မြပုလဲခင်-တစိမ့်စိမ့်မိုး အပိုင်း ( ၂ ) [အခန်းဆက်ဝတ္ထုရှည်]


စာရေးဆရာမ မြပုလဲခင်၏ “တစိမ့်စိမ့်မိုး”
[ အခန်းဆက်ဝတ္ထုရှည် ]
အပိုင်း [ ၂  ]
…….
" အပိုင်း ( ၄ ) "
ဆွေမျိုးစပ်ရင်လည်း တော်တယ်၊ မစပ်ရင်လည်း မတော်ဘူး၊ ဒါပေမဲ့ ဒီသူငယ်က ကြီးပွား ချမ်းသာလိုစိတ်တော့ ရှိတယ်ဗျ၊ ဒါကြောင့် သားနဲ့ အတူ လုပ်ငန်းတွဲလုပ်နိုင်အောင် ခေါ်လာခဲ့တာ၊ ကျွန်တော်လည်း ဘာတာဝန်မှ မရှိဘဲ အေးအေးချမ်းချမ်းနေချင်ပြီဗျာ"
ဟုတ်တယ်ဗျ အသက်ခြောက်ဆယ်ဆိုတဲ့ အရွယ်ဟာ သက်တူရွယ်တူတွေနဲ့ ကျန်းမာရေးအတွက် လမ်းလေးဘာလေးလျှောက်လိုက် လက်ဖက်ရည်ကြမ်းဝိုင်းမှာ  သာသနာရေး လူမှုရေးလေး ဆွေးနွေးလိုက်၊ ဘုရားကျောင်းလေးသွားလိုက်၊ အိမ်ရောက်တော့ ကိုယ့်ကို အနိုင်ကျင့်တတ်တဲ့ မြေးတွေနဲ့ ပြိုင်ရန်ဖြစ်လိုက်နဲ့ နေရမှ အသက်ရှည်နိုင်တယ်လို့ ကျုပ်တော့ မြင်မိတာပဲ"
ခင်ဗျားတောင် တော်တော်လျှောက်နိုင်ပြီပဲ"
ဟုတ်တယ် နောက်ဆိုရင် ခင်ဗျားနဲ့ အတူ ဂေါပကလူကြီးလိုက်လုပ်မလားလို့ "
ဟုတ်တယ် ကြိုးစားကြိုးစား၊ ဆေးခန်းကော မှန်မှန် သွားရဲ့ လား"
သွားတယ် သမီးက တစ်ရက်လေးမှ ပျက်ကွက်မခံဘူးဗျ"
ကောင်းတယ်ဗျာ ခင်ဗျားက ကျွန်တော့်ထက် အများကြီး ကံကောင်းတယ်"
ဦးမင်းသူရက ဦးပြည်စိုးအား အားကျသောလေသံနှင့် ပြောလိုက်သည် ။ ဦးပြည်စိုးက နားမလည်နိုင်သလို
ခင်ဗျားနှယ်ဗျာ နာမကျန်းမသန်စွမ်းတဲ့ လူကို လူကောင်းက ကံကောင်းရတယ်လို့ မှ"
ကျန်းမာတာထက် မကျန်းမာတဲ့ ဘ၀က ပိုအရေးကြီးတယ်၊ ခုကြည့် ခင်ဗျားနဲ့ ကျုပ် မုဆိုးဖိုချင်းအတူတူမှာ  ခင်ဗျားမှာ ရှိနေတာက အစ်မနဲ့ သမီး ခင်ဗျားကို လိုလေသေးမရှိအောင် ပြုစုကြတယ်၊ ကျုပ်က သားပဲရှိတော့ စီးပွားရေးကိစ္စတော့ အားကိုးရတယ် ကျန်ကိစ္စကတော့ အလကားပါပဲ၊ ဒီကြားထဲ စည်းကမ်းကကြီးလွန်းတော့ မိန်းမ မရသေးတာကိုသာ ကြည့်ပေတော့"
ဒါပေမဲ့ ခင်ဗျားက အချိန်တန်ရင် ချွေးမရမှာ  ချွေးမကလည်း သမီးပဲပေါ့ဗျာ"
အင်း မျှော်လင့်ရတာပဲ၊ ခုခေတ်ကြီးမှာ  အလိမ္မာအိမ်ပါမယ့် ချွေးမက ခပ်ရှားရှားမှတ်လား၊ မိန်းမတွေရဲ့ အကြောကို မိန်းမချင်းမှ သိနိုင်မှာ မို့ မမအေးကိုပဲ အားကိုးနေရတာ၊ ဒါထက် မမအေးတစ်ယောက်ကော မမြင်ပါလား"
ဘုရားကိုးဆူသွားတယ်"
ဪဪ ခင်ဗျားအစ်မလိုလူကတော့ ရှားပါတယ်ဗျာ"
ကြွားလွန်းလို့ နားညည်းတယ်"
ဦးမင်းသူရက ပြုံးကာ
ဒါကတော့ သူ့ဝသီကိုးဗျာ"
အင်း ပြောမယ့်သာပြောရတာပါ သူ မရှိရင် ကို အိမ်ကတိတ်ဆိတ်ပြီး ပျင်းခြောက်ခြောက်ကြီးကို ဖြစ်နေတာ"
ဒါပေါ့ဗျာ ကြားနေကျအသံတွေ မကြားရတော့"
ကြွားနေကြအသံတွေ ပြောပါဗျာ ဟားဟား"
လူကြီးစကားဝိုင်းသို့ ပြည့်ဝန်း မဝင်သော်လည်း ဧည့်ခန်းနှင့် ထမင်းစားခန်းက ကပ်လျက်ဖြစ်ခြင်းကြောင့် စကားသံများကိုတော့ ကြားနေရသည် ။
ဦးမင်းသူရအတွက် ဆွယ်တာကို နောက်ဆုံးသပ်ပေးနေသည် ။ မိမိငယ်စဉ် ဆယ်နှစ်သမီးခန့် က မိခင်ကွယ်လွန်သွားခဲ့သည် ။ ဖခင်က မုဆိုးဖိုအရာရှိဘ၀နှင့် သူ့အား လက်ဆွဲကာ တာဝန်ကျရာ နယ်စပ်မြို့များ ၌ နယ်လှည့်တာဝန်ထမ်းဆောင်ရင်း လွန်ခဲ့သော ခုနစ်နှစ်ခန့်က လေဖြတ်သဖြင့် ကြီးကြီးအေးက တာဝန်လုံးလုံးယူခဲ့လေသည် ။
ထိုအခါမှ ကြီးကြီးအေးနှင့် ဆက်စပ်၍ ခေါင်းရင်းခြံမှ နန်းတော်တမျှ ခမ်းနားသော ဦးမင်းသူရနှင့် သိကျွမ်းဝင်ရသည် ။
ယခင်က ဦးမင်းသူရ အလုပ်အလွန်များ သဖြင့် မိုးတိုးမတ်တတ်နှင့် လူနာသတင်းမေးရုံသာ လာသည် ။ ယခုနှစ်တွင် တော့ သူ့လုပ်ငန်းတော်တော်များများကို သား မင်းသတ္တိအား လွှဲထားပြီးဖြစ်သဖြင့် အားချိန်များ ရကာ သူ့ဖခင်နှင့် စစ်တုရင်ကစားလေ့ရှိသည် ။ သူ့ဖခင်ကလည်း တုတ်ကောက်ကို အားပြု၍ သွားလာနိုင်စ ပြုနေလေပြီ။
ဘာပဲပြောပြော ဦးမင်းသူရသည် သူတို့ အတွက်တော့ မိတ်ဆွေကောင်း အိမ်နီချင်းကောင်း ဖြစ်သည် ဟု ပြည့်ဝန်းက လေးစားလက်ခံထားသည် ။
သို့သော် ထိုအထဲတွင် မင်းသတ္တိမပါ။ သူတို့ အိမ်ဘက်သို့ အလှူအတန်းရှိ၍ ဖိတ်ကြားသည့် အခါမျိုးကလွဲ၍ ခြေဦးမလှည့် နေနိုင်သူဖြစ်သည် ။
မိမိအလှကို အသိအမှတ်မပြုသည့် ယောက်ျားတို့ တွင် ဤကမ္ဘာလောကတွင် မင်းသတ္တိတစ်ယောက်တည်းသာ ရှိသည် ထင်ပါသည် ။
**
“အပိုင်း ( ၅ ) "
ရွှတ်  ရွှတ် "
လူတစ်ယောက်၏ ရင်ခေါင်းလောက်အထိ မြင့်သော ပုဏ္ဏားရိပ်စည်းရိုးကိုကျော်ကာ မျက်နှာ စိမ်းတစ်ယောက်က ပြည့်ဝန်းအား သွားကြားကထွက်လာသောအသံ လှမ်းပြုလိုက်သည် ။
"ဘာလဲ  ဘာကိစ္စလဲ"
ပြည့်ဝန်းက ခပ်တည်တည်ဖြင့် ပြန်မေးလိုက်သည် ။
"ဪ  ပန်းဝိုင်းခူးပေးရမလားလို့ မေးတာပါ"
"မလိုပါဘူး"
သူစိမ်းယောက်ျားများ နှင့် အရောတဝင် မနေတတ်သော ပြည့်ဝန်းက ပြတ်သားစွာ အဖြေပေး လိုက်ပြီး ကျောခိုင်းလိုက်သည် ။
ဦးမင်းသူရ၏ ဆွေမျိုးတော်စပ်သောသူ ဆိုသူပင် 
"ဘယ်သွားမလို့ လဲ ခဏနေပါဦး"
"ရှင်နေခိုင်းတိုင်း နေရမှာ လား"
ဘယ်လိုလူလဲ။ နှုတ်ပေါ့လိုက်တာ မင်းသတ္တိနှင့် ရောကြိုထားလိုက်ဖို့ သာ ကောင်းတော့ သည် ။
"မခိုင်းရပါဘူးဗျာ မေတ္တာရပ်ခံတာပါ၊ ကျေးဇူးပြုပြီး ခဏလေးနေပေးပါဗျာ၊ တနယ် တကျေးက ရောက်လာတဲ့ ကျေးတောသားလေးဖြစ်လို့ ရိုင်းပျမိရင်လည်း ခွင့်လွှတ်ပါလို့ အနူး အညွတ်တောင်းပန်ပါတယ်"
ပြည့်ဝန်း ပြုံးလိုက်မိသည် ။ သို့သော် မျက်နှာကို ချက်ချင်းပြင်ကာ နောက်သို့ ပြန်လှည့်ပြီး 
"ပြော ဘဘမျက်နှာနဲ့ မို့လို့ ရှင့်ကို လက်ခံစကားပြောတာနော်၊ ဆို  ဘာကိစ္စလဲ"
"ခင်ဗျား ပြည့်ဝန်း မှတ်လား"
ပြည့်ဝန်း အံ့အားသင့်သွားရသည် ။ မနေ့ကမှ ရောက်လာသောသူက မိမိကို ပြည့်ဝန်းမှန်း သိနေပြီတဲ့ လား။
"ရှင့်ကို ဘယ်သူပြောလဲ"
"ဒီလိုပါပဲ သိချင်တဲ့ လူဆိုတော့ စုံစမ်းရတာပေါ့၊ ပြီးတော့ အိမ်နီးချင်းတွေ မှတ်လား၊ ပြီးတော့ ဒီလောက်လှတဲ့ မိန်းကလေးတစ်ယောက်နဲ့ သိကျွမ်းခွင့်ရခြင်းအတွက် ဂုဏ်ယူချင်လို့ ပါ"
ပြည့်ဝန်းစိတ်ထဲ မင်းသတ္တိကို ပြေးမြင်သတိရလိုက်သည် ။ မနေ့ကမှ ရောက်လာသောသူက မိမိအလှကို ချက်ချင်းမြင်လေသည် ။
ခုနစ်နှစ်တိုင်အောင် ရှိနေခဲ့သော မင်းသတ္တိက သတိမပြုမိဘူးဆိုသည် မှာ  အံ့ဩစရာ အလွန် ကောင်းနေသည် ။
"ကောင်းပြီလေ ကျွန်မ ဘယ်သူလဲဆိုတာ ရှင်က သိနေပြီ၊ ရှင်ကကော ဘယ်သူလဲ .. နာမည် ဘယ်လိုခေါ်သလဲ"
ဦးမင်းသူအိမ်သို့ ရောက်လာသော ဧည့်သည် ဖြစ်၍ ဦးမင်းသူရမျက်နှာရှိသည် ဖြစ်ရာ ပြည့်ဝန်း အတတ်နိုင်ဆုံး လိုက်လျောကာ တုံ့ပြန်လိုက်သည် ။
"စံထူး၊ နိုင်စံထူးလို့ ခေါ်တယ်၊ ဦးမင်းသူရရဲ့ တူတော်တယ်၊ ဦးလေး တာဝန်တွေကို လွှဲပြောင်းယူပေးဖို့ ရောက်လာတာ"
ပြည့်ဝန်း အံ့ဩသွားသည် ။ နိုင်စံထူးသည် အရေးပါသော လူတစ်ယောက်အနေဖြင့် ရောက်ရှိ လာခြင်းလား။ မင်းသတ္တိတစ်ယောက်လုံး ရှိနေပါလျက်နှင့် နိုင်စံထူးက ဦးမင်းသူရ၏ အလုပ်တွေကို လွှဲပြောင်းယူမည်ဆိုသောကိစ္စက ဖြစ်နိုင်ပါ့မလား။
အင်းလေ မင်းသတ္တိကတော့ တစ်ဦးတည်းသောသားပီပီ ဩဇာပေးရုံ၊ သုံးဖြုန်းရုံကလွဲပြီး အလုပ်ကို ဟုတ်တိပတ်တိ လုပ်ပုံမရ၍ သူ့ဖခင်က နောင်ရေးစိတ်အေးရအောင် စိတ်ချရသောသူ့အား လွှဲပြောင်းပေးခြင်း ဖြစ်နိုင်သည် ။
"ကျွန်မ သွားတော့မယ်နော်၊ ဘုရားပန်းတင်မလို့ "
"သွားပါ နောက်နှုတ်ဆက်ရင်လည်း တုံ့ပြန်ပါနော်"
"ရပါတယ်  အိမ်နီးချင်းတွေပဲဟာ"
ပြည့်ဝန်း အိမ်ဘက်သို့ လျှောက်လာခဲ့သည် ။ မိမိအား သူ့ငေးကြည့်ကျန်ခဲ့မလားဟု မလုံမလဲ ခံစားလိုက်ရသဖြင့်  နောက်သို့ ငဲ့စောင်းကြည့်လိုက်သည် ။
ပြုံးကြည့်နေသော မျက်လုံးအစုံနှင့်တွေ့မိသည် ။ ချက်ချင်းပင် မျက်နှာလွှဲပြီး သုတ်ခြေတင် ကာ အိမ်ထဲသို့ ပြေးဝင်ခဲ့သည် ။
"အို  ဘယ်လိုလူလဲ၊ အကြည့်ရဲတင်းလိုက်တာ"
ဟု စိတ်ထဲ မကျေမချမ်း တွေးလိုက်မိသည် ။
အပိုင်း  (၆)
ဟဲ့  ဟိုဘက်အိမ်ကို ဘုရားပန်း သွားပို့ရင်း တခါတည်း လဲပေးမယ်ဆို၊ ပြီးတော့ ဦးမင်း သူရကိုလည်း ကန်တော့ဦးမယ်ဆို"
ဒေါ်ပြည်အေးက ရှစ်နာရီအထိ တစ်ဘက်အိမ်သို့ မကူးသေးသော ပြည့်ဝန်းကို မေးလိုက် သည် ။ ပြည့်ဝန်းက 
"ဂွမ်းပုံကိုပဲ ပန်းပို့ခိုင်းလိုက်တော့မယ်၊ ဘဘကိုတော့ ဒီလာမှ ပဲ ကန်တော့တော့မယ်"
"ဘာဖြစ်လို့ လဲ"
"ဪ  ကြီးကြီးကလည်း အရင်က သူ့သားက အရင်ထွက်တယ်ဆို ဘဘကျန်တယ်၊ သမီးနဲ့ သွားပြီး အန်တီမာဂရက်နဲ့ ပန်းကူလဲပေးလို့ တင့်တယ်တယ်၊ ခု သူ့တူက ရှိနေပြီဆိုတော့"
"အိုအေ အရေးစိုက်လို့ အိမ်ကြီးပေါ်မှာ နေမှာ လား၊ အလုပ်သမားတန်းလျားပဲ နေပေါ့"
"တူ  ဆို"
"တူတော့ တူပေါ့၊ အမျိုးနီးစပ်တော်တာဆိုတော့  အေးလေ ထားချင်လည်း ထားမယ်၊ မထားချင်လည်း မထားဘူး၊ ဗူးယိုတောင် အိမ်ကြီးပေါ် နေခွင့်ရသေးတာပဲ"
"ဒါကြောင့် မသွားတော့တာ"
"ဒါလည်း တစ်မျိုးကောင်းတာပဲပေါ့၊ ဒါဖြင့်ပေး ကြီးကြီးသွားပို့ပေးမယ်"
"ဂွမ်းပုံပဲ ပို့ခိုင်းလိုက်မယ်လေ"
"နေစမ်းပါအေ၊ ဒါမှ ဟိုကောင် ဘယ်လောက်အရေးပါသလဲဆိုတာ ကျုပ်လေ့လာလို့ ရမှာ  ပေါ့၊ ဂွမ်းပုံက ခပ်နနရယ်"
ပြောပြောဆိုဆို ဒေါ်ပြည်အေးက ပြည့်ဝန်းက အဆင်သင့်လုပ်ထားပေးသော ပန်းစည်းကြီး ကိုယူကာ ခပ်သုတ်သုတ် ထွက်သွားသည် ။
ပြည့်ဝန်း သက်ပြင်းချလိုက်သည် ။ ကြီးတော်၏ စပ်စပ်စုစုနိုင်မှု၊ အကြွားသန်မှုကို ပြည့်ဝန်း ဘယ်လိုမှ ဟန့်တား၍ ရမည်မဟုတ်။ သူ့ဗီဇနှင့် သူပဲလေဟု စိတ်ကို အလျှော့ပေးကာ ဥပေက္ခာပြု ထားလိုက်သည် ။ ကြီးကြီးကိုသာ သူတို့ သားအဖ မှီခိုအားထားနေရသည် ပဲ။ စည်းစိမ်အပြည့်နဲ့ မတောင့်မတ မကြောင့်မကြ နေနိုင်သည် ကပဲ ကြီးကြီး၏ ကျေးဇူးတရားဟု နားလည်ထားသည် ။
အိမ်ခြံကတော့ မိဘတွေထားခဲ့သော အမွေဆိုင် ဆိုတော့လည်း မောင်နှမနှစ်ယောက်တည်း ရှိသည် ။ ကြီးကြီးကလည်း တစ်ကိုယ်တည်းဖြစ်ခြင်းကြောင့် ဘာပြဿနာမှ မရှိ။
ပြည့်ဝန်း အလုပ်တစ်ခုခုတော့ ထွက်လုပ်ချင်ပြီ။
ဖခင်ကလည်း တုတ်ကိုအားပြုပြီး သွားလာနိုင်ပြီဆိုတော့ မိမိအလုပ်ထွက်လုပ်လို့ ရပြီပေါ့။ ဘဘ၌ လည်း ကုမ္ပဏီရှိနေသည် ပဲ။ အကူအညီတောင်းလည်း ပေးမည်ကို ပြည့်ဝန်းက ယုံကြည်ပြီး သားဖြစ်သည် ။
သို့သော် မိမိသဘောနှင့် လုပ်၍ မဖြစ်။ ဖခင်နှင့် ကြီးကြီးထံမှ ခွင့်ပြုချက်ကို ရယူပြီးမှ ဖြစ်မည်။
သိပ်မကြာလိုက် ကြီးကြီး ပြန်လာသည် ။
"ကျုပ်ထင်တော့ ထင်သား၊ အောက်ထပ်က အခန်းတစ်ခန်းပဲ ပေးထားတယ်၊ အပေါ်ထပ် ကိုတော့ ပေးမနေပေါင်၊ ဒါပဲနော် တူဆိုပြီး အထင်တော့ သွားမကြီးနဲ့ ၊ မနက်က စကားလာပြောတာ ကျုပ်တွေ့လိုက်တယ်"
"အို  ကြီးကြီးက ဘာတွေပြောနေတာလဲ"
ပြည့်ဝန်း ရှက်သွားသည် ။ အသက်အစိတ် ရှိလာသော်လည်း ရင်ခုန်ခြင်းတို့ မမွေးဖွားသေး ပါ။
အချစ်ဆိုသောအရာကြီးကို ပြည့်ဝန်း မခံစားချင်သေးပါ။ အေးအေးဆေးဆေးပဲ နေချင် သည် ။ ပြည့်ဝန်းသည် ဘွဲ့ယူပြီးကတည်းက ဘာလုပ်ရမှန်းမသိ။
"ကြီးကြီး တစ်ခုတော့ မှာ ထားချင်တယ် သမီး"
"ဘာများ လဲ ကြီးကြီးရဲ့ "
"သမီးရဲ့ အိမ်ထောင်ရေးကို ကြီးကြီးဖန်တီးပေးမယ် သမီးဘာသာသမီး မဆုံးဖြတ်နဲ့ "
ပြည့်ဝန်း အံ့ဩသွားသည် ။ အိမ်ထောင်ရေးကို မိမိဘာသာ မဖန်တီးရဘူးတဲ့ လား။
"သမီး အိမ်ထောင်မပြုချင်ပါဘူး၊ ကြီးကြီးလိုပဲ"
"အမယ်လေးလေး  အပျိုကြီးတော့ မလုပ်လိုက်ပါနဲ့ ၊ အပျိုကြီးရဲ့ ဒုက္ခက မသေးဘူး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ စည်းစိမ်ချမ်းသာအပြည့်အစုံနဲ့ နေနိုင်ဖို့ မိန်းမတန်မဲ့ ကြိုး စားလိုက်ရတာ ဘယ်လောက်ပင်ပန်းတယ် မှတ်သလဲ၊ ကျုပ်ဒုက္ခမျိုး ကျုပ်တူမကို မခံစေချင်ဘူး၊ ရေမြင့်ကြာတင့်၊ ရွှေပင်နားရွှေကျေး ဆင်စီးမြင်းရံတာမျိုးပဲ ဖြစ်စေချင်တယ်၊ ယောက်ျားကောင်း ကောင်းပဲ ယူရမယ် ဒါပဲ"
"ကြီးကြီးဟာကလည်း စိတ်ညစ်ပါတယ်၊ သမီး အလုပ်လုပ်ချင်ပြီ"
"မလုပ်နဲ့ မလုပ်နဲ့  ပင်ပန်းတယ်၊ ကြီးကြီးစီစဉ်တာပဲ နားထောင်ပါ၊ မင်းသတ္တိ ဆိုရင် "
"တော်ပါ ကြီးကြီးရယ်၊ အဲဒီ ဘဝင်ကို ကြီးကြီးပဲယူ ကျွန်မ တစ်သက်မယူသေးဘူး"
ဒီလောက်ဘဝင်မြင့်ပြီး ဇီဇာကြောင်သည့် လူစား၊ လက်အောက်ငယ်သားတွေကို ညှာတာမှု ကင်းသည့် လူစားကိုများ ကြီးကြီးက မျက်စိကျနေသည် ။ အံ့ဩမိသည် ။ ပြည့်ဝန်း ကြီးတော်ကို ရှောင်လွှဲလိုက်သည် ။
မင်းသတ္တိတရား နာရလွန်း၍ လား မသိ။ မင်းသတ္တိကို မုန်းတီးစိတ်က များ လာသည် ။ ကြီး တော်ကို ကျောခိုင်းရင်းမှ 
"ကိုယ့်မှာ လည်း စားရမဲ့သောက်ရမလဲ့ မဟုတ်ဘဲနဲ့ များ သူဌေးကို မက်သေးတယ်"
"ဟဲ့  ရွှေကိုရွှေချင်းထပ်တော့ မြည်တာပေါ့ဟဲ့၊ ညည်းဘာမှ နားမလည်သေးပါဘူးအေ"
ကြီးကြီး၏ အသံက ပြည့်ဝန်း နောက်ကျောမှ ကပ်ငြိပါလာသေးသည် ။ ကြီးကြီးသည် မိမိမှာ  လည်း စည်းစိမ်ဥစ္စာရှိပါလျက် သူတစ်ပါးစည်းစိမ်ကိုပါ ထပ်မံမက်မောသေးသည် ။ အိမ်ထောင်ရေး ကို ရွှေ၊ ငွေ၊ စည်းစိမ်တို့ နှင့် တိုင်းတာချင်သည် ။
မင်းသတ္တိကဲ့သို့ ဇီဇာကြောင်သောသူ၊ ချမ်းသာလျက် ပေသီးခေါက်နေသော လူမျိုးများကို ရွေးချယ်မိလျှင် 
အဟင်း မိမိကသာ စိုးရိမ်ကြောင့်ကြစွာ တွေးနေသေးသည် ။ မင်းသတ္တိက မိမိကို ဖုတ်လေ သည့်ငပိ ရှိသည် ဟု တောင် မအောက်မေ့။ မိမိကကော 
တစ်လောကလုံး သူ့လုပ်စာစားနေသည့်အတိုင်း ဘဝင်ခေါင်ခိုက်သော လက်အောက်ငယ် သားတွေအပေါ် ညှာတာစိတ်မရှိသောလူမျိုးကို လုံးဝ စိတ်ကူးထဲ မထည့်နိုင်ချေ။
ထည့်များ ထည့်မိလျှင် စိတ်ညစ်ဖွယ်ရာ ဒေါမနဿဖြစ်ဖွယ်ရာများ နှင့်သာ ပြည့်နှက်နေနိုင် သည့် စိတ်ကူးယဉ်အိပ်မက်ဆိုးကြီး ဖြစ်သွားနိုင်သည် ။ တွေးမိရုံနှင့်တောင် တုန်လှုပ်မိသည် ။
ကြီးတော်လုပ်သူကိုလည်း နားမလည်နိုင်အောင် ဖြစ်မိသည် ။ ဖြစ်ရလေတယ် မင်းသတ္တိလို လူစားကိုမှ မျက်စိကျတယ်လို့ ။
***

…………. အပိုင်း [ ၃ ] ဆက်ရန်………….

မင်္ဂလာပါဝန်ဇင်းစာချစ်သူများခင်ဗျာ ...

ဒီနေ့ညမှာဆိုရင်တော့ ဝန်ဇင်းစာချစ်သူများအတွက် စာရေးဆရာမ မြပုလဲခင်ရဲ့ “တစိမ့်စိမ့်မိုး” ဆိုတဲ့ အခန်းဆက်ဝတ္ထုရှည်ကို အပိုင်းများခွဲပြီးနောက် အပိုင်း ( ၂ ) အဖြစ် ဆက်လက်  ဖော်ပြခဲ့ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ အပိုင်း ( ၃ ) ကို နောက်အပတ် တနင်္လာ (၁၆.၇.၂၀၁၈)  ည ( ၉ ) နာရီအချိန်မှာ ဆက်လက် တင်ဆက်ပေးသွားမှာဖြစ်လို့ Wun Zinn Digest ကို ဝင်ရောက်ကြည့်ရှုဖို့ မမေ့ပါနဲ့ဦးလို့ ပြောလိုက်ပါရစေ။
 
ဝန်ဇင်းသတင်းစကား ။       ။ စာရေးဆရာမ မြပုလဲခင်၏ “တစိမ့်စိမ့်မိုး” အခန်းဆက်ဝတ္ထုရှည်ကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့ ည ( ၉ ) နာရီအချိန်တိုင်းမှာ ပုံမှန် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
…….
“တကယ်လို့ စာချစ်သူတို့အနေနဲ့ ဒီစာအုပ်ကို အစအဆုံး တစ်ထိုင်တည်း ဖတ်ရှုချင်ပါဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း ပြောလိုက်ပါရစေခင်ဗျ”
“ဖတ်လို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒရမ်မာဝတ္ထုတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ဝန်ဇင်းစာချစ်သူတို့ ဖတ်ရှုချင်တဲ့ ဝတ္ထုများရှိရင်လည်း ပို့စ်ရဲ့ Comment Box တွင် ရေးသားမျှဝေခဲ့ပါဦးလို့ ပြောပါရစေဗျ”
..........
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 



Related Posts