညအထိ မနေဘူး၊ လေးနာရီလောက် ထွက်မယ်" "ဒါဆို သားသွားတော့မယ်" "အေး အေး" အဖေတစ်ခု သားတစ်ခုဖြစ်ခြင်းကြောင့် တစ်ဦးအပေါ်တစ်ဦး တွယ်တာကြသည် ။ ဘယ်နည်းနှင့်မဆို ဖခင်မသွားမီ အရောက်ပြန် လာပြီး လိုအပ်တာတွေကို ကြည့်ရှုပြီး ပြည့်စုံပြီဆိုမှ သူဖခင်ကို သွားစေမည်။ ဒါကလည်း သူ့ဝသီပင်။ ဘယ်အလုပ်မဆို စေ့စပ်သေချာလွန်းသဖြင့် သူ့ကို ကွယ်ရာ၌ အလုပ်သမားများက ဦးဇီဇာဟု လည်း ခေါ်တတ်ကြသည် ။ မစ္စတာဟောက်စ်ဟု လည်း ကင်ပွန်းတပ်ထားကြသည် ။ ဒါကို မင်းသတ္တိ မသိ၍ မဟုတ် သိပါသည် ။ ကွယ်ရာအတင်းစကားကို အရေးစိုက်နေဖို့ လည်း မင်းသတ္တိ၌ အချိန်မရှိပါချေ။ မင်းသတ္တိလက်ခံထားသည် က "စည်းကမ်းဆိုတာ လူ့တန်ဖိုး" ပင်။ စည်းကမ်းတကျ လုပ်ကိုင်နေထိုင် စားသောက်ခြင်းဖြင့် စီးပွားချမ်းသာ ကြီးပွားတိုးတက်မည်။ ထိုခံယူချက်ကလက်တွေ့ပင်။ ဖခင်ဦးမင်းသူရသည် သာမန်ဈေးသည် မျိုးရိုးမှ ပေါက်ဖွားလာသူဖြစ်သည် ။ သို့သော် ဦးမင်း သူရက "ရိုးရိုးကျင့် မြင့်မြင့်ကြံ" ကာ ကြီးပွားချမ်းသာလာသူဖြစ်သည် ။ တစ်ဦးတည်းသောသား သူ့ကိုလည်း ငယ်စဉ်ကတည်းက စည်းကမ်းထားတတ်အောင် လေ့ကျင့်ပေးခဲ့သည် ။ သို့သော် အသက်ခြောက်ဆယ်သို့ ကျော်လာသည် နှင့် ဦးမင်းသူ ပြောင်းလွဲလာသည် ။ အလုပ်သမား လက်အောက်ခံဝန်ထမ်းတွေကို သိပ်မဆူပူတော့။ အလုပ်တွေကိုလည်း တတ်နိုင်သမျှ မန်နေဂျာများ နှင့်သာ လွှဲထားတတ်သည် ။ "အစိုးရဝန်ထမ်းဆိုရင် အသက်ခြောက်ဆယ်ဆိုရင် အငြိမ်းစားယူရပြီကွ၊ ဖေဖေလည်း အငြိမ်းစားယူချင်ပြီ၊ စိတ်ချလက်ချ သားနဲ့ လက်တွဲခေါ်လို့ ရတဲ့ သူ တစ်ယောက်ယောက်ရရင် ကောင်းမယ်" ဟု မကြာခဏ ဆိုလေ့ရှိသည် ။ မင်းသတ္တိ ဖခင်ဆန္ဒကို လိုက်လျောချင်ပါသည် ။ ဖြစ်နိုင်လျှင် လုပ်ငန်းအားလုံး သူပဲလွှဲ ပြောင်း ယူလိုက်တော့မည်။ ဖခင်လိုချင်သော စိတ်ချလက်ချလူကိုလည်း စောင့်ဆိုင်းမနေချင်တော့။ "ကိုချမ်းသာ ခင်ဗျား ယာဉ်ကြောမှားနေပြီ ပြန်ကပ်" အတွေးအာရုံ လွင့်ပျံ့မှုသည် ဒရိုင်ဘာ၏ အမှားကြောင့် ပျက်ပြယ်သွားသည် ။ "ခင်ဗျားကတော့ဗျာ လမ်းပေါ်ရောက်လည်း လမ်းစည်းကမ်းအတွက် ပြောရပြန်ရော၊ ကျုပ် ခေါင်းထဲမှာ  ကားစီးရင်းနဲ့ စဉ်းစားစရာ အလုပ်ကိစ္စကို စဉ်းစားရတယ်၊ ဒါကြောင့် ကားကို ကိုယ်တိုင်မမောင်းတာ၊ ခင်ဗျားအချိုး မပြင်ရင်တော့ ကျုပ် ခင်ဗျားကို နေရာပြောင်းပြစ်လိုက်ရလိမ့်မယ်" "မပြောင်းပါနဲ့ ဆရာ၊ ပြောင်းလိုက်ရင် မနက် ထမင်းဗူးထည့်ဖို့ မှီမှာ  မဟုတ်ဘူး " "ဒီလိုဆို အချိုးပြင်ဗျာ" "ဟုတ်ကဲ့ ပြင်ပါ့မယ် ဆရာ" မင်းသတ္တိ သက်ပြင်းမသိမသာ ချလိုက်မိသည် ။ မင်းသတ္တိကိုယ်တိုင် အနေအထိုင် အစားအသောက်ကပဲ စည်းကမ်းရှိ၍ လားမသိ၊ တော်ရုံတန်ရုံလူကို စိတ်တိုင်းမကျ။ မိန်းမယူမည် ဆိုပါကလည်း အချိန်ယူလေ့ လာပြီးမှ ရွေးချယ်မှ ၊ တော်ကြာ စိတ်တိုင်းမကျဘူးဆိုပါက စွန့်ပစ်၍ မရနိုင်။ မိန်းမတစ်ယောက်သာ အဖတ်တင်နေတော့သည် ။ တွေးရင်း မင်းသတ္တိ စိတ်ပန်းချီ၌ ပြည့်ဝန်း ရုပ်အဆင်းသဏ္ဌာန်သည် ဖောင်းကြွ အသက်ဝင် လာလေသည် ။  

အပိုင်း ( ၂ )

ဦးပြည်စိုးအတွက် တစ်ပတ်တစ်ခါ ပို့နေကြ  လက်ဆောင်ပစ္စည်းတွေကို ဝယ် လာပြီးမှ မင်းသတ္တိ ဘယ်သူ့ကို ပို့ခိုင်းရမှန်းမသိအောင် ဖြစ်သွားရသည် ။ အိမ်အလုပ်သမားတွေကို သွားပို့ခိုင်းပြန်လျှင်လည်း ဦးပြည်စိုးအပေါ်များ မလေးစားရာ ရောက်မလား။ ဦးပြည်စိုးက လက်ရှိအရာရှိဘ၀မှာ ပင် လွန်ခဲ့သော ခုနစ်နှစ်ခန့်က လေဖြတ်ကာ နာမကျန်းပင်စင် ယူခဲ့ရသူဖြစ်သည် ။ အိမ်နီးနားချင်းလည်း ဖြစ်ခြင်း၊ ဦးပြည်စိုးနှင့် သူ့ဖခင်က ဘ၀တူမုဆိုးဖိုများ ဖြစ်နေခြင်း ကလည်းတစ်ကြောင်းကြောင့် အင်မတန်ရင်းနှီးသော မိတ်ဆွေများ ဖြစ်နေကြသည် ။ ထို့ကြောင့် သူ့ဖခင် ဦးမင်းသူရသည် မအားလပ်သည့်ကြားက အချိန်ရလျှင် ဦးပြည်စိုးထံ သွားရောက်တွေ့ဆုံကာ အလာပသလာပ ပြောကြသည် ။ ဦးပြည်စိုးက လက်တွန်းကုလားထိုင်မှ တစ်ဆင့် တုတ်ကောက်ကို အားပြုပြီး သွားလာနိုင်ရန် ကြိုးပမ်းနေသည် ။ တစ်ပတ်တစ်ခါ ဓာတ်စာနှင့် အားရှိစေနိုင်သော ဟောလစ်၊ မိုင်လို၊ နို့ဆီ၊ သကြား၊ မုန့်ပုံးများကို ပို့ပေးကာ အားပေးနေကြဖြစ်သည် ။ ယခု ဖခင်က ခရီးထွက်သွားသည် ။ သွားခါနီး   "ကိုပြည်စိုးဆီ ဓာတ်စာတွေ ဝယ်ပြီး မနက်ဖြန် သွားပို့ဖြစ်အောင် ပို့ပေးရင်း ဖေဖေ ခရီး ထွက်သွားကြောင်းကို ပြောပြလိုက်ပါ၊ ခမျာများ မျှော်နေရင် မကောင်းဘူး၊ စိတ်အားငယ်နေဦးမယ်" မင်းသတ္တိသည် သူ့ဖခင်ကိုအံ့ဩရသည် ။ ဘယ်လိုရေစက်ကြောင့်များ ဦးပြည်စိုးအပေါ် ဤမျှ အထိ ချစ်ခင်ရပါလိမ့်။ နာရီကို ကြည့်လိုက်သည် ။ ညနေခြောက်နာရီခွဲက ညစာစားပွဲရှိသည် ။ ချယ်လ်ယာမင်တွေနှင့် လုပ်ငန်းတစ်ခုအောင်မြင်ခြင်း အထိမ်းအမှတ် ညစာစားပွဲရှိနေသည် ။ သွားချိန်၊ ရေချိုးချိန်နှင့် တွက်ကြည့်လျှင် အချိန်မရတော့။ "အန်တီမာရေ" "ဝေ့  ဝေ့  လာပြီ ဆန်နီ" ကရင်အမျိုးသမီး နာနီဘ၀မှ သူ့သံယောဇဉ်ဖြင့် အိမ်တော်ထိန်းဘ၀ကို ရောက်လာခဲ့သော ဒေါ်မာဂရက်သည် ချက်ချင်းပင် သူ့အနီးသို့ ရောက်လာသည် ။ "ဘာလဲ ဆန်နီ၊ အန်တီမာ ဘာလုပ်ပေးရမလဲ" "ကျွန်တော် အချိန်မရတော့လို့ အန်တီ ဒါတွေကို ဦးပြည်စိုးတို့ အိမ် သွားပို့ပေးပါဦး" "လေဒီကြွားဆီလား၊ အင်း  နားတော့ပူဦးတော့မှာ ပဲ" ဒေါ်မာဂရက်က တစ်ကိုယ်တည်း ပြောသလိုလို သူ့ကို ပြောသလိုလိုနှင့် ညည်းညူလိုက် သည် ။ "ဘယ်က လေဒီကြွားလဲ ဦးပြည်စိုးအိမ်ပါ" "ဟုတ်တယ်လေ ဦးပြည်စိုးအစ်မ ဒေါ်ပြည်အေးက အမည်နဲ့ မလိုက်ဖက်စွာ မအေးချမ်းလွန်းလို့ လေဒီကြွားလို့ အန်တီမာတို့ က အမည်ပေးထားတာ" "ဪ  ဪ  ကိုင်း အန်တီမာ ဖေဖေ ခရီးထွက်သွားတဲ့ အကြောင်းနဲ့ ကျွန်တော်လည်း မအားတဲ့ အကြောင်း ပြောပြရင်း သွားပို့ပေးလိုက်ပါဗျာ ၊ ကျွန်တော့်အတွက် ဝတ်စုံထုတ် ထားပြီးပြီလား" "ဒီည အနက်ရောင်ဝတ်စုံကို မိညိုကို ထုတ်ခိုင်းထားပြီးပြီးသား" "အိုကေ အန်တီမာ" မင်းသတ္တိ အပေါ်ထပ်သို့ တက်ခဲ့သည် ။ အပေါ်ထပ်တွင် သားအဖနှစ်ယောက်ထဲ ကျယ်ဝန်းလှသည် ။ သူတို့ မရှိချိန်၌ သာ မိညိုနှင့်မိမဲတို့ က အန်တီမာဂရက် ညွှန်ကြားသမျှကို သန့်ရှင်းရေးလုပ်ရ သည် ။ အိပ်ခန်းသို့အဝင် မိညိုထုတ်ထားသည် ဆိုသော ဝတ်စုံကို ကြည့်လိုက်သည် ။ ညဝတ်စုံမဟုတ် နေ့ခင်းဝတ်စုံ ဖြစ်နေသည် ။ ညဝတ်စုံက ပို၍ အဖိုးတန်ပြီး တောက်ပြောင်သောအစနှင့် ချုပ်ထားသည် ။ "အန်တီမာ" သူ့အသံကြီး တစ်တိုက်လုံး ဟိန်းသွားသည် ။ "ဝေ့  ဝေ့  လာပြီ" "အန်တီ့တပည့်ကျော်တွေ လုပ်ထားတာ ကြည့်ပါဦး၊ ဒါကြောင့် သူတို့ ကိုမခိုင်းချင်တာ၊ ကျွန်တော် ရေချိုးတော့မယ်၊ ပြန်ပြင်ပေးထားတော့" အန်တီမာဂရက်ကိုတော့ သူစိတ်ချသည် ။ သူငယ်စဉ်ကတည်းက စနစ်တကျ နေတတ်ထိုင်တတ် စားတတ်ဝတ်တတ်အောင် လေ့ကျင့်သင်ကြားပေးခဲ့သူ ဖြစ်သည် ။ သို့သော် သူ၏ စိတ်မြန်ကိုယ်မြန်ရှိမှုကိုတော့ ဒေါ်မာဂရက် မတတ်သာတော့ပေ။ ပြုပြင်၍ မရပေ။ သူ့ စည်းကမ်းကို မလိုက်နိုင်၍ အားမလိုအားမရ ဒေါသဖြစ်ရသည် က များ နေသည် ။ "ဆန်နီ စိတ်လျော့ စိတ်လျော့၊ အန်တီမာ လဲထားပြီးပြီ၊ ဒီကောင်မလေးတွေက ဘာနားလည်မှာ လဲ သူတို့ ကိုခိုင်းမိတာကိုက အန်တီမာ အပြစ်ပါ၊ မြန်မြန်ချိုးနော် ဆန်နီ အန်တီမာတော့ သားသွားမှ ပဲ ဟိုဘက်ခြံကူးမှ ဖြစ်တော့မယ်၊ လိုအပ်တာရှိရင် ပြင်ပေးရအောင်နော်" ဒေါ်မာဂရက် စကားကို အမျှင်မပြတ်ပြောတတ်သည် ။ ချော့ချော့မော့မော့လေးလည်း ဆိုတတ်ပြီး သူ့အကြိုက်ကိုဆောင်ပေးတတ်သည် ။ အစစအရာရာ လိုလေသေးမရှိသဖြင့်လည်း သူသည် တော်ရုံလူကို စိတ်တိုင်းမကျတာဘဲ ဖြစ်မည်။ ရေချိုးခန်းအပြင်သို့ ထွက်လာတော့ သူဝတ်ရန် ထုတ်ထားသော ဝတ်စုံကိုကြည့်ပြီး စိတ်တိုင်းကျသွားသည် ။ နက်ခ်တိုင်မှာ တပ်ဖို့ ကလစ်ကအစ စိန်ပါသော ပလက်တီနမ်ဖြစ်သည် ။ သူ ကျေနပ်သွားသည် ။ "ကျေနပ်ပြီလား၊ ဖိနပ်သွားကြည့်လိုက်ဦးမယ် အဆင်ပြေပါ့မလားလို့ " သူပြင်ဆင်ခြင်းကို ဆယ်မိနစ်ပဲ အချိန်ယူလိုက်သည် ။ ရေချိုးခြင်းကိုတော့ သူအချိန်ယူတတ် သည် ။ ယောက်ျားဖြစ်၍ မျက်နှာကို လုံးဝလူးစရာမလို ဆံပင်ကို သေသပ်စွာဖြီးပြီး အဝတ်လဲရုံသာ ရှိသည် ။ ဖိနပ်စင်အနီး၌ ဒေါ်မာဂရက် အဆင့်သင့် ချထားပေးသော ဖိနပ်ကို မြင်တော့ စိတ်တိုင်းကျကာ  "အန်တီမာက ဒီလောက်တောင် တော်ပါရက်နဲ့ ကောင်မလေးတွေက ညံ့လွန်းတယ်ဗျာ၊ ဒီလို သာ ညံ့ဖျင်းနေရင် ဘယ်တော့မှ ချမ်းသာမှာ  မဟုတ်ဘူး လို့ " ညဘက်တော့ ကားကို သူကိုယ်တိုင်မောင်းသည် ။ အိမ်ထောင်သည် ရေချမ်းကို ညရေးညတာအတွက် အားကိုးမနေ။ ကိုရေခဲကတော့ လူပျိုဖြစ်၍ အိမ်က အလုပ်သမားတန်းလျား၌ နေသည် ။ ဖေဖေ့ကိစ္စနှင့် ညပွဲများကို ကိုရေခဲက မောင်းတာများ သည် ။ "ဖေဖေ့ဆီက ဖုန်းလာရင် သေချာမှတ်ထားဖို့ လည်း မှာ လိုက်ဦးနော် အန်တီမာ  သွားပြီ" စိတ်သွားတိုင်း ကိုယ်ပါတတ်သော မင်းသတ္တိသည် ကားမောင်းထွက်သွားသည် ။ ခြံထိပ်၌ သူ့ အသံက ဟိန်းထွက်လာသေးသည် ။ ကားဟွန်းသံနှင့်အတူ  "မောင်စ မင်းကြောင့် မြ၀တီမင်းကြီးဦးစတောင် တမလွန်ကနေ အပြန်တစ်ရာ သေချင်စိတ် ပေါက်သွားမယ်၊ ကားရပ်ထားကတည်းက ပြန်ထွက်မှာ ကို မင်းသိရမှာ ပေါ့ တံခါးကို သေသေချာချာ ပိတ်ထား" ညနေဘက် လမ်းလျှောက်ရင်း စံပယ်ပန်းများ ခူးပြီး သီကုံးနေသော ပြည့်ဝန်းသည် မဲ့လိုက်မိသည် ။ ငှက်ဆိုးထိုးသံ ပျောက်ကွယ်သွားသည် ။ တစ်လောကလုံး သူ့လုပ်စာ စားနေကြရသည့်အတိုင်း ဟိန်းလိုက်ဟောက်လိုက်နှင့် မောက်မာ လွန်းအားကြီးသည် ။ သူ့ကိုယ်သူ ဘီလျံနာများ အောက်မေ့နေသလား မသိ။ သူ့ဖခင် ဦးမင်းသူရက သဘောကောင်းသလောက် သူ့သားက စိတ်ဓာတ်မပြည့်ဝ လက်အောက်ငယ်သားများ အပေါ် ညှာတာမှု ကင်းမဲ့လွန်းသည် ။ "ဟော  သမီးလေး၊ ရွှေစင်ဝန်းလေး ဘယ်အချိန် ဘယ်နေရာကြည့်ကြည့် သိပ်လှနေတာပဲ၊ ဖေဖေကော အိမ်ထဲမှာ လား" "စောစောကပဲ လမ်းလျှောက်ပြီး အိမ်ထဲဝင်သွားတယ် လာလေအန်တီမာဂရက်" "ဒီမှာ လေ ဆရာကြီးက တစ်နေ့ကပဲ သူ့အစ်မ နေမကောင်းလို့ မုဒုံဘက်ခရီးထွက်သွားတာ၊ သူ့မိတ်ဆွေကြီးကို သတင်းမပေးလိုက်ရလို့ အန်တီကို သတင်းမေးခိုင်းတာ" "အိမ်ထဲဝင်ကြရအောင် အန်တီ" သူ့သား ကိုဘဝင်ကတော့ မိမိတို့ အိမ်မျိုး လာရမည်ကို သေးနုပ်သည် ဟု များ ယူဆထားသလားမသိ။ ဘယ်တော့မှ ပေါ်မလာတတ်။ "မင်းသတ္တိကလည်း အလုပ်သိပ်များ တော့ သူကိုယ်တိုင်လာချင်တာ၊ လာဖို့ အချိန်ကိုမရရှာလို့ အန်တီမာပဲ လာခဲ့ရတာ" ဒေါ်မာဂရက်ကလည်း စကားကြွယ်သူဖြစ်သည် ။ ပေါ်တီကိုအောက် ရောက်သည် နှင့်  "ဟော  မာဂရက် လာကွယ်၊ အိုကွယ် အစစအရာရာ ပြည့်စုံပါတယ်၊ ဒီလက်ဆောင်တွေ သယ်မလာပါနဲ့လူချည်းပဲ လာပါဆိုလည်း ပြောမရဘူး" "ဆရာကြီးအမိန့်ပဲလေ၊ ဆရာ  သက်သာရဲ့ လား" "သက်သာတယ် မာဂရက်ရေ " ဒေါ်မာဂရက်က သူ့ဆရာသမား ခရီးထွက်သွားကြောင်း ရှင်းပြပြီး အလာပသလာပ ပြောကြသည် ။ ကြီးကြီးဒေါ်ပြည်အေးကြောင့်လည်း ပြည့်ဝန်း စိတ်ညစ်ရသည် မျက်နှာပူရသည် ။ "ထမင်းစားသွားပါလား မာဂရက်ရယ်" "ဘာဟင်းတွေများ ချက်လို့ လဲ" "စုံနေတာပဲ ဟင်းဆို အဓိကဟင်း သုံးမျိုး အရံဟင်း လေးငါးမျိုးလောက်ပါမှ စားတတ်တာဆိုတော့ တစ်နေ့တစ်နေ့ ဈေးသွားပြီး ဟင်းချက်ရတာနဲ့ ပဲ အချိန်ကုန်နေတာ " ပြည့်ဝန်းက ဒေါ်မာဂရက်များ တကယ်ဝင်စားမှာ ကို စိုးရိမ်နေသည် ။ အမှန်စင်စစ် ဆီပြန် ဟင်းတစ်ခွက် အရွက်ကြော်တစ်ခွက်နှင့် ဟင်းအရည်သောက်တစ်မျိုးကိုသာ စားလေ့ရှိသည် ။ အတို့ အမြှုပ်နှင့်ဆိုတော့ ဟင်းလေးငါးမယ် မလိုဘူးဟု ပြောတတ်သော ကြီးကြီးအေးသည် ဧည့်သည် များ လာလျှင်တော့ တစ်မျိုးပြောတတ်သည် ။ "တော်ပါပြီ မမအေးရယ်၊ ကျွန်မတို့ က ငရုတ်သီးချက်နဲ့ အတို့ အမြှုပ်နဲ့ စားရတာလောက် ဘယ်ဟင်းမှ မမက်ပါဘူး၊ ပြန်လိုက်ဦးမှ  ဆရာ ကျွန်မကို ခွင့်ပြုပါဦး" "အေး  အေး ကျေးဇူးပဲကွယ်" "အိမ်မှာ  ဆရာကြီးမရှိချိန်ဆိုတော့ ပိုဂရုစိုက်မှ ဖြစ်မှာ ၊ မမအေး ပြန်တော့မယ်နော် တစ်နေ့မှ မမအေးလက်ရာလေးငါးဆယ်မျိုးကို လာမြည်းကြည့်တော့မယ်" "လာလာ  အချိန်မရွေးပဲ" ဒေါ်မာဂရက်က အပြောကြီးအကြွားသန်သော ဒေါ်ပြည်အေးကို ပညာပေးသောအနေဖြင့် ထမင်းဝိုင်းသို့ တည့်တည့်တိုးအောင် တစ်နေ့လာရန် အားခဲထားလိုက်ပြီး ဒေါ်မာဂရက် ပြန်ခဲ့လေသည် ။ ဒေါ်မာဂရက် ပြန်သွားသည် နှင့်  "ကြီးကြီးနဲ့ တော့ ခက်တော့တာပဲ ဘယ်မှာ  ဟင်းလေးငါးဆယ်မျိုး ချက်လို့ လဲ " "ဟဲ့  လေးငါးဆယ်မျိုးလည်း ကျုပ် ချက်ကျွေးနိုင်ပါတယ်တော် မကုန်လို့ သာ  ဒါပေမဲ့ လူဆိုတာ ဟန်က အရေးကြီးတယ်၊ လူရိုသေရှင်ရိုသေဖြစ်အောင် ကိုယ့်မှာ ရှိကြောင်းတော့ ဂုဏ်တင်ထားရမှာ ပဲ" ပြည့်ဝန်း ကြီးတော်နှင့် ဖက်ပြိုင်မပြောချင်ပါ။ အမှန်တကယ်လည်း ကြီးကြီးပဲ အိမ်ထောင် တစ်ခုလုံးကို ရှာဖွေကျွေးမွေးနေသူဖြစ်သည် ။ မိမိဖခင် နာမကျန်းပင်စင် ယူလိုက်ရကတည်းက အိမ်ထောင်တစ်ခုလုံး၏ တာဝန်သည် ကြီးကြီးပေါ်သို့ ပုံကျခဲ့သည် ။ ကြီးကြီးက စိန်ပွဲစား ကျောက်ပွဲစား အိမ်ခြံမြေ တိုက်ခန်း အကုန်လုံး ဝယ်ရောင်းလုပ်တာ ချမ်းသာနေသူဖြစ်သည် ။ မောင်နှမနှစ်ယောက်တည်းရှိပြီး အပျိုကြီးဖြစ်နေခြင်းကြောင့် မိမိတို့ သား အဖ၏ တာဝန်သည် လည်း သူ့တာဝန်သာ ဖြစ်တော့သည် ။ "ကိုင်း  ဂွမ်းပုံရေ ထမင်းပွဲပြင်တော့၊ ဟင်းချိုအိုးကို နွှေးလိုက်ဦးနော်" ပြည့်ဝန်းကပါ ဝိုင်းပြင်ပေးရန် ဝင်သွားဟန် ပြင်လိုက်သည် ။ "နေစမ်း ဝန်းဝန်း အကျင့်ပါတယ်၊ လုပ်ပါစေ ပြီးရင်ခေါ်လိမ့်မယ်" ပြည့်ဝန်းက စပယ်ပန်းသီလို့ မပြီးသေးခြင်းကြောင့် ကြီးကြီးစကားကို နားထောင်လိုက် သည် ။ ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေသေးသည် ။ ကြီးကြီးက အလုပ်ဝင်လုပ်ခွင့်မပေး။ "ကိုယ့်အဖေပဲ ကိုယ်ပြုစုစမ်းပါအေ စားဝတ်နေရေးပူစရာမလိုပါဘူး၊ နာ့စ်ငှားရင် ကိုယ့်သွေးသားအရင်းအချာလောက် စိတ်ချရပါ့မလား၊ မောင်မောင်ကတော့ ဒီလိုအခြေအနေမျိုး ပြန်ဖြစ်လာ နိုင်ပါ့မလား၊ ညည်းလစာက ကုမ္ပဏီတွေမှာ ဝင်လုပ်ဦး အလွန်ဆုံး တစ်သိန်းပေါ့" ဟု ဆိုသဖြင့် ပြည့်ဝန်းက အလုပ်လုပ်ခွင့်မရခဲ့ အိမ်မှာ ပဲနေ၊ ဖခင်ကို ဆေးမှန်မှန်တိုက်၊ ဂွမ်းပုံ နှင့် ကြီးကြီး ပြင်ပေးထားသော အစားအသောက်ကိုကျွေး၊ ကိုယ်လက်သန့်စင်ပေးနှင့် တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားရသည် ။ တစ်လတစ်ခါနှစ်ခါလောက်သာ သူငယ်ချင်းများ နှင့် ချိန်းဆိုပြီး လည်ပတ်သည် ။ ဈေးဝယ်သည် ။ ဒါပဲ။ ပြည့်ဝန်းအတွက် ပျင်းရိငြီးငွေ့ဖွယ်မရှိစေရန် တစ်ချောင်းထိုး နှစ်ချောင်းထိုးနှင့် တက်တင်းထိုး ပန်းအလှပြင်သင်တန်းများကို တက်ထားသည် ။ ဘောင်ဒရီ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း၌ အချက်အပြုတ်နှင့် ငြီးငွေ့ခြင်းတို့ ဖြေဖျောက်နေရသည် ။ ဟင်းစား လောဘမကြီးသော သူတို့ သားအဖအတွက် ဟင်းသုံးမယ်သည် လည်း စားကောင်း နေလေပြီ။ ဒေါ်ပြည်အေးက ပုစွန်တုပ် အကောင်ကြီးတစ်ကောင်ကို သူ့မောင်ပန်းကန်ထဲ ထည့် လိုက်လေသည် ။ ကျန်အကောင်သေးနှစ်ကောင်အနက်မှ တစ်ကောင်ကို ပြည့်ဝန်း ပန်းကန်ထဲ ထည့်သည် ။ "ကြီးကြီး ထည့်လေ" "ကျုပ်က နေ့ခင်းက အထုပ်ကြီးတစ်ကောင် စားပြီးပြီ၊ စားစား  ညည်းတို့ စား မာဂရက် တို့ ကို တမင်သာပြောလိုက်ရတာ၊ ကျုပ်လည်း တို့ စရာလောက် ဘယ်ဟာမှ မမက်ပေါင်အေ " ကြီးကြီးသည် သိရခက်သူမျိုးဖြစ်သည် ။ အကြွားကလည်း သန်သည် ။ အကြွားသန်လောက်အောင်လည်း အထုပ်အထည်ရှိသည် ထင်ပါသည် ။ ပြည့်ဝန်းကလည်း လူစည်းစိမ်ချမ်းသာထက် စိတ်ချမ်းသာမှုကို လိုလားသူဖြစ်ရာ ကြီးကြီး၏ စည်းစိမ်ချမ်းသာကို စိတ်မဝင်စားချေ။ ပြည့်ဝန်းသည် အေးဆေးစွာပင် ထမင်းစားလိုက်သည် ။ စားရင်းမှ မင်းသတ္တိဆိုသော ကိုဘဝင်ထံ စိတ်ရောက်သွားသည် ။ တကယ့် ကိုဘဝင်ပင်။ မိမိတို့ ထံ လာရမည်ကိုပင် သူ့ဂုဏ်သိက္ခာများ ကျဆင်းသွားသလားဟု ယူဆပြီး မလာတာဖြစ်မည်။ သူ့လို ဘ၀မြင့်ပြီး ဇီဇာကြောင်သောလူမျိုးကို မိမိကလည်း ဒီတစ်သက် စိတ်ဝင်စားလိမ့်မည် မဟုတ်ပါ။ 

အပိုင်း ( ၃ )

"အမည်ကသာ ချမ်းသာ၊ လူကတော့ ဒီလိုစည်းမရှိပုံမျိုးနဲ့ ဆို တစ်သက်လုံး ချမ်းသာမှာ  မဟုတ်ဘူး ၊ ခင်ဗျား မလိုက်နဲ့ တော့၊ အန်တီမာခိုင်းတာကို တစ်နေ့လုံးလုပ်ပေးပြီး ပြန်နေကျအချိန်မှ ပြန် ဒါပဲ" ငှက်ဆိုးထိုးသံကို မကြားချင်အဆုံး နှလုံးနာစွာ ကြားနေရသည် ။ ကိုယ်ပိုင်ကားပေါ်မှ လူစားဖြစ်၍ ဘတ်စ်ကားစီး လူတန်းစား နောက်ကျခြင်းကို ခွင့်မလွှတ်နိုင်အောင် သဘောထား သေးနုပ်သော ယောက်ျားမျိုးကို ပြည့်ဝန်း ရွံရှာမုန်းတီးနေမိသည် ။ သူ၏ အမိန့်ဩဇာသံများကို ကြားနေရတာကို အော့နှလုံးနာမိသည် ။ ဝေးဝေးလည်း ရှောင်၍ မရ။ နံနက် မိမိပန်းခူးချိန်နှင့် သူအ လုပ်သွားချိန်က တူညီနေသည် ။ ညနေ စပယ်ပန်းခူးချိန်နှင့်လည်း သူပြန်လာချိန်က ကြုံနေပြန်သည် ဆိုတော့ မကြားချင်အဆုံး မမြင်ချင်အဆုံးဖြစ်ကာ အလကားနေရင်း အကုသိုလ် ပွားနေမိသည် ။ မင်းသတ္တိ ကားထွက်သွားပြီး မကြာမီ ဦးမင်းသူရ ကားဝင်လာသည် ။ သားအဖနှစ်ယောက် အနည်းငယ်ပဲ လွဲသွားသည် ။ "ဆရာကြီး ပြန် လာပြီ" ဒေါ်မာဂရက် အသံကို ကြားလိုက်ရသည် ။ ဆက်လက်ပြီး ညွှန်ကြားသံကို ကြားနေရသည် ။ ပြည့်ဝန်းက ပုဏ္ဏားရိပ်စည်းရိုးကို ကျော်ကာ ကြည့်လိုက်မိသည် ။ အန်ကယ်မင်းသူရနှင့်အတူ မင်းသတ္တိအရွယ် လူတစ်ယောက် ပါလာသည် ။ မင်းသတ္တိအရွယ်ဆိုတော့ မိမိအရွယ်ပါပဲ။ မျက်ခုံးကောင်းကောင်း နှာတံပေါ်ပေါ်နှင့် လူချောတစ်ယောက်ပေပဲ။ ဦးမင်းသူရနှင့် ဘာတော်ပါလိမ့်။ အို ဒါတွေ မိမိသိစရာမလိုပါဘူးဟု တွေးကာ ပန်းခြင်းကိုဆွဲပြီး အိမ်ထဲသို့ ပြန်ဝင်ခဲ့လိုက် သည် ။ သိပ်မကြာလိုက်ပါချေ ။ ဒေါ်မာဂရက် ရောက်လာသည် ။ မွန်ပြည်နယ်ထွက် အသီးအနှံကို ခြင်းတောင်းကြီးတစ်တောင်းနှင့် ကိုချမ်းသာက ထမ်းပိုးပြီး လာပို့လေသည် ။ "ဆရာကြီး ပြန် လာပြီ ဆရာ၊ အဲဒါလေ ကျွဲကော်သီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး အစုံပဲ" "ဟုတ်ပါ့ကွယ် တို့ များ ပြည်တွင်း ဒူးရင်းသီးကို မစားဖြစ်တာတောင် ကြာနေပြီ ယိုးဒယား ဒူးရင်းတွေ ပေါ်လာတော့ ပေါ်ဦးပေါ်ဖျားကတည်းက စားမိတာ လျှာဖျားမှာ စွဲသွားနဲ့ မြန်မာဒူးရင်း သီးကိုတောင် မစားမိပါဘူးကွယ် " ပြည့်ဝန်းကလည်း မိမိကြီးတော်အတွက် မျက်နှာပူမိသည် ။ အကြွားကမလျော့။ ဒူးရင်းသီးကို ကြီးကြီး သွေးတိုးနဲ့ မတည့်ပါဘူးကွယ်ဆိုကာ ပေါ်ဦးပေါ်ဖျား တစ်ခါသာဝယ်စားပြီး နောက်ထပ် မဝယ်ဖြစ်တော့။ ပြည့်ဝန်း စိတ်ပျက်စွာဖြင့် နှုတ်ဆိတ်နေလိုက်သည် ။ "ကျေးဇူးတင်ပါတယ် အန်တီမာ၊ ဘဘအတွက် ထိုးထားတဲ့ ဆွယ်တာလက်ပြတ်ကလေး ပြီး သွားပြီ၊မနက်ဖြန်မှ ဘုရားပန်းလာပေးရင်း လာကန်တော့ဦးမယ်" "အေးအေး ပြန်ဦးမှ ၊ ဧည့်သည် ကလည်း ပါလာတော့ စီစဉ်စရာတွေ စီစဉ်ပေးဦးမှ " "ဘယ်က ဧည့်သည် လဲ မာဂရက်" "ဆွေမျိုးနီးစပ်တော်တဲ့ သူငယ်ပဲ အလုပ်ပေးမလို့ ခေါ်လာတာလားဘာလား မသိပါဘူး၊ သွားဦးမယ် ညရောက်မှ ဆရာကြီးက ဆရာ့ကို လာတွေ့ဦးမယ်လို့ မှာ လိုက်တယ်" "ဪ အေးအေး လက်ဖက်သုပ်ကောင်းကောင်း လေး လုပ်ထားလိုက်မယ်၊ လာဖြစ် အောင်လာနော်" ဟု ကြီးကြီးက လှမ်းပြောလိုက်သည် ။ ဒေါ်မာဂရက်နှင့် ကိုရေချမ်းပြန်သွားကြသည် ။ ပြည့်ဝန်းက လက်ဆောင်သစ်သီးခြင်းကို ကြည့်ပြီး  "သူတို့ ကချည်း လာပေးနေတာ ကြီးကြီးက ဘာမှ ပေးတာမတွေ့ဘူး" "ဟဲ့ နေမလား ဘာလုပ်စားစား ဦးဦးဖျားဖျား သွားပို့ပေးတာပဲ၊ သမီးလည်း တော်ကြာ ဆိုဖာအုပ်ဖို့ တက်တင်းထိုးပေးရတာနဲ့ မာဖလာထိုးပေး၊ ခု ဆွယ်တာထိုးပေးရတာနဲ့ အသွားအပြန် ရှိပါတယ်လေ၊ သူက မုဆိုးဖိုဆိုတော့ သူ့အစ်မဝမ်းကွဲနဲ့ ကျုပ်က သူငယ်ချင်းဖြစ်လို့ ကျုပ်တို့ မောင်နှမလို ခင်ကြပေမယ့် ပတ်ဝန်းကျင်က ရှိသေးတယ်မှတ်လား၊ ဒါကြောင့် အသွားအလာ ဆင်ဆင်ခြင်ခြင်နေရတာ၊ ပြီးတော့ သူတို့ အိမ်က ပေါလျှံနေတာ" ပြည့်ဝန်း စောစောစီးစီးကတည်းက ကြီးကြီး၏ လက်ဝေခံဘ၀မနေဘဲ အိမ်ထောင်မှုကို တာဝန်ယူလိုက်မည်ဆိုပါက အိမ်စီးပွားရေးအခြေအနေကို ကောင်းကောင်း သိနိုင်မည်။ ယခုတော့ ကြီးကြီးစကားဝယ် နစ်မျောကာ စည်းစိမ်ချမ်းသာပြည့်စုံသောအိမ်ဝယ် တစ်ပင်တိုင်မင်းသမီးပမာ ဖခင်ကို ဆေးမှန်မှန်တိုက်ရုံ၊ အစားအစာ မှန်မှန်ကျွေးရုံမှ အပ ဘာတာဝန်မှ မရှိ စိတ်အေးချမ်းသာစွာ နေနိုင်လေသည် ။ ပြည့်ဝန်း၏ ကမ္ဘာသည် ကျဉ်းမြောင်းသည် ထက် ကျဉ်းမြောင်းသွားသည် ကို ပြည့်ဝန်း မသိခဲ့ပါချေ။ 

…………. အပိုင်း [ ၂ ] ဆက်ရန်………….

မင်္ဂလာပါဝန်ဇင်းစာချစ်သူများခင်ဗျာ ...

ဒီနေ့ညမှာဆိုရင်တော့ ဝန်ဇင်းစာချစ်သူများအတွက် စာရေးဆရာမ မြပုလဲခင်ရဲ့ “တစိမ့်စိမ့်မိုး” ဆိုတဲ့ အခန်းဆက်ဝတ္ထုရှည်ကို အပိုင်းများခွဲပြီးနောက် အပိုင်း ( ၁ ) အဖြစ် စတင် တင်ဆက် ဖော်ပြခဲ့ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ အပိုင်း ( ၂ ) ကို မနက်ဖြန် အင်္ဂါနေ့ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာဖြစ်လို့ Wun Zinn Digest ကို ဝင်ရောက်ကြည့်ရှုဖို့ မမေ့ပါနဲ့ဦးလို့ ပြောလိုက်ပါရစေ။
 
ဝန်ဇင်းသတင်းစကား ။       ။ စာရေးဆရာမ မြပုလဲခင်၏ “တစိမ့်စိမ့်မိုး” အခန်းဆက်ဝတ္ထုရှည်ကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းမှာ ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
…….
“တကယ်လို့ စာချစ်သူတို့အနေနဲ့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျ”
“ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 



Related Posts